
- By CNI
- Category: အားကစား
- Hits: 408
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ပြင်သစ်ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနေပေမယ့် ရာသီကုန်မှာ မာဆေးလ်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် ၂၈ ပွဲ ကစားထားပြီး ၁၅ ဂိုး သွင်းယူကာ ပြင်သစ်လီဂူး-၁ ဂိုးသွင်းရွှေဖိနပ်ဆုအတွက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဒါပေမယ့် မာဆေးလ်အသင်းနည်းပြ ဒီဇာဘီရဲ့ မကြာသေးခင်က ဝေဖန်မှုတွေဟာ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို သံသယ ဖြစ်လာစေခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက သူဟာ ဂရင်းဝုဒ်ကို အများကြီး လေးစားမှုရှိသလို အများကြီးလည်း မျှော်လင့် ထားပေမယ့် သူလက်ရှိပြသနေတဲ့ အရာတွေက လုံလောက်မှုမရှိတာကြောင့် ဒီထက်ပိုပြီး လုပ်ရမယ်လို့ ပြောထား ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
RMC Sport ဂျာနယ်လစ် ဂျာမိန်းက ဂရင်းဝုဒ်အနေနဲ့ နည်းပြရဲ့ အကြံပေးချက်အတိုင်း မလုပ်နိုင်ဘူးဆိုရင် မာဆေးလ်အသင်းကနေ ထွက်ခွာရဖို့ ဦးတည်နိုင်တယ်လို့ ပြောခဲ့တာပါ။
မကြာသေးခင်က နည်းပြဒီဇာဘီနဲ့ မာဆေးလ်အသင်း စီမံခန့်ခွဲမှုတို့ဟာ ဂရင်းဝုဒ်ရဲ့ စိတ်နေသဘောထားနဲ့ အားထုတ်မှု နည်းပါးမှုတွေအပေါ် စိတ်ပျက်မှုတွေ ပိုပြီးတိုးလာတယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာ ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ နွေရာသီက မာဆေးလ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာပါ။
မာဆေးလ်အသင်းမှာ ပြသနေတဲ့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကြောင့် အသင်းကြီးတချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင် စားနေကြပါတယ်။
မာဆေးလ်အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၂ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ပီအက်စ်ဂျီအသင်းနဲ့ ၁၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source:Dailymail

- By CNI
- Category: အားကစား
- Hits: 444
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
ချယ်လ်ဆီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း ကစားသမား ၂ ဦးဖြစ်တဲ့ ကွမ်ဒါနဲ့ အက်စ်ဆူဂိုတို့ နှစ်ဦးကို ပေါင် ၆၂.၄ သန်းနဲ့ ခေါ်ယူမှု အပြီးသတ်ခဲ့တယ်လို့ ပေါ်တူဂီကလပ်က အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ကွမ်ဒါအတွက် ချယ်လ်ဆီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၄၄ သန်းပေးရမှာပါ။
ပေါ်တူဂီကစားသမားဟာ ၂၀၂၅-၂၆ ရာသီကုန်မှသာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ကွမ်ဒါဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကြီးအတွက် စတင် ပါဝင်ခွင့်ရခဲ့ပြီး ၄၄ ပွဲ ကစားထားကာ ၂ ဂိုး သွင်းယူထားတာပါ။
ကွမ်ဒါဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ခြေစွမ်းပြသနေတာကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ပေါ်တူဂီ အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။
လက်စ်ပါးမားစ်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ ကွင်းလယ်ခံစစ် ကစားသမား အက်စ်ဆူဂိုဟာ ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာပါ။
အက်စ်ဆူဂိုကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အက်စ်ဆူဂိုအတွက် စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၁၈.၄ သန်းပေးချေရမှာ ဖြစ်ပါတယ်။
အက်စ်ဆူဂိုဟာ လက်စ်ပါးမားစ်အသင်းမှာ ခြေစွမ်းပြသနေပေမယ့် နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ အနီကတ် ၂ ကြိမ်အထိ ပြသခံထားရတာပါ။
ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ ကွမ်ဒါကို မြင်တွေ့ရဖို့ စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့် အက်စ်ဆူဂိုကိုတော့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ အနာဂတ်အတွက် ရည်ရွယ်ကာ လူငယ်ကစားသမားတွေကို အားဖြည့်နေပြီး နွေရာသီမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ ဘရာဇီးလ်က အီစတီဗာအိုနဲ့ အီကွေဒေါက ကန်ဒရီပက်ဇ်တို့ဟာ အသင်းထံ လာရောက်ပူးပေါင်းမှာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
ယူနိုက်တက်အသင်း နောက်ခံလူ ဒါလော့က ပေါ်တူဂီကစားသမားတိုင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒို ကစားသမားဘဝကနေ အနားမယူခင် ကမ္ဘာ့ဖလားရယူပေးဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါလော့က “ရော်နယ်ဒိုကို ဖော်ပြဖို့အတွက် နောက်ထပ် နာမဝိသေသနတွေကို ရှာဖွေဖို့က အလွန်ခက်ခဲပါတယ်။ ရော်နယ်ဒို နိုင်ငံအသင်းမှာ ဆက်ရှိနေပြီး အခိုက်အတန့်တွေကို မျှဝေခွင့်ရတာဟာ ကျနော်တို့အတွက် ကြီးမားတဲ့ အခွင့်ထူးပါ။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ မေးခွန်းထုတ်လို့ မရ ပါဘူး။ ကျနော်တို့ဟာ ဒါကို ဥပမာအနေနဲ့အသုံးပြုပြီး ပေါ်တူဂီအတွက် သူအနိုင်ရတာကို မြင်တွေ့ရမှာဟာ လှပတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါလိမ့်မယ်။ ကစားသမားတိုင်းကလည်း ဒါကိုလိုချင်တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၄၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဖလားချန်ပီယံ ဆုကို ရယူချင်တဲ့ သူ့ရဲ့နောက်ဆုံး အခွင့်အရေးဖြစ်လာဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုကတော့ အခုအချိန်ထိ အနားယူမယ့်ရက်ကို ထုတ်ဖော်ပြောထားခြင်း မရှိသေးပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် သူအနားယူလိမ့်မယ်လို့ အများအပြားက ခန့်မှန်းထားကြတာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရရှိအောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
ဒါလော့ကတော့ ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းမှာ အတူတွဲကစားခွင့်ရတဲ့ အချိန်အတွင်းမှာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
ပေါ်တူဂီအသင်းဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ် ကွာတားဖိုင်နယ်ကစားဖို့ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဒိန်းမတ်အသင်းနဲ့ နှစ်ကျော့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒိန်းမတ်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်ကို မတ် ၂၁ ရက်မနက်ပိုင်း ယှဉ်ပြိုင်သွားမှာပါ။
ဒီပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဟန်ဂေရီ၊ အိုင်ယာလန်၊ အာမေးနီးယား အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရေးနိမ့်တဲ့အသင်းက ဂရိ၊ စကော့တလန်၊ ဘယ်လာရုစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 425
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
ခရိုအေးရှား ဝါရင့်ကစားသမား မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်ရှိချင်နေတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
မိုဒရစ်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် သူဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ရီးရယ်လ်အသင်း မှာ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးချင်နေတာပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရီးရယ်လ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက အရေးပါတဲ့သူဖြစ်ခဲ့တဲ့ မိုဒရစ်ဟာ လာမယ့် စက်တင်ဘာဆိုရင် အသက် ၄၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မိုဒရစ်က သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်ကြောင်းကို စာချုပ်သက်တမ်းတိုးပြီး ပြသချင်နေတာပါ။
မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပေမယ့် ပွဲထွက်လူစာရင်းထက် အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာက ပိုပြီးများနေပါ တယ်။
မိုဒရစ်ကို တွေ့ရစဉ်
မိုဒရစ်ကတော့ သူ့ရဲ့ဦးစားပေး ရွေးချယ်မှုဟာ အမြဲတမ်း ရီးရယ်လ်အသင်း ဖြစ်နေတာကြောင့် အသင်း အောင်မြင် မှုတွေ ရယူနိုင်ဖို့အတွက် ဆက်ပြီး ပါဝင်ကူညီနေချင်နေတာပါ။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း မိုဒရစ်ကို စာချုပ်သက်တမ်း ၁ နှစ်တိုးခဲ့သလို ဒီရာသီအကုန်မှာ လည်း နောက်ထပ် ၁ နှစ် သက်တမ်း တိုးဖွယ်ရှိနေပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မိုဒရစ်ဟာ ဘောလုံးအတွက် လက်ဆောင်ဖြစ်တယ်လို့ ပြောထားတာပါ။
၂၀၁၂ ခုနှစ်ကတည်းက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၇၉ ပွဲ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူထားပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ဆုဖလားပေါင်း ၂၈ ခုအထိ ရရှိထားပြီး ရီးရယ်လ်အသင်းသမိုင်းမှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 374
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
အေစီမီလန်အသင်းဟာ ရာသီကုန်အထိ အငှားနဲ့ခေါ်ယူထားတဲ့ ညာနောက်ခံလူ ဝေါ်လ်ကာကို မန်စီးတီး အသင်းထံကနေ လျှော့ဈေးနဲ့ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ Tuttosport က ဖော်ပြထားပါတယ်။
အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို အပြီးသတ် ခေါ်ယူချင်တဲ့အတွက် ပြီးခဲ့တဲ့ နွေရာသီက စပါးအသင်းကနေ ခေါ်ယူထားတဲ့ ညာနောက်ခံလူ အီမာဆန်ကို တစ်ရာသီအကြာမှာ ပြန်ရောင်းချဖို့ လုပ်ဆောင်နေတာပါ။
စီးရီးအေကလပ်ဟာ ဝေါ်လ်ကာကို ဦးစားပေး ညာနောက်ခံလူအဖြစ် သတ်မှတ်ခဲ့တာကြောင့် အီမာဆန်ဟာ အသင်းရဲ့အစိတ်အပိုင်းမှာ ပါဝင်ခြင်း မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို ရာသီကုန်ချိန်မှာ မန်စီးတီးအသင်းထံကနေ ယူရို ၅ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိထားတာပါ။
ဝေါ်ကာကို တွေ့ရစဉ်
ဒါပေမယ့် အေစီမီလန်အသင်းဟာ မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိထားတဲ့ ပြောင်းရွှေ့ကြေးကို အနည်းငယ် လျှော့ဈေးလိုချင်နေတာ ဖြစ်ပါတယ်။
ဝေါ်လ်ကာကလည်း အေစီမီလန်အသင်းမှာ ပျော်ရွှင်နေပြီး ဆက်ရှိချင်နေတာပါ။
အင်္ဂလန်နောက်ခံလူဟာ မန်စီးတီးအသင်းမှာ သူ့အနာဂတ် မရှိတော့ဘူးဆိုတဲ့ အချက်ကို ကောင်းမွန်စွာ သိရှိထားတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းရဲ့ ဝါရင့်ညာနောက်ခံလူဖြစ်တဲ့ ဖလော်ရန်ဇီကလည်း အသင်းမှာ သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ချင်နေတာကြောင့် ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ့် သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးချင်နေတာပါ။
ဖလော်ရန်ဇီဟာ အေစီမီလန်အသင်းမှာ ဆက်ရှိဖို့အတွက် သူရရှိနေတဲ့ လစာ အများအပြားကို လျှော့ပြီးယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ကိုပါအီတာလီယာဖလားပြိုင်ပွဲသာ ကျန်ရှိ တော့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေကာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အေစီမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၉ နေရာ ရပ်တည်နေပြီး ဥရောပ ဝင်ခွင့်ရနိုင်ဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အေစီမီလန်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ စီးရီးအေပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 970
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်က စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်က “ကလပ်ဆီကနေ ပြောတဲ့အသံ ဘာမှမကြားရတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြီးဆုံး သွားမယ်လို့ ထင်ပါတယ်။ အားလုံးက ကျနော် စာချုပ်ကုန်ဆုံးမယ်ဆိုတာကို သိပါတယ်။ အဲဒါကြောင့် ဒီနည်းလမ်းက တစ်ခုတည်းပဲရှိဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော် အများကြီး မတွေးထားဘဲ စိတ်ထဲမှာတော့ အသစ်တစ်ခုရှာဖို့ ပြင်ဆင်နေပါတယ်။ ကျနော် ဆုံးဖြတ်ချက် မချရသေးဘဲ မိသားစုနဲ့ အဆင်ပြေမယ့် အရာတွေ ကို ကြည့်သွားမှာပါ”လို့ ဒိန်းမတ် TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆန်ဟာ ဒီရာသီ နည်းပြအာမိုရင် လက်ထက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၉၉ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ စာချုပ်သစ် အတွက် ဆွေးနွေးမှုမရှိတာကြောင့် ရာသီကုန်ရင် အသင်းကနေ ထွက်ခွာရတော့မှာပါ။
အဲရစ်ဆန်ကို တွေ့ရစဉ်
အဲရစ်ဆန်ဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံးကို ဒိန်းမတ် အပြင်ဘက်မှာ ကစားနေခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်၊ ဘရန်ဖို့ဒ်နဲ့ အခု ယူနိုက်တက်အသင်း တွေမှာ ကစားသမားဘဝကို ဖြတ်သန်းနေတာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် ဥရောပမှာ ဆက်ပြီးရှိချင်ပေမယ့် ဒိန်းမတ်ကို ပြန်ဖို့စောသေးတယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ကစားဖို့အတွက် ဒိန်းမတ်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းအတွက် ပွဲပေါင်း ၁၄၀ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 489
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းအစားဆုံးလို့ Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ယာမဲလ်က “ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံးပါ။ အုပ်စုအဆင့်တွေ ပြီးဆုံးသွားချိန်မှာ လီဗာပူးလ်အသင်းက ထိပ်ဆုံးနေရာ ရပ်တည်ခဲ့လို့ သူတို့ရေပန်းအစားဆုံးလို့ ကျနော် ပြောခဲ့ပါတယ်။ အခုသူတို့ ပြိုင်ပွဲကနေ ထွက်ခွာသွားပြီဖြစ်လို့ ရေပန်းအစားဆုံးက ကျနော်တို့ပါ။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ မတူညီတဲ့ အသင်းဖြစ်နေပါပြီ။ ကျနော်တို့ဟာ မိသားစုတစ်စုဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမှ မကြောက်ဘူး”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီ နည်းပြ ဟန်ဆီဖလစ်လက်အောက်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲလုံးဝ မရှိသေးတာဖြစ်ပါတယ်။
စပိန်ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားပြီး ၁၆ သင်းအဆင့်မှာ ဘင်ဖီကာ အသင်းကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်ရောက်ထားတာပါ။
ယာမဲလ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ကိုပါဒယ်ရေးဖလား ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီကစားထားတဲ့ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ စံချိန်တင် ၁၃၂ ဂိုးအထိ သွင်းယူထားတာပါ။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်လာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၁၄-၁၅ ရာသီက နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ၁၀ နှစ်ကြာ စောင့်ဆိုင်းနေရတာကို ဒီရာသီမှာ အဆုံးသတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့တုန်းက နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 396
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈
ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြင်းထန်တဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးလုနီးပါးအထိ ဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အန်တိုနီယိုက သူဟာ ဘောလုံးပြန်ပြီး ကစားမယ်လို့ ကတိပြုခဲ့ပါတယ်။
အန်တိုနီယိုက “ကျနော် ၁၀၀ ရာခိုင်နှုန်း ပြန်ကစားမှာပါ။ ကျနော်ဟာ ဒီအခြေအနေကနေ အမြဲတမ်း အကောင်း မြင်ခဲ့ပြီး ကြောက်စရာကောင်းတဲ့ ယာဉ်တိုက်မှုမှာ ကြီးမားတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျနော့်အတွက် အကြီးမား ဆုံး ဒဏ်ရာဖြစ်ခဲ့ပေမယ့် ကျနော် ပြန်ကစားနိုင်မယ်ဆိုတာကို သိပါတယ်။ ကျနော်ဟာ ဝက်စ်ဟမ်းအသင်းမှာ အလျင်မြန်ဆုံး သူတွေထဲက တစ်ဦးပါ။ လူတွေက ကျနော့်ကို အမြဲတမ်း သံသယဝင်ခဲ့ကြပါတယ်။ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားက ကျနော် အမြဲတမ်းယုံကြည်တဲ့ အရာဖြစ်ပြီး ဒါက ကျနော့်ကို တားဆီးနိုင်မှာ မဟုတ် ဘူး”လို့ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အန်တိုနီယိုဟာ ဒီဇင်ဘာ ၇ ရက်က သူ့ရဲ့ကားက သစ်ပင်ကို တိုက်မိပြီးနောက် ဘယ်ဘက်ခြေထောက်ကျိုးကာ ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီယိုကိုတွေ့ရစဉ်
အန်တိုနီယိုဟာ လက်ရှိအချိန်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး သူပြန်ကစားနိုင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ထက်စောကာ ဘောလုံးကွင်းထဲ ပြန်ဝင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
အန်တိုနီယိုဟာ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင် ခင်က ဝက်စ်ဟမ်းအသင်း အိမ်ကွင်းကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း စံချိန်ရှင်ဖြစ်တဲ့ အန်တိုနီယိုဟာ ဒီရာသီမှာ အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
၂၀၁၅ ခုနှစ်ကတည်းက ဝက်စ်ဟမ်းအသင်းမှာရှိနေခဲ့တဲ့ အန်တိုနီယိုဟာ လန်ဒန်ကလပ်အတွက် ပွဲပေါင်း ၃၂၃ ပွဲ ပါဝင်ကစားထားပြီး ၈၃ ဂိုးသွင်းယူကာ ကွန်းဖရန့်လိဂ် ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။
အန်တိုနီယိုနဲ့ ဝက်စ်ဟမ်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းက သူ့ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 525
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် တိုက်စစ်မှူး ၄ ဦးကို အသင်း ခေါ်ယူမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ စိတ်ပျက်ဖွယ်ရလဒ်တွေနဲ့ ဒီရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းကို ပြန်လည် ပြုပြင်တည်ဆောက်ဖို့ လုပ်ဆောင်နေတာပါ။
မန်ချက်စတာကလပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၃ နေရာ ရပ်တည်နေပြီး ဒီရာသီ အသင်းရဲ့ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ၂၁ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးဟော့ဂျ်လန်းရဲ့ သွင်းဂိုးကို ပြန်လည်မြင်တွေ့ခဲ့ရတာပါ။
Sky Sports က ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်နဲ့ လက်တွဲလုပ်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ဦး အပါအဝင် တိုက်စစ်မှူး ၄ ဦးကို နွေရာသီမှာ ခေါ်ယူမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းခေါ်ယူမယ့် ကစားသမားစာရင်းထဲ ပါဝင်နေတဲ့ တိုက်စစ်မှူး ၄ ဦးကတော့ စပို့တင်းလစ္စဘွန်း အသင်းက ယိုကီရက်စ်၊ ဖရန့်ဖတ်အသင်းက အီကီတီကီ၊ လိုက်ပ်ဇစ်အသင်းက ဆက်စ်ကိုနဲ့ ဂါလာတာစာရေး အသင်းမှာ အငှားကစားနေတဲ့ အိုဆင်ဟမ်တို့ ဖြစ်ပါတယ်။
ဒီတိုက်စစ်မှူးတွေဟာ ဒီရာသီ သူတို့ရဲ့အသင်းတွေမှာ သွင်းဂိုးတွေသွင်းယူပြီး ခြေစွမ်းပြသနေတာပါ။
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဟော့ဂျ်လန်းဟာ ဒီရာသီမှာအသင်းအတွက် ၈ ဂိုးနဲ့ ဇက်ခ်ဇီက ၆ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့သူက အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းယူထားတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ကစားသမားအချို့ကို ရောင်းချမှုတွေ အရင်ပြုလုပ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 431
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈
စပါးအသင်းဟာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ရင် နည်းပြဖြစ်သူ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ စီစဉ်နေပြီး သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြ ၂ ဦးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြပိုစတီကိုဂလူးဟာ ဖိအားတွေခံစားနေရတာပါ။
ယူရိုပါလိဂ်ပြိုင်ပွဲဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဆုဖလားရရှိနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး အသင်းဟာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ယူရိုပါလိဂ်ဖလားဟာ နည်းပြပိုစတီကိုဂလူးရဲ့ စပါးအသင်း အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ ရှိနေတာပါ။
The Telegraph က စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုးဖို့ နည်းပြရှာဖွေမှုတွေ ပြုလုပ်နေပြီး ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားနဲ့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာတို့ကို သူတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
စပါးအသင်းကိုတွေ့ရစဉ်
မာကိုဆေးလ်ဗားနဲ့ အီရာအိုလာတို့ဟာ ဒီရာသီမှာ သူတို့ရဲ့အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ပေး ထားပြီး ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နဲ့ ဘုန်းမောက်အသင်းက အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။
ဘုန်းမောက်အသင်းဟာ ဒီရာသီမှာ ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင် ရရှိထားတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ အီရာအိုလာဟာ ပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး စပါးအသင်းကို ကိုင်တွယ်ခွင့်ရမယ့် အလားအလာကို စိတ်ဝင်စားလိမ့်မယ်လို့ သိရတာပါ။
ဖူလ်ဟမ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ထားတဲ့ မာကိုဆေးလ်ဗားကို နည်းပြအဖြစ် ခန့်အပ်ဖို့ အသင်းတချို့ကလည်း ချိတ်ဆက်မှုတွေရှိနေပါတယ်။
စပါးအသင်းဟာ လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal