- By CNI
- Category: နိုင်ငံရေး
- Hits: 618
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
လက်ရှိ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မှာ ပင်လုံစာချုပ်ထဲတွင်သာရှိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အရ နိုင်ငံကို တည်ဆောက်ဖို့လိုကြောင်း၊ ထိုကဲ့သို့ မဟုတ်ပါက နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “အခုဆွေးနွေးမယ့် အကျပ်အတည်းဆိုတာက အခုပဲ မဟုတ်ပါဘူး၊ အကျပ်အတည်းက ၁၉၆၂ ခုနှစ်၊ နေဝင်း အာဏာသိမ်းပြီးကတည်းက သူ့အကျပ်အတည်းက အထွက်အထိပ်ကို ရောက်လာပြီးပေါ့၊ အဲဒီဟာတော့ အာဏာသိမ်းပြီးကတည်းက ပြောရမှာပေါ့၊ ဒီဟာကို ပြောဖို့ဆိုတာက ပင်လုံစာချုပ်အရ သွားဖို့လိုပါ တယ်။ ပင်လုံစာချုပ်ဖက်ကို သွားဖို့ပဲ ပင်လုံစာချုပ်အရပဲ နိုင်ငံကို တည်ဆောက်ဖို့ လိုပါတယ်၊ ဒါမှ မဟုတ်ဘူး ဆိုရင် ဖြေရှင်းဖို့ကတော့ အခုမဟုတ်ဘူး၊ ဟိုကတည်းကနဲ့ ဖြစ်လာတယ်၊ ဒါကြောင့်မို့ ဒီဟာက ဆက်လက်ပြီးမှ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် နိုင်ငံရေးထွက်ပေါက်ဆိုတာ ပင်လုံစာချုပ်ထဲမှာပဲ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
ထို့အတူ ပြည်မဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရ မည်ဟုလည်း ပါရှိသည်။
နောင်မှာ ပြည်ထောင်စုကို ဖွဲ့စည်းသည့်အခါ မြန်မာပြည်ကို မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုဖြင့် ဖွဲ့စည်း ရမည်ဆိုသည်ကို ပင်လုံစာချုပ်တွင် မပါဝင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အဲဒါတွေက နားမလည်လို့ ပြောနေတာလို့ ကျနော်ကတော့ ချုပ်ပြောလိုက်မယ်ဗျာ၊ ဘာကြောင့် လဲဆိုတော့ ပင်လုံစာချုပ်ဆိုတာ ကျနော်တို့ ဗမာပြည်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆွေးနွေးပြောဆိုတဲ့ စာချုပ် မဟုတ်ဘူးဗျ၊ ပင်လုံစာချုပ်ထဲမှာ အနာဂတ် ဗမာပြည်ကို ဖက်ဒရယ်ဘယ်လို လုပ်မယ် ဘာညာဆိုတာ တစ်ခွန်းမှ မပါဘူး။ ခင်ဗျားတို့ ပြန်ကြည့်၊ အဓိက-က အင်္ဂလိပ်အစိုးရက တောင်တန်းဒေသနဲ့ ဗမာ မြေပြန့် နှစ်ခုကြားထဲမှာ ကျနော်တို့ တောင်တန်းဒေသက လွတ်လပ်ရေးကို ဖဆပလနဲ့ ပေါင်းပြီး ယူမလား၊ မယူ ဘူးလားဆိုတာ ဆုံးဖြတ်တဲ့ အစည်းအဝေး သို့သော် အဲဒီစာချုပ်မှာ အဲဒီစာချုပ် ချုပ်ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ် အောင်ဆန်းက စိန်ခေါ်လိုက်တာပေါ့ဗျာ၊ ကျုပ်တို့ ဖဆပလအစိုးရအဖွဲ့က လုပ်တာ အသုံးမကျလို့ဆိုရင် နောင် ၁၀ စုနှစ် တစ်ခုအတွင်းမှာ ခင်ဗျားတို့ သီးခြားနိုင်ငံထူထောင်ချင်ရင်လည်း ထူထောင်လို့ရတယ်၊ အဲဒါကို ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေထဲမှာ ရေးဆွဲတဲ့ထဲမှာ ထည့်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း အဲဒီမှာ ပြောခဲ့တာ အဲဒီ စကားကို ပြောနေတာ ပင်လုံစာချုပ်၊ ပင်လုံစာချုပ်ဆိုတာ ခင်ဗျား ပြန်ကြည့်လိုက်ပါ၊ ခင်ဗျားတို့ အခုပြောနေတဲ့ ဖက်ဒရယ်တို့ ဘာတို့ ပါလားဆိုတာ ပင်လုံစာချုပ် မူရင်းကို ပြန်ကြည့်လိုက်စမ်းပါဗျာ။ တကယ်တမ်း အဲဒါက အင်္ဂလိပ်ကနေပြီးတော့ တောင်တန်းနဲ့ မြေပြန့်ကို နိုင်ငံရေး သဘောထားကွဲပြားအောင် လုပ်တာ အဲဒါကို စေ့စပ် အောင် လုပ်တာ၊ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိန်ခေါ်မှုက ၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ပါတယ်၊ ၁၀ နှစ်ကြာလို့ စောက်သုံးမကျဘူးဆိုရင် သီးခြား နိုင်ငံထူထောင်ခွင့်ပေးမယ် ဆိုတဲ့ဟာ ၄၇ ဥပဒေထဲမှာ ပါတယ်ဗျ၊ အဲဒါကို ပြောတာ၊ အဲဒီတော့ ပင်လုံစာချုပ်၊ ပင်လုံစာချုပ်ဆိုတာကို ဗူးလုံးတန်းထွင်းတွေ လျှောက်ပြော နေတာတွေပေါ့ဗျာ၊ ကျနော်တော့ အတော်စိတ်ပျက်တယ်၊ ထားလိုက်ပါတော့” ဟု ပြောသည်။
NUG ၏ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF များကိုတွေ့ရစဉ်
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး သွေးမြေမကျသည့် နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်ပါက ပင်လုံစာချုပ်က ထွက်ပေါက်ဟုဆိုခြင်းက မှန်ကန်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္က ဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၄၇ အခြေခံဥပဒေအရ သဘောတူညီချက်တွေနဲ့ ၄၈ က လွတ်လပ်ရေးရလာတဲ့ မြန်မာနိုင်ငံ အခု ၇၅ နှစ် ကြာပြီ ထွက်ပေါက်ပိတ်နေတာ ၇၅ နှစ်ကြာ ပြည်တွင်းစစ်ကြီးကို သံသရာ ဘယ်လောက်ရှည်နေပြီလဲ၊ အခု တစ်ခါ ပြန်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ထွက်ပေါက်အနေနဲ့ စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်ဖြစ်ခဲ့တဲ့ ပင်လုံစာချုပ်ကို ပြန်ပြီး အမှတ်ရကြ တယ်ဆို လက်ခံကြရမှာပေါ့၊ ပင်လုံစာချုပ်သည်ပင်လျှင် မြန်မာ့လွတ်လပ်ရေးရဲ့ ထွက်ပေါက်ဆိုရင် မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကြီး ၇၅ နှစ်ကြာမှာ ပြန်ပြီးတော့ ပင်လုံကို သတိရတာဟာ မှန်တယ်၊ ပင်လုံရဲ့ ထွက်ပေါက် ကို ပြန်ကြည့်သင့်တာပေါ့၊ အဲဒီလောက်ဆိုရင် အခြေခံဥပဒေဆိုင်ရာ ထွက်ပေါက်တစ်ခုအဖြစ် ကျနော်တို့ အသွင် ပြောင်း ပေးကြရမှာပေါ့၊ အဲဒီလို ပြောင်းပေးခြင်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှာလား၊ သွေးမြေကျနေ တဲ့ လက်ရှိ နိုင်ငံရေးကို သွေးမြေမကျတဲ့ နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်မှာလား ပင်လုံလိုပေါ့၊ အဲဒီလိုဆိုရင်တော့ ရပ်တည်ချက်မှန်တယ်၊ ထွက်ပေါက်မှန်တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဆိုလျှင် ၇၆ နှစ်ပြည့်တော့မည်ဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်း စစ်များ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 615
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(က)အရ “ပါတီတစ်ရပ်ထူထောင်၍ ပြည်ထောင်စု တစ်ဝန်းလုံး တွင် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်လိုသည့် ပါတီ တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပါတီဝင် များကို ဥပဒေနှင့်အညီ စည်းရုံးခွင့်ပြုရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောသည်။
UEC က “သို့ဖြစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်း ရုံးဆောင်ရွက်ခွင့်၊ အဆိုပါ မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်များ ရှိမည်မဟုတ်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင် လိုလျှင်ဖြစ်စေ ယင်းပါတီဗဟိုအလုပ်အမှု ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြ လျှောက်ထားနိုင်ပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောသည်။
ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီမဟုတ်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်းမှာသာ ဝင်ပြိုင်မည့် ပါတီအဖြစ် မှတ်ပုံတင်၍ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းရှိ မဲဆန္ဒနယ်များကို ဝင်ပြိုင်ရန် ထပ်မံ မှတ်ပုံတင်ရမည်ဆိုပါက နိုင်ငံရေးပါတီများအတွက် ငွေကြေးနှင့် ပါတီဝင် စည်းရုံးရေးအတွက် အခက်အခဲများ ရှိစေကြောင်း နိုင်ငံရေးပါတီများက ဆိုကြသည်။
အဆိုပါ ပြဋ္ဌာန်းချက်အတိုင်းဆိုလျှင် လက်ရှိ နိုင်ငံရေးပါတီထဲကနေ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အတွက် ပါတီအသစ် ထပ်မံ ထူထောင်ရမည့် အနေအထားများ ဖြစ်နေကြောင်း ထောက်ပြလျက်ရှိကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 551
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နိုင်ငံအဝန်းပြိုင်မည်ဟု မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဆိုသော သတင်းမှာ သတင်းအမှား သာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးတွင် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများကြားမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုမှာပဲ ဝင်ရောက် ယှဉ်ပြိုင်ပါက ထိုဒေသအတွင်းရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရ ဘူးဟု သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ သတင်းမှာ မှားယွင်းကြောင်း၊ မှတ်ပုံတင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင်သည့် မဲဆန္ဒနယ်များကို ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိ ကြောင်း UEC က ပြောသည်။
UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၎င်းက “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံ တင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင် သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်များအားလုံးတွင် ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါကြောင်း ဖြေကြားအပ်ပါသည်”ဟု CNI သတင်းဌာန သို့ ပြောသည်။
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြလျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြော သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 354
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ဘူးဟု နိုင်ငံရေးပါတီများကြားမှာ သတင်းများ ထွက်ပေါ်နေသည်။
နိုင်ငံတစ်ဝန်း မပြိုင်သည့် ပါတီများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့်မရဟု သတင်းထွက် လာမှုကို ကြားသိရကြောင်း၊ အဆိုပါ ဥပဒေမှာ ပြဋ္ဌာန်းလာနိုင်ခြေ နည်းသော်လည်း မပြဋ္ဌာန်းလာနိုင်ကြောင်း ပြော၍လည်း မရဘူးဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်
၎င်းက “ဒါပေမဲ့ အခုနောက်ပိုင်း ရွေးကောက်ပွဲ ဥပဒေအသစ် ထွက်လာရင် အဲဒီလို စည်းကမ်းတင်းကြပ်တဲ့ ဥပဒေ မျိုး မထွက်လာနိုင်ဘူးလို့လည်း ကျနော်တို့ အဲဒီလို ပြောလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခုနောက်ပိုင်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေမှာက ပြည်နယ်အခြေစိုက် ပါတီဆိုရင် ပါတီဝင် အင်အား ၁ ထောင်ရှိရမယ်၊ သိန်း ၁၀၀ ရှိရမယ်၊ ပြည်ထောင်စု တစ်ဝှမ်းလုံးဆိုရင် ပါတီအင်အား ၁ သိန်းရှိရမယ်၊ သိန်း ၁ ထောင် ရှိရမယ်ဆိုတာက ကိန်းဂဏန်းအားဖြင့် တအားကွာဟနေတဲ့ အတွက်ကြောင့် အဲဒီလို ဒေသအခြေစိုက် ပါတီတွေက ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေမျိုးလည်း ထွက် မလာနိုင်ဘူးလို့ ပြောဆိုလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လည်းဆိုရင် ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်တဲ့အချိန်မှာ UEC က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဘာမှ ပြုလုပ်ခဲ့တာ မရှိတဲ့အတွက် ကြောင့် အဲဒီလို ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရတဲ့ အခြေအနေမျိုး ရှိမနေတဲ့ အတွက်ကြောင့် အဲဒီလို စည်းကမ်းသတ်မှတ်တဲ့ ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရမှာ မဟုတ်ဘူးထင်တယ်” ဟု ပြောသည်။
အဆိုပါ ကန့်သတ်ချက်မျိုး ထုတ်ပြန်ပါက မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ နိုင်ငံရေးပြဿနာ ကို ပိုပြီးရှုပ်ထွေးအောင် လုပ်သည့် ဥပဒေမျိုး ဖြစ်လိမ့်မည်ဟု ဦးသာထွန်းလှက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့ပြီး မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
UEC နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထိုဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 530
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် နစက၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သော အစည်းအ ဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေကြသည် ကို တွေ့မြင်ရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခံယူချက်များနှင့် ၎င်းအကြမ်းဖက်အဖွဲ့၏ ယုံ ကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိကြောင်း၊ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းအများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက် ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်း များဖြစ်ကြောင်း။ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင် အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရမှ ခွင့်ပြု ထားခြင်းမရှိ”ဟု ပြော သည်။
ဒီမိုကရေစီကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းဖြင့် ရယူသွားသည်မှာ မည်သည့် အဖွဲ့အစည်းလဲဟု မေးခွန်း ထုတ်စရာဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီကို လက်နက် အားကိုးဖြင့် အရ ယူသွားသည်မှာ မည်သည့်အဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ယုံကြည်ထားသလဲ မေး ကြည့်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ် သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး အမိန့်များ တိုးမြှင့် သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများ လျော့ပါးအောင် ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ စစ်အုပ် ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာ ခြင်း မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားနိုင် ကြောင်း၊ လာမည့် ၆ လတာ ကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်လာမည်ဟု ယူဆသည်”ဟု ပြောသည်။
ထို့နောက် တပ်မတော်သည် နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် နိုင်စေရန် ထိန်း သိမ်း စောင့်ရှောက်ပေးသည့် Guardian အဖွဲ့အစည်းတစ်ခုဖြစ်နေမည့် အဖွဲ့အစည်း အဖြစ် ခံယူထား ကြောင်း၊ မိမိတို့ သည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်သည်ကို ပြောကြား လို ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေး မည်ဖြစ် ကြောင်း ပြောသည်။
တခြား တစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDP)နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း တချို့က ထုတ်ဖော် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 699
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း လက်နက်ကိုင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုထက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA) တို့သည် တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာသည်ကို တွေ့ရပြီး ကရင်လက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပေါ်သော ပဋိပက္ခများကို ဖြေရှင်းရာမှာ လက်နက်ဖြင့် ဖြေရှင်းခြင်းသည် ကရင်လူထုအနေဖြင့် လုံးဝလက်ခံနိုင်သည့် အရာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူထုများမှ သဘောထား ထုတ် ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးမှ ဖြေရှင်းစေလိုကြောင်း မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါ သိပ်မှန်တယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်၊ တိုတိုတုတ်တုတ်ပဲ၊ သူတို့ရဲ့ ထုတ်ပြန်ချက်က သိပ်မှန်တယ်လို့ လက်နက်ကိုင်ဖြေရှင်းဖို့ မသင့်ဘူး၊ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးတော့မှ ကရင်တပ်ဖွဲ့ အချင်း ချင်းပဲဆိုတော့ ဒီလို လက်နက်နဲ့ ဖြေရှင်းကြလို့ရှိရင် တိုက်ပွဲ ပြီးဆုံးမှာ မဟုတ်ဘူး။ ကျန်တဲ့ ဒီဖက်က ဆန့်ကျင် ဘက် အဖွဲ့အစည်းလို့ပဲ ပြောပြော တပ်မတော်နဲ့လည်း လုပ်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်နေပြီ ဒါလည်း မဖြေ ရှင်းနိုင်တဲ့ဟာကို ကိုယ့်အချင်းချင်းကြ ပိုဆိုးတာပေါ့ဗျာလို့ ကျနော်အဲဒီလိုပဲ ပြောချင်တယ်” ဟု ပြောသည်။
စောနယ်ဒါးမြကို တွေ့ရစဉ်
ကရင်လက်နက်ကိုင် အချင်းချင်းအကြား လက်နက်ကိုင် အဖြေရှာခြင်းမှာ ကရင်လူထုအတွက် ကောင်းမွန်သည့် ရလဒ်ကို မပေးခဲ့သလို ဆိုးရွားသည့် အခြေအနေသို့သာ တွန်းပို့ကြောင်း ကရင့်တော်လှန်ရေး၏ ခါးသီးသော အတွေ့အကြုံများမှလည်း သင်ခန်းစာများ ရယူစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်းသင့်ကြောင်း၊ KNU ၏ မူကို လက်ခံဖြေရှင်းပါက အဆင် ပြေမည်ဟု မြင်မိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN) မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ KNU ရဲ့ မူကို လက်ခံတယ်ဆိုရင်တော့ ခွဲထွက်ရေးတို့၊ ကွဲပြားရတာတွေက ပိုမိုပြီးတော့မှ နည်းမယ်ပေါ့ နော်၊ ပြဿနာဖြစ်တာ ပိုနည်းမယ်ပေါ့၊ အရင်ကတည်းကလည်း တစ်လျှောက်လုံးကလည်း အရင်က ကျနော်တို့ တပ်မဟာ ၄ မှာရှိတဲ့ KNU ကပဲ ပိုပြီးမှ ဦးဆောင်နေတာ ရှိတာကိုး KNU ပဲ ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း KNU မူကို ပိုပြီးမှ ကျင့်သုံးတဲ့ဟာမျိုး ဆွေးနွေးတဲ့ ဟာမျိုးဆိုရင် ပိုကောင်းတဲ့ အဖြေရမယ်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။
KNU တပ်မဟာ ၄ ကိုတွေ့ရစဉ်
ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
ထို့နောက် နှစ်ဖက် အချင်းချင်းကြား ပဋိပက္ခများမှာ ပိုမို ကြီးထွားလာပြီး လက်နက်ကိုင် ဖြေရှင်းသည့် နည်းလမ်း များပါ ပါဝင်လာကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများ ရှိလာခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 580
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိ သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောခဲ့ခြင်း ဖြစ် သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲ ဆောင်ရွက်ရန်အတွက် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အခက်အခဲများရှိနေသေးကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာရှိသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ရွေး ကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ထို့ကြောင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေသူများ အနေဖြင့်လည်း ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်ရမည်” ဟု ပြောသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး လူတိုင်းမဲပေးရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုကာလများနှင့် ရွေးကောက်ပွဲ ကာလများတွင်လည်း မဲမသမာမှုများ ဖြစ်ပေါ်စေနိုင်မည့် လုပ်ဆောင်ချက်များကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အဆိုပါ ကာလတွင် အစိုးရ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက် ချက်များမှာ သံသယဖြစ်ဖွယ်တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် ရွေးကောက်ပွဲ အကြိုကာလ ကြိုတင်မဲပေးချိန် တွင်လည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကို အကြောင်းပြ၍မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရ ကြောင်း၊ ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာသည့်အချိန်တွင် မဖြစ်နိုင်ဖွယ်ရာ မဲစာရင်း ကွဲလွဲမှုများကို တွေ့ ရှိရသည့်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် မဲစာရင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းကြီးမား စွာ ကွဲလွဲမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် မိမိတို့အနေဖြင့် တာဝန်ရှိသူများကို အကြိမ်ကြိမ်ပြောဆိုခဲ့ သော်လည်း ၎င်းတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန်အထိ ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခုအခြေအနေထိ ဖြစ် ပေါ်ခဲ့ရခြင်းဖြစ်သည်”ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲထည့်နေစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အရေးပေါ် ကြေညာထားသည်။
အဆိုပါ အရေးပေါ် ကြေညာထားမှုသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ၂ နှစ်ပြည့်ခဲ့သော်လည်း သာမန် အခြေအနေ မဟုတ်သေးဟုကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ နိုင်ငံတော်အား တပ်မတော်က အရေးပေါ် ကြေညာထားခြင်းနှင့်အတူ NLD ပါတီဝင်များ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများက နွေဦးတော်လှန်ရေးဟုကာ လက်နက်ကိုင် တိုက်ခိုက် ၍ တပ်မတော်ကို ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိနေသည်။
NUG ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသူ မန်းဝင်းခိုင်သန်းနဲ့ PDF တပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုလက်နက်ကိုင် ပဋိပက္ခများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်တို့မှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း နစက-က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) တို့ အပါအဝင် ချင်းအမျိုး သား တပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီတပ် မတော်(KA)တို့က မပျက်ပျက်အောင် ဖျက်မည်ဟု ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 874
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင် ပြန်တင်လိုက်ကြောင်း သိရသည်။
ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)အစား ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းလဲ၍ မှတ်ပုံတင် ခဲ့ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်ကတော့ အန်တီတို့က အခုပဲလေ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ မနေ့ကပဲ မှတ်ပုံသွားတင်တယ်၊ ပြည်ခိုင်ဖြိုးက ပထမ အန်တီတို့က ဒုတိယနော်၊ မနေ့ကပဲ သွားတင်တာ အဲဒါလာတင် တာလေ နေပြည်တောင်ကို” ဟု ပြောသည်။
USDP ပါတီကိုတွေ့ရစဉ်
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် ဦးစောသန်းမြင့် ဦးဆောင်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်ပေါ်လာသော်လည်း မိမိအနေဖြင့် အဆိုပါ ကိစ္စကို မသိရှိရသေးကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင် ပြန်တင်သည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး USDP မှ တာဝန်ရှိသူများထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
သို့သော် နီးစပ်သူများကတော့ USDP ပါတီသည် ပါတီမှတ်ပုံတင်ခြင်းကို ပြန်လည် လုပ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ လူထုကောင်းကျိုးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
UEC နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “အန်တီတို့ကတော့လေ၊ အစကတည်းက ၈၈ ကတည်းက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကောင်းအောင်၊ ကြီးပွားအောင်၊ တိုးတက်အောင်ပဲ ရည်မှန်းပြီးတော့ပဲ နိုင်ငံရေး လုပ်ကြတာပဲလေ၊ အန်တီတို့ ပါတီမှာလည်း စိတ်တူကိုယ်တူ ဒီလိုလူမျိုးတွေပဲရှိတယ်၊ ကိုယ်ပိုင်တဲ့၊ ကိုယ်တာဝန်ယူနိုင်တဲ့ တိုင်းအလိုက်ပဲ ကြိုးစားပြီး လုပ်နေ ကြတယ်၊ အန်တီတို့ကလည်း ဒီအတိုင်းပဲ ဦးစောသန်းမြင့်တို့လည်း ဒီအတိုင်းပဲရှိမှာပါ၊ အားလုံး တူတူပါပဲလေ၊ အဲဒီ တော့ အန်တီတို့ကလည်း ကိုယ့်ဟာကိုယ် သားသိတဲ့အတိုင်း စည်းမျဉ်းတွေကလည်း ကြပ်တယ်၊ ပိုက်ဆံကလည်း နည်းနည်းများတယ်နော် အန်တီအမြင် ပြောတာပေါ့၊ အန်တီတို့က နိုင်ငံရေးသမားဆိုတော့ ပိုက်ဆံတော့ အဖွဲ့ အစည်းတိုင်းက တချို့နေရာမှာ ပိုက်ဆံပေါတယ်၊ အန်တီတို့ကတော့ ကိုယ့်ကိုယ်ပိုင် ပိုက်ဆံနဲ့ လုပ်ကြရတာဆို တော့လေ အဲလိုတော့ မများဘူးပေါ့၊ ကိုယ်တစ်နိုင် တစ်နိုင်၊ နိုင်မယ်ထင်မယ့် တိုင်းလို့ပဲ ကိုယ်ကြိုးစားပြီး လုပ်တာ ပါ၊ ဦးတည်ချက်ကတော့ တိုင်းပြည်ကောင်းဖို့ပါ၊ ငြိမ်းချမ်းချင်တယ်၊ တိုင်းပြည်ကောင်းချင်တယ်၊ ပြည်သူလူထု အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို ကြီးပွားချင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင်ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ရက် အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့သည် ပထမဦးဆုံး မှတ်ပုံ တင် ပြန်တင်သည့် နိုင်ငံရေးပါတီများ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 544
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသော မြို့နယ်များထဲတွင် ပါဝင်သဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်နေသည့် MOU လုပ်သားများ၏ လုံခြုံရေးမှာ ပို၍ စိုးရိမ်ရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် MOU လုပ်သားများအား စေလွှတ်ရာတွင် မြဝတီ-မဲဆောက် အမှတ် (၂) တံတား လမ်းကြောင်းမှ အဓိကအများဆုံးစေလွှတ်ခြင်းဖြစ်ပြီး ထိုသို့စေလွှတ်ရာတွင် မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး) မှ ဖြတ်သန်းသွားလာရခြင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့်အခါတွင် အလုပ်သမားများအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီလို ရွှေ့ပြောင်းအလုပ်သမားစေလွှတ်တဲ့လမ်းကြောင်းမှာ စစ်ဇုန်အဖြစ် ကြေညာတာ တစ်နည်းအားဖြင့် စစ်ရိပ် မျက်နှာစာအဖြစ်ကြေညာတာတွေဟာ အပြစ်မဲ့တဲ့ သွားလာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအပါအဝင် နယ်မြေခံ ပြည်သူတွေအတွက်လည်း အန္တရာယ်ကြီးတာပေါ့။ ဒါဟာ အကြောက်တရားတစ်ခု ပိုမို ဖြစ်စေဖို့အတွက် တံဆိပ် ရိုက်လိုက်တယ်လို့ မြင်တယ်။ ဒီအလုပ်သမားတွေကို တာဝန်ယူစေလွှတ်တဲ့ သက်ဆိုင်ရာ အေဂျင်စီ တွေအပေါ်မှာ ပိုတာဝန်ကြီးသွားတာပေါ့။ နောက်တစ်ခုက ကျနော်တို့နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တရားဥပဒေစိုးမိုးမှုဆိုတာ လုံးဝ လုံးဝ မရှိဘူး ဖြစ်တဲ့အတွက် အလုပ်သမားတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးကို ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်သတိထားဖို့ လိုအပ်သလို ဒီအလုပ်သမားတွေကို တာဝန်ယူ စေလွှတ်တဲ့ အေဂျင်စီက ပိုမိုပြီးတော့မှ ဂရုစိုက်သင့်တယ်၊ တာဝန်ယူသင့်တာပေါ့နော်။ နောက် အလုပ်သမားတွေ အစုလိုက် အပြုံလိုက် ရာနဲ့ချီ ထောင်နဲ့ချီ express ကားကြီးတွေနဲ့ တောတောင် ဖြတ်ပြီးတော့ နယ်စပ်ကိုလာတာဖြစ်တဲ့အတွက် အင်မတန် အန္တရာယ်ကြီးတာပေါ့” ဟု ၎င်းက ပြောသည်။
MOU ဖြင့် စေလွှတ်နေသည့် မြန်မာအလုပ်သမားများ
စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်ဆိုသော်လည်း တိုက်ပွဲများ မဖြစ်ပွားပါက ရွှေ့ပြောင်းအလုပ်သမားများ သာမက ဒေသခံများအတွက်ပါ အဆင်ပြေသော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါက မိမိလုံခြုံရေးအား မိမိသာလျှင် တာဝန်ယူရမည့် အနေအထားဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။
ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက် ခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းများမှ တရားဝင်သာမက တရားမဝင်နည်းလမ်းဖြင့်ပါ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများသာမက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့်ပါ ယခင်ထက်ပို၍ သတိထား သွားလာရန်သာ အရေးကြီးကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက အကြံပြုသည်။
MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “စစ်အုပ်ချုပ်ရေးအနေနဲ့ ကြေညာထားတယ်ဆိုတော့ သူတို့အတွက် လည်း စိတ်ပူရတာပေါ့။ သွားရလာရတာ အရင်ကထက် အလုပ်သမားတွေအတွက် စိုးရိမ်စရာဖြစ်တာပေါ့။ စစ်ပွဲတွေ ဘာတွေဖြစ်လာမယ်၊ အင်မတန်မှ အနှောင့်အယှက်တွေ ဖြစ်လာနိုင်တာပေါ့။ စစ်ပွဲဖြစ်၊ မဖြစ် အဲဒီ အပေါ်မှာပဲ မူတည်ပါတယ်။ စစ်ပွဲမဖြစ်ရင်တော့ သိပ်စိုးရိမ်စရာ မရှိလောက်ပါဘူး။ စစ်ပွဲဖြစ်ရင်တော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေလည်း ရပ်နားနိုင်ဖွယ် ရှိတာပေါ့။ တိုက်ပွဲတွေဘာတွေဖြစ်ပြီဆိုရင် အောက်လမ်းက လူတွေအတွက်လည်း ဒါ သွားလာရတာ အင်မတန်မှ ခက်ခဲတယ်။ အလုပ်သမားတွေပဲဖြစ်ဖြစ်၊ ဒေသခံတွေပဲ ဖြစ်ဖြစ်၊ ကျနော်တို့အမြင်ကတော့ ကိုယ့်ကိုယ်ကိုကနေပြီး လုံခြုံဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ စောင့်ရှောက်ရမယ့် အနေအထားပါ။ တကူးတကကို ပြည်တွင်းမှာကတော့ ခရီးသွားပြည်သူတွေအတွက်သော်လည်းကောင်း၊ MOU နဲ့ လာတဲ့ ရွှေ့ပြောင်းအတွက်သော်လည်းကောင်း သီးသန့်စီမံချက်တွေ၊ သူတို့အတွက် လုံခြုံရေးတွေချတာ ကျနော် တို့ကတော့ မတွေ့ရှိပါဘူး။ သွားလာသူအတွက်ပဲ အဓိက ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ သွားလာဖို့ အတွက်ပဲ အရေးကြီးတယ်လို့ပဲ သုံးသပ်မိပါတယ်” ဟု ပြောသည်။
ကော့ကရိတ်မြို့အဝင်ဆိုင်းဘုတ်
ကော့ကရိတ်မြို့အား စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် MOU အလုပ်သမားများ စေလွှတ်ရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သို့ ပြောသည်။
“လုံးဝကို တာဝန်ယူသင့်တာပေါ့။ ဒီလိုလမ်းကြောင်းမှာ ဒီလိုဖြစ်နေရင် ဘယ်ပုံသဏ္ဍာန်နဲ့ အလုပ်သမားတွေကို မထိခိုက်ဘဲနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာကို ပြင်ဆင်သင့်တာပေါ့ ဝန်ကြီးဌာနက။ အဲဒီတော့ နယ်စပ်မှာ ဒီ မြဝတီ-မဲဆောက်နယ်စပ်ကို အများဆုံး MOU ကူးကြနေတဲ့ ဒီလမ်းကြောင်းကို စစ်ဇုန်အဖြစ် ကြေညာတယ်ပေါ့နော်။ ဒါတစ်နည်းအားဖြင့် ဥပဒေမဲ့၊ အကြောင်းမဲ့လည်း ပစ်သတ်လို့ရတဲ့ပုံစံမျိုးတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အလုပ်သမားတွေအပေါ်မှာ ပိုမိုပြီးတော့မှ စိုးရိမ်တာပေါ့နော်။ အစုလိုက်အပြုံလိုက်လာရင် ဘယ်သူဘယ်ဝါက ပစ်သွားမှန်းမသိ၊ ဘာမှန်းမသိ။ သူတို့ စစ်ဇုန်ကြေညာထားပြီးသားဖြစ်တဲ့အတွက် စစ်ဇုန်ထဲကို သွားနေတယ်၊ စစ်အုပ်ချုပ်ရေး ဒီလိုကြေညာထား တယ်၊ ဒါမျိုးတွေလည်း အကြောင်းပြချက်တွေ လာနိုင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်(၃၇) မြို့နယ်အား စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် နစက-က အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့ နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ၅ မြို့နယ်၊ ကယားပြည်နယ်တွင် ၄ မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် ၂ မြို့နယ်၊ မွန်ပြည်နယ်တွင် ၁ မြို့နယ်တို့ ဖြစ်ကြသည်။