- By CNI
- Category: နိုင်ငံရေး
- Hits: 459
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
ထိုင်းနိုင်ငံက ကမကထ ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသို့ နစက၏ နိုင်ငံခြားရေးဝန် ကြီး ဦးသန်းဆွေ တက်ရောက် ဆွေးနွေးခဲ့သလို တရုတ်နှင့် အိန္ဒိယမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း ဦးဆောင်၍ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကိစ္စ များကို နစက၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုဆောင်ရွက် နေမှု များအပေါ် တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဒွန်ပရာမွန်းဝီနိုင်
မြန်မာ့အရေး ဆွေးနွေးပွဲသို့ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွား မှုများ ရှိနေသည့်အပေါ် စစ်ဆေးပေးရန် မြန်မာ့တပ်မတော်၏ တောင်းဆိုမှုကို လျစ်လျူရှု၍ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချခံခဲ့ရသည်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုတွေ့ရစဉ်
ထို့နောက် မြန်မာနိုင်ငံအား အရေးအပေါ် အခြေအနေ ကြေညာကာ မြန်မာ့တပ်မတော်က နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုတို့ကို ဆောင်ရွက်နေသည်။
တခြားတစ်ဖက်မှာတော့ မြန်မာ့တပ်မတော်၏ ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချခြင်းကို ဆန့်ကျင် ကန့်ကွက်မှုများနှင့်အတူ မြန်မာ့တပ်မတော်ကို ပြန်လည်ဖြုတ်ချနိုင်ရေး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေ ကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ လူသေဆုံးမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရမှုများ ပေါ်ပေါက်နေသလို နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 969
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင် စိန်ရွှေရတနာဆိုင်သို့ ဓားပြတိုက်ခဲ့သူများကို ဇွန်လ ၁၈ ရက်နေ့မှာပဲ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က သတင်း ထုတ်ပြန်သွားသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင် စိန်ရွှေရတနာဆိုင်ကို အမျိုးသား ၃ ဦးမှ ပစ္စတို ၂ လက်ဖြင့် ဝင်ရောက်လာပြီး ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ် သိန်း ၁၆,၆၀၀ ခန့်)တို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့သည်။
ထို့နောက် ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဓားပြတိုက် လုယက်မှုတွင် ပါဝင်သည့် ကိုကိုအောင်နှင့် ပပလှိုင် ဆိုသူတို့ ၂ ဦးအား ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ အကယ်ဒမီ ဟိုတယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသည့် ကိုကိုအောင်၏ ထွက်ဆိုချက်အရ ကောင်းထက်စံ(ခ)တရုတ်ကြီး၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကို၊ ကျော်ဇင်ဝေတို့အား M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည် အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့် အပါအဝင် ရွှေထည်ပစ္စည်း များနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။
အလားတူ ဓားပြတိုက်ခံရာတွင် ပါဝင်သည့် စောဂျိုးဇက်(ခ)ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြတ်မောင်ရွှေဆိုင်အား ဓားပြတိုက်ရာတွင် ပါဝင်ကြသည့် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦးအား M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့် အပါအဝင် ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 746
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရေး ကြိုးပမ်းအားထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက် မတ်မတ် စွဲကိုင်ခဲ့ပါ သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးခဲ့သူများကို ပြန်လည် ကျေးဇူးတင်ကြောင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် အထက်ပါ အတိုင်းဖော်ပြထားသည်။
NLD CWC ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
NLD ဗဟိုအလုပ်ကော်မတီက “ မြန်မာပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရေးကြိုးပမ်း အားထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်း လမ်းကိုသာ တစိုက်မတ်မတ် စွဲကိုင်ခဲ့ပါသည်။ ယနေ့ထက်တိုင် ပြည်သူလူထု တစ်ရပ်လုံး၏ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုတို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီ ခေါင်းဆောင် လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေး ပြဿာနာများကို ဖြေရှင်းရာတွင် ခြွင်းချန်းထား၍ မရသော၊ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်ဟု မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှုမြင်ပါ သည်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက်မတ်မတ် စွဲကိုင်ခဲ့သည်ဆိုသော NLD ဗဟိုအလုပ် ကော်မတီ၏ ထုတ်ပြန်ချက်သည် လက်ရှိ NUG- PDF- CRPH တို့ လျှောက်လှမ်းနေသည့် လမ်းစဉ်နှင့် ဆန့်ကျင် ဘက်ဖြစ်နေသည်ကို ထောက်ပြနေသလိုဖြစ်နေကြောင်း၊ NUG- PDF- CRPH လျှောက်လှမ်းနေသည့် လက်နက် ကိုင် လမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံမှာမဟုတ်ဟု သွယ်ဝှိုက်၍ ပြောနေသကဲ့ သို့ ဖြစ်နေကြောင်း၊ လက်ရှိ မြန်မာပြည်သူ အများစုသည် လက်နက်ကိုင် တော်လှန်ရေးဖြင့် မြန်မာ့တပ်မတော် ကို ဖြုတ်ချလိုသော စိတ်ဆန္ဒက ပြင်းပြနေသည့်အပေါ်မှာလည်း ယခု ထုတ်ပြန်ချက်က တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစပျိုး နေသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
NLD လွှတ်တော်အမတ်ဖြစ်တဲ့ NUG ရဲ့ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF ရဲဘော်များကိုတွေ့ရစဉ်
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအား မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေး ပေါ် ကြေညာထားသည်။
ထို့နောက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
အဆိုပါ အခြေအနေမှာပဲ NLD မှ ဗဟိုအလုပ်အမှုဆောင် တချို့နှင့် လွှတ်တော်အမတ် တချို့သည် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော်အား ဖြုတ်ချ ရေး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
အလားတူ NUG ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း ထည့်သွင်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 689
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှ လမ်းစရရှိနိုင် မည်ဟု အဝေးရောက်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယနေ့ (ဇွန်လ ၁၉ ရက်)သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ရာ မွေးနေ့ဆုတောင်း ထုတ်ပြန်ရင် အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ယနေ့ထက်တိုင် ပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှု တို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီ ခေါင်းဆောင်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဟု NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီ တောင်းဆိုနေကြစဉ်
၎င်းတို့က “သို့ဖြစ်ပါ၍ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿာနများကို ဖြေရှင်း ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့်အတူ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများ အားလုံးနှင့်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအား မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့နောက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့တပ်မတော် ဆွေးနွေးဖြေရှင်းပါ ကလည်း အလုံးစုံ ဖြေလည်နိုင်ခြေနည်းပါးကြောင်း၊ တိုင်းရင်းသား အင်အားစုများနှင့် ပြည်သူလူထုကို ကိုယ်စား ပြုသော အင်အားစုများ ပါဝင်သည့် ဆွေးနွေးရေး အခင်းအကျင်းကို ဖန်တီးမှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲ ပြန်လည် ခေါ်သွင်းရန် အစီအစဉ် မရှိ တော့သည့် အခြေအနေဖြစ်နေကြောင်း မြန်မာ့နိုင်ငံတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 730
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာပြည်ကို မည်ကဲ့သို့သော ဖက်ဒရယ်ပုံစံဖြင့် တည်ဆောက်မလဲဆိုသည်ကို နိုင်ငံရေးအဖွဲ့အစည်း အပါအဝင် တိုင်းရင်းသား အင်အားစုများနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေး ငြင်းခုံနေကြသည်။
ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကို မတူညီသော ပုံစံမျိုးဖြင့် ကျင့်သုံးလျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံကို အိန္ဒိယက ကျင့်သုံးနေသည့် ဖက်ဒရယ်စနစ်ဖြင့် သွားမည်ဆိုပါက လွယ်ကူမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ကိုက်ညီမှု ရှိလားဆိုတော့ အခု ၂၀၀၈ အခြေခံဥပဒေက အဲဒီ အိန္ဒိယအခြေခံဥပဒေနဲ့ အိန္ဒိယက ကျင့်သုံးနေတဲ့ စနစ်နဲ့ အများဆုံး တူတယ်လို့ ပြောရမှာပေါ့၊ သူက ဖက်ဒရယ်စနစ်မှာ ၃ မျိုးရှိတယ်၊ ဒေသ၊ ပထဝီကို အခြေခံတဲ့ ယူနစ်တွေရဲ့ နာမည်ပေါ့၊ ယူနစ်တွေ ပါဝင်တဲ့ ဒေသ၊ ပထဝီကို အခြေခံတဲ့ အမျိုးအစားရယ်၊ နောက်တစ်ခါ တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ethnic ဖက်ဒရယ်မော်ဒယ်ပေါ့နော်၊ အဲဒါရယ် နောက်တစ်ခါ ပေါင်းစပ် ထားတဲ့ စနစ်ရယ်၊ ဆိုတော့ အခုအိန္ဒိယက ပေါင်းစပ်ထားတဲ့ စနစ်ပေါ့၊ တချို့ ပြည်နယ်တွေက လူမျိုးနာမည်ကို ကိုယ်စားပြုတယ်၊ တချို့နာမည်တွေက ဒေသ၊ ပထဝီဒေသန္တရ နာမည်ကိုပဲ ကိုယ်စားပြုတာ၊ ဆိုတော့ မြန်မာက ၂၀၀၈ အခြေခံဥပဒေကလည်း အဲဒီပုံစံဖြစ်နေတယ်၊ တချို့ပြည်နယ်တွေက တိုင်းရင်းသား လူမျိုးနာမည်ကို ကိုယ်စားပြုပြီးတော့ တချို့ တိုင်းဒေသကြီးတွေကတော့ တချို့ယူနစ်တွေဖြစ်တဲ့ တိုင်းဒေသကြီးတွေကကြတော့ ကျနော်တို့ ပထဝီဒေသနာမည်ကို ကိုယ်စားပြုတာပေါ့၊ ဆိုတော့ အိန္ဒိယနဲ့ တော်တော်လေး နီးစပ်နေတော့ ပြင်မယ် ဆိုလို့ရှိရင်လည်း အိန္ဒိယပုံစံရောက်အောင် ပြင်မယ်ဆိုလို့ရှိရင် လွယ်မှာပေါ့ဗျာ၊သိပ်ပြီးတော့ အခက်အခဲမရှိဘူးပေါ့၊ အဲဒီလိုပြောလို့ ရပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နှင့် ၈ ရက်နေ့များက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၊ နစက ကိုယ်စားလှယ် များ၊ အိန္ဒိယအစိုးရတို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည့် ဖက်ဒရယ်စနစ်အပေါ် လေ့လာဆွေးနွေးရေး ဖက်ဒရယ်ရေးရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သေးသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က အိန္ဒိယဖက်ဒရယ်အရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်
အနာဂတ် တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားများအား လုပ်ပိုင်ခွင့် များများ ပေးထားသင့်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံကတော့ ဖက်ဒရယ်ဆိုရင်တော့ ဗဟိုအစိုးရအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ် တမ်း အရေးကြီးတဲ့ ကဏ္ဍလောက်ပဲ ယူပြီးမှ ကျန်တာတော့ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေကို များများပေးတဲ့ အဲဒီလိုမျိုး ဖက်ဒရယ်စနစ် ဖြစ်နိုင်ရင်တော့ ကျနော်တို့ တိုင်းပြည်က ပိုပြီးမှ ငြိမ်းချမ်းမယ်လို့ မြင်တယ်လေ၊ မဟုတ်ဘူးဆိုရင်တော့ အကုန်လုံးက ဖက်ဒရယ်ဆိုတာတော့ ရှိတယ်လေ၊ လုပ်ပိုင် ခွင့်တွေ ဗဟိုအစိုးရက အများကြီး ထိန်းချုပ်ပြီးမှ ပြည်နယ်တွေ ကျန်တဲ့ ဒေသတွေ နယ်မြေတွေကိုတော့ နည်း နည်းလေး ခွဲဝေပေးတဲ့ ဖက်ဒရယ်မျိုးကြတော့လည်း အဆင်မပြေနိုင်ဘူးပေါ့နော်၊ အခု လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း တချို့က လုံးဝ ဖက်ဒရိတ်(ကွန်ဖက်ဒရိတ်)ပုံစံသွားချင်တဲ့ ပုံစံမျိုးလည်း ရှိတယ်၊ ဖက်ဒရယ်နဲ့ သွား ချင်တဲ့ သူလည်း ရှိတယ်၊ ဖက်ဒရိတ်(ကွန်ဖက်ဒရိတ်)ပုံစံ မဟုတ်ရင်တောင်မှ အနည်းဆုံး ဖက်ဒရယ်နဲ့ လုပ်ပိုင်ခွင့် များများနဲ့ ပေးတဲ့ စနစ်ကိုတော့ ကျနော်တို့ နိုင်ငံကိုတော့ ပိုပြီးဖြစ်သင့်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြော သည်။
မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ဖက်ဒရယ်စနစ်များကို လေ့လာနေကြကြောင်း၊ မိမိတို့ဘက်မှ လည်း ဖွဲ့စည်းပုံအတွက် ပြင်ဆင်မှု ရှိထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာ ဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က အိန္ဒိယဖက်ဒရယ်အရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်
၎င်းက “ဖက်ဒရယ်နိုင်ငံ ပေါင်းစုံကိုတော့ EAO တွေက လေ့လာကြပါတယ်၊ ဆွစ်ဇာလန်နိုင်ငံကိုလည်း လေ့လာကြ တယ်၊ ဂျာမဏီနိုင်ငံကိုလည်း လေ့လာကြတယ်၊ ပြီးလို့ရှိရင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုလည်း လေ့လာကြပါ တယ်။
လေ့လာကြတော့ ဘယ်နိုင်ငံရဲ့ ဖွဲ့စည်းပုံကတော့ ကျမတို့နဲ့ သင့်တော်ပြီးတော့ တစ်သားတည်း ကျတယ် လို့ ဆိုတာထက် ကျမတို့ကတော့ ဖွဲ့စည်းပုံကို အကြမ်းတစ်ခုခုတော့ ပြင်ဆင်ထားကြတာရှိပါတယ်၊ EAO က ကျမ တို့ နိုင်ငံနဲ့ သင့်တော်မယ့် အနေအထား တစ်ခုပေါ့လေ၊ အဲဒီလို အချက်တွေကိုတော့ ကောက်နုတ်ပြီး ပြင်ဆင်ထား ကြတာရှိတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံဟာဆိုလို့ရှိရင် တခြားနိုင်ငံတစ်ခုနဲ့ ထပ်တူကျရမယ် ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမဲ့ လေ့လာနေကြဆဲဖြစ်တယ်၊ ယတိပြတ်ကတော့ ကျမတို့ ပြောလို့မရသေးဘူး။ ကျမတို့ EAO ၁၂ ဖွဲ့ကြားမှာ ဖွဲ့စည်းပုံတစ်ခု ပြင်ဆင်ထားတာတော့ ရှိပါတယ်၊ အဲဒီအထဲက အချက် ၂၃ ချက်ကိုတော့ ကျမတို့ ပြင်ဆင်ပြီးတော့ ဆွေးနွေးနေရတဲ့ အပိုင်းတွေလည်း ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယာ၊ စပိန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံက မတူညီသော ပုံစံများဖြင့် ကျင်းသုံးကြ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 508
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
အာဆီယံ အဖွဲ့ဝင် နိုင်ငံများကိုပါ ဖိတ်ကြားထားသည့် ထိုင်းနိုင်ငံက ကမကထ လုပ်ကာ ကျင်းပမည့် မြန်မာအရေး ဆွေးနွေးပွဲကို နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူ လက်ခံထားသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ပိုမို အကောင်အထည်ဖော်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး မြန်မာအရေး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဝီနိုင် (Don Pramudwinai)သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသို့ ဇွန်လ ၁၄ ရက်နေ့ မြန်မာအရေး ငြိမ်းချမ်းရေး အဆိုပြုချက် တစ်ခုကို ပေးပို့ခဲ့သည်။
ဝန်ကြီး ဒွန်ပရာမုဝီနိုင် အဆိုပြုထားသော အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကနဦး ခြေလှမ်းများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟုလည်း စာတွင် ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတပ်များ ဝင်လာပါက လူထုတစ်ရပ်လုံးမှာ နစကဘက် ရောက်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း တော်လှန်ရေး အင်အားစုဘက်သို့ နိုင်ငံခြားအဖွဲ့အစည်း များက ထောက်ပံ့မှု အချို့ ပြုလုပ်နေကြောင်း၊ ထိုအခြေအနေအား လူထုမှ စောင့်ကြည့်နေကြောင်း ၎င်းက ပြော သည်။
ဦးစိန်ဝင်းက “ခင်ဗျားတို့ အဲဒီဖက်က နိုင်ငံခြားသား တစ်ခုခု ပါလာပြီဆိုရင် ပြည်သူက ဘယ်ဖက် ပါမယ်ထင်တုန်း၊ နစကဘက်ရောက်သွားမှာ ပြည်သူက ကြည့်နေတာ ဟိုဘက်က ထုနဲ့ထည်နဲ့ပါရင် အခုကတော့ ငွေရေး၊ ကြေးရေး ပါတယ် နည်းပညာပါတယ်၊ အားပေးမှုတွေပါတယ် ကြည့်နေသေးတယ်၊ တကယ် ခင်ဗျားတို့ မြန်မာနိုင်ငံထဲကို နိုင်ငံခြားတပ် တစ်တပ်ဝင်လာပြီ အထူးသဖြင့် အမေရိကန်လိုဟာမျိုး UK လိုဟာမျိုး ဘယ်လောက်ပဲ လက်နက် တွေ သာသာ စိတ်ဓါတ်ကတော့ မရဘူး။ မြန်မာလူမျိုးကတော့ တခြားလူမျိုးနဲ့ မတူဘူး။ တိုင်းရင်းသားထဲမှာ တောင် မြန်မာလူမျိုးက မတူဘူး။ ရခိုင်က ဘာတော်တုန်း သူတို့လူမျိုး အချင်းချင်း သွေးစည်းညီညွတ်တယ်၊ ဗမာ က ဘာကောင်းတုန်းဆိုရင် ဗမာက ဉာဏ်ရည်ဉာဏ်လွှာက အရမ်းကောင်းတယ်၊ပြီးရင် သတ္တိရှိရမယ့် ကိစ္စမျိုးကို တကယ်လည်း သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ သူများနဲ့ မတူ ဘူး။ ဒီပြင် တိုင်းရင်းသားနဲ့ မတူဘူး” ဟု ပြောသည်။
မြန်မာ့တပ်မတော်နဲ့ နစကကို ကန့်ကွက်ကြောင်း ပြသနေစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် မြန်မာ့တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး တော်လှန်ရေး အင်အားစုများက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ကို ဖွဲ့စည်းကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။
အဆိုပါ နွေဦးတော်လှန်ရေး ဆင်နွှဲရာတွင် နိုင်ငံတကာက မြန်မာ့တော်လှန်ရေး အင်အားစုများကို လက်နက် ခဲယမ်းများ ကူညီမှုမရှိသည့်အတွက် ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်ထောက်ပံ့မှုမျိုး PDF များကိုလည်း ကူညီရန် နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုလျက်ရှိသည်။
မြန်မာနိုင်ငံကို နိုင်ငံတကာတပ်များ ဝင်လာစရာ မရှိကြောင်း၊ လုံခြုံရေးကောင်စီတွင် အဆိုပြုချက်များမှာလည်း အောင်မြင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။
မြို့တွင်း လုံခြုံရေးလုပ်နေသည့် တပ်ဖွဲ့ကိုတွေ့ရစဉ်
ဦးသန်းစိုးနိုင်က “လူထုကတော့ အဲဒီလို အင်အားစုတွေ ကုလသမဂ္ဂတပ်တွေ ဘာတွေ ဝင်လာတယ်ဆိုရင် ကြိုဆို မှာပေါ့ဗျာ၊ လူထုက အဲဒါတွေ မျှော်နေတာ၊ ကျနော်တို့က ရေရှည်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကြည့်ပြီးတော့ အဲဒီလို ကုလသမဂ္ဂက ဝင်ဖို့ အဆိုပြုချက်တွေ လုံခြုံရေးကောင်စီမှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရုရှားရှိ နေတဲ့ အခါကြတော့ အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီတပ်တွေ ရှိနေတုန်းမှာ အခုတရုတ်တပ်က အမြဲ တမ်း ကျနော်တို့ ဗမာနယ်စပ်မှာ ၃ သောင်းအထက် ၃ သောင်းကနေ ၅ သောင်းအထိ ရှိနေတယ်၊ အဲဒီတော့ အဲဒီ တပ်တွေက ဆင်းလာလိုက်ရင် မန္တလေးကို ၂ ရက်အတွင်း ရောက်မှာပါ၊ အဲဒီအချိန်မှာ နိုင်ငံတကာတပ်တွေဆိုတာ ကျနော်ထင်တာက ခြေအိတ်တောင် စွပ်ချိန်ရဦးမှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်နီးချင်း အင်အားကြီး တရုတ်နှင့်အိန္ဒိယ ရှိနေသောကြောင့် နိုင်ငံတကာတပ်များ ဝင်လာစရာ အကြောင်း မရှိဟု သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို နိုင်ငံတကာ အဖွဲ့အစည်း အချို့မှ စစ်လက်နက် မဟုတ်သည့် အကူအညီများ ပေးမှုတော့ ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 839
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး မဖြစ်မနေ အကောင်အထည် ဖော် ဆောင်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိငယ်များနှင့် ဇွန်လ ၁၆ ရက်နေ့၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် မည်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ကိုတော့ ထည့်သွင်း ပြောသွားခြင်း မတွေ့ရပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေး ပေါ် ကာလဆိုင်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဟူသည့် အချက်အား မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု လိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ပထမအကြိမ် ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီ အစိုးရတပ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲ ညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်း တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ ဖြစ်သင့် ဖြစ်ထိုက်သည် များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ သော်လည်း ထိရောက် မှု အားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ် သည် ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင် ရွက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်း ကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ် များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုက ရေစီ လမ်းကြောင်းခိုင်မာရေးအတွက်သာ ဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါ လမ်းကြောင်းပေါ်မှ သွေဖွယ်အောင် ဆောင် ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင် နေခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1285
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ နစကနှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား အုပ်ချုပ်ရေး အားပြိုင်လာနေသလား စစ်ရေးကျွမ်းကျင်သူများ ကြား အမျိုးမျိုး သုံးသပ်နေကြသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နစကနှင့် ULA/AA တို့သည် အပြိုင် အဆိုင် လုပ်ဆောင်နေကြရာ ဇွန်လ ၈ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို နစကဘက်က ကန့်သတ်လိုက်ပြီးနောက် နှစ်ဖက်တင်းမာမှု ရှိလာကြောင်း သုံးသပ်မှုများ ရှိလာသည်။
ယခင်က မြန်မာ့တပ်မတော်နှင့် ULA/AA တို့ နားလည်မှုဖြင့် အသွားအလာ၊ စခန်းကိစ္စများကို လုပ်ဆောင်သည်ဟု ယူဆကြောင်း၊ လက်ရှိတွင် နှစ်ဖက်တင်းမာသည့် အနေအထားကို ပြန်ရောက်သွားကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က လုပ်ဆောင်ချက်တွေကတော့ တော်တော့ကို ULA/AA နဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ရာကျတယ်၊ ဘာလို့လဲဆိုတော့ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေါ့နော်၊ အဲဒီလို ဖြစ် ရေးအတွက် အပစ်အခတ်တွေ ရပ်စဲထားတာဖြစ်တယ်၊ အခုလည်းပဲ မိုခါမုန်တိုင်းသင့် ပြည်သူတွေကို နိုင်ငံတကာ က ကူညီမယ်ဆိုတဲ့ ကိစ္စတွေကို သူတို့အနေနဲ့ အဲဒီလို ပိတ်ပင်တာက မိုင်းလားမှာလည်း ULA/AA က တောင်းဆိုခဲ့ တာ ရှိတယ်၊ အဲဒါကိုလည်း အသိအမှတ် မပြုဘူး။ မူလ ပစ်ခတ်တိုက်ခိုက်တဲ့ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်ရာ ကျတယ်ပေါ့။ ဒါကြောင့် အခြေအနေက အရင်ကလောက်ပေါ့နော် အပေးအယူက ရှေ့ဆက်ပြီး တော့ ရှိနိုင်မလား၊ မရှိနိုင်မလား ကျနော်တို့ မပြောတတ်ဘူး။ သူတို့ကတော့ တင်းမာနဲ့ အနေအထားမျိုးတော့ ပြန်ရောက်သွားတာပေါ့၊ တကယ်လို့သာ အဲဒီလို မဖြေလျှော့ဘူးဆိုရင် ယုံကြည်မှုပြန်ပြီး တည်ဆောက်ရေးကို ပျက်ပြားသွားနိုင်တာပေါ့၊ ခုချိန်တော့ တိုက်ခိုက်တာတွေ သေနတ်ပေါက်တာတွေတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။
မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး AA ကို FPNCC က လှူဒါန်းငွေပေးအပ်စဉ်
လက်ရှိ အနေအထားအရ ပြဿနာကို ဦးတည်သည့်ပုံစံမျိုး မရှိကြောင်း၊ သို့သော်လည်း စာသင်ကျောင်းများတွင် ULA/AA အလံ လွှင့်ထူသည့်ပုံစံမျိုး လှုပ်ရှားလာပါက ပြဿနာ ဖြစ်ပွားလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ စစ်ရေးတင်းမာမှု အကြီးကြီးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ခုန ပြော သလို ပြန်ကြည့်ရင် AA သည် သူဘာလုပ်ချင်တာလဲ၊ သူစဉ်းစားတဲ့အပေါ် မူတည်ပြီးတော့ နည်းနည်း အပြောင်းအ လဲတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်၊ တပ်ဖက်ကတော့ ထုံးစံအရ လုံခြုံရေးပိုင်းနဲ့ လုံခြုံရေးပိုင်း အမြင်အရ သူတို့ဘက်ကတော့ ကန့်သတ်တာတွေ လှုပ်ရှားခွင့်တွေ လုံခြုံရေးပိုင်းဆိုင်ရာ တင်းကျပ်မှုပေါ့နော် အဲဒီအပိုင်းတွေ မှာတော့ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမဲ့ ကျနော်ထင်ပါတယ် တစ်ခါတရံ ကျတော့လည်း အပေါ်က စာထုတ်တာ မျိုးလောက်နဲ့ အောက်မှာ ဖြစ်မယ် မဖြစ်ဘူးဆိုတာက ကံသေကံမ တွက်ဖို့ကတော့ ခဲယဉ်းတာပေါ့၊ အဲဒီတော့ အခြေအနေက စောင့်ကြည့်ဖို့ရှိတယ်၊ ဒါပေမဲ့ လောလောဆယ် အနေအထားအရတော့ ဆိုးဆိုးဝါးဝါး အနေအထား ကို ဦးတည်မယ့် ပုံစံမျိုး ကျနော်တို့ မှန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ ခုနက ခြွင်းချက်အနေနဲ့တော့ AA ဖက်က ဘယ်လိုစဉ်းစားလဲ၊ ခုနပြောသလို တခါတရံလည်း ပြီးခဲ့တဲ့ အတွေ့အကြုံအရတော့ ဖြစ်ခဲ့ဖူးတာလည်း ရှိတာကိုး၊ တချို့ဒေသတွေမှာ စာသင်ကျောင်းတွေမှာ AA အလံသွားလွှင့်တာတို့ ဘာတို့ သွားလုပ်တဲ့ဟာမျိုးတွေရှိတော့ အဲဒီ လိုမျိုးက ရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့ လှုပ်ရှားမှုတွေ လုပ်လာတယ်ဆိုရင်တော့ အဲဒါဆိုရင်တော့ ပြဿနာဖက်ကို ဦးတည်သွားနိုင်ချေရှိတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း နစကနှင့် ULA/AA တို့သည် ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ ကို အားပြိုင်လျက် ရှိနေသည်။
မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀ လှူဒါန်းစဉ်
မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရခိုင်တွင် နစကနှင့် AA တို့ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ ယခင်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှ တိုက်ပွဲရှောင်များကို ကူညီထောက်ပံ့မည်ဆိုပါက အုပ်ချုပ်သူက လွယ်လင့်တကူ ခွင့်ပြုခြင်း မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီရခိုင်မှာ ဆိုလို့ရှိရင်တော့ ဒီရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေ စခန်းကို သိမ်းမိတဲ့ အခါမျိုးမှာ AA စခန်းသိမ်းမိတဲ့ အခါမျိုးမှာ UNHCR က ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့တဲ့ တံဆိပ်တွေနဲ့ စားနပ်ရိက္ခာ သိမ်းဆည်းရမိတယ်ဆိုပြီးတော့ သူတို့က အစိုးရက ထုတ်ပြန်တာမျိုး ရှိခဲ့ဖူးတယ်၊ ပြောချင်တာက အဓိက-က သူတို့ပဲ လုပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အစိုးရပဲလုပ်မယ်၊ စိတ်ချရတဲ့ သူတို့ မျက်စိအောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုပဲ သူတို့ ထောက်ပံ့ကူညီတာ လုပ်မယ်ဆိုတဲ့ သဘောတွေ့ရတယ်၊ ဘာကြောင့် ပိတ်သလဲဆိုရင်တော့ ခုနကြောင့်ပေါ့၊ ဒုက္ခသည်တွေဆီ ရောက်တာထက် သူတို့ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ရောက်တာကြောင့် စားနပ်ရိက္ခာ ဖြတ်တောက်ချင်တဲ့ သဘောပေါ့နော်၊ အဲဒါကြောင့်မို့လို့ တွေ့ရပါတယ်ဗျ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။