CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
မြန်မာနိုင်ငံတွင် စက်သုံးဆီ ချွေတာရေး အကြောင်းပြချက်ဖြင့် စုံ/မ သတ်မှတ်ချက်ဖြင့် ကားမောင်းခွင့် ထုတ်ပြန် ထားခြင်းအား ပြည်သူလူထု၏ အသံကို နားထောင်၍ ပယ်ဖျက်သင့်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် မတ်လ (၇) ရက်နေ့မှ စတင် သတ်မှတ်လိုက်သည့် “စုံ” ရက် “မ”ရက် ခွဲခြားကာ မော်တော်ယာဥ် ကန့်သတ်မောင်းနှင်သည့် စနစ်ကို ချိုးဖောက်မှု ရှိ၊ မရှိ စစ်ဆေးရာတွင် (One Stop Service) စနစ်ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မိမိတို့ တိုင်းပြည်က ဘာမှမရှိဘဲ စုံ/မ ခွဲခြင်းက ဒုက္ခရောက်ကြောင်း၊ စုံ/မ ကားကိစ္စအား ပယ်ဖျက်သင့်ကြောင်း၊ လက်ရှိတွင် လူလတ်တန်းစားများ ဒုက္ခရောက်ကြောင်း USDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

စုံ/မ သတ်မှတ်ချက် ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ကျနော်တော့ မတင်ဘူး သူများတွေ တင်လားတော့မသိဘူး။ အမှန်ကတော့ဗျာ စုံ/မ လုပ်တဲ့ တိုင်းပြည် တွေကို သွားကြည့်လိုက် တိုးတက်တဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ အဲဒီမှာ ကိုယ့်ကားက “စုံ” ဖြစ်နေတယ်၊ ဒီနေ့ က “မ”ကျတယ်ဆိုရင် သူက တခြား နည်းလမ်းတွေ ရှိတယ်သွားစရာ။ မြေအောက် ရထားတွေရှိတယ်၊ ဘတ်စ် ကား တွေရှိတယ်၊ ချက်ချင်း ဖုန်းဆက်လိုက်ရင် ချက်ချင်းရောက်လာတဲ့ တက္ကစီမျိုးတွေ ရှိတယ်၊ ဒါမျိုးတွေရှိတဲ့ နိုင်ငံမှာ စုံ/မ ခွဲတာဗျ။ ကျနော်တို့ တိုင်းပြည်က ဘာမှမရှိဘဲ စုံ/မခွဲတာ ဒုက္ခရောက်တာပေါ့ဗျာ။ သူများတွေ ဆွေးနွေးလာရင်တော့ ကျနော်လည်း ဝင်ဆွေးနွေးမယ် ကျနော် ကိုယ်တိုင်တော့ အဆိုမတင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကြီးက မသင့်လျော်ဘူးဆိုတာ အစကထဲက သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတခြား တိုးတက်တဲ့ နိုင်ငံတွေမှာ လုပ်တိုင်း ကျနော်တို့ လိုက်လုပ်လို့မရဘူး။ ကျနော်တို့မှာ ကိုယ့်ကားကလွဲပြီး တခြား စီးစရာမရှိဘူး၊ သူများနိုင်ငံတွေလို့ မြေအောက်ရထားမရှိ၊ ဘာမရှိနဲ့ အဲဒီလိုမျိုး အခြေအနေမျိုးမှာ ဒါကြီးက ပယ်ဖျက်သင့်တယ်လို့ ကျနော် ယူဆပါတယ်။ ကားနှစ်စီးရှိတဲ့ အိမ်ဆိုတာ တော်တော်ရှားပါတယ်၊ ကားတစ်စီးရှိဖို့တောင် မလွယ်ဘူးလေ။ စုံ/မ ကားကိစ္စက ပယ်ဖျက်သင့်တယ်လို့ ကျနော် ယူဆတယ်။ စုံ/မ ကားကို အမြန်ဆုံး ဖြေလျော့ပေးလေ ကောင်း လေပဲ။ အခုက လူလတ်တန်းစားတွေ ဒုက္ခရောက်တာပေါ့နော်။ EV ဆိုင်ကယ်တွေ၊ EV ကားတွေ ဝယ်ဖို့ဆိုတာ လည်း EV တွေကလည်း သူများတိုင်းပြည်မှာ သိန်း ၇၀၊ ၈၀။ ဒီမှာ သိန်း ၇၀၀၊ ၈၀၀ ဖြစ်နေတာ ၁၀ ဆလောက် ကွာနေတာ အဲဒါတွေ ဖြေလျော့ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ အခက်အခဲများကြောင့် ပြည်သူများအကြား အခက်အခဲများစွာ ရှိနေကြသလို စုံ/မ စနစ်ကြောင့် ကုန်ထုတ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍများတွင် ထိခိုက်မှုများ ရှိနေသည် ဟု ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို့ကြောင့် စုံ/မ သတ်မှတ်ချက်ကို အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ပြန်လည် ပယ်ဖျက်သိမ်းရန် အားလုံးက တောင်းဆိုနေကြသည်။
စုံ/မ ခွဲခြားခြင်းနှင့်ပတ်သက်ပြီး သေရေးရှင်ရေးအရ ဆေးရုံဆေးခန်းသွားလျှင်လည်း ဒဏ်တပ်တယ်ဆိုတာက မ ဖြစ်သင့်ကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး အကျိုးအကြောင်း ခိုင်လုံမည်ဆိုလျှင် ခွင့်လွှတ်ပေးရန် လွှတ် တော်၌ တင်ပေးရန် စိတ်ကူးထားကြောင်း SNDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းလင်းက CNI သတင်းဌာန သို့ ပြောသည်။

စုံ/မ သတ်မှတ်ချက် ဖမ်းဆီးရတာ သတ်မှတ်ထားသော အခြေအနေကို တွေ့ရစဉ်
၎င်းက “အဲဒီ စုံ/မ ကိစ္စကတော့ နည်းနည်းတော့ ပြဿနာဖြစ်နေတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ “မ” ရက်မှာ ထွက်သွားလို့ရှိရင် အဲဒီမှာ ငွေညစ်တာ၊ ဘာညာတွေ၊ ဒဏ်တပ်တာ ဘာတွေဆိုတဲ့ဟာကို ကျနော်တို့ မကြားချင်ဘဲ ကြားနေရတယ်ဗျ။ အဲဒါကြောင့်မို့လို့ ဒီဟာကြီးကတော့ သိပ်မဖြစ်သင့်တော့ဘူးပေါ့နော်။ အရေးအကြောင်းကိစ္စ မျိုးမှာ သေရေးရှင်ရေးပေါ့၊ အချို့ဆိုရင်လည်း ကျန်းမာရေးမှာ ဆေးရုံဆေးခန်းတွေ သွားတယ်ဗျ အဲဒါတွေလည်း ဒဏ်တပ်တယ်ဆိုတော့ အဲဒါကြီးက မဖြစ်သင့်ဘူးနော်။ အဲဒါကတော့ ကျနော်တို့ လွှတ်တော်မှာလည်း ဆွေးနွေး ရင်တော့ ဆွေးနွေးသင့်တယ်လို့တော့ ထင်တယ်ပေါ့နော်။ အဲဒါကို တိုင်ပင်ပြီးမှ လုပ်သင့်တယ်၊ လွှတ်တော်မှာ တင်သင့်ရင်လည်း တင်ပေးပါ့မယ်။ ဒီလိုမျိုး မှတ်ချက်ပေးမယ်ဆိုတဲ့ သဘောမျိုးတော့ ဒီလိုတော့ သွားပြောလို့ မဖြစ်ဘူးလေ။ ဒါပေမယ့် တစ်ခုရှိတာက ဒီလိုအရေးပေါ် ကိစ္စနဲ့ပတ်သက်ပြီးမှ အထောက်အထားလည်း ရှိတယ်၊ ထောက်ခံစာလည်းရှိမယ်၊ အကျိုးအကြောင်းလည်း ခိုင်လုံမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့တော့ လွှတ်တော်မှာ တင်ပေးဖို့ အဲဒီလိုမျိုး စိတ်ကူးထားပါတယ်ဗျ”ဟု ပြောသည်။
စက်သုံးဆီချွေတာရန် သတ်မှတ်ထားသော စုံ/မ ကားမောင်းနှင်မှု စနစ်သည် ပြည်သူများ၏ နေ့စဉ်သွားလာမှုနှင့် စီးပွားရေး လုပ်ငန်းများတွင် ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်စေသည့်အတွက် ပယ်ဖျက်သင့်ကြောင်း တောင်းဆိုမှုများ ရှိနေသည်။
ထိုသို့ စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဥ်များ စုံ/မ ရက်ခွဲခြား၍ မောင်းနှင်သည့် စနစ်ကို ချိုးဖောက် ပါက မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လ၊ ဒဏ်ငွေ ၂ သောင်းသို့ မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်ဟု သိရသည်။
သို့သော် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ထောင်ဒဏ်ကို ဖြုတ်သိမ်း၍ ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
စုံ/မ သတ်မှတ်ချက် စည်းကမ်း ချိုးဖောက်ပါက ဖမ်းဆီး၍ ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ပေးဆောင်ခိုင်းလျက်ရှိကြော င်း၊ သို့သော် ဖမ်းဆီးရေးတွင် အဖွဲ့အစည်းအစုံ ပါမှသာလျှင် တရားဝင်မည်ဖြစ်ပြီး ယာဉ်ထိန်းရဲများသာ ဖမ်းဆီး နေခြင်းက ဥပဒေအရ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပြည်သူလူထုများက ထောက်ပြကြသည်။
