- By CNI
- Category: နိုင်ငံရေး
- Hits: 925
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ကျင်းပ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တွေ့ဆုံ ဆွေးနွေးမှုများသည် လက်ရှိ မြေပြင်မှာ တိုက်ပွဲဖြစ်နေသည့် လက်နက်ကိုင် အင်အားစုများ မပါ၍ တကယ် အလုပ်ဖြစ်နိုင်မှု ရှိ/မရှိအပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ ကြား သုံးသပ်လျက်ရှိနေသည်။
နစကမှ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အချို့၊ UEC တွင် မှတ်ပုံတင်ထား သော နိုင်ငံရေးပါတီများ၊ အိမ်နီးချင်းနိုင်ငံမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာအချို့တို့ကိုသာ ဖိတ်ခေါ်ကျင်းပ လျက်ရှိသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အင်အားစုများကို နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကမ်းလှမ်း ပြောဆိုမှုများရှိသော်လည်း ၎င်းတို့ ပါဝင်နိုင်ရေး တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မတွေ့ရပေ။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပါဝင်လာနိုင်ရေးသည် ယခု နစက ပြုလုပ်နေသည့် ဆွေးနွေးပွဲများမှ ထွက်လာသည့် ရလဒ်အပေါ်တွင် မူတည်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးပွဲများတွင် အဖြေတစ်စုံတစ်ရာ မထွက်လာ ပါက တိုက်နေသည့်အဖွဲ့များမှ ပို၍ပါဝင်လာနိုင်စရာမရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလုပ်နေတဲ့ဟာတွေက ထွက်လာတဲ့ ရလဒ်အပေါ်မှာ မူတည်ပါလိမ့်မယ်။ တကယ်လို့ အခုလုပ်နေတဲ့ ဟာတွေက အပေါင်းလက္ခဏာ ရလဒ်ထွက်တယ်ဆိုရင် တိုက်နေတဲ့ လူတွေလည်း ဒီလို လက်ပိုက်ကြည့်နေစရာ မလိုပါဘူး။ တကယ်လို့ အခုလောလောဆယ် ငြိမ်းချမ်းရေးဖိုရမ်တို့ ဘာတို့ လုပ်နေပြီးတော့မှ အဖြေက မထွက်ဘူး ဆိုရင်တော့ တိုက်နေတဲ့ လူတွေကတော့ ပိုပါစရာမရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျနော်ထင်တယ် သူတို့ဟာလည်း ဗမာပြည်ငြိမ်းချမ်းရေးကို လိုလားတဲ့လူတွေပဲ။ ဘယ်လောက် တိုက်တိုက်။ တကယ်လို့ သူတို့ ဗမာပြည် မငြိမ်းချမ်း ရင် မဖြစ်ဘူးဆိုရင်လည်း သူတို့ အဲဒီလို မြင်တယ်ဆိုရင်လည်း သူတို့က ပူးပေါင်းပါဝင်လာကြမှာပါ။ အခု လော လောဆယ်ကတော့ ငါတို့မပါဘူး၊ သွေးကြွေးမှာ ဆွေးနွေး(စရာ) မရှိဘူးဆိုတာက အခုလောလောဆယ်မှာ ပြော အား အများကြီးရှိနေသေးတာကို။ အဓိက,က ဘာလဲဆို တရုတ်စကားရှိတယ်။ နီးတဲ့လူကို ပျော်အောင်ထားပါ။ ဒါဆိုရင် ဝေးတဲ့လူတွေ လာပါလိမ့်မယ်။ ဒီနီးတဲ့လူတွေကို ပျော်အောင်ထားတာ ကျနော်တို့ မတွေ့ရသေးဘူးပေါ့။ အခုကိုယ်ထားချင်သလို ထားတဲ့ပုံစံ ဖြစ်နေသေးတာကို။ အဲဒီအခြေနေမှာတော့ ဝေးတဲ့လူက လာဖို့ခက်ပါလိမ့် မယ်” ဟု ပြောသည်။
လက်ရှိတွင် နစကအနေဖြင့် မတ်လက ပြုလုပ်ခဲ့သည့် Peace Talk 2025 ၏ နောက်ဆက်တွဲအဖြစ် Peace Forum 2025 ကို နေပြည်တော်၌ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပကြသည်။
ထိုပွဲကို နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပြီး ထိုင်း၊ အိန္ဒိယနှင့် တရုတ်တို့မှ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။
နစကဥက္ကဋ္ဌက လွှတ်တော်ပေါ်ပေါက်လာကာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ချိန်တွင် လက်နက်စွဲကိုင်ပြီး လိုလားချက်များကို တောင်းဆိုခြင်း၊ လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ ဆန္ဒကို လုပ်ဆောင် ဖန်တီးနေခြင်းသည် ဒီမိုကရေစီနှင့်သွေဖယ်နေကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
လိုလားချက်များအား လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် အတည်ပြုသွားကြရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
နစကမှ ပြုလုပ်သည့် ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးထက် ၎င်းတို့၏ အာဏာတည်မြဲ ကြံ့ခိုင်ရေးအတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို အပြတ်တိုက်ပစ်မည့် အဖွဲ့များဖြင့် စေ့စပ်ဆွေးနွေးရေး မလုပ်နိုင်ခြင်း ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ပေါ့။ ဒီဟာတွေရဲ့ ရည်ရွယ်ချက်က သူ့ရဲ့အာဏာရှင်စနစ်၊ သူကိုင်ထားတဲ့ အာဏာကို ဆက်လက်ပြီး နည်းလမ်းပေါင်းစုံနဲ့ ကိုင်နိုင်အောင် ရည်ရွယ်ပြီး လုပ်နေတဲ့ ပြဇာတ်ဆန်တဲ့ အခန်းတွေ။ ဒါစစ်ကောင်စီမှ လုပ်တာမဟုတ်ဘူး။ မဆလခေတ် ဗိုလ်နေဝင်းခေတ်ကတည်းက လုပ်လာတာ။ ဗိုလ်နေဝင်း လည်း ငြိမ်းချမ်းရေးတွေ ဘာတွေ ခေါ်ဖူးတာပဲ။ နအဖတို့တုန်းကလည်း ဒီလိုပဲ။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့ ဘာလုပ်တယ် ညာလုပ်တယ် တောက်လျှောက် ပြောလာတာပဲ။ အခုလည်း စစ်ကောင်စီက ပြောလာတာပဲ။ အဲဒီတော့ သူတို့ စရည်ရွယ်ချက်ကိုက ဗမာပြည်ကြီး ငြိမ်းချမ်းဖို့ တည်ငြိမ်ဖို့ ဆိုတဲ့ဟာ မဟုတ်ဘူး။ သူ့စစ်အာဏာရှင်စနစ် ဆက်ကြံ့ခိုင်ရေး ဆက်ပြီးအာဏာ ကိုင်ထား ရေးအတွက်ပဲ လုပ်တာ။ ဒါကြောင့်မို့လို့ သူ့စစ်အာဏာရှင်ဖြစ်တဲ့ သို့မဟုတ် သူ့တပ်ကို အပြတ်တိုက် ပစ်မယ့်လူ တွေနဲ့ မစေ့စပ် မဆွေးနွေးနိုင်တာလေ။ ဟိုလူတွေက သူ့အရိုးအရင်းလေးတွေ မျှပေးရင် မျှပေးသလောက် ယူမယ့် လူတွေနဲ့ပဲ သူခေါ်ပြီး လုပ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိကာ မြောက်ပိုင်းဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကြောင့် တိုက်ပွဲများ အထိုက်အလျောက် လျော့နည်းနေသည်။
သို့သော် အခြားဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည့် ကြားထဲ၌ နိုင်ငံရေး အကျပ်အတည်းများ ကျော်လွှာနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးဟုဆိုကာ နစက,က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင် ရရှိသည့် ပါတီကို အာဏာလွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)မှာ ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံ အနေဖြင့်လည်း ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် များစွာစိတ်အား ထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဥရောပအာရှ စီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံ ဆောင်ရွက်ပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောသည်။
မိမိတို့အနေဖြင့် ဥရောပအာရှစီပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောသည်။

ဥရောပအာရှစီးပွားရေးဖိုရမ်မှာ နစကဥက္ကဋ္ဌ စကားပြောနေစဉ်
မိမိတို့နိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံပြီး တက်ကြွ စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်(EEC)၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်ကစပြီး အရှိန်အဟုန် မြင့်တက်လာခဲ့ ကြောင်း ၎င်းက ပြောသည်။
ထိုစဉ်က ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း ဥရောပအာရှစီးပွားရေးကော်မရှင်(EEC) ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 705
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံများနှင့် သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံ ဖြစ်မသွားဖို့ အထူး သတိပြုကြရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ်- ၂၀၂၅ (Peace Forum 2025)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ - ၂၇ ရက်ထိ ကျင်းပ နေစဉ် အဖွင့်အမှာစကား ပြောကြားရာမှာ ၎င်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာ မှန်ပေမယ့် လည်း ဩဇာခံ ဖြစ်မသွားဖို့လည်း အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံဟာ သမိုင်းကြောင်း နောက်ခံများကြောင့် လွတ်လပ်ပြီး တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီးတော့မှ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်နဲ့အညီ စောင့်ထိန်း လိုက်နာ လျက်ရှိနေပါတယ်။ ခွဲခြားမရတဲ့ အိမ်နီးချင်း နိုင်ငံများနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှုရှိဖို့ လိုအပ် သလို မိမိတို့ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာ တန်ဖိုးထားဖို့ လိုအပ်ကြောင်းကိုလည်း ပြောကြားလိုပါ တယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
ထို့နောက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း ပြည်ပစွက်ဖက်မှု မရှိဖို့လိုအပ်သလို ပြည်တွင်း အဖျက်အမှောက် ပယောဂများ ကင်းကင်းရှင်းရှင်း ဖြစ်ရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အကျင်းအခင်းအတွင်းမှာ မြန်မာ့ တပ်မတော်နှင့် နစကကို ဖြုတ်ချရေးအတွက် လက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်အမတ်များသည် လက်နက်ကိုင်တော်လှန်ရေးကို ဖော်ဆောင်လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို ဖော်ဆောင်နေသည့် အဖွဲ့များအနက် မြောက်ပိုင်းအဖွဲ့နှင့် တောင်ပိုင်း အဖွဲ့ဟုကာ ကွဲပြားနေကြောင်း၊ မြောက်ပိုင်းအဖွဲ့သည် တရုတ်နှင့်နီးစပ်ကြပြီး တောင်ပိုင်းအဖွဲ့ကတော့ အမေရိကန် အပါအဝင် အနောက်အုပ်စုဖြင့် နီးစပ်ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်သည့် ဆက်ဆံရေးမျိုး တည်ဆောက်ရန် အပြင် ပြည်ပနိုင်ငံ၏ ဩဇာခံအဖြစ် နေဖို့မဟုတ်ကြောင်း ပြောလိုခြင်းဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကို တွေ့ရစဉ်
၎င်းက “အဓိက,က ပြည်ပဝင်ရောက် စွက်ဖက်မှုဆိုတဲ့ နေရာမှာ ဘာကိုဆိုလိုတာလဲဆိုတာ သိဖို့လိုအပ်တာပေါ့။ ပြည်ပ စွက်ဖက်မှုဆိုတာ ဒီကမ္ဘာရေးရာတွေမှာ နိုင်ငံကြီးတွေက သူတို့လိုချင်တဲ့ နိုင်ငံရေးကို ပုံဖော်တဲ့အခါမှာ သူတို့ရဲ့ အိုင်ဒီယာတွေ၊ သူတို့သွားနေတဲ့ လမ်းကြောင်းတွေ၊ သူတို့ချမှတ်တဲ့ ပုံစံတွေကို သူတို့ဖြစ်စေချင်တဲ့ အတိုင်း တချို့နိုင်ငံတွေကို လိုက်ပြီးတော့ လုပ်ဆောင်နေကြတာမျိုးတွေရှိတယ်။ အဲတော့ နိုင်ငံတွေရဲ့ စွက်ဖက်မှု မပါစေနဲ့ဆိုတာ အချုပ်အခြာအာဏပိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နယ်မြေလွှမ်းရေးမူဝါဒ၊ ကိုယ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ကိုယ်နိုင်ငံရဲ့ ရှေ့ခရီးစဥ်အနာဂတ်ဘယ်လိုတည်ထောင်မလဲဆိုတာ ကိုယ်ကိုယ် တိုင် စဥ်းစားဆုံးဖြတ်ပြီးတော့ ကျနော်တို့သည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းမှာနေတယ်၊ ပြောရရင် ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတွေထဲမှာ ကိုယ်နဲ့နီးကပ် ဆက်ဆံပူးပေါင်းရမဲ့ နိုင်ငံတွေရှိတယ်။ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ မဟာဗျူဟာအရသော်လည်းကောင်း ပေါင်းဖက်ဆက်ဆံရတဲ့ နိုင်ငံတွေ အ များကြီးရှိတယ်။ နိုင်ငံတိုင်းနဲ့ ကျနော်တို့သည် ချစ်ကြည်ရင်းနှီးသော မိတ်ဖက်မပျက် ဆက်ဆံရေး တည်ထောင်ဖို့ လိုတယ်။ အဲနိုင်ငံကနေပြီး ကိုယ်နိုင်ငံကို ဖြစ်စေချင်တဲ့ပုံစံတိုင်း ဒီနေရာမှာတော့ ကောင်းသော အကြံပြုချက်ရှိ သလို သူအလိုကို လိုက်ပါစေချင်တဲ့ သူ့သြဇာခံ ဖြစ်စေချင်တဲ့ အကြံပြုချက်မျိုးလည်း ရှိနိုင်တယ်။ ကိုယ့်နိုင်ငံနဲ့ သူ့နိုင်ငံကြား နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်တဲ့ နည်းလမ်းမျိုး တစ်ခုရှာဖွေပြီးတော့ ဆက်ဆံနိုင်တဲ့ ဆက်ဆံရေး ကို အဓိက တည်ဆောက်ဖို့ ဆိုလိုတာပါ အဲဒီနိုင်ငံရဲ့ သြဇာခံအဖြစ်နဲ့ကျွန်တော်တို့နေဖို့တော့ မဟုတ်ဘူး”ဟု ပြောသည်။
နစကနှင့် မြန်မာ့တပ်မတော်ကို အမေရိကန် အပါအဝင် ဥရောပနိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားသလို ထိတွေ့ ဆက်ဆံမှုများ မလုပ်ဘဲ ဖယ်ကျဉ်ထားသည့်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်းတို့ကို အဓိကထား၍ သံတမန်ဆက်ဆံရေးကို တည်ဆောက်နေရသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနေရာမှာလည်း တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးရေး အကူအညီကို ရယူနေရသည်။
မြန်မာ့တပ်မတော်နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA) တို့ကလည်း တရုတ်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံပိုင် စီမံကိန်းများ အပါ အဝင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 708
CNI News
၂၀၂၅ ခုနှစ်၊ ဇွန် ၂၆
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့်နယ်စပ်ပြဿနာ ဖြစ်ပွားပြီးနောက် အစိုးရအဖွဲ့အတွင်း မတည်မငြိမ် ဖြစ်ပေါ်နေ သဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်နေရာမှ ရပ်တန့်သွားနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံသည် အခြားအိမ်နီးချင်း နိုင်ငံများထက် မြန်မာ့နိုင်ငံရေးကို အရွေ့တစ်ခုရောက်အောင် လုပ်ဆောင်နိုင် သော်လည်း ၎င်းတို့ ပြည်တွင်းရေး ပြဿနာများကြောင့် မြန်မာ့နိုင်ငံရေးအတွက် ကြိုးပမ်းရာတွင် နောက်ဆုတ် မသွားနိုင်သော်လည်း ရပ်တန့်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “နောက်ဆုတ်ဖို့တော့မရှိဘူး။ တန့်သွားဖို့ပဲရှိတယ်။ အခုလောလောဆယ် သူတို့က အချိန်ရှိသေး တယ်လို့ တွက်ထားပုံရတယ်။ နောက်တစ်ခုကတော့ တကယ်လို့ ဗမာက ရွေးကောက်ပွဲလုပ်မယ်ဆို လုပ်ပါစေ ပေါ့။ ကူညီနိုင်တာကူမှာပေါ့။ မကူနိုင်လည်း လက်ပိုက်ကြည့်မှာပေါ့။ အဲဒီလိုမျိုး အခြေအနေဖြစ်တယ်။ ဒါကြောင့် မို့လို့ တကယ်လို့ သူတို့က ဗမာအရေး ဝင်လုပ်မယ်ဆို သူတို့အနေနဲ့က အချိန်ရှိသေးတယ်လို့ ပြောလို့ရမှာပေါ့။ ထိုင်းက တကယ်ဦးဆောင် လုပ်မယ်ဆိုရင် အရွေ့ဖြစ်ဖို့များပါတယ်။ အခုလောလောဆယ် ထိုင်းက မဦးဆောင် နိုင်တာက သူ့ရဲ့ပြည်တွင်းရေး ပြဿနာကြောင့်ဖြစ်တယ်။ တကယ်လို့ သူ့ပြည်တွင်းရေး ပြဿနာက အခုလိုမျိုး မရှုပ်ဘူးဆိုရင် သူက ဗမာပြည်ကိစ္စကို ဦးဆောင်နိုင်မှာ သေချာပါတယ်။ သူလိုမျိုး ရိုးရိုး ဗမာနဲ့ဆက်ဆံရုံတင် မကဘူး။ အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးနဲ့ ဆက်ဆံတာတွေကိုလည်း သူကလုပ်ဆောင်နိုင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောစဉ် အမှတ် ၂ စစ် ဒေသ တိုင်းမှူးကို ဝေဖန်ခဲ့သည့် အသံဖိုင် ပေါက်ကြားလာပြီးနောက် ရာထူးက နုတ်ထွက်ရန် ဖိအားပေးခံ နေရ သလို စစ်တပ်၏ အာဏာသိမ်းမှုကို ခံရနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
ထို့နောက် ပေတုန်တန် ဦးဆောင်သည့် ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ဘူဂျာထိုင်းပါတီက နုတ်ထွက်သွားသလို ဒုဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသည့် ဘူဂျာထိုင်းပါတီ ခေါင်းဆောင် အနူတင်ကလည်း ရာထူး ကနေ နုတ်ထွက်သွားခဲ့သည်။
ထို့ပြင် ဘန်ကောက်မြို့တော်တွင်လည်း ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက ၎င်းအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သဖြင့် ပေတုန်တန်သည် လူထုကို ပြန်လည်တောင်းပန်ခဲ့ရသည်။
ထိုအခြေအနေများအတွင်းမှာ ပေတုန်တန်သည် ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်၍ ပြင်ဆင်ဖွဲ့စည်းနေပြီး မကြာခင် အားလုံး ထုတ်ပြန် ကြေညာသွားရန် စီစဉ်ထားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Sihasak ကို တွေ့ရစဉ်
ထို့ပြင် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် ဖိအားများနှင့် ရင်ဆိုင်နေ ရသည့် အာဆီယံအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
အဆိုပါ အခင်းအကျင်းများကြားတွင် ထိုင်းနိုင်ငံ၌ အာဏာသိမ်းမှုသော်လည်းကောင်း၊ အစိုးရအပြောင်းအလဲ သော်လည်း ဖြစ်ခဲ့သည်ရှိသော် မြန်မာနှင့်ဆက်ဆံရေးမှာ ပြဿနာမရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဝန်ကြီးချုပ် သက်ဆင်ကလည်း သူစပြီး တက်တက်ချင်းမှာ ဗမာပြည်ကို ပထမဆုံးသွားမယ်လို့ ကြွေးကြော်ခဲ့တဲ့ လူပါ။ အဲဒီတော့ ဗမာပြည်ငြိမ်းချမ်းရေးက လုပ်ပေးရမယ်ဆိုတာကို သူက သိသလို လက်ရှိ ထိုင်းစစ်တပ်ကလူတွေနဲ့ ဒီဘက်ကလည်း ငြိမ်းချမ်းရေးမှုလုပ်မယ်။ မြန်မာပြည်ဟာ ဆူပူနေတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှာ ဘာအကျိုးစီးပွားမှ မရှိဘူးဆိုတာကို အားလုံးက နားလည်လက်ခံထားတဲ့ လူတွေဖြစ်တယ်။ မြန်မာ ကလည်း သူ့ကို ဘယ်တော့မှ ကျူးကျော်မှာလည်း မဟုတ်ဘူး။ အတိတ်က ဖြစ်ခဲ့တာကတော့ ဖြစ်ခဲ့တာပေါ့နော်။ ဒါကြောင့် မြန်မာနဲ့ ထိုင်းနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာမှ အဖုအထစ်ပြဿနာ မရှိဘူးလို့ပဲ ယူဆပါတယ်၊ ထိုင်းအာဏာ သိမ်းရင်လည်း သူက ယာယီပဲလေ။ လူမှုစီးပွားရေးစနစ်ကို ပြောင်းလဲစေတာမှ မဟုတ်တာ။ ထိုင်းနဲ့ လည်း အနောက်ပြည်ရော၊ တရုတ်ပြည်ရောက ကင်းမှမကင်းကြတာကို။ အဲဒီတော့ ကြီးမားတဲ့ အကျိုးသက် ရောက်မှုလည်း မရှိပါဘူး။ မြန်မာအပေါ်မှာလည်း အကျိုးသက်ရောက်မှု မရှိဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြော သည်။
ထို့နောက် ဇွန်လ ၂၄ ရက်နေ့က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် လာမည့် ၃ လအတွင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် တက်လာလိမ့်မည်ဟု ရေးသားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး တက်လာမည့် ဝန်ကြီးချုပ် မည်သူဖြစ်မည်ကို မိမိအနေဖြင့် သိထား ကြောင်းနှင့် အံ့ဩသွားစေရန်အတွက် ထုတ်ဖော် မပြောသေးကြောင်း ၎င်းက ပြောသည်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Sihasak နှင့် ထိုင်းတော်ဝင်တပ်မတော်မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Nothapol တို့ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅-၂၇ ရက်ထိ ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ (Peace Forum 2025)ကို တက်ရောက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 782
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နှင့် မိမိတို့ မြန်မာများသာ ဦးဆောင်၍ ဖော်ဆောင်သွားကြရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅-၂၇ ရက်ထိ ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ (Peace Forum 2025) အဖွင့်အမှာ စကားပြောကြားစဉ် ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးရာမှာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ ဖြစ်စဉ်တွေအပေါ် မှာ သင်ခန်းစာ ရယူပြီး ဖော်ဆောင် သွားကြဖို့လည်း လိုပါတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို နိုင်ငံများမှ ကျင့်သုံးရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပုံစံ တွေ တူညီမှုမရှိပါဘူး။ အနောက်ဥရောပနိုင်ငံတွေတောင်မှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင့်သုံးမှု ပုံစံမတူညီပါဘူး။ ဒါကို ကျနော်တို့ အာရှနိုင်ငံတွေမှာလည်း တူညီမှုမရှိပါဘူး။ ကျနော်တို့ အနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ အခြား နိုင်ငံတွေကို ပုံတူကူးချသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှု စရိုက် လက္ခဏာ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျနော်တို့ မြန်မာတွေပဲ ဦးဆောင်ပြီးတော့ ဖော်ဆောင်သွားကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို ဖော်ဆောင်ရာမှာ နိုင်ငံတော်နဲ့ပြည် သူတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံး လုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုရင် ထိရောက်အောင်မြင်မှာလည်း ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီစနစ်အား စတင်ကျင့်သုံးခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၁ ခုနှစ်မှာ စတင်တာဝန်ယူခဲ့သည့် ဒီမိုကရေစီ ပထမအစိုးရလက်ထက်တွင်လည်း ဒီမိုကရေစီစနစ် ကို ကျင့်သုံးရာမှာ စိန်ခေါ်မှုအများအပြားကို တွေ့ခဲ့ရကြောင်း၊ ထိုအတွေ့အကြုံများကို သင်ခန်းစာယူ၍ မိမိတို့ နိုင်ငံနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရမည်ဟု ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီ စနစ်ကို ကျနော်တို့နိုင်ငံမှာ အခုမှ ကျင့်သုံးတာလည်း မဟုတ်ပါ ဘူး၊ လွတ်လပ်ရေး ရပြီးစ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီ အချိန်မှာလည်း အခက်အခဲ ပေါင်းများစွာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ၂၀၁၁ ခုနှစ်မှာ စတင် တာဝန်ယူခဲ့တဲ့ ဒီမိုကရေစီ ပထမအစိုးရလက်ထက်မှာလည်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ အခြားကဏ္ဍပေါင်းစုံကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နိုင်ခဲ့ပေမယ့်လို့ စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကို သင်ခန်းစာ ရယူပြီး ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှတဆင့် ဒီမိုကရေစီစနစ် ထွန်းကားရေး ကြိုးပမ်းနေသည်။
သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စသဖြင့် မည်သည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မလဲဆိုသည့်အပေါ် သဘော ထားကွဲလွဲနေကြသည်။
ထို့ပြင် ဦးနေဝင်း လက်ထက်က မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့သော်လည်း တစ်ပါတီစနစ် ဖြစ်သွားကာ လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်း၍ တပ်မတော်က အာဏာရယူခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က အဆင့်ဆင့် အုပ်ချုပ်လာခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးနောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)ကို ၂၀၁၁ ခုနှစ်မှာ အာဏာလွှဲပြောင်းပေးကာ ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက်ပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အနိုင်ရ၍ အစိုးရဖွဲ့စည်းကာ ၂၀၂၀ ပြည့်နှစ်ထိ အုပ်ချုပ်ခဲ့သည်။
သို့သော် ၂၀၂၀ အထွေထွေရွေးကောက် ပွဲ ကျင်းပခဲ့ရာမှာ NLD ပြန်လည် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရာ တပ်မတော်က စစ်ဆေးပေးရန် တောင်းဆိုခဲ့သည့်တိုင် အစိုးရဖွဲ့စည်း ရေး ကြိုးပမ်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာရယူခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် နစကကို ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ဒီမိုကရေစီထူထောင်ရေး တောင်းဆို လာခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းဖြင့် မြန်မာ့တပ်မတော်နှင့် နစကအား ဖြုတ်ချရေး ကြိုးပမ်း လျက်ရှိနေကြသည်။
အဆိုပါ နိုင်ငံရေးအကျပ်အတည်းများ ကျော်လွှာနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးဟုဆိုကာ နစက,က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲကျင်းပ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 622
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံကြီးများကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု လျော့မသွားနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်အနေဖြင့် အာဆီယံ ၁၀ နိုင်ငံနှင့် ပူပေါင်းနိုင်ရေးကို အမြဲမပြတ် ကြိုးစားနေခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံအရေး တည်ငြိမ်အေးချမ်းအောင် တရုတ်နိုင်ငံဘက်မှ ကြိုးစားနေမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “ဒါတော့ ဆက်လုပ်မှာပါ တရုတ်ကလည်း။ ဗမာပြည်ထဲမှာ သူထားတဲ့ သူ့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို သူပြန်ပြီးတော့ ဖော်ဖို့ကိစ္စ၊ နောက် ဗမာပြည်နဲ့ပြန်ပြီး ကုန်သွယ်ဖြစ်ရေးကိစ္စ အဲဒါတွေလည်း သူကြိုးစားနေပုံရပါတယ်။ တချို့ဟာတွေလည်း နည်းနည်းပါးပါးတော့ ပြန်လည်ပတ်နေပြီထင်တယ်။ ကျမတို့ နယ်စပ်ကရတဲ့ သတင်းတွေ ဘာတွေဆိုရင် တရုတ်စက်ရုံတွေ တော်တော် များများတောင် လာဖွင့်နေတယ်လို့ ကြားတယ်။ တချို့ အနောက်တိုင်း မီဒီယာတွေက အာဆီယံတွေ စည်းစည်းလုံးလုံး တရုတ်နဲ့ တရုန်းရုန်း ဖြစ်နေ တာကို သိပ်ကြည့်ရပုံမရဘူး။ ဒါကြောင့် ဒီဘက်မှာ သူတို့အရှေ့အလယ်ပိုင်းကိစ္စပေါ့ နေတန်ယာဟုတို့ ဂါဇာမှာ လုပ်နေတဲ့ ကိစ္စတို့ဘာတို့ အာရုံလွှဲဖို့အတွက် အာရှဘက်ကို တော်တော်လှည့်လာပုံရတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းကိစ္စပဲ ကြည့်ကြည့်၊ ဖိလစ်ပိုင်ကိစ္စပဲကြည့်ကြည့် ကြားထဲမှာ ဝင်ခလောက်ဆန်နေတဲ့ မီဒီယာတွေရှိတယ်။ ဖိလစ်ပိုင်မှာ ဖြစ်နေတဲ့ကိစ္စကလည်း ဘယ်လိုပဲဖြစ်ဖြစ်ပါ တရုတ်ကဝင်ပြီး ဟိုဒင်း(စစ်)ပြုမှပဲ ပြဿနာတက်မှာ လေ။ တရုတ်ကလည်း ဒါကိုရှောင်ပုံရတယ်။ အဲဒီတော့ အနောက်တိုင်းက ထိုင်ဝမ်ကိစ္စရော၊ ဘာရော တရုတ် ဒီထဲမှာ ပါလာဖို့ပေါ့။ ရှုပ်ရှုပ်ရှုပ်ရှုပ်ထဲမှာ တရုတ်ပါလာပြီး တရုတ်က သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းတွေ ရပ်သွား အောင်အတွက် ဝိုင်းပြီး ကြိုးစားနေပုံရတယ်။ တရုတ်ကလည်း ဒါကို လှည့်ပတ်ရှောင်နေပုံရတယ်” ဟု ပြောသည်။

အီရန်နဲ့ အစ္စရေး အားပြိုင်မှုကိုတွေ့ရစဉ်
လက်ရှိ နိုင်ငံကြီးများကြား ဖြစ်ပွားနေသော ပဋိပက္ခအတွင်း တရုတ်အနေဖြင့် အမေရိကန်ကဲ့သို့ နိုင်ငံရေးအရ ပေါ်ပေါ်ထင်ထင် ပါဝင်ခြင်းမရှိသော်လည်း ၎င်းပဋိပက္ခများအပေါ် စိတ်ပူကြောင်း၊ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။
တရုတ်သည် အီရန်၏ ရေနံကို အများဆုံး တင်သွင်းသူဖြစ်ပြီး ဘေကျင်း(တရုတ်)သည်လည်း တီဟီရန်(အီရန်)၏ ရင်းနှီးသော နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မြို့ဖြစ်သော်လည်း အီရန်အား စစ်ရေးအရ ပံ့ပိုးကူညီမှု မပေးဘဲ ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်ခြင်းကို ရှောင်ကြဉ်ခဲ့ကြောင်း အနောက်နိုင်ငံမီဒီယာများက ဖော်ပြထားကြသည်။
ထိုသို့ နိုင်ငံကြီးများကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် တရုတ်နိုင်ငံသည် မြန်မာပြည် တည်ငြိမ်အေးချမ်းရေးနှင့် ၎င်းတို့ နယ်စပ်ဒေသ တည်ငြိမ်စေရေးအတွက် အထွေထွေရွေးကောက်ပွဲကို သေချာပေါက် ဖြစ်ထွန်းအောင် ကူညီ ဆောင်ရွက်ပေးသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် ၎င်း၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအား ကျဆုံးနိုင်ငံဖြစ်အောင် လုပ်မှာမဟုတ်ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “တစ်ဖက်ကလည်း နိုင်ငံတကာ အခြေအနေကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ဘယ်တော့မှ မြန်မာနိုင်ငံကို failed state ဖြစ်သွားအောင် သူက လုပ်မှာမဟုတ်ဘူး။ သူ့အတွက်လည်း အကျိုးမရှိဘူး။ ဒါကြောင့်မို့လို့ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ တဖြေးဖြေးနဲ့ တိုးတက်ကောင်းမွန်လာလိမ့်မယ်။ လူထု ကလည်း ဒီမိုကရေစီကို လိုလားပြီးသား ဖြစ်နေတဲ့ အခါကြတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပဲ တပ်ကလည်း တင်ပေးမယ်။ လူတွေကလည်း သွားမယ်။ သူ့ဘာသာသူ ဆန့်ကျင်နှောင့်ယှက်တဲ့ လူတွေရှိရှိပေါ့။ သွားစရာရှိတဲ့ လမ်းကြောင်းကို သွားနေပြီးတော့ တိုင်းပြည်ကတော့ တဖြေးဖြေးနဲ့ နိုင်ငံရေးရော၊ စစ်ရေးရော ကောင်းလာလိမ့် မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ၎င်းတို့၏ ပြည်နယ်တစ်ခု အနေဖြင့် သဘောထားကာ အနောက်အုပ်စုထံ အပါခံမှာ မဟုတ်ကြောင်း၊ တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ်၌ ဩဇာလွှမ်းမိုးမှု ရှိနေသလို လက်ရှိ နစက အပေါ်တွင်လည်း လွှမ်းမိုးမှု ရှိနိုင်ရန် ကြိုးပမ်းနေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းအကြား သုံးသပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 612
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA/DPLF)သည် အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲနှင့် လက်နက် တပ်ဆင်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ကျင်းပသွားခဲ့သည်။
အဆိုပါ အခမ်းအနားကို မဟာမိတ် TNLA ၏ ထိန်းချုပ်နယ်မြေအတွင်းမှာ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု DPLA က ထုတ်ပြန်ခဲ့သည်။

DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က “ မိမိတို့ ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊ အမိန့်နာခံ တတ်စေရန်နှင့် ဘယ်လိုအခြေအနေတွင်ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွား ကြရန်” ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါ စစ်သင်တန်းတွင် မိမိတို့ ဓနုဒေသအတွင်းရှိ ပြည်သူလူထုအား ကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိ ထားတတ်စေရန်နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန်တို့ကို အဓိကထား၍ အချိန်ကာလ ၃ လကျော် ကြာ စစ်သင်တန်းပေးခဲ့ပါသည်ဟု DPLA က ထုတ်ပြန်ခဲ့သည်။
ဓနုတပ်ဖွဲ့(DPLA)သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် အင်အားစု ဖြစ်ပြီး TNLA နှင့်တွဲဖက်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဓနုလူမျိုးများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (ခ)တွင် ရှမ်းပြည်နယ်ရှိ ရွာငုံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 606
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပ- အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်မည်ဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သလို စီးပွားရေးဖိုရမ်ကို တက်ရောက်မည်ဖြစ်သည်။
သို့သော် ဘယ်နေ့ကို သွားရောက်မည်ကိုတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိသော်လည်း မကြာမီရက်ပိုင်းအတွင်း တရားဝင် ခရီးစဉ်စတင်မည်ဟု နစက,က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက် ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် သမ္မတလူကာရှန်ကိုနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ- အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း စသဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့နောက် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ပြီးသည်နှင့် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သေးသလို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ လုံခြုံရေး- စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 750
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
နစကဥက္ကဋ္ဌမှ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ကာလများတွင် တော်လှန်ရေးအင်အားစုများသည် နယ်မြေ ချဲ့ထွင်မှု ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲအား အပိုင်းလိုက်ခွဲကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် တော်လှန်ရေး အင်အားစုများအနေဖြင့် ၎င်းတို့ အခွင့်အရေးရသလို တိုးချဲ့မှုများရှိလာနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒီလိုအချိန်မျိုးမှာ ပိုပြင်းထန်မှာပဲ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ကလည်း ကိုယ်ရ ရှိရထိုက်တဲ့ ဒီအချိန်က ဘယ်လိုပဲတိုက်တိုက် စစ်တပ်က ပြိုနေတာဖြစ်တာကို။ အဲဒီတော့ ဆက်တိုက်ကြမှာပါပဲ။ စစ်ရေးက ပိုပြင်းထန်လာနိုင်ပါတယ်။ ဒီနှစ်ရော၊ နောင်နှစ်ရော။ အခုလောလောဆယ်ကတော့ ကိုယ်ရထားတဲ့ နေရာတွေကို သူတို့ တော်တော်ခိုင်မာအောင် လုပ်နေပုံရတယ်။ MNDAA ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ် သူတို့ ရထား တဲ့ နေရာတွေကို ခိုင်မာအောင် လုပ်ထားတယ်။ ဒါပေမယ့် PDF တို့ဘာတို့ပေါ့။ အတွင်းပိုင်းက လူတွေ ကတော့ ကိုယ်အခွင့်အရေးရသလို တိုးချဲ့တာတွေ ဘာတွေတော့ ရှိနိုင်ပါတယ်။ တိုက်ပွဲတွေ ဘာတွေလည်း ဆက်ဖြစ် သလောက် ဖြစ်နိုင်တာရှိတယ်။ AA တို့ဘာတို့လည်း ငြိမ်မှမနေဘဲ ဆက်တိုက်နေတာပဲ” ဟု ပြောသည်။

ကာ/လုံ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နစကဥက္ကဋ္ဌသည် လက်ရှိတွင် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် သက်တမ်း ၆ လ တိုးမြှင့် ထားခြင်းမှုသည် လာမည့် ဇူလိုင်လကုန်တွင် သက်တမ်းပြည့်တော့မည်ဖြစ်သည်။
ထိုသက်တမ်းပြည့်ပါက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် ကတိကဝတ်ပြု ပြောကြားထား သဖြင့် ကာ/လုံထံသို့ အာဏာပြန်လည်လွှဲပြောင်း ပေးအပ်မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ် ထားကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း နှစ်ဖက်အင်အားစုများကြား စစ်ရေးအရှိန် မြင့်တက်လာနိုင် ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြား၌ စစ်ဆင်ရေးများ ဖော်ဆောင်နေရသလို လက်နက်ခဲယမ်းများ ရောင်းချ ပေးနေသည့် မိတ်ဖက်နိုင်ငံများသည်လည်း စစ်ပွဲများကို ရင်ဆိုင်နေရခြင်းကြောင့် လက်နက်ခဲယမ်း လိုအပ်ချက် များ ရှိနေနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သို့သော် မြန်မာ့တပ်မတော်တွင် လက်နက်ထုတ်စက်ရုံများ ရှိသကဲ့သို့ လိုအပ်ပါက အခြားနိုင်ငံများမှ ဝယ်ယူနိုင်ပြီး မှောင်ခိုဖြင့်လည်း ဝယ်ယူ၍ရနေသောကြောင့် လက်နက်ခဲယမ်း အခက်အခဲရှိနိုင်သည်မှာ မဖြစ်နိုင်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။
ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် နယ်မြေချဲ့ထွင်မှုများ ပိုမိုရှိလာနိုင်သော်လည်း မြန်မာ့တပ်မတော် အနေဖြင့် လက်လွှတ်ထားရသည့် နယ်မြေများအစား လက်ရှိထိန်းထားနိုင်သော နယ်မြေများအပေါ်တွင်သာ အာရုံစိုက် ကြိုးစားမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “သူတို့ကတော့ လုပ်မှာပေါ့။ သူတို့ကတော့ ဒါမှာ အသည်းအသန် လုပ်မှာလေ။ အထူးသဖြင့် ဒီပြဿနာ ရှိနိုင်တာကတော့ AA နဲ့ KNU ပေါ့။ AA က အရမ်းလက်လွန်သွားတာပေါ့။ KNU ကလည်း စကားပြောတာတွေက တအားကို လွန်သွားတဲ့အခါကြတော့ အခုအချိန်မှာတော့ သူတို့ မနိုင်လောက်ဘူးဆိုတာတော့ သိနေတယ်။ အခုချိန်မှာ သူအရှက်ပြေ အားခဲနေတာပေါ့။ တဖြေးဖြေးနဲ့ တွေ့သမျှက ထိုင်းနဲ့မြန်မာ နယ်နိမိတ်လမ်းစက တောထဲတောင်ထဲမှာ စခန်းသိမ်းပြီး လာရုံလောက်နဲ့ တိုင်းပြည်ကို လွှမ်းမိုးနိုင်မယ်လို့တော့ သူတွေးလို့ မရဘူး လေ။ နောက်ဆုံးကြတော့ စကားဝိုင်းကို ပြန်ရောက်မယ်။ သို့မဟုတ် တစ်ခုခု ဒီထက်ဆိုးတာလည်း သူတို့ရင်ဆိုင် ရမှာပေါ့။ တပ်ကတော့ လက်ရှိမှာတော့ ရှိပြီးသားနယ်မြေကို ထိန်းဖို့ပဲ ကြိုးစားမှာပေါ့။ သူ့ဘက်က အလွန် မဖြစ် အောင် တော်တော်ထိန်းထားတာကို။ ပြီးရင်တော့ ဒါတော့ ပြောလို့မရဘူးပေါ့။ ဘာလို့ဆို တပ်ကလက်ရှိလူတွေရဲ့ ပေါ်လစီဆိုတော့” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ နိုင်ငံတော်အာဏာအား ရယူပြီး နစကကို ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ရာ လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက လက်နက်ကိုင် တော်လှန်ကာ ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
ထို့နောက် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရ သလို မြို့နယ်ပေါင်း ၉၀ ကျော် လက်လွတ် ထားရသည်။
အဆိုပါ အခြေအနေများအတွင်း နစကဥက္ကဋ္ဌမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထား သည်။
တခြားတစ်ဖက်မှာတော့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများက နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသည်။
