- By CNI
- Category: နိုင်ငံရေး
- Hits: 759
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ ပြန်လည် ဖော်ဆောင်လာမှုသည် နောက်ဆက်တွဲ ဘာဖြစ်လာနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ ကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၅ ခုနှစ်၊ မေလထဲတွင် KNU ၏လက်အောက်ခံ KNLA နှင့် KNDO ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မော်ကွီးလု၊ တာလယ်၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စသည့် တပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့ကြသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထီးခီးဒေသမှ ထီးထာနှင့် ထီးခီးဗျူဟာ စခန်းများကိုလည်း တပ်မဟာ ၄ က သိမ်းပိုက်ထားနိုင်ခဲ့သည်။
KNU သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသည့် အဖွဲ့နှင့် စစ်ရေး ဖြင့် ဖြေရှင်းလိုသည့် အဖွဲ့ဟူ၍ သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။

KNU နဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကိုတွေ့ရစဉ်
စစ်ရေးအရ ဖြေရှင်းလိုသည့်အဖွဲ့မှ အနိုင်ရသွားသဖြင့် ယခုကဲ့သို့ KNU မှ တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက် သည့် စစ်ဆင်ရေးများ လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း၊ ထို့ပြင် နိုင်ငံရေးဆွေးနွေးမှုတွင် အသာစီးရချင်သည့် အတွက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူသူငါငါပဲလေ တိုက်ပွဲတွေမှာ ကိုယ်ရရှိချက်တွေက ကောင်းနေမှ ကိုယ်က ဒေသတွေ သိမ်းပိုက်ထား ရုံမက အဲဒီဒေသ တည်ငြိမ်အောင်လုပ်ပြီး အဲဒီဒေသ လူထုကပါ ကိုယ့်ဘက် ထောက်ခံနေမှ ပြောလို့ဆိုလို့ ကောင်း မှာကို။ ဒါတွေသူတို့ ဆက်လုပ်မှာပဲ။ ကျမကြည့်တာ ဒီလို အာဆီယံနဲ့ တရုတ်က ခြေလှမ်းညီနေတာဖြစ်တော့ တကယ်လို့ တိုက်ပွဲပြင်းထန်လာလည်း ထိုင်းက ဝင်ပါဝင်ပြီး အပစ်ခတ်ရပ်စဲရေးတွေဘာတွေ လုပ်နိုင်တယ်။ သူတို့ နယ်စပ်ထက် ကိုယ့်ပြည်တွင်းမှာပဲ ကိုယ်ဆက်ပြီးတော့ တိုက်ကြလိမ့်မယ်ထင်တယ်။ ဘယ်အဖွဲ့အစည်းတိုင်းမဆို အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေရှိတယ်။ အတွင်းပိုင်း ပဋိပက္ခတွေပေါ့နော်။ ဥပမာအားဖြင့် စစ်ဆက်တိုက်ကြ မလား၊ ငြိမ်းချမ်းရေးယူမလား။ အဲဒါမျိုးတွေပေါ့။ အဖွဲ့အစည်းတိုင်းမှာ ဒီလိုလူမျိုးတွေရှိတယ်။ တတ်နိုင်သမျှ လျှော့လျှော့ပေ့ါပေါ့ လုပ်ချင်တာနဲ့ အပြတ်အသတ် တိုက်ချင်တဲ့သူတွေ အဲဒီကြားထဲမှာ အဖွဲ့အစည်းကို မပြိုကွဲ သွားအောင်ဆိုရင် ကိုယ့်အချင်းချင်းကြား အရင်ညှိရတာပေါ့။ ညှိရင်းကနေ ကြည့်ရတာ အပြတ်အသတ်တိုက်မယ့် အဖွဲ့ဘက်က အနိုင်ရသွားတယ်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီလောက် ရှေ့တိုးလာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ဦးဆောင် လည်ပတ်နိုင်ရန် ပြင်ဆင်နေသလို မြဝတီကုန်သွယ် ရေးကိုလည်း ဦးစီးဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောထားသည်။
ပဲခူးတိုင်းတွင်လည်း တပ်မဟာ ၂ နှင့် တပ်မဟာ ၃ တို့ တည်ရှိသကဲ့သို့ တပ်မဟာ ၁ သထုံခရိုင်နှင့်လည်း နယ်နိမိတ် ထိစပ်နေသည်။
ထို့နောက် မူးမြို့နယ်မှ နောင်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်း ကျွန်းကုန်း(နိုကလော်)၊ တောင်စု ကျေးရွာများကို ဧပြီလ နောက်ဆုံးအပတ်တွင် သိမ်းပိုက်ခဲ့ကြသည်။
ထို့ပြင် ပဲခူးနှင့် မွန်ပြည်နယ်အစပ် ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာမှာ တည်ရှိသည့် မြန်မာ့တပ်မတော်၏ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို PDF နှင့် KNU ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။
KNU ၏ လက်ရှိ စစ်ဆင်ရေးနှင့် တပ်စခန်းသိမ်းပိုက်ပုံများအရ ၁၀၂၇ စစ်ဆင်ရေးနှင့် ဆင်တူကြောင်းလည်း သုံးသပ်မှုများ တွေ့ရသည်။

KNU ခေါင်းဆောင်တွေကိုတွေ့ရစဉ်
KNU သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့များထဲတွင် သက်တမ်းအရင့်ဆုံးဖြစ်ကာ တပ်မဟာ ၇ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တပ်မဟာအလိုက် လှုပ်ရှားမှု မတူညီကြသောကြောင့် ၁၀၂၇ ကဲ့သို့ စစ်ဆင်ရေးမျိုး ဖြစ်နိုင်မှု ရှိ၊မရှိ မှန်းဆရခက်ကြောင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆက်စပ်လို့ကတော့ ကျနော့်အနေနဲ့ သိပ်မထင်ပါဘူး။ ဘာလို့ဆို KNU လို တော်လှန်ရေး တပ်ဆိုတာ လည်း သူတို့က တကယ့်ကို ဝါရင့်တပ်တွေ ဖြစ်တယ်လေ။ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သူတို့ အင်မတန် ကျွမ်းကျင် တယ်၊ နားလည်ပါတယ်။ သူတို့မှာလည်း သူတို့မူဝါဒနဲ့ သူတို့သွားနေတာဖြစ်တယ်။ KNU အနေနဲ့ဆိုရင် သူ့ တပ်မဟာ ၇ ခုမှာတောင်မှ တစ်တပ်နဲ့တစ်တပ် လုပ်ပိုင်ခွင့်ခြင်း၊ လုပ်နေကြတဲ့ ဗျူဟာဖော်ဆောင်တဲ့ပုံစံတွေ မတူကြဘူး။ တချို့ကဆို ပေါ်ပေါ်ထင်ထင် မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲတွေလုပ်ပြီးမှ တချို့ကြတော့လည်း ခြွေပြီး တော့ ရန်သူ့အင်အားကို တစ်ဖက်လှည့် ဆုတ်ယုတ်အောင် လုပ်တဲ့ဟာမျိုးတွေရှိတယ်။ တစ်ခုနဲ့တစ်ခု တပ်တွေ မှာတောင်မှ မတူကြတဲ့ အနေအထားမျိုးတွေ့ရတယ်ပေါ့။ အဲဒါကြောင့် သူတို့ကိုတော့ မှန်းဆရခက်တယ်” ဟု ပြောသည်။
KNU သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ သိမ်းပိုက်ရရှိခဲ့သည့် ကော့ကရိတ်မြို့နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလက သိမ်းပိုက်ခဲ့ သော မြဝတီမြို့တို့ကို ပြန်လည် လက်လွှတ်ခဲ့ရဖူးသည်။
လက်ရှိတွင် KNU သည် မတ်လမှစတင်ကာ မေလအထိ ၃ လတာ ကာလအတွင်း တပ်မဟာ ၇ နယ်မြေထဲရှိ တပ်စခန်း ၇ ခုထက်မနည်းကို သိမ်းထားပြီး ဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းများက ဖော်ပြထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၂
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ချပြသွားခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NCA လမ်းကြောင်းပေါ်မှာသာ အခြေခံကာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တစ်ဖက်မှ ဖြစ်နိုင်ခြေအား ညှိနှိုင်းကာ တစ်ဖက်မှလည်း ဖြေလျှော့နိုင်သမျှ ဖြေလျှော့မည်ဆိုပါက ငြိမ်းချမ်းရေး ရမည်ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က အဓိကငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေးကို ကျနော်တို့ ၂၀၁၀-၂၀၁၆ တာဝန်ယူခဲ့တဲ့ ကျနော် တို့ ပြည်ခိုင်ဖြိုးပါတီ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာလည်းပဲ ကျနော်တို့ လုပ်ဆောင်ခဲ့ပါတယ်၊ ဒီငြိမ်းချမ်း ရေး မူတွေပေါ်မှာ အခြေခံပြီးတော့ပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ရပ်တည်မှုနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဘာကြောင့် ငြိမ်းချမ်းရေး လမ်းစဥ်နဲ့ သွားမှာလဲဆိုတော့ ဒီငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ လက်ထက်တုန်းက ဖောက်လုပ်ခဲ့တဲ့ လမ်းစဥ် တစ်ခု ဖြစ်တယ်၊ ကုလသမဂ္ဂပါမယ်၊ လွှတ်တော်ပါမယ်၊ အဖွဲ့အစည်းပေါင်းစုံက လက်မှတ်ရေးထိုးထားတဲ့ NCA ပေါ်မှာ ကျနော်တို့ အခြေခံပြီးတော့ လုပ်ဆောင်နေကြတာ တွေ့ကြပါလိမ့်မယ်ဗျ၊ ထိုနည်းတူစွာပဲ ကျနော်တို့သာ တာဝန်ယူခွင့် ရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ငြိမ်းချမ်းရေးလမ်းစဥ်နဲ့ကိုပဲ ကျနော်တို့ရဲ့ နိုင်ငံရေးတည်ငြိမ် အေးချမ်းအောင်လို့ ဆောင်ရွက်သွားဖို့ ကျနော်တို့ ရှိပါတယ်”ဟု ပြောသည်။

NCA ထိုးပွဲ အခမ်းအနားကို တွေ့ရစဉ်
NCA စာချုပ်၏ နိဒါန်းတွင် ဤတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ကြသော ကျွနှ်ပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မ ကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဌာန်ပြုကြသည်ဟု ပြဋ္ဌာန်း ထားသည်။
သို့သော် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအကြား NCA ပျက်ခြင်း၊ မပျက်ခြင်းအပေါ် ငြင်းခုန်မှုများရှိခဲ့ကြသည်။
ထို့နောက် အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က NCA ပျက်သွားပြီဟုပြောကာ နစကကို လက်နက်ကိုင် ဆန့်ကျင်ရန်ဆုံးဖြတ်ပြီး ယနေ့အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိ သည်။
ငြိမ်းချမ်းရေးသွားပြီးမှ ဖွံ့ဖြိုးရေးကို သွားမည်ဆိုခြင်းသည် လုပ်ငန်းတစ်ခုပြီးမှ လုပ်ငန်းတစ်ခု ပုံစံမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလမ်းစဥ်အား တစ်ပြိုင်တည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှသာ နိုင်ငံအနေဖြင့် ရုန်းထနိုင်မည့် အနေအထားဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က တိုင်းပြည်ဖွံ့ဖြိုးရေးကိုလည်း တစ်ဖက်ကလုပ်တယ်၊ တစ်ဖက်ကလည်းပဲ ငြိမ်းချမ်းရေး လမ်းစဥ်ကို သွားတယ်၊ ပြိုင်လုပ်တာပေါ့။ တချို့ကကျတော့ ငြိမ်းချမ်းရေးကိုသွားပြီးတော့မှ ဖွံ့ဖြိုးရေးကို သွားရမယ်ဆိုတဲ့ အခါကျတော့ လုပ်ငန်းတစ်ခုပြီးမှ တစ်ခုပုံစံမျိုး ဖြစ်တယ်ဗျ၊ ဆိုတဲ့အခါကျတော့ ကျနော်တို့က တိုင်းပြည်ကို ပြိုင်လုပ်မှသာလျှင် လုပ်နိုင်တဲ့နေရာတွေပေါ့၊ လုပ်နိုင်တဲ့နေရာတွေကို ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကလည်း လုပ်နေမယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကလည်း လုပ်နေမယ်၊ အဲဒီလိုမှသာလျှင် နိုင်ငံကနေပြီးတော့ အတတ်နိုင်ဆုံး ရုန်းထနိုင်မယ့် အနေအထား ဖြစ်တယ်၊ ကာလ တွေမတူဘူး၊ အရေးပေါ်ကာလရှိတယ်၊ ပုံမှန်ကာလတွေ ရှိတယ်ပေါ့၊ ဒီလိုအရေးပေါ် ကာလတွေရဲ့ ပုံမှန် အခြေ အနေတွေပေါ်မှာ လုပ်ရတဲ့ ကိုင်တွယ်ရတဲ့ ဖြေရှင်းရတဲ့ နည်းလမ်းတွေလည်း မတူဘူး၊ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲအလွန် ကာလမှာ နည်းလမ်းစုံကနေပြီးတော့ ဘက်ပေါင်းစုံကနေပြီးတော့ အဆင်ပြေမှုတွေ အများ ကြီး ရလာပါလိမ့်မယ်၊ အဲဒီ အခြေအနေ တစ်ခုကို စောင့်ကြည့်ဖို့ပဲ လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြော သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေး၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများကတော့ မြန်မာနိုင်ငံတွင် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ဦးရေမှာ ၂၀၂၄ နှစ်ကုန်၌ ၃ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်း ဝန်းကျင်နှင့် ညီမျှကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသည့် လူပေါင်း ၁၉ ဒသမ ၉ သန်းကျော်ရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 986
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီ ရပ်တည်မှုများ ပြိုကွဲမည့်အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ်ဆောင်ကြရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်က ကျင်းပသည့် အခြေခံနှင့်တန်းမြင့် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းဆင်း သင်တန်းသူ/သားများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်နေရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်သည့် အဖြစ်မျိုးများ၊ ရွေးကောက်ပွဲမတိုင်မီ ကာလတွင်လည်း ဒီမိုကရေစီ အမည်ခံဥပဒေမဲ့လုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီ ရပ်တည်မှုများ ပြိုကွဲမည့် အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ် ဆောင်ကြရန်လိုအပ်သည်”ဟု ပြောသည်။

လူငယ်သင်တန်းသူ/သားများကို နစကဥက္ကဋ္ဌ နှုတ်ဆက်နေစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောစကားများကို ကောက်ယူစဉ်းစားကြည့်လျှင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ကို ရည်ညွန်းနေခြင်းဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ပြည်တွင်း/ပြည်ပ အဖျက်သမားများသည် နှစ်ရှည်လများ နည်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ရယူခဲ့ရပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ငြိမ် အေးချမ်းစွာ ကူးပြောင်းနိုင်ရန် တည်ဆောက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် သတိပြုမိရန်ကလည်း ပြည်ပ၏ ပယောဂပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်ကတည်းက မတည်မငြိမ်ဖြစ်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့သည့် အဆိုပါ အင်အားစုများနှင့် ၎င်းတို့၏ အဆက်အနွယ်များကပင် ထိုကိစ္စကို နှပ်ကြောင်းပေး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်း ပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။

လူငယ်သင်တန်းသူ/သားများကို နစကဥက္ကဋ္ဌ နှုတ်ဆက်နေစဉ်
ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့၊ တက်ကြွလှုပ်ရှားသူများက မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလျက်ရှိ သည်။
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်အနေဖြင့် စစ်စခန်းပေါင်း ရာချီ လက်လွတ်ထားရသလို မြို့ပေါင်း ၉၀ ကျော်ကိုလည်း လက်လွတ်ထားရသည်။
တခြားတစ်ဖက်မှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတိုက်အခံပါတီက ရခိုင်ပြည်နယ် ကို သီးခြားလွတ်လပ်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးများအတွက် လွတ်လပ်သော နယ်မြေသတ်မှတ်ပေးရေး တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်များဖြင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ သည်။
အလားတူ အိန္ဒိယနိုင်ငံက လွှတ်တော်အမတ်တချို့ကလည်း ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်နှင့် ပေါင်းစည်းရန် ချင်းလက်နက်ကိုင်များဖြင့် ဆွေးနွေးလာသလို ကဘော်ချိုင့်ဝှမ်းဒေသအား မဏိပူရပြည်နယ်ဖြင့် ပေါင်းစည်းရန် တောင်းဆိုမှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1660
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
တော်လှန်ရေးအဖွဲ့ တချို့သည် စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်က ကျရောက်ခဲ့သည့် (၆၇)နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်က “ ၆၇ နှစ်တာ တော်လှန်ရေးကာလမှာ အတွင်းအပြင် နိုင်ငံရေးပြဿနာ ကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် ရှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများ ရှိခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တချို့ က စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရှမ်းလူထုတို့၏ ပညာရေး၊ ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝ ရောက်ခဲ့ကြရ ပါတယ်။ ဒါတွေဟာ ရှမ်းတော်လှန်ရေးရဲ့ အားနည်းချက် ဖြစ်သလို တော်လှန်ရေး ပန်းတိုင် မရောက်အောင် ဟန့် တားတဲ့ အတားအဆီးလည်းဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေး ဆင်နွှဲနေသည့် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိသည့်အနက် မည်သည့် အဖွဲ့ အစည်းကို ရည်ညွန်း ပြောကြားသည်ကိုတော့ တိတိကျကျ ဗိုလ်ချုပ်ကြီးယွက်စစ်က ထည့်ပြောသွားခြင်းမရှိပေ။

ရှမ်းလူမျိုးများ၏ အမျိုးသားအလံကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိ ထိန်းချုပ်ကာ အုပ်ချုပ်စီမံခွင့် ရရှိနေသော နယ်မြေများအတွင်းမှာ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ သယံဇာတများ ထုတ်လုပ် ခြင်းမှ ချမ်းသာကြွယ်ဝလျက်ရှိနေသည်။
ရှမ်းပြည်လူထုများ၊ မျိုးချစ်များအနေဖြင့် ရရှိခဲ့သည့် သင်ခန်းစာအား လေ့လာသုံးသပ်ပြီး အတွေးအခေါ်နှင့် လုပ်ငန်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနှင့် ကျွန်ဘဝ လွတ်မြောက် ရေးအတွက် ရှမ်းပြည်သားများအားလုံး အနေဖြင့် အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်း ပြီး တော်လှန်ရေးတွင် ရဲ့ဝံ့စွာ ပါဝင်ဆင်နွှဲကြစို့ဟု ပြောသည်။
ရှမ်းတော်လှန်ရေးကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စဝ်နွဲ့ ခေါ် ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦး၊ သေနတ် ၇ လက်ဖြင့် နွံစစ်ဟန် ဆိုသော တပ်ဖွဲ့ကို ဖွဲ့စည်း၍ စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်၌ ရှမ်းတော်လှန်ရေး (၆၇)နှစ်မြောက် ရှိခဲ့ပြီးဖြစ်သည်။
ထို့နောက် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း အနေဖြင့် ရှမ်းပြည်နယ်အတွင်းမှာ RCSS နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)တို့သာ တည်ရှိတော့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 849
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်က “ တော်လှန်ရေးဟာ အရေးကြီးတဲ့အတွက် မိမိတို့အားလုံး အနေဖြင့် အုတ်တချပ် သဲတပွင့်ဆိုသလို တတ်နိုင်တဲ့ဖက်က ပါဝင်ဆောင်ရွက်ကြပါစို့။ မိမိတို့အချင်းချင်းကြား ချစ်ခင်ပါ၊ ညီညွတ်ပါ၊ ကူညီပါ၊ ပြုပြင်ပါ။ လူထုကရေ တပ်ကငါး ဆိုသကဲ့သို့ မိမိတို့အချင်းချင်း အမှီသဟဲပြု လက်တွဲပူးပေါင်းပြီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လို့ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြပါ”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
တော်လှန်ရေး ရှည်ကြာလာခြင်းနှင့်အတူ သင်ခန်းစာ အမျိုးမျိုးလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်သူလူထု၊ မျိုးချစ်များ အနေဖြင့် ရရှိခဲ့သည့် သင်ခန်းစာအား လေ့လာသုံးသပ်ပြီး အတွေးအခေါ်နှင့် လုပ်ငန်းများကို ပြုပြင် ရမှာဖြစ်ကြောင်း၊ တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနှင့် ကျွန်ဘဝလွတ်မြောက်ရေးအတွက် ရှမ်းပြည် သားများအားလုံး အနေဖြင့် အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်းပြီး တော်လှန်ရေးတွင် ရဲ့ဝံ့စွာ ပါဝင်ဆင်နွှဲကြပါဟု ၎င်းက ပြောသည်။
ရှမ်းတော်လှန်ရေးကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်က စဝ်နွဲ့(ခေါ်) ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦး၊ သေနတ် ၇ လက်ဖြင့် နွံစစ်ဟန်တပ်ဖွဲ့ကို ဖွဲ့စည်း၍ စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်တွင် (၆၇)နှစ်မြောက် ရှိလာခဲ့ပြီး ဖြစ်သည်။
(၆၇)နှစ်တာ တော်လှန်ရေးကာလမှာ အတွင်းအပြင် နိုင်ငံရေးပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် ရှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများ ရှိခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့တချို့က စီးပွားရေးလုပ်ငန်းရှင် များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရှမ်းလူထုတို့၏ ပညာရေး၊ ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူ၏ စည်းရုံးသိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝရောက်ခဲ့ကြရကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ရှမ်းအမျိုးသားအလံကို တွေ့ရစဉ်
လက်ရှိတွင် RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုး ထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းမှာ RCSS သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တို့နှင့် စစ်ရေးပွတ်တိုက်မှုများရှိနေသည်။
RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှာ အခြေပြုလှုပ်ရှားနေပြီး မြောက်ပိုင်းကို အခြေချလှုပ်ရှား သည့်အခါမှာတော့ SSPP-TNLA တို့နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ တောင်ပိုင်းသို့ တပ်များ ပြန်ဆုတ်ခဲ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 837
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်သာမက အမေရိကန်နှင့်ပါ ထိတွေ့ဆက်ဆံရေး မူဝါဒက ဘယ်ကို ဦးတည်နေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရုရှားရုပ်သံလိုင်း RT နှင့် တွေ့ဆုံမေးမြန်းမှုတွင် တရုတ်သာမက အမေရိကန်နှင့်ပါ ထိတွေ့ဆက်ဆံရန်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အမေရိကန်နှင့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ကာ တရုတ်သည် အိမ်နီးချင်းဖြစ်သကဲ့သို့ မဟာဗျူဟာ မြောက် မိတ်ဖက်၊ ဆွေးမျိုးပေါက်ဖော် နိုင်ငံဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံလုံးနှင့်ပတ်သက်၍ အကောင်းဆုံး ဖြစ်အောင် ထိတွေ့ဆက်ဆံသွားရန် ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌနဲ့ ရုရှားသတင်းဌာန RT တွေ့ဆုံနေစဉ်
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်အနေဖြင့် အင်အားကြီး နိုင်ငံတစ်ခုတည်းကို နိုင်ငံရေးအရ ချဉ်းကပ်ခြင်းထက် ပြိုင်တူ သွားခြင်းက ပို၍ကောင်းမွန်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဥစ္စာက ကျနော်တို့ နိုင်ငံတွေအားလုံး ထားရှိရမယ့် သဘောထားပဲပေါ့လေ။ ကျနော်တို့ နိုင်ငံငယ်တွေက ဒီအချိန်မှာ ဘယ်သူ့ကို ရန်သူထားရမလဲ၊ ဘယ်သူ့ကို မိတ်ဆွေထားရမလဲဆိုတဲ့ ပြဿနာမှာ အားလုံးကို မိတ်ဆွေ ထားရမယ်ဆိုတာက ၂၀၀၈ နဲ့ ကိုက်ညီရုံတင်မကဘူး။ ကျနော်တို့ လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံတကာ အားလုံးနဲ့ မိတ်ဆွေရင်းခြာဖြစ်တယ်။ ဒီဥစ္စာက မူအရ ပြောသွားတယ်လို့ပဲ ယူဆပါတယ်။ အရမ်းကပ်ဖို့ဆိုတာ တော့ မဖြစ်နိုင်တော့ဘူး။ ကပ်တာဆိုတာက အကုန်လုံးကို ပြိုင်တူကပ်ရမှာ ဖြစ်တယ်။ တစ်ဖက်ကို ပိုကပ်တာမျိုး တော့ မဖြစ်သင့်ဘူးပေါ့။ ဒီလို အားလုံးနဲ့ တပြေးညီ တပြေးတည်း ကပ်တယ်ဆိုရင် ကိုယ့်အတွက်လည်း ကောင်း တယ်။ နိုင်ငံကြီးတွေကလည်း နိုင်ငံအငယ်တွေအပေါ်မှာ နားလည်ပေးရမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြစ်ကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။
လက်ရှိတွင် ပထဝီနိုင်ငံရေးအရ နိုင်ငံကြီးများသည် နိုင်ငံငယ် သို့မဟုတ် အခြားနိုင်ငံများကို မျက်စောင်းထိုး နေကြကြောင်း၊ ထို့ပြင် တရုတ်နှင့် အမေရိကန်၏ ပြဿနာသည် နှစ်နိုင်ငံတည်းဖြင့် ပြဿနာ မဖြစ်နိုင်ဘဲ အခြားနိုင်ငံများ ပါဝင်လာမှ ပို၍ ရှုပ်သွားနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

သမ္မတပူတင်၊ သမ္မတဒေါ်နယ်ထရမ့်၊ သမ္မတရှီကျင့်ဖျင်တို့ကိုတွေ့ရစဉ်
တရုတ်နှင့် အမေရိကန်တို့၏ ပဋိပက္ခက ပြင်းထန်လာခဲ့သည်ရှိသော် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံကြီးတစ်ခုကို ရွေးချယ်ခြင်းထက် နိုင်ငံကြီးအားလုံးဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိစေရေး လုပ်ကိုင်တတ်ရန် လိုကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့ ဒီနိုင်ငံတွေအားလုံးက အကုန်လုပ်တတ်ကိုင်တတ်သွားတယ်။ တရုတ်ကိုလည်း ကောင်းအောင် ဆက်ဆံတယ်၊ အမေရိကန်ကိုလည်း ကောင်းအောင်ဆက်ဆံတယ်။ အခုဂျီနီဗာမှာ လုပ်နေတဲ့ အစည်းအဝေးတွေပဲ ကြည့်ပါဦး မကြားဖူးဘူး။ ထရမ့်က တင်ထားတဲ့ ၁၀၀ ရာခိုင်နှုန်းကို အကုန်လျှော့ပစ် ရတာလေ။ ရက်ပေါင်း ၉၀ အတွင်း။ ရက်ပေါင်း ၉၀ အတွင်းမှာလည်း သူတို့ နှစ်ဖက်က အခု အဆင့်မြင့် ကုန်သွယ်ရေးအရာရှိများရဲ့ စေ့စပ် ဆွေးနွေးပွဲတွေ လာနေတယ်။ တရုတ်နဲ့ အမေရိကန် ပဋိပက္ခက ကျမတို့ ထင်သလောက် မပြင်းထန်ဘူးဆိုတာ တစ်အချက်။ နှစ်အချက်က သူတို့တကယ်လို့ ပဋိပက္ခ ပြင်းထန်လည်း ကျမတို့ အနေသာကြီး။ တရုတ်ကိုလည်း ကျမတို့ ကောင်းကောင်းမွန်မွန်ဆက်ဆံ။ အမေရိကန်ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ၊ ရုရှားကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ။ ဒါ ကျမတို့ နိုင်ငံငယ်လေးတွေက လုပ်တတ်ကိုင်တတ်ဖို့လိုတဲ့ အချက်တွေ။ ဘယ်သူ့ကိုမှ ရွေးစရာမလိုဘူး။ တရုတ်ကိုရွေးပြီး အမေရိကန်ကို တွယ်လိုက်မယ်။ အမေရိကန်ရွေးပြီး တရုတ်ကို တွယ်လိုက်မယ် ဒါမျိုးက သိပ်ကို သံတမန်နည်း မကျွမ်းကျင်တဲ့ လူတွေလုပ်တဲ့ကိစ္စဗျ” ဟု ပြောသည်။
အမေရိကန်သည် လက်ရှိတွင် မြန်မာနိုင်ငံအား အခွန် ၄၄ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံထားပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအား အခွန်တိုးကောက်ခြင်းသည် မဖြစ်သင့်ကြောင်း၊ နိုင်ငံတစ်ခုတည်းကို မှီခိုနေရသည့် ကုန်သွယ်မှု ကိစ္စများအား ရှောင်ရှားပြီး နိုင်ငံအားလုံးဖြင့် မျှ၍ ကုန်သွယ်မှုလုပ်ခြင်းက ပိုကောင်းကြောင်း နစကဥက္ကဋ္ဌက ရုရှားခရီးစဉ်မှာ ပြောခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများတွင် အမေရိကန်ဘက်ယိုင်သည့် လက်နက်ကိုင်များနှင့် တရုတ်ဘက်ယိုင်သော လက်နက်ကိုင်များ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 930
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
မိမိတို့ အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီအား လွှဲပြောင်းချိန်အထိ ပြည်သူများ အထင်အ မြင် လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့လက်အောက်ဝန်ထမ်းများအား စနစ်တကျ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်က နစက၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ် လကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု ရှိစေရေးလိုအပ်သည်များ ကြို တင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပြည့်စုံစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။
ထို့နောက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေးကောက်ပွဲ ဆောင်ရွက်၍ ရနိုင်သည့် နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။

နစက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်၌ အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်း ပေးအပ်ချိန်၌ စနစ်တကျဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့ အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရ ပါတီအား လွှဲပြောင်းချိန်အထိ ပြည်သူများ အထင်အမြင်လွဲမှားမှု မရှိစေရေး မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ လက် အောက်ဝန်ထမ်းများအား စနစ်တကျ ဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုသည်”ဟု ပြောသည်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို သတ်မှတ်ထားပြီး ကြောင်း၊ နီးကပ်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်
နိုင်ငံရေးပါတီများကတော့ နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည်ဟု ခန့်မှန်းထားကြသည်။
တခြား တစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)တချို့ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်မည် ဟု ကြေညာထားသည်။
ထို့နောက် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ပြည်သူများ မဲမပေးဘဲ No Vote ဖြစ်လာမည်ကိုစိုးရိမ် နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို လက်နက်ဖြင့် မဖြေရှင်းဘဲ ရွေးကောက်ပွဲနှင့်သာ ဖြေရှင်းရန် တိုင်းလိုင်(ရှမ်းနီ )အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် NLD ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင် အင်အားစုများ၊ နိုင်ငံရေးပါတီ တချို့တို့ စုပေါင်း၍ မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်လျက်ရှိကာ မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေသည်။
လက်နက်နှင့်ဖြေရှင်းခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ အတော်ပျက်စီးသွားပြီ ဖြစ် ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ဖြေရှင်းရန် လူထုက အာရုံစိုက်နေသည်ဟု တိုင်းလိုင်(ရှမ်းနီ ) အမျိုးသား များ ဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
၎င်းက “ အခု နစက အနေနဲ့ကတော့ မဖြစ်မနေ သူလွှဲပါလိမ့်မယ်။ ဘာကြောင့်လို့လဲဆိုတော့ ၂၀၀၈ ကို လက်ကိုင် ထားပြီးမှ စကားပြောနေတဲ့ အခါကြတော့ မဖြစ်မနေ သူက ရွေးကောက်ပွဲပြီးတာနဲ့ လွှဲပါလိမ့်မယ်။ အဲလိုမျိုး ကျနော်တို့ ၁၉၉၀ ခုနှစ်တုန်းက မလွှဲဘူးဆိုတဲ့ ကဏ္ဍကတော့ ဖွဲ့စည်းပုံမရှိဘူးလေ။ ၁၉၇၄ ဖွဲ့စည်းပုံလည်း ၈၈ အရေးခင်းမှာ ပျက်စီးသွားပြီ။ ဒါကြောင့် ဖွဲ့စည်းပုံရေးမလား ဒီအဟောင်းကိုသုံးမလား အဟောင်းကို သုံးမယ်ဆိုရင် ၁၉၄၇ သုံးမလား ၁၉၇၄ ကို ပြန်သုံးမလား ကျနော်တို့အငြင်းပွားမှုရှိတယ်။ အသစ်ဆွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့အခါမှာ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဖွဲ့စည်းပုံဆွဲဖို့ဆိုပြီးတော့မှ သူတို့လှည့်ကွက်ထဲ တစ်ခါ ပြန်ဝင်သွားသလို ဖြစ်သွားတာပေါ့။ ၂၀၀၈ အခြေခံဥပဒေ ကိုင်ဆွဲပြီးတော့မှ သူက အာဏထိန်းတယ်လို့ သူက ပြောတယ်။ ဒါတဖက်ကလည်း ထိန်းတာပဲဖြစ်ဖြစ် သိမ်းတာပဲဖြစ်ဖြစ် သိမ်းတာပါပဲ။ ၂၀၀၈ အခြေခံဥပေဒေ အတိုင်း သွားပါမယ်ဆိုတဲ့ ကတိလည်း အတန်တန် သူပေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိက အခရာကျတဲ့ တရုတ်ကြီးကလည်း ၂၀၀၈ အခြေခံဥပဒေအတိုင်း လုပ်မယ်ဆိုရင် သူတို့ကူညီမယ်ဆိုတဲ့ စကားတွေက အစကတည်းက ရှိထားတဲ့အခါကြတော့ ဒါ ၂၀၀၈ ဥပဒေအတိုင်းပဲ သူ အာဏာကိုလွှဲပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရသည့်ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောထားသည်။

နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
လက်ရှိတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း၊ ထိုအထဲမှာ ၉ ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၄၅ ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
တခြားတစ်ဖက်မှာတော့ NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တချို့က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 700
CNI News
၂၀၂၅၊ မေလ ၂၀
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ချပြသွားခဲ့သည်။
ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းသွားမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ရပ်ကာ ပြည်ထောင်စုအား မည်သည့်ဖက်ဒရယ်ပုံစံဖြင့် သွားမလဲဆိုခြင်းအား နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးရန် လိုကြောင်း ဦးစိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်တွင်းစစ် အရှည်ကြာဆုံး၊ ကမ္ဘာမှာ အကျယ်ပြန့်ဆုံး ပြည်တွင်းစစ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံပဲလေ၊ အဲဒီတော့ နှစ်ပေါင်း ၇၀၊ ၈၀ နီးပါး ဖြစ်နေတဲ့ဟာကို ကျနော်တို့ ငြိမ်းချမ်းချင်တယ်၊ ငြိမ်းချမ်းရေး ရချင်တယ်။ ငြိမ်းချမ်းရေးအတွက်ကတော့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို ဆိုလို့ရှိရင် ဖက်ဒရယ်နိုင်ငံ ဖြစ်လာရင်တော့ ငြိမ်းချမ်းသွားမှာပါ ကျနော်တို့ အဲဒီလိုမျိုး ယုံကြည်တယ်လေ၊ စစ်တိုက်တာအားလုံး ရပ်လိုက်ပါ၊ ကိုယ့်တိုင်းရင်း သား ညီအစ်ကိုအချင်းချင်း စစ်တိုက်နေတာ မကောင်းပါဘူး၊ နှစ်ပေါင်းလည်း ကြာလာပြီ။ အဲဒီတော့ စစ်တိုက်တာ ရပ်စဲပြီးတော့ ကျနော်တို့ စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေးရအောင် ဆွေးနွေးပြီးတော့ ပြည်ထောင်စုကြီး ဘယ်လို ဖက်ဒရယ်ပုံစံနဲ့ သွားမလဲဆိုတာ အားလုံးသော တိုင်းရင်းသားညီအစ်ကိုများ အားလုံးက နိုင်ငံရေးစားပွဲ ဝိုင်းမှာ ဆွေးနွေးတယ်ဆိုလို့ရှိရင် ဒါက ငြိမ်းချမ်းသွားမှာလို့ ကျနော်တို့ ယုံကြည်ထားတယ်လေ” ဟု ပြောသည်။

SNDP ပါတီရုံးဖွင့်လှစ်စဉ်
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။
ထို့နောက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
နိုင်ငံ၏ စီးပွားရေးသည်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမည့်သူများ မရှိကာ အခက်တွေ့နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ဖြစ်လာပါက ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးမည်ဟု ယုံကြည်ကြောင်း၊ ထို့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာစေရန် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရန်လည်း လုပ်ဆောင်ရန်လိုအပ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ပြောသည်။

SNDP ပါတီတံဆိပ်ကို တွေ့ရစဉ်
၎င်းက “အဓိကက ကျနော်တို့တွေ ၅ နှစ်လုံးလုံး ၅ နှစ်နီးပါးလောက် အခက်အခဲဖြစ်နေတာ ဆန်ရှင်ကြောင့်ဗျ၊ ဆန်ရှင်ကြောင့်။ ပိတ်ဆို့မှုကြောင့်လေ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတယ်လေ၊ ပိတ်ဆို့ထားတော့ ကျနော်တို့ နိုင်ငံကို ရင်းနှီးမြှုပ်နှံမယ့်လူတွေ မရှိဘူး။ မရှိတော့ အရမ်းအခက်အခဲတွေ့တယ်၊ အခက်အခဲတွေ့တော့ တကယ် လို့ ရွေးကောက်ပွဲက လုပ်ပြီးတော့ အရပ်သားအစိုးရ ဖြစ်လာတဲ့အခါမှာ ဆန်ရှင်ကတော့ ရုပ်သိမ်း ပေးမှာပဲထင် တယ်၊ ရုပ်သိမ်းပေးလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ယူဆတယ်လေ။ နောက်တစ်ခုတော့ အဓိက,က ကျနော်တို့ ဘာလုပ်ရမလဲဆိုလို့ရှိရင် လျှပ်စစ်ကို တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းအောင် ကျနော်တို့ လုပ်ရမယ်၊ ဒါမှ နိုင်ငံခြား သားက လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ လျှပ်စစ်မရှိရင်လည်း မရဘူးလေ။ တကယ်လို့ ရွေးကောက်ပွဲ ပြီးပြတ်သွားလို့ အရပ်သားအစိုးရ ပေါ်လာတဲ့အခါမှာ ဆန်ရှင်ရုပ်သိမ်းနိုင်အောင် လုပ်ရမယ်၊ ဆန်ရှင်ရုပ်သိမ်းပြီ ဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာလိမ့်မယ်၊ အဓိက,က ကျနော်တို့ ရွေးကောက်ပွဲပေါ် လာလို့ အရပ်သားအစိုးရပေါ်လာရင် တိုင်းပြည်က ကြီးပွားတိုးတက်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ပြောသည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမရှိဘဲ ၁ ရာခိုင်နှုန်း လျော့ကျသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ကာ ဖိအားပေးနေခြင်းသည် မည်သို့မျှ မအောင်မြင်နိုင်ကြောင်း၊ ယခုလည်း မြန်မာနိုင်ငံအပေါ်တွင် ဆန်ရှင်လုပ်ထားခြင်းများအား ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကျော်လွှားနေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒများကို ပြည်သူလူထုက လေ့လာကာ မဲပေးသင့် မပေးသင့် စဉ်းစားလာနေကြသည်။
