- By CNI
- Category: နိုင်ငံရေး
- Hits: 723
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေးပါတီများနှင့်သာ သက်ဆိုင်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် မပတ်သက် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အချို့လက်နက်ကိုင် အင်အားစုများသည် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အစွန်းရောက်သွားနိုင်သည့် သဘောမျိုး ဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူး။ ရွေးကောက်ပွဲက နိုင်ငံရေးပါတီနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီကပဲ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ နိုင်ငံရေး ပါတီတွေကို ကချင်မှာလည်း ကချင်နိုင်ငံရေးပါတီတွေ ရှိပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ ပုံသဏ္ဍန်အရ သူတို့ လုပ် နိုင် ကိုင်နိုင်၊ သွားနိုင်လုပ်နိုင် တယ်ဆိုရင် ဒါကတစ်ဖက်တစ်လမ်းပေါ့လေ။ ပြုပြင်ပြောင်းလဲရေး အဆင့်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျနော်တို့ KNU နဲ့ယှဉ်ရင်တော့ တပ်မဟာ ၆ က ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်မယ်။ ပါဝင် ပတ်သက်တဲ့ သူတွေကိုလည်း ဆန့်ကျင်မယ်။ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကိုလည်း ဆန့်ကျင်မယ် စသဖြင့်ပေါ့လေ။ လူပုဂ္ဂိုလ်ရော၊ အဖွဲ့အစည်းရော ကြိမ်းမောင်းနေတဲ့ အခါကြတော့ အဲဒါကတော့ နည်းနည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ပဲ အစွန်းရောက်သွားနိုင်တဲ့ သဘောမျိုးဖြစ်နေတာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီနဲ့ UEC တွေ့ဆုံစဉ်
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို KNU, AA, KNPP, နာဂ ပ.က.ဖ လက်နက်ကိုင်နှင့် အခြား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း ပြောဆိုထားသကဲ့သို့ NUG ကလည်း ဆန့်ကျင်ရန် တိုက်တွန်းထားသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထား တင်းမာလွန်းသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်နေ့တွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရသည်။
သို့သော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ကြောင်း၊ ပျက်အောင် ဖျက်မည့်အကြောင်း ထုတ်ဖော်မပြောသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိနေသည်။
၎င်းတို့မှာ KIA, RCSS, SSPP, TNLA အပါအဝင် အချို့လက်နက်ကိုင် အဖွဲ့တို့ဖြစ်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
KIA သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်းမှာ မဲပုံးထောင်ခွင့် ပြုမှာမဟုတ်ကြောင်းသာ မှတ်ချက်ပြု ပြောဆို ထားခြင်းဖြစ်ကာ TNLA သည်လည်း TNLA ထိန်းချုပ်နယ်မြေတွေမှာ ပါတီများ မဲဆွယ်ခွင့်နှင့် ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် လက်ခံမှာလား ဆိုခြင်းကို မှတ်ချက်ပြု စရာမရှိသေးကြောင်း ဩဂုတ်လက ပြောဆိုထားသည်။

NUG ကိုတွေ့ရစဉ်
ထိုအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း မပြောဆိုခြင်းသည် အဖက်ဖက်နှင့် သင့်မြတ်အောင်နေသည့် သဘောဖြစ်ပြီး လွှတ်တော်ပေါ်လာပါ ၎င်းတို့လိုလားသော ဥပဒေများအတွက် ပြောဆို နိုင်မည်ဟု မျှော်လင့်ထားပုံရကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲတွေဟာ ပါတီတွေကိစ္စဖြစ်တယ်။ ဒီပါတီတွေကိစ္စမှာ EAO တွေ သို့မဟုတ် ERO တွေက ပါဝင်ဖို့ မရှိဘူးပေါ့။ သို့သော်လည်း တစ်ဖက်ကလည်း သူတို့မြင်တာက ရွေးကောက်ပွဲဖြစ်ရင် လွှတ်တော်ထဲမှာ အမတ်တွေပေါ်လာမယ်။ အမတ်တွေပေါ်လာရင် ဥပဒေပြုတာတွေ ရှိလာမယ်။ ဥပဒေပြုတာတွေ ရှိလာရင် ကိုယ် လိုလားတဲ့ ဥပဒေမျိုးဖြစ်အောင် အားလုံးနဲ့ သင့်သင့်မြတ်မြတ် ဆက်ဆံဖို့ လိုတယ်လို့ မြင်ပါလိမ့်မယ်။ ဘာလို့လဲဆို သူတို့အရင်တုန်းက အတွေ့အကြုံ ရှိခဲ့ဖူးတာကို။ ၂၀၁၀ တုန်းကနေစပြီး ဖြစ်လာတဲ့ ရွေးကောက်ပွဲတွေဆို သူတို့ ဘာသိဘာသာ နေတဲ့အခါကြတော့ လွှတ်တော်ထဲမှာ ဥပဒေပြုတဲ့အခါ တချို့ ဥပဒေတွေက သူတို့ရဲ့ နယ်မြေထဲ မှာ သူတို့ထားရှိတဲ့ သူတို့ဒေသခံ ဥပဒေတွေနဲ့ မတူကြတာတွေရှိတယ်။ အဲဒီမှာ သူတို့ရဲ့ဥပဒေက ဒေသခံပဲ ဖြစ်တဲ့ အတွက် သူတို့ဥပဒေကို တစ်ခါတည်း တစ်နိုင်ငံလုံးဥပဒေက လွှမ်းမိုးသွားတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စမှာတော့ အဖက်ဖက်နဲ့ သူတို့သင့်မြတ်အောင်ပဲ နေမယ်ပေါ့။ အဲဒါဆိုရင် လွှတ်တော်ဖြစ်လာရင် သူတို့ ဆက်ဆံနိုင်မယ်၊ သူတို့လိုလားတဲ့ ဥပဒေတွေအတွက် ပြောနိုင်မယ်လို့ မျှော်လင့်ထားပုံရတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်မည်ဟု ပြောဆိုထားသည့် အလျောက် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည် ရရှိရေးအတွက်လည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1356
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံစဉ်
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် အပြင် မြေရှားသတ္တုတူးဖော်ရေးကို သဘောတူ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံနှင့် အဓိက ထိစပ်နေသော စစ်ဒေသများကို ကိုင်တွယ်နေသည့် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံ ဆွေးနွေးမှုပေါ်ပေါက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 640
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ရခိုင့်ဦးဆောင့်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပေါ် စွဲထားသော ပြစ်မှုများအားလုံးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဟု သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 537
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)/ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်မဟာ ၉၇၂ သည် သင်တန်းသား ၅၀၀ ဦး တက်ရောက်ခဲ့သော စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

SNA တပ်မဟာ ၉၇၂ ၏ အမှတ်စဉ်(၁)၊ အပတ်စဉ် ၁၃/၂၀၂၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျင်းပခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 680
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲကို ရောက်ရှိနိုင်ဖို့ သတ်မှတ်ထားသော ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု UEC က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲမှာ အရည်အချင်းရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်ရှိလာဖို့ ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်များကို ပြဋ္ဌာန်းရ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
UEC က “ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွက် လွှတ်တော်အတွင်း ဥပဒေပြုရေးကဏ္ဍများကို ဆောင်ရွက် ရမယ့် ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်များဟာ အရည်အချင်းရှိတဲ့ လူတွေဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူထု အကျိုး၊ အများအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သူတွေ ဖြစ်ဖို့လိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်ရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဖျက်သိမ်းခံလိုက်ရတဲ့ ပါတီများကို တွေ့ရစဉ်
လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အနိမ့်ဆုံး ပညာအရည်အချင်း အခြေခံပညာအထက်တန်းဆင့်ရှိရမည်၊ အစိုးရအသိအမှတ်ပြု တက္ကသိုလ်/ကောလိပ် တစ်ခုခုက ဘွဲ့ရသူများဖြစ်ရမည်ဟု UEC က သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များနှင့် စည်းမျဥ်းများက ရွေးကောက်ပွဲ၌ ပါဝင် ယှဥ်ပြိုင်သော ပါတီများ မစုံလင်အောင် လုပ်နေသလားဆိုကာ ထောက်ပြမှုများလည်း ရှိနေကြသည်။
ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ကန့်သတ်မှုတွေသည် ဒီမိုကရေစီစနစ်နှင့် နှိုင်းယှဥ်လျှင် လွတ်လပ်စွာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ပိတ်ပင်နေ ခြင်းဖြစ်သည်ဟုလည်း ထောက်ပြနေကြသည်။
UEC က “နိုင်ငံရေးပါတီများ၏ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်များ ဆောင်ရွက်ရာမှာ လွယ်ကူ အဆင်ပြေစေဖို့ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြီး သတ်မှတ်ချက်များကို ဖြေလျော့ ပေးခဲ့ပါတယ်။ တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး အဆိုပါ နိုင်ငံရေးပါတီများ အားလုံးဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ အခါအား လျော်စွာ တွေ့ဆုံပြီး နိုင်ငံရေးပါတီများမှ တင်ပြချက်များကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိ ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC ကိုတွေ့ရစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံ ရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီ တို့ကို သတ်မှတ် ပါတီဝင်စာရင်းနှင့် ရုံးခန်း မပြည့်မီသည့်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဖျက်သိမ်း ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုဖျက်သိမ်းခံရသည့် ၄ ပါတီအနက် NDF၊ DNP၊ အမျိုးသမီးပါတီ(မွန်) ပါတီတို့သည် ပြည်ထောင်စုတစ်ဝန်း ဝင် ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားကြသည်။
ထို့ကြောင့် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။
အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော(USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။
ထိုပါတီများထဲတွင် မဲဆန္ဒနယ် ၈၃၃ နယ်အနက် ထက်ဝက်ဖြစ်သော ၄၁၇ နယ်ကို ရွေးကောက်ပွဲ ဝင်ရောက် မပြိုင်ခြင်း သို့မဟုတ် ကိုယ်စားလှယ်လောင်း စာရင်းအမည် မတင်သွင်းနိုင်ခြင်းဖြစ်ပါက ပါတီဖျက်သိမ်းခံရမည့် အခြေအနေရှိနေသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 727
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီ အရေအတွက်နည်းလျှင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန် ခဲယဉ်းနိုင်ကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကိုပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်း ဝင် ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသော နိုင်ငံရေးပါတီ ၉ ပါတီရှိသည်။
သို့သော် ပါတီဝင် အင်အား ၅၀၀၀၀ မပြည့်ခြင်းနှင့် ပါတီရုံးခန်း ၁၁၀ ဖွင့်လှစ်ရန် သတ်မှတ်ချက် မပြည့်ခြင်းတို့ ကြောင့်ဆိုပြီး ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီ ၄ ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထိုပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်သည်။

နိုင်ငံရေးပါတီ ၄ ပါတီကို UEC က ဖျက်သိမ်းလိုက်တဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို ၃ ပါတီအနက် NDF၊ DNP၊ အမျိုးသမီးပါတီ(မွန်)တို့သည် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ပါတီများဖြစ်သည်။
ပါတီစုံဒီမိုကရေစီဟုပြောပြီး ပြည်ထောင်စုအဆင့် ဝင်ပြိုင်နိုင်သည့် ပါတီက ၃ ပါတီ ၄ ပါတီပဲရှိလျှင် နိုင်ငံ တကာက အသိအမှတ်ပြုရန် အရမ်းခဲယဥ်းသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ဆိုင်ရာ UEC အနေနဲ့ တာဝန်ရှိ လူကြီးမင်းတွေ သာမကပဲ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံတော် အကြီးအကဲတွေကပါ ဒီကိစ္စကို ခေါင်းထဲထည့်ပြီးတော့ စဥ်းစားသင့်တော့။ ပါတီစုံဒီမိုကရေစီလို့ ပြောပြီးတော့ ပြည်ထောင်စုအဆင့် ဝင်ပြိုင်နိုင်တဲ့ ပါတီက ၃ ပါတီ ၄ ပါတီပဲ ရှိတယ်ဆိုလို့ရှိရင် နိုင်ငံတကာက ဒါအသိအမှတ် ပြုဖို့ဆို အရမ်းခဲယဥ်းတယ်။ ဒါကြောင့်မို့လို့ ဒီနိုင်ငံတော် အကြီးအကဲတွေနဲ့ UEC တာဝန်ရှိသူတွေ အနေနဲ့ ပြန်ပြီး တော့ စဥ်းစားသင့်တယ်။ ပါတီစုံဒီမိုကရေစီလို့ ပြောလို့ရှိရင် ပြည်ထောင်စုအဆင့်မှာ ယှဥ်ပြိုင်နိုင်တဲ့ ပါတီကြီးက အနည်းဆုံးတော့ ၁၀ ပါတီလောက်ရှိသင့်တယ်။ တစ်နိုင်ငံလုံးအပြည့် ကိုယ်စားလှယ် ရဖို့ဆိုတာလေ တကယ်လို့ များ ဒီလိုပါတီတွေ ထပ်ပြီးတော့မှ ကိုယ်စားလှယ်လောင်း မပြည့်မှီလို့ ပြုတ်မယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါဝင် ယှဥ်ပြိုင်နိုင်မယ့် ပါတီက ၃ ပါတီ ၄ ပါတီထက်ပိုမှာ မဟုတ်ဘူး။ အဲဒါဆိုလို့ရှိရှင် အန်တီတို့က နိုင်ငံတကာက စောင့်ကြည့်လေ့လာသူများရဲ့ အမြင်မှာ ဒါသိပ်ပြီးတော့ မတင့်တယ်ဘူးပေါ့”ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား တင်ရန် ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ထား သည်။

နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
UEC ဥပဒေများက လက်ရှိအခြေအနေ၊ နိုင်ငံရေး အခြေအနေများနှင့် ကြည့်မည်ဆိုလျှင် အရမ်းတင်းကြပ်သည့် သဘောမှာ ရှိနေသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အမှန်တကယ်ကတော့ ဒီပါတီတွေနဲ့ ပတ်သက်တဲ့ UEC ဥပဒေတွေက အခုဒီအခြေအနေနဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ကြည့်မယ်ဆိုရင် အရမ်းတင်းကြပ်တဲ့ သဘောမှာ ရှိနေတယ်။ ဒါပေမယ့် တကယ် တမ်းက တိုင်းပြည်ရဲ့ အခြေအနေက နိုင်ငံရေးပါတီတွေ ရုံးခန်းဖွင့်နိုင်ဖို့ အခြေအနေ မပေးဘူးလေ။ လုံခြုံရေးအရ စိုးရိမ်ရတာဖြစ်တဲ့ အတွက်ကြောင့် ရုံးခန်းဖွင့်မယ့် နိုင်ငံရေးပါတီတွေကို မငှားရဲကြဘူးပေါ့နော်။ အဲလို အခြေအနေ ဖြစ်လာတော့ ရုံးခန်း ၁၁၀ ရဖို့ဆိုတာ လက်တွေ့မှာ အရမ်းခက်ခဲတယ်ပေါ့နော်။ ဥပမာ-တစညပါတီတို့၊ USDP တို့ ကကြတော့ ဟိုးအရင်ထဲက သူတို့က ရုံးခန်းတွေ ရှိပြီးတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ဒါမထောင်းသာဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အန်တီတို့ တဖွဖွပြောခဲတယ် UEC အနေနဲ့က ဒီလို ပါတီအသစ်တွေကိုပေါ့နော်၊ စည်းကမ်းတွေ ပိုင်းမှာ ဒါဖြေလျှော့မှုတွေ ပေးသင့်တယ်လို့ နိုင်ငံရေးပါတီတွေဘက်က တစိုက်မတ်မတ် တောင်းဆိုမှုတွေ ရှိခဲ့တယ်ပေါ့။ အခုလက်ရှိ အနေအထားက ဒါမပြီးသေးဘူးနော် ဆက်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေ မရဘူးဆိုရင်လည်းပဲ ဒါပြည်ထောင်စုအဆင့် ပါတီတွေက ထပ်ပြီးတော့ ပြုတ်နိုင်ခြေရှိတဲ့ အလားအလာရှိတဲ့ နိုင်ငံရေး ပါတီတွေ ရှိနေသေးတယ်။ အဲတာကြောင့် ဒါထပ်ပြီးတော့တောင်မှ ဒါပြုတ်မလား တချို့ပါတီကြီးတွေ ပေါ့၊ ဒါစိုးရိမ်နေရတဲ့ အခြေအနေရှိနေတယ်ပေါ့။ ဒါ UEC က အချိန်ထပ်ပေးသင့်တယ် ဒီဟိုဟာတွေနဲ့ ညှိပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကလည်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ပေါ့၊ ဒီကိစ္စကို တခဲနက် ပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကို ထပ်မံတောင်းဆိုသင့်တယ်ပေါ့နော်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။
အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော (USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 539
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များ ဖြစ်ကြသည့် တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အိန္ဒိယတို့အပြင် အခြားသော နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၌ စုစည်း တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းလားဟု နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေ ကြသည်။
ကော်မရှင်ဥက္ကဋ္ဌသည် ဩဂုတ် ၃၁ ရက်မှ စတင်ကာ စက်တင်ဘာ ၃ ရက်နေ့အထိ ကြာမြင့်ခဲ့သည့် တရုတ်ခရီးစဉ် အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့နှင့် တွေ့ဆွေးနွေးခဲ့သည်။
ထို့ပြင် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက်စ် ရှက်ဘာ ရှာရီစ်၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ အာဆီယံအတွင်းရေးမှူး၊ ကာဇက်စ္စတန်သမ္မတ အပါအဝင် အခြားသော နိုင်ငံတကာ ခေါင်းဆောင်များဖြင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ စုစည်းတွေ့ဆုံခဲ့မှုသည် အခွင့်အလမ်း အနည်းနှင့်အများ ပေါ်လာနိုင်သော်လည်း ကြီးကြီးမားမား ရရန် အခြေအနေမှာ မရှိသေးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်
၎င်းက “ဘာလို့ဆို သူ့ကို ဖိတ်တဲ့ဟာကလည်း ဖဲရိုက်တယ်ဆိုရင် အိမ်ပြည့်အောင် ဖိတ်တာ(တဲ့)ပုံစံမျိုးဖြစ်တာကို။ အဲဒီတော့ သူ့ကိုပဲ ပုံပြီးတော့မှ အလေးထားပြီးတော့မှ တွေ့တယ်လို့ မမြင်ရဘူးပေါ့။ သို့သော်လည်း တစ်ဖက်က လည်း ဗမာပြည်ဟာ တရုတ်ပြည်အတွက် အိန္ဒိယသမုဒ္ဒရာကိုထွက်ဖို့ ထွက်ပေါက်ဖြစ်တဲ့ အတွက်ကြောင့် ဘယ် နည်းနဲ့မဆို သူက အထိုက်အလျောက် အလေးထားတာတော့ သေချာတာပေါ့။ ဒါကို တပ်ချုပ်ကြီးကလည်း ကြိုးစားပြီးတော့မှ သူ့အကျိုးအတွက်ဖြစ်အောင် လုပ်နေပုံရတယ်။ တစ်ဖက်ကလည်း သူက လုပ်ရမှာက ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ဖို့ပဲ။ ဒါကိုဖြစ်နိုင်တယ်ဆိုရင် သူ့အတွက်က အကူအညီက ပိုပြီးတော့မှ ရနိုင်တယ် ပေါ့။ သူ့အတွက် အားကောင်းတဲ့ အချက်တစ်ခုက ဘာလဲလို့ထင်လဲဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ စပြီးတော့မှ လုပ်ခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ သူက အဲဒါကိုနည်းနည်း ရပ်တည်နေတယ်လို့ ကြေညာနေတာပဲ။ ဒါဟာ အိမ်နီးနားချင်း နိုင်ငံတွေအတွက် အသက်ရှူချောင်စေတဲ့ ရပ်တည်ချက်လို့ ပြောရမှာပေါ့။ အတိုက်အခံတွေဘက် ကတော့ ဒီလိုရပ်တည်ချက်မျိုး ကြေညာတာ မတွေ့ရသေးတဲ့ အခါကြတော့ ဒါဟာလည်း အားနည်းချက် တစ်ခု ဖြစ်တာပေါ့။ အားနည်းချက်ကို ဝိုင်းဝန်းပြီးတော့ အားသာချက်ဖြစ်အောင် လုပ်ဖို့ လိုပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာ ၃ ရက်တွင် ဘေကျင်းမြို့မှာ ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ကို တက်ရောက်ခဲ့ကာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုအခင်းအကျင်းအရ နိုင်ငံတကာ စာမျက်နှာသစ်တွင် မြန်မာနိုင်ငံအနေဖြင့် တော်တော်လေး လှုပ်ရှားနိုင်ပြီး အရေးပါ အရာရောက်သည့် ကိစ္စရပ်များ ဖြစ်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံစဉ်
၎င်းက “ဒေသတွင်းချင်း ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ဒါတွေအကုန်လုံးကို ပေါင်းစည်းအောင် လုပ်ကြတာပေါ့လေ။ ပိုဆိုးတာက အမေရိကန်မှာ ဒေါ်နယ်ထရမ့် တက်လာပြီးတဲ့နောက် တခြားနိုင်ငံတွေကို အခွန်စည်းကြပ်တာ ဘာတို့နဲ့အတူ လိုက်လုပ်တော့ အဲဒီအချိန်မှာ အဲဒီကိစ္စရပ်ကို တမင်သက်သက် အနိုင်ကျင့် တယ်လို့ ထင်ကြတဲ့သူတွေ၊ နောက်တစ်ခုက ဖြေရှင်းလို့ ရရဲ့သားနဲ့ တမင်သက်သက် အကြပ်ကိုင်တယ်လို့ ထင်ကြ တဲ့ သူတွေပေါ့။ ပြောရရင် အဲဒီအကြပ်ကိုင်မှုကို လက်မခံကြဘူး အဆင်မပြေကြဘူးဆိုတဲ့ နိုင်ငံတွေ စုပေါင်းပြီး တော့ ကမ္ဘာကြီးမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရေး ဘယ်လိုသွားကြမလဲဆိုတဲ့ အဖြေရှာကြတာပဲလေ။ ဒီလိုမျိုးပူးပေါင်း ဆောင်ရွက်မှု ကောင်းလာခြင်းအားဖြင့် မြန်မာနိုင်ငံသည်လည်း နောင်အနာဂတ်မှာ နိုင်ငံတွေ ကြားထဲမှာ ဆက်ဆံရေးတွေ ပိုကောင်းလာမယ်။ နောက်တစ်ခုကတော့ နိုင်ငံတကာ စာမျက်နှာပေါ့။ အရင်တုန်းက နိုင်ငံတကာ စာမျက်နှာဆိုတာက အနောက်ဥရောပနဲ့ မြောက်အမေရိကတိုက်ဆိုပြီးတော့ ပြောရမလိုတောင် ဖြစ် တဲ့ အနေအထား။ ဒါပေမယ့် အခု တကယ့် နိုင်ငံတကာဆိုတဲ့ စာမျက်နှာသစ်ကတော့ အခုဖြစ်လာမှာပေါ့။ အဲဒီ တော့ နိုင်ငံတကာ စာမျက်နှာ သစ်မှာတော့ မြန်မာနိုင်ငံအနေနဲ့လည်း တော်တော်လေးကို လှုပ်ရှားနိုင်ပြီးတော့ အရေးပါ အရာရောက်တဲ့ အရာတွေ ရောက်လာပါလိမ့်မယ်” ဟု ပြောသည်။
ထိုခရီးစဉ်၌ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်၊ အိန္ဒိယ၊ လာအို အပါအဝင် တခြားသော နိုင်ငံများက ထောက်ခံကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရေး ဆွေးနွေးခဲ့ ကာ တရုတ်-မြန်မာ-အိန္ဒိယ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။
လီဒိုလမ်း ပြန်လည်ပြုပြင်ရေး၊ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေး၊ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး၊ အိန္ဒိယ-မြန်မာ မြေရှားသတ္တု တူးဖော်ရေး နှင့် လုံခြုံရေးကဏ္ဍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 520
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ ပျက်ပြားအောင် လူမှုကွန်ရက် စာမျက်နှာ၌ ရေးသား ဖြန့်ဝေခဲ့ခြင်း ကြောင့် အမျိုးသား ၁ ဦးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း နေပြည်တော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁)ရပ်ကွက်တွင် နေထိုင်သော အသက် ၃၆ နှစ် ရှိသည့် နေသွေး (ခ) ဦးအောင်ခင်သည် သြဂုတ်လ ၂၅ ရက်၌ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်သော စာသားများကို ဖြန့်ဝေနေကြောင်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
နေသွေး(ခ)ဦးအောင်ခင်က “ မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာ ကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဥ်စား၊ အလကားနေ ဘာမှစောက်ပြစ်မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့...”စသည့် စာသားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သည်။

နေပြည်တော်ဘက်က ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့နောက် သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူ နေသွေးအား ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၉ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် တိတိ အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ပျက်ပြား အောင် လှုံ့ဆော်ခြင်း၊ နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းတို့ကို ပြစ်ဒဏ်များ တင်းကြပ်စွာ ချမှတ်အရေးယူနေ ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲ ဆန့်ကျင်နှောင့်ယှက်သူများနှင့် ပျက်ပြားအောင် ဖော်ဆောင်သူများကို ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအပြင် သေဒဏ်အထိပါ ချမှတ်နိုင်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေတစ်ရပ်” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ တွင် ထုတ် ပြန် ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 713
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အနေဖြင့် ငွေကြေး၊ လုံခြုံရေး၊ ကိုယ်စားလှယ်လောင်း စသည့် အခြေအနေများ အခက်အခဲကြုံတွေ့နေရချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှာ အခက်အခဲမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ အပိုင်း(၁)အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု UEC က ထုတ်ပြန်ထားသည်။
ထို့နောက် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မြို့နယ်ပေါင်း ၁၁၀ မှာ ပါတီရုံးခန်း ဖွင့်ရမည်၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်၏ ထက်ဝက်ကျော် ဝင်ရောက်ယှဉ်ပြိုင်ရမည်၊ ကိုယ်စားလှယ် လောင်း တစ်ဦးလျှင် ၅ သိန်းနှုန်းဖြင့် UEC သို့ စပေါ်တင်ရမည် စသည့် သတ်မှတ်ချက်များကြောင့်
ငွေကြေး အခက်အခဲများ ဖြစ်နေကြသလို နယ်မြေတည်ငြိမ်မှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်းများကြောင့် လုံခြုံရေး စိုးရိမ်ရသော အခက်အခဲများ ကြုံနေကြပြီး ပါတီရုံးခန်း ဖွင့်ရန်လည်း အခက်အခဲများ ဖြစ်ပေါ်နေကြ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သည် ပါတီဝင်ကြေးနှင့် လည်တ်ပတ်နေခြင်းဖြစ်၍ အခက်အခဲ အများကြီး မရှိဘူးဟု USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ပါတီအနေနဲ့ကတော့ ပြည့်မှီသွားပါပြီ။ အခက်အခဲကတော့ ကျနော်တို့ အများကြီး မရှိပါဘူး။ လတ်တလော အနေအထားကလေ ကျနော်တို့ ပါတီအနေနဲ့က ဒီကိုယ်စားလှယ် အရေအတွက်ရော ကျနော်တို့ ပါတီရုံးခန်းရော ပါတီရုံးခန်းကတော့ ကျနော်တို့ ပြည်နယ်/တိုင်းဒေသကြီး အားလုံးကလည်းပဲ ရှိထားပြီးသား ဖြစ် တယ်။ မြို့နယ် အလိုက်လည်းပဲ ကျနော်တို့ ပါတီရုံးခန်းတွေ ရှိထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့ ပါတီရုံးခန်း ကိစ္စအတွက်ကတော့ ကျနော်တို့ ပြည့်မှီပြီ။ ကိုယ်စားလှယ်ကလည်းပဲ ကျနော်တို့ ဒါမနေ့ကပဲ ကျနော်တို့ အပြီး သတ် ရွေးချယ်ပြီးတဲ့ အခါကျတော့ ကျနော်တို့ နေရာပြည့် ယူနိုင်သွားကြဖို့ရာ အတွက်ကို အားလုံး ယာထားပြီး သွားပါပြီ။ ကျနော်တို့ ပါတီကကျတော့လေ ပါတီဝင် တစ်ယောက်ကို ကျနော်တို့ ၁ ထောင်ပေါ့နော် အဲလို ကောက် ခံတယ်။ ကျနော်တို့က ပါတီဝင်ကြေးပေါ့။ အဲပါတီဝင်ကြေးနဲ့ ကျနော်တို့တတွေက လည်ပတ်ပြီးတော့ ဆောင်ရွက် တယ် ကျနော်တို့က ပါတီဝင်က များတဲ့အခါကျတော့ ပါတီဝင်ကြေး ၁ ထောင်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ တချို့သည် ကိုယ်စားလှယ်လောင်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်အနေဖြင့် ထောက်ပံ့နိုင်ရေး ဘဏ်ချေးငွေများ ယူနေရသူများရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(က)တွင် ပါတီတစ်ခုသည် ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ချက်အတိုင်း ပါတီဝင် ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်း တွေ့ရှိခြင်း၊ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ သတ်မှတ် ချက်အတိုင်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း တွေ့ရှိခြင်း စသည့် အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(ခ)တွင် ကော်မရှင်သည် ပုဒ်မခွဲ(က)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

USDP ပါတီကို တွေ့ရစဉ်
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှအောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ပါတီအနေနှင့် ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ ဖောင်တင်ခြင်းကိစ္စကို အဓိကထား ဆောင်ရွက်နေကြောင်း USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
၎င်းက “ပါတီကတော့ အခု ဒီရက်ပိုင်းကတော့ ကိုယ်စားလှယ် ရွေးချယ်မှုကို အဓိကထားတယ် ကျနော်တို့ ဒီကနေ့ ဆိုရင် ကျနော်တို့ ကိုယ်စားလှယ် မှတ်ပုံတင်တဲ့နေ့ စတယ်ပေါ့နော်။ ၁၇ ရက်နေ့ နောက်ဆုံးပေါ့ ဆိုတဲ့အခါကြ တော့ ဒီ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်းကတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ခြင်း ကိစ္စကို ဒါလုပ်နေကြတယ်။ လိုအပ်တဲ့ အချက်အလက်တွေအရ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့ အရွေးခံရမယ် လို့ သိသွားပြီဆိုတာနဲ့ သက်ဆိုင်ရာဌာနတွေမှာ ကျနော်တို့ အခွန်မှာ ဆိုလို့ရှိရင်လည်းပဲ အခွန်ကိစ္စ ကင်းရှင်း ကြောင်းတွေပေါ့။ ဒီဌာနဆိုင်ရာ ထောက်ခံချက် ရယူမှုတွေကို စုဆောင်းတယ် နောက် ဖောင်ဖြည့်တဲ့ ကိစ္စတွေကို လုပ်ကြမယ် ဒီရက်ပိုင်းကတော့ ကိုယ်စားလှယ် ရွေးချယ်ခြင်းနဲ့ ကိုယ်စားလှယ် ကျနော်တို့ ဒီဖောင်တင်ခြင်း ကိစ္စ ကို အဓိကထားပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထား သည်။
