- By CNI
- Category: နိုင်ငံရေး
- Hits: 801
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်သည့် မဲစာရင်းများတွင် မှားယွင်းမှုများ ရှိနေခြင်းကြောင့် နိုင်ငံရေးပါတီများကြား စိုးရိမ်မှုများရှိနေသည်ဟု နိုင်ငံရေးပါတီများနှင့် လေ့လာစောင့်ကြည့်သူများက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့် မဲစာရင်းများတွင် အမှားအယွင်းများ များနေကြောင်း၊ မဲစာရင်း ကပ်ထားသည်ကို သွားကြည့်ချိန်တွင် အလွဲအမှားများ တွေ့ခဲ့ရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၏ နေပြည်တော်ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေက အောက်တိုဘာ ၅ ရက်တွင် ၎င်း၏ လူမှုကွန် ရက် အကောင့်မှတဆင့် ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဆိုလျှင်လည်း ၎င်း၏ နာမည်တစ်ခုသာ မဲစာရင်းထဲတွင်ပါပြီး ကိုယ်စားလှယ်လောင်း၏ မိသားစုဝင်များက မဲစာရင်းထဲ၌ မပါကြောင်း ဦးလှဆွေက ထောက်ပြခဲ့သည်။

မဲစာရင်း ကြည့်နေကြစဉ်
မဲစာရင်းများ မှားယွင်းမှုအပေါ် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် တည့်မှတ်သွားနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက်ကို ကိုယ်စားလှယ်လောင်းတွေ ဒီပုဂ္ဂိုလ်တွေကနေပြီးတော့ အခု ဆွေးနွေးနေကြတဲ့ ဟာတွေကိုလည်းပဲ ကျနော်တို့ သိရပါတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက်က ဘယ်လို ကောင်းအောင် လုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေကို သွားနေကြတယ်။ ဖြစ်သွားတဲ့ ဖြစ်တည်မှုပေါ်မှာ စိုးရိမ်မှုက တော့ ရှိကြမှာပဲ၊ ဘာကြောင့်လဲဆိုရင် လိုအပ်ချက်တွေ ရှိသွားတာကို အမှားယွင်းလေးတွေ ရှိသွားကြတဲ့ အခါကြ တော့ ဒီစိုးရိမ်မှုအပေါ်မှာ နိုင်ငံရေးပါတီတွေ ကနေပြီးတော့ မိမိရဲ့ မဲဆန္ဒရှင်တွေ မဲစာရင်း ပါဝင်ရေးအတွက်ကို ပူး ပေါင်းပြီးတော့ ဆောင်ရွက်ကြမယ် ဆိုလို့ရှိရင် တည့်မတ်သွားနိုင်တဲ့ အနေအထားရှိတယ်လို့ ဒီလိုပဲ မြင်ပါတယ်။ သက်ဆိုင်ရာ ကျနော်တို့ ရွေး/ကော်တွေကို ဆွေးနွေးကြည့်လို့ရှိရင် ဒါတွေက အဆင်ပြေနိုင်တယ်ဆိုတဲ့ အနေအထားတွေ မြင်ရတယ်။ ကျန်တဲ့ပါတီတွေ အနေနဲ့ကလည်းပဲ စိုးရိမ်နေမယ့်အစား သူတို့တစ်တွေသည် အစစအရာရာ ကော်မရှင် လိုက်တွေနဲ့ ပူပေါင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင်တော့ ဒါသည် တည့်မတ် သွားနိုင်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပထမအကြိမ် ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်သည့် ပထမအကြိမ် မဲစာရင်းတွင် သေဆုံးသူ နာမည်များ ပါနေခြင်း၊ လူနာမည်များ ထပ်နေခြင်း၊ လမ်းနာမည်များ ထပ်နေခြင်းနှင့် မဲစာရင်း ကွာဟမှုများရှိနေခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံရေးပါတီများက ထောက်ပြကြ သည်။

မဲစာရင်း ကြည့်နေကြစဉ်
မဲစာရင်းဆိုသည်က မမှားသင့်သည့် အချက်ဖြစ်ပြီး UEC မှ တိကျမှန်ကန်စွာ လုပ်ဆောင်ခဲ့လျှင် ယခုလို နိုင်ငံရေး ပါတီများက စိုးရိမ်မှာ မဟုတ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမဲစာရင်းဆိုတဲ့ ဟာကတော့ မမှားသင့်တဲ့ အချက်ပေါ့၊ ဘာလို့ဆို ဒါ UEC ရဲ့အလုပ်လေ။ ဒါ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ခဲ့ရင်တော့ နိုင်ငံရေးပါတီက သူ့အလုပ်နဲ့သူလုပ် UEC က သူ့အလုပ်နဲ့ သူလုပ်ရတာပေါ့။ နိုင်ငံ ရေးပါတီတွေက တိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့ UEC ကို ပြန်တင်ပြရတော့ အလုပ်ရှုပ်တာပေါ့။ ဘယ်သူ က သေတယ်၊ ဘယ်သူက ဒီမှာ မဲစာရင်းမှာ မရှိဘူး၊ ဘယ်သူက မဲစာရင်းထဲမှာ လူရှိရဲ့သားနဲ့ မဲစာရင်းထဲ မပါဘူး ဆိုတဲ့ ကိစ္စတွေကတော့ ဒါနိုင်ငံရေးပါတီတွေကတော့ တိတိကျကျနဲ့ ပြန်တင်ပြသွားဖို့ လိုတာပေါ့။ ဟိုတခေါက် တုန်းကလည်း မဲစာရင်းတွေ ထပ်တာတို့ဘာတို့ ဖြစ်ခဲ့ဖူးတော့ နိုင်ငံရေးပါတီတွေက ကြုံခဲ့ဖူးပြီလေ။ ဒါအခု စိုးရိမ် တယ်ဆိုတာတော့ ဒီဘက် နိုင်ငံရေးပါတီဘက်က အပြစ်မရှိပါဘူး။ စိုးရိမ်တယ်ဆိုတာ အရင်တစ်ခေါက်တုန်းက မှားခဲ့ပြီးပြီလေ။ အခုတစ်ခေါက်လည်း မှားမှာကို ပိုပြီးတော့ စိုးရိမ်တာပေါ့၊ UEC ကလည်း ထွေ/အုပ်ကနေ ပြန် ကောက်တယ်ဆိုတော့ အဲတာလည်း သူတို့အနေနဲ့တော့ တိတိကျကျ မှန်မှန်ကန်ကန်လေး ပြန်ထုတ်ပေးသင့် တယ်လို့ မြင်တာပေါ့”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများကို သက်ဆိုင်ရာ မြို့နယ်၊ ရပ်/ကျေးများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားသည်။
ထို့ကြောင့် မဲဆန္ဒရှင် ပြည်သူများကလည်း မိမိ၏ မဲစာရင်း ပါ/မပါနှင့် မဲစာရင်း မှန်ကန်မှု ရှိ/မရှိကို သွားရောက် ကြည့်ရှုစစ်ဆေးကြရန် တိုက်တွန်းပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 680
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ရခိုင်ပြည်နယ်ထဲရှိ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့များထဲမှ အမ်း၊ သံတွဲ၊ တောင်ကုတ် နှင့် ဂွမြို့တို့သည် မြန်မာ့တပ်မတော်အတွက် ဘယ်လိုအရေးပါနေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုတွင် အာရက္ခတပ်တော်(AA) မှ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော် ဘက်မှ စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့ကို ထိန်းချုပ်ထားသည်။
ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုမှ မြို့နယ် ၅၆ ခုကို ကြေညာခဲ့ကာ ထိုထဲတွင် လက်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့ မပါဝင်သည်ကို တွေ့ရသည်။
မြန်မာ့တပ်မတော် အနေဖြင့် ထို ၄ မြို့နယ်ကို ရရှိမှသာလျှင် ဧရာဝတီဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဖြစ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

အမ်း၊ တောင်ကုတ်၊ ဂွ၊ သံတွဲ မြေပုံကိုတွေ့ရစဉ်
၎င်းက “တပ်မတော်ဘက်က ရည်မှန်းချက် ပထမ၊ ဒုတိယ ဖြစ်နိုင်တာပေါ့။ ဘယ်ဟာ ပထမ၊ ဘယ်ဟာ ဒုတိယ ဆိုတာတော့ မပြောနိုင်ဘူး။ လိုအပ်ချက်၊ လိုလားချက် ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် အဲဒီဥစ္စာကို ဘယ်လို ချဉ်းကပ် ကြမှာလဲ စစ်ရေးအရ ချဉ်းကပ်မှာလား၊ တွေ့ဆုံဆွေးနွေးမှုအရ ချဉ်းကပ်မှာလားဆိုတာတော့ နည်းဗျူဟာပိုင်း မပြောတတ်ဘူး။ သို့သော်လည်းပဲ ၄ မြို့နယ်နဲ့ပတ်သက်လို့ ကြေညာတာကို ULA/AA နဲ့ ညှိလိုက်ပြီးမှ ကြေညာ တာ မဟုတ်ဘူး။ အဲဒီ ၄ မြို့နယ် တောင်ပိုင်း အမ်း အထိကတော့ စစ်ရေးအရ မရ၊ ရအောင် ယူမယ်ဆိုတဲ့သဘော ယူဆတယ်။ အဲဒီလို တောင်ပိုင်း ၄ မြို့နယ်ကို ရမှပဲ ဧရာဝတီဒေသတစ်ခုလုံးကို လွှမ်းခြုံမယ်။ တစ်ဖက်က ငါးသိုင်းချောင်းရှိတယ်၊ လေးမျက်နှာရှိတယ် စသဖြင့်ပေါ့။ သာပေါင်းရှိမှာပေါ့။ ဧရာဝတီတိုင်းရဲ့ နယ်စွံ နယ်ဖျား တွေအထိ သွားနိုင်တယ်ဆိုတဲ့ဘက်နဲ့။ တစ်ဖက်ကလည်း အမ်း-မင်းဘူးလမ်းပေါ့ဗျာ။ တစ်ဖက်က တောင်ကုတ်-ပြည်ပေါ့။ အဲဒီဒေသဟိုးဘက်မှာ အပေါ်ဘက်ပြန်ကြည့်ရင် တပ်မတော်ဘက်က စစ်ရေးနဲ့ ပတ်သက်လို့ လက်နက် စက်ရုံတွေ အများကြီးရှိတာကို ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းတွေမှာ။ ဆိုတော့ ဒါတွေအထိ တစ်ဖက်က ရည်မှန်းချက် ရှိနိုင်တယ်။ အဲဒါကို ပထမထားမှာလား။ နိုင်ငံတကာ ဆက်ဆံရေးအရ ဘူးသီးတောင်၊ မောင်တော ကို ပထမထားမှာလား မပြောတတ်ဘူး။ အဲဒါတော့ စစ်ရေး ရည်မှန်းချက် မပါဘဲနဲ့ လုပ်လို့ရနိုင်မယ့် အနေအထား ရှိချင်မှရှိမယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့မှာ စစ်ရေးအရ အာမခံချက်ရှိသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အထဲ မပါဝင်ခြင်းဖြစ်နိုင်ကာ ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခု၌ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့သည် ရခိုင်ပြည်နယ်နှင့် ပြည်မသို့ အဓိက ထွက်ပေါက်အဖြစ် ရှိနေသည်။
ထို့ပြင် အမ်းမြို့တွင် မြန်မာ့တပ်မတော်ဘက်မှ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တစ်ခုလုံးအား လက်လွှတ် ဆုံးရှုံး ထားရသည့်အတွက် တပ်ဘက်မှ အခဲမကြေဖြစ်နေကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဲဒီ ၄ မြို့ကတော့ ရခိုင်ရဲ့ အရှေ့ဘက် မျက်နှာလို့ ပြောရမှာပေါ့နော်။ မျက်နှာစာမှာ ရှိတယ်။ နောက် ရခိုင်နဲ့ ပြည်မနဲ့ အဓိက ထွက်ပေါက်ထဲမှာ ရှိနေတယ်။ နောက်အဲဒီအထဲမှာမှ ရခိုင်မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုလည်း အမ်းထဲပါနေတယ်။ ဆိုတော့ ဒီဟာတွေကို သူတို့လွှတ်လိုက်ရတဲ့အတွင်းမှာ အခဲမကြေ ဖြစ်နေသလို တစ်ဖက်မှာလည်း အဲဒီလမ်းတစ်ကြောမှာလည်း တိုက်ပွဲတွေ ဆင်နေတယ်။ အဲဒီလမ်းကြောမှာပဲ အရှေ့ဘက်မှာရှိတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် အုပ်စုတွေ၊ ၂၀၂၁ နွေဦးမှာ သူတို့ရဲ့ အာဏာရှင်စနစ်ကို ရွံရှာမုန်းတီး ပြီး တပ်ဖွဲ့လာတဲ့ ရဲဘော်တွေ စုစည်းပြီးတော့ မဟာမိတ်စုဖွဲ့မှုနဲ့ သူတို့တွေကို တော်လှန်နေတာ ရှိတယ်လေ။ အဲဒီလို ဖြစ်နေတဲ့အခါမှာ ဒီဖြစ်စဉ်တွေကို ရန်သူဘက်က မကြိုက်တော့ ပိုပြီးတော့ ဒီထဲမှာရှိတဲ့ နယ်မြေတွေကို၊ နယ်မြေတွေရှိ ပြည်သူတွေကို အကြောက်တရားဖြစ်အောင် ခြိမ်းခြောက်နေတယ်လို့ပဲ မြင်တယ်။ အဲဒီနေရာက သူတို့ အုပ်ချုပ်မှုမှ မရှိတော့တဲ့ဟာ သူတို့အုပ်ချုပ်ရေး မရှိတော့ဘူး။ သူတို့ တပ်တွေမရှိတော့ဘူး။ သူတို့တွေ အဲဒီ နေရာကနေ စစ်ရှုံးလို့ ထွက်သွားရပြီလေ။ အဲဒီတော့ နောက်ဆုံးရှုံးပြီး ထွက်သွားတဲ့နေရာကို အခုက သူများခြံထဲ ရောက်သွားတဲ့ဟာကိုနေပြီး ဒါငါ့ဥစ္စာ၊ ငါ့ဟာဆိုပြီးတော့ အဲဒီလိုရွေးကောက်ပွဲကို အကြောင်းပြပြီး ပြောနေတာကို က အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်လို့မြင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်ထဲ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များမှာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ ဖြစ်သည်။
လက်ရှိတွင် ဒီဇင်ဘာလ ၂၈ ရက်၌ စတင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ရခိုင်ပြည်နယ် ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမည့်ပါတီ ၆ ပါတီရှိသည်။
ထိုပါတီများမှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ဦးဘရှိန် ဦးဆောင်သည့် ရခိုင် တိုင်းရင်းသားများပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 639
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇
အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ရန်ကုန်မြို့မှာ ဖမ်းဆည်းရမိခဲ့သည်ဟု ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် ရခိုင်ပြည်နယ် နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိ ပိတ်ဆို့ရှာဖွေစဉ် လှည်းကူးမြို့နယ်၊ လှည်းကူး- ဖောင်ကြီးလမ်းမပေါ်၌ အောင်ခန့်ကျော်နှင့် ထက်ဝေဖြိုးတို့ မောင်းလာသည့် Nissan Condor ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ “ရွှေမောင်း” လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့် ယာဉ်အား ငှားရမ်းချိတ်ဆက်ပေးသည့် ဇော်ဝင်းထွန်းနှင့် ဆန်းထွန်းကျော်တို့ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန်တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုး ငွေကျပ် ၄၉.၉၇ ဘီလီယံခန့်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကောင်း သိရှိရ၍ စက်တင်ဘာ ၂၇ ရက်တွင် သမ္မစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ကျော်နိုင်နှင့် မူးယစ်ဆေးဝါး သယ် ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ် ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သော Mitsubishi Fuso အဖြူရောင်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာမှ စိုးမင်းပိုင်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက် တွင် လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက် Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်း ပေးသူ ခင်မောင်တွတ်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင် ထွန်း အားလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
AA အဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 598
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဗန်းမောက်မြို့နယ်မှ တိုက်ပွဲရှောင်များကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း တိုက်ပွဲရှောင်များကပြော သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်က ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ်ဘက်သို့ တိမ်းရှောင်လာသည့် ခိုပြင် ကျေးရွာ၊ ပင်းမန(ခေါ်)ညောင်သာယာကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု ၄၅ စုနှင့် လူဦးရေ စုစုပေါင်း ၂၂၄ ဦး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၁၆၄ ဦးတို့ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲရှောင်များကို ထောက်ပံ့ပေးခဲ့သူတစ်ဦးက “ အနောက်ဘက်ခြမ်းရောက် စစ်ရှောင် တစ်အိမ်ထောင်စု တစ်စုကို ငွေ ၅၀,၀၀၀ ကျပ် ဆန် ၂ အိတ်၊ ဆီ ၁ ပုံးနဲ့အတူ အသားတု ငပိ ဆား၊ ချိုမှုန့် စတဲ့ ကလေးအသုံးဆောင် ဆေးဝါးတွေကို ထောက်ပံ့ပေးခဲ့တယ်”ဟု ပြောသည်။

KIA-PDF-ကဒူးတပ်ဖွဲ့ ပူးပေါင်း၍ ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီးနောက် အောက်တိုဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့နောက် SNA ထိန်းချုပ်နယ်မြေဖြစ်သည့် ဗန်းမောက်မြို့အနောက်ဘက်ခြမ်းသို့ ဒေသခံများ တိုက်ပွဲရှောင်လာခဲ့ ကြသည်။
လက်ရှိတွင် တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာနှင့် ကျန်းမာစောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1017
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း KIA-PDF-ကဒူးတပ်ဖွဲ့များ၏ မြို့သိမ်း တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်များကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ကျန်းမာ ရေးစောင့်ရှောက်မှုပေးကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် SNA သည် ၎င်းတို့ထိန်းချုပ်ထားသော ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းသို့ တိုက်ပွဲရှောင်လာကြ သည့် ခိုပြင်ရွာနှင့် ပင်းမန (ခေါ်) ညောသာယာရွာတို့မှ ဒေသခံ ၁၆၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးထား သည်။
SNA ထိန်းချုပ် နယ်မြေအတွင်း တိုက်ပွဲရှောင်လာသူများအနက် ခိုပြင်ကျေးရွာမှ မူလအိမ်ထောင်စု ၅၀ စုထဲမှ အိမ် ထောင်စု ၃၁ စု၊ လူဦးရေ ၁၁၃ ဦး(ကျား ၄၆ ဦး/မ ၆၇ ဦး၊ ကျောင်းနေအရွယ် ကလေး ၂၁ ဦးပါဝင်)၊ ပင်းမန (ခေါ်) ညောင်သာယာကျေးရွာမှ မူလအိမ်ထောင်စု ၃၅ စုမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၅ ဦး (ကျား ၂၄ ဦး/မ ၃၁ ဦး၊ ကျောင်းနေ အရွယ်ကလေး ၁၅ ဦး ပါဝင်)၊ စုစုပေါင်း ၁၆၈ ဦး တိုက်ပွဲရှောင်လာခဲ့ကြသည်။

တိုက်ပွဲရှောင်တစ်ဦးက “ဘေးလွတ်ရာရောက် ကျေးရွာသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးထားတယ်၊ ပြီးရင် ကျနော်တို့ စားသောက်ဖို့ဆိုပြီးတော့ ဆန်၊ ဆီ၊ ဆား ကို SNA တပ်မဟာ ၆၁၄ က ကူညီထောက်ပံ့ပေးထား ပါတယ်”ဟု ပြောသည်။
ထို့ပြင် SNA တပ်ဖွဲ့က မံအင်မင်းကုန်းတွင် တိုက်ပွဲရှောင် ပညာရေးဝန်ထမ်း ၁၆၄ ဦးကိုလည်း ကူညီစောင့်ရှောက် ပေးထားကြောင်း ဒေသခံများက ပြောသည်။
ဗန်းမောက်မြို့ကို KIA-PDF-ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ကာ အောက်တိုဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့ပေါ်နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်သည် SNA ထိန်းချုပ်ထားသော ဗန်းမောက်မြို့ အနောက်ဘက်ခြမ်း ဒေသသို့ တိမ်းရှောင်လာခဲ့ကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်၊ SNA တို့သည် ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ပင်းမန (ခေါ်) ညောင်သာယာရွာတို့အား စက်တင်ဘာ ၂၉ ရက်က ပြန်လည် ထိန်းချုပ်ခဲ့သလို ဗန်းမောက်မြို့ ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 916
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
လာမည့် NCA (၁၀)နှစ်ပြည့်သည် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် လက်ရှိ အခင်းအကျင်း နှင့် သက်ဆိုင်သူ အားလုံးကို ဖိတ်ရမည်ဖြစ်ပြီး ရန်ဖြစ်ထားသည်ဆိုပါက အားလုံးကို ဖိတ်စရာမလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားပြီးနောက် အောက်တိုဘာ ၁၆-၁၇ ရက်တို့တွင် ၂ ရက်တာ ငြိမ်းချမ်းရေးဖိုရမ်ကို ပြုလုပ်သွားမည်ဟု သိရသည်။
ငြိမ်းချမ်းရေးအတွက် လုပ်သည်ဆိုကတည်းက အားလုံးကို ဖိတ်ရမှာဖြစ်ပြီး ယူကရိန်းနိုင်ငံသည် တိုက်ရင်း ဆွေးနွေးသော လုပ်ငန်းစဉ်ကို လုပ်ဆောင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ထိုသို့ လုပ်ဆောင်ပါက မမှားဘူးဟု ထင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ လက်နက်ကိုင်များနဲ့နိုင်ငံရေးသားများကို တွေ့ရစဉ်
၎င်းက “ဖိတ်တဲ့လူကလည်း ဖိတ်သလား၊ ဖိတ်ချင်သလား။ နောက်ပြီး အဖိတ်ခံရတဲ့သူကလည်း သွားမလား၊ မသွားဘူးလားဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် ဖိတ်တာတော့ ငြိမ်းချမ်းရေး လုပ်တယ်ဆိုကတည်းက အကုန် လုံး ဖိတ်ရမှာပေါ့။ ရန်ဖြစ်တယ်ဆိုရင်တော့ အကုန်လုံး ဖိတ်စရာမလိုဘူးပေါ့။ တိုက်တဲ့လူကလည်း သူက ဘယ်နည်းနဲ့မဆို ငါတို့ ဘယ်လောက်ပဲတိုက်တိုက် နောက်ဆုံးကြတော့ ဆွေးနွေးကြရမှာပဲကွာ ဆိုလို့ရှိရင်လည်း သူတို့လည်း ဖိတ်လာရင် လက်ခံသင့်တာပေါ့။ နိုင်ငံတကာ ကြည့်လိုက်ပေါ့။ ဆွေးနွေးရင်း တိုက်ရင်းပဲ ယူကရိန်း ကြည့်လည်း ဆွေးနွေးရင်း တိုက်ရင်းပဲ။ ယူကရိန်းတောင် လုပ်တယ်ဆို ကျနော်တို့လည်း လုပ်တာမမှားဘူးလို့ ထင်တာပေါ့” ဟု ပြောသည်။
ထို (၁၀)နှစ်ပြည့် အခမ်းအနားအား စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) ခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်း သိရသည်။
အဆိုပါ NCA (၁၀)နှစ်ပြည့် အခမ်းအနားသို့ NCA ထိုးထားသည့် ၇ ဖွဲ့အပြင် UWSA၊ MNDAA နှင့် SSPP စသည့် ၃ ဖွဲ့လည်း တက်ရောက်ကြမည်ဟု သုံးသပ်ထားကြသကဲ့သို့ ULA/AA, TNLA နှင့် KNU တို့လည်း တက်ရောက်နိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများရှိသည်။

NCA ၈ နှစ်ပြည့် အခမ်းအနား တက်ရောက်ကြသူများကိုတွေ့ရစဉ်
NCA (၁၀)နှစ်ပြည့် အခမ်းအနားနှင့် ငြိမ်းချမ်းရေးဖိုရမ်အတွက် ဖိတ်ခေါ်သင့်သည့် အဖွဲ့များကို အကြံပြုထားသော် လည်း NSPNC ဘက်မှ တစ်စုံတစ်ရာ ပြန်ကြားချက်မျိုး မကြားရသေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအဖွဲ့ကို ဖိတ်သင့်တယ်၊ ဟိုအဖွဲ့ကို ဖိတ်သင့်တယ် စသည်ဖြင့် ကျနော်ကိုယ်တိုင် အကြံပြုတာတွေ ရှိတယ်။ ဒါပေမယ့် ဘာမှ ပြန်ကြားချက် မကြားရဘူး။ တုန့်ပြန်ချက် မကြားရတော့ ကျနော်လည်း မပြောနိုင်ဘူး ပေါ့ဗျာ အခု လောလောဆယ်က။ တချို့တလေကတော့ ကျနော်ထင်တယ် NSPNC ကလည်း တပ်ချုပ်ကြီး ရုရှား ပြန်ရောက် လာမှာကို စောင့်နေရမယ်ထင်တယ်။ တိုက်တာရော၊ မတိုက်တာရော အကုန်ဖိတ်သင့်တာပေါ့။ သွားတာ၊ မသွားတာက တစ်ကြောင်းလေ ဟုတ်တယ်မလား။ ဒါပေမယ့် သူတို့ဖိတ်တယ်၊ မဖိတ်ဘူးဆိုတာလည်း ကျနော်တို့ မသိရ ဘူး။ အဖိတ်ခံရတဲ့လူကလည်း အဖိတ်ခံရလား၊ မရဘူးလားဆိုတာလည်း မပြောတော့ ကျနော် တို့လည်း မပြောတတ်ဘူးပေါ့” ဟု ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားနှင့် ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို အိမ်နီးချင်း နိုင်ငံများက ဖိအားပေး လာနိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1355
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ကာ မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့သည်။
ထို့နောက် KIA-PDF-ကဒူးတပ်ဖွဲ့တို့သည် စက်တင်ဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ကချင်-စစ်ကိုင်းနယ်စပ်မှာရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့ ၁၈ ဖွဲ့ထက်မနည်း စက်တင်ဘာလ ၁၅ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ISP Myanmar က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဗန်းမောက်မြို့ကို KIA-PDF ထိန်းချုပ် လိုက်နိုင်ခြင်းက တော်လှန်ရေးတပ်များအတွက် ပဋိပက္ခအတွင်း စစ် စီးပွားရေး (war economy) နှင့် ဘဏ္ဍာတိုက်ကို ဖြည့်တင်းပေးနိုင်သည့် ရွှေသတ္တုနယ်မြေ (mining) အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းများကိုပါ တိုးချဲ့ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ISP Myanmar မှ ဖော်ပြ ခဲ့သည်။

ဗန်းမောက်မြို့ အရေးပြမှု ပြသထားစဉ် (ISP Myanmar)
ISP Myanmar က “ဗန်းမောက်ဟာ စစ်ရေးအရ ကြီးမားတဲ့ အချက်အချာကျမှု မရှိပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေကို ကူးသန်းနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းပေါ်မှာ ရှိပါတယ်။ အရင် က စစ်ကော်မရှင်တပ်တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့က ထိန်းချုပ်ထားပြီး ကြားကနေ ဖြတ် တောက် ထားပါတယ်။ အခုတော့ အိန္ဒိယနယ်စပ် ထွက်ပေါက် ဗန်းမောက်-တမူးလမ်းပိုင်း၊ ဗန်းမောက်-အင်းတော်-ရှမ်းမြောက်ဒေသ လမ်းပိုင်း တစ်ခုလုံးကို တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် ဗန်းမောက်ဟာ ရွှေထွက်တဲ့ ဒေသဖြစ်ပါတယ်။ မြို့ရဲ့ အနောက်ဘက်တကြောမှာ ရွှေတွင်းတွေ ရှိပါ တယ်။ မဲဇာမြစ်ကြောင်း တလျှောက်ဟာလည်း ရွှေမျောတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရာ နယ်မြေဖြစ်ပါ တယ်”ဟု ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးနှင့် စစ်စီးပွားရေး မျက်နှာစာဆိုသော စာတမ်းမှာ ပြောထားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ်အထိ ဗန်းမောက်မှာ တရားဝင်ရွှေလုပ်ကွက် ၂၇ ခု၊ လျှောက်ထားဆဲ ၁၀၀ ဝန်းကျင်ရှိခဲ့ သော်လည်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ရွှေတူးဖော်မှု အများအပြား တိုးလာကြောင်း၊ ရွှေကျင်းနှင့် မျောပေါင်း ၁,၂၀၀ ထက်မနည်း ရှိလာကြောင်း ISP Myanmar က ထောက်ပြထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
အဆိုပါ ရွှေလုပ်ကွက်များရှိသည့် နယ်မြေများကို ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးတပ်များ၊ မြန်မာ့တပ်မတော် အပါအဝင် SNA တပ်များအကြား အားပြိုင်မှုများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ISP Myanmar က “ဗန်းမောက်ဟာ စစ်စီးပွားရေး လိုအပ်ချက်နဲ့ ဘဏ္ဍာငွေ ဖြည့်တင်းပေးနိုင်တဲ့ နယ်မြေ အစိတ်အပိုင်း တစ်ခု (missing piece in sustaining the war economy) ဖြစ်ပါတယ်။ အခုအခါ မြို့နယ် တစ်ခုလုံးရဲ့ မြောက်ဘက်ကလွဲပြီး ကျန်အရပ်သုံးမျက်နှာကို တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်ထား ပါပြီ။ နယ်မြေအားပြိုင် ထိန်းချုပ်ရေးအပြင် သယံဇာတနဲ့ မြေပြင်တပ်တွေရဲ့ စစ်စီးပွားရေးပါ ဆက်နွှယ်နေတဲ့ အတွက် တန်ပြန်ထိုးစစ်နဲ့ ပဋိပက္ခတွေ အရှိန်ပြန်မြင့်လာနိုင်ခြေ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ဗန်းမောက်မြို့အနီးမှာ မြန်မာ့တပ်မတော်၊ SNA၊ KIA၊ PDF၊ ကဒူးတပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန် နေသည်။
KIA နှင့် PDF ပူးပေါင်း၍ လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ အင်းတော်၊ ပင်လည် ဘူး၊ ရွှေပြည်အေးနှင့် မော်လူး စသည့် ဒေသများကို သိမ်းပိုက်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1425
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
အကြမ်းဖက်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတား ပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်က ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာကြီးနှင့် သုမင်္ဂလာစျေး(ညံတောစျေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်း သွားရောက်စစ်ဆေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အကြမ်းဖက်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ် တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတား လုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ အလားတူ ရထာလမ်းပိင်းများအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းများ ဆောင်ရွက် ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုသည်” ဟု ပြောသည်။

ထို့နောက် ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆ ရက်က မြန်မာ့တပ်မတော်အား တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတား ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် မြန်မာ့တပ်မတော်၏ ထိုးစစ်အတွင်း ခုခံခဲ့သော TNLA သည် ဂုတ်ထိပ်တံတား၏ တိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံအမှတ်(၂)အကြား မိုင်းခွဲပျက်စီးခဲ့၍ ထိခိုက်ပျက်စီးထားသည်။
ထို့ကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက မန္တလေး-လားရှိုး ရထားလမ်းပိုင်းရှိ ပြင်ဦးလွင်- နောင်ချို- ဂုတ်ထိပ်- ကျောက်မဲ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် TNLA မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သော ဂုတ်ထိပ်-နောင်ပိန်ကြား ဂုတ်ထိပ်တံတားတိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံ အမှတ်(၂) အကြား သံဘောင်အသစ် အစားထိုးပြင်ဆင်လျက်ရှိသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊ ကျောက်မဲမြို့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 680
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရ သော စစ်ပြေးရှောင်များသည် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
KIA ဦးဆောင်၍ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဗန်းမောက်မြို့သိမ်း ထိုးစစ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့နယ်အတွင်းနေ ပြည်သူလူထု ၁၀၀၀ ကျော်သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ထိန်းချုပ် နယ်မြေအတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။

ဗန်းမောက်မြို့နယ် ညောင်သာယာနဲ့ ခိုပြင်ရွာမှ တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
အလားတူ အောက်တိုဘာ ၁ ရက်နေ့က ညောင်သာယာကျေးရွာမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၅ ဦး၊ ခိုပြင် ကျေးရွာမှ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၃၃ ဦး စုစုပေါင်း လူဦးရေး ၁၆၈ ဦး ထပ်မံ ထွက်ပြေး တိမ်းရှောင်လာခဲ့ ကြောင်း တိုက်ပွဲရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
၎င်းတို့က “ အခု ဗန်းမောက်မြို့သိမ်းကို KIA-PDF က လုပ်တော့ စစ်ရှောင်လာတဲ့လူက ထောင်ဂဏန်းရှိတယ်။ အရေးပေါ် အကူအညီလိုတာက စားနပ်ရိက္ခာပဲ၊ ပြီးရင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်ဗျ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီက စစ်ရှောင်တွေကို ပစ်မထားပါနဲ့လို့ အကူ အညီ ပေးစေလိုပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ SNA၊ KIA၊ PDF တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
