- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြည်လည်ပေါင်းစည်းရေး လုပ်ဆောင်နေကြောင်း ALP မှ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က CNI သတင်းဌာနသို့ ပြောသည်။
သို့သော်လည်း လက်ရှိတွင် ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း၊ တစ်ပေါင်း တစ်စည်းထဲဖြစ်ရေး ကြိုးစားလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ဟုတ်ကဲ့ ရှိပါတယ်။ ကျနော်တို့ကတော့ တောက်လျှောက်ဆွေးနွေးရေး၊ ကျနော်တို့ တောက်လျှောက်တိုက်လာတဲ့ ဗမာအစိုးရနဲ့တောင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်တွေကို ကျနော်တို့ လုပ်လို့ရ သေးတာပဲ။ ကျနော်တို့က တစ်ပါတီတည်းရှိခဲ့တဲ့ဟာ ကျနော်တို့လည်း လုပ်လို့ရကို ရလိမ့်မယ်လို့ ယူဆထားတယ်၊ ကျနော်တို့ လူငယ်ပိုင်းတွေက လောလောဆယ်မှာက မဖြစ်သေးဘူးပေါ့ဗျာ၊ ဒါပေမဲ့ ကျနော်တို့ ဘယ်လို ရှေ့ဆက် ပြီး ပါတီတစ်ပေါင်းတစ်စည်းထဲ ဖြစ်လာဖို့လည်း ဒီနေ့ထက်ထိကို နေ့စဉ်နဲ့အမျှ ကြိုးစားနေပါတယ်၊ နေ့စဉ်နဲ့အမျှ လည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်းနဲ့ အင်အားစုကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ် တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့ သွားလိုသော လမ်းကြောင်းနှင့် ဒေါ်စောမြ ရာဇာလင်း ဦးဆောင်သည့်အဖွဲ့ သွားလိုသောလမ်းကြောင်း မတူညီဟုဆိုကာ နှစ်ခြမ်းထပ်ကွဲသွားသည်။
လက်ရှိတွင် ALP သည် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အုပ်စု၊ ခိုင်ရဲခိုင် ဦးဆောင်သော အုပ်စုနှင့် ဒေါ်စောမြရာဇာ လင်း ဦးဆောင်သော အုပ်စုဟူ၍ အုပ်စု ၃ ခု ကွဲနေသည်။
ဦးခိုင်ရဲခိုင် အင်အားစုကို တွေ့ရစဉ်
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “အဲဒီလို ပုံစံမျိုး ချိတ်ဆက်ပြီး လုပ်ငန်းသဘောတရား ချိတ်ဆက်ပြီးတော့ မရှိဘူး။ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး ရှိပါတယ်။ ကျနော်တို့ မနေ့ကဆိုလည်း ကျနော်တို့ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်တဲ့ဘက်က စစ်ဦးစီးချုပ် ခိုင်မင်းစိုးနဲ့ ကျနော်နဲ့ဆိုလည်း ပါတီရဲ့ ဖြစ်ပျက်နေတဲ့ကိစ္စကို တောက်လျှောက် ပြောဖြစ်ကြပါတယ်။ ရှိပါတယ်။ အဲဒီလိုပဲ ဆရာမ စောမြရာဇာလင်းနဲ့ဆိုလည်း အခါခါသင့်သလို ပြောဖြစ်ကြတာ ရှိပါတယ်။ ကျနော်တို့ ဘယ်လိုဆက်ပြီး ဒီအတိုင်းသွားနေလို့တော့ မဖြစ်ဘူးဆိုတဲ့ဟာတွေပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်သည် ဦးခိုင်စိုးနိုင်အောင်၏ အုပ်စုက ဖြစ်သည်။
လက်ရှိ ALP ၃ ဖွဲ့ ကွဲနေခြင်းနှင့် ပတ်သက်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အခြေအနေအပေါ် ဒေါ်စောမြရာဇာ လင်းကို ဆက်သွယ် မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက် မပြုလိုကြောင်း ပြောသည်။
ALP သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး လက်ရှိ တွင်လည်း နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျှက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 569
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစ်စနယ်ဝန်းကွပ်ကွဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို တွေ့ဆုံပွဲတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးလည်း တက်ရောက်ခဲ့သည်။
လက်ရှိ မြန်မာ-တရုတ် နယ်စပ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 485
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ စက်တင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံ၍ ရွေးကောက်ပွဲ မဲပေးစနစ်အကြောင်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲအတွင်း မဲပေးမှုစနစ်အတွက် ဆွေးနွေးရန် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ ရောက် ရှိနေကြပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၃၆ ပါတီခန့်ကို ဖိတ်ကြားထားသည်ဟု ကြားမိကြောင်း ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဧည့်သည်တွေတော့ လာတယ်ဆိုတာ သိတယ် လာတယ်ဆိုတာလေ။ ဒါပေမဲ့ မနက်ဖြန်ကြရင် ရန်ကုန် တိုင်း အစိုးရရုံးမှာ ထင်ပါတယ်။ ကျမ သိသလောက်ဆိုရင် အဲဒီမှာ အခု ဖိတ်ထားတဲ့ ပါတီခေါင်းဆောင်တွေ လာတယ်၊ အဲဒီမှာ မဲစနစ်၊ နောက်လာမယ့် ရွေးကောက်ပွဲမှာ စက်နဲ့ပေးရမယ်ထင်တယ်၊ အဲဒီစက် လုပ်နည်း လုပ်ဟန်တွေကို ဘယ်လို မဲပေးရမလဲဆိုတာကို သူတို့ဆီက ခေါ်တင်မယ်၊ စက်နဲ့ ဘယ်လိုမဲပေးရမလဲ၊ မဲမသမာ မှုများမဖြစ်အောင် ဒီစက်နဲ့ မဲပေးမယ်လို့ပြောတယ်၊ အဲဒါကြောင့် အဲဒီလောက်အထိပဲ ကျမသိတယ်” ဟု ပြော သည်။
နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
ထို့အတူ ရွေးကောက်ပွဲ မဲပေးစနစ်အပြင် အချို့ကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) နှင့် ပတ်သက်၍လည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီများနှင့် UEC တို့ တွေ့ဆုံဆွေးနွေးမှုကို ပါတီမှတ်ပုံတင်ကျသော နိုင်ငံရေးပါတီများကိုသာ ဖိတ်ကြားကြောင်း ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကတော့ မှတ်ပုံတင်ခွင့်ပြုတဲ့ပါတီကို ဖိတ်တယ်လို့တော့ ကျနော်တို့က ခုထိ မှတ်ပုံတင် မကျသေးဘူး လေ။ မပေးသေးဘူး။ အဓိက-ကလည်း သူတို့မှတ်ပုံတင် ခွင့်ပြုဖို့ စိစစ်တယ်ဆိုတာက တည်ထောင်လိုသူ အနည်း ဆုံး ၁၅ ဦးရှိရမယ်၊ ကျနော်တို့ဆို ၁၇ ဦး တင်ထားတယ်ပေါ့နော်၊ အဲဒီ ၁၇ ဦးကိုပဲ စိစစ်ရတာ၊ အဲဒါကို ကျနော်တို့ မှတ်ပုံတင်တာ ၅ လကျော်သွားပြီပေါ့၊ မှတ်ပုံတင်ဥပဒေ အသစ်ထွက်တာ ၇ လ ကျော်သွားပြီပေါ့” ဟု ပြောသည်။
UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၁၄ ပါတီရှိပြီး၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီရှိကြောင်း သိရသည်။
- By cni
- Category: နိုင်ငံရေး
- Hits: 688
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် ပြည်ထောင်စုလွှတ်တော်က အတည် ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစကကောင်စီ အစည်းအဝေး (၃/၂၀၂၃)တွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မျောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးခဲ့သည်”ဟု ပြောသည်။
နစကကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား၍ စီစဉ် ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။
NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတွေ့ရစဉ်
NCA စာချုပ်ကို KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုက ရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများလည်း အသိသက်သေများအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားခဲ့သည်။
- By cni
- Category: နိုင်ငံရေး
- Hits: 368
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
လက်ရှိ တော်လှန်ရေးအင်အားစုများကို ညီညွတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စုစည်းရမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဆင်နွှဲနေသည့် တော်လှန်ရေး၏ အရင်းအမြစ်ပြဿနာကို မေ့လျော့ကာ လက်နက်ရှိလာသည်နှင့် ပြည်သူ အပေါ် အာဏာပြချင်သည့်သူမျိုးများ ပါဝင်လာတတ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေ သည်ကို ကြားသိရကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီး ဦးမန်းဝင်းခိုင်သန်းက ဩဂုတ် ၂၉ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ကိစ္စများအား NUG အနေဖြင့် ကွင်းဆင်း စစ်ဆေးရမှာဖြစ်ကြောင်း၊ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရမှာဖြစ်ကြောင်း ဦးကြီးမြင့်က ပြောသည်။
ဦးမန်း၀င်းခိုင်သန်းကိုတွေ့ရစဉ်
၎င်းက “လက်နက်ရပြီးတော့ တော်လှန်ချင်တဲ့ စိတ်ရှိတာကို ထိုင်ဦးချရမှာ မန်းဝင်းခိုင်သန်းတို့ ထိုင်ဦးချထားရမှာ သူတို့လုပ်နိုင်ရဲ့လား သူတို့လုပ်ရမှာ သူတို့က အဲဒီလက်နက်ကိုင်ပြီးတော့ တိုက်တဲ့သူတွေ ညီညွတ်အောင် စုစည်း ပေးရမယ်၊ ညီညွတ်အောင် စည်းရုံးရမယ်၊ အဲဒီလူတွေကို ကွင်းဆင်းစစ်ရမယ်၊ သူတို့လိုအပ်တာတွေ ဖြည့်ပေးရ မယ်၊ အဲလိုလုပ်ရမှာလေ။ သူတိုက်နိုင်လား အဲဒီသေနတ်ကိုင်ပြီး သူတိုက်နိုင်လား။ ဟိုဥစ္စာ စစ်အာဏာရှင်ကို သေနတ်ကိုင်တိုက်လို့ စစ်အာဏာရှင်က လေးစားလာတာ၊ လေနဲ့ တိုက်နေတဲ့ အစိုးရကို မလေးစားဘူး။ အဲဒါပဲ မန်းဝင်းခိုင်သန်းကို ပြောလိုက်ပါကွာ၊ ငါကပြောတယ်လို့ အဲဒီအတိုင်းပြောလိုက်၊ အဲဒီအတိုင်း လွှင့်လိုက်” ဟု ပြောသည်။
ထို့အတူ သတိထားဖြေရှင်းရမည့် ကိစ္စများကိုလည်း ပြဿနာမကြီးထွားခင် မြန်မြန်ဆန်ဆန် ဖြေရှင်းရန်လိုအပ် သလို တာဝန်ရှိ ဝန်ကြီးဌာန အဆင့်ဆင့်ကလည်း အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းရန် အရေးကြီး ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
လက်ရှိ တော်လှန်ရေးကို ဆင်နွှဲနေကြသည့် ပြည်မအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းများကို NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်
၎င်းက “ဒီလက်နက်ပိုင်းရော ပြီးတော့မှ တခြားလိုအပ်တဲ့ စားနပ်ရိက္ခာပိုင်းရော ထောက်ပို့အနေနဲ့ ရပ်တည်ပေးနိုင် တဲ့ အတွက်ကြောင့် အဲဒီ main PDF တွေကို သူတို့ တပ်ရင်းတပ်ခွဲအလိုက် သူတို့ထိန်းကျောင်းလို့ ရနိုင်တယ်၊ သို့သော် ခုနပြောတဲ့ ပြည်သူတွေကို ဗိုလ်ကျတယ်လို့ ပြောတဲ့ဟာက ဒါဟာ အဓိကအားဖြင့်တော့ ဘယ်အဖွဲ့ ဘယ် အဖွဲ့ဆိုတာ ဆိုလိုခြင်း မဟုတ်ဘဲနဲ့ စစ်ကောင်စီကို တိုက်ထုတ်နေတဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို စနစ်တကျ မစုစည်းနိုင်တဲ့ အဓိကပြဿနာလို့ ကျနော်က မြင်တယ်၊ ဆိုတော့ NUG အနေနဲ့လည်း ဒါကို တာဝန်ယူ ဖို့အတွက် တာဝန်ခံနိုင်ဖို့ ဒီထက်ပိုပြီးမှ စုစည်းနိုင်ဖို့က အများကြီး အားနည်းချက်တွေ ရှိမှာပေါ့လေ” ဟု ပြော သည်။
လက်ရှိတွင် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်အချို့နှင့် ဒေသခံကာကွယ်ရေးတပ်အချို့တို့ မသင့် မြတ်မှုများကိုလည်း NUG အနေဖြင့် တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ကြောင်း ဦးကြီးမြင့်က ပြောသည်။
၎င်းက “အဲဒါလည်း သူတို့တာဝန်ပဲ NUG က နိုင်ထူးအောင်တို့၊ အောင်ဆွေတို့လား အဲဒီကောင်တွေ ကိုင်တာတွယ် တာတွေ မှားတာ ဟိုကောင်တွေ လက်ဖဝါးကြီးတံတိုင်းက ခံတိုက်လာတာ၊ ခံတိုက်လာပြီးတော့ စစ်အာဏာရှင် မျက်ပုလဲဆန်ရူးဖြစ်တော့မှ သူတို့တွေက ဝင်ပြီးတော့ အဲဒီကောင်တွေကို အလှူခံပေးသလိုလိုနဲ့ သူတို့လည်း သုံး၊ သူတို့လည်း လုပ်ရင်းလုပ်ရင်းနဲ့ အခုတော့ NUG က ပြည်သူလူထုထောက်ခံမှု တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုလည်း NUG က အားကြီးလာတဲ့အခါမှာ NUG က အပေါ်စီးနဲ့ ဆက်ဆံလာတာ၊ NUG ဆိုတဲ့နေရာမှာ အကုန်လုံး မဟုတ် ဘူး။ NUG ကာကွယ်ရေးဌာန ရည်မွန်တို့၊ မောင်အောင်ဆွေတို့ အထူးသဖြင့် နိုင်ထူးအောင်နဲ့ ဟိုဟာ အဲဒီကောင် တွေက ဘာသမိုင်းကြောင်းမှ မရှိဘူး။ ဘာမှလည်း သိပ်တတ်တာ မဟုတ်ဘဲနဲ့ သူတို့လည်း အပေါ်စီးလည်းရရော ဟိုက လက်ဖဝါးကြီးနဲ့ တိုက်လာတဲ့သူကို အပေါ်စီးက ဆက်ဆံချင်တာ၊ အဲဒါသူတို့မှားတယ်၊ အပေါ်စီးရရင်လည်း အပေါ်စီးရတဲ့ကောင်က ပိုပြီးချိုသာရမှာ၊ ညှင်သာရမှာ၊ ညီညွတ်ရေးလုပ်ရမှာ သူတို့ဝိတ်နဲ့ စည်းရုံးရမှာ အဲဒီဟာကို အာဏာသုံးပြီးတော့ ဟိုကောင်တွေကို ချေမှုန်းပစ်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခင်းအကျင်းအရ ဒီမိုကရေစီ လှုပ်ရှားမှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံကာကွယ်ရေးတပ် (LDF)များ ရာနှင့်ချီ ပေါ်ပေါက်ခဲ့ သည်။
အဆိုပါ တစ်သီးတခြား ရပ်တည်လှုပ်ရှားနေကြသော လက်နက်ကိုင် အဖွဲ့အစည်းများအား NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 433
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစက(ကောင်စီ) အစည်းအဝေး(၃/၂၀၂၃)ကို ကျင်းပခဲ့ရာမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်း အခြေခံ အချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ရွေးကောက်ပွဲအတွက် မဲစာရင်း ကြည့်နေသူ တစ်ဦးကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထား ဆောင် ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည် ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာလျင် မှန်ကန်သည့် မဲစာရင်းများ ရရှိ မည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်”ဟု ပြောသည်။
ထို့နောက် ရွေးကောက်ပွဲ တစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေး နိုင်ရေး ကြိုတင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစက(ကောင်စီ) အစည်းအဝေး ကျင်းပနေစဉ်
ထို့နောက် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျ ရှိစေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်း ဆောင် ရွက် ပေးသွားမည်ဟု ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ယခင်က ပြောကြားခဲ့သော်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိတော့ပေ။
ထို့နောက် ယခု ၂၀၂၄ ခုနှစ်မှ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီး ကျင်းပမည်ဟု ပြောလာသည့် အပေါ် တွက်ကြည့်ပါက ၂၀၂၅ ခုနှစ်လောက်မှ ရွေးကောက်ပွဲ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ များက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(NSPNC)နှင့် PPST အဖွဲ့ဝင် EAO(၅)ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း EAO(၅)ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၉ ရက်မှ ၃၁ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့ ကြောင်း၊ EAO (၅)ဖွဲ့ဘက်က ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ သည်။
သြဂုတ် ၂၉ ရက်နေ့က နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်များဘက်က ကိစ္စရပ် (၄)ခုကို တင်သွင်းပြီးနောက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုကိစ္စရပ်များတွင် UPDJC နိုင်ငံရေးပါတီများ အစု အဖွဲ့နှင့် လေ့လာဆန်းစစ်ရေးအဖွဲ့တို့က အဆိုပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ပုဒ်မများ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စများနှင့် EAO ဒေသများတွင် လူသား ချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု EAO(၅)ဖွဲ့က ထုတ်ပြန်ခဲ့သည်။
EAO ၅ ဖွဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့နောက် “ဒုတိယနေ့ သြဂုတ် ၃၀ ရက်နေ့တွင် NCA-S EAO (၅)ဖွဲ့ဘက်မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအ ညီများ ရရှိရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း အကောင်အထည်ဖော်ရာတွင် NCA-S EAO ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေး၊ လက်ရှိ ပြည်တွင်း နိုင်ငံရေး နယ်ပယ်တွင် EAO များ၏ အခန်းကဏ္ဍများကို မြှင့်တင်နိုင်ရေး၊ EAO များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးခွင့် ရရှိရေး သေချာဆွေးနွေးသုံးသပ်ခဲ့ကြသည်”ဟု ၎င်းတို့က ထုတ်ပြန်ခဲ့ သည်။
ထို့နောက် လာမည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA လက် မှတ် ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စသည့် အချက် များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု NCA-S EAO (၅) ဖွဲ့က ထုတ်ပြန်ခဲ့သည်။
- By cni
- Category: နိုင်ငံရေး
- Hits: 402
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ ဆက်ဆံရေးသည် မည်သည့်အဆင့် တစ်ခုမှာ ရှိနေသလဲဆိုသည့် အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးနေကြသည်။
မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ယခင်ကတည်းက မဟာမိတ်ဆက်ဆံရေးရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နစကအာဏာရယူပြီးနောက် မဟာမိတ်ဆက်ဆံရေးမှာ ပိုမိုခိုင်မြဲလာ ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အလွန် နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရေး ကြိုးစားနေကြကြောင်း၊ နိုင်ငံရေး/စစ်ရေး မဟာမိတ်အဖြစ် တည်ဆောက်ကြကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုတော့ မဟာဗျူဟာမြောက် မိတ်ဖက်သည် ရုရှားဖက်ကို အင်အားပြင်းပြင်းနဲ့ ရွေ့တာပေါ့၊ နောက် တရုတ်ဖက်ကလည်း ပြန်ပြီးတော့ ချိတ်ဆက်တာပေါ့၊ ၂၀၂၁ အလွန်ကာလမှာ အပြိုင်တော့ဖြင့် တရုတ်ရယ်၊ ရုရှားရယ်၊ မြန်မာ့အစိုးရ၊ မြန်မာ့တပ်မတော်ရယ်သည် လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ ကြိုးစားတာပေါ့၊ အိန္ဒိယသည်လည်း မိတ်ဖက်သဘော ဖြစ်လာတာပေါ့၊ ဒါလည်း သူ့ရဲ့ အကျပ်အတည်းလည်း ဖြစ်မှာပေါ့၊ အားလုံး ကို ပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာမြောက်မိတ်ဖက်က နယ်စပ်တစ်လျှောက်နိုင်ငံတွေနဲ့ အပြိုင်ပေါ့ဗျာ၊ အရှေ့ဥရောပ ရုရှားဖက်အထိ ရွေ့တာပေါ့၊ ဒါကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လုံခြုံရေး ကောင်စီမှာ လူ့အခွင့်အရေး ဘာညာနဲ့ မှတ်ချက်ပြုတဲ့အခါမှာ ရုရှား-တရုတ်က မပါဘူးလေ။ ကျနော်ထင်တယ် ပိုခိုင်မြဲတဲ့သဘော အခုနောက်ပိုင်းမှာ တွေ့ရတာပေါ့၊ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ ရုရှား-မြန်မာ့တပ်မတော်ရဲ့ တည်ဆောက်မှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပိုခိုင်မြဲလာတာပေါ့၊ အခုကတော့ အားလုံးသည် multipolar ဖက်ကို သွားနေတာပေါ့” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးနှင့် ရုရှား တာဝန်ရှိ ပုဂ္ဂိုလ်များ မကြာခဏ လာရောက်လေ့ရှိသလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာအနေဖြင့် ရုရှားနိုင်ငံအပေါ် မှီခိုမှုရှိနေသည်ဟု ပြောဆိုမှုများလည်း ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးထက်မြက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရုရှား-ဗမာ ဆက်ဆံရေးဆိုတာတော့ ယေဘုယျ သိနေတဲ့အတိုင်း ဗမာနိုင်ငံအနေနဲ့ စစ်ကောင်စီ အနေနဲ့ ကတော့ ရုရှားအပေါ်မှာ လုံးဝမှီခိုတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ အမေရိကန် သတင်းဌာနတွေရော ကျန်တဲ့သူ တော်တော်များများက ပြောနေကြတာရှိတယ်၊ အဲဒါ တကယ်ဖြစ်ရပ်က မှန်မမှန် ဟုတ်မဟုတ် ဆိုတာကတော့ ဒါကတော့ လက်တွေ့ ကျင့်သုံးတဲ့ သူတွေအပေါ် မူတည်လိမ့်မယ်၊ တစိတ်ထဲမှာ ဒုတိယ သူတို့အားထားတာတော့ တရုတ်လို့ ပြောတယ်၊ ဒါပေမယ့် တရုတ်လို့ ပြောပေမယ့်လည်း တချို့ ချင့်ချိန်မှု မရှိတဲ့လူတွေကတော့ လုံးဝ အကူ အညီ ရတယ်လို့ မထင်ဘူး။ တရုတ်က အတိုင်းအတာ တစ်ခုနဲ့ပဲ သူ့စီးပွားရေးလုပ်ငန်းအရ ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ တချို့က တရုတ်ဖက်ကနေ ရပ်တည်တဲ့လူလည်း ရှိတယ်။ တချို့ကြတော့လည်း တရုတ်မုန်းတီးရေး ပေါ် မူတည်ပြီးတော့ တရုတ်ကလည်း ဟုတ်တယ် လုံးဝထောက်ပံ့နေလို့ ဒီလူတွေ ဒီလောက်အထိ ရောင့်တက်နေ တာလို့ ပြောကြတယ်။ အဲဒါ အမှန်ကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သိလိမ့်မယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ-ရုရှား ဆက်ဆံရေးသည် ပိုမိုရင်းနှီးသော ဆက်ဆံရေး၌ ရှိနေပြီး ရုရှားနိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် စီစဉ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 422
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များရှိ နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်ဖက်က လက်နက်ကြီးအပြင် လေယာဉ်ဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအတွင်းကို TNLA တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
PSLF/TNLA တပ်ဖွဲ့ဝင်တစ်ဦး
အဆိုပါ အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရေး TNLA မှ ပြန်ကြားရေးတာဝန်ခံထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် အရပ်သားများ ကွတ်ခိုင်မြို့ပေါ်သို့ ရောက်ရှိလာကြောင်း၊ လူနာများအားလုံး သက်သာကြောင်း ကွတ်ခိုင်မြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဋ္ဌ ဦးခမ်းညွန့်က CNI သတင်းဌာနကို ပြောသည်။
၎င်းက “ကျနော်တို့ ကွတ်ခိုင်မှာတော့ မရှိဘူး။ အခုဖြစ်တာ ဟိုမူဆယ်၊ နမ့်ခမ်းတို့ ဖြစ်တာလေ၊ နမ့်ဖက်ကာမှာ ဖြစ်တယ်ဆိုတာ ကျနော်တို့က မနေ့ကလည်း လူနာတော့ နှစ်ယောက်၊ သုံးယောက်တော့ ရောက်လာတယ်လေ။ ရောက်လာတော့ မနေ့ကတော့ပေါ့နော် ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အခြေအနေတော့ မသိဘူးလေ။ ဦးလေး ကွတ်ခိုင်မှာ နည်းနည်း အလှမ်းဝေးတယ်လေ” ဟု ပြောသည်။
မြန်မာ့တပ်မတော်မှ စစ်သည်များ
ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကြားသိရကြောင်း၊ မိမိအနေဖြင့် အလှမ်းဝေးနေသောကြောင့် တိုက်ပွဲ ဖြစ်ပွားမှု အသေးစိတ်ကို မသိရှိရသေးကြောင်း မူဆယ်မြို့နယ် TNLA ၏ ရုံးအုပ်တစ်ဦးက CNI သတင်းဌာနကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စတင်ကာ မြန်မာ့တပ်မတော်နှင့် TNLA တို့ နမ့်ခမ်းမြို့နယ်အတွင်း စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့တွင်ပါ လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
လက်ရှိမှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိနေသောအဖွဲ့လည်း ဖြစ်သည်။