- By CNI
- Category: နိုင်ငံရေး
- Hits: 646
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇
တိုက်ပွဲရှောင်များ ကူညီစောင့်ရှောက်ရေးနှင့် စစ်လက်နက်မဟုတ်သော ပစ္စည်းများ ဝယ်ယူရေးအတွက် ဒေါ်လာ သန်း ၅၀၀ ကျော် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမေရိကန်အစိုးရထံ တောင်းခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်းခံမှုနှင့်ပတ်သက်ပြီး အမေရိကန် အခြေစိုက် VOA သတင်းဌာနက ဖော်ပြခဲ့သည်။
NUG နဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူများကိုတွေ့ရစဉ်
တိုက်ပွဲရှောင် ၁.၅ သန်းကျော်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရေးအတွက် ဒေါ်လာ သန်း ၂၀၀ နှင့် စစ်လက်နက်မဟုတ်သော ဒရုန်း၊ သံချပ်ကာယာဉ်နှင့် ရေဒါစောင့်ကြည့် ပစ္စည်းများ ဝယ်ယူရန် ဒေါ်လာ သန်း ၃၂၅ သန်း စုစုပေါင်း ဒေါ်လာ သန်း ၅၂၅ သန်း အကူအညီတောင်းခံခဲ့သည်။
အမေရိကန်လွှတ်တော်က ၂၀၂၃ ခုနှစ်၊ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို ပြဋ္ဌာန်းထားသည်။ အဆိုပါ NDAA ဥပဒေထဲတွင် Burma Act ဟု အများသိကြသည့် မြန်မာ့ဒီမိုကရေစီအရေး ကူညီထောက်ပံ့မှုများ ပေးရန်လည်း ပြဋ္ဌာန်းပါရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 642
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆
ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့ကို နစကဥက္ကဋ္ဌနှင့်အတူ နေပြည်တော်မှာ ဇူလိုင် ၁၆ ရက်နေ့က တွေ့ရသည်။
၎င်းတို့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြီးစီးမှု အခြေအနေ ရှင်းလင်းပြသသည့် အခမ်းအနားကို တက်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီခေါင်းဆောင် တချို့ကိုလည်း တွေ့ရသည်။ အလားတူ ဒုသမ္မတ(ငြိမ်း) ဦးဉာဏ်ထွန်းကိုလည်း တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 689
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅
လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးထားသည်မှာ ကုန်ဆုံးတော့မည် ဖြစ်၍ နစကအနေဖြင့် နောက်ထပ် သက်တမ်းတိုးလာနိုင်သလားဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးမှု ရှိလာသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ခဲ့သည်မှာ မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။
အရေးပေါ်ကာလအရ အာဏာရယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရွေးကောက်ခံ အစိုးရထံ သတ်မှတ်ကာလအတွင်း အာဏာလွှဲအပ်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နစက သက်တမ်းကုန်ပြီးနောက် မည်ကဲ့သို့ ဆက်သွားမည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ကာ/လုံ အစည်းအဝေးတွင် တွေ့ရသော ယာယီသမ္မတဦးမြင့်ဆွေ
၎င်းက “ခင်ဗျားတို့ ကျနော်တို့ ပြန်သုံးသပ်ရင် ခုနက သူ့ကို တာဝန် တစ်နှစ်ပေးတယ်၊ တစ်နှစ်နဲ့ မလုံလောက် ပါဘူးဆိုတဲ့ အခြေအနေကြောင့် သာမန်အခြေအနေမှာ ၆ လ နှစ်ကြိမ်တိုးတယ်၊ နှစ်နှစ်ပြည့်သွားတယ်၊ သာမန် အခြေအနေ မဟုတ်ဘူး။ အဲဒါကြောင့် ပုဒ်မ ၄၂၅ အရ ထပ်ပြီးတော့ ၆ လ ပေးတယ်၊ ဒေါ်သီတာဦးတို့ကတော့ သာမန်အခြေအနေဆိုတဲ့ အနေအထားမှာ ၆ လနှစ်ကြိမ်မို့လို့ သာမန်အခြေအနေ မဟုတ်ရင်လည်းပဲ နှစ်ကြိမ်အထိ ပေါ့ဗျာ ၆ လ နှစ်ကြိမ် ယူခွင့်ရှိတယ်ဆိုတဲ့ သဘောတင်တာ တွေ့တယ်၊ ဒါပေသိ SAC ဥက္ကဋ္ဌတွေနဲ့ ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ တွေ့တဲ့အခါမှာ သာမန်မဟုတ်တဲ့ အခြေအနေကို နှစ်ကြိမ်ယူသင့်သလား မယူသင့်ဘူးလားဆိုတာ သူပဲ ဆုံးဖြတ်ရမှာ လက်ရှိ နိုင်ငံရေး တရားဥပဒေစိုးမိုးမှု အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ၊ လုပ်ပိုင်ခွင့် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးပေါ့ဗျာ၊ အာဏာအပ်နှင်းတာ ၆ လ နှစ်ကြိမ်မှာ လက်ရှိ အနေအထားအရ ဆိုရင် အနိမ့်ဆုံးကိုပဲ သူယူမှာ ၆ လ နှစ်ကြိမ် ပေးထားပါလျက်နဲ့ သဘောက သာမန်မဟုတ်တဲ့ အခြေအနေမှာ တစ်ကြိမ်ပဲ ယူခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်အောင် သူကြိုးစားမှာ မတတ်သာလို့ အရေးပေါ်ကာလ ဥပဒေအရ သူတာဝန် ယူရတယ်၊ အဲဒီမှာလည်းပဲ သမန်အခြေအနေမဟုတ်တဲ့ အခြေအနေကို နှစ်ကြိမ်ယူခွင့် ရှိရင်တောင်မှ တစ်ကြိမ်ပဲ ယူခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်အောင် သူ့ဖက်က ဆောင်ရွက်မှာ အဲဒါကြောင့် ၃၁ ရက် ဒီလဆိုတာမျိုး ခန့်မှန်း ကြတာပေ့ါဗျာ၊ လာမည့် ၈ လပိုင်း ၁ ရက်နေ့မှာ ကာ/လုံကိုအပ်ရင် အသွင်ကူးပြောင်းတဲ့ အစိုးရတစ်ရပ်အောက်မှာ ရွေးကောက်ပွဲကြီးကို ကျင်းပပေးပြီးမှ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို သူက အာဏာအပ်ရမှာကိုးဗျ” ဟု ပြောသည်။
နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာ၍ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်များကို ရယူ ထားချိန်တွင် ပြည်တွင်း/ ပြည်ပ နှောင့်ယှက် ဟန့်တားမှုများရှိခဲ့ကြောင်း၊ သာမန်အခြေအနေ မဟုတ်သည့်အတွက် အရေးပေါ်ကာလ ကြေညာထားမှုကို နောက်ထပ် ၆ လတိုးမြှင့်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
လက်ရှိကာလမှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသည့် ကာလဖြစ်သောကြောင့် မည်ကဲ့သို့ ဆက်ဖြစ်နိုင်သည်ကို ပြောရန်ခက်ခဲကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှာ ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။
ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “အဲဒါနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ချက်တွေလည်း အများကြီး ထွက်ပါတယ်၊ ကျနော်တို့ တစ်ချက်တော့ စောင့်ကြည့်ရဦးမယ်၊ တစ်ခုရှိတာက ရွေးကောက်ပွဲ လုပ်ဖို့အတွက်လည်း ပြောထားတာ ရှိတယ်၊ ခုနပြောတဲ့ မြေပြင် အခြေအနေအရ ထိန်းချုပ်နိုင်တဲ့ အပိုင်းပေါ့၊ နောက်တစ်ခါကြတော့ တကယ်တမ်း ရွေးကောက်ပွဲ လုပ် မယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံတဲ့ ပါတီတွေအတွက် လုံခြုံရေး ပေးနိုင်မလား၊ မပေးနိုင် မလားဆိုတဲ့အချက် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေက စဉ်းစားစရာ အများကြီးရှိတာပေါ့လေ၊ အဲဒီတော့ နည်းနည်းလေးတော့ အချိန်ယူပြီး စောင့်ကြည့်ရမယ်လို့ ထင်တယ်၊ ကျနော်ထင်တာကတော့ မိုးတွင်းကာလ ကုန်သွားပြီးမှ အဲဒီအပိုင်းကို ဘယ်လိုဖြစ်နိုင်မယ်ဆိုတာ သုံးသပ်လို့ ရလိမ့်မယ်ထင်တယ်၊ အခုအခြေအနေကတော့ မိုးတွင်းကာလလည်း ဖြစ်တယ်၊ နောက်တစ်ခါကြတော့ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကလည်း ဆောင်ရွက်နေ ဆဲ ကာလလို့ ပြောလို့ရတဲ့အတွက်ကြောင့် ယတိပြတ်တော့ ဘာဖြစ်မယ်တော့ သုံးသပ်လို့ ခဲယဉ်းပါတယ်၊ အဲဒီ တော့ နည်းနည်းအချိန်ယူပြီး စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကိုအရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
အဆိုပါ အရေးပေါ် အခြေအနေ ကြေညာထားမှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ နှစ်ပြည့်ခဲ့ပြီးနောက် ပုဒ်မ ၄၂၅ အရ သက်တမ်း ၆ လတိုးခဲ့ရာ ယခုလ(ဇူလိုင်) ၃၁ ရက်နေ့တွင် သက်တမ်းပြည့်မည်ဖြစ်သော်လည်း ဒုတိယ အကြိမ် သက်တမ်း ၆ လတိုးပိုင်ခွင့် ရှိနေသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 595
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ လူ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ များက ပြောသည်။
ဖြစ်စဉ်မှာ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်စီးလာပြီး ဇွဲထက်ရွှေဆိုင်ရှေ့မှာ ရပ်ထားကာ ထွက်သွားခဲ့သည်။ ထို့နောက် မကြာခင်မှာ ဆိုင်ကယ်ထဲမှာ ထည့်ထားသည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က လားရှိုးမြို့မဈေးမှာ ဆိုင်ကယ်ဗုံးပေါက်ကွဲစဉ်
လက်ရှိအချိန်မှာတော့ ဆိုင်ကယ်ဗုံးထောင် ဖောက်ခွဲခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် လားရှိုးမြို့မှ ဒေသခံများကတော့ ဗုံးထောင် ပေါက်ကွဲသူများသည် PDF တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောသည်။
သို့သော် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လှုပ်ရှားနေသော PDF အဖွဲ့များကတော့ တစ်စုံတစ်ရာ ထုတ်ပြန် ခြင်း မရှိသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 506
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံက ပြည်သူလူထုများအနေဖြင့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရန် အသင့်ဖြစ်နေသလား ဆိုသည့် အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ သံတမန်များကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေသည်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးကြောင်း၊ ဒီမိုကရေစီ၏ စံချိန်စံနှုန်းများကို သိရှိလိုက်နာရန် လိုအပ်သေးကြောင်း နိုင်ငံရေးသမားအချို့က ထောက်ပြသည်။
ပြည်သူလူထုများအနေဖြင့် ဒီမိုကရေစီ၏ စည်းမျဉ်း/ စည်းကမ်းများကို သိရှိနိုင်ရန် နိုင်ငံရးသမားများတွင် ပို၍ တာဝန်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “နိုင်ငံရေးစနစ်တစ်ခု အထူးသဖြင့် အခြေခံဥပဒေပေါ့နော်၊ အခြေခံဥပဒေတစ်ခုကို ဘယ်လိုပုံစံနဲ့ အပြစ် အနာဆာ ချို့ယွင်းချက်နည်းတယ်၊ ဆိုလိုတာတော့ဗျာ၊ နောင်မှာ ကွဲထွက်သွားနိုင်တဲ့ အလားအလာ ပိုများသလား။ ကွဲထွက်မှုထက် စည်းလုံးညီညွတ်မှုကို ပိုအားပြုသလား ဘယ်လိုပုံစံနဲ့ ဖြစ်သင့်သလဲ။ နောက်တစ်ခါ ပါဝင်တဲ့ ယူနစ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပေါ့နော်၊ သူ့အစိုးရကို ရွေးချယ်ခွင့် စတဲ့ဟာတွေကို ဘယ်လောက် အတိုင်းအတာအထိ ပေးမလဲ၊ ဆိုတဲ့ဟာတွေက နိုင်ငံရေးကို နားလည်တဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များနဲ့ နိုင်ငံရေးပါတီတွေပေါ့ သူတို့ကပဲ ဆုံးဖြတ်ကြတာ များပါတယ်။ ဆုံးဖြတ်ကြတာများတော့ အဲဒီဆုံးဖြတ်တဲ့ပါတီ အဲဒီဆုံးဖြတ်တဲ့ အဖွဲ့အစည်းကို ပြည်သူလူထုက ဘယ်လောက် ယုံကြည်သလဲဆိုတဲ့ပေါ်မှာ တည်တယ်၊ ပြောချင် တာက တကယ်တမ်းကြတော့ အများစုပြည်သူလူထုက ဒီအခြေခံဥပဒေဆိုတာတွေရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုး သက်ရောက်မှုတွေကို သိပ်ပြီး ရှင်းရှင်းလင်းလင်း နားလည်တာ မရှိပါဘူး။ နားမလည်ပါဘူး။ သူတို့ ယုံကြည်တဲ့ နိုင်ငံရေးပါတီ တစ်ခုခုက ထောက်ခံတယ်၊ ဦးဆောင်ပြီးတော့ တင်ပြတယ်ဆိုရင် ပြည်သူလူထုကလည်း ထောက်ခံ လိုက်တာပေါ့၊ ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေက ပိုပြီးတာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ထို့နောက် ၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က အာဏာရယူခဲ့ခြင်းကြောင့် ဒီမိုကရေစီ ဆိတ်သုန်းခဲ့ကြောင်း ထောက်ပြမှုများ ရှိသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိသည်။
ပြည်သူလူထုအများစုသည် ဒီမိုကရေစီ၏ လိုက်နာရမည့် စည်းမျဉ်းများကို မသိရှိသေးကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်နေစဉ်
၎င်းက “အဲဒါတော့ နားမလည်သေးဘူး ကျနော်တို့ လူထုတွေက အဲဒါတော့ ကျနော်ပြောရဲတယ်၊ ဘာလို့ဆို လူထု တွေက ဒီမိုကရေစီမှာလည်း သူ့စည်းကမ်းနဲ့ သူ့စည်းနဲ့ ရှိတယ်လေ၊ ဒီမိုကရေစီဆိုတာ အကုန်လုံး လွတ်လပ်သွား ပြီလို့ မရဘူးလေ၊ ကိုယ့်ကြောင့် သူများဒုက္ခရောက်မယ့်ဟာတွေ၊ ကိုယ့်ကြောင့် သူများ အနှောင့်အယှက် ဖြစ်သွား မယ့်ဟာတွေ ဒါက ငါလုပ်ပိုင်ခွင့် ရှိတာပဲ၊ ပြည်သူတစ်ဦးချင်း ငါတို့ဒီမိုကရေစီ အခွင့်အရေးပဲ လူထုကတော့ အဲလောက်ထိ နားမလည်သေးဘူး။ ကျနော်တို့ နိုင်ငံလူထုက ဒီမိုကရေစီကလည်း ရှင်းရှင်းပြောရရင် နုတယ်လို့ ပြောရမှာပေါ့။ နုနေသေးတော့ နေရာတကာမှာ အခုမှ ဖြစ်သေးတော့ အကုန်လုံး လုပ်လို့ရတယ်၊ သူ့စည်းတွေ မရှိဘူးလို့ ထင်တဲ့သူတွေကလည်း အများကြီး ကျန်သေးတယ်လေ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့်အချက် ထည့်သွင်းထားသည်ကို တွေ့ရသည်။
ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပိုင်ခွင့် ရှိသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်အရ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ စသဖြင့် ဖြတ်သန်းခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 618
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
အကြမ်းဖက် ဖြစ်စဉ်များလျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသလို တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များရှိနေသေးကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက် သေဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ် အခြေအနေနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် ရန် လိုအပ်နေသေးသဖြင့် အရေးပေါ်ကလာကို တိုးမြှင့် ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက် ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက် ဖြစ်စဉ်များလျော့သွားသော်လည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ် သက်၍ အပြည့်အဝ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဆိုသည့် အချက်တွင် အကောင် အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရတယ်”ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဆွေးနွေးနေစဉ်
ထို့နောက် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် ယခုထက် ပိုမို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
နစကအနေဖြင့် နိုင်ငံတော် တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ် သက်တမ်းကာလ ၆ လ တိုးပြီးသည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပြင်ဆင်ချမှတ် ဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏ အဓိက ဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းများဖြစ်ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှ အကောင် အထည် ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထိုရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထား လုပ်ဆောင် မည်ဟူသည့် အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ် ကာလဆိုင် ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်”ဟု ပြောသည်။
မိမိတို့အနေဖြင့် နိုင်ငံ့ဝင်ငွေမရှိဘဲ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း၊ နိုင်ငံတည်ငြိမ်အေး ချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်၍မရကြောင်း၊ စီးပွားရေးကောင်းမွန်ခြင်းမရှိပါက ရာဇဝတ်မှုများ ထူပြော လာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ၌ အချို့ဖြစ်စဉ်များသည် ပြန်ပေးဆွဲ၍ ငွေကြေးတောင်းယူခြင်း များ ဖြစ်သည်ကို စိစစ်ဖော်ထုတ်တွေ့ရှိရကြောင်း၊ အချို့သော အကြမ်းဖက်မှုများတွင် မိသားစုများပါ ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
နစကသည် သာမန်အခြေအနေ မဟုတ်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့ပြီး ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးထားသည်မှာ ဇူလိုင် ၃၁ ရက်နေ့ တွင် ပြည့်မည်ဖြစ်ကြောင်း၊ ထို့နောက် သြဂုတ် ၁ ရက်နေ့မှာ ကာ/လုံ အစည်းအဝေးခေါ်၍ နောက်ထပ် အရေး ပေါ်ကာလ သက်တမ်း ၆ လ တိုး မတိုးကို ဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်သည်။
ပုဒ်မ ၄၂၅ တွင် သာမန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ နှစ်ကြိမ် သက်တမ်းတိုးမြှင့်နိုင်သည်ဟု ပြဋ္ဌာန်းချက် ပါရှိ၍ ယခု အကြမ်းဖက်မှုများ ရှိနေသေးကြောင်း နစကဥက္ကဋ္ဌ ပြောနေသည့်စကားအရ နောက်ထပ် သက်တမ်း ၆ လ တိုးနိုင်ခြေရှိကြောင်း နိုင်ငံရေးသမားများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 796
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၂ ရက်နေ့မှ စတင်ကာ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် လူစုလူဝေးဖြင့် ထောက်ခံဆန္ဒပြမှု များ ပြုလုပ်နေကြသလို ထောက်ခံသူများ မျှော်မှန်းထားသည့် ရလဒ်မဖြစ်လာပါကလည်း ဆန္ဒပြပွဲများဖြစ်လာနိုင် ၍ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ပါဝင်ခြင်း မပြုကြရန် ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမား အရေးကူညီဆောင်ရွက် ပေးနေသူများက သတိပေးသည်။
ဇူလိုင် ၁၃ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ရာထူးအတွက် ထိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပြီး မဲရလဒ် အခြေအနေအပေါ် မူတည်ကာ ဆန္ဒပြမှုများ၊ ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ရွှေ့ပြောင်း အလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံရေးတွင် မည်သည့်အကြောင်းနှင့်မျှ ဝင်ရောက် ပါဝင်ပတ်သက်ခြင်း၊ ပူးပေါင်းခြင်းများ မပြုလုပ်ကြရန်နှင့် ပါဝင်မိခဲ့ပါက ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
Labour Rights Foundation မှ ဦးအောင်ကျော်က “ဒါကတော့ လက်ရှိအခြေအနေမှာ သူ့နိုင်ငံရဲ့အရှုပ်အထွေး တွေကြားမှာ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဆင်ခြင်သုံးသပ်ပြီး သွားလာနေထိုင်ဖို့လိုအပ်တယ် လို့ ကျနော်အသိပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက ချောချောမွေ့မွေ့နဲ့ ဝန်ကြီးချုပ် ရာထူး ရွေးချယ်တင်မြှောက်တဲ့ကိစ္စ ပြီးသွားမှာလား၊ ဒါမှမဟုတ် ဝိုင်းဝန်းထိန်းသိမ်းညှိနှိုင်း အဖြေရှာပြီးမှ အောင်မြင်မှု ရလဒ်တွေ ရသွားမှာလား၊ ဒါမှမဟုတ် မလိုလားအပ်သော ဆူပူအုံကြွမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာမှာလား ဆိုတာ ဘယ်သူမှ အခုအချိန်မှာ တပ်အပ်ပြောလို့မရတဲ့ အနေအထားဖြစ်နေတယ်။ လုပ်သားတွေ တော်တော် များများကတော့ ပုံမှန်အတိုင်းဆို မနက်စောစော ၈ နာရီဆို လုပ်ငန်းခွင်ဝင်ကြရတယ်။ အဲဒီလို ပုံမှန် အလုပ်သွား အလုပ်ပြန်သူတွေအတွက်ကတော့ မိမိကိုင်ဆောင်ထားတဲ့ တရားဝင်စာရွက်စာတမ်းတွေ ကိုင်ဆောင်ပြီး သွားလာ နေမယ်။ လူစုလူဝေးတွေကြားမှာ ရောယှက်ပြီးမှ ပါဝင်စုဝေးတာမျိုး မဖြစ်ဘူးဆိုရင်တော့ အန္တရာယ်ဆိုတာ မရှိ လောက်ဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် စိတ်အားတအားထက်သန်ပြီးမှ အလုပ်မလုပ်ဘဲနဲ့ ဝင်ရောက်ပြီး လူထုအုံကြွမှုမှာ ရောယှက်သွားမယ်ဆိုရင် အာဏာပိုင်တွေက ဝင်ရောက်ပြီးမှ စစ်ဆေးလိုက်တဲ့အခါမှာဆိုရင် ထိုင်းနိုင်ငံရေးမှာ ဝင်ရောက်ပါဝင်ပတ်သက်တယ်ဆိုပြီးမှ မလိုလားအပ်တဲ့ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံရနိုင်တယ်” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် လူစုလူဝေးဖြင့် ထောက်ခံဆန္ဒပြစဉ်(ဓါတ်ပုံ- Thai PBS)
ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲဆုံးဖြတ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့ တွင် လုံခြုံရေးအတားအဆီးများ ချမှတ်ထားသည်ကို ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ဝန်ကြီးချုပ်အဖြစ်မဲခွဲမရွေးချယ်ခင်ကာလများကတည်းက Move Forward Party မှ ခေါင်းဆောင် ပီတာသည် လူထု စည်းရုံးမှုများအား အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပီတာအား ထိုင်းဝန်ကြီးချုပ် ရာထူးအတွက် ပြည်သူ အများစု ထောက်ခံအားပေးကြသည်။
သို့သော် ပီတာအား မဲဆွယ်စည်းရုံးရေးကာလတွင် ဥပဒေပြင်ဆင်မည့်အချက်အား ထည့်သွင်းအသုံးပြုခဲ့ခြင်း၊ မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ကန့်ကွက် သဘောမတူကြသူများလည်းရှိကာ ဝန်ကြီးချုပ်အဖြစ် အဆုံးအဖြတ် မဲပေးပွဲ မတိုင်မီ ဇူလိုင် ၁၂ ရက်တွင် ဝန်ကြီးချုပ်ဖြစ်ရေး ရေပန်းစား နေသော ပီတာအား ဟန့်တားမည့် ၎င်းစွဲချက်နှစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
ဝန်ကြီးချုပ်ရာထူးအတွက် ပီတာ အရွေးခံခဲ့ရပါက ၎င်းအား ကန့်ကွက်သူများမှ လူထုစုဝေးမှုများ၊ ဆန္ဒပြမှုများ ရှိလာနိုင်သကဲ့သို့ ၎င်းဝန်ကြီးချုပ်ရာထူးအတွက် အရွေးချယ်မခံရပါက ပြည်သူအများစု၏ ဆန္ဒပြမှုများနှင့် ဆူပူ အုံကြွမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဝန်ကြီးချုပ်ရွေးချယ်နေသည့် ထိုင်း လွှတ်တော်ရှေ့တွင် အတားအဆီးများ ချထားစဉ်(ဓါတ်ပုံ- Thai PBS)
“အခုက နည်းနည်းလေး အချိန်ကိုက်လုပ်နေတာတစ်ခုက မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲမှာ ယာယီအလုပ်သမားလက်မှတ်အသစ်တွေ လုပ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုပြီးတော့ ဘတ်ပန်းရောင်ကဒ်ခေါ် ယာယီအလုပ်သမားလက်မှတ်ကို ထုတ်ပေးမယ်လို့ အတည်ပြုစာ ထွက်မလာသေးဘူး။ အစည်းအဝေးဆုံးဖြတ်ချက်က သက်တမ်းတိုးပေးလို့မမီခဲ့တဲ့ ကျန်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား တွေကိုပဲ ၁၅ ရက်နေ့ကနေပြီးတော့ ၃၁ ရက်နေ့အထိ သက်တမ်းတိုးပေးမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်က အတည်ပြုထားတာရှိတယ်။ ဒီအပေါ်မှာ ဒီနေ့ ၁၃ ရက်နေ့ရဲ့ ထိုင်းဝန်ကြီးချုပ်ကို အတည်ပြုရွေးချယ် မဲခွဲမယ့် အချိန်နဲ့ ကိုက်ညီနေတာကို တွေ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ လူစုလူဝေးကို အာရုံလွှဲလိုက်တာနဲ့တူတယ်” ဟု ပြောသည်။
အတိုက်အခံပါတီများအကြား လူထုစုဝေး ဆန္ဒပြမှုများပြုလုပ်ခဲ့ပါက မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများကိုပါ အသုံးချမည်အား စိုးရိမ်ကြောင်းနှင့် အဆိုပါအခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိသွားလာသည့်နေရာများတွင် မိမိ၌ရှိသည့် အထောက် အထား၊ စာရွက်စာတမ်းအပြည့်အစုံများအား လက်ဝယ်ကိုင်ဆောင်ထားပြီးမှ သွားလာကြရန် ရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 784
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခတွင် အကြမ်းဖက်မှုများပါ ရှိလာခြင်းကြောင့် ထိုအကြမ်းဖက်မှုများ ရပ်တန့်ရေး မည်ကဲ့သို့ လုပ်ဆောင်သင့်သလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးနေကြသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခမှာ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး အရပ်သားသေဆုံးမှု၊ နေအိမ် မီးလောင် ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာသလို ပြည်သူလူထုမှာလည်း အခက်အခဲ ပေါင်းစုံဖြင့် ရင်ဆိုင်နေ ရကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအင်အားစုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူများကို ထောက်ရှု၍ ဖြေရှင်းသင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
နေအိမ်များ မီးလောင်နေစဉ်
ဦးထွန်းအောင်ကျော်က “အဓိက-ကတော့ ပြဿနာတစ်ခုဆိုတာက နှစ်ဦးနှစ်ဖက်အပေါ်မှာ ဘယ်လောက်စိတ်ကောင်း၊ စေတနာကောင်းနဲ့ ဒီအပေါ်မှာ နှစ်ဖက်စလုံးက ဘယ်လောက်အထိ စိတ်ကောင်း စေတနာကောင်း ထားနိုင်သလဲဆိုတဲ့အပေါ်မှာ အဓိက မူတည်တယ်လို့ ကျနော်အနေနဲ့ ဒီလိုမြင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပြီး ဖြေရှင်းလာကြတာက ၁၉၄၈ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပဋိပက္ခပါပဲ၊ အဲဒီတော့ နှစ်ပေါင်းလည်း ၇၀ ကျော်ပါပြီ။ ဒီနည်းနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာလည်း ကာယကံရှင်တွေ ကိုယ်တိုင်က ကောင်းကောင်းကြီး နားလည် သဘောပေါက်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။ အဲဒီတော့ ပြည်သူလူထုလည်း ဖွတ်ဖွတ်ညက်ညက် ကြေနေကြပြီ၊ အခု ဒီ ၂၀၂၁ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ အင်မတန် ပြင်းထန်ပြီးတော့မှ မည်သည့်ခေတ်နဲ့မှ မတူအောင် အပြင်းထန်ဆုံးနဲ့ အနာကျင်ဆုံး ဝေဒနာကို ခံစားနေရတယ်၊ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်၊ အဲဒီတော့ ဒီနေ့ တာဝန်ရှိတဲ့ Stakeholders (သက်ဆိုင်သူများ) နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ အားလုံးက ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ရှုပြီးတော့မှ အကောင်းဆုံးဖြေရှင်း ဖို့ အချိန်တောင် လွန်နေပြီ၊ အရေးတကြီး လိုအပ်နေပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက် တွင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးဆိုသော အချက်ကို ထည့်သွင်းထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် စတင်ကာ နှစ်နှစ်ကျော်ကာလအတွင်း နှစ်ဖက်အဖွဲ့အစည်း၏ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှု ၈၆၀၀ ကျော်ရှိခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဥပဒေများ ရှိပြီးဖြစ်ကြောင်း၊ ထိုဥပဒေအတိုင်း ကိုင်တွယ်မည်ဆိုပါက အကြမ်းဖက်မှုများ လျော့ကျသွားရန် လုပ်ဆောင်၍ရကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
ထန်တလန်မြို့ပျက်ကိုတွေ့ရစဉ်
၎င်းက “အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဥပဒေတွေ ရှိပြီးသားဖြစ်တယ်၊ နောက်တစ်ခါကြတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ ကိုင်တွယ်တဲ့ နည်းလမ်းတွေ ရှိတယ်။ အဲဒီ ပုံစံတွေအတိုင်း စနစ် တကျ သွားမယ်ဆိုရင်တော့ အကြမ်းဖက်မှု လျော့ကျသွားအောင် လုပ်လို့ ရမှာပေါ့။ အခုလောလောဆယ်မှာက နစကအနေနဲ့ တော်တော်လေး ညင်ညင်သာသာနဲ့ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်နေတဲ့ အခါကြတော့ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အမြစ်ပြတ်ဖို့က နည်းနည်း အရှိန်မြင့်ပြီး မသွားနိုင်တဲ့ ပုံစံမျိုးတွေ ကျနော်တို့ သုံးသပ်လို့ရတယ်။ ဆိုလိုတာက အကြမ်းဖက်မှုလို့ သတ်မှတ်ပြီးတဲ့အခါမှာ အဲဒီအကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ ငွေကြေးထောက်ပံ့တာရှိမယ်၊ လူထောက်ပံ့တာရှိမယ်၊ ဒါမျိုးပေါ့နော်၊ အဲဒါမျိုး အကြမ်းဖက်မှုကို အားပေးနေတဲ့ ထောက်ပံ့ပေးနေတဲ့ဟာတွေ အကုန်လုံး ဖြတ်တောက်နိုင်ဖို့ လိုတယ်၊ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ လူတွေကို လည်း တရားဥပဒေအတိုင်း ကျနော်တို့က တရားစွဲတင်ပြီးတော့ အပြစ်ပေးနိုင်ဖို့လိုသလို တိတိကျကျ ဥပဒေ အတိုင်း လုပ်နိုင်ဖို့လည်း လိုတယ်၊ အဲဒီအဓိက အချက်တွေကို လိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အကြမ်း ဖက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့က နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ လွယ်သွားမယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ပထမ ၅ လတာအတွင်း အရပ်သား ၇၄၀ ကျော် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ပမာဏမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အများဆုံး ဖြစ်ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်အား ဖြုတ်ချရေး NUG-PDF- EAOs များက လက်နက်ကိုင် တိုက်ခိုက် လျက်ရှိသလို မြန်မာ့တပ်မတော်ဘက်ကလည်း နိုင်ငံတည်ငြိမ်ရေးဟုဆိုကာ လက်နက်ကိုင် တိုက်ခိုက်မှုများကို ချေမှုန်းလျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခအတွင်း လက်နက်မကိုင်သော အရပ်သားများ သတ်ဖြတ်ခံရမှုများ ရှိနေသလို ဖမ်းဆီး အနိုင်ကျင့်ခံနေရမှုများလည်း ခံနေကြရကြောင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများလည်း ကြုံတွေ့ နေရကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 445
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုကို အားပေးသည်ဟု မိမိအား ပြောကြားခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ပြောသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။
ဝန်ကြီးဒွန်သည် မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က နေ့ချင်းပြည် လာရောက်ခဲ့ပြီး နေပြည်တော် အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့သည်။
မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းက " သူမသည် ကျန်းမာရေးကောင်းမွန်ပါတယ်။ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှုကို အားပေးတယ်" ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
အဆိုပါ အခြေအနေတွင် NLD အမတ်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော် အား ပြန်လည် ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။
ထိုလက်နက်ကိုင် တိုက်ပွဲများသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိသည်။
ထို့နောက် NUG နှင့် PDF က ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ကြွေးကြော်ထားသည်။
ပြည်တွင်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ မြန်မာ့အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းလျက်ရှိသည်။