CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃
သဘာဝဘေး ဖြစ်လေ့ဖြစ်ထရှိတတ်သည့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားခဲ့သည့် ငလျင်ဘေးကို အခြေခံပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး နိုင်ငံတကာအဆင့်မီ ကယ်ဆယ်ရေးအဖွဲ့များဖြစ်ရန် အာရုံစိုက်သင့်ပြီဟု အရပ်ဖက်အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားပြီးချိန်တွင် အစိုးရအဖွဲ့အစည်းများထက် ပရဟိတအဖွဲ့အစည်းများ၊ လူငယ်များက ဦးစွာရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြ သဖြင့် အချို့နေရာများတွင် ထိရောက်မှုများရှိခဲ့သည်။
နာဂစ်ပြီးနောက် ၁၆ နှစ်အကြာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ၇.၇ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမီသော ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို မွေးထုတ်ထားရန်မှာ အင်မတန်အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “ဒီဟာတွေနဲ့ပတ်သက်ပြီးတော့က အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီတဲ့ ပရဟိတကယ်ဆယ်ရေး လုပ်သားတွေ မွေးထုတ်ထားဖို့ အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံလူငယ်ထုက အရေးကြုံရင် ဆင်းပြီးတော့ မြေပြင်ကို ဆင်းပြီး ကူညီတာ။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအဖွဲ့အစည်းတွေထက် ပိုမြန်ပြီးတော့ တချို့နေရာတွေမှာ ထိရောက်မှု ပိုပြီးတော့ရှိတယ်ပေါ့။ အဲဒီလို ပရဟိတအသင်းတွေကလည်း ဖြတ်ကနဲဆိုလို့ရှိရင် ရောက်သွားတာပဲလေ။ ဒါပေမယ့် သူတို့ရဲ့အခက်အခဲက လက်တွေ့မှာ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ equipment တွေ၊ ကျွမ်းကျင်မှုတွေ အများကြီး လိုအပ်နေသေးတာပေါ့။ ဆိုတော့ အဲဒီဟာတွေက ဒီအချိန်ကစပြီး တော့ အဲဒီဘက်မှာ အားစိုက်တာကောင်းတယ်ပေါ့။ အခုဆိုရင် အနီးဆုံးတရုတ်နိုင်ငံနဲ့ ယှဉ်ရင်ကို အရမ်းကို ကွာသွားပြီလေ။ အနည်းဆုံးတော့ တရုတ်နိုင်ငံလောက်ကို လွှတ်ပြီးတော့ မြန်မာနိုင်ငံက ပရဟိတ အသင်းတွေကို လေ့ကျင့်ပေးတာမျိုး အခုကစပြီး လုပ်ရတော့မယ်။ နောက်ပြီးတော့ အခုလာနေတဲ့ အပြည်ပြည်ဆိုင်ရာ team တွေက လိုအပ်ချက်တွေကိုလည်း အစိုးရဘက်က အမြန်မဆိုင်း ဆောင်ရွက်ပေးဖို့ လိုတယ်။ အဲဒီနေရာမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိရင်ရှိသလို နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ ကပ်တွေကလာနိုင်တယ်” ဟု ပြော သည်။
မြန်မာနိုင်ငံသည် သဘာဝဘေးနှင့်ပတ်သက်၍ အခြားအိမ်နီးချင်း နိုင်ငံများဖြင့် နှိုင်းယှဉ်ပါက အင်မတန် နောက်ကျနေသည့်အတွက် ယခုကဲ့သို့ မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပေါ်နေရကြောင်း၊ မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် လေ့ကျင့်မှု၊ စက်ပစ္စည်းနည်းပညာ များအား ထောက်ပံ့ပေးရန် တရုတ်သံရုံးသို့ ပြောပြနေကြောင်း ရန်ကုန်စောင့်ကြည့် အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသည့် ငလျင်တစ်ခု မြန်မာနိုင်ငံ၌ လှုပ်ခတ်သွားသဖြင့် ပြိုကျပျက်စီးမှုများအောက်၌ ပိတ်မိနေသော ဒေသခံလူထုများအား ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
ထိုသို့ ကူညီရာတွင် မြန်မာဘက်မှ စက်ပစ္စည်းနည်းပညာ မရှိသည့်အတွက် ပြည်ပမှကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာမှသာ စနစ်တကျ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်သည်။
ရေဘေးနှင့် ငလျင်ဘေးမှာ မတူညီသည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ နည်းပညာအသုံးပြုမှုပိုင်းသာမက ကယ်ဆယ်ရေး လုပ်ငန်းများအတွက်ပါ ပညာရှင်များဖိတ်ခေါ်၍ လေ့ကျင့်ရေး သင်တန်းများ ပေးသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစကတည်းက သဘာဝဆိုတော့ ဖြစ်မှာပဲလေ။ ပြဿနာက ဘာလဲဆိုတော့ သိသာတာက ငလျင်နဲ့ ပတ်သက်တဲ့ Technology နည်းပညာမရှိဘူး။ နောက်တစ်ခါ ငလျင်နဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးနည်းပညာ ကျနော်တို့မှာ မရှိဘူး။ လူတွေကလည်း ပညာအကြောင်း ပြောလွန်းအားကြီးလို့ အမြင်ကပ်ချင်ကပ်မှာပေါ့။ ဒါက အမှန်ပဲလေ။ အစကတည်းက စနစ်တွေ စဉ်းစားမှုတွေက ချို့ယွင်းတာပေါ့။ သူတို့က ယန္တရားအပေါဆုံးပဲ ပိုက်ဆံ လည်း ရှိနေတယ်။ ဒါပေမယ့် ဒေသခံတွေကို မေးကြည့်တော့ ၂၈ ရက်နေ့ဖြစ်တယ် ၃၀ ရက်နေ့လောက်မှာ ရောက်လာတယ်။ ဒီလောက် ငွေရေးကြေးရေး တောင့်တင်းပြီး ယန္တရားလည်း တောင့်တင်းတဲ့ အဖွဲ့အစည်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကြာရလဲ။ ဒါကတော့ ဒီအဖွဲ့အစည်းအနေနဲ့ စဉ်းစားစရာပေါ့။ ရေဘေးကယ်တဲ့ သဘောတရားနဲ့ ငလျင်ဘေးကယ်တဲ့ သဘောတရားသည် သဘာဝဘေးတော့ သဘာဝဘေးပဲ မတူဘူးလေ။ ငလျင်သည်မှမဟုတ်ဘူး ရေဘေးဆိုရင်လည်း ဘယ်လို စသဖြင့်ပေါ့။ ဒီဥစ္စာက ကျနော်တို့ဆီမှာ ကျနော် သိသလောက်ကတော့ ထရိန်နင် ဘာညာရှိခဲ့ရင်တောင် နည်းနည်းပဲရှိမှာပေါ့” ဟု ပြောသည်။
ငလျင်ဘေးဒဏ်ကြောင့် ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီအထိ နစကမှ ထုတ်ပြန်သည့် အချက်အလက်များအရ သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရသူ ၄၇၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း သိရသည်။