- By CNI
- Category: နိုင်ငံရေး
- Hits: 1075
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ Hoyat (ဟိုယတ်)ကျေးရွာ ရှိ အာသံသူပုန် ULFA-I အဖွဲ့၏ စစ်စခန်းများကို အိန္ဒိယစစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ULFA-I က ထုတ်ပြန်ခဲ့သည်။
အိန္ဒိယစစ်တပ်သည် နာဂလန်းပြည်နယ်နှင့် အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်များအတွင်း ကနေ UAV ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ နံနက် ၁ နာရီမှ နံနက် ၉ နာရီကြား ULFA-I စခန်း ၄ ခုကို တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ULFA-I မှ ခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်ယန်အာဆု(ခေါ်) နေယန်မက်ဒီ၊ ဗိုလ်မှူးချုပ် လာဟွန်(ခေါ်) ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆု အပါအဝင် ရဲဘော် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ULFA-I ၏ မဟာမိတ်အဖွဲ့ နာဂလက်နက်ကိုင်အဖွဲ့က ပြောသည်။
ULFA-I စခန်းများ တိုက်ခိုက်ခံရမှု၏ အနီးတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)စခန်းများ လည်း တည်ရှိနေကြောင်း သိရသည်။

ULFA-I စခန်း တိုက်ခိုက်ခံထားရစဉ်
ULFA-I က “ ''ကျွန်ုပ်တို့သည် ကိုလိုနီနယ်ချဲ့နိုင်ငံ အိန္ဒိယစစ်တပ်မှ ကျူးလွန်ခဲ့သော ဤရက်စက်ကြမ်းကြုတ် သော တိုက်ခိုက်မှုအား လက်စားချေရန် ဆုံးဖြတ်ထားကြောင်း အာသံ ပြည်သူများအား ပြောကြားလိုပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
မြန်မာဘက်ခြမ်း၏ ULFA-I စခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအာဏာပိုင်များကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ULFA-I သည် အာသံပြည်နယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အိန္ဒိယစစ် တပ်ကို တိုက်ခိုက်လျက်ရှိနေသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ကသည်း၊ ကူကီး၊ နာဂ၊ အာသံ၊ ဘိုဒိုလန်၊ ဇိုမီး စသည့် လက်နက်ကိုင်များ ရှိပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ၇ ပြည်နယ် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ထားကြသော အဖွဲ့များသည် United National Liberation Front of Western South East Asia (UNLFWSEA) ဆိုသော နာမည်ဖြင့် မဟာမိတ်ဖွဲ့ထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 694
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကို ဆက်စပ်နယ်မြေတွင် အလွန်အရေးပါသည့် ဗန်းမောက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပူးပေါင်း ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် ဗန်းမောက်မြို့အနီးက မြစ်သေးကျင်းအား အင်းအား အလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင်နေသလို ပင်ဟင်းခါးနှင့် သာယာကုန်းကျေးရွာ များကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။
ဗန်းမောက်ဒေသခံက “ အခု မနက် ၅ နာရီခွဲ လောက်ကစလို့ ဗန်းမောက် မြစ်သေးကျင်းဘက်ကို အင်အား အလုံးရင်းနဲ့ KIA-PDF က ဝင်ထိုးနေတယ်။ တပြိုင်တည်း ဆိုသလို စစ်လာနိုင်တဲ့ ပင်ဟင်းခါး၊ သာယာကုန်းမှာပါ ပွဲကနေတယ်” ဟု ပြောသည်။

ဗန်းမောက်နဲ့ ဆက်စပ်နယ်မြေများကို ပြသထားစဉ်
လက်ရှိတွင် ဗန်းမောက်မြို့၏ အရှေ့နှင့်အနောက်ဘက်ခြမ်းကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ထိန်းချုပ်ထားပြီး တောင်ဘက်နှင့်မြောက်ဘက်ခြမ်းအား KIA-PDF က ထိန်းချုပ်ထားသည်။
သို့သော် မြန်မာ့တပ် မတော်က ဗန်းမောက်မြို့ပေါ်ကို အထိုင်ချထားသည်။
ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်ပြီး ဟုမ္မလင်း၊ အင်းတော်၊ ပင်လည်ဘူး၊ မော်လူး၊ မော်ဟန်တို့နှင့် ထိစပ်၍ စစ်ရေး-စီးပွားရေးအရ အရေးပါသော ဒေသဖြစ်သည်။
KIA-PDF သည် ဗန်းမောက်မြို့နှင့် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ထီးချိုင့်၊ ကသာ၊ ဝန်းသိုမြို့များကို ထိန်းချုပ်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နိုင်မည်ဖြစ်သည်။
လက်ရှိမှာတော့ KIA-PDF သည် ဗန်းမောက်မြို့ ထိန်းချုပ်နိုင်ရေးနှင့် ဗန်းမောက်မြို့ အရှေ့ဘက်နှင့်အနောက်ဘက် ခြမ်းဒေသများ ထိန်းချုပ်နိုင်ရေးအတွက် SNA ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။
အဆိုပါ ဒေသတွင် KIA-PDF နှင့် SNA ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက အမြဲတမ်း စစ်ရေးသတိပေးထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 621
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အား ပြန်လည်ပြုပြင်သင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်နေကြ သည်။
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် စတင်ရေးထိုးခဲ့ကြခြင်း ဖြစ်ကာ လာမည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၌ (၁၀)နှစ်ပြည့်တော့မည် ဖြစ်သည်။
NCA စာချုပ်၏ လုပ်ငန်းစဉ်များသည် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ ရပ်တန့်သွားသည်မှာ ယနေ့အထိ ဖြစ်ကြောင်း၊ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် NCA စာချုပ်၏ အားကိုးရမှုအပေါ် ဆွေးနွေးပြော ဆိုရမည့် ကိစ္စများ ရှိမည်ဟုထင်ကြောင်း 7EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

NCA စာချုပ် လက်မှတ်ထိုးကြစဉ်
၎င်းက “ထင်ကြေးတွေကတော့ အမျိုးမျိုး ပြောနေတာပေါ့။ NCA စာချုပ်ဆိုတာကလည်း ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ကနေ စတင်ပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီး ရေးဆွဲခဲ့တဲ့ စာချုပ်ဖြစ်တယ်။ သို့သော်လည်းပဲ ၂၀၁၅ မှာ လက်မှတ်ထိုးတဲ့ အခါကြတော့ ညှိနိုင်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံး မပါလာနိုင်ခဲ့ဘူး။ ဒါကလည်း ပကတိ အရှိတရားပါ။ သို့သော် လည်းပဲ NCA စာချုပ်ကို ၂၀၁၅ ကနေ ၂၀၂၀ အထိ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကိုလည်းပဲ ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ အကုန်လုံး အဆင်ပြေ ချောမောတာတော့ မဟုတ်ဘူး။ သို့သော်လည်းပဲ ၂၀၂၀ နောက်ပိုင်း ကျနော်တို့ရဲ့ NCA စာချုပ်ရဲ့ လုပ်ငန်းစဉ်တွေကလည်း အကုန်လုံး ရပ်တန့်သွားတယ်ဆိုတာ ယနေ့အထိပါပဲ။ ဆိုတော့ကာ ဒီ NCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လောက်အထိ ကိုးကားလို့ ရနိုင်မလဲ။ ဘယ်လောက်အထိ အားကိုးလို့ ရနိုင်မလဲဆိုတာ ကျနော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေး ပြောဆိုရမယ့် ကိစ္စရပ်ကလည်းပဲ အများကြီး ရှိဦးမယ်ထင်ပါတယ်” ဟု ပြောသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင် စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင် ဆွေးနွေပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
NCA စာချုပ် မူကြမ်းရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်နက်ကိုင် ခေါင်းဆောင်များကိုတွေ့ရစဉ်
NCA စာချုပ်တွင် ပြုပြင်စရာအချက် သိပ်မရှိပဲ ပြည့်စုံသော်လည်း ယခုလက်တွေ့နှင့် အလုပ်မဖြစ်သည့် အချက်များကို သုံးသပ်၍ ပြုပြင်သင့်သည်များကို ပြုပြင်သွားရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ NCA အကြောင်း ပြောရင်တော့ စလာတာက လက်နက်ကိုင်တွေကနေ စလာတာပေါ့လေ။ ကျနော်တို့ လည်း ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေးကဏ္ဍမှာ ပါခဲ့တဲ့အခါကြတော့ လိုင်ဇာကနေမှ ဘယ်လိုပြောမလဲ အဲဒီတုန်းက NCA လို့ မခေါ်သေးပါဘူး။ အဲဒီတုန်းက ကတိကဝတ် စာအုပ်တွေ ကျနော်တို့ လုပ်ချင်တယ်။ အဲဒီ တုန်းက အခေါ်တောင် ကျနော် မေ့သွားပါပြီ။ အဲဒါလုပ်ချင်တယ်ဆိုတဲ့ အခါကြတော့ အဲဒါ လိုင်ဇာမှာ စရေးတယ်။ လိုင်ဇာမှာ စရေးရင်းနဲ့ပြီးခါမှ အသိသက်သေ အတည်ပြုတယ်။ အတည်ပြုပြီးမှ ဦးအောင်မင်းတို့ လက်ထဲထည့် ပေးတာပေါ့။ ပြီးတော့မှ အစိုးရကနေပြီးမှ ပြန်လည်ညှိနှိုင်းပြီးမှ ပြန်စကားပြောတာ ၁၀ ရာခိုင်နှုန်းလောက် ပဲရှိပါ တယ်။ EAO တွေဘက်က ရေးဆွဲတာ ၉၀ ရာခိုင်နှုန်းလောက် ပါပါတယ် NCA ဆိုတာက။ အစိုးရဘက်က လိုက် လျောထားတာ။ သူတို့ ဖြစ်ချင်တဲ့ဆန္ဒတွေ တော်တော်များများတော့ ဒီထဲမှာ ပါတယ်။ NCA စာချုပ် သီးသန့် လက်မှတ်ထိုးခဲ့ရင် ရက် ၉၀ အတွင်း ဘာလုပ်မယ် အားလုံးက plan တွေ အကုန်ချထားပြီးသား။ တစ်ဖက် ကနေ ပြီးမှ NCA ကို EAO ဘက်က လုပ်ထားတဲ့အခါကြတော့ သိပ်ပြီးတော့မှလည်း ပြုပြင်စရာ သိပ်မရှိပါဘူး။ နည်းနည်း ပါးပါးတော့ ရှိကောင်းရှိလိ့မ်မယ်။ အသေးစိတ် ပြန်လည်ကြည့်ရှု မယ်ဆိုရင်ပေါ့လေ။ အခုအလုပ်မဖြစ်တဲ့ ကဏ္ဍ လေးတွေကို ကြည့်ရှုပြီးမှ ပြန်ပြုပြင်သင့်တာ ပြုပြင်ပေါ့နော်။ ကျနော့်အနေနဲ့ မြင်တာကတော့ အခုလက်တွေ့နဲ့ NCA စာချုပ်ပါအတိုင်းက ဘယ်အချက်တွေက အလုပ်မဖြစ်တာလဲ၊ ဒီအချက်တွေက အလုပ်မဖြစ်ဘူးလဲဆိုတဲ့ ဥစ္စာလေးကို သုံးသပ်ပြီးမှ ပြုပြင်သင့်တာ ပြုပြင်သွားရမှာပါ” ဟု ပြောသည်။
လက်ရှိတွင် NCA စာချုပ်ကို ပျက်သွားပြီဟုဆိုကာ ABSDF၊ CNF၊ KNU တို့က ကြေညာ၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို PNLO၊ ALP၊ LDU၊ NMSP သည်လည်း ၂ ဖွဲ့ခွဲသွားကာ NCA ကနေ နုတ်ထွက်သူနှင့် NCA လမ်းကြောင်း ပေါ်မှာ ဆက်လက် ရပ်တည်သူဆိုကာ ဖြစ်နေသည်။
ထို့ပြင် NCA စာချုပ်ကို ပြုပြင်သင့်သည်ဟု ယူဆမှုများ ရှိနေသော်လည်း မည်သည့် အချက်များကို ပြုပြင်သင့် သည်ဟုဆိုကာ တိတိကျကျ ထောက်ပြမှုများတော့ မရှိကြသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 611
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင် အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့်တိုးတက်မှုများ ရရှိမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်က မိတ္ထီလာမြို့သို့ ရောက်ရှိစဉ် မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား တွေ့ဆုံ စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မည်သည့် အစိုးရ နိုင်ငံတော် တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင် အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့်တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိတ္ထီလာဒေသ စိမ်းလန်းစိုပြေရေး အတွက် ဒေသအလိုက်၊ ရပ်ကွက် ကျေးရွာများအလိုက် Green Zone များ ဖော်ဆောင်ကြရန်လိုတယ်”ဟု ပြော သည်။
မိမိတို့အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် သဘောထား ကွဲလွဲမှု များကို ဖြေရှင်းဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိုက်သင့်သလောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ်မှစ၍် ပြည်သူလူထု တစ်ရပ်လုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် ရှိပြီး စီးပွားရေးနှင့် ပတ်သက်၍ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်မှုများ ပြင်းထန်ကာ မြန်မာနိုင်ငံ တစ်ဝန်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် နိုင်ငံရေးပဋိပက္ခကို ကျော်လွှားနိုင်ရေးအတွက် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲအား အပိုင်းလိုက် ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြော ကြားထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မိတ္ထီလာခရိုင် အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် မူးယစ်ကုန်ကူးသည့် PDF အဖွဲ့ကို ဖမ်းဆီးရမိခဲ့သည်ဟု Chinland Defense Force-Hakha က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊ ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူ ပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သည့် စိတ်ကြွဆေးပြား ၃ သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန် သေနက်(၂)လက်၊ Mini Starlink(၂)ခု တို့နှင့်အတူ တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦးနှင့် စပယ်ယာ ၁ ဦးတို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု Chinland Defense Force-Hakha မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ်(အမည်ရင်း-ဦးဝင်းမော်)နှင့် ကိုပုတီး (အမည်ရင်း- ဦးကျော်မင်းဇော်)တို့သည် ထွက်ပြေး တိမ်းရှောင်သွားသည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု Chinland Defense Force-Hakha မှ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများ ထပ်မံတွေ့ရှိပါက မိမိတို့ အနေဖြင့် ထိရောက် စွာ အရေးယူသွားမည်ဟု Chinland Defense Force – Hakha မှ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 852
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
ရွေးကောက်ပွဲတွင် သက်ဆိုင်သူ အားလုံးပါဝင်သည့် အခင်းအကျင်းဖြစ်စေရန် ဖမ်းဆီး ထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရန်လိုကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် ရွေးကောက်ပွဲ တစ်ခုဖြစ်အောင် အထောက် အကူ ဖြစ်စေမည့် အခင်းအကျင်းကို ဖန်တီးပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၉ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ၌ ပြောကြား ခဲ့သည်။
SNLD ပါတီမှ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “၂၀၂၀ တုန်းက နိုင်သွားတဲ့ NLD ခေါင်းဆောင်တွေကို လွှတ်ပေးဖို့လိုတာ ပေါ့။ ဒါမှသူတို့က ရွေးကောက်ပွဲ ဝင်ဖို့တို့ ဘာတို့ စဉ်းစားလို့ရမှာပေါ့။ ခေါင်းဆောင်တွေ မရှိဘဲနဲ့တော့ စဉ်းစားလို့ ဘယ်ရမလဲ။ အားလုံးပါဝင်ပတ်သက်တဲ့ အခင်းအကျင်းဆိုတာက အခုအခင်းအကျင်းမျိုး မဟုတ်ဘူးလို့ ကျနော် နားလည်တယ်။ ၂၀၂၀ တုန်းက ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ NLD တို့၊ တတိယ ရရှိခဲ့တဲ့ SNLD တို့၊ ANP တို့ စသည်ဖြင့် မပါဘူးပေါ့နော်။ မပါတဲ့ အခင်းအကျင်းမျိုးကို သူက ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အဲဒီ လူတွေပါတဲ့ အခင်းအကျင်းမျိုး ဖန်တီးပေးဖို့ ပြောတယ်လို့ ကျနော်တော့ အဲဒီလို နားလည်တယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
ထို့ပြင် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ခေါင်ကင်ဟွန်းသည် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယာယီ အတွင်းဝန် ဦးကျော်ညွန့်ဦးနှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် သီးခြားတွေ့ဆုံခဲ့ကြကြောင်းလည်း သိရ သည်။
သို့သော် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကိုတော့ မသိရှိရသော်လည်း အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အားထုတ်မှုများ အပါအဝင် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များနှင့် ပတ်သက်သည့် အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း မကြာခင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ပူးပေါင်းရန် PDF နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ကမ်းလှမ်းကြောင်း နစကမှ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိ ကြီးမားကျယ်ပြန့်သည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ပတ်သက်နေသူများ အားလုံးအနေဖြင့် ဦးစွာ အလွတ်သဘောအရ တွေ့ဆုံခြင်းဖြင့်လည်းကောင်း လမ်းစရှာသင့်ကြောင်း 7EAOs Alliance မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်
၎င်းက “ဒီအချိန်မှာကတော့ ခုနက ပြောသလိုမျိုးပဲ ဘယ်ကဲ့သို့လုပ်ပါ၊ ညာကဲ့သို့ လုပ်ပါဆိုတာ ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ အခက်အခဲ ပဋိပက္ခကြီးတစ်ခုကို တစ်ယောက်တည်းပြောလို့၊ တစ်နေရာတည်းပြောလို့ အမြင် သဘော ထားတာတွေက တစ်ထပ်တည်း ကျနိုင်မှာ မဟုတ်ဘူးလေ။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ ကျနော် တို့က ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကနေပြီးတော့ အရင်ဆုံး အလွတ်သဘောပဲ ဖြစ်ဖြစ်၊ အလျင်းသင့်ရင်သင့်သလို ကိုယ်ကိုယ်တိုင်ကသော်လည်းကောင်း၊ နိုင်ငံတကာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ သော်လည်းကောင်း၊ လမ်းစရှာပြီးတော့ ကြိုးပမ်း၊ ထိတွေ့၊ ဆက်ဆံနိုင်တယ်ဆိုရင်လည်းပဲ ဒါကလည်းပဲ မရှိမဲ့ ရှိမဲ့ အခြေအနေ တစ်ခုအောက်မှာတော့ လမ်းစရှာတဲ့ နည်းလမ်းတစ်မျိုးပေါ့” ဟု ပြောသည်။
နစကဥက္ကဋ္ဌမှလည်း လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်၌ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
သို့သော် တော်လှန်ရေး အင်အားစုများကတော့ ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော် ထားကြသည်။
ထို့ကြောင့် PDF အပါအဝင် လက်နက်ကိုင် အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက ကြိုဆိုလက်ခံ မည်ဖြစ်ကြောင်း နစက၏ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 726
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဒေါက်တာသီရိမွန်ချမ်းကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ်(MSDF)မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ပုံမှန်အစည်းအဝေး (6/2024) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ပြီး နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းကာ ကော်မတီ ဝင်များမှ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသီရိမွန်ချမ်းကို ရွေးချယ်တင်မြှောက်ခဲ့သည်။
ထို့နောက် ဒေါက်တာသီရိမွန်ချမ်း၏ အပြုအမှု အပြောအဆို ကြံစည်လုပ်ကိုင် ဆောင်ရွက်ခဲ့မှုများအပေါ် ဆက်လက် ယုံကြည်လက်တွဲ လုပ်ဆောင်ရန် အဆင်မပြေမှုများ အခက်အခဲများ ဖြစ်ပေါ်လာကြောင်း MSDF က ထုတ်ပြန်ခဲ့သည်။

MSDF က ဒေါက်တာသီရိမွန်ချမ်းကို ထုတ်ပယ်တဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက် တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဆွေးနွေးခဲ့ကြောင်း၊ ကော်မတီဝင်များ အားလုံး၏ သဘောထား ဆန္ဒ အရ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ဒေါက်တာသီရိမွန်ချမ်းအား ပေးအပ်ထားသော တာဝန်များ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပြီး MSDF မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့် တစ်လအတွင်း MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီကို ပြန်လည်တိုးချဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်မည့် သူများကို ရွေးချယ်တင်မြှောက်ပြီး တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရန် ပေး အပ်သွားမည်ဟု MSDF က ထုတ်ပြန်ခဲ့သည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်း၍ မွန်တပ်တော် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော အဖွဲ့ဖြစ် သည်။
လက်ရှိတွင် မွန်တပ်တော်ကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ပါဝင်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နစက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်လာနိုင်ရန်မှာ နှစ်ဖက် အပြန်အလှန်ယုံကြည်မှု အဓိကလိုအပ်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
နစက မှ မကြာခင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ပူးပေါင်းရန် PDF နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ကမ်းလှမ်းကြောင်း ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်ဖက်အင်အားစုများကြား လက်ရှိယုံကြည်မှု ကျဆင်းနေချိန်တွင် ဖိတ်ခေါ်မှုအရ ပါဝင်လာနိုင်ရေးမှာ စိန်ခေါ်မှုနှင့် အခက်အခဲ အများကြီးရှိကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

NUG, TNLA နှင့် ABSDF တို့ကို တွေ့ရစဉ်
“ဘယ်လိုပဲဖြစ်ဖြစ် ခုနက လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်းပဲ ဒီလိုမျိုး ကျနော်တို့ တစ်နိုင်ငံလုံး စစ်ရေးတွေ ပြင်းထန်ပြီးတော့ ငြိမ်းချမ်းရေးပျက်စီးနေတဲ့အချိန်မှာ ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်။ သို့သော်လည်းပဲ ပါဝင်လာနိုင်အောင်တော့ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုက အရမ်းကို လိုအပ်မယ် ထင်ပါ တယ်။ ဒီအချိန်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတယ်။ ပြီးတော့ ယုံကြည်မှုတွေ ကျဆင်း နေတဲ့ အချိန်မှာ ဖိတ်ခေါ်မှုအရ ပါလာနိုင်အောင်လို့ အများကြီး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိဦးမယ်ထင်ပါတယ်။ ဘယ်လိုလုပ်သင့်လဲဆိုတော့ နှစ်ဖက် ယုံကြည်မှုရအောင် အရင်ဆုံးလုပ်နိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ယုံကြည်မှုကို ဘယ်လိုလုပ်ကြမလဲဆိုပြန်တော့လည်း ကျနော်တစ်ယောက်တည်း ပြောလို့တော့လည်း အဆင် မပြေဘူး။ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်ရင် ဘယ်လိုယုံကြည်မှုတွေ ပြန်တက်လာနိုင်မလဲ ဆိုတဲ့အဖြေ ပေါ်မှာ အကောင်းဆုံးကတော့ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေကနေ နှစ်ဖက် သဘောတူညီချက်နဲ့ပဲ တစ်ခုချင်းလုပ်သွားရမယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ၎င်းက ပြောသည်။
နစက မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး တို့သည် ကျင်းပရန် ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရမည်ဟု ထုတ်ပြန်ထားသည်။
PDF အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက ကြိုဆိုလက်ခံ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမည် မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန္ဒမဲထည့်နေစဉ် (ပုံအဟောင်း)
လက်ရှိအခြေအနေအရ PDF နှင့်လက်နက်ကိုင်အဖွဲ့အစည်းများကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်မည် ဆိုသည့်အကြောင်းအရာတစ်ခုတည်းဖြင့် ဖိတ်ခေါ်ခြင်းက မလုံလောက် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
“တစ်ဖက်ကလည်း ဝါဒမှိုင်းတိုက်ထားတဲ့ကိစ္စရှိတယ်လေ။ စစ်သားအမြစ်ဖြတ်တို့၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုတဲ့ ကဏ္ဍမျိုးတွေနဲ့ လက်နက်ကိုင်ပြီး တော်လှန်နေတဲ့အခါကြတော့ ကျနော်တို့ဘက်ကနေ တိုင်းပြည် ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတယ်ဆိုတဲ့ဟာနဲ့ တည်ဆောက်မယ်ဆိုတာတစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ တခြားအကြောင်းအရာတွေရောအပါ ဖိတ်ခေါ်ရင်တော့ ပိုပြီးမှ ကောင်းမယ်လို့ မြင်တာပေါ့။ ကျနော် စဉ်းစားချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်မယ်ဆိုတဲ့ ဥစ္စာတင် မကဘဲနဲ့ ပြန်လာခဲ့ရင် တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ကြမယ် အကောင်းဆုံးနဲ့။ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်မှာလည်း ဘာတွေလုပ်ကြမယ်။ တိုင်းပြည်ရဲ့ ကောင်းရာ ကောင်းကြောင်းတွေကို ပြောဆို စည်းရုံးတာပေါ့။ စာထုတ်တာလည်းစာထုတ်တာပေါ့။ လူကိုယ်တိုင်တွေ့နိုင်ရင်လည်း လူကိုယ်တိုင်တွေ့ပေါ့။ တွေ့နိုင်တဲ့ကြားခံအဖွဲ့အစည်းတွေရှိပါတယ် CSO ပိုင်းဆိုင်ရာတွေ။ အဲဒါလေးတွေ အသုံးပြုပြီးမှ စည်းရုံးကြရင် တော့ ပိုပြီးမှ ပူးပေါင်းလာမယ်လို့ မျှော်လင့်တာပေါ့” ဟု ၎င်းက ပြောသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်၌ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
သို့သော် တစ်ဖက် တော်လှန်ရေးအင်အားစုများမှာ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ပြောဆိုထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 773
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ ကြားကာလ တအောင်းပြည် တော်လှန်ရေးအစိုးရ တွင် ပြည်သူလူထု ပါဝင်သည့် အစိုးရတစ်ရပ်အဖြစ် ထားရှိရန် ပြင်ဆင်နေကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်သည့် PSLF/TNLA ၏ စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
လွေးယေဦးက “ကျမတို့ PSLF/TNLA ပါဝင်တယ်၊ နိုင်ငံရေးပါတီတွေပါမယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေလည်း ပါပါမယ်။ ဒီ ၃ ခုကနေ ပါဝင်ပြီးတော့မှ ကြားကာလတော်လှန်ရေးအစိုးရတစ်ရပ်(တအောင်းပြည်) ဖော်ဆောင်နိုင် ဖို့ TLC ကတော့ ဦးဆောင်မှာ ဖြစ်ပါတယ်။ အစိုးရကိုဖွဲ့နိုင်ဖို့ အစိုးရကို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ TLC သာလျှင် ဦးဆောင်ပြီးတော့မှ သွားချင်နေတဲ့ ကြားကာလတော်လှန်ရေး အစိုးရတစ်ရပ်အနေနဲ့ ဖော်ဆောင်မှာ ဖြစ်ပါတယ်။ ဒီကြားကာလ တော်လှန်ရေးအစိုးရဆိုတာ အတတ်နိုင်ဆုံး အရပ်သားတွေ၊ ပြည်သူလူထု ပါဝင်တဲ့ အစိုးရတစ်ရပ် အနေနဲ့ ထားရှိဖို့ ကျမတို့ ပြင်ဆင်တာမျိုးတွေ ရှိပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုကတော့ ကျမတို့ ဆောင်ရွက်နေပါ တယ်” ဟု ပြောသည်။

TNLA မှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို တွေ့ရစဉ်
တအာင်းအမျိုးသားပါတီ(TNP)၊ PSLF/TNLA နှင့် တအာင်းအရပ်ဖက် အစုအဖွဲ့များ ပါဝင်သည့် တအာင်းပြည် ကောင်စီ(TLC) အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
တအာင်းပြည်ကောင်စီ(TLC)သည် ၁၀၂၇ စစ်ဆင်ရေး၌ သိမ်းဆည်းရမိခဲ့သည့် နယ်မြေများကို အခြေခံကာ တအောင်းပြည် တော်လှန်ရေးကာလ အစိုးရတစ်ရပ်ကို ၎င်းအစုအဖွဲ့ ၃ ခုမှ ခေါင်းဆောင် ကိုယ်စားလှယ်များ အပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် ကြိုးပမ်နေ ကြောင်း သိရသည်။
ထို့ပြင် တအာင်းပြည်ကောင်စီ(TLC)ကို တအောင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံး နိုင်ငံရေးအာဏာ ပိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ထို့ပြင် တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက TNLA နှင့် နစက တို့ကို သီးခြားခေါ်ယူတွေ့ဆုံခဲ့ပြီး ၎င်း၏ ကြားဝင်မှုသည် တော်တော်လေး ခရီးရောက်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျာကို တွေ့ရစဉ်
၎င်းက “၃ ပွင့်ဆိုင်ပေါ့နော်၊ စကစ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်နိုင်သေးပေမယ့်လည်း ကျမတို့ကို ခေါ်ယူ ပြီးတော့မှ တွေ့ဆုံတာတွေရှိသလို၊ ကျမတို့ကလည်း လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထား၊ ကျမတို့ရဲ့ အကျပ်အတည်းနဲ့၊ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်နေမှုတွေကိုတော့ ကျမတို့ တင်ပြတာမျိုးတွေ ရှိပါတယ်။ တခြားတစ်ဖက်မှာလည်း စစ်ကောင်စီက အဲဒီလို တင်ပြတာမျိုးတွေ ရှိပါတယ်။ ဆိုတော့က နှစ်ဦးနှစ်ဖက် ပြန်လည်ပြီး တွေ့ဆုံနိုင်ဖို့က တရုတ်အစိုးရရဲ့ ကြားဝင်မှုကတဆင့် အပြုသဘောဆောင်နေတာကို တွေ့ရပါတယ်။ အပြုသဘောဆောင်တဲ့ ချိတ်ဆက်မှုမျိုးတွေ ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် TNLA တို့ကြား နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေကာ နောင်ချို မြို့ကို ပြန်လည်ရရှိရေး မြန်မာ့တပ်မတော်ဖက်မှ အင်အားထောင်နှင့်ချီသုံး၍ စစ်ကြောင်း သုံးကြောင်းခွဲ ထိုးစစ် ဆင်နေကြောင်းသိရသည်။
အဆိုပါ နောင်ချိုမြို့ကို TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။
