- By CNI
- Category: နိုင်ငံရေး
- Hits: 755
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက် လှမ်းရေး) Lieutenant General Shrinjay Pratap Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်လာပြီး နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ အိန္ဒိယထောက်လှမ်းရေး အကြီးအကဲနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အိန္ဒိယထောက်လှမ်ရေး အကြီးအကဲသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ULFA-I စခန်းကို အိန္ဒိယက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အပြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် ULFA-I မှ ခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်ယန်အာဆု(ခေါ်) နေယန် မက်ဒီ၊ ဗိုလ်မှူးချုပ် လာဟွန်(ခေါ်) ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆု အပါအဝင် ရဲဘော် ၂ ဦးတို့ သေဆုံးခဲ့သည်။
ထို့ကြောင့် အိန္ဒိယကို ပြန်လည်တိုက်ခိုက်သွားမည်ဟု ULFA-I က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ခဲ့ သည်။
အိန္ဒိယထောက်လှမ်းရေး အကြီးအကဲနှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံမှုတွင် နစက၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်(စရခ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း တက် ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရနှင့် တပ်မတော်အတွင်း အပြောင်းအလဲမှာ အကြီးအကဲ ဘယ်သူ ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နစကမှ ကတိပြုထားသည့်အတွက် ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်မည်ဖြစ်ကြောင်း ယူဆထားကြသည်။
ထို့နောက် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရအဖွဲ့နှင့် တပ်မတော်အတွင်း အကြီးအကဲအဖြစ် မည်သူ ဖြစ်လာမလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားစွာဖြင့် လေ့လာသုံးသပ်နေကြသည်။
ရွေးကောက်ပွဲဖြစ်မြောက်ခဲ့ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်ပြောင်း၍ အစိုးရအဖွဲ့ အကြီးအကဲ ရာထူးကိုယူနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ရွေးကောက်ပွဲက လာကိုလာမှာဖြစ်တယ်။ နစကရဲ့ ထွက်ပေါက်လည်း မှန်တယ်၊ ပြည်သူတွေရဲ့ ထွက် ပေါက်လည်း မှန်တယ်။ ဒါကြောင့်မို့လို့ ဒါက မဖြစ်မနေ လုပ်မှဖြစ်မယ်။ မဖြစ်မနေ လုပ်ပြီးသွားပြီဆိုရင် အရပ်သားအစိုးရ တက်လာမယ်။ အရပ်သားအစိုးရ တက်လာမယ်ဆိုရင်တော့ ၅ နှစ်တိုင်သည် အကွာအဝေး အတိုင်းအတာအရတော့ အေးအေးဆေးဆေး သွားပြီဆိုတဲ့အခါကြတော့ အရပ်ဖက်အစိုးရ တက်လာမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီအစိုးရပုံစံမှာ ရှိနေရမယ့် တပ်ရဲ့ အသိုင်းအဝိုင်းကိုလည်း ပြင်ရမှာပေါ့။ ပြီးရင် လက်ရှိ တာဝန်ရှိတဲ့ သူတွေက တပ်မတော်မှာ လူငယ်အုပ်စုတစ်ခုကို အစားထိုးရတော့မှာပေါ့။ အဲဒီအစားထိုးရမှာက ဘယ်လို အစားထိုးမယ်ဆိုတာ အသေးစိတ်ကတော့ ကိုယ်လည်း မပြောနိုင်ဘူးပေါ့။ သေချာတာကတော့ ပေါ်လာ ပါလိမ့်မယ်။ နောက်တက်လာမယ့် အစိုးရအဖွဲ့ အကြီးအကဲကလည်း ဘယ်သူပဲဖြစ်မလဲဆိုတော့ ဒါကတော့ အမှန်တိုင်း ပြောမယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်မှာပဲပေါ့။ သူကတော့ နာမည်ပြောင်းချင် ပြောင်းမယ်ပေါ့” ဟု ပြောသည်။

ယာယီသမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နစကဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စသည့် ရာထူးတာဝန်များကို ယူထားသည်။
ထို့နောက် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက အစိုးရသစ်မှာ သမ္မတရာထူးကို ကူးပြောင်းသွားနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုတော့ သူ၏ ယုံကြည်စိတ်ချရသူကို လွှဲပြောင်းပေးအပ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ပြည်တွင်း/ပြည်ပ သံတမန်အသိုင်းအဝန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတရာထူးအပြင် တပ်မတော်ကို ဆက်လက် ဦးစီးထားနိုင်ရေးအတွက် ဗဟိုစစ်ကော်မရှင်ဆိုသော အစုအဖွဲ့ကို ဖွဲ့စည်း၍ တပ်ချုပ်၏ အပေါ်မှာ ရှိနေအောင် ရာထူးတစ်ခုကို ဖန်တီးနိုင်ကြောင်း ယူဆမှုများရှိနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်က သမ္မတဦးဝင်းမြင့်၏ အထက်တွင် ဒေါ်အောင်ဆန်းစု ကြည် ရှိနေနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်း၍ ရာထူးတစ်ခုဖန်တီးကဲ့ သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဖန်တီးနိုင်သည်ဟု ထောက်ပြကြသည်။
နစက ဥက္ကဋ္ဌအနေဖြင့် သမ္မတရာထူးကို လိုချင်သည့်အတွက် ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

နစကနဲ့မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေကြစဉ်(ဓာတ်ပုံ-ဖရွန်းတီးယားမြန်မာ)
၎င်းက “အဲဒီအချိုး ချိုးနေတာပဲလေ မင်းအောင်လှိုင်က။ သူသမ္မတ လုပ်ချင်လွန်းလို့ လုပ်နေတာပဲဟာ။ အဲဒီဟာ က ရွေးကောက်ပွဲကို ဘယ်သူက အသိအမှတ် ပြုမလဲဆိုတာပါ။ မလေးရှားတို့ အာဆီယံတို့က တိုက်ရိုက် ပြော ထားပြီးပြီပဲ သူတို့ အသိအမှတ် မပြုပါဘူးလို့။ အဲဒီတော့ သူ့ဘာသာသူ သမ္မတဖြစ်ရုံမကလို့။ အဲဒီတော့ မင်းအောင်လှိုင် ကြည့်ရတာလည်း ဗိုလ်နေဝင်းပဲဖြစ်ဖြစ်၊ ဗိုလ်သန်းရွှေပဲဖြစ်ဖြစ် အသက် ၇၀ ကျော် ၈၀ လောက် အထိ အကုန်လုံးတွေ သမ္မတလုပ်နေတာ။ ဒါကြောင့်မို့လို့ သူလည်းရလိမ့်မယ်လို့ ထင်နေတာပါ။ လုပ်ပါစေ ဘယ်သူက အသိအမှတ်ပြုမှာလဲ။ ကျမတို့ လုံးဝအသိအမှတ်ပြုမှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း အသိ အမှတ် ပြုမှာ မဟုတ်ဘူး” ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကာ ရွေးကောက်ပွဲအား အပိုင်းလိုက်ခွဲ၍ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 649
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ်က လက်လွတ်ခဲ့ရာမှ ယခုအခါတွင် မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်၌ ပြန်လည် ထိန်းချုပ်လိုက်ပြီးဟု ဒေသခံများက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်၍ ဖော်ဆောင်ခဲ့ရာ နောင်ချိုမြို့ကို TNLA၊ DPLA၊ MDY-PDF တို့က ထိန်းချုပ်ခဲ့ကြသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် TNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ပြင်ဦးလွင်မြို့အနီးက တောင်ခမ်းကို ဆက်လက် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရာ မြန်မာ့တပ်မတော်၏ ခုခံစစ်အတွင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

နောင်ချိုမြို့ ရပ်ကွက်တချို့က ကလေးငယ်များကို စားစရာများ ပေးဝေနေစဉ်
ထို့ကြောင့် မြန်မာ့တပ်မတော်သည် တောင်ခမ်းကို သိမ်းပိုက်ပြီးနောက် နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်နိုင် ရေး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ထိုးစစ်ဆင်လာခဲ့ရာ ဇူလိုင် ၁၆ ရက်တွင် နောင်ချိုမြို့ကိုထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။
နောင်ချိုမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်တွင် တပ်မ ၁၁ ၊ တပ်မ ၅၅ စစ်ကြောင်းများက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က နောင်ချိုမြို့ရှိ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်တို့ကိုလည်းကောင်း၊ ဇူလိုင် ၁၅ ရက်၌ စျေးရပ်ကွက် နှင့် မြို့ပေါ်နေရာများကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် ဇူလိုင် ၁၆ ရက်တွင် နောင်ချိုမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို သိမ်းပိုက်ပြီး မြို့အပြည့်အစုံကို ထိန်းချုပ်နိုင်ခဲ့ပြီးဟု ဒေသခံများနှင့် တပ်မတော်ဖြင့် နီးစပ်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 587
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီ အင်အားစု လက်နက်ကိုင်များ၏ မြို့သိမ်း တိုက်ပွဲများသည် ယခင်က ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်သော်လည်း ယခုအခါမှာတော့ နှစ်ချီကြာလာသည့်အထိ စွမ်းဆောင်ရည် ကျဆင်းလာနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
Burma News Network နှင့် သီးသန့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသန်းစိုးနိုင်က “ အရင်တုန်းက စခန်းတစ်ခုကို တစ်ပတ် ၁၀ ရက်ဆိုရင် သိမ်းနိုင်တယ်။ အခုက လနဲ့ချီသိမ်းနေ ရတာ။ အခုက နှစ်နဲ့ချီမယ့် အလားအလာထိ ရောက်နေတဲ့အခါကျတော့ ကျနော်တို့ရဲ့ ထိုးစစ်ဆင် အရှိန်အဟုန်က ဘယ်လောက် နှေးသွားလဲဆိုတာ အလွန်သိသာပါတယ်။ အခုကတော့ အရေးကြီးတဲ့ စစ်နေရာတွေဆိုရင် ၆ လ လောက်ကြာတာ ချည်းပဲ။ အဲဒါလည်း မသေချာသေးဘူး။ ဟိုကျောက်ဖြူ၊ စစ်တွေ မသေချာဘူး။ ဗန်းမော်၊ မြစ်ကြီးနား မသေချာဘူး။ အဲထဲမှာ ချင်းတွေကလည်း ညီအစ်ကို အချင်းချင်း အပြန်အလှန် စိတ်ဝမ်းကွဲပြီးတော့ အပြန်အလှန် ပစ်ကြခတ်ကြ တွေဖြစ်နေကြပြန်တယ်။ အဲဒီခါကျတော့ အခုက ကျနော်တို့ ကရင်ရဲ့လှုပ်ရှားမှုက လွဲလို့ရှိရင် တစ်ပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတိုက်ပွဲကလည်း တန့်အီးနေတဲ့သဘော တန့်ခံ နေတဲ့ သဘောရှိတယ်။ မြေပြန့် ဒေသက အခြေအနေက ပိုဆိုးတာပေါ့။ အညာဒေသကတော့ သူက ဝင်ချင်သလို ဝင် ထွက်ချင်သလိုထွက် အဲလို နေတာကိုး”ဟု ပြောသည်။

မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်စဉ်
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီ အင်အားစု လက်နက်ကိုင်များသည် မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားသည်ဟု ထုတ်ပြန်ထားသော်လည်း ယခုအခါမှာတော့ မြန်မာ့တပ်မတော်က တဖြေးဖြေးဖြင့် ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်လာနေသည်။
မြန်မာ့တပ်မတော်သည် ကယားပြည်နယ်အတွင်းက မိုးဗြဲမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့နယ် တို့ကို ယခုလအတွင်းမှာ ပြန်လည် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကျောက်မဲ၊ သီပေါ၊ သိန္နီတို့ကို သိမ်းပိုက်နိုင်ရေး မြန်မာ့တပ်မတော် က ကြိုးပမ်းနေသလို မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်းမြို့နယ်ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ရေး ကြိုးပမ်း နေသည်။
ထိုအခြေအနေများအတွင်းမှာ အတိုက်အခံများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များ၊ ပသုံးလုံးတို့ကို ပြုပြင်ပြောင်းလဲရေး လုပ်ရန် အပြင်းအထန် ဝေဖန် ထောက်ပြလာနေကြသည်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူနှင့် စစ်တွေမြို့ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်မှုများကလည်း ယနေ့အချိန်ထိ မအောင်မြင်သေးပေ။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းက ဗန်းမော်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဟုမ္မလင်းမြို့၊ ဗန်းမောက်မြို့တို့ကို သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေမှုက လည်း မအောင်မြင်သေးဘဲ ဖြစ်နေသည်။
တခြားတစ်ဖက်မှာတော့ နစကသည် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိ နေသည်။
ဦးသန်းစိုးနိုင်က “ ကျနော်တို့ရဲ့ စစ်ရေးအင်အားကို ဒီရွေးကောက်ပွဲမတိုင်ခင်မှာ နေပြည်တော်ကို အပိုင် သိမ်းနိုင် တဲ့ အနေအထား တစ်ရပ်အထိ အထွေထွေထိုးစစ်ဆင်နိုင်မှု မလုပ်နိုင်ရင် နိုင်ငံတကာက ဖောက်ပြန်တဲ့ အင်အားစု တွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ တရားဝင် နေရာရသွားနိုင်တဲ့ အခြေအနေရှိတယ်”ဟု ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ခွဲ၍ ကျင်းပ သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 704
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
ပြီးခဲ့သည့် ရက်ပိုင်းကမှ ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာခံခဲ့ရသူ ဒေါက်တာသီရိမွန်ချမ်းကို မွန်ပြည် ကာကွယ်ရေးတပ်(MSDF)က နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် စစ်ဦးစီးအဖွဲ့၏ စစ်ဦးစီးချုပ်တာဝန် များကို ခန့်အပ်လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မွန်ပြည်ကာကွယ်ရေးတပ်(ဗဟိုစစ်ဌာနချုပ်)တွင် အစည်းအဝေး ကျင်းပပြီး လစ်လပ်နေသော နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီနှင့် စစ်ဦးစီးအဖွဲ့ကို ပြန်လည် ရွေးချယ်တာဝန်ပေးအပ်ခဲ့ သည်ဟု MSDF က ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီတွင် ဒေါက်တာသီရိမွန်ချမ်း(ဥက္ကဋ္ဌ)၊ နိုင်ကရက်မနိက်(အတွင်းရေး မှူး)၊ ဒုဗိုလ်မှူးကြီးနိုင်ငွေ(အဖွဲ့ဝင်)၊ ဗိုလ်မှူးချမ်းတုံး(တပ်ခွဲချမ်းသိမ်း)၊ ဗိုလ်ကြီးအောင်စိုးမိုး(အဖွဲ့ဝင်)၊ မိနဒီချမ်း (ဘဏ္ဍရေးမှူး)၊ မိစန္ဒာနွန်(ပြည်သူ့ဆက်ဆံရေးတာဝန်ခံ) စသဖြင့် ဖွဲ့စည်းခဲ့သည်။

ဒေါက်တာသီရိမွန်ချမ်းကို ရာထူးခန့်အပ်မှု ပေးတဲ့ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့ပြင် စစ်ဦးစီးအဖွဲ့တွင် ဒေါက်တာသီရိမွန်ချမ်း(စစ်ဦးစီးချုပ်)၊ ဒုဗိုလ်မှူးကြီးနိုင်ငွေ(အဖွဲ့ဝင်)၊ နိုင်ကရက်မနိက် (အဖွဲ့ဝင်)၊ ဗိုလ်မှူးချမ်းတုံး(အဖွဲ့ဝင်)၊ ဗိုလ်ကြီးအောင်စိုးမိုး(အဖွဲ့ဝင်)တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း MSDF က ထုတ်ပြန် ခဲ့သည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ပုံမှန်အစည်းအဝေး (6/2024) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ပြီး နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းကာ ကော်မတီ ဝင်များမှ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသီရိမွန်ချမ်းကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု MSDF က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက် တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဆွေးနွေးခဲ့ကြောင်း၊ ကော်မတီဝင်များ အားလုံး၏ သဘောထား ဆန္ဒ အရ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ဒေါက်တာသီရိမွန်ချမ်းအား ပေးအပ်ထားသော တာဝန်များ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပြီး MSDF မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါက်တာသီရိမွန်ချမ်းကို ရာထူးမှ ထုတ်ပယ်တဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
လာမည့် တစ်လအတွင်း MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီကို ပြန်လည်တိုးချဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်မည့် သူများကို ရွေးချယ်တင်မြှောက်ပြီး တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရန် ပေး အပ်သွားမည်ဟု MSDF က ထုတ်ပြန်ခဲ့သည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်း၍ မွန်တပ်တော် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော အဖွဲ့ဖြစ် သည်။
လက်ရှိတွင် မွန်တပ်တော်ကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ပါဝင်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1072
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
နစကအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကာ/လုံသို့ အာဏာပြန်အပ်ခဲ့မည်ဆိုပါက ကာ/လုံ လက်ထက်တွင် လည်း မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးမှာ ကြီးမားသော ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
နစက အနေဖြင့် သက်တမ်း ၆ လ ထပ်မံတိုးမြင့်ထားသည်မှာ ယခုဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်ကာ ရွေးကောက်ပွဲအား လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပမည်ဟု ကတိကဝတ်ပြု ပြောဆိုထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပရန် ကာ/လုံသို့ အာဏာပြန်လည်အပ်နှံမည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ် များက ယူဆထားကြသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
နစကသည် ကာ/လုံသို့ အာဏာပြန်အပ်လျှင်လည်း ကာ/လုံ လက်ထက်မှာ အပြောင်းအလဲ မဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးက ငြိမ်းချမ်းရေး သီးသန့်လမ်းကြောင်းနဲ့ သွားနေတယ်လို့ မြင်တာပေါ့နော်။ အဓိက,က နစက အနေနဲ့ ကာ/လုံခေါ်ပြီး ပြန်အပ်မယ်ဆိုရင်လည်း ကြီးကြီးမားမား ပြောင်းလဲလိမ့်မယ်လို့ မထင်မိဘူးပေါ့။ ဘာကြောင့်လဲဆို အိမ်စောင့်အစိုးရမှာ ဝန်ကြီးချုပ်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နောက် နစကမှာ ဥက္ကဋ္ဌကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါအခု လောလောဆယ် အာဏာယူထားတဲ့ ကိစ္စမျိုးကို ပြောခြင်း၊ နောက် အခု ယာယီသမ္မတ နေရာမှာလည်း သူတာဝန်ယူထားတယ်ဆိုတော့ ကာ/လုံကို ပြန်အပ်မယ်။ ကာ/လုံရဲ့ စီမံခန့်ခွဲမှုကလည်း ယာယီသမ္မတ လက်ထဲမှာရှိတယ်။ ယာယီသမ္မတကလည်း သူဆိုတဲ့အခါကြတော့ ကြီးကြီးမား မား ပြောင်းလဲသွားမယ်လို့တော့ ကျနော်မထင်ပါဘူး။ ဒါကြောင့်မို့ သူအခု ရွေးကောက်ပွဲကိစ္စတွေ ပြောနေတယ်၊ အာမခံနေတယ်ဆိုတာ သူတို့ပဲ ဆက်လုပ်သွားမယ့် သဘောရှိပါတယ်” ဟု ပြောသည်။
ထိုသို့ ကာ/လုံကို အာဏာပြန်လည် လွှဲပြောင်းပေးခဲ့မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမို လုပ်ဆောင်လာနိုင်ဖွယ် ရှိ၊ မရှိဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက် ရှိကြသည်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
နစကမှ ကာ/လုံသို့ အာဏာပြန်အပ်ခဲ့ပါကလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများမှာ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါက အခု သူတို့အနေနဲ့က ကာ/လုံပဲ ယူယူ၊ လက်ရှိ တပ်မတော်ပဲဖြစ်ဖြစ် သူက Peace Talk တို့၊ Peace Forum တို့လုပ်တာကို ကြည့်ခြင်းအားဖြင့် ဒီလုပ်ငန်းစဉ်ကို အပျက်မခံဘူးဆိုတာ သွားတွေ့နေတယ်။ ပျက်ပါတယ် လို့ ပြောရင်လည်းပဲ ဟုတ်ပြီ ခင်ဗျားတို့ ပျက်ရင်လည်းပျက် စာချုပ်ကြီးကတော့ ရှိနေတာ။ ဒီစာချုပ်ကြီး အတိုင်း မှာတော့ အချက်အလက်ရှာဖွေ ဖော်ထုတ် သုတေသနပြုတာ အစရှိသဖြင့် သူ့ရဲ့ လုပ်ငန်းစဉ်ကတော့ ရှိနေမှာလို့ ကျနော်က သွားတွေ့တယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက်က ဖိတ်ခေါ်မှုတွေကလည်း ရှိနေ မယ်။ စကားပြောချင်တယ် ဆိုရင်လည်း လက်ခံမှာဖြစ်တယ်။ တပ်မတော်ရဲ့ အနေအထားကတော့၊ သဘောထား ကတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဘက်ကို အလေးပေးထားတယ်လို့ မြင်တယ်။ အဲဒီတော့ ဒါကတော့ ထပ်တွေ့ရမှာပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲ ကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်(UEC) ထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 584
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက အရပ်သားအစိုးရတစ်ရပ် တက်လာသည့်အခါ၌ ပထမဦးစွာ ရင်ဆိုင်ရနိုင်သည့် အခြေအနေများမှာ မည်သည့်အရေးကိစ္စများ ဖြစ်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်နေကြသည်။
နစက ဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲအား လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပမည်ဟု ပြောဆိုထားသဖြင့် အမှန်တကယ် ကျင်းပဖြစ်ခဲ့မည်ဆိုပါက အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက် လာမည်ဖြစ်သည်။
ထိုသို့ ပေါ်ထွက်လာသည့် အရပ်သားအစိုးရအနေဖြင့် ပြည်တွင်းရေးဖြစ်သည့် ၅ နှစ်နီးပါးကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ဦးစွာ ဖြေရှင်းရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မဲထည့်နေစဉ်
၎င်းက “ပထမဆုံး ရင်ဆိုင်ရမှာကတော့ ပြည်တွင်းပြဿနာပေါ့နော်။ လက်နက်ကိုင် တော်လှန်ရေးကိစ္စတွေကို ပထမဆုံး ဖြေရှင်းရပါလိမ့်မယ်။ ဒါပြည်သူရဲ့ အခက်အခဲတွေကို။ ဒုတိယရင်ဆိုင်ရမှာကတော့ သံခင်းတမန်ခင်း ပေါ့နော်။ နိုင်ငံတကာ သံခင်းတမန်ခင်းကို သူကြိုးစားရပါလိမ့်မယ်။ နိုင်ငံတကာ သံခင်းတမန်ခင်းကို အောင်မြင် သွားပြီဆိုရင်တော့ ပြည်တွင်းအခက်အခဲ ဖြေရှင်းမှုတွေကို ပိုပြီးမှ အားဖြစ်လာမှာပေါ့။ ဒီဟာက အပြန်အလှန် အကျိုးပြုကြပါမယ် ဒီကိစ္စတွေက။ အဓိက,က မြန်မာပြည်တွင်းက ပြဿနာတွေကို လက်တွေ့ရော ကိုယ်တိုင်ရော ရင်ဆိုင်ပြီးမှ ဖြေရှင်းကြရမယ့် ကဏ္ဍဖြစ်ပါတယ်” ဟု ပြောသည်။
နစက သက်တမ်းတိုးထားသည့် အရေးပေါ်ကာလ ၆ လ သက်တမ်းသည် ယခု ဇူလိုင်လကုန်တွင် သက်တမ်း ကုန်မည်ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပ ဖြစ်/မဖြစ်ကို အဖြေပေးလိမ့်မည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို ကတိကဝတ်ပြု ပြောကြားထားသည့်အတွက် ရွေးကောက်ပွဲ သေချာပေါက် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသကဲ့သို့ နိုင်ငံရေး အခင်းအကျင်းကြောင့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟူ၍လည်း သုံးသပ်မှု များ ရှိနေကြသည်။
၅ နှစ်နီးပါးကြာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားအစိုးရအနေဖြင့် ရင်ဆိုင်ရမည့် အခက်အခဲ အကျပ်အတည်းများ များစွာရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အာဏာပိုင်အဖွဲ့အစည်းများ၏ ဦးစားပေးတာဝန်သည် နိုင်ငံငြိမ်ဝပ်ပိပြားရေးနှင့် စီးပွားရေးတို့ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မဲပေးပုံကို UEC ဝန်ထမ်းတွေက ရှင်းပြနေစဉ်
၎င်းက “သူ့ရဲ့ ဦးစားပေး တာဝန်ကတော့ အရင်တုန်းကတော့ မလွှဲမရှောင်သာ ငြိမ်ဝပ်ပိပြားမှုပေါ့။ ဒုတိယက တော့ စီးပွားရေးကို ကိုင်တွယ်ရမှာပေါ့။ ဒီနှစ်ခုက တကယ့် challenging ပေါ့။ ကျန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘာညာ ဒါတွေက နောက်မှ လုပ်ရမှာ။ လောလောဆယ်မှာတော့ တပ်နဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး တော့ တိုင်းပြည်ငြိမ်းရေးဖို့ အရေးကို ဆောင်ရွက်ရမှာပေါ့။ NCA လည်း သူတို့ ကျနော်ထင်တယ် လက်ရှိ တပ်မတော် ခေါင်းဆောင်ပိုင်းကလည်း NCA နဲ့ ပတ်သက်လို့ စိတ်ပျက်သွားပြီ၊ လက်လွှတ်သွားပြီလို့ ပြောမှ မပြောတာ။ အဲဒီတော့ နောက်ဖြစ်လာမယ့် အခင်းအကျင်းမှာ အသိတရားရလာမယ့် လက်နက်ကိုင်တွေအနေနဲ့ လည်း စကားပြောမှုတွေက နောက်ဆက်တွဲ ပါလာမှာပေါ့။ အဲဒါကတော့ ၃ မျိုးပါလာမှာပေါ့။ ငြိမ်ဝပ်ပိပြားအောင် လုပ်မယ်၊ NCA ကို ပြန်ပြီး အကောင်အထည်ဖော်မယ်။ ပြီးရင် စီးပွားရေးပိုင်းတွေကို ပြန်လည်တည်ဆောက်ရ မယ်။ ၃ ချက်ပေါ့” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲသည် ဦးစားပေးကိစ္စရပ် မဟုတ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေး ကတိကဝတ်များကို စောင့်ထိန်းရန်လည်း အာဆီယံက မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က သဘောတူခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို လေးစားရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆန္ဒရှိနေကြသည်ဟု ၎င်းက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ရွေးကောက်ပွဲကို ဦးစားမပေးရန်၊ အကြမ်းဖက်မှုများ အားလုံးကို ရပ်စဲရန်ကိုသာ ဦးစားပေး လုပ်ဆောင်ရန်၊ ထိုမှသာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဆွေးနွေးနိုင်မည်ဖြစ် ကြောင်း မိမိတို့က အကြံပြုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်က ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေသလို စီးပွားရေး ကျဆင်းခြင်းနှင့် အလုပ်လက်မဲ့ များပြားလာနေကြောင်း၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများ နိမ့်ကျနေကြောင်း၊ လျှပ်စစ်မီး အပြည့်မရ၍ စက်မှုလက်မှု လုပ်ငန်းများ ကျဆင်းနေကြောင်း ပြည်တွင်း/ပြည်ပမှ ထောက်ပြနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1023
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
အိန္ဒိယစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ United Base ဧရိယာမှ ULFA-I အဖွဲ့ ပစ်မှတ်အများအပြားကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ဇူလိုင် ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မြန်မာစံတော်ချိန် နံနက် ၁ နာရီမှ နံနက် ၉ နာရီကြားဖြစ်ပြီး၊ မြန်မာနိုင်ငံ Eastern Konyak Area ရှိ ဟိုယတ် (Hoyat ) ကျေးရွာတွင် အခြေစိုက်ထားသည့် ULFA-I အဖွဲ့၏ ကြီးကြပ်ကွပ်ကဲရေးဌာန ချုပ် တိုက်ခိုက်ခံခဲ့ရသည်ဟု မဟာမိတ်အဖွဲ့ NSCN-K/AM မှ ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်သူများသည် အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ အာရွန်နာချယ် ပရာဒေ့ရှ် ပြည်နယ်တို့မှ မောင်းသူမဲ့ လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုပြီး ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း ULFA-I မှ ဒုတိယဗိုလ်ချုပ်ကြီး Nayan Asom/Nayan Medhi ၊ ဗိုလ်မှူးချုပ် Lahon/ Ganesh Asom ၊ ဗိုလ်မှူးကြီး Pradip Asom နှင့် အခြား ကေဒါနှစ်ဦးတို့ သေဆုံးခဲ့ကြသည်ဟု NSCN-K/AM မှ ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ULFA-I ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Nayan Asom/Nayan Medhi ကို တွေ့ရစဉ်
NSCN-K/AM အဖွဲ့က “ NSCN-K နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ULFA-I အပါအဝင် ညီနောင်တော်လှန်ရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ NSCN-K ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခြေစိုက်ထား ကြပါတယ်။ NSCN-K ဟာ ဒီ United Base ဧရိယာအတွင်း နေထိုင်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ အနေဖြင့် တရားဝင် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နေပါတယ်။ ကိုယ်ကျိုး စွန့် အနစ်နာခံသွားကြတဲ့ ULFA-I အရာရှိတွေနဲ့ ကေဒါတွေဟာ နာဂတပ်မတော်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ပါ တယ်”ဟု ပြောသည်။
NSCN-K/AM သည် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အန်းမိုင် (Ang Mai) ဦးဆောင်၍ မြန်မာအစိုးရနှင့် တရားဝင် အပစ် အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NSCN-K/AM ၊ ULFA-I ပါဝင်သည့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ၇ ပြည်နယ် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော နာဂ၊ ကသည်း၊ အာသံ၊ ဘိုဒိုလန် စသည့် လက်နက်ကိုင်များသည် United National Liberation Front of Western South East Asia (UNLFWSEA) ဆိုသော နာမည်ဖြင့် မဟာမိတ်ဖွဲ့ထားကြသည်။
WESEA ဒေသ (အိန္ဒိယအရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နယ်နိမိတ်များ ပါဝင်သည့်ဒေသ) တွင် နေထိုင်သူများသည် မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် ယခုကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် စစ်သည်များကို ဆုံးရှုံးခဲ့ရပါသည်ဟု NSCN-K/AM က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1023
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ Hoyat (ဟိုယတ်)ကျေးရွာ ရှိ အာသံသူပုန် ULFA-I အဖွဲ့၏ စစ်စခန်းများကို အိန္ဒိယစစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ULFA-I က ထုတ်ပြန်ခဲ့သည်။
အိန္ဒိယစစ်တပ်သည် နာဂလန်းပြည်နယ်နှင့် အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်များအတွင်း ကနေ UAV ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ နံနက် ၁ နာရီမှ နံနက် ၉ နာရီကြား ULFA-I စခန်း ၄ ခုကို တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ULFA-I မှ ခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်ယန်အာဆု(ခေါ်) နေယန်မက်ဒီ၊ ဗိုလ်မှူးချုပ် လာဟွန်(ခေါ်) ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆု အပါအဝင် ရဲဘော် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ULFA-I ၏ မဟာမိတ်အဖွဲ့ နာဂလက်နက်ကိုင်အဖွဲ့က ပြောသည်။
ULFA-I စခန်းများ တိုက်ခိုက်ခံရမှု၏ အနီးတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)စခန်းများ လည်း တည်ရှိနေကြောင်း သိရသည်။

ULFA-I စခန်း တိုက်ခိုက်ခံထားရစဉ်
ULFA-I က “ ''ကျွန်ုပ်တို့သည် ကိုလိုနီနယ်ချဲ့နိုင်ငံ အိန္ဒိယစစ်တပ်မှ ကျူးလွန်ခဲ့သော ဤရက်စက်ကြမ်းကြုတ် သော တိုက်ခိုက်မှုအား လက်စားချေရန် ဆုံးဖြတ်ထားကြောင်း အာသံ ပြည်သူများအား ပြောကြားလိုပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
မြန်မာဘက်ခြမ်း၏ ULFA-I စခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအာဏာပိုင်များကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ULFA-I သည် အာသံပြည်နယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အိန္ဒိယစစ် တပ်ကို တိုက်ခိုက်လျက်ရှိနေသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ကသည်း၊ ကူကီး၊ နာဂ၊ အာသံ၊ ဘိုဒိုလန်၊ ဇိုမီး စသည့် လက်နက်ကိုင်များ ရှိပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ၇ ပြည်နယ် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ထားကြသော အဖွဲ့များသည် United National Liberation Front of Western South East Asia (UNLFWSEA) ဆိုသော နာမည်ဖြင့် မဟာမိတ်ဖွဲ့ထားကြသည်။
