CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဥ်(PPFD)သည် ငြိမ်းချမ်းရေးကိစ္စများအား နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးဘောင်အား ကျယ်လာဖို့ လုပ်ဆောင်နေကြောင်း ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့၊ ပြည်တွင်းနိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးအင်အားစုများ၊ CSOs Network For Peace and Federal Democracy တို့မှ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဥ် (PPFD) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ လူနေမှုဘဝ အခက်အခဲများအား အမြန်ဆုံး ရပ်တန့်နိုင်ရန် နိုင်ငံရေးနည်းလမ်း ပြန်အားကောင်း လာစေဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
PPFD အစီအစဉ် ညှိနှိုင်းကြစဉ်
၎င်းက “အခု ကျနော်တို့က စစ်ဘောင်ကျယ်လာတာနဲ့အမျှ နိုင်ငံရေးဘောင်က ကျဥ်းလာတာကိုး၊ အဲတော့ ကျနော် တို့က နိုင်ငံရေးဘောင် ပြန်ကျယ်လာမှ ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့၊ ဆွေးနွေးညှိနှိုင်းတဲ့ ယဥ်ကျေးမှု ပြန်ပေါ်ထွက်လာမယ်လို့ မြင်တယ်လေ၊ အဲတော့ ဒါကြောင့်မို့လို့ ကျနော်တို့က လက်နက်ကိုင်ပဋိပက္ခ မြင့်မားနေတဲ့အချိန် ဆိုပေမယ့်လို့ တစ်ချိန်ချိန်မှာ ဒီဟာက နိုင်ငံရေးစားပွဲပေါ်ပဲ ပြန်ရောက်ရမှာ၊ အဲတော့ ရောက်တဲ့အခါမှာ ကျနော်တို့က တူညီနိုင်တဲ့ အချက်တွေက ဘယ်အချက်တွေရှိသလဲ၊ ကွာဟနေတာတွေက ဘယ်ဟာတွေ ရှိသလဲဆိုတာကို ကြိုတင်လေ့လာထားခြင်းအားဖြင့် တကယ့်ကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့ အခါကျရင်လည်း ပြည့်စုံတဲ့အခြေခံကောင်းတွေ ရရှိမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်၊ အဲအတွက် လည်း ကျနော်တို့ကြိုးစားနေတာ ဖြစ်ပါတယ်၊ စစ်တိုက်တယ်ဆိုတာက စစ်ပွဲအတွက် လိုအပ်ချက်ကို နည်းမျိုးစုံနဲ့ ရှာဖွေရတာပဲ၊ အဲတော့ ပြည်သူတွေဆီကနေ အခွန်ကောက်မယ်၊ ဆက်ကြေးတောင်းမယ်၊ အဲတော့ အကုန်လုံး ပြည်သူတွေက ကြာလေကြာလေ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်ပြီးတော့ စီးပွားရေးကလည်း မကောင်းရတဲ့ကြားထဲမှ ရာဇဝတ်မှုတွေ၊ ခိုးဆိုးလုယက်တာတွေကလည်း ပိုပိုများလာတော့ ဒီဟာကြီးကို ကျနော်တို့ အမြန်ဆုံးရပ်တန့် နိုင်ဖို့အတွက် နိုင်ငံရေးနည်းလမ်း ပြန်အားကောင်းလာဖို့အတွက် ကျနော်တို့ ဒါကြိုးစားနေတာ ဖြစ်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်ခင်ဗျ” ဟု ပြောသည်။
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဥ် (PPFD)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် အစည်းအဝေးအား ကျင်းပခဲ့ပြီး၊ ထိုအစည်းအဝေးတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ချဲ့ထွင်တိုးမြှင့် ဆောင်ရွက်သွားရေး သဘောထား စုစည်းချက်များ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ နိုင်ငံတကာရေးရာများနှင့် စီးပွားရေးဆိုင်ရာ ပုံမှန်သုံးသပ်ခြင်း အစီအစဥ်အား တိုးချဲ့ဆောင်ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များကို တွေ့ရစဉ်
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီသို့ သွားနိုင်ရန်၊ နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်ရောက်ရန် လုပ်ဆောင်နေ ကြောင်း PPFD သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နေပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲတော့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာကတော့ အားလုံးရဲ့ အမြင့်ဆုံး မျှော်မှန်းချက်ပါပဲ၊ အဲဒီမှာ အဲဒီကိုသွားနိုင်ဖို့အတွက် အဓိက,ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ဒါစစ်ရေးပဋိပက္ခတွေက ပိုပြီး တော့ မြင့်တက်လာတယ်၊ တစ်ဖက်မှာလည်း တိုက်ပွဲအခြေအနေက ပိုပြီးတော့ မြင့်လာတယ်ပေါ့နော်၊ အဲတော့ ဒီမှာ နိုင်ငံရေးအသံထွက်နိုင်ဖို့ နိုင်ငံရေးလမ်းကြောင်းကို ပြန်ရောက်ဖို့ဆိုတဲ့ အနေအထားမှာ ဒါကျနော်တို့ ကိုယ် တတ်နိုင်တဲ့ဘောင်၊ ဘောင်ကတကယ်တော့ ပြည်တွင်းမှာ အစုအဖွဲ့ဆိုတာက တကယ်တော့ ဘောင်အကန့် အသတ် ဖြစ်တယ်၊ ဘောင်လည်းကျဥ်းတယ်။ အဲတော့ ဘောင်ကျဥ်းကျဥ်းလေး ထဲပေမယ့် ကျနော်တို့လုပ်နိုင်တဲ့ ဟာကို တတ်နိုင်သလောက် စုဖွဲ့ပြီးတော့ ဒါဆောင်ရွက်တာမျိုးပေါ့နော်၊ အဲတော့ ဒီမှာအခြေခံအဆင့် တွေကတော့ ကျနော်တို့ ဒီနိုင်ငံရေးအသံတွေ ပြန်ထုတ်ဖို့၊ ပြီးတဲ့ခါကျတော့ အဓိကတော့ အနည်းဆုံးတော့ ကျနော်တို့ စစ်ရေး မြင့်တက်မှုကိုတော့ ကျနော်တို့ Balance ဖြစ်အောင်တော့ မလုပ်နိုင်ဘူး၊ ဒါပေမယ့် စစ်ရေးမြင့်တက်မှု အတတ်နိုင် ဆုံး ဒီနိုင်ငံရေးဘက်ကလည်း အသံပြန် ထွက်ပြီးတော့ ထိန်းနိုင်အောင် ဒါသွားတဲ့သဘောမျိုးပါပဲ”ဟု ပြောသည်။
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဥ် (PPFD) သည် ပြည်တွင်း ပဋိပက္ခများ၏ နောက်ဆက်တွဲတွင် ပြည်သူလူထုများ အသံတိတ်သွားခြင်းကို ဖော်ထုတ်ရန် အပါအဝင် စစ်ရေးပဋိပက္ခများ မြင့်လာသည်နှင့်အမျှ ပြည်သူလူထုများ နစ်နာဆုံးရှုံးရသောကြောင့် စစ်ရေးပဋိပက္ခများအား နိုင်ငံရေးဘောင်ကို ချဲ့ခြင်းဖြင့် ထိန်းနိုင်ရန် စသည့်အချက်မျာအား အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။