- By CNI
- Category: အားကစား
- Hits: 459
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘောလုံး သမိုင်းမှာ အဆိုးရွားဆုံး စိတ်ကူးလို့ ဝေဖန်ခဲ့တဲ့ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်ကို တုံ့ပြန်ခဲ့ပါတယ်။
အာဆင်ဝင်းဂါးက “လူတိုင်းမှာ ထင်မြင်ချက် ထုတ်ဖော်ခွင့်ရှိပြီး ကလော့ပ်ရဲ့ အမြင်တွေကို ကျနော် လုံးဝမျှဝေမှာ မဟုတ်ပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက လိုအပ်တယ်လို့ ကျနော် ခံစားရပါတယ်။ ဒီမှာရှိခဲ့တဲ့ ကလပ်အသင်း အားလုံးကို မေးမြန်းမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းက သူတို့ထပ်ပြီး ယှဉ်ပြိုင်ချင်တဲ့ အဖြေပြောကြမှာပါ။ ဒါက ဒီပြိုင်ပွဲအတွက် ကလပ်အသင်းတွေ ထင်မြင်ယူဆတဲ့ အကောင်းဆုံးအဖြေပါ”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ် အပါအဝင် နည်းပြအချို့နဲ့ ကစားသမားအချို့က အသင်းပေါင်း ၃၂ သင်းနဲ့ အသင်း အရေအတွက်တိုးပြီး နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံစံသစ် ကျင်းပတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

ကလော့ပ်ကို တွေ့ရစဉ်
ဒါပေမယ့် ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အာဆင်ဝင်ဂါးကတော့ ဒီပြိုင်ပွဲမှာ ပါဝင်နေကြတဲ့ အသင်းတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေဟာ ပြိုင်ပွဲအပေါ်မှာ အပြည့်အဝ ထောက်ခံမှု ရှိတယ်လို့ ယုံကြည်နေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအများစုကို အိမ်ရှင်အဖြစ် ကျင်းပမယ့် အမေရိကန်နိုင်ငံမှာ ကွင်းအတွင်း အပူဒဏ်တွေကို ဖြေရှင်းပုံနဲ့ ကွင်းကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်ဖို့လည်း သင်ယူဖို့ စီစဉ်ထားပါတယ်။
ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေဟာ အမေရိကန်နိုင်ငံရဲ့ အပူဒဏ်နဲ့ မြက်ခင်းပြင် ခြောက်သွေ့မှုကို ခံစားခဲ့ရတာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပဖို့သာ ကျန်ရှိတော့ပြီး ဗိုလ်လုပွဲအဖြစ် PSG နဲ့ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 352
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ လက်စတာအသင်း တိုက်စစ်မှူးဟောင်း ဂျေမီဗာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဂျေမီဗာဒီဟာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီကုန်မှာ စာချုပ် ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တာပါ။
ဂျေမီဗာဒီကို ခေါ်ယူဖို့ ရိန်းဂျားစ်နဲ့ ရက်စ်ဟမ်းအသင်း အပါအဝင် ဥရောပကလပ် အများအပြားက စိတ်ဝင်စား နေကြတာဖြစ်ပါတယ်။
GIVEMESPORT က ဗလင်စီယာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကော်ဘီရန်ဟာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အသင်းထံခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားတာပါ။
ဗလင်စီယာအသင်းဟာ ဂျေမီဗာဒီကို ပုံမှန်ပွဲထွက်ခွင့် ပေးရမယ့် တိုက်စစ်မှူးအဖြစ် မမြင်မိပေမယ့် အရန်ခုံကနေ လူစားလဲဝင်ရောက်ပြီး သွင်းဂိုးတွေ သွင်းယူကာ ပွဲကိုခြားနားမှုဖြစ်အောင် လုပ်နိုင်တဲ့သူလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဂျေမီဗာဒီကို တွေ့ရစဉ်
ဗလင်စီယာအသင်း နည်းပြဖြစ်သူက ဂျေမီဗာဒီဟာ သူတို့ရဲ့အစီအစဉ်မှာ အံ့ဝင်မယ့်ပုံစံ၊ သူ့ရဲ့လုပ်ခလစာ တောင်းဆိုမှုကို ပေးချေနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး အသင်းရဲ့နည်းစနစ် ဒါရိုက်တာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
စကော့တလန် ရိန်းဂျားစ်အသင်းဟာ ဂျေမီဗာဒီနဲ့ ချိတ်ဆက်မှုတွေရှိနေပြီး နည်းပြဖြစ်သူ မာတင်က သူတို့ရဲ့ တရားဝင် စိတ်ဝင်စားမှုကို အတည်ပြုထားခြင်း မရှိပေမယ့် ဖြစ်နိုင်ဖွယ်ရှိတဲ့အရာကို ပယ်ချထားခြင်းမရှိပါဘူး။
လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ရက်စ်ဟမ်းအသင်းကလည်း ဂျေမီဗာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားတာပါ။
ရက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားကောင်းအောင် ပြုလုပ်ချင်နေတာကြောင့် ဂျေမီဗာဒီကို သူတို့ဝယ်ယူမယ့် ကစားသမား စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ဂျေမီဗာဒီက သူဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်တယ်လို့ ယုံကြည်မှုရှိနေပြီး ရာသီသစ် မစတင်မီမှာ အသင်းသစ်ရရှိနိုင်ဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 377
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကျော်နဲ့ ခေါ်ယူကာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်ကတည်းက မာဒူကီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားတာပါ။
အခုအချိန်မှာတော့ ကလပ်အသင်း နှစ်သင်းစလုံးဟာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သလို အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အသေးစိတ် အချက်အလက်တွေသာ လိုအပ်တော့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကြယ်ပွင့် မာဒူကီဟာ အာဆင်နယ်အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုမှာပါ။

မာဒူကီကို တွေ့ရစဉ်
အသက် ၂၃ နှစ်အရွယ်ရှိ မာဒူကီဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ချယ်လ်ဆီးအသင်း လူစာရင်း မှာ ပါဝင်နေပြီး PSG အသင်းနဲ့ ဗိုလ်လုပွဲမတိုင်မီ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ထားပါတယ်။
မာဒူကီဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ နီးစပ်နေတာကြောင့် ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
လာမယ့်ရာသီ မတိုင်မီ တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ မာဒူကီ ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သလို ကစားသမားကလည်း စိန်ခေါ်မှုသစ်အတွက် ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၃ ခုနှစ်၊ဇန်နဝါရီက PSV အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာဒူကီဟာ ချယ်လ်ဆီး အသင်းအတွက် ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၂၀ သွင်းယူကာ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း ဂိုးသမား ကယ်ပါ၊ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီနဲ့ ဘရန်ဖို့ဒ်အသင်း ကွင်းလယ်လူ နော်ဂတ်တို့ကို အားဖြည့်ထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 380
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ PSG အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ပြီးနောက် အသင်းရဲ့ ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဘတ်ပီ၊ ဗီနီစီးယက်စ်တို့နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ရှိနေပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဗီနီစီးယက်စ်၊ ဘတ်ပီ၊ ဘယ်လင်ဂမ်တို့ အပါအဝင် အဓိက ကစားသမား အများအပြားကို ပွဲထွက် လူစာရင်းမှာ အသုံးပြုခဲ့ပေမယ့် ဂိုးပြတ်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရတာပါ။
မက်ဒရစ် အခြေစိုက်သတင်းစာ မာကာက ဇာဘီအလွန်ဆိုဟာ ဘောလုံးမရှိတဲ့ အချိန်မှာ သူတို့ရဲ့ လုပ်အားနှုန်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတာကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ ဘတ်ပီ၊ ဗီနီစီးယက်စ်တို့နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်း ဦးဆောင်မှုအဖွဲ့ဟာ အသင်းလိုက် လုပ်ဆောင်မှု နည်းပါးတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ကြီးထွား နေပြီး အသင်းဖော်တွေအပေါ် စိတ်ပျက်စရာ အပြုအမူတွေ ပြုလုပ်တာကိုလည်း အဆုံးသတ် ချင်နေတာပါ။

ဂိုးသမား ကော့တွိုက်စ်ကို တွေ့ရစဉ်
ဘောလွန်းဒီအောဆု ရရှိဖို့နီးစပ်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်း သွားခဲ့ပြီး စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
ဖျားနာမှုကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဘတ်ပီဟာ ခံစစ်ပိုင်း လိုက်ပါမှု အားနည်းနေတာက ကလပ်အသင်း အတွက် စိုးရိမ်စရာဖြစ်နေတာပါ။
ရီးရယ်လ်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်တာ ၆ ပွဲသာရှိသေးတဲ့ ဇာဘီအလွန်ဆိုဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း အကြီးအကဲတွေကလည်း အသင်းရဲ့ အခြေအနေတွေကို ဖြေရှင်းမယ့် နည်းပြဇာဘီအလွန်ဆိုကို ထောက်ခံမှု ပေးထားတာပါ။
ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ်က PSG အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ အသင်းသားတွေဟာ စည်းလုံးမှုမရှိသလို နည်းပြဇာဘီအလွန်ဆိုရဲ့ ပွဲအစီအစဉ်အတိုင်း မလုပ်ခဲ့ကြဘူးလို့ ဝေဖန်ထားပါတယ်။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ အနားယူမှု ပြုလုပ်ပြီး သြဂုတ် ၁၉ ရက်မှာ စပိန်လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
စီးရီးအေ ချန်ပီယံ နာပိုလီအသင်းဟာ ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ The Mirror က ဖော်ပြထားပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းကို တောင်းဆိုထားတဲ့ ဂါနာချိုဟာ လက်ရှိ အချိန်မှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ဂါနာချို အပါအဝင် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီနဲ့ မာလာစီယာတို့ကို အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပူးပေါင်းဘဲ အသင်းသစ်ရှာဖွေဖို့ ပြောထားတာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ သူ့ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ နည်းပြအာမိုရင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အသင်းကနေ ထွက်ခွာနိုင်တဲ့ အရိပ်အမြွက် ပြောခဲ့တာပါ။

ဂါနာချိုကို တွေ့ရစဉ်
အဲဒါကြောင့် ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို အသင်းသစ် ရှာဖွေဖို့ နည်းပြအာမိုရင်ရဲ့ ပြောကြားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က ဂါနာချိုကို မခေါ်ယူနိုင်ခဲ့တဲ့ နာပိုလီအသင်းဟာ သူ့ကို ခေါ်ယူနိုင်ဖို့ ပြန်လည် ကြိုးပမ်းလာခဲ့ပြီး ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာပါ။
ကလပ်အသင်း နှစ်သင်းကြား ဆွေးနွေးမှုတွေရှိနေပြီး ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်မီမှာ အားလုံး အဆင်ပြေနိုင်စေမယ့် သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေပါတယ်။
၂၀၂၀ ခုနှစ်က ယူနိုက်တက် လူငယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဂါနာချိုဟာ ၂၀၂၂ ခုနှစ်မှာ အသင်းကြီးအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ဂါနာချိုဟာ ယူနိုက်တက်အသင်းကြီးအတွက် ၁၄၄ ပွဲ ပါဝင်ကစားထားပြီး ၂၆ ဂိုး သွင်းယူကာ ကာရာဘောင်းဖလားနဲ့ FA ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 459
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ကူဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။
ဂါနာလက်ရွေးစင် ကူဒက်စ်ဟာ စပါးအသင်းနဲ့ ဆေးစစ်မှုခံယူပြီး အသင်းမှာ ကာလရှည်ရှိမယ့် ၆ နှစ် စာချုပ် ချုပ်ဆိုမှာပါ။
ဝက်စ်ဟမ်းအသင်းဟာ အစောပိုင်းက ကူဒက်စ်အတွက် စပါးအသင်းရဲ့ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချ ခဲ့ပေမယ့် စပါးအသင်းက ပြောင်းရွှေ့ကြေးတိုးပြီး ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ကို သဘောတူညီ ခဲ့တာလို့ BBC Sport က ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်က အေဂျက်စ်အသင်းကနေ ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာတဲ့ ကူဒက်စ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ် ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ပါဝင်နေတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ကူဒက်စ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၆၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကူဒက်စ်ကို တွေ့ရစဉ်
ကူဒက်စ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ထိပ်သီးကလပ် ၆ သင်းက ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ ပေမယ့် သူကတော့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ စပါးအသင်းဟာ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး ဝီဆာ ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
စပါးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဒန်ဆိုနဲ့ မာသီးတဲလ်ကို အပြီးသတ် ခေါ်ယူထားသလို ဂျပန်ကစားသမား တာကာအီကိုလည်း ခေါ်ယူအားဖြည့်ထားတာပါ။
ဘရန်ဖို့ဒ်အသင်း နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ စပါးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ အသင်းအကြီးအကဲ လီဗိုင်းက ပြောထား ပါတယ်။
ရာသီကြို ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်တဲ့ စပါးအသင်းဟာ ရာသီသစ်မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် ရက်ဒင်း၊ လူတန်၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 377
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
လိုင်ယွန်အသင်းဟာ ပြင်သစ်လီဂူး-၂ ပြိုင်ပွဲထံ တန်းဆင်းတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်ခဲ့တာမှာ အောင်မြင်ခဲ့တာကြောင့် လာမယ့်ရာသီ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ဆက်ရှိမယ်လို့ ပြင်သစ်ဘောလုံး အဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
ပြင်သစ်ဘောလုံးရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့ (DNCG)က လိုင်ယွန် အသင်းကို ဘဏ္ဍာရေး ပြဿနာတွေကြောင့် တန်းဆင်းတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
လိုင်ယွန်အသင်းကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး သူတို့ကို ချမှတ်ထားတဲ့ တန်းဆင်းတဲ့ပြစ်ဒဏ်ကို ပယ်ဖျက်နိုင်တဲ့ အစီအစဉ်သစ် တစ်ခုကို ကော်မတီထံ တင်ပြခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်အသင်းကိုတွေ့ရစဉ်
ကြွေးမြီပေါင်း ယူရို ၅၄၁ သန်း ရှိနေတာက လိုင်ယွန်အသင်းရဲ့ အဓိကပြဿနာ ဖြစ်နေခဲ့ပြီး အသင်းဟာ ပိုင်ရှင် ပြောင်းလဲခဲ့သလို ဒါကို ဖြေရှင်းဖို့ ကတိကဝတ်တွေ ပေးခဲ့တာကြောင့် အယူခံအောင်မြင်သွားခဲ့တာပါ။
လိုင်ယွန်အသင်းကတော့ သူတို့ကို ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ဆက်ပြီးထားရှိမယ့် DNCG ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး အားကစား ရည်မှန်းချက်တွေအပေါ် အပြည့်အဝ အာရုံစိုက်ကာ လာမယ့်ရာသီအတွက် အပြည့်အဝ ပြင်ဆင်နိုင်ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လိုင်ယွန်အသင်းဟာ တန်းဆင်းတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့သလို လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင် ခွင့်လည်း ရရှိမှာပါ။
လိုင်ယွန်အသင်း အယူခံအောင်မြင်မှုကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ယူရိုပါလိဂ် ဝင်ခွင့်နေရာဟာ မရေမရာမှုတွေ ရှိလာပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ပိုင်ရှင်တူနေတဲ့ ကလပ်အသင်း နှစ်သင်းကို တူညီတဲ့ ဥရောပပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့ စည်းမျဉ်းရှိနေတာပါ။
လိုင်ယွန်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ Eagle Football Holdings အစုအဖွဲ့ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ ဂျွန်တက်စ်တာဟာ သူ့ရဲ့ရှယ်ယာတွေကို New York Jets ပိုင်ရှင်ဝူဒီဂျွန်ဆင်ထံ ပေါင်သန်း ၁၉၀ နဲ့ ရောင်းချဖို့ လုပ်ဆောင်နေပေမယ့် အရောင်းအဝယ်ကို တရားဝင် အတည်ပြုထားခြင်း မရှိသေးတာပါ။
UEFA ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုဖို့ ရှိ/မရှိ ဆုံးဖြတ်ချက်ကို လာမယ့် ရက်ပိုင်းအတွင်း ချမှတ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 403
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
PSG အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နည်းပြလူးဝစ်အင်းနရစ်က ဒီဆုဖလားကို ရယူပြီး နောက်ထပ် သမိုင်း မှတ်တမ်းဖန်တီးဖို့ ပစ်မှတ်ထားနေပါတယ်။
လူးဝစ်အင်းနရစ်က “လှပတဲ့ နိုင်ပွဲဖြစ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ အလွန်ပျော်ရွှင်ပါတယ်။ ဒါက အစကတည်းက ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပေမယ့် ဒီလိုအရာတွေကို အောင်မြင်ဖို့က အမြဲတမ်း အလွန်ခက်ခဲပါတယ်။ ကျနော်တို့ဟာ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း အနိုင်ရပြီး ပဲရစ်နဲ့ ပြင်သစ်ကလပ်အတွက် သမိုင်းမှတ်တမ်းဖန်တီးဖို့ ၁ ပွဲပဲ လိုပါတော့တယ်။ ဒါက ကျနော်တို့အတွက်နဲ့ ကျနော်တို့ရဲ့ ပရိသတ်တွေအတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်”လို့ ပြောခဲ့တာပါ။
PSG အသင်းဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို ဖာဘီယန်ရုပ်ဇ်က ၂ ဂိုး၊ ဒမ်ဘီလီနဲ့ ဂွန်ကာလိုရာမို့စ်က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
PSG အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သလို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကြီးတွေဖြစ်တဲ့ အသလက်တီကိုအသင်းကို ၄ ဂိုး-ဂိုးမရှိ၊ ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ အသင်းဟောင်း PSG အသင်းနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ဒီပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက သူတို့ဟာ ဒီရှုံးနိမ့်မှုကနေ သင်ယူဖို့ ကြိုးစားရမှာဖြစ်ပြီး PSG အသင်း က ၂ နှစ်ကြာ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပေမယ့် သူတို့က အခုမှ စတင်နေရတဲ့အတွက် အချိန်ယူရမယ်လို့ ပြောခဲ့ပါတယ်။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်ကလည်း ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုအတွက် ရာသီကြို လိုအပ်ပြီး အခြေအနေ နှစ်ခုကို နှိုင်းယှဉ်လို့ မရဘူးလို့ ပြောခဲ့ပါတယ်။
ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ PSG အသင်းဟာ ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက် မနက် ၁ နာရီခွဲအချိန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: france24
- By CNI
- Category: အားကစား
- Hits: 338
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈
အေစီမီလန်အသင်း နည်းပြသစ် အယ်လီဂရီက ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်အပြီးမှာ အသင်းထံ ပြောင်းရွှေ့လာမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ရီးရယ်လ် အသင်းကနေ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ မေလက ကြေညာထားတာပါ။
အေစီမီလန်အသင်း နည်းပြသစ် အယ်လီဂရီဟာ သူ့ရဲ့ပထမဆုံး ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ အသင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို အတည်ပြုခဲ့ပြီး ဒီအထဲမှာ သြဂုတ်လထဲ မိုဒရစ်အသင်းထံ ရောက်ရှိလာမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိနေပြီး PSG အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။

မိုဒရစ်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရရှိထားပါတယ်။
၂၀၁၈ ခုနှစ်က ဘောလွန်းဒီအောဆုကို ရရှိထားတဲ့ မိုဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း အတွက် ပါဝင်ကစားချင်တာကြောင့် အမြင့်ဆုံးအဆင့်မှာ ဆက်ပြီးကစားနိုင်ဖို့ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ အေစီမီလန်အသင်းဟာ ကွင်းလယ်လူ ရိုင်းဒါးစ်ကို မန်စီးတီးအသင်းထံ ရောင်းချထားသလို ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အေစီမီလန်အသင်းကို ၂၀၁၁ ခုနှစ်က စီးရီးအေဖလား ရရှိအောင် ကိုင်တွယ်ပေးထားတဲ့ နည်းပြအယ်လီဂရီဟာ ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂိုးသမား မိုင်ဂ်နန်နဲ့ ရာဖေးလ်လီယိုတို့ အသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အေစီမီလန်အသင်းဟာ ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်မှာ ခရီမိုနီစီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 358
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉
ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ငယ်ဘဝကလပ် ဘင်ဖီကာအသင်းထံ ပြန်သွားချင်တယ်လို့ ဝန်ခံခဲ့ ပေမယ့် သူ့ရဲ့လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးကြောင့် အပြောင်းအရွှေ့ ဖြစ်နိုင်ဖို့ နည်းပါးတာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်က “ဘင်ဖီကာဟာ ကျနော် အနှစ်သက်ဆုံး အသင်းဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်။ ဒါက ကျနော့် အိမ်ဖြစ်ပြီး ကျနော်တစ်နေ့ ပြန်လာမှာပါ။ အခုလား ဒါမှမဟုတ် နှစ်အနည်းငယ် အတွင်းမှာ ဖြစ်မလားဆိုတာ မသိပေမယ့် အခုဖြစ်ခဲ့ရင်လည်း ကျနော် အလွန်ပျော်ရွှင်မှာပါ။ အင်္ဂလန်မှာနေမလား ဒါမှမဟုတ် ဘင်ဖီကာကို ပြန်လာမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်”လို့ ပြောခဲ့တာပါ။
ဂျာအိုဖီးလစ်ဟာ ဘင်ဖီကာ အသင်းကနေ ထွက်ခွာပြီး အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ကြေး အများအပြား နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတွေမှာ အငှားနဲ့ ကစားခဲ့ပြီး မနှစ်က နွေရာသီမှာ ချယ်လ်ဆီး အသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာပါ။

ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
ဒါပေမယ့် ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက အေစီမီလန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၁ ပွဲ ပါဝင် ကစားခဲ့တာမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဂျာအိုဖီးလစ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်နေတဲ့ ချယ်လ်ဆီးအသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး အနာဂတ် မရေမရာဖြစ်နေတာပါ။
ဂျာအိုဖီးလစ်ကတော့ ဘင်ဖီကာအသင်းထံ ပြန်ချင်နေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ပြောင်းရွှေ့ကြေး တောင်းဆို မှုနဲ့ သူ့ရဲ့လုပ်ခလစာဟာ ပေါ်တူဂီကလပ်ရဲ့ အသုံးစရိတ်ထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်ကို ယူရို ၅၂ သန်းနဲ့ ဝယ်ယူခဲ့ပြီး ၇ နှစ် စာချုပ်ချုပ်ဆိုထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်ကို ရောင်းချခြင်နေသလို ဘင်ဖီကာအသင်း နည်းပြကလည်း သူ့ကို ခေါ်ယူချင်တဲ့ ဆန္ဒကို ဖွင့်ဟထားပါတယ်။
ဂျာအိုဖီးလစ်အနေနဲ့ ဘင်ဖီကာအသင်းထံ ပြန်သွားချင်တယ်ဆိုရင် သူ့ရဲ့လုပ်ခလစာကို လျှော့ချဖို့ လိုအပ်နေ ပါတယ်။
ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် ဘင်ဖီကာအသင်းထံ မပြောင်းရွှေ့ဖြစ်ခဲ့ရင် အခြားရွေးချယ်စရာတွေကို ရှာဖွေရမှာဖြစ်ပါတယ်။
Source: Goal
