- By CNI News
- Category: နိုင်ငံရေး
- Hits: 589
- By CNI
- Category: နိုင်ငံရေး
- Hits: 548
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅
လက်ရှိ နိုင်ငံရေး အကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ၏ သဘောထားကို တစ်စုံတစ်ရာ ထုတ်ဖော် ပြောသင့်သော်လည်း ဘာကြောင့် နှုတ်ဆိတ်နေရသလဲဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးနေကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ သူ၏ သဘောထားကို ထုတ်ဖော် ပြောဆိုလာပါက အကျပ်အတည်းအချို့ ဖြေလျော့နိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ မှတ်ယူနေကြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှုပ်ထွေးနေသည့် နိုင်ငံရေးအပေါ် အကဲမဖြတ်နိုင်ဘဲ ဖြစ်နိုင်သလို ပြင်ပနှင့်ပြောဆိုခွင့် ပိတ်ပင်ထားခြင်းကြောင့်လည်း သူမ၏ သဘောထား မထွက်လာခြင်း ဖြစ်နိုင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ “သူ့အနေနဲ့ အခြေအနေတွေ ရှုပ်ထွေးတဲ့ အပေါ်မှာ အကဲမဖြတ်နိုင်ဘူးထင်တယ်၊ ဒါတစ်ခု၊ နောက်တစ်ခုကလည်း သူ့ကို ပြင်ပဆက်သွယ်ဖို့ သူ့ကို နှုတ်ပိတ်ထားတာနဲ့ တူပါတယ်၊ ဆက်ဆံရေး လမ်းကြောင်း တွေကို ပိတ်ထားတာနဲ့ တူပါတယ်၊ အဲဒါကြောင့် ဘာမှ မကြားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသနေကြစဉ်(Ye Aung Thu)
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ပြည်တွင်း၌ ကျန်ရှိနေသည့် အင်အားစုနှင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသော အင်အားစုကြား သဘောထားများ ကွဲလွဲလျက် ရှိနေသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို နစက-က ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သိရှိနိုင်ရန် ကြားဝင်ဖြန်ဖြေပေးသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “NLD ဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သူကြိုးစားမှာလား၊ အသံတစ်ခုကို SAC ကြားအောင် ဘယ်လိုပြောမှာလဲ၊ ကြားဝင်ဖြန်ဖြေမှုကတော့ လိုအပ်မယ်ထင်တယ်၊ မဟုတ်ရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အသံကို ကြားဖို့ ခက်လိမ့်မယ်ဗျ၊ ဒေါ်စန္ဒာမင်းတို့လည်း တွေ့ဖို့ ခက်လိမ့်မယ်၊ ဦးတိုးလွင်တို့လည်း တွေ့ဖို့ ခက်လိမ့်မယ်၊ တခြား ICRC ဖက်ကများ ပြောမှာလား၊ သို့မဟုတ် ရုံးမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတဆင့် အသံပေးလာမှာလား။ ဆုံးဖြတ်ချက် တစ်ခုကတော့ဖြစ် ရက် ၆၀ အတွင်း NLD ဖက်က ချရ တော့မယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှု ရုံးတွေကလည်း နိုင်ငံအနှံ့ တော်တော်များများ ရှိကြတဲ့ အခါကြတော့လေ၊ ဆုံးဖြတ် ချက် တစ်ခုတော့ ပေးရမယ် ထင်ပါတယ်။ မြန်မာ့နိုင်ငံရေး ဘယ်လဲဘာလဲကတော့ဖြင့် ကြားဝင်ဖြန်ဖြေပေးကြတဲ့ ပုဂ္ဂိုလ်များရဲ့ စွမ်းဆောင်ရည်များနဲ့ တိုက်ရိုက် အချိုးကျမယ် ထင်ပါတယ်” ဟု ပြောသည်။
မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကြိုးစားနေပုံရကြောင်း၊ သို့သော်လည်း တရုတ်၏ ချည်းကပ်မှုက NUG ၏ အနောက်တွင်ရှိသည့် အနောက်နိုင်ငံများနှင့် တူညီမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
NUG နဲ့ PDF ကို တွေ့ရစဉ်
ပြည်တွင်း နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်သည် နှုတ်ဆိတ်နေ ခြင်းကနေ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကြားမှာ သူ၏ အခန်းကဏ္ဍကို ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင်အခြား ပါတီဝင်များကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့သည်။
ထို့နောက် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အား ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး လုပ်ငန်းများအား လည်ပတ်လျက်ရှိနေသည်။
ထို့ကြောင့် မြန်မာ့တပ်မတော် ဖြုတ်ချရေးနှင့် ဆန့်ကျင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) များ ပေါ်ပေါက်လာကာ လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 603
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄
မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံစဉ် ၎င်းက အထက် ပါအတိုင်း ပြောသွားခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကာကွယ်ရေးတို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရကြောင်း၊ မိမိတို့ နစက အနေဖြင့် လည်း နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ချိန်တွင် ရည်မှန်းချက်(၅)ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို ချမှတ် ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ဆောင်ရွက်နေရသည့် အခန်းကဏ္ဍ သည် နိုင်ငံတော်အဆင့် ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေးထား စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “ မိမိတို့အစိုးရသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ချိန်တွင် ရိုးသားစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်ကြရန်လိုသည်”ဟု ပြောသည်။
နစက အနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး တာဝန်ယူ ဆောင်ရွက်ချိန်တွင် နိုင်ငံရေးအ ရ သဘောထား မတိုက်ဆိုင်သည့် အချို့သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတချို့က အစိုးရ၏ အုပ်ချုပ်မှု ယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုများကို ပြု လုပ်ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဘဏ်စနစ်များ ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး အခက်အခဲများကြားမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည် ဖြစ် ပေါ်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အုပ်စုက ကြေညာခြင်းမှာ တရားဝင်မှုမရှိကြောင်း ALP ပါတီ၏ ခိုင်ရဲခိုင်အုပ်စုမှ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းကျော်ကို အသိမပေးပဲ ALP ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်းအား ဥက္ကဋ္ဌအဖြစ် ခေါ်ဝေါ်သုံးစွဲခြင်း မပြုဖို့ မီဒီယာများကို မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောသည်။
ခိုင်ကျော်ခိုင်က “သူက သူ့ဟာသူ ပါတီအသစ် ထောင်တယ်ဆိုပေမယ့် ပါတီအသစ် ထောင်တယ်၊ သူဥက္ကဋ္ဌအဖြစ် ကြေညာတယ်၊ ဒါတွေ တရားဝင်မှုမရှိဘူး။ ကျနော်တို့ကလည်း မီဒီယာတွေကို စာတွေ ပို့သွားဖို့ ရှိပါတယ်၊ ပြောချင်တာက သူက အဲဒီလိုလုပ်တာ တရားမဝင်ဘူး။ သူ့ကို ဥက္ကဋ္ဌအဖြစ် ခေါ်ဝေါ်သုံးစွဲ နေတဲ့ဟာတွေကိုလည်း ဒါတွေကို မသုံးစွဲကြဖို့ပေါ့၊ ကျနော်တို့က မီဒီယာတွေကို မေတ္တာရပ်ခံချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက တရား ဝင်မှု လုံးဝကို မရှိဘူး။ ဗဟိုကော်မတီ ၉၀ ကျော် ရာခိုင်နှုန်းလောက်က ဘာမှကို အသိမပေးပဲနဲ့ လုပ်သွားတဲ့ဟာ ဖြစ်တယ်၊ ကျနော်တို့က အဲဒါတွေကို ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ALP ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းမှာ တရားမဝင်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ ဒေါ်စောမြရာဇာလင်းက မိမိတို့ သည် တရားဝင်ဖြစ်ကြောင်း၊ ဗဟိုကော်မတီဝင်အများစု မိမိတို့နဲ့အတူရှိနေကြောင်း ပြောသည်။
ခိုင်ရဲခိုင်နဲ့ အဖွဲ့ကိုတွေ့ရစဉ်
ဒေါ်စောမြရာဇာလင်းက “ကျမတို့က တရားဝင်ပါတယ်၊ ကျမတို့က ဗဟိုကော်မတီအများစု ကျမတို့နဲ့ရှိတယ်၊ ကျမ တို့မှာ သက်သေပြစရာလည်း ရှိတယ်၊ တပ်မှူးတွေ အများစုနဲ့လည်း ကျမတို့က ထိုင်ပြီးမှ အစည်းအဝေး လေးကြိမ် လုပ်ပြီးတော့မှ ဒီလိုလုပ်တာဖြစ်တယ်၊ အဲဒါကြောင့်မို့လို့ ကျမတို့က တရားမဝင်ဘူးလို့ သူတို့ ပြောလို့ မရဘူး။ ကျမတို့ တရားဝင်တယ်၊ ဒါအပြင် ကျမ ပြောချင်တာက သူတို့တွေက ကျမကို ထုတ်ပယ်လို့ မရဘူး။ ကျမ တို့က သူ့တို့ကို ထားပစ်ခဲ့တာဖြစ်တယ်၊ ကျမတို့စာမှာ အတိအလင်း ပြောပြီးသား၊ ကျမတို့သည် ပါတီနဲ့ တပ်မတော်ကနေပြီးမှ ၆ လကျော်ကြာ ကင်းကွာပြီးတော့မှ ထွက်ပြေးနေကြတဲ့ အုပ်စုတွေရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လက်ခံလို့ မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်က ALP ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ယခင်က ဒုဥက္ကဋ္ဌ တာဝန်ယူ ထားသူ ဒေါ်စောမြရာဇာလင်းသည် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် ခိုင်နီအောင် တာဝန်ယူခဲ့ကြောင်း ထုတ်ပြန်ချက်ခဲ့ သည်။
ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပါတီ၏ မူဝါဒအတိုင်း သွားနေကြောင်း ခိုင်ကျော်ခိုင်က ပြောသည်။
ခိုင်စိုးနိုင်အောင်ကိုတွေ့ရစဉ်
၎င်းက “ပါတီမှာ ဒီလိုတော့ရှိပါတယ်၊ ဥက္ကဋ္ဌကြီး ခိုင်ရဲခိုင်တို့ကတော့ ပါတီထောင်ကတည်းက ပါတီ အစကတည်း က ပါလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ALP က တော်လှန်ရေးပါတီ ဖြစ်တယ်၊ လက်နက်ကိုင် တော်လှန်ရေးပါတီ တစ်ရပ်ဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့ ၂၀၁၅ မှာ NCA စာချုပ်ချုပ်ခဲ့တယ်ပေါ့နော်၊ ဒါပေမဲ့ အဲဒီစာချုပ်ချုပ်ခဲ့တဲ့ အပေါ်မှာ NCA အတိုင်းပဲ သွားနေခဲ့တယ်ပေါ့၊ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ အဲဒီလမ်းကြောင်း ဘယ်လိုပြောမလဲ NCA ကလည်း သူ့ဟာနဲ့သူ ရှိနေတယ်၊ ရှိနေတယ်ဆိုပေမဲ့ အလုပ်မဖြစ်ပေမဲ့လည်း ပါတီက အဲဒီလို အခြေအနေမှာ ရှိနေတယ်ပေါ့၊ ဆရာမက NCA ကိုသွားမယ်၊ ဒီဖက်ကတော့ NCA ကို မသွားဘူး၊ အဲဒီလို ပုံစံမျိုး ပြောလို့တော့ မရဘူးထင်တယ်၊ ပါတီက ပါတီရှိနေတယ်ပေါ့၊ ပါတီရဲ့ လမ်းကြောင်းက သွားနေတဲ့ ပုံစံမျိုးက အရင်အတိုင်းပဲ ရှိနေတယ်ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ် တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 405
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာများနေထိုင်သည့် အဆောက်အဦ၌ စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများ တွေ့ရှိခဲ့မှုကြောင့် ယခင်ကထက် စစ်ဆေးမှု များပြားလာနိုင်သလို လုံခြုံရေး ပိုမို တင်း ကြပ်လာနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မဲဆောက်မြို့ မယ်ပရှိ အဆောက်အဦ တစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များက နယ်စပ် ဖြတ် ကျော် နေထိုင်ခိုလှုံနေသည်ဟု တင်ပြမှုများရှိသဖြင့် မတ်လ ၂၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် စစ်ဘက် ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြ ထားသည်။
ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံအတွင်း စစ်ဆေးမှုများသည် ယခင်ထက် ပိုမို များပြားလာနိုင်သဖြင့် တရား မဝင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ်
ဦးမင်းဦးက “ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ လိုက်ပြီးတော့ ရှာနေဦးမှာပဲလေ။ သူတို့မှာ သတင်းရထားတဲ့လူ ဥပမာ ဒီလူ ဒီလူပေါ့လေ သူတို့အနေနဲ့ ဘယ်နယ်မြေမှာ နေတယ်ဆိုပြီးတော့ သူတို့ကို သတင်းပေးထားတယ်ဆို ရင် သူတို့ လိုက်ပြီးတော့ ရှာမှာပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက်ကတော့ အဲဒီ စစ်ဆေးတဲ့ဟာက နဂိုကမှ ပိုပြီးတော့ စစ်တာဆေးတာက များတဲ့အထဲမှာမှ အဲဒီဟာက တစ်ခါထပ်ပြီးတော့ စိုးရိမ်ကြောင့်ကြများမှာပေါ့။ အထူးသဖြင့် အထောက်အထား မရှိတဲ့လူတွေဆိုရင် အုတ်ရောရော ကျောက်ရောရော အကုန်လုံး အဖမ်းခံရမှာ။ အထူးသဖြင့် အထောက်အထား မရှိတဲ့လူတွေဆို သတိထားရမှာပေါ့။ သူတို့ ယုန်ထောင် ကြောင်မိတွေဖြစ်မှာ ဒါ စိုးရိမ်စရာ ဖြစ်တာပေါ့။ ရိုက်ခတ်မှုက အထူးသဖြင့်တော့ ဒီမဲဆောက်ဒေသမှာ ပိုပြီးဖြစ်နိုင်တယ်။ မဲဆောက်မှာ မြန်မာ တရားဝင်၊ တရားမဝင်ရော၊ refugee တို့ ဘာတို့ကိုပြောတာ မဟုတ်ဘူး။ မြို့မှာနေကြတာ ငါးသောင်း ဝန်းကျင်လို့ ခန့်မှန်းတယ်။ ဒီထက်ပိုပြီး များနိုင်တယ်ပေါ့။ ကိုယ့်ရဲ့လုံခြုံရေးပေါ့ အစစ၊ အရာရာ ပိုပြီးတော့ ဂရုစိုက် သင့်တယ်။ ဒီအကြောင်းပြချက်နဲ့ ပိုပြီး စစ်ဆေးမှုတွေ လုပ်မယ်။ နောက် မလိုလားအပ်တဲ့ အထောက်အထားမဲ့တဲ့ သူတွေကို ခြိမ်းခြောက်ပြီးတော့ သူတို့လိုချင်တဲ့လူကို ရှာရင်းနဲ့ ငွေညစ်တာတို့ဘာတို့ ရှိနိုင်တယ်” ဟု ပြောသည်။
ထိုသို့ ဝင်ရောက်စီးနင်းခဲ့ရာတွင် ၎င်းတို့ရရှိထားသည့် လူပုဂ္ဂိုလ်များ၏ ဓာတ်ပုံများပြသကာ စစ်ဆေးမေးမြန်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ်
ထိုင်းစစ်သား၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ဒေသဆိုင်ရာအရာရှိများ ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကာ ဝင်ရောက် စီးနင်းခဲ့သည့် ထိုအဆောက်အဦတွင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ကျည်ဆန်များ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်း၊ ယူနီဖောင်းများ၊ ဒရုန်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အမှတ်တံဆိပ်များနှင့် ဆေးဝါးပစ္စည်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြထားသည်။
ထိုပစ္စည်းများအပြင် မြန်မာတရားမဝင် ရွှေ့ပြောင်းလုပ်သား ၈၃ ဦးအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေး မေးမြန်း ခဲ့ကြောင်းနှင့် လက်ရှိတွင် ပြန်လွှတ် ပေးလိုက်သည်ဟု ကြားသိရကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက် ပေးနေသူများထံက သိရသည်။
လက်ရှိ အခြေအနေများအရ ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ထိုင်းဘက်မှ လုံခြုံရေးများ ပိုမိုတင်းကြပ် လာနိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းရမိစဉ်
MWRN မှ အကြံပေး ဦးအောင်ကျော်က “နဂိုကတည်းကလည်း ထိုင်းနိုင်ငံ အစိုးရဆိုတာက ဒီမိုကရေစီနိုင်ငံလို့ နာမည်ခံ ထားတာမှအပ သူလည်း တပ်မတော်က အာဏာသိမ်းထားတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်က တိုင်းပြည်အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံ အတွက် ကူညီတာ၊ ပံ့ပိုးတာ၊ လုပ်ဆောင်တာတွေ အားလုံးလုပ်မယ်ဆိုရင် လုံခြုံစိတ်ချမှုမရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အတွက်ကြောင့် မိမိကိုယ်ကို မိမိ အတတ်နိုင်ဆုံး သတိဝိရိယနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ ထောက်ပြချင်ပါတယ်။ ကျနော် ထင်ပါတယ်၊ အဲဒါက အတွင်းပိုင်းတွေမှာတော့ အဲဒီလောက်အထိ ဖြစ်ဖို့မရှိဘူး။ သူတို့ကိုယ်တိုင် သတင်းရထားတာ ဒီနယ်စပ်ဒေသတွေမှာပဲ အဓိက လက်နက်တွေ၊ ဒါမှမဟုတ် လက်နက်နဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ အားလုံးကို ပေးပို့နေတယ်ဆိုတာ သတင်းရထားတဲ့ အတွက်ကြောင့် နယ်စပ် တွေမှာပဲ အဓိက စစ်ဆေးတာပါ။ အတွင်းပိုင်းမှာတော့ အဲဒီလောက်ထိ ဖြစ်လာဖွယ်ရာ အကြောင်း မရှိဘူးလို့တော့ လတ်တလော အနေနဲ့ သုံးသပ်လို့ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အထူးသတိထားကြရန်နှင့် လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ လာရောက်ခြင်းမျိုး မပြုလုပ်ပါက ကောင်းမွန်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 563
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နစကကို ခုံရုံးတင် အရေးယူနိုင်ရန် လုပ်ဆောင်နေသည်ဟု ပြောကြား ချက်ကြောင့် ခုံရုံးတင် အရေးယူနိုင်ခြင်း ရှိ/မရှိဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် အငြင်းပွားလျက် ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် NUG ၏ အစည်းအဝေးတွင် အထက်ပါ အခြေအနေကို ဆွေးနွေးပြောကြားခဲ့ ကြခြင်း ဖြစ်သည်။
အဆိုပါ ပြောကြားချက်မှာ NUG ဘက်က တိုက်ကွက်ဖော်သည့်ပုံစံဟု ယူဆကြောင်း၊ အောင်မြင်မည်ဟု မထင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “NUG ဖက်က ခုနက ပြောတဲ့ ခုံရုံးကို တင်မယ်ဆိုတာမျိုးကတော့ဖြင့် သူ့ဖက်က ကြိုးစားမှု တစ်ခုလို့ပဲ ထင်တယ်၊ ထိထိရောက်ရောက် ဖြစ်လာနိုင်မယ်လို့တော့ ကျနော်မထင်ဘူး။ SAC က သူ့လမ်းကြောင်းအတိုင်းပဲ သူဆက်သွားမယ်လို့ပဲ ထင်တယ်၊ အဲဒီလမ်းကြောင်းအတွက်လည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီတွေ တချို့ကလည်း ပူးပေါင်းပြီး ရွေးကောက်ပွဲ အခင်းအကျင်းဖက်ကို သွားနေပြီ။ အဲဒါကြောင့် SAC မှာ အဖြေရှိတယ်၊ NUG ဘက်မှ အဖြေမရှိပဲ ကျနော်တို့ မြင်တာက တိုက်ကွက်ဖော်တယ်လို့ ထင်တယ်၊ အောင်မြင်မယ် မထင်ဘူး” ဟု ပြောသည်။
တရုတ်သံတမန် ဝမ်ယီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှောင်လွှဲချက်ပေးခဲ့ပြီး ICJ နှင့်လည်း အလုပ်ဖြစ်မယ် မထင်ကြောင်း၊ လက်ရှိ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) အနေဖြင့်လည်း လုံခြုံရေးကောင်စီ နိုင်ငံအများစုက လက်မခံသည့် UN ၏ တရားရုံးဖြစ်ကြောင်း ၎င်းက ပြောသည်။
မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် NUG ၏ အစည်းအဝေးတွင် ကုလသမဂ္ဂမှာ လုပ်ခဲ့သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်လုပ်သော သတင်းစာရှင်းလင်းပွဲ၌ နစကကို ခုံရုံးတင်အရေးယူနိုင်ရန်အတွက် မြန်မာအမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူများမှ တိုက်တွန်းနိုင်ခဲ့ခြင်းကို အားရဖွယ်ရာ တွေ့ရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
နစကကို ခုံရုံးတင် အရေးယူနိုင်ရန် လုပ်ဆောင်နေပြီဟု ပြောဆိုမှုမှာ မိမိတို့ အင်အားစုများ စိတ်ခွန်အားရှိစေရန် ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အဲဒီစကားတွေက ကိုယ့်အင်အားစုတွေ အားရှိအောင် ပြောတဲ့ စကားတွေပဲ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ လက်တွေ့ကတော့ အဲဒီအခြေအနေ မရောက်ရှိသေးပါဘူး။ အဲဒီ အခြေအနေရောက်ရှိဖို့ အရင်ဆုံးက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ ကျနော်တို့က အနိုင်တိုက်နိုင်မှ ဖြစ်မှာပါ။ အဲဒီလို မဖြစ်နိုင်သေးသမျှ ကာလပတ်လုံး အာဏာရှင်အချင်းချင်း အကာအကွယ်ပေးမှုတွေနဲ့ သူတို့ဖက်က ကြိုးပမ်းမှုတွေ ရှိနေပါတယ်” ဟု ပြော သည်။
တပ်မတော်ကို ဆန့်ကျင်ကာ ဒီမိုကရေစီတောင်းဆိုကြစဉ်
ပြီးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် ဆန့်ကျင်မှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲပြီး မြန်မာ့တပ်မတော်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။
လက်ရှိတွင်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 776
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂
ဒေသတည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးကိစ္စများအပေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် “ဝ” UWSA၊ ရှမ်း(SSPP)၊ မိုင်းလား(NDAA)မှ ခေါင်းဆောင် များ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးနေကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေး ကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က နစက ငြိမ်းချ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က နစက ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးနေသည့် UWSA-NDAA- SSPP မှ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
နစကဘက်က NSPNC ဥက္ကဋ္ဌလည်းဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ တက်ရောက်ခဲ့ကြသည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖတို့ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တွေ့ဆုံ ဆွေးနွေးပွဲကို မတ်လ ၂၃ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က UWSA-NDAA- SSPP မှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံ ဆွေးနွေးနေသည့် နစက ငြိမ်းချမ်းရေးအဖွဲ့ကိုတွေ့ရစဉ်
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကြား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးထားသည်။
နစကသည် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားရန် ပြင်ဆင်နေသလို အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ-နည်းဥပဒေ အသစ်ကို ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရန် သတ်မှတ်ခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီ ၃၈ ပါတီသည် ပါတီမှတ်ပုံတင်ထားပြီး ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 656
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂
မြန်မာများနေထိုင်နေသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်းရှိ လေးထပ်ဈေးဆိုင်တန်း အဆောက်အအုံကို ထိုင်းစစ်တပ်က မတ်လ ၂၂ ရက်နေ့ ဝင်ရောက်စီးနင်း၍ စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod မှ ရေးသားဖော်ပြထားသည်။
မြန်မာ့တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက်နေသူ ၂၀၀ ဝန်းကျင် လေးထပ်ဈေးဆိုင်တန်း အဆောက်အအုံမှာ နေထိုင်နေသည်ဟု ထောက်လှမ်းရေးသတင်း အချက်အလက်အရ ထိုင်းစစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာနတွင် ဖော်ပြထားသည်။
ထိုသို့ စီးနင်းစစ်ဆေးစဉ် ကျည်ဆံများ၊ ဒရုန်းများ၊ ဆေးဝါးများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ၊ ယူနီဖောင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Source: Khaosod
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂
ထိုင်းရှိ ဘန်ကောက်ဘဏ်တွင် အလည်ဗီဇာ(Tourist visa)ဖြင့် မြန်မာနိုင်ငံသား အများအပြား အကောင့်ဖွင့်လှစ် ခြင်းကြောင့် လက်ရှိတွင် အလည်ဗီဇာဖြင့် ပြည်ပနိုင်ငံသားများ အကောင့်ဖွင့်မှုကို ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရှိ ဘန်ကောက်ဘဏ်သည် မတ်လ ၈ ရက်နေ့မှ စတင်ကာ အလည်ဗီဇာဖြင့်ဝင်ရောက်လာသည့် မြန်မာ အပါအဝင် ပြည်ပနိုင်ငံသားများအနေဖြင့် ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် မြန်မာအချို့သည် ဆေးရုံ၊ ဆေးခန်း ထောက်ခံစာအတုများ ပြုလုပ်ပြီး သံရုံး၌ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ ဘန်ကောက်ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်း သည် ယခုနောက်ပိုင်းတွင် များပြားလာကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီး CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီနေရာမှာ တကယ်ပဲ လူနာဖြစ်ပြီးတော့ ဆေးလာကုတဲ့လူတွေလည်း ရှိတယ်။ ပြီးရင် သက်ဆိုင်ရာ သံရုံးက ထုတ်ပေးတဲ့ ထောက်ခံစာရယ်၊ ဆေးသွားကုသမှုခံယူတဲ့ ဆရာဝန်ရဲ့ လက်မှတ်နဲ့ ထောက်ခံစာရယ် နှစ်ခုကို ပေါင်းပြီးတော့ ဘဏ်ထဲကို သွားပြရင် အဲဒီ အလည်ဗီဇာနဲ့ ဘဏ်ကနေပြီး ဘဏ်အကောင့် ဖွင့်ပေးတယ်။ ဆိုတော့ ဒါမျိုးတွေ နောက်ပိုင်းမှာ များလာတယ်။ တချို့မြန်မာနိုင်ငံသားတွေပေါ့ ငွေဖြူ၊ ငွေမည်းကို သူတို့ ကိုယ်တိုင်က သေသေချာချာ မကွဲပြားတော့ဘူး။ ငါတို့ ဘဏ်အကောင့်ရဖို့ အရေးကြီးတယ်ဆိုပြီးတော့ ဆေးရုံ၊ ဆေးခန်း လက်မှတ်တွေကို ပိုက်ဆံပေးပြီးတော့ လုပ်ကြတယ်။ သံရုံးထောက်ခံစာ သွားယူတယ်။ သံရုံးထောက်ခံစာရရင် အလည်ဗီဇာနဲ့ ဘဏ်အကောင့်သွားဖွင့်တယ်။ အခုဒီဟာ သံရုံးကမထုတ်ခင် လေးလလောက်ကတည်းက ထိုင်းအစိုးရက ငွေခဝါချတဲ့ အဖွဲ့အစည်းဌာနကနေ စစ်ဆေးတယ်။ စစ်ဆေးတော့ ဘန်ကောက်ဘဏ်ထဲမှာ မြန်မာနိုင်ငံသားအများစုက အလည်ဗီဇာတွေနဲ့ချည်းပဲ။ ဆိုလိုတာက ဒီဘဏ်အကောင့်ကို ကြည့်လိုက်ရင် ဒီ ဗီဇာသက်တမ်းရှိလား၊ မရှိလားပေါ့။ ဒီစာအုပ်က သက်တမ်းတွေ ရှိသေးလား မရှိသေးလား သက်တမ်းတွေ ပေါ်တယ်လေ။ ပေါ်တဲ့အခါကျတော့ ဒီလူက ထိုင်းကိုအလည်လာပြီးတော့ ဘဏ်အကောင့် ဖွင့်သွားတယ် ငွေအဝင်၊ အထွက် သုံးနေတယ်ဆိုတာ ပေါ်တယ်” ဟု ၎င်းကပြောသည်။
မြန်မာသံရုံး၌ ဘန်ကောက်ဘဏ်မှ ကောင်တာဖွင့်၍ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေစဉ်
အလည်ဗီဇာသမားများအား ဘန်ကောက်ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်း ယာယီရပ်ဆိုင်းထားသော်လည်း ထိုင်းတွင်လုပ်ငန်းဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများ၌ ပညာသင်ကြားနေသူ၊ ဆေးရုံတက်ကုသမှုခံယူနေရသူ၊ ပိုင်ဆိုင်မှုပြသနိုင်သူ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများ၌ လုပ်ကိုင်နေသူ၊ Retirement Visa ရယူ နေထိုင်သူနှင့် သာသနာရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား မြန်မာသံရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထို့အပြင် Thailand Elite / Thailand Privilege Card ကိုင်ဆောင်သူ၊ ထိုင်းအိမ်ထောင်စုစာရင်းတွင် ပါရှိသည့် နိုင်ငံခြားသားများ၊ အလုပ်လုပ်ခွင့်ရှိသူ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သံရုံးမှ ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ဘဏ်အကောင့် ဖွင့်လှစ်နိုင်ကြောင်းလည်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုကဲ့သို့ မြန်မာအပါအဝင် အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဘန်ကောက်ဘဏ်၌ ဘဏ်အကောင့်ဖွင့်လှစ်ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းသည် အမှန်တကယ်လိုအပ်နေသည့် မြန်မာများအတွက် စိစစ် ကြန့်ကြာမှုများ ယခင်ထက် ပိုမိုရှိသွားနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ခုနက မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ငွေကြေးတွေ ကိစ္စတို့၊ တရားမဝင် အခွန်ရှောင်တဲ့ ငွေကြေးတွေ ကိစ္စ အဲဒီ ကိစ္စတွေကို လိုက်ပြီးတော့ သူတို့အနေနဲ့ စိစစ်တာပေါ့နော်။ အရင်ထက်ပိုပြီးတော့ စစ်ဆေးလာတာရှိမှာပဲ။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ ၁၀ ချက်လားမသိဘူး ရှိတယ်။ အဲဒီမှာ လုပ်ငန်းဗီဇာနဲ့ နေတဲ့လူတွေ၊ နောက် စီးပွားရေးလုပ်တဲ့လူတွေ သူတို့မှာ အထောက်အထားတွေ အပြည့်အစုံရှိတယ်၊ ကျောင်းတက်တဲ့လူတွေ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီးရှယ်ယာဝင်ပြီး လုပ်နေတဲ့လူတွေ၊ သာသနာရေးတို့ဘာတို့ ဒါမျိုးတွေဆိုရင်တော့ နောက် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားလည်းပါပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေကျတော့ ဒီမှာ တရားဝင်ပေါ့။ မှတ်ပုံ တင်ပြီးတော့ လုပ်ပြီးသွားပြီဆိုရင် ဘဏ်စာရင်းတွေ ဘာတွေ ဖွင့်လို့ရပြီကို။ အဲဒီအုပ်စုတွေဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ လုပ်လို့ရတယ်။ အဲဒီထောက်ခံချက်တွေနဲ့ဆိုရင်လည်း ဘဏ်က လုပ်ပေးပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသဖြင့် တရားမဝင် လုပ်ငန်းများတွင် ဘဏ်အကောင့်ဖွင့်လှစ်ပြီး ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။