- By CNI
- Category: နိုင်ငံရေး
- Hits: 871
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည့်အတွက် ယခုပဋိပက္ခကို အရှိန်လျှော့ချရမည့် အချိန်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီ ဘိရှော့က ပြောသည်။
ကုလအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဧပြီ ၉ ရက်က ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့်တွေ့ဆုံ၍ ငလျင်ဘေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ငလျင်ဘေးသင့် ဒေသများသို့ သွားရောက်၍ လေ့လာ ခဲ့သည်။
ထို့နောက် ပဋိပက္ခကို အရှိန်လျှော့ချရမည့် အချိန်ဖြစ်သည်ဟု ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မစ္စစ်ဘိရှော့ကိုတွေ့ရစဉ်
မစ္စစ်ဘိရှော့က “ အများစုက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများလည်း ရှိခဲ့ပြီးတော့ အပစ်အခတ်ရပ်စဲကြောင်းကိုလည်း လက်နက်ကိုင် အင်အားစု အများအပြားက ကြေညာထားပါ တယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့တွေ၊ ဆရာဝန်တွေနဲ့ ကယ်ဆယ်ရေးသမား တွေက နိုင်ငံတစ်ဝှမ်းက ပြည်သူတွေကို ထောက်ပံ့မှုတွေ ပေးနိုင်အောင် ဒီအပစ် အခတ်ရပ်စဲရေးကို ထိန်းထား နိုင်ဖို့ ကျမတို့ လိုအပ်နေပါတယ်။ ယခုအချိန်ဟာ ဒီပဋိပက္ခကို အရှိန်လျှော့ချရမယ့်အချိန်ဖြစ်ပါတယ်။ ယခုအချိန် ဟာ သတ်ဖြတ်ခြင်းတွေကို ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ဖြစ်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သဘာဝဘေးဒဏ်ပြီးနောက် အချင်းချင်း ကူညီပံ့ပိုးနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ်
အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ဓာတ်အားပေး ကွန်ရက်များ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ ပြိုကျပျက်စီး ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်က ဧပြီ ၂၂ ရက်ထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သလို KIA နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့က ဧပြီ ၃၀ ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နှစ်ပတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။
သို့သော် KIA နှင့် NUG ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကို ဧပြီ ၉ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ သလို မြန်မာ့တပ်မတော်ကလည်း လေကြောင်းပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဆင်းရဲမွဲ တေမှုများ တိုးပွားလာနေသည့် မြန်မာပြည်သူများကို ထောက်ပံ့ကူညီနိုင်မည့် နည်းလမ်းများရှာဖွေပေးရန် ကမ္ဘာ တစ်ဝှမ်းက နိုင်ငံသားများအား မေတ္တာရပ်ခံကြောင်း ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့က တိုက်တွန်း ခဲ့သည်။
မိမိအနေဖြင့် မြန်မာနိုင်ငံမှာ ပဋိပက္ခကို ဦးဆောင်သည့် ဖြေရှင်းနည်းများနှင့် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မည့် အနာဂတ်လမ်းကို ရှာဖွေရန် အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 553
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် ဒုက္ခရောက်ပြီး ကူညီကယ်ထုတ်ခဲ့ရမှုများရှိသည့်အတွက် အိန္ဒိယနိုင်ငံသား များအနေဖြင့် အလုပ်ကမ်းလှမ်းမှုများကို သတိထားကြရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြဝတီမြို့(မြန်မာနိုင်ငံ)ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၃၂ ဦးအား မဲဆောက်(ထိုင်းနိုင်ငံ)မှတဆင့် ဧပြီ ၁၁ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသံရုံးက “ထိုကဲ့သို့သော အလုပ်ကမ်းလှမ်းမှုများကို ဆန့်ကျင်ကြရန် ကျွန်ုပ်တို့၏ အကြံပြုချက်ကို ထပ်မံအလေးထား ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်လူဝင်မှုကြီးကြပ်ရေးမရှိဘဲ ဝင်/ထွက်ခြင်းများသည် တရားမဝင်ဖြစ်ပြီး အနာဂတ်တွင် ဝင်ခွင့်ကန့်သတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပေးပါသည်”ဟု ပြောသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် ကျားဖြန် (ခေါ်) အွန်လိုင်းငွေလိမ်လည်လုပ် ငန်းများ၌ နိုင်ငံတကာမှ နိုင်ငံသားများကို စေခိုင်းလျက်ရှိသည်။
ထို့နောက် တရုတ်အစိုးရက ကျားဖြန့်လုပ်ငန်းသည် ၎င်းတို့၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားရေး ထိပါး သည်ဟုဆိုကာ မြန်မာနှင့်ထိုင်း အစိုးရများကို နှိမ်နင်းပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ကရင်ပြည်နယ်၊ မြဝတီ မြို့နှင့် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းခဲ့သည်။

အဆိုပါ ကျားဖြန့် နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း ပိတ်မိနေသော နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိပြီး လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ လမ်းတံတားများ၊ ဆက်သွယရေး ကွန်ရက် များ ပြိုကျပျက်စီး၍ လူသားချင်း စာနာထောက်ထားမှုများ အကြီးအကျယ် လိုအပ်နေသည်။
ထိုငလျင်ဘေးကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်နှိမ်နင်းရေးမှာ ပြည်သူလူထုနှင့် နိုင်ငံတကာ စာမျက်နှာမှာ မှေးမှိန်လျက်လာခဲ့သည်။
သို့သော် ကျားဖြန့်ဂိုဏ်းများသည် မြန်မာနိုင်ငံက ငလျင်ဘေးကို အခွင့်အကောင်းယူကာ ကျားဖြန့်လုပ်ငန်းများကို ပိုမို ရဲတင်းစွာလုပ်ကိုင်လာနေသည်ဟု မြန်မာနိုင်ငံသူ/သားများက ၎င်းတို့၏ တယ်လီဖုန်းမက်ဆေ့စ်များသို့ ရောက်ရှိလာသော စာများကို ပြ၍ ပြောလာကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 623
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် နစကသည် ရွေးကောက်ပွဲကို ယခင်က စီစဉ်ထားသည့်ထက် အသုတ်လိုက်ခွဲ၍ ကျင်းပနိုင်ခြေရှိသည်ဟု နိုင်ငံရေးပါတီများက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲအား ၄ သုတ်ခွဲ၍ ကျင်းပမည်ဟု ရည်ရွယ်ထားသော်လည်း ယခုတွင် ငလျင်ဘေး ထပ်မံပေါ်ပေါက် လာသည့်အတွက် ၄ သုတ်ဖြင့်ခွဲ၍ ကျင်းပရန် မလုံလောက်ပါက ၅ သုတ်ခွဲကာ ကျင်းပနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရွေးကောက်ပွဲ ရွှေ့ဖို့ကတော့ အခုလက်ရှိ အနေအထားပေါ့နော် လက်ရှိ အနေအထားအရက တော်တော် လည်း အခြေအနေက ဆိုးသွားတဲ့ အခါကျတော့ ဒါမျိုးများ ဖြစ်မလားပေါ့၊ သို့ပေမယ့် ဒါအစိုးရဘက်က လုံးဝမရွှေ့ ဘူး ဆက်လုပ်သွားမယ်ဆိုတာ ကြားရတယ်ပေါ့နော်၊ ဒီအတောအတွင်းမှာ ကျနော်တို့ ၂၀၂၅ ရဲ့ ဒီဇင်ဘာလောက် ဆိုလို့ရှိရင် ကျနော်တို့ Recover တော်တော်များ ဖြစ်နိုင်မလား၊ ဒါကိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားရမှာပေါ့ နော်၊ လုံးလုံးမဖြစ်ဘူး ဆိုရင်တော့လည်း ရွှေ့သင့်ရင်တော့လည်း ရွှေ့ရမှာပေါ့လေ၊ ရွေးကောက်ပွဲ တကယ့်ကို လုပ်ရခက်နေတဲ့ဟာမျိုးကတော့ ရွှေ့ကိုရွှေ့ရမှာပေါ့နော်၊ ဒီဇင်ဘာ တတိယ အပတ်ရယ်၊ စတုတ္ထအပတ်ရယ်၊ ဇန်နဝါရီ ပထမအပတ်ရယ်၊ ဒုတိယအပတ်ရယ် ၄ သုတ်လောက်ခွဲပြီး ကျင်းပမယ်လို့ နဂိုကတည်းက ရည်ရွယ်ထား တာကိုး၊ နဂိုကတည်းက ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရှေ့မှာတုန်းကတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေ ပြည်တွင်းရဲ့ အခြေအနေအရ ဒီလို သုံးသပ်တာပေါ့နော်၊ ဒီလိုသွားမယ် လို့ ပြောထားခဲ့တာကိုး၊ အခုက ငလျင်ဘေးတစ်ခု ထပ်ပေါ်လာတဲ့ အတွက်ကြောင့်မို့လို့ ဒီငလျင်ဘေးသည်လည်း ခုနလိုပဲ ၄ သုတ်ခွဲတာနဲ့ မလောက်ရင်လည်း ၅ သုတ်ခွဲပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) က ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။
ရွေးကောက်ပွဲအား အကြိမ်ကြိမ် ကျင်းပနိုင်ပြီး ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာ များအားရှောင်ပြီး တည်ငြိမ်အေးချမ်းမှုရှိသည့် ဧရိယာများအား ဦးစားပေး ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲကြီးတစ်ရပ် ပေါ်ထွန်းအောင်လုပ်ရင် အဲဒီရွေးကောက်ပွဲလည်း တစ်ကြိမ်တည်းနဲ့ ပြီးပြတ် ရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိဘူး၊ အကြိမ်ကြိမ် အလီလီ ကျင်းပမယ်၊ ကျင်းပတဲ့အခါမှာ free and fair ဖြစ်တဲ့ တစ်နည်းအားဖြင့် တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို လုံလုံခြုံခြုံပေါ့ဗျာ ၁၀၀ ရာခိုင်နှုန်း ကျင်းပနိုင်မယ့် ဧရိယာတွေကို ဦးစားပေး ကျင်းပပေးမှာပေါ့၊ အဲဒီတော့ ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် ဦးစားပေး အဆင့်ဆင့်ကတော့ သူ့မှာလာမှာပေါ့၊ အဲဒီလိုလုပ်တဲ့ ရွေးကောက်ပွဲတိုင်းက တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အရေအတွက်သည် ခုနက လွှတ်တော်အထမြောက်တဲ့ အရေအတွက်ကို ရသွားရင် အစိုးရဖွဲ့ နိုင်ပြီပေါ့၊ ရွေးကောက်ပွဲ အလီလီ လုပ်နိုင်တယ် ဆိုတာလေးက လူထုရဲ့ ပဋိပက္ခ၊ အခုသဘာဝ ဘေးအန္တရာယ် ရှိတာပေါ့၊ အဲဒီ ၂ ခုကို ရှောင်ပြီးတော့ တည်ငြိမ်အေးချမ်းမှု၊ စစ်မှုထမ်းမရှိတဲ့ ဧရိယာတွေကို ဦးစားပေး ကျင်းပ မယ်ဆိုတာ ဖြစ်နိုင်ခြေများတာပေါ့၊ ဒါပေမယ့် ရွေးကောက်ပွဲ အထမြောက်အောင် လုပ်နိုင်ပါတယ်” ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချင်းအမျိုးသားနေ့ကို ပေးပို့သည့် သဝဏ်လွှာပါ ပြောစကားကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စစ်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေသကဲ့သို့ စီးပွားရေး ကျဆင်းမှု ပြန်လည်ဦးမော့ရေး ကြိုးပမ်းရန်လည်း လိုအပ် နေခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်မှာ မလွယ်ကူတော့ကြောင်း ထောက်ပြကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားပြီး ရွေးကောက်ပွဲ အထမြောက်သည့် အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် နစကကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်း နေသလို နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ ကို ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 707
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၌ နစကဘက်မှ အုပ်ချုပ်ရေးယန္တရားများ မရှိသည့်အတွက် မွတ်ဆလင်ဒုက္ခသည် များ နေရပ်ပြန်နိုင်ရေးအား နစကအနေဖြင့် လက်ခံရေး လုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်သေးကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြီးခဲ့သည့် ဘန်ကောက်ခရီးစဉ်တွင် မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာခါလီလာရာမန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် ငလျင်ကြောင့် ပြန်လည်ထူထောင်နိုင်ရေး လုံလောက်သည့် ငွေကြေး မရှိနေသည့်အပြင် ရခိုင် မြောက်ပိုင်းကို အာရက္ခတပ်တော်(AA)က အုပ်ချုပ်ထားသဖြင့် မွတ်ဆင်လင် ဒုက္ခသည်များ နေရပ်ပြန်ရေး နစက အနေဖြင့် မလုပ်ဆောင်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မလုပ်ဆောင်နိုင်ဘူး။ အခု သူပြန်လက်ခံမယ့်နယ်မြေ ဘယ်သူ့လက်ထဲမှာရှိလဲ နံပါတ်တစ်၊ ကုန်ကျစရိတ် ဘယ်သူထုတ်မလဲ နံပါတ်နှစ်၊ သူကလက်ခံဖို့ အာသီသ ရှိတယ်ဆိုပေမယ့် လက်တွေ့လုပ်ဖို့က မေးခွန်းတွေက ရှိတယ်။ အခုငလျင်ဒဏ်တောင် ပြန်လည်ထူထောင်ဖို့ ငွေမှမရှိဘဲ။ အဲဒီလူ ၁၈၀,၀၀၀ ကို ပြန်လက်ခံဖို့ ငွေက လည်း နည်းတဲ့ထုထည်မှ မဟုတ်ဘဲ။ အဲဒါကို ဘယ်သူထုတ်မလဲ။ အဲဒါ အဲဒီပြဿနာရှိတာပေါ့။ နောက်ပြီးတော့ ပြန်လည်သယ်ဆောင်ပြီး ပြန်လည်ချထားတာကိုလည်း တတိယအင်အားစုက ကြီးကြပ်မှရတယ်။ ကျနော်တို့ ကိုယ့်ဘာသာ သွားသယ်လို့လည်း မရဘူး။ အခုရှိနေတဲ့ အုပ်ချုပ်နယ်မြေ ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းတွေ ကလည်း လုပ်လို့မရဘူး။ ပြန်သွားတဲ့သူတွေက နံပါတ်တစ် ဂုဏ်သိက္ခာရှိရမယ်၊ နံပါတ်နှစ် နေရာတကျ ပြန်နေ ထိုင်နိုင်ရမယ်၊ နံပါတ်သုံး ဘဝရှင်သန်နိုင်ရမယ်။ ဒါမှ ပြန်သွားတယ်လို့ ခေါ်တာကို။ အားလုံးလုပ်ပေးမှ ပြန်လည် နေရာ ချထားတယ်လို့ခေါ်တာ။ အဲဒါတွေမပါဘဲနဲ့ ဟိုပြေးလိုက်ဒီပြေးလိုက် အထုပ်ခေါင်းပေါ်ရွက် ပြီးတော့သွား နေတာ အဲဒါနိုင်ငံတကာပုံစံမှ မဟုတ်ဘဲ။ မလုပ်နိုင်ကြပါဘူး။ အခုအခြေအနေမှာ အပြောပဲဖြစ်တယ် သဘောတူ တယ်ဆိုတာ။ ဘင်္ဂလားဒေ့ရှ်အစိုးရလည်း မလုပ်နိုင်ဘူး။ လက်ရှိ ရခိုင်အဖွဲ့အစည်းလည်း မလုပ်နိုင်ဘူး။ ကျနော် ထင်တယ် SAC လည်း လုပ်နိုင်မယ့် အလားအလာ မရှိပါဘူး” ဟု ပြောသည်။

BIMSTEC အစည်းအဝေး တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
နစကနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ဆွေးနွေးမှုတွင် ထွက်ပြေးတိမ်းရှောင်သွားသည့် မွတ်ဆလင် ဒုက္ခသည်များ ထဲမှ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုထားနိုင်သည့် အရေအတွက်ပေါင်း ၁၈၀,၀၀၀ ရှိသည်ဟု မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကို အသိပေးခဲ့သည်။
ထိုပမာဏသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာသို့ အုပ်စု ၆ သုတ်ခွဲပြီး တင်ပြ ခဲ့သည့် မွတ်ဆလင် ၈ သိန်းထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
နောက်ထပ် လူဦးရေ ၇ သောင်းကိုလည်း အပြီးသတ် စိစစ်နေဆဲဖြစ်ကြောင်း၊ ဓါတ်ပုံများနှင့် အထောက်အထား အသေးစိတ် အချက်လက်များကို ပြန်လည်သုံးသပ်ရန် ကျန်နေသေးကြောင်း သိရသည်။
ထို့ကြောင့် နေရပ်ပြန်ပို့ရေး အမှန်တကယ် လုပ်ဆောင်ခဲ့သည်ရှိသော် တရားဝင် စိစစ်အတည်ပြုရသေးသည့် ပမာဏ ၁၈၀,၀၀၀ ကိုသာ မြန်မာဘက်မှ ဦးစွာလက်ခံမည့် အနေအထားဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းကို ရောက်လာစဉ်
ထိုသို့ မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ရေးအတွက် လူဦးရေ အတည်ပြုခဲ့ကြခြင်းသည် နိုင်ငံရေးအရ သဘောတူညီမှု တစ်ခုဟုသာ သုံးသပ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီအပိုင်းကတော့ နိုင်ငံရေးအရ သဘောတူညီမှု တစ်ခုလို့ပဲ ကျနော်တို့ သုံးသပ်တယ်။ လက်ရှိ အနေအထားအရ လက်ခံမယ်ဆိုရင် ဘယ်ဖက်၊ ဘယ်နေရာကနေ လက်ခံမှာလဲပေါ့။ အဲဒီအပိုင်းကတော့ ဒီသတင်းကနေ နောက်ထပ် အသေးစိတ် သတင်းထုတ်ပြန်တာကို စောင့်ရမယ့်သဘောပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပဋိပက္ခများကြောင့် ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင် ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရပြီးနောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နေရပ်ပြန်နိုင်ရေးကို တိုက်တွန်းနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆင်လင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ ၎င်းတို့နေရပ် ပြန်နိုင်ရေးအတွက် AA နှင့် တွေ့ဆုံဆွေးနွေး စကားပြောရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 702
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေခြင်းသည် နစကအစိုးရအား နိုင်ငံရေးအရ အသိအမှတ်ပြုသည့် သဘောထားမျိုး မသက်ရောက်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် နိုင်ငံတကာမှ အကူအညီ ဝင်ပေးခြင်းသည် လူသားချင်းစာနာမှု ဘောင်အတွင်းမှာပဲရှိပြီး နစကအစိုးရအား တရားဝင်မှုပေးခြင်း၊ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းဆိုသည့် သဘောထား မသက်ရောက်ကြောင်း ၎င်းက ပြော သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “မူလက နိုင်ငံရေး ရပ်တည်ချက်အရ ဆန့်ကျင်ပေမယ့် ငလျင်ကျတော့ လူသားချင်း စာနာမှုဆိုင်ရာပြဿနာ ဖြစ်လာတယ်၊ အခုလက်ရှိ အုပ်ချုပ်နေတဲ့သူရဲ့ မူဝါဒ ပေါ်လစီတွေက တစ်ခု၊ ပြည်သူ ပြည်သားတွေ ခံစားရတဲ့ ငလျင်ဒဏ်ကတစ်ခု ဖြစ်လာတော့ ခွဲပြီးတော့ ကြည့်ရင် နိုင်ငံသားတွေ ခံစားရတဲ့ ငလျင် ဒဏ်ကိုတော့ နိုင်ငံတကာက ကူဖို့လိုလာတယ်၊ အဲဒီလို ကူညီချင်းက လူသားချင်းစာနာမှု ဘောင်ထဲမှာပဲ ရှိပြီး တော့ အဲဒါက တရားဝင်မှုကို ပေးတယ်၊ နိုင်ငံရေးအရ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောကိုတော့ သက်ရောက်မှု မရှိဘူးလို့တော့ ကျနော် ယူဆတယ်ဗျ၊ အများအားဖြင့်တော့ ကူညီပေးတဲ့နိုင်ငံတွေ အကုန်လုံးက ကြိုပြီးတော့ ပြောတာတွေ ရှိပါတယ်၊ ဒီလိုကူညီတာက လူသားချင်းစာနာမှု အဲဒီအပေါ်မှာ Political Recommendation (နိုင်ငံရေး ထောက်ခံချက်) ပေးတဲ့ သဘောမျိုး မဖြစ်စေရဘူး ဆိုတာမျိုးတော့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်နဲ့ ဝင်ပေးတဲ့ တိုင်းပြည်တွေလည်း ရှိပါတယ်ဗျ၊ အဲဒါကြောင့် အဲဒီလို လူသားချင်းစာနာမှု အကူအညီတွေ ဝင်ပေးတဲ့ အပေါ်မှာ နိုင်ငံရေးအရ အသိအမှတ်ပြုသွားတယ် ဆိုတဲ့သဘောတော့ မရောက်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။
နိုင်ငံတကာသံတမန်အရေး ကျွမ်းကျင်သူများကတော့ နစက အနေဖြင့် ငလျင်ဘေး နိုင်ငံတကာ၏ အကူအညီရရှိ မှုကနေ နိုင်ငံရေးအရ တရားဝင်မှုကို ရရှိအောင် ကြိုးပမ်းသင့်ကြောင်း၊ နိုင်ငံတကာ သံတမန်လမ်းကြောင်းကို ဖွင့် နိုင်ရန် ကြိုးပမ်းသင့်ကြောင်း ထောက်ပြကြသည်။

နစကဥက္ကဋ္ဌ မြန်မာငလျင်ဘေး အိန္ဒိယက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို လေ့လာနေစဉ်
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။
အကယ်၍ ရွေးကောက်ပွဲအား မကျင်းပပါက နစကအစိုးရ ဆက်လက် အုပ်ချုပ်နေမည်ဖြစ်ကြောင်း၊ တိုင်းပြည် အနေဖြင့်လည်း ဆက်လက် ဒုက္ခရောက်နေမည်ဖြစ်ကြောင်းကို နိုင်ငံတကာက သုံးသပ်လာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “ဒါက ဆန့်ကျင်တာက သူတို့ဖက်က အပိုင်းပေါ့နော်၊ အခု Legitimacy ဖြစ်အောင် ဒီဖက်ကနေပြီးမှ ပြန် လုပ်တယ် ဆိုတာထက်ကို သဘာဝက ဖန်တီးပေးသလို ဖြစ်သွားတာပေါ့နော်၊ သူက Legitimacy ရအောင်တော့သူ ကြိုးစားနေတာတော့ ကြာပြီ။ ဒါပေမယ့် ဒီငလျင်ကြီး လှုပ်သွားတဲ့အခါကျ ပိုပြီးမှ အချိန်မြန်မြန်နဲ့ စစ်တပ်ကို အသိအမှတ်ပြုလာကြတဲ့ သဘောလေးတွေ ဖြစ်လာတာပေါ့၊ အဲဒီတော့ နိုင်ငံကြီးတွေ အနေနဲ့ကလည်း သုံးသပ်မိ တာလေးတွေကတော့ ရှိကောင်းရှိမှာပါ။ ဒီရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် ဒီအစိုးရ သက်ဆိုးရှည် နေဦးမှာ ဆက်ပြီး မှ မြန်မာပြည်ဟာ ဆက်ပြီးဒုက္ခရောက်နေဦးမှာ။ ရွေးကောက်ပွဲ ရလာပြီဆိုရင် ရောက်လာပြီဆိုရင်တော့ ဒီအစိုးရ ပြုတ်ကျသွားပြီးမှ နောက်တက်လာမယ့် အစိုးရအနေနဲ့ စကားပြောလို့ ဆွေးနွေးညှိနှိုင်းလို့ ရလာပြီပေါ့ဗျာ။ ဒါ လည်း နိုင်ငံတကာကလည်း သုံးသပ်မှာပါ။ တကယ်လို့ ရွေးကောက်ပွဲသာ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ လက်ရှိ နစကအစိုးရ သက်ဆိုးရှည်ပြီးမှ မြန်မာပြည်သူတွေဟာ ပိုပြီးမှ ပိုပြီးမှပဲ ဒုက္ခရောက်လာဖို့ ရှိပါတယ်” ဟု ပြော သည်။
ငလျင်ဘေးသင့် ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ လှူဒါန်းရန် ကတိပြုငွေ အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီး အကဲ တွမ်ဖလက်ချာက ၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက်နေ့တွင် နစက၏နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
အလားတူ အမေရိကန်ကလည်း ဒေါ်လာ ၉ သန်း မြန်မာငလျင်ဘေးကို ကူညီမည်ဖြစ်ကြောင်း ကြေညာထားသလို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယတို့ပါဝင်သည့် Quad(ကွတ်စ်)ကလည်း မြန်မာငလျင်အတွက် ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည်ဟု ကတိပြုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စစ်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေသကဲ့သို့ စီးပွားရေး ကျဆင်းမှု ပြန်လည် ဦးမော့ရေး ကြိုးပမ်းရန်လည်း လိုအပ် နေခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်မှာ မလွယ်ကူတော့ကြောင်း ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 582
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 607
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA/PSLF)တို့ သည် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက် တွင် သူ၏ လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့သည်။
KIO နှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပါပြီ၊ သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘ ပြည်သူများ နာလည်ကူညီပေးကြပါရန်နှင့် Online သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြ လိုသူများ ထံမှလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်ပါသည်ဟု ၎င်းက ရေးသားထားသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ရေးထားတဲ့စာကို တွေ့ရစဉ်
KIA နှင့် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ္မတူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မဘိမ်း၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များအတွင်းမှာ နယ်မြေအငြင်းပွား၍ စစ်ရေးတင်းမာလျက်ရှိသည်။
အဆိုပါ ပွတ်တိုက်မှုများသည် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1184
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် နယ်မြေများတိုက်ခိုက် သိမ်းယူထားခြင်းသည် မြို့နယ်များအား တိုက်ခိုက် သိမ်းယူထားခြင်းလား၊ မြို့များကို တိုက်ခိုက်သိမ်းယူထားခြင်းလားဆိုကာ ပြည်သူလူထုကြား မေးခွန်း များ ထွက်ပေါ်လျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ(EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့သည် နိုင်ငံတစ်ဝန်း တွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်နှင့် မြို့ပေါင်း ၉၅ မြို့အား စိုးမိုးထိန်းချုပ်ထားကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် နယ်မြေများသည် မြို့များသာဖြစ်ပြီး မြို့နယ်အနေဖြင့် ၃၀ ပတ်ဝန်း ကျင်လောက်သာ ရှိသေးကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တမူးမြို့နယ်ထဲမှာ ခမ်းပတ်ရှိတယ်၊၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ့နော်၊ ခမ်းပတ်မြို့ဆိုတဲ့ ဥစ္စာလေးက ဒါမြို့နယ်ကို ကိုယ်စားမပြုဘူး၊ မြို့တစ်ခုလို့ပဲ သတ်မှတ်ထားတာ။ အခုကျနော်တို့ ရွှေကူမြို့နယ် မှာဆိုရင် မြို့လှမြို့ကို သူတို့သိမ်းထားတယ်၊ မြို့လှမြို့ဆိုတာ အိမ်ခြေတစ်ရာကျော်ပဲရှိတယ်၊ ရွာသာသာပဲ ရှိတာ။ အုပ်ချုပ်ရေး လိုအပ်ချက်အရ သူက မြို့နာမည် သတ်မှတ်ပေးလိုက်ရတာပေါ့၊ ရွှေကူမြို့ပေါ်မှာကျတော့ နစကရဲ့ အုပ်ချုပ်ရေးအာဏာတွေ သက်ရောက်နေတုန်း ရှိပါသေးတယ်။ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ရွှေကူ မြို့မှာ လုပ်လိုက်တာနဲ့ မြို့လှမြို့တွေ ဘာတွေ ဘာမှပြောစရာ မလိုတာတွေမလား၊ မြို့နယ်ထဲ ပါသွားပြီလေ။ ကန်ပိုက်တီမြို့တို့ ဘာတို့ဆိုတာလည်း ဝိုင်းမော်မြို့နယ်ထဲပါပါတယ်၊ ဒါကြောင့်မို့ အခုသိမ်းတဲ့ မြို့နယ်တွေ ၈၀ ကျော် မဟုတ်ပါဘူး သူတို့သိမ်းတဲ့ ဥစ္စာက မြို့တွေပါ၊ ဒါနိုင်ငံတော်က လိုအပ်ချက်အရ သတ်မှတ်ပေးထားတဲ့ မြို့လေးတွေပေါ့လေ၊ အမှန်တကယ်တော့ သူတို့သိမ်းထားတဲ့ မြို့တွေကို တွက်ကြည့်မယ် ဆိုရင်တော့ ၁၀ မြို့နယ် ကျော်ပဲ ရှိပါသေးတယ်၊ ရခိုင်ရော အပါဆိုရင်တော့ မြို့နယ် ၃၀ ပတ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်၊ သူတို့သိမ်း ထားတာလေ” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)ကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သို့သော် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက နယ်မြေတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိပါက ရွေးကောက်ပွဲလုပ်၍ မရသလို မဲစာရင်း ကောက်ခြင်းများ၊ မဲဆွယ်စည်းရုံးခြင်းများ လုပ်၍မရသော ကြောင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးအား ဦးစားပေးလုပ်ရန် အဓိကကျကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲလုပ်သည့်အခါတွင် မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်သင့်ကြောင်း၊ ထိုသို့ သတ်မှတ်လိုက်ပါက တိုက်ပွဲ ရှောင်နေကြသည့် သူများပါ မဲထည့်၍ ရသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော့် စိတ်ထင်ကတော့ အဲဒါကြောင့်မို့လို့လည်း သူကခွဲလုပ်မယ်လို့ ပြောတာပေါ့နော်၊ ကျနော်တို့ လုပ်လို့ရတဲ့ဟာကို အရင်လုပ်မယ်၊ ပြီးရင် အခုသိမ်းခံထားရတဲ့ မြို့နယ်တွေကို ပြန်တိုက်တာမျိုး ဖြစ်နိုင်တာပေါ့၊ ပြန်တိုက်တာလည်း တိုက်တာတစ်ပိုင်းပေါ့လေ၊ ဒါပေမယ့် ရွေးကောက်ပွဲကို များများကျင်းပလို့ ရအောင်ပေါ့ ကျနော်တို့က မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်လိုက်ပါ၊ PR စနစ် ကျင့်သုံးမယ်ဆိုတော့ မဲဆန္ဒနယ်ကြီးကြီး သတ်မှတ် လိုက်လို့ရှိရင် ရန်သူ့လက်ကျနေတဲ့ မြို့တွေလည်းရှိမယ်၊ ဒါပေမယ့် ဒီဖက်မှာ အဲဒီမြို့နယ်ကလူတွေက ဒီဖက် မကျ သေးတဲ့ နေရာတွေကို ပြေးလာပြီး စစ်ရှောင်အနေနဲ့ ရှိနေတာရှိတယ်။ အဲအတွက်ကြောင့်မို့လို့ ကျနော်တို့က မဲဆန္ဒ နယ်ကြီးကြီး သတ်မှတ်လိုက်လို့ရှိရင် ဟိုဖက်ကနေ စစ်ရှောင်လာတဲ့လူတွေပါ မဲထည့်လို့ရသွားမယ်၊ လက်ရှိစိုးမိုးမှု မရှိပေမယ့်လည်း ကိုယ်စားလှယ် အရေအတွက်တော့ ထွက်သွားမယ်ပေါ့၊ ဒီအတွက်ကြောင့်မို့လို့ နည်းနည်း ပိုပြီး လည်း ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်သွားမယ်ဆိုပြီးတော့ မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်သင့်ပါတယ်ဆိုတာတော့ အကြံပြုထားတာပေါ့” ဟု ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက် ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မတူနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ထိန်းချုပ်ထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး အပါအဝင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) တို့ကို ထိန်းချုပ်ထားသည်။
ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေး မြို့ လွယ်ဂျယ်မြို့တို့ကို ထိန်းချုပ်ထားသည်။
အလားတူ အာရက္ခတပ်တော်(AA)ကလည်း ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွ၊ မြောက်ဦးနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရွှေပြည်အေး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ အင်းတော် မြို့များကို လည်း KIA-PDF တို့က ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 610
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဧပြီ ၈ ရက်အထိ ၃၆၄၅ ဦးသေဆုံးပြီး ၅၀၁၇ ဦး ထိခိုက်ဒဏ်ရာရရှိ ကာ ၁၄၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက် ည ၈ နာရီဝန်းကျင်မှာ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူ သူများရှိသလို နေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးဆုံးရှုံးမှု များ ရှိခဲ့သည်။

အမေရိကန် ကူညီကယ်ဆယ်ရေးအဖွဲ့ကိုတွေ့ရစဉ်
ထို့နောက် နိုင်ငံပေါင်း ၂၀ က ကူညီကယ်ဆယ်ရေး ဝန်ထမ်း ၁၇၃၈ ဦးက ကူညီကယ်ဆယ်ရေးလုပ်နေကြသလို ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၃၀၄ တန်ကျော် ထောက်ပံ့ပေးထားသည်။
မြန်မာငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၈ ခေါက်၊ ကား ၆ စင်း၊ သင်္ဘော ၅ စင်းတို့ဖြင့် ကူညီကယ်ရေးဝန်ထမ်းများနှင့် ပစ္စည်းများ သယ်ယူထောက်ပံ့ပေးထားသည်။
