CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်ပြီး မူဝါဒများသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းခဲ့ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် အစိုးရနှစ်ရပ် လက်ထက်က ပြုလုပ်ခဲ့သည် လွှတ်တော်များတွင် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး နှင့်ပတ်သက်၍ အများအပြား ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာဝန်ကြီးများမှလည်း စီမံဆောင်ရွက်ထားသည်ဟု ပြန်လည် ဖြေဆိုခဲ့မှုများရှိကြောင်း၊ သို့သော် အကောင်အထည် ဖော်မှုများသည် လက်တွေ့မှာ ဖြစ်မလာကြောင်း ၎င်းက ထောက်ပြသည်။
ဒေါက်တာညိုညိုသင်းက “ပြီးခဲ့တဲ့ လွှတ်တော်နှစ်ရပ်ကလည်း ဒါမျိုးတွေကို ဆွေးနွေးခဲ့ကြတာတွေ အများကြီးပါ။ သက်ဆိုင်ရာဝန်ကြီးတွေကလည်း စီမံဆောင်ရွက်ထားပါတယ်ဆိုပြီး ပြန်ဖြေခဲ့တာများတယ်လေ။ ဒါပေမယ့် ဒါတွေက မူဝါဒအနေနဲ့ ရှိခဲ့တာပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းခဲ့တယ်ပေါ့။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော် ကာလအတွင်းက အရမ်းနှမြောဖို့ ကောင်းတယ်။ အခုဆိုရင် မြန်မာနိုင်ငံ နာဂစ်ဖြစ်တာ ကလည်း နှစ် ၂၀ နီးပါး လောက်ရှိနေပြီ။ အဲဒီတော့ နာဂစ်ဖြစ်ပြီး နောက်ပိုင်းကဆို အခုချိန်ထိဆိုလို့ရှိရင် တကယ် လို့သာ စာရွက်ပေါ်မှာ ရှိတဲ့မူဝါဒတွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် အခုချိန်မှာ အခုလို မျိုး ကပ်ဘေးတစ်ခု ထပ်ရောက်တဲ့အခါမှာ အန်တီတို့က အဆင်သင့် ဖြစ်နေမှာလေ။ အန်တီတို့ရဲ့ ပြဿနာက စာရွက်ပေါ်မှာရှိတဲ့ မူဝါဒတွေကို လက်တွေ့ကျကျ အကောင်ထည်ဖော်မှု အားနည်းခဲ့တယ်။ အဲဒီအတွက်လည်း ကျွမ်းကျင်လုပ်သားတွေ ရှားခဲ့တယ်။ မြန်မာလူမျိုးရဲ့ အကျင့်စရိုက်ကလည်း အပြစ်ပြောတာမဟုတ်ဘူး အန်တီတို့ အပါအဝင်ပါပဲ။ ဖြစ်နေတဲ့အချိန်မှာ အဲဒီကိစ္စကို ဝိုင်းလုပ်ပေးကြတယ်။ ပြီးရင် ရေရှည်အတွက်ကို ဖိအားပေးတာ တောင်းဆိုတာ တစိုက်မတ်မတ် မလုပ်ကြဘူး” ဟု ပြောသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ်
ပြီးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ လက်ထက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြေငလျင်များ မကြာခဏ လှုပ်ခတ်တတ်သဖြင့် ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားမှုနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနည်းရန် စီမံဆောင်ရွက်ထားသည်များကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့သည်။
ထိုမေးမြန်းမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း (၁၃,၆၂၇) ဦးတို့ကို စုဖွဲ့၍ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ လေ့ကျင့်သင်ကြားပေးထားကြောင်း ဖြေဆိုခဲ့သည်။
ထို့ပြင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် လူ့နှလုံးခုန်သံနှင့် ခန္ဓာကိုယ် အပူချိန်တို့ကို ထောက်လှမ်းသည့် စက်ကိရိယာများ စသည့် နည်းပညာသုံး ကိရိယာများကိုလည်း အရန်သင့် စုဖွဲ့ထားရှိ ကြောင်းလည်း သိရသည်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်သွားပြီးနောက် ပြိုကျပျက်စီးမှုများ ကြား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းစက်ကိရိယာများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများ မတွေ့ရကြောင်း ပြည်သူလူထုများမှ ထောက်ပြလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ငလျင် အပါအဝင် သဘာဝဘေးအန္တရာယ်များကို လွှတ်တော်တစ်ခုတည်းတွင် ဆွေးနွေးရုံ ဖြင့် မလုံလောက်ဘဲ ပြင်ပပညာရှင်များအား ဖိတ်ခေါ်ကာ စီးပွားရေးနှင့် နိုင်ငံရေးဆွေးနွေးသကဲ့သို့ လုပ်ဆောင်ရန် လိုကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ကြောင့် ထိခိုက်သေဆုံးသူများကို တွေ့ရစဉ်
၎င်းက “အဲဒါကတော့ serious section စဉ်းစားရမှာပေါ့ လွှတ်တော်မှာလေ။ လွှတ်တော်တင်စဉ်းစားလို့ မရဘူး။ ဒီလွှတ်တော်လောက် ဆွေးနွေးရုံနဲ့ မရဘူး။ သေချာဝိုင်းထဲကလို ဟိုတခါ စီးပွားရေးနဲ့ပတ်သက်လို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးသွားသလိုပေါ့။ ဒါမျိုးတွေက တစ်ခုတော့ရှိပါတယ်။ ရှေးတုန်းကတော့ ဒါမျိုးတွေ မတွေ့ ခဲ့ဖူးဘူး။ အခုကတော့ လုပ်တဲ့ result က ဘယ်လောက်အထိ ထိရောက်လဲတော့ မသိဘူးပေါ့လေ။ ဒါပေမယ့် နောက်ပိုင်းဆိုရင် ဒီထက်ပိုပြီး ပညာရှင်တွေပါတဲ့၊ အတွေ့အကြုံရှိတဲ့ လူတွေပါတဲ့၊ အတွေးအခေါ် ကောင်းတဲ့ လူတွေပါတဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ ဟိုတလောက လုပ်သွားတယ်လေ။ စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့။ ငလျင်နဲ့ပတ်သက်လို့လည်း ဒီအတိုင်းပဲပေါ့။ ဒါမျိုးတွေက ကျနော်ထင်တာ လွှတ်တော် တင် လုပ်လို့မရဘူးပေါ့။ လွှတ်တော်အမတ်ဆိုတာလည်း ရိုးရိုးသားသားပြောရရင် ဘယ်နိုင်ငံမဆိုပါ သူ့မှာ knowledge က အကန့်အသတ်ရှိတယ်လေ။ လူဆိုတာက carrier အလွန်ဆုံး တကယ်တော်လှ ဉာဏ်ထက်လှ carrier တစ်ခုနှစ်ခု သေချာသိမှာပေါ့။ carrier ၃ ခုဆို သူအကုန် မသိနိုင်တော့ဘူး။ ပြောချင်တာက ဘာလဲဆို တော့ လွှတ်တော်တွင် ဆွေးနွေးလို့မရဘူး။ အပြင်မှာပါ ဒီဥစ္စာကို ဒီ system တစ်ခုကို ဘယ်လို တည်ဆောက် ရမလဲ ဒါကိုစဉ်းစားမှရမှာ” ဟု ပြောသည်။
လက်ရှိတွင် ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ငယ်လေးများမှာလည်း ဆက်တိုက် လှုပ်ခတ်လျက်ရှိပြီး ဒေသခံ ပြည်သူလူထုအနေဖြင့် စိုးရိမ်မှုများလည်း ရှိနေကြသည်။
ထို့ပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပရဟိတအသင်းအဖွဲ့များမှ ပစ္စည်းကိရိယာ မစုံမလင် ဖြင့် ဆောင်ရွက်ရသည့်အတွက် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။
ငလျင်အတွက် ကြိုတင်ပြင်ဆင်မှုများ မရှိထားသဖြင့် လှုပ်ခတ်ပြီး နောက်ရက်များမှသာ ကယ်ဆယ်ရေးအဖွဲ့များမှ လာရောက်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရသောကြောင့် လူသေဆုံးမှု ၃၀၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၄၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။