CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
အစိုးရအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ခလစာများ တိုးမြှင့်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ထောက်ပြကြသည်။
လက်ရှိ အချိန်တွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ အများစုသည် စားဝတ်နေရေးအတွက် အစိုးရကျောင်းများ ထက် ကိုယ်ပိုင်ကျောင်း (ပုဂ္ဂလိကကျောင်း) များကိုသာ ရွေးချယ် လုပ်ကိုင်လာနေကြပြီး အစိုးရစာသင်ကျောင်း များ၌ ဆရာ/ဆရာမ မလုံလောက်မှုများရှိလာသည်။
ထို့နောက် အခြေခံ အောက်ခြေပြည်သူလူထု မိသားစုများမှ ကလေးများအတွက် ပညာရေးသင်ကြားခွင့် နစ်နာ ဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူလူထုက ထောက်ပြကြသည်။
အစိုးရကျောင်းများတွင် ဆရာ/ဆရာမများ လုံလောက်စွာ မရှိခြင်း၏ ပြဿနာ အစသည် ကုန်စျေးနှုန်း မြင့်တက် လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆ၍ရကြောင်း၊ အစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား လစာတိုးပေးမည့် အစီအစဥ် ရှိ/မရှိကို လွှတ်တော်ထဲတွင် မေးမြန်းတင်ပြသွားမည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းများကို တွေ့ရစဉ်
၎င်းက “အဲ့တာကတော့ ရှင်းရှင်းပြောရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ ပြဿာနာကြောင့် စဖြစ်တယ်လို့ ထင်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ အချိန်မှာ ရိုးရိုး နိုင်ငံတော်ရဲ့ ဝန်ထမ်းဆို လစာက မလောက်ဘူး။ အဲဒီလို အခြေအနေမျိုးရှိတဲ့အတွက် လူဆိုတာက ကိုယ့်ရဲ့ဘဝ စားဝတ်နေရေး ပြေလည်ဖို့အတွက်ဆိုရင်တော့ သာမယ့်ဘက်ကို ဆရာ/ဆရာမတွေက လိုက်သွားမှာပဲ။ နိုင်ငံတော်ကနေပြီးမှ သူတို့ထိုက်သင့်တဲ့ လစာတွေကို အဲဒီလိုမျိုး စီမံချက်တွေ ချပေးမှ သူတို့ရဲ့ လစာ တိုးပေးဖို့ သင့်တယ်ဗျ ကျနော့်အမြင်တော့။ အဲဒီလိုမျိုး လုပ်ပေး နိုင်မှပဲ ဆွဲဆောင်မှု တစ်ခုခု မရှိဘဲနဲ့တေ့ာ ဆရာ ဆရာမတွေကတော့ သာရာဘက်ကိုပဲ ရွေးမယ်လို့ ကျနော်က ဒီလိုမြင်တယ်။ ဒါ အစိုးရအပေါ်လည်း မူတည်တယ်ဗျ။ ဆရာ/ဆရာမတွေက သူတို့ဟာ စေတနာ ဘယ်လောက် ပဲရှိရှိ ကုန်ဈေးနှုန်းဒဏ်ကို မခံနိုင်တဲ့ အတွက်ကြောင့်မို့လို့ လစာပိုရတဲ့ ပုဂ္ဂလိကဘက်ကို ပြောင်းသွားတဲ့ကိစ္စမှာ သူတို့မပြောင်းအောင် အစိုးရအနေနဲ့ သူတို့ကို လစာတိုးမြှင့်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း အပိုထောက်ပံ့ကြေး တွေ ပေးဖို့အတွက် အစီအစဉ် ရှိ/မရှိဆိုတဲ့ ပုံစံမျိုးနဲ့ လွှတ်တော်မှာတင်လည်း ရပါတယ်။ အဲဒါလည်း သူတို့ကို အစိုးရကို မေးဖို့သင့်တဲ့ မေးခွန်းတစ်ခုလို့ မြင်တယ်ခင်ဗျ။ ကျနော်စဉ်းစားပြီးမှ အချက်အလက်ပေါ် မူတည်ပြီးမှ မေးရင် ကောင်းမလဲဆိုတာ အချက်အလက်တွေ စုဆောင်းပြီးမှ ပြည့်စုံမှ လွှတ်တော်မှာတင်မယ်လို့ ကျနော် ကိုးကားထားပါတယ်” ဟု ပြောသည်။
အစိုးရဝန်ထမ်းများ အနေဖြင့် လက်ရှိ မြေပြင်တွင် ကုန်စျေးနှုန်း အခြေအနေနှင့် ၎င်းတို့ရသည့် လစာသည် မည်ကဲ့သို့မျှ ဆီလျော်မှု မရှိသော အနေအထားဖြစ်ကြောင်း၊ နိုင်ငံ၏ ဘတ်ဂျက်အပေါ် မူတည်ကာ လစာများ တိုးမြှင့်ပေးရန် လိုအပ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းများကို တွေ့ရစဉ်
၎င်းက “လုပ်ခလစာကတော့ ဆရာမတွေမှ မဟုတ်ဘူး။ အစိုးရဝန်ထမ်းအားလုံးသည် လုပ်ခလစာ တိုးမြှင့်ရမယ့် အနေအထားမျိုးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးစီးအရာရှိ တစ်ဦးရဲ့ လစာက ၃ သိန်းဝန်းကျင်ပေါ့နော်။ လက်ရှိအချိန် မြေပြင် အနေအထားနဲ့ ပိုက်ဆံ ၃ သိန်းဆိုတာ ဘယ်လိုမှ မလောက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် လည်း ဝန်ထမ်းတွေကို လစာ တိုးဖို့ဆိုတာလည်း နှစ်စဉ် ဝန်ထမ်းတွေရဲ့ လစာသည် ပေးရတာဖြစ်တဲ့ အတွက် ကြောင့် ဝန်ထမ်းတွေ လစာတိုးတဲ့ဟာမှာလည်း အစိုးရတစ်ရပ် အနေနဲ့ကျတော့လည်း ရရှိတဲ့ ဘဏ္ဍာငွေအပေါ်ကို အခြေခံပြီးတော့ သူတို့အနေနဲ့ အများကြီး စဉ်းစားရတယ်ပေါ့နော်။ အဲဒီတော့လည်း အစိုးရရဲ့ ဘဏ္ဍာငွေ တိုးတက် လာမှုအပေါ် မူတည်ပြီးတော့ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ ကျနော့်အထင်ပါ ဘာလို့ လဲဆိုတော့ လက်ရှိ ကုန်ဈေးနှုန်းနဲ့ မြေပြင်မှာရရှိနေတဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့က ဘယ်လိုမှဆီလျော်မှု မရှိတော့ တဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် လစာကတော့ တိုးမြှင့်ပေးသင့်ပါတယ်။ နိုင်ငံ့ရဲ့ Budget အခြေအနေပေါ် မူတည်ပြီးတော့ တိုးမြှင့်ပေးဖို့တော့ လိုလာပါတယ်” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်သည့် အကြောင်းအရင်းသည် ပညာရေးအားနည်းမှု၊ အသိပညာ အားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံ၏ ပညာရေးကဏ္ဍကို မြှင့်တင်ရန်နှင့် လူငယ်များ၏ စိတ်နေစိတ်ထားကို ပြုပြင်ရန် လိုအပ်ကြောင်း ပြောသည်။
အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ပညာရေး ဘတ်ဂျက်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆.၉၂ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ အပါအဝင် စုစုပေါင်း ၉.၂၂ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ် နှံမှုကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံလျက်ရှိပြီး ဇွန်လ ၁ ရက်၌ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
