- By CNI
- Category: နိုင်ငံရေး
- Hits: 823
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲသည် အန္တရာယ်ကြီးသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
အဆိုပါ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP) စသည့် လူထု ထောက်ခံမှု အားကောင်းသော နိုင်ငံရေးပါတီများ ဝင်ရောက် ယှဉ်ပြိုင် မရှိပေ။
လာမည့် ရွေးကောက်ပွဲတွင် NLD မပါတော့ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် အင်မတန် အန္တရာယ်ကြီးကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲအာဏာ နောက်တစ်ခုက ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှာက်တဲ့ ဥပဒေလည်း ပါလာတဲ့ အခါကျတော့ ကောင်းပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာက လက်နက်မဲ့ နိုင်ငံရေး ပြည်သူကို ဒါစည်းရုံးမယ် ငါတို့ ဘာလုပ်မယ် ပြောဆိုပြီးမှ ကတိတွေ ပေးပြီးမှ လုပ်ဆောင်ရတဲ့ နိုင်ငံရေးပါ။ အဲတာကို အကြမ်းဖက်ပြီးမှ လက်နက်နဲ့ သတ်ပစ်တာတို့ ဘာတို့ဖြစ်လာရင်တော့ ဒီဥပဒေအရ အရေးယူမယ်ဆိုတဲ့ အကြောင်းကို ရေးထား တာပါ။ ဒါတော်တော်လေး ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီလည်း ပြန်လည်မှတ်ပုံတင်ဖို့လည်း NLD အနေနဲ့ကြတော့ ပြန်လည်မှတ်ပုံတင်းခြင်း မခံရတဲ့အခါကြတော့ ဖျက်သိမ်းလိုက်တယ်ပေါ့။ ဒီနှစ် ရွေးကောက်ပွဲ ယှဥ်ပြိုင်တဲ့ထဲ NLD မပါတော့ပါဘူး။ တကယ်ဖြတ်သန်းရမဲ့ ရွေးကောက်ပွဲ အင်မတန်မှ အန္တရာယ် ကြီးပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန် ကြေညာထားသည်။
ထို့နောက် နစက,က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုဥပဒေအရ ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ပျက်အောင် ဖျက်ခြင်း၊ လူသေဆုံးအောင် လုပ်ဆောင်ခြင်း၊ လူသေဆုံးခြင်း စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက် ချမှတ်နိုင်သလို သေဒဏ်ထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1133
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
ပြည်ထောင်အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးညိုစောကို တာဝန်ပေးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီးညိုစောကို အငြိမ်းစားပေး၍ အရပ်ဖက်တွင် ဝန်ကြီးချုပ် တာဝန်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဦးညိုစော၊ ဦးတင်အောင်စန်း၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင် တင်၊ ဦးထွန်းအုံ၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာကံဇော်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါက်တာဝါဝါမောင်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးလှမိုး တို့ပါဝင်သည်။
ထို့ပြင် ဦးခင်မောင်ရီ၊ ဦးဥာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Phang နော်တောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဦးနေလင်းတို့လည်း ပါဝင်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 450
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်မပါတီအောက်ကနေ တိုင်းရင်းသားရေးရာဝန်ကြီး နေရာ ဝင်ရောက်ယှဉ်ပြိုင်ပါက တိုင်းရင်းသားအရေးကို လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့် မရှိနိုင်ဘူးဟု လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားပါတီများအနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုပါက ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP) ကို အသုံးချ၍ ဝင်ရောက်ယှဉ်ပြိုင်ကြရန် ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“ပါတီတွေရဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲလေ။ သူတို့ကလည်းတစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်တဲ့ပါတီဆိုတော့ တိုင်းရင်းသား ရေးရာကိုယ်စားလှယ်နေရာတွေတော့ နေရာလပ်တွေအများကြီးရှိနိုင်တယ်။ ကချင်ပြည်နယ်ရှိမယ်၊ စစ်ကိုင်း တိုင်းရှိမယ်၊ ရှမ်းပြည်ရှိမယ်၊ ရခိုင်တို့၊ မွန်တို့ ၊ ကရင်တို့လည်းရှိမယ်။ သူတို့လိုတာတော့ အများကြီးလိုအပ်နေမှာ ပေါ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ဖို့။ ကျနော်တို့ကတော့ ဒါကတော့ ပြောစရာ သိပ် မရှိပါဘူး။ ဘာလို့ဆို သူတို့ပါတီမှာလည်း သူတို့လုပ်ပိုင်ခွင့်ရှိတယ်လေ။ သူတို့အနေနဲ့ ကျနော်တို့ကတော့ တိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာမှာ ကျနော်တို့ မထည့်တော့ပါဘူး။ ကျနော်တို့ သက်ဆိုင်ရာကို မဟာမိတ်တိုင်းရင်းသားပါတီထဲကပဲ ထည့်ပါဆိုရင်တော့ တစ်မျိုးပေါ့။ တိုင်းရင်းသားနေရာအတွက်ကြတော့ တိုင်းရင်းသားပါတီတွေရှိတဲ့နေရာတွေမှာ သူတို့ဝင်ပြိုင်တာတို့ ဘာတို့ဆိုတော့ သိပ်တော့အဆင်မပြေလောက် ဘူး။ ပြည်မပါတီပဲပြောရမှာပေါ့။ ပြည်မပါတီကနေ တိုင်းရင်းသားရေးရာကိုယ်စားလှယ်ရမယ်ဆိုရင် ပါတီကြီး တစ်ခုရဲ့ ဩဇာအောက်မှာရှိတယ်ဆိုတော့ တိုင်းရင်းသားအရေးအတွက်တော့ လွတ်လွတ်လပ်လပ် ပြောဆို တင်ပြပိုင်ခွင့်တွေကတော့ ရှိချင်မှရှိမယ်” ဟု ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။

PPP ပါတီ ဉက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ကိုတွေ့ရစဉ်
ပြည်သူ့ရှေ့ဆောင်ပါတီသည် တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည့်အလျောက် တိုင်းရင်းသား ရေးရာဝန်ကြီးကိုယ်စားလှယ်နေရာအတွက် နေရာလိုအပ်ချက်များကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းဖြစ်နိုင် ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် တိုင်းရင်းသားပါတီပေါင်းစုံကို မိမိတို့ ပါတီပလပ်ဖောင်းအား အသုံးချပြီးတော့မှ တိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ယခုလို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ကရင်ပြည်နယ်မှာ ကရင်ပါတီ နှစ်ပါတီရှိတယ်။ ဧရာဝတီမှာ တစ်ပါတီရှိပါတယ်။ ကရင်တိုင်းရင်းသား ဝန်ကြီး နေရာလို့ပြောမယ်ဆိုရင် ကရင်လူမျိုးတွေ များတဲ့နေရာပေါ့နော်။ ဥပမာ ရန်ကုန်ရှိမယ်၊ ပဲခူးရှိမယ်၊ တနင်္သာရီ ရှိမယ်၊ မွန်-ကရင်ရှိမယ်၊ ဧရာဝတီရှိမယ်။ ကရင်ပြည်နယ်က ၆ နေရာရှိတယ်။ ၆ နေရာတိုင်းမှာ ကရင်ပြည်နယ် ကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် ပါတီအနေနဲ့ မှတ်ပုံတင်ထားတာကကြတော့ ကရင်ပြည်နဲ့ ဧရာဝတီမှာပဲ မှတ်ပုံတင်ထားတာဖြစ်တဲ့အခါကြတော့ ဘာဖြစ်လဲဆိုရင် သူတို့တွေ မှတ်ပုံတင်ထား တာရဲ့ ပြင်ပနယ်ပယ်မှာ ပြင်ပမဲဆန္ဒနယ်မှာထွက်ပြီးတော့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ယှဉ်ပြိုင်မယ် ဆိုရင် အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ပါတီအနေနဲ့ တိုင်းရင်းသားပါတီပေါင်းစုံ ကို ကျမတို့ပါတီမှာ လာပြီးမှ ကျမတို့ ပါတီပလပ်ဖောင်းကို အသုံးချပြီးတော့မှ တိုင်းရင်းသားရေးရာဝန်ကြီး အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပါလို့ ကျမတို့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

ပြည်သူ့ပါတီ ဉက္ကဋ္ဌ ဦးကိုကိုကြီး စကားပြောနေစဉ်
ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် အပိုင်းလိုက်ခွဲကာ ကျင်းပ သွားမည်ဟု နစက ဥက္ကဋ္ဌနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့က ထုတ်ဖော်ပြောဆိုထားသည်။
သို့သော်လည်း လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများတွင် ပါတီခေါင်းဆောင်များမှလွဲ၍ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများမှာ အင်မတန်နည်းပါးနေကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် မြေပြင်တွင် ရပ်ကွက်၊ ကျေးရွာများထဲ၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လိုက်လံမဲဆွယ်နေမှု များလည်းရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိတွင် နစကမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်များအတွက် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားပါတီဝင်များအားတွေ့ရစဉ်
ထိုထဲတွင် အမျိုးသားလွှတ်တော်ကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်ပါရှိပြီး တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက် တင်မြှောက် နိုင်ရန်ဟူ၍ ပါရှိသည်။
ပြည်သူ့လွှတ်တော်နေရာအတွက်ကိုမူ မည်သည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည်ဆိုသည့်အချက် မပါရှိပေ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် အပိုင်းလိုက် ခွဲကာ ကျင်းပသွားမည်ဟု ပြောဆိုထားသော်လည်း ထိုမြို့နယ်များအားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ မဖြစ်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 629
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ကာ/လုံရုံး၏ အမှုဆောင်ချုပ်အဖြစ် ဦးအောင်လင်းဒွေးကို ခန့်အပ်ခဲ့ပြီး တွဲဖက်အမှုဆောင်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ခန့်အပ်လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 732
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ ဖွဲ့စည်းကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှ ထုတ်ပြန် ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 739
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တစ်ဖွဲ့တစ်စည်းတည်းအတွက် လူမျိုးတစ်မျိုးတည်းအတွက် ကွက်ကြည့် ရေးဝါဒကိုသာ ဆုပ်ကိုင်ရွက်သည်ကို ရှောင်ကြဉ်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
SSPP/SSA သည် ဗဟိုကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ပထမ ၆ လပတ် အစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်ထိ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စွဲကိုင်ကာ အပြန်အလှန် လေးစားတန်ဖိုးထား အသိအမှတ်ပြုမှု၊ အပြန်အလှန် ရိုင်းပင်း ကူညီဖေးမမှုဖြင့် ကြိုးစား ဆောင်ရွက် သွားမည်ဟု SSPP/SSA က ပြောသည်။

SSPP ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တစ်ဖွဲ့တစ်စည်းတည်းအတွက်၊ လူမျိုးတစ်မျိုးတည်းအတွက်၊ ဒေသတခုတည်းအတွက် ကွက်ကြည့်ရေးဝါဒကိုသာ ဆုပ်ကိုင်ရွက်သည်ကို ရှောင်ကြဉ်ပြီး လူမျိုးစုများအားလုံး၊ ဒေသ အားလုံးကို လွမ်းခြုံသည့် ဆောင်ရွက်ချက်ဖြင့်သာ ရေရှည်စုပေါင်း နေထိုင်နိုင်ကြမည်ဖြစ်သည်”ဟု ပြော သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတွေမှု ပပျောက်ရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလရောဂါ ဘယဒဏ်၊ ပြည်တွင်းစစ်ပွဲဒဏ်နှင့် သဘာဝဘေးဒဏ် စသည်တို့ကို အလူးအလိမ့်ခံစားကြရသော ပြည်သူလူထုများ၏ လူနေမှု ဘဝ ပြန်လည်မြှင့်တင်နိုင်ရေး အလေးထားကြိုးစားဆောင်ရွက်သွားမည်ဟု SSPP က ထုတ်ပြန်ခဲ့သည်။
SSPP/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိက အခြေစိုက်သော ရှမ်းလက်နက်ကိုင်ဖြစ်ပြီး “ဝ”တပ်ဖွဲ့ (UWSA)ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။
လက်ရှိတွင် SSPP နှင့် TNLA ကြား နယ်မြေ အငြင်းပွားကာ စစ်ရေးပွတ်တိုက်မှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအလွန်ကာလမှာ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့၏ အခန်းကဏ္ဍ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှစ်မျိုးလုံးသည် တပ်မတော်နှင့် ပတ်သက်ဆက်နွယ်ကြပြီး ပြည်သူ့စစ် သည် တပ်မတော်လက်အောက်တွင်ရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကမူ တပ်မတော်နှင့်အတူတွဲ၍ နယ်မြေလုံခြုံရေးကို ဆောင်ရွက်သော လက်နက်ကိုင် အင်အားစု ဖြစ်သည်။
ရွေးကောက်ပွဲပြီးနောက် လက်ရှိ နစကအလွန် တက်လာမည့် အစိုးရသစ်လက်ထက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ ဆက်လက်ရှိနေနိုင်ပြီး ပြည်သူ့စစ်များကိုမူ လိုအပ်သည့် နေရာများတွင်သာ ဆက်လက် ထားရှိနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်အတွင်းက ပြည်သူ့စစ်ခေါင်းဆောင်တွေ လားရှိုးမြို့မှာ တွေ့ဆုံကြစဉ်
၎င်းက “ပြည်သူ့စစ် ဆိုတာကတော့ တပ်မတော်လက်အောက်မှာ ရှိပါတယ်။ တပ်မတော် လက်အောက်မှာရှိတဲ့ အခါကြတော့ အဲဒါကိုတော့ ကျနော့်အနေနဲ့ လိုအပ်တဲ့နေရာမှာ ဆက်ထားလိမ့်မယ်။ မလိုအပ်တဲ့နေရာ ငြိမ်းချမ်း တဲ့ နယ်မြေတွေမှာကြရင်တော့ ဖြုတ်ကောင်းဖြုတ်လိမ့်မယ် ပြည်သူ့စစ်တွေကိုတော့။ BGF ဆိုတာကတော့ တပ်မတော်နဲ့တွဲပြီးမှ နယ်မြေလုံခြုံရေးကို ဆောင်ရွက်တဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ခါတည်း ဖွဲ့စည်းပုံက ပါနေတဲ့အတွက်ကြောင့် ဆက်ထားမယ်လို့ မြင်တာပေါ့။ ပြည်သူ့စစ်ကိစ္စကတော့ နယ်မြေတည်ငြိမ် အေးချမ်းသွားပြီ ဘာပြီဆိုရင်တော့ အခု ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးဆိုပြီး ဖွဲ့ထားတယ်လေ။ အဲဒီ ပုံစံနဲ့ သွားကောင်းသွားနိုင်တယ်။ ဟိုတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ နယ်မြေငြိမ်းချမ်းသွားပြီဆိုရင် ပြည်သူ့စစ်ကို လက်နက်ဖြုတ်သိမ်းလိုက်တဲ့ အပိုင်းလေးတွေရှိတာပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်ပြီးနောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် မြန်မာ့တပ်မတော်ကြား ယုံကြည်မှုပိုင်း အားနည်းလာကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ကိုယ်ကျိုးစီးပွားကိုသာ ကြည့်၍ အလုပ်လုပ်ကြသည့်အခါတွင် ပွတ်တိုက်မှုမှာ ပို၍ အားကြီးလာသောကြောင့် နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုကိစ္စကို အဓိကထား ဖြေရှင်းရမည်ဟု မြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လုပ်တဲ့အခါ မယုံကြည်ကြဘူးဆိုတာက ခေါင်းဆောင်ပိုင်းမှာ အဓိက သွားကျပါတယ်။ အောက်ခြေ ကတော့ အကျိုးစီးပွားကိုကြည့်ပြီ အလုပ်လုပ်ကြတာကို။ ပွတ်တိုက်မှုတွေက ပိုအားကြီးလာတာ။ အခု နိုင်ငံတော် အတွက် အလုပ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အားလုံးသဘောတူညီကြရင် ဒီပွတ်တိုက်မှုက ရှိစရာ အကြောင်းမရှိဘူး။ အခုကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်ကိုင်လိုက်တာနဲ့ပဲ ကိုယ်ကျိုးစီးပွားအတွက် ရှာတယ်၊ ပြည်သူတွေကို ဖိနှိပ်တယ်၊ ရသမျှအားလုံးကို ကိုယ့်အိတ်၊ သူ့အိတ်ထည့်ကြတဲ့ အခါကြတော့ အဲဒီမှာ ပွတ်တိုက်မှု တွေ ရှိတာပါ။ နောက်တက်လာမယ့်အစိုးရက ဒီကိစ္စကိုတော့ အဓိကထားပြီး ဖြေရှင်းရမယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဘာကြောင့်ဆို သူဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် ပြည်သူက အစိုးရကို ထပ်မုန်းမှာပါပဲ။ ပြည်သူ့စစ်နဲ့ တပ်မတော်နဲ့ ကိစ္စမှာ တပ်မတော်က သူ့သားအရင်းလို ဖြစ်နေတာ။ ပြည်သူ့စစ်ကတော့ တဆင့်ခံပေါ့နော်။ ဖြုတ်သိမ်းရင် ပြည်သူ့စစ်တွေကိုပဲ ဖြုတ်သိမ်းပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၀၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖြစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းကို ကြေညာခဲ့သည်။
ထို့နောက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော်(DKBA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA တပ်မဟာ-၄)၊ ကချင်ဒီမိုကရေစီသစ်တပ်မတော်(KDA)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (PLO/PLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) အပြင် တခြားသော လက်နက်ကိုင်များအတွင်းမှာ EAOs အတိုင်း ဆက်လက်ရပ်တည်မည့်အဖွဲ့နှင့် ပြည်သူ့စစ် သို့မဟုတ် BGF ပြောင်းလဲ ဖွဲ့စည်းမည့် အဖွဲ့ဆိုကာ ဖြစ်လာခဲ့ကြ သည်။
၂၀၁၀ ပြည့်နှစ်တွင် DKBA မှ ခေါင်းဆောင်တစ်ဦးဖြစ်သော စောချစ်သူသည် နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNO ထူထောင်ခဲ့သူ ခွန်အောင်ခမ်းထီးကိုတွေ့ရစဉ်
ထို့အတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ကနေလည်း ၂၀၁၀ ပြည့်နှစ်က စိန်ကျော့ နှင့်ကာလိ ပြည်သူ့စစ်များ ပေါ်ပေါက်လာခဲ့သည်။
ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေလည်း ကောင်းခါးပြည်သူ့စစ်နှင့် တခြားသော အဖွဲ့များ ပေါ်ပေါက်လာခဲ့သလို ခွန်အောင်ခမ်းထီး ဦးဆောင်သော အုပ်စုကလည်း ၂၀၁၀ ပြည့်နှစ်မှာ ပအိုဝ်းပြည်သူ့စစ် (PNO)ကို ပြောင်းလဲခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ရာနှင့်ချီရှိသလို BGF အနေဖြင့်လည်း ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ အများအပြားရှိသည်။
သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ပေါ်ပေါက်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနင်းနှင်ရေး လုပ်ငန်းစဉ်များအတွင်းမှာ တပ်မတော်လက်အောက်ရှိ ပြည်သူ့စစ်နှင့် BGF များကြား ညီညွတ်မှုအားနည်းကာ ပွတ်တိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် နစက ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရွေးကောက်ပွဲအလွန် အစိုးရသစ် လက်ထက်တွင် ပြည်သူ့စစ်နှင့် BGF များ အခန်းကဏ္ဍကို ဘယ်လို ကိုင်တွယ်မလဲ အပြင် မြန်မာ့ တပ်မတော်က အစဉ်အစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များကို ပြည်သူ့စစ် သို့မဟုတ် BGF ပြောင်းရန် ဆွေးနွေးမှုများသည် အခက်အခဲဖြစ်လာနိုင်သလားဆိုကာ ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 712
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးနှင့် လူသေဆုံးအောင်လုပ်လျှင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အနည်းဆုံး တစ်သက်တစ်ကျွန်းအပြင် သေဒဏ်ထိ ချမှတ်နိုင်သော ဥပဒေတစ်ရပ်ကို နစက,က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟု ခေါ်တွင်သည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အချို့၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ နွေဦးတော်လှန်ရေး အင်အားစုများက မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 615
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ပဋိပက္ခကြောင့် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် ထိုင်းရောက် မြန်မာနိုင်ငံ သားများအနေဖြင့် အသွားအလာနှင့်လုံခြုံရေး သတိထားကြရန် အလုပ်သမားအရေး ကူညီပေးနေသူများက တိုက်တွန်းကြသည်။
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိ၍ ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားကြရန်၊ လုံခြုံရေးသတိပြုကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ရန်ပြုခံရနိုင်သည့်အတွက် ထိုင်းအစွန်းရောက် အဖွဲ့များ၊ အမျိုးသား ရေး အစွန်းရောက်အဖွဲ့များကို ရှောင်ရှားရန်လိုအပ်ကြောင်း၊ မိမိသည် ကမ္ဘောဒီးယားနိုင်ငံသားမဟုတ်ဘဲ မြန်မာ နိုင်ငံသား ဖြစ်သည်ဟု ပြောပြရန်လိုအပ်ကြောင်း ထိုင်းရှိ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမား ရေးရာတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ အပစ်ရပ်ရေး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “ပြောမယ်ဆိုရင်တော့ ကိုယ်တွေက နေတာထိုင်တာ သွားတာလာတာ သတိထားရမှာပေါ့။ နောက်ပြီး တော့ အဲလိုမျိုး လိုက်ပြီးတော့ နည်းနည်း ရန်ပြုတဲ့သူတို့ ဟိုဒင်းဖြစ်တဲ့ အုပ်စုတွေပေါ့နော်။ ရဲတွေဘာတွေပေါ့။ ထိုင်းတွေ အစွန်းရောက်တဲ့အဖွဲ့တွေ ဘာတွေမျိုးတွေ ဒါတွေဆိုရင် အဲလိုလူတွေနဲ့ ဖြစ်နိုင်မယ်ဆို ရင်ရှောင်ဖို့ပေါ့ နော်၊ မတွေ့အောင် နောက်တစ်ခုကတော့ ကိုယ်အလုပ်ရှင်တွေ ကိုယ့်အလုပ်ရှင်တွေကို ကိုယ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ရမယ်၊ အလုပ်ရှင်တွေကိုလေ။ သူတို့အနေလည်း ကြည့်မှာပဲလေ ကိုယ်တွေကို ကာကွယ် ပေးဖို့ လုပ်ငန်းခွင်မှာဆိုရင်ဗျာ၊ ပြောရမယ်ဆိုရင် ဒါတာဝန်အရလည်း အလုပ်ရှင်က အလုပ်သမားကို ကာကွယ် ပေးဖို့ဆိုတဲ့ဟာက ဒီဥပဒေမှာလည်းရှိတယ်ဆိုတော့ ဒါမျိုးတွေကို ကိုယ်က အလုပ်ရှင်နဲ့ ကိုယ်က အမြဲတမ်း တို့အလုပ်သမားတွေဆိုရင် အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်တောင် မသိဘူးလေ။ သဘောပြောတာ အဲလိုမျိုး မဟုတ်ပဲနဲ့ အလုပ်ရှင်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ဘာညာ အကုန်းလုံး ဒါတွေကို သိသင့်တာ နောက်တစ်ခုက ဘယ်လို မျိုး တုံ့ပြန်မလဲပေါ့နော်။ တုံ့ပြန်မလဲဆိုတာ လာမေးရင်မေးမှာပဲ သဘောက မင်းတို့ ထိုင်းလား မင်းတို့ ကမ္ဘောဒီးယားလား။ မင်းတို့ ဘာလူမျိုးလဲ ဒါမျိုးမေးတဲ့ အခါကြရင် ကမ္ဘောဒီးယားနိုင်ငံသား မဟုတ်ဘူးဆိုတဲ့ ဟာကို အဲတာပြန်ပြီးတော့ပြောဖို့ ကိုယ်က မြန်မာ ဖြစ်တယ်ဆိုတဲ့ဟာကိုပြောဖို့ အဲတာတွေလိုတာပေါ့” ဟု ပြောသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် နှစ်ဖက် အပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းနိုင်ငံသားတချို့က ရန်ရှာခြင်းနှင့် ရိုက်နှက်မှု များ ပြုလုပ်ခဲ့သည်။

ထိုင်းရောက် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
ထို့နောက် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများက အနိုင်ကျင့် စော်ကားသူများကို အရေးယူ မည်ဟု ထုတ်ပြန်လာခဲ့ကြောင်း ဦးမင်းဦးက ပြောသည်။
၎င်းက “သူတို့အစိုးရကတော့ အခု လောလောဆယ် သူတို့ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကရော နောက်ပြီးတော့ အလုပ်သမားရေးရာဝန်ကြီးဌာနကရော ထုတ်ပြန်ချက်တွေမှာ အဲဒီပြဿနာတွေ အနိုင်ကျင့်ခံရတာတွေ ကြည့်ပြီး တော့ နောက်တစ်နေ့မှာ သူတို့ဒါမျိုး ထုတ်ပြန်တာ။ အဲဒါကတော့ ဘာလဲဆိုရင် ဒါလုပ်လို့မရဘူးပေါ့၊ ကမ္ဘော ဒီးယားပဲဖြစ်ဖြစ် ဗမာကိုပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်တာပဲပေါ့နော်။ လူတစ်ဖက်သားကို အနိုင်ကျင့် စော်ကားတဲ့ ကိစွ အဲတာကို အရေးယူမယ်။ ပြဋ္ဌာန်းထားတဲ့ ရာဇဝတ်မှု စံနှုန်းနဲ့အညီ အရေးယူမယ်ပြောတယ် တချို့ ဟိုဒင်း တွေဆိုရင်တော့ ပြန်ပြီးတော့ ပြန်တောင်းပန် တကယ်ကျူးလွန်တဲ့ လူတွေကိုတော့ တောင်းပန်တယ် ကျေအေး ပေးတယ် အဲလိုပေါ့။ နှစ်ဖက်ညှိနှိုင်းပြီးတော့ အများဆုံးကတော့ ဒီကမ္ဘောဒီးယားတွေကတော့ ပိုပြီးတော့ ခံရတာပေါ့။ ကျနော်တို့ ဗမာတွေမှာတော့ အဲလိုမျိုး ရောရောင်ပြီး ခံရတာမျိုး နှစ်ခုသုံးခုလောက် တွေ့ရတယ်ပေါ့” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါက ကမကထ ပြုလုပ်၍ ထိုင်း-ကမ္ဘောဒီးယား ဝန်ကြီးချုပ် ၂ ဦးဖြင့် တွေ့ဆုံ၍ ဇူလိုင် ၂၈ ရက်က ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်။
