- By CNI
- Category: နိုင်ငံရေး
- Hits: 830
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာခြင်းသည် လိုအပ်သလို ထုတ်သုံး၍ရသည့် လက်နက်ကဲ့သို့ ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA မထိုးခင်တုန်းက အဖွဲ့တော်တော်များများက မတရားအသင်းပဲဖြစ်တယ်၊ အကြမ်းဖက် အဖွဲ့အစည်း လည်း ဖြစ်တယ်။ ဒါပေမယ့် NCA ထိုးခါနီး ရက်ပိုင်းအလိုမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်းက လည်း ကင်းလွတ်ပြီ၊ အကြမ်းဖက် အဖွဲ့အစည်းကလည်း ကင်းလွတ်ပြီဆိုပြီးတော့ ကြေညာပေးပါတယ်။ ကြေညာ ပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ NCA လက်မှတ်ရေးထိုးပွဲ လုပ်ခဲ့တာပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကယ်ဖြစ်လာလို့ တကယ်ပဲ အဖွဲ့အစည်းတွေက ပြန်လည်ပါဝင်လာမယ်ဆိုရင်တော့ ဖြေလျှော့မှုလုပ်တာမျိုး တွေ တွေ့ရပါတယ်။ ဥပမာ AA ကိုတောင်မှ အကြမ်းဖက်ကနေ ဖြေလျှော့ပေးတာ တစ်ခါလုပ်ဖူးပါတယ်။ ၂ နှစ် လောက်ကြာပြီးတော့မှ အခုပြန်လည်စစ်ဖြစ်လာတော့မှ အကြမ်းဖက်အဖွဲ့အစည်း ပြန်ကြေညာတာ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ရင် လိုအပ်သလို ထုတ်သုံးလို့ရတဲ့ လက်နက်လို ဖြစ်နေတယ် အကြမ်းဖက် အဖွဲ့အစည်းနဲ့ မတရားအသင်း ကြေညာတယ်ဆိုတဲ့ဟာက။ ထာဝရမဟုတ်ပါဘူး။ သူတို့ သဘောထားပြောင်းလဲ လာတဲ့အပေါ်မှာ ပြန်ရုပ်သိမ်းလို့လည်း ရတယ်။ ထပ်တိုးကြေညာလို့လည်း ရတယ်” ဟု ပြောသည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထက်ထက်က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က အာရက္ခတပ်တော် (AA) ကို အကြမ်းဖက်နှင့် မတရားအသင်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူခဲ့ချိန် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းအား ပြန်လည် ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ပွဲများ ကြောင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခ တပ်တော် (AA) တို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။
အလားတူ ယခု ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့ နှင့် မတရားအသင်းအဖြစ် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားမှုမှာ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ရှိပြီဖြစ်ပြီး တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လားရှိုးမြို့ကို ပြန်လည်ပေးအပ်ထားသည့် ကိုးကန့်တပ် (MNDAA) ကိုလည်း အကြမ်းဖက်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပေ။

KNU ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိ အခင်းအကျင်းအရ မည်သည့်အဖွဲ့ကိုမှ အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်နိုင်ဖွယ် မရှိသေးကြောင်း၊ ထိုအဖွဲ့ များအနေဖြင့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို တုန့်ပြန်မှုအပေါ် မူတည်ကာ သက်ဆိုင်ရာဘက်မှ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်ဆယ်တော့ ဒီအဖွဲ့ ၄ ဖွဲ့က လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုရန်ရှာမလဲ၊ ရွေးကောက်ပွဲ အလွန် ဖြစ်ပေါ်လာမယ့် အခြေအနေမှာ ဘယ်လိုလုပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မလဲ၊ သို့တည်းမဟုတ် ဆက် လက် ဆန့်ကျင်မလား၊ ရွေးကောက်ပွဲ မတိုင်ခင်ရော ရွေးကောက်ပွဲ အပြီးမှာရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက သူ့နည်းသူ့ဟန်နဲ့ ပြန်ပေါ်လာနိုင်တာပေါ့။ အဲဒီပေါ်လာတဲ့ အပေါ်မှာလည်း ဘယ်လို တုံ့ပြန်ကြမလဲ။ အဲဒီပေတံနဲ့ တိုင်းလိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်နေပြီး လက်လွတ်ဆုံးရှုံး လိုက်ရသည့် နယ်မြေ အများ အပြားလည်း သိမ်းပိုက်ရရှိထားသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)ကိုမူ အကြမ်းဖက်အဖြစ် ကြေညာမှု မရှိသေးပေ။
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တော်လှန်ရေး အင်အားစုများဘက်မှ ဆန့်ကျင် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထား ကြသည်။
သို့သော် KIA သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေတွင် မဲပုံးထားရန် ခွင့်ပြုမည် မဟုတ်ကြောင်းသာ မှတ်ချက်ပြု ပြောဆိုထားသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 728
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
ထိုင်း-မြန်မာ အဓိက ကုန်စည်စီးဆင်းရာ လမ်းမကြီးပေါ်တွင် ရှိသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်အား တပ်မတော်က ပြန်လည် ထိန်းချုပ်လိုက်သည်ဟု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
တပ်မတော်သည် ကော့ကရိတ်မှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၄ ကြောင်းဖြင့်လည်းကောင်း၊ မြဝတီမှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၁ ကြောင်းဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှစ၍ စစ်ဆင်ရေး တစ်ရပ်ကို ဖော်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်မှ ကော့ကရိတ်-သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KNU ၏ မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဖားအံမြို့တို့အား သိမ်းပိုက်ကာ သီးခြားလွတ်လပ်သော ကော်သူလေး ပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေး အိပ်မက် အပြီးတိုင်ရိုက်ချိုး ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် PDF များ ပူးပေါင်း၍ သင်္ဃန်းညီနောင်နှင့် မြဝတီ ဒေသရှိ တပ်မတော် စစ်စခန်းများနှင့် ဌာနချုပ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှ ဧပြီ ၂၈ ရက်ထိ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။
ထို့နောက် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီး ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော် သည် အောင်ဇေယျာစစ်ဆင်ရေးကို ဖော်ဆောင်၍ တစ်နှစ်ကျော်အကြာမှာ အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်း တပ်မတော်နှင့် KNU-PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ လက်နက်မျိုးစုံ ၅၇ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးကို KNU-PDF ထိန်းချုပ်ထားခြင်းကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး အဟန့်အတားများဖြစ်ကာ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို ခံစားခဲ့ကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 769
CNI New
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) အပါအဝင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် မည့် အမတ်လောင်း(ကိုယ်စားလှယ်လောင်း) ပြည့်မှီရန် ရှာဖွေရခက်ခဲနေသလို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)သို့ အချိန်မှီတင်ရန်လည်း ခက်ခဲနေကြကြောင်း NDF ပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြော သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံပါတီများ အနေဖြင့် ပါတီဝင် ဦးရေနှင့်ပါတီရုံးခန်းများ သတ်မှတ် အရေအတွက် ပြည့်မှီရေး ဆောင်ရွက်ပြီး စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား၍ ကော်မရှင်သို့ တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။
ယခုပါတီများအားလုံး ရင်ဆိုင်ရသည့်ကိစ္စက အမတ်လောင်း ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း စာရင်းတင်သည့်ကိစ္စတွင် အချိန်အများကြီး မပေးဘဲ ကန့်သတ်ထားခြင်းကြောင့် ကိုယ်စားလှယ်လောင်း ပြည့်မှီ ရန် စိစစ်ရန် ခက်ခဲနေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

NDF ပါတီဝင်များကို တွေ့ရစဉ်
၎င်းက “အခု မဲဆွယ်တာတွေ ဘာတွေကတော့လေ နည်းနည်း နောက်တဆင့် ရောက်သွားတာပေါ့။ အခု လော လောဆယ်က ပါတီတွေ အားလုံးရင်ဆိုင်ရတဲ့ကိစ္စကတော့ အမတ်လောင်းပြိုင်တာပေါ့။ ပြိုင်မယ့် အမတ်လောင်း တွေ အားလုံး စာရင်းတင်တဲ့ ကိစ္စမှာကတော့ အချိန်က အများကြီး မပေးထားဘူး။ ဟိုး တသက်လုံးက သိတယ် မလား တစ်လလောက်ပေးထားတာပေါ့နော်။ ပြီးတော့ အနည်းဆုံး ၃ ယောက်ပဲ ပါတီတစ်ခုသည် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃ နေရာမှာတော့ ဝင်ပြိုင်ရမယ်ဆိုတာပါတယ်။ အခုဟာက ပြည်ထောင်စုအဆင့်သည် အနည်းဆုံး ထက်ဝက်ပေါ့ ထက်ဝက်ဆိုတာ ဟိုဟာပေါ့။ ရွေးကောက်ပွဲ ကျင်းပတဲ့ဟာရဲ့ ထက်ဝက်ပြိုင်ရမှာပေါ့ နော်။ ထက်ဝက်ပြိုင်ခိုင်းပြီးတော့မှ အချိန်က ကျတော့ ၁၀ ရက်လောက် ကလေးပဲ ပေးထားတာ ဘာကြောင့်မို့လို့ အဲလောက်ကြီးကို အချိန်ကြီးကို တအားကြီးကို ကန့်သတ်တာလဲဆိုတဲ့ဟာက ဘာရည်ရွယ်ချက်နဲ့ ကန့်သတ်တာ လဲပေါ့။ ဘာဖြစ်လို့များ အဲလောက်ကြီး ဒီအတောအတွင်းမှာ ဖြစ်ချင်ဖြစ် မဖြစ်ရင် မင်းတို့ပျက်ဆိုတဲ့ ဟာမျိုးလား ဘာလဲပေါ့။ ဒီအပေါ်မှာတော့ နည်းနည်းလေး စကားပြောစရာရှိတာပေါ့” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
မိမိတို့ ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း စာရင်းကို ပြည့်မှီနိုင်သော်လည်း စာရင်းတင်ရန် အချိန် အကန့် အသတ်မှာ နည်းလွန်သည့်အတွက် သေချာစိစစ်ရန် ခက်ခဲသလို စာရင်းတင်ရန်လည်း အခက်အခဲဖြစ်နေကြောင်း၊ အားလုံးခြုံငုံကြည့်လျှင် ခက်ခဲအောင် လုပ်ထားသလား ထင်ရကြောင်း NDF ပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင် ကျော်က ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “အဓိက,ကတော့ ရုံးခန်းတွေ ဘာတွေကတော့ ပြည့်သွားမှာပေါ့လေ၊ ကိုယ်စားလှယ်ကတော့ ပြည့်မှီပြီး ကျော်သွားမယ်လို့လည်း ယုံကြည်ပြီးတော့မှ လုပ်တာပေါ့လေ။ အဲကြားထဲမှာမှ ဘာလဲဆိုတော့ ဟိုတခြား ကန့်သတ်ချက်တွေပေါ့။ နေရာ ထိုင်ခင်းပေါ့၊ ဟိုဟာ ပူတာအိုကလူက ကော့သောင်းမှာ သွားပြိုင်လို့လည်း ပြဿနာ မရှိဘူးလေ၊ အခုကြတော့ မရဘူးပေါ့။ ဒါမျိုးလေးတွေ အကုန်လုံး ကျပ်ကျပ်တည်းတည်း လေးတွေဖြစ် တယ်။ တချို့ဟာကတော့ ရည်ရွယ်ချက် ကောင်းပါတယ်။ အကုန်လုံး အားလုံးခြုံလိုက်တဲ့ အခါဆိုရင်တော့ တကယ်ကို ခက်ခဲအောင် ဖြစ်စေသလားဆိုတဲ့ ဟာမျိုးတော့ မြင်ရတာပေါ့။ ကိုယ်က ဒါကို တကယ်ကို လုပ်ချင်လို့ ဒီဟာကို ငါတို့တိုင်းပြည်အတွက်က ဒါလိုတယ် ငါတို့လုပ်ကို လုပ်မှဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ လုပ်ကြတာ ပေါ့။ ခက်တာကတော့ ခက်ပါတယ်။ ခက်တယ် ဒါကိုတော့လည်း ညည်းငြူနေတာ မဟုတ်ပါဘူး၊ ခက်ခဲမှုရှိတယ် လို့ပဲ ပြောတာပေါ့။ သို့ပေမယ့်လည်း ဒီပေါ်မှာ ချမှတ်ထားတဲ့ ဥပဒေအရကတော့ ကိုယ်ကတော့ ပြည့်မှီအောင် လုပ်ရမှာပေါ့။ မပြည့်မှီရင်လည်း ဒါကတော့ မပြည့်မှီတဲ့ဟာပေါ်မှာ ဘယ်လို အရေးယူမလဲ ယူပေါ့။ ဒါကတော့ မတတ်နိုင်ဘူးပေါ့”ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(က)တွင် ပါတီတစ်ခုသည် ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်း တွေ့ရှိခြင်း၊ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ သတ်မှတ် ချက်အတိုင်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း တွေ့ရှိခြင်း စသည့် အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၁၂) ပုဒ်မခွဲ(ခ)တွင် ကော်မရှင်သည် ပုဒ်မခွဲ (က)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ် လောင်း ပြည့်မှီရန် ရှာဖွေရ ခက်ခဲနေခြင်း၊ ပါတီရုံးခန်း ပြည့်မှီရန် ခက်ခဲနေခြင်း၊ ငွေကြေး အခက်အခဲဖြစ်နေခြင်း၊ လုံခြုံရေး အခက်အခဲရှိနေခြင်း စသည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 882
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီး ချုပ် မိုဒီတို့ တွေ့ဆုံခဲ့မှုသည် မြေရှားသတ္တု အကြောင်းအရာထက်ပိုသည့် အခြားသော ကိစ္စရပ်များပါနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအတွက် တရုတ်ဟုဆိုပါက အိန္ဒိယသည်လည်း မလွဲမသွေပါလာကြောင်း၊ အိန္ဒိယသည် ကချင်ပြည်နယ် မှ ချင်းပြည်နယ်အထိ နယ်နိမိတ် ရှည်လျားသဖြင့် အင်မတန်အရေးပါသည့် အတိုင်းအတာမှာရှိနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “နောက်ပြီး အိန္ဒိယကလည်း လက်ရှိမှာ သူလည်း စက်မှုနိုင်ငံကြီး တစ်ခုဖြစ်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်မှာလည်း အိန္ဒိယက မြန်မာနိုင်ငံကို ဒုက္ခမပေးဘဲနဲ့ အရာရာမှာ ဖေးမကူညီခဲ့တယ်ဆိုတဲ့ အစဉ်အလာကရှိခဲ့တဲ့ အခါကြတော့ မြေရှားအပြင် အခြားအခြားသော အကြောင်းအရာ အချက်အလက်တွေ ပါကောင်း ပါပါလိမ့်မယ်။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ကတော့ တရုတ်နဲ့ဆက်ဆံရေး ပြေလည်အောင် လုပ်သလို တစ်ဖက်ကလည်း အိန္ဒိယကို ပစ်ထားလို့ မရဘူးဆိုတာလည်း အချက်အလက် ကလည်း ရှိပါတယ်။ ဒါကြောင့် တရုတ်သမ္မတကြီး ရှီကျင့်ဖျင်နဲ့ တစ်ဖက်က ဆွေးနွေးသလို တစ်ဖက်ကလည်း အိန္ဒိယက ဝန်ကြီးချုပ်နဲ့လည်း အဆက်အသွယ် ကျနော်တို့ရှိပါတယ်။ ခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထား ပါတယ်။ ဆိုတဲ့ ပုံစံမျိုးကို ပြဖို့အတွက်လိုတယ်။ ပြလည်း ပြနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့ မြေရှားဆိုတဲ့ အကြောင်းအရာထက်ကို အများကြီး ပါလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

KIA ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဩဂုတ် ၃၀ ရက်နေ့တွင် စတင်ခဲ့သည့် တရုတ်ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံခဲ့ပြီး မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍများမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်တို့ သဘောတူညီမှု ရရှိခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနှင့်ထိစပ်နေသော မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှ ထွက်ရှိသည့် မြေရှားသတ္တုဒေသများကို KIA မှ သိမ်းပိုက် ရရှိထားခြင်း ဖြစ်သည့်အတွက် မြေရှားသတ္တုတူးဖော်ခြင်း၊ တင်ပို့ရောင်းချခြင်းများမှ ရရှိသည့် အခွန် ဘဏ္ဍာများကိုလည်း KIA မှ ရရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံမှ မြေရှားကို တရုတ်မှ တူးဖော်တင်ပို့ခြင်းဖြစ်ပြီး တရုတ်မှတဆင့် အိန္ဒိယက ပြန်လည်ဝယ်ယူ နေရခြင်းဖြစ်ကာ ယခုကဲ့သို့ အစိုးရချင်း လုပ်ဆောင်မည်ဆိုပါက ကောင်းသောရလဒ်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “မြန်မာပြည်မှာ မြေရှားထွက်တဲ့ နေရာတွေ တော်တော်များများ ရှိတယ်လို့တော့ ကျနော်တို့လည်း ကြားထားတယ်။ ဒါပေမယ့် အခုလောလောဆယ် တရုတ်နယ်စပ်ဘက်မှာတော့ အများစု လုပ်ကိုင်နေတာကို တွေ့ရှိရတာပေါ့။ အိန္ဒိကလည်း မြေရှားနဲ့ပတ်သက်ပြီး တရုတ်ဆီကနေပဲ အများဆုံးဝယ်ယူတာကို တွေ့ရှိရပြန် တယ်။ ဒါကြောင့် မြန်မာပြည်ကနေ တိုက်ရိုက် ဝယ်မယ်ဆိုရင်တော့ ဒါက မြန်မာပြည်ဘက်ကိုတော့ ကောင်းသော ရလဒ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆို အိန္ဒိယကလည်း တရုတ်ကနေတဆင့် ဝယ်ယူရတာ သက်သာသွား သလို မြန်မာပြည်ကလည်း G to G လုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက်ကို အခွန်တွေ၊ ဘဏ္ဍာငွေတွေ အများကြီး ရလာမယ်လို့တော့ ကျနော်တို့မျှော်လင့်တယ်” ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ် ကချင်ဒေသက မြေရှားသတ္တုများသည် တရုတ်လုပ်ကွက်များ ဖြစ်နေသည့်အတွက် အိန္ဒိယ အနေဖြင့် အစိုးရချင်းသဘောတူညီမှု (G to G) ဖြင့် မြေရှားတူးဖော်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီး ထဲတွင် လုပ်ဆောင်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အိန္ဒိယက မြေရှားသတ္တု တူးဖော်ရေး လုပ်မည်ဆိုပါက ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)ဖြင့်လည်း ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
လက်ရှိတွင် မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါး ရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှား သတ္တုထွက်ရှိရာ ဒေသများကိုမူ KIA မှ သိမ်းပိုက်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံး အခြေအနေ၌ ရှိနေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံ၊ ဟာပင်းမြို့တွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား/သူများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံး အခြေအနေတွင်ရှိကြောင်း၊ မိမိအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဟာပင်းမြို့က ပညာတော်သင် ကျောင်းသား/သူများကို တွေ့ရစဉ်
ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အဖွဲ့အစည်းဖြစ်ပြီး မကြာမီအချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင် ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်ဖြစ်လာ မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။
ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က သွားရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်တို့ ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များဖြင့်လည်းကောင်း၊ ဝူဟန်တက္ကသိုလ်မှ ဒုတိယအဓိပတိဖြင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံစီမံကိန်း၊ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး၊ တရုတ်-အိန္ဒိယ-မြန်မာ ဆက်သွယ်ထားသော လီဒိုလမ်း ပြန်လည် ပြုပြင်တည်ဆောက်ခြင်း၊ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်း ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရေး၊ ဂြိုလ်တုနည်းပညာ ကူညီပေးရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံ လာရေး တို့ကို ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်နေသည့် TNLA၊ MNDAA၊ AA တို့ကို တရုတ်က ဖိအားပေး၍ တွေ့ဆုံဆွေးနွေးရန်နှင့် စစ်ပွဲရပ်ဆိုင်းရန် ကြိုးပမ်းပေးလျက်ရှိသည်။
ထို့ပြင် KIA ကိုလည်း စစ်ပွဲရပ်ဆိုင်းရေးနှင့် တွေ့ဆုံ ဆွေးနွေးမှုလုပ်ရန် ဖိအားပေးနေသလို ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲနေမှုအား ဟန့်တားနိုင်ရန်အတွက် မြန်မာ့တပ်မတော်ဘက်ကနေ တရုတ်က ရပ်တည်ပေးလျက် ရှိသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျင်းပလိုသော ရွေးကောက်ပွဲကို တရုတ်က ထောက်ခံပေးခဲ့သလို ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီပေးမည်ဟုလည်း ကတိပြုထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၌ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။
တရုတ်အစိုးရသည် ဗဟိုအစိုးရ ပြိုကွဲသွားမည်ဆိုပါက မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ကို မလို လားသည့်အတွက် ဗဟိုအစိုးရပြိုကွဲ၍ မရကြောင်း ရပ်တည်လျက်ရှိသလို လက်ရှိ မြန်မာနိုင်ငံ၏ အခင်းအကျင်း ကို ရွေးကောက်ပွဲမှ တဆင့် ပြောင်းလဲသင့်ကြောင်း ယူဆချက်ကိုလည်း လက်ခံထားသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1350
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄
ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာပြီး ကချင်လွတ်လပ် ရေးတပ်မတော်(KIA/KIO) ကို အကြမ်းဖက် အဖွဲ့အဖြစ် မကြေညာခြင်းက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် လက်အောက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာန ကလည်း မတရားအသင်းအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
KIA သည် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ထဲ မပါဝင်သကဲ့သို့ ကော်မရှင်နှင့် ဆက်သွယ်ရေး လမ်းကြောင်းလည်း ရှိနေသည့် အတွက်ကြောင့် အကြမ်းဖက် မကြေညာခြင်းဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA ကြတော့ တစ်က NCA ထိုးတဲ့ အထဲမပါဘူး။ ရေးတဲ့အထဲတော့ပါတယ် ထိုးတဲ့အထဲတော့ မပါဘူး။ နံပါတ် နှစ်က KIA က ဆက်သွယ်ရေးလမ်းကြောင်းပေါ့ ဖောက်ထားတယ်။ ဆက်သွယ်ရေးလမ်းကြောင်း ရှိနေ တယ်။ အရင်တုန်းကတော့ စစ်ကောင်စီပေါ့ အခုကတော့ စစ်ကော်မရှင်ပေါ့။ အဲဒီအဖွဲ့နဲ့ ဆက်သွယ်ရေး လမ်း ကြောင်းက ဖွင့်ထားတယ်။ တစ်ဖက်က စစ်လည်းတိုက်တယ်၊ တစ်ဖက်ကလည်း ဆက်သွယ်ရေးလမ်းကြောင်းက ဖွင့်ထားတဲ့ အခါကြတော့ ဆက်သွယ်ရေးလမ်းကြောင်း မပိတ်သွားအောင်ဆိုပြီးတော့ မကြေညာတာလည်း ဖြစ်နိုင် ပါတယ်” ဟု ပြောသည်။

KNU ခေါင်းဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
KIA ဘက်မှ မြန်မာ့တပ်မတော်ထံ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တွေ့ဆုံမည် ဆိုလျှင် လက်ခံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီ သတင်းဌာန တွင် ပြောကြားထားသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် KNU နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း KIA နှင့် တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမို များပြားကာ ပြင်းထန်လျက်ရှိသည်။
ထို့ပြင် မြန်မာ့တပ်မတော်ဘက်မှ KIA ထံ လက်လွတ်ဆုံးရှုံး လိုက်ရသည့် နယ်မြေ အများအပြားလည်း ရှိနေခြင်း ဖြစ်သောကြောင့် KIA ကို အကြမ်းဖက်အဖွဲ့ ကြေညာခြင်းအစား KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုသည် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNU သည် သဘောထား တင်းမာမှုများ ထုတ်ဖော်ပြသခဲ့ပြီး KIA ကမူ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် မဲပုံးထားရန် ခွင့်ပြုမည် မဟုတ်ကြောင်းသာ မှတ်ချက်ပြု ပြောဆိုထား ခြင်းဖြစ်သည်။

KIA ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကို တွေ့ရစဉ်
KIA အနေဖြင့် ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဖျက်ကြောင်း၊ ဆန့်ကျင်ကြောင်း မှတ်ချက်ပြု ပြောဆိုထားခြင်း မရှိသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခြင်း ဖြစ်နိုင်ကြောင်း၊ KIA သည် စစ်ရေးနှင့် နိုင်ငံရေးကို တွဲပြီးကစားတတ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာကြောင့်မို့လဲဆိုတဲ့ အခါကြတော့ KIA ကလည်း ဗိုလ်မှူးကြီးနော်ဘူက သူ့ရဲ့ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ မကျင်းပရဘူးဆိုတာတော့ ပြောတယ်။ ဒါပေမယ့်လည်း KNU ကြတော့ ဒီထက်ပိုပြီးတော့မှ ပြင်းထန်တာပေါ့ သူပြောတဲ့ ကိစ္စတွေကတော့။ ရွေးကောက်ပွဲက မတရားဘူးတို့ ဘာတို့ KNU အဲဒီလို စွပ်စွပ်စွဲစွဲ ပြောလာတဲ့အခါကြတော့ ပိုဆိုးတာပေါ့။ KIA ပြောတာထက်ကို KNU ပြောတာက ပိုပြင်းထန်တယ်လို့မြင်တာ ပေါ့။ အဲဒါကြောင့်မို့ အဲဒါလည်း တစ်စိတ်တစ်ပိုင်း ပါကောင်းပါနိုင်ပါတယ်။ KIA ကြတော့ သူက ကျနော်သိရ သလောက်ဆိုရင် KIA က နိုင်ငံရေး၊ စစ်ရေးကို တွဲပြီးကစားတတ်တယ်။ central government ရဲ့အခြေအနေကို သူက တော်တော်လေး အကင်းပါး အကဲခတ်တတ်တယ်။ central government အားနည်းပြီဆိုရင်တော့ သူအနေနဲ့ အင်အားသုံးပြီးမှ လုပ်ပါလိမ့်မယ်။ သူ့ဘက်က အားနည်းပြီဆိုရင်တော့ ငြိမ်းချမ်းရေးစကား ပြောပါလိမ့် မယ် KIA နဲ့ပတ်သက်ရင်တော့။ ဒါ သူ ခေတ်အဆက်ဆက် လုပ်ခဲ့တာပါ။ ဗဟို central government က လိုက် လျောပေးလိုက်ပြီဆိုရင် သူက အားကြီးအောင်ပြန်မွေး။ အဲဒါနဲ့ပဲ သူ့အင်အားကြီးအောင် ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် KIA ဟာ နိုင်ငံရေး၊ စစ်ရေးမှာတော့ ကောက်ကျစ်တယ်ပဲပြောပြော၊ လိမ္မာပါးနပ်တယ်ပဲ ဆိုဆို အဲဒီလိုပုံစံနဲ့ တောက်လျှောက် လုပ်လာတယ်လို့ မြင်တာပေါ့”ဟု ပြောသည်။
မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း စသည့် ခရိုင် ၆ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၈ ခုကို မဲဆန္ဒနယ်အဖြစ် ကော်မရှင်က သတ်မှတ်ထားပြီး ထိုထဲတွင် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်နှင့် အင်ဂျန်းယန်မြို့တို့တွင် KIA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 715
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးဖြစ် တရုတ်ခရီးစဉ်ကို ဖိတ်ကြားခံခဲ့ရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မည်သည့်နိုင်ငံများက ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သလဲ အားလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် တရုတ်ခရီးစဉ်ကို စတင်ခဲ့ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့နောက် စက်တင်ဘာ ၃ ရက်တွင် ဘေကျင်းမြို့မှာ ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ကို တက်ရောက်ခဲ့သည်။
အဆိုပါ တရုတ်ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၊ လာအို သမ္မတ သောင်လောင်ဆီ ဆိုလစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက်စ် ရှက်ဘာ ရှာရီစ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ အာဆီယံအတွင်းရေးမှူး၊ ကာဇက်စ္စတန်သမ္မတ အပါအဝင် တခြားသော နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များဖြင့် တွေ့ဆုံကာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ခဲ့သလို ဝူဟန်တက္ကသိုလ်မှ ပညာရှင်များဖြင့် တွေ့ဆုံ၍လည်း မြန်မာနိုင်ငံ၏ ဂြိုလ်တု နည်းပညာကို ကူညီရန် ဆွေးနွေးခဲ့ သည်။
အလားတူ တရုတ်-မြန်မာ-အိန္ဒိယ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုးခဲ့သလို လီဒို လမ်း ပြန်လည်ပြုပြင်ရေး၊ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး၊ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင် ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေး၊ အိန္ဒိယ-မြန်မာ မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်၊ အိန္ဒိယ၊ လာအို အပါအဝင် တခြားသော နိုင်ငံ များက ထောက်ခံကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဖွဲ့စည်းထားသော HPDF-124 အဖွဲ့ထဲက လူတချို့ သည် ရှမ်းနီ PDF ဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ စွပ်စွဲ၍ ဖမ်းဆီးခံခဲ့ရပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကို ပို့ဆောင်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ရှမ်းနီ PDF ဖွဲ့စည်းမည့် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရသူများမှာ ဟုမ္မလင်း HPDF-124 အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ စိုင်းအောင်နှင့်အဖွဲ့ဖြစ်သည်။
၎င်းတို့ကို ဟုမ္မလင်းမြို့၊ နတ်နန်းကျေးရွာတွင် ဩဂုတ်လအတွင်းက NUG လက်အောက်ခံ ပကဖ၊ ပအဖနှင့် ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ ဖြင့် ပိတ်ဆို့၍ ဖမ်းဆီးခဲ့ပြီးနောက် ကချင်ပြည်နယ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာကို ဟုမ္မလင်း HPDF-124 နှင့် KIA ပူးပေါင်း၍ ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 716
CNI New
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရေး ကြိုးပမ်းနေခြင်းကြောင့် အဖွဲ့ဝင်ဖြစ်လာပါက မြန်မာနိုင်ငံ အနေအထား ဘယ်လိုဖြစ်လာနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲ ခတ်များက သုံးသပ်နေကြသည်။
တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံရန် ဆွေးနွေးခဲ့သည်။
မြန်မာအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံ ဖြစ်သွားလျှင် အင်အားကြီးနိုင်ငံများ၏ ကြားတွင် Proxy war ဒဏ်ကိုခံရ သည့်နိုင်ငံ ဖြစ်သွားနိုင်သလို ၎င်းတို့၏ စီးပွားရေးကို မှီခိုပြီး လိုက်ပါ စီးမျှောသွားနိုင်သော နိုင်ငံလည်းဖြစ်နိုင် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

SCO အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွေးနွေးနေစဉ်
၎င်းက “အားနည်းချက်ကတော့ ကံမကောင်းဘူး ဆိုလို့ရှိရင်တော့ Proxy war ခံရမဲ့နိုင်ငံတွေရဲ့ အလားအလာ ရှိတယ်၊ အားနည်းချက်အနေနဲ့။ အားသာချက်က အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ စီးပွားရေးကို မှီခိုပြီးတော့ တစ်ခါထဲ ဒီစီးပွားရေး အမျှင်ကြောမှာ ကိုယ်က ပါးပါးနပ်နပ်နဲ့ လိုက်ပါစီးမျှောသွားနိုင်တယ်ဆို သူတို့ရဲ့ စီးပွားရေး တိုးတက် မှုပေါ့။ သူတို့ရဲ့ စီးပွားရေး တိုးတက်မှု အမျှင်ကြောမှာ စီးမျှောပြီးတော့ပေါ့။ ကိုယ့်ရဲ့ဒေသ အကြိုးစီးပွား ပါးပါး နပ်နပ်နဲ့ လိုက်ပါသွားမယ်ဆိုရင်တော့ အန်တီတို့ နိုင်ငံက စီးပွားရေး တိုးတက်မှုကို အမြန်ဆုံး ရသွားနိုင်တယ်။ အဲတာကတော့ အားသာချက်ပေါ့ အားနည်းချက်ကတော့ ခုနကလို နိုင်ငံရေးမှာ အန်တီတို့က ပါးပါးနပ်နပ် မရှိဘူး ဆိုလို့ရှိရင် အနေမတက် အထိုင်မတက်လို့ရှိရင် ဒီအင်အားကြီး နိုင်ငံတွေရဲ့ကြားမှာ Proxy war ဒဏ်ကို ခံရတဲ့ နိုင်ငံ ဖြစ်သွားနိုင်တယ်။ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ရွေးကောက်ပွဲနဲ့ ပေါ်လာမဲ့ အစိုးရတစ်ရပ် ပေါ်လာမယ် အဲဒီအစိုးရကလည်း ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်တွေနဲ့ အတူတူ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ် ဖြစ်မယ်ဆိုလို့ ရှိရင်တော့ SCO နိုင်ငံ မြန်မြန်လေး ဖြစ်သွားနိုင်ပါတယ်”ဟု ပြောသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း အထိရှိပြီး ၂၀၂၃ ခုနှစ် စာရင်းအရ ၎င်း၏ စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၃၂ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။
လက်ရှိတွင် SCO မှာ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူအဆင့် ၁ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံဆိုလျှင် ကမ္ဘာ့ထိပ်သီး တိုင်းပြည်များ၏ အင်အားကြီး တိုင်းပြည်များလည်း အများကြီး ပါသော ကြောင့် အဖွဲ့ဝင်တစ်ခု အနေဖြင့် ပါသွားလျှင် အားနည်းချက်ဆိုသည်ထက် အားသာချက်များ အများစုရှိမည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ဆွေးနွေးနေစဉ်
၎င်းက “SCO အဖွဲ့ဝင်နိုင်ငံ ဆိုလို့ရှိရင်က တကယ့်ကို ကမ္ဘာမှာ ကမ္ဘာ့ထိပ်သီး တိုင်းပြည်တွေ စီးပွားရေးအရရော အင်အားကြီးတဲ့ တိုင်းပြည်တွေလည်း အများကြီးပါတာပေါ့။ အဲလို တိုင်းပြည်တွေထဲမှာ ကျနော်တို့က အဖွဲ့ဝင် တစ်ခု အနေနဲ့ ပါသွားရတာနဲ့ကိုက ကျနော်တို့ အားနည်းချက် ဆိုတာထက် အားသာချက်တွေပဲ အများစုရှိမှာပါ ကမ္ဘာမှာရှိနေတဲ့ ဒီအဖွဲ့အစည်းတွေ ဒါတွေက ပြောရမယ်ဆိုရင် ကမ္ဘာ့အစီအစဥ်ပေါ့လေ။ တကယ့်ကို အင်အား ကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ အစုဖွဲ့တွေမှာ ကိုယ်သည် ပါဝင်ခြင်းအားဖြင့်ကိုက ကိုယ်လည်း ဒီကနေ ကိုယ့်တိုင်း ပြည်အတွက် ပို၍ပို၍ ကောင်းမွန်တဲ့ အခင်းအကျင်းတွေ ဖော်ဆောင်နိုင်မှာပေါ့လေ။ နို့မို့ဆိုရင်က ကျနော်တို့က ကိုယ့်ဟာနဲ့ကိုယ် သီးသန့် isolate ဖြစ်နေတဲ့ဟာမျိုးက အဆင်မပြေဘူးလေ။ ဒါ SCO မှ မဟုတ်ဘူး ကျန်တဲ့ဟာ တွေလည်း တကယ်ကို ဖြစ်နိုင်သမျှပေါ့။ များများပေါ့နော်။ ဒါမျိုးတွေ ဟိုဝင်ပါပြီးတော့မှ တက်တက်ကြွကြွ ဆောင်ရွက်ခြင်း အားဖြင့်က ဒါတိုင်းပြည်ရဲ့ စီးပွားရေး တိုင်းပြည်ရဲ့ အနေအထားတွေ အားလုံးကို ကောင်းမွန် အောင် ဆောင်ရွက် ပေးသွားနိုင်ပါတယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အကြား အပြန်အလှန် ယုံကြည်မှု၊ ကွဲပြားသည့် ယဉ်ကျေးမှုများကို အပြန်အလှန် တန်ဖိုးထားလေးစားမှု၊ သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှန်ဟိုင်းစိတ်ဓာတ်၏ လမ်းပြရှေ့ဆောင်မှုအောက်တွင် မိမိတို့အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေး ဆောင်ရွက်နိုင်ရန် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်တယ်ဟု ပြောသည်။
