- By CNI
- Category: နိုင်ငံရေး
- Hits: 940
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ ပြင်းထန်နေစဉ် ကာလအတွင်း နောက်ကွယ်မှ နေနေသည့် တရုတ်အစိုးရ သည် ယခုအခါမှာတော့ ပေါ်ပေါ်ထင်ထင် ပါဝင်လာခြင်းကြောင့် နိုင်ငံရေး အရွေ့တစ်ခု မကြာခင် ပေါ်ပေါက်လာ နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်နေကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် တရုတ်အနေဖြင့် နစက ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးများ၊ နိုင်ငံခြားရေး သံတမန်များဖြင့် မကြာခဏ တွေ့ဆုံဆွေးနွေးလာသည်ကို တွေ့ရ သည်။
မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့် အိမ်နီးချင်းနိုင်ငံဟု တရုတ်က သတ်မှတ်ထားခြင်းကြောင့် ပါဝင်လာ ခြင်း ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “တရုတ်ကတော့ မြန်မာနိုင်ငံ အရေးအခင်းမှာ မြန်မာပြည်မှာ ပြဿနာတွေ လက်နက်ကိုင်ပဋိပက္ခ တွေ ကြီးကြီးမားမား ဖြစ်ပြီးတော့ ပေါက်ကွဲထွက်သွားတာမျိုး သူမလိုလားလို့ပေါ့၊ အဲဒီလို ဖြစ်သွားလို့ရှိရင် အခြေအနေတွေက ဘယ်သူ့ဘယ်သူမှ မထိန်းနိုင်ဘဲနဲ့ ပိုဆိုးကုန်မယ်ပေါ့နော်၊ သူတို့ နိုင်ငံအနေနဲ့လည်း မြန်မာ နိုင်ငံနဲ့ ဆက်နွယ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဖို့ဟာ အခက်အခဲ ရှိမှာပေါ့၊ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာကိုး သူကိုယ်၌က မြန်မာနိုင်ငံကို မဟာဗျူဟာကျတဲ့ အိမ်နီးချင်းနိုင်ငံလို့ အသိအ မှတ် ပြုထားတာ ဒါကြောင့်မို့လို့ ဒီကိစ္စ သူဝင်မပါလို့ ရှိရင်တော့ ပြီးမှာ မဟုတ်ဘူးဆိုတဲ့ အနေနဲ့ ဝင်လာတာပေါ့၊ ဝင်လာတော့ သူ့ရဲ့ချည်းကပ်ပုံကတော့ တစ်မျိုးပေါ့နော်၊ သူ့ရဲ့ချည်းကပ်ပုံကတော့ အာဆီယံရဲ့ 5 Point Consensus ကို အကောင်အထည်ဖော်ဖို့တော့ သူက ထောက်ခံတယ်၊ သို့သော် သူပြောတဲ့အထဲမှာ ထူးခြားချက် တွေ ပါတယ်။ ဘာပြောလဲဆိုတော့ အခြေခံဥပဒေတွေနဲ့အညီ ဖြေရှင်းဖို့ဆိုတဲ့ဟာ ပါတဲ့အခါကြတော့ ခုန ကျနော် ပြောခဲ့သလိုမျိုး ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာက အခြေခံဥပဒေအရ သူတို့ စစ်ကောင်စီက အာဏာရယူထား တာ အချိန်သတ်မှတ်ချက် ရှိတယ်၊ အဲဒီ သတ်မှတ်ချက် ပြည့်တဲ့အခါမှာ ရွေးကောက်ပွဲ အခြေခံဥပဒေအတိုင်း လုပ် ဖို့ဆိုတဲ့ဟာကို တရုတ်က ရည်ညွန်းပုံရတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးရ မယ်” ဟု ပြောသည်။
တရုတ်ကို ကန့်ကွက်နေကြစဉ်
ပြီးခဲ့သည့် မေလ ၂ ရက်က မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်ဂန်း ရောက်ရှိလာပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ စီးပွားရေး၊ နယ်စပ်တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာ့နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာသည့်အတွက် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေဖြင့် ပါဝင် ပတ်သက်နေခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ဦးသာထွန်းလှက “တရုတ်ကလည်း မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံဆိုတော့ မြန်မာ့နိုင်ငံရေးပြဿနာက ဖြစ်ပေါ်နေတဲ့ အခြေအနေက တရုတ်နိုင်ငံ အပေါ်မှာလည်း တစ်စုံတစ်ရာ အကျိုးစီးပွားအတွက် အခက်အခဲတွေ အနှောင့် အယှက်တွေ ဖြစ်စေတယ်လို့ တရုတ်က အဲဒီလို သုံးသပ်လိမ့်မယ် ထင်တယ်၊ အဲဒါကြောင့် မြန်မာ့နိုင်ငံရေး ပြဿနာကလည်း အခုဆိုရင် ပိုလို့ ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိလာတဲ့ အတွက်ကြောင့် အိမ်နီးချင်း နိုင်ငံတစ်ခုအနေနဲ့ သူပါဝင်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အဲဒီလို ယူဆတဲ့ အတွက်ကြောင့် အဲဒီလို ပါဝင်ပတ်သက် တွေ့ဆုံမှု အပိုင်းတွေကို လုပ်လာရတဲ့ အခြေအနေမျိုးလို့ ကျနော်အဲဒီလို မြင်တယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်ဂန်းနဲ့ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တွေ့ဆုံစဉ်
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးထက် စီးပွားရေးကို ဦးစားပေးသည့် နိုင်ငံဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှ ၎င်းတို့ အကျိုးစီးပွား အနှောင့်အယှက် မရှိမှာဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ဦးလီပေါ်ရဲ့က “တရုတ်ကတော့ သူတို့ဝမ်းစာပေါ့၊ အဓိကကတော့ သူတို့ရဲ့ စီးပွားရေးပါပဲ၊ တရုတ်ကတော့ နိုင်ငံ ရေးထက်စာရင် စီးပွားရေးကို ဦးစားပေးတဲ့ နိုင်ငံဆိုတော့လည်း မြန်မာ့နိုင်ငံရေးကတော့ ရှင်းရှင်းပြောရရင် သူက ကောင်းစေချင်တာပေါ့ကွာ မကောင်းရင် သူ့ရဲ့စီးပွားရေးတွေကလည်း အများကြီး ရှိတာကိုး၊ အနှောင့်အယှက်တွေ ရှိတာကိုး၊ သူကတော့ ကောင်းစေချင်မှာပဲလေ၊ ကောင်းစေချင်ပေမယ့်လည်း ဒါကကောင်းအောင် လုပ်နိုင်မှလည်း ကောင်းလာမှာကိုး အခုအခြေအနေကတော့ မလွယ်ဘူးလေ၊ နဂိုက တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ပဲ ရှိတဲ့ ဟာတောင်မှ မလွယ်တဲ့ဟာ အခုက လက်နက်ကိုင်အဖွဲ့ပေါင်း ရာနဲချီဆိုတော့ လွယ်တော့ မလွယ်ပါဘူး” ဟု ပြောသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး ထိုနယ်စပ်အနီးတွင် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၊ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားများ ဒီမိုကရေစီ မဟာ မိတ်တပ်မတော်-မိုင်းလား(NDAA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး (PSLF/ TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 558
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
အာဆီယံဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှု ရရှိရေးမှာ လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့် နစကနှင့် NUG တို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာမှုမှာ အဓိကကျကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နစကနှင့် သဘောတူညီမှု ယူထားသည့် အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်မှာ တိုးတက်မှုမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ၌ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှာသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
၎င်းက “သူတို့က အဓိက အားဖြင့်တော့ 5 Point Consensus ပေါ့နော် သူတို့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အဲဒါကို ဦးတည်ပြီးတော့ သူတို့ လုပ်ဆောင်နေတာပေါ့၊ အဲဒီတော့ သူတို့က အခုဒီ အာဆီယံအသင်း အလှည့်ကျဥက္ကဋ္ဌလုပ်တဲ့ နိုင်ငံတွေကပေါ့၊ သူတို့က တာဝန်ယူပြီး လုပ်တာ များတယ် 5 Point Consensus ကို အကောင်အထည်ဖော်ဖို့ အဲဒီတော့ အဲမှာက အရေးကြီးတာက မြန်မာ့အရေးမှာ နှစ်ဖက် ထိပ် တိုက်ဖြစ်နေတဲ့ အဖွဲ့တွေ အပါအဝင်ပေါ့နော်၊ ဆိုလိုတာတော့ NUG တို့၊ PDF တို့၊ CRPH တို့၊ NLD တို့ပေါ့ဗျာ အဲဒီ ဟာနဲ့ နစကနဲ့ အပါအဝင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံး တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံ ရေးအရ အဖြေရှာဖို့ဆိုတာကို အဲဒါက နည်းနည်း အဓိကကျတဲ့ အချက်ဖြစ်နေတယ်၊ အဲဒီဟာကိုရောက်အောင် သူတို့ တွန်းနေတာပေါ့နော်၊ ဝိုင်းပြီးတော့ ကြိုးစားနေတာ” ဟု ပြောသည်။
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှာသမ္မတ ဂျိုကိုဝီဒိုဒိုကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းအရ ပေါ်ပေါက်ခဲ့သည့် NUG၊ CRPH တို့မှာ ၎င်းတို့ ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေပြီး နစကနှင့် မတူညီသည့် လမ်းကြောင်းကို သွားနေကြကြောင်း၊ ထို့ကြောင့် အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်မှာ အလုပ်မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
နစကနှင့် NUG တို့ တွေ့ဆုံဆွေးနွေးမှုမှာ မဖြစ်နိုင်သောကြောင့် ဘုံသဘောတူညီချက်မှာ တိုးတက်လာမှာ မဟုတ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနေရာမှာ ကျနော်တို့ သွားကြည့်ရမှာပေါ့၊ သွားကြည့်ရမယ်ဆိုတာက ဆွေးနွေးဖက်က ဘယ်သူလဲဆိုတာ ကြည့်ရမှာပေါ့နော်၊ ဒါကတော့ ကျနော်က ပြောရလို့ရှိရင်က နစက နေရာကနေ ပြောမယ်ဆိုရင် အနည်းဆုံး ပြော ချင်တယ်ဆိုရင်တော့ ဘာပဲပြောပြော အကြမ်းဖက်မှုကိုလည်း ရပ်တန့်ရမယ်ဗျ၊ မရပ်တန့်လိုတော့ မရဘူး၊ ဘာကြောင့်လဲဆိုရင် အကြမ်းဖက်သမားနဲ့ ဆွေးနွေးတယ်ဆိုတာက ဘယ်နိုင်ငံမှာမှ မရှိဘူးလေ၊ ဘယ်နိုင်ငံမှာမဆို အကြမ်းဖက်သမားကို စင်ပေါ်မှာ အရောက်ခေါ်ပြီး မဆွေးနွေးကြပါဘူး။ မဆွေနွေးကြပါဘူးဆိုတာ လက်ရှိမှာ တော့ သူက လူသတ်ဝါဒပေါ့နော်၊ ဒလန်ဆို သတ်ရမယ်ဆိုတဲ့ ဟာကို ဒီမူကြီးကို သူက ချချင်လည်း ချမယ်၊ မချရင် လည်း ဒီလို လုပ်နေတာကို အားပေးအားမြှောက် ပြုနေတဲ့ အဖွဲ့အစည်းဆိုတာကတော့ အကြမ်းဖက်သမားဆိုတဲ့ အခါကြတော့ ဆွေးနွေးမှာ မဟုတ်ဘူးဗျ၊ အပစ်အခတ် အတိုင်အခိုက်တွေ ရပ်စဲတယ်ဆိုရင်တော့လည်း စဉ်းစား ကောင်း စဉ်းစားနိုင်တာပေါ့နော်၊ ကျနော်သာဆိုရင် ဆိုပြီးတော့ ပြောတာပါ။ ဖြစ်ဖို့များတာကတော့ အကြမ်းဖက်မှု တွေ လုပ်နေတဲ့အတွက် သူက ဆွေးနွေးမှာ မဟုတ်ဘူးဗျ၊ ဒါက အဓိကလို့ ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ဘာတိုး တက်မှုမှ မရှိတာပေါ့နော်” ဟု ပြောသည်။
အာဆီယံညီလာခံကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ အဖက်ဖက်မှ ယိုယွင်း ကျဆင်းလျက် ရှိနေသည်။
မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်ရေး နိုင်ငံတကာများ အပါအဝင် အာဆီယံ၊ ကုလ စသည့် အဖွဲ့အစည်းများ ကြားဝင်ဆောင်ရွက်နေသော်လည်း ဖြေရှင်းနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 654
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ပစ်ခတ်တိုက်ခိုင်ခြင်းအားဖြင့် မိမိတို့၏ အဖွဲ့ရည်မှန်းချက်၊ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်နိုင်မည်ဟု ယုံကြည် ပါသလားဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၏ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ယနေ့ (မေလ ၁၁ ရက်)တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်၍ မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်ပွဲဖော်ဆောင်သူ၊ ပစ်ခတ်သူများကို မေးလိုသည်ဟု ရည်ညွန်းထားသည်။ သို့သော် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို ပြောသည်ကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပေ။
ပစ်ခတ်တိုက်ခိုက်ကြသော လက်နက်ကိုင် အဖွဲ့များ၏ ရည်ရွယ်ချက်သည် မည်ကဲ့သို့သော အရာများ ဖြစ်သ နည်း၊ ဤကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် မိမိတို့၏ အဖွဲ့ရည်မှန်းချက်၊ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက် နိုင်မည်ဟု ယုံကြည်ပါသလား၊ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ကြသော လက်နက်ကိုင်အဖွဲ့များတို့၏ သစ္စာ အဓိဋ္ဌာန်ပြုချက်များသည် လက်ရှိဖြစ်ပေါ်နေသော အနိဋ္ဌာရုံအတိုင်း ဟုတ်ပါသလားဟု ပဒိုစောရွှေမောင်းက မေးခွန်းထုတ်ထားသည်။
၎င်းက “ကျွနှ်ပ်တို့ ဒေသတွင်း နေထိုင်ကြသော မိဘပြည်သူများတို့သည် လက်ရှိကာလ၌ ပစ်ခတ် တိုက်ခိုက်နေ ကြခြင်းကြောင့် လယ်ယာထွန်ယက် စိုက်ပျိုးရမည့်အချိန်၊ ကလေးသူငယ်များ ကျောင်းတတ်ပညာသင်ယူရမည့် အချိန်၌ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဘဲ ပြေးရှောင်နေကြရသည်။ တိုက်ပွဲကြောင့် ဆုံးရှုံးစွန့်လွှတ်နေကြရ သည်ကို ဂရုပြုမိပါသလား၊ လက်နက်ကိုင် အဖွဲ့များ၏ ကြွေးကြော်သံနှင့် ဆောင်ရွက်လိုကြသည့် အရာတို့သည် ကျွနှ်ပ်တို့ ပြည်သူများနှင့် ရင်သွေးငယ်များအတွက် ရှိပါသေးသလား၊ ထည့်သွင်းထားရှိသေးပါသလား”ဟု ပြော သည်။
ပဒိုစောရွှေမောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့အပြင် အဘယ်ကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဖက်နှင့်တစ်ဖက်၊ ပစ်ခတ်တိုက်ခိုက်နေကြရသနည်း၊ ပစ်ခတ် တိုက်ခိုက်နေကြသည့်အပေါ် မည်သို့သော အကျိုးရလဒ် ထွက်ပေါ်ရရှိခံစားကြရသနည်း၊ ကျွနှ်ပ်တို့ပြောသော ကြွေးကြော် အဓိဋ္ဌာန်ပြုချက်များနှင့် ကိုက်ညီပါသေးသလား၊ ပြန်လည်ဆန်းစစ်ရန် မလိုအပ်သေးဘူးလားဟု ပဒိုစောရွှေမောင်းက ထုတ်ပြန်ချက်မှာ မေးခွန်းထုတ်ထားသည်။
၎င်းက “မိဘ ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ဆောင်ရွက်နေသည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်ပါ က မိမိတို့၏ လုပ်ဆောင်ချက်များတို့သည် ပြည်သူလူထုများ၏ ဘဝ ပိုမို တိုးတက်စေရမည်၊ ပိုမိုအေးချမ်းစေရ မည်၊ ပိုမို လုံခြုံစိတ်ချမ်းမြေ့ဖွယ် ဖြစ်စေရမည်ဟု ယူဆရပါသည်။ သို့ကြောင့် မိဘပြည်သူအတွက် အမျိုးသားထု အတွက်၊ ဆောင်ရွက်နေကြပါသည်ဟု ပြောဆို ကြွေးကြော်နေကြသော လက်နက်ကိုင်အဖွဲ့များအား မေတ္တာရပ် ခံ လိုသည်မှာ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအခြေအနေ၊ အနေအထားအရ တွေ့ ဆုံ ဆွေးနွေးသည့် လမ်းကြောင်းမှ တဆင့် ပြောဆိုညှိနှိုင်းမှုများ ပြုလုပ်ပါက ယခုလက်ရှိ ပစ်ခတ်တိုက်ခိုက် သတ် ဖြတ်နေကြသည့် ဆောင်ရွက်မှု လုပ်ဟန်များထက် အဆများစွာ အားလုံးအတွက် ပိုမိုသာလွန် အကျိုးများ စေမည် ဟု ယုံကြည်ပါသည်။ အကြမ်းမဖက် ညှိနှိုင်းဆောင်ရွက်ကြစေလိုသောဆန္ဒဖြင့်”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်းက ဒေသခံများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရစဉ်
ပဒိုစောရွှေမောင်းသည် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ အမှတ်(၆) တပ်မဟာ ၏ ခရိုင်ဥက္ကဋ္ဌ ဖြစ်သည်။
လက်ရှိတွင် KNU ၏ လက်အောက်ခံ KNLA သည် ဒီမိုကရေစီအရေး လှုပ်ရှားခြင်းကနေ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စစ်ရေးသင်တန်းများပေးခြင်းနှင့် ပူးတွဲ စစ်ဆင်ခြင်းများ ပြုလုပ်နေခြင်း ကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတချို့မှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
အမျိုးသားရေးအမည်ခံပြီး လက်နက်ကိုင်ဆောင် ကိုယ်ကျိုးစီးပွားရှာနေကြသည့် အဖွဲ့အစည်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က မေလ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဖွဲ့စည်းတည်ထောင်ခြင်း (၁၁)နှစ်ပြည့်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သေနတ်ကိုင် ကိုယ်ကျိုးရှာမှု များပြားလာသည့်အတွက် ထိုကိစ္စ ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း TNDP မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီမှာ ကချင်မှာလည်းရှိတယ်၊ ငါတို့ လူမျိုးတွေမှာလည်း ရှိတယ်၊ အမျိုးသား အကျိုးစီးပွား လုပ်ရင်တော့ ဘာမှ မပြောလိုဘူးလေ၊ အမျိုးသား အကျိုးစီးပွားမလုပ်ဘဲ ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ လူတွေကို ပြောတာပေါ့၊ သေနတ်ကိုင်ပြီးမှ ကိုယ်ကျိုးစီးပွား ရှာတယ်ဆိုတော့ ဓါးမြဖြစ်တာပေါ့၊ အမျိုးသားအကျိုးစီးပွား ရှာကြတယ်ဆိုရင် တော့ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ကြတယ်ဆိုရင်တော့ ဘာမှ ပြောစရာ မလိုပါဘူးဒါက အမျိုးသား အတွက် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကြတာပဲ” ဟု ပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဆိုင်းဘုတ်တင်ခြင်းကို တွေ့ရစဉ်
နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုများ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြကြောင်း ပြည်သူ့အကျိုးစီးပွားကို ထောက်ရှု၍ တိုင်းပြည် မနစ်နာသည့် အကောင်းဆုံးနည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပြီး စီးပွားရှာကြသည့် ဖြစ်စဉ်ကြောင့် နောက်ထပ် လက်နက်ကိုင်ပြီး စီးပွားရှာသည့် အဖွဲ့များ များလာကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ကြရကြောင်း စိုင်းဌေးအောင်က ပြောသည်။
TNDP ပါတီ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ နအဖ၊ နဝတ ခေတ်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့က ငြိမ်းချမ်းရေး ယူလိုက်တယ်၊ ဗိုလ်ခင်ညွန့်တို့ပေါ့၊ ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါမှာ သူက ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ နယ်မြေချဲ့ထွင်ရေးကို ကစားလိုက်တယ်၊ နဝတ၊ နအဖက တိုင်းရင်းသားတွေမှာ ရတနာတွေ ထက်တယ်၊ သစ် တောတွေ ပေါတယ်၊ အဲဒီနေရာမှာ ကုမ္ပဏီတွေ ချပေးလိုက်တယ်၊ သူ့ရဲ့စခန်းတွေ ရှေ့တိုးရှေ့တိုးနဲ့ လုပ်လိုက်တဲ့ အခါကြတော့ သူ့ဖက်က နယ်ချဲ့ပြီးသားဖြစ်သလို တိုင်းရင်းသားတွေဖက်ကလည်း ဒါကို ထိလို့မရဘူး။ ဒါပေမဲ့ ဒါကို ထိလို့ရတဲ့ကိစ္စက လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ၊ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်ကျိုး စီးပွားရှာသွားတဲ့ အခါကြတော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေ အင်မတန်မှ နစ်နာသွားကြတယ် အဲဒီအချိန်တုန်း က၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာလည်း ပြည်သူပဲ ခံရတယ်၊ အဲဒီမြေတွေကို သူတို့ ရတနာတွေ တူးလိုက်တဲ့ အတွက်ကြောင့် သစ်တောတွေ ပျက်စီးသွားလို့ ပြုန်းတီးသွားလို့ ခံရတာလည်း ပြည်သူပဲ ခံရတယ်၊ အဲဒီ လက်နက် ကိုင် အဖွဲ့အစည်းတွေကတော့ သူတို့တော့ မြိုးမြိုးမြိုက်မြိုက် နည်းနည်းပါးပါးတော့ ရသွားကြတာပေါ့၊ သူတို့တွေ ကြီးပွားသွားကြတယ်၊ ဒါပေမဲ့ ဒုက္ခရောက်တာ ပြည်သူဒုက္ခရောက်ပြီးမှ တိုင်းပြည်က နစ်နာဆုံးရှုံးရတယ်၊ ယနေ့ ဖြစ်ပျက်တဲ့ အာဏာသိမ်းမှု နှစ်နှစ်ကျော် အတွင်းမှာဆိုရင်လည်း ဒီပုံစံမျိုးတွေ တွေ့ရှိရတာပေါ့နော်၊ လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းသွားကြတယ်၊ လက်ညိုးနိုင်ငံရေး လက်ညိုးနိုင်ငံရေးနဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပြည်သူ့ကို အကျိုးရှိအောင် လုပ်ပေးခဲ့တာ မရှိဘူးဆိုတဲ့ အခါကြတော့ ကျနော်တို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်တယ်” ဟု ပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် အမျိုးသားရေးကို မဏ္ဍိုင်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI News
၂၀၂၃ ခုနှစ်၊ မေ ၁၀
အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်စာ တင်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးသံတမန်များကြား PPST ကနေ NMSP တကယ်နုတ်ထွက်လာနိုင်လား သုံးသပ်လျက်ရှိနေကြသည်။
လက်ရှိ PPST ကို ဦးဆောင်နေသည့် မွန်ပြည်သစ်ပါတီ အနေဖြင့် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလို၍ နုတ်ထွက်စာ တင်ခြင်း ဖြစ်နိုင်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု မွန်ပြည်သစ်ပါတီလည်းပဲ သူတို့ အဖွဲ့ခေါင်းဆောင် တာဝန်ယူပြီး ဦးဆောင်နေတာ ၂ နှစ်ရှိသွားပြီ၊ အဲဒီမှာ PPST အတွင်း ဝန်ထုပ်ဝန်ပိုးတွေပေါ့ဗျာ၊ တစ်ဖွဲ့တစ်ဖွဲ့ထဲမှာတင် ၃၊ ၄ ခု ကွဲတာတို့ ပြဿနာပေါ်တာတို့ နောက်ပိုင်းမှာ ကြေညာချက်တွေ ထုတ်လို့ရှိရင် တစ်ဖက်က ဆွေးနွေးဖက်ပေါ့ နေပြည်တော် အဖွဲ့တွေကို သွားပြီးတော့ ထိပါးတာတွေ ဖြစ်တော့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူ တာဝန်ခံရတာ နည်း နည်း ခက်လာတဲ့ သဘောလို့ ယူဆပါတယ်၊ ဒါကြောင့် သူတို့အနေနဲ့လည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်မှာ သို့သော် အပေါင်းလက္ခဏာ အဖွဲ့ထဲမှာဆိုရင် သူသက်သာမလားပေါ့ဗျာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုပြီးတော့ ပေါ့မ လားလို့ တွက်တာနဲ့ တူပါတယ်ဗျ၊ အလုပ်ကတော့ တွဲလုပ်မှာပါ၊ ကြည့်ရတာ ဒါပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရာခိုင်နှုန်းပြည့် ယူတဲ့ အဆင့်ကို လျှော့ချမယ့် သဘောမျိုးလို့ မြင်ရပါတယ်” ဟု ပြောသည်။
PPST အစည်းအဝေး တစ်ရပ်ကိုတွေ့ရစဉ်
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး PPST အဖွဲ့အတွင်း ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း၊ နုတ်ထွက်စာ တင်ထား သော်လည်း PPST နှင့် ပူးပေါင်းဆောင်ရွက်မှု အချို့ ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် PPST ၏ ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသူ ဖြစ်၍ တာဝန်ယူမှု တာဝန်ခံမှု ပိုမိုယူရသည်။
နုတ်ထွက်စာ တင်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရေး မွန်ပြည်သစ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များထံ ဖုန်း ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
NMSP သည် PPST ကနေ နုတ်ထွက်ကြောင်း စာတင်ထား သည်ကိုတော့ မကြားရသေးကြောင်း၊ သို့သော် ဆွေးနွေးဘက် အဖွဲ့ဝင်အသစ်များ ထပ်တိုးမလာပါက ဆွေးနွေး ညှိနှိုင်းမှုများကို ယာယီရပ်ဆိုင်းထားမည်ဟု အသိပေးမှု ရှိထားကြောင်း မွန်ပြည်သစ်ပါတီ(NMSP)နှင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
PPST အဖွဲ့ဝင်များ နုတ်ထွက်မှုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးဖက်များနဲ့ PPST အဖွဲ့၀င်များ တွေ့ဆုံစဉ်
၎င်းက “ဟုတ်ပါတယ်၊ အဲဒါလည်း ကြားပါတယ်၊ ဒါကြောင့် အဖွဲ့ဝင်အသစ်တွေ ပါဖို့အတွက် ပူးပေါင်းဆောင်ရွက် မယ့် နေရာမှာ နည်းနည်းလေး နိုင်ငံရေးအရပေါ့ဗျာ ဖိအားပေးတဲ့ သဘောမျိုးလားတော့ မသိဘူးဗျ၊ ကျနော်တို့ PPST ကတော့ အပေါင်းလက္ခဏာနဲ့ပဲ နေတော့မယ်ဆိုပြီး ဒါပေမဲ့ ပြန်စဉ်းစားခိုင်းမှာပေါ့ဗျာ၊ ဒီလိုတော့ အဖွဲ့ အစည်းတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ သက်သာသလို နေမယ်ဆိုရင်တော့ ကျနော်တို့ NCA တန်ဖိုးနဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ အများကြီး ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။
PPST ကို NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းကြောင်း KNU၊ RCSS၊ CNF၊ တို့မှာ PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားကြသလို ABSDF ကလည်း ပူးပေါင်းဆောင်ရွက်မှု လျှော့ချထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 445
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့် အတွက် လက်နက်ခဲယမ်းများအား နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိရသဖြင့် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ လိုင်စင်လျှောက်ထားရန် နစက-က မေလ ၉ ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာသွားသည်။
ထုတ်ပြန်ချက်တွင် မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်း ဖြစ်သဖြင့် တစ်ချိန်ချိန်၌ တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိ ကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင်း တရားမဝင် လက်နက်ကိုင် ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို စီမံဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
နစက “လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့်အခါ လျှောက်ထားသည့် သေနတ်အား မည်သို့ မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့် တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ပါသည်”ဟု ပြောသည်။
ထို့နောက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ နှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သီးခြား ထုတ်ပြန် ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်း မရှိပါက ဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင် ပြောထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 673
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရသည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က မေလ ၉ ရက် နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှ ထုတ်ပြန်ကြေညာချက် အပိုဒ်(၂)တွင် “ကိုဗစ် ၁၉ ကပ်ရောဂါနှင့်အတူ စစ်တပ် အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများ”ဟုလည်းကောင်း၊ အပိုဒ်(၅) ၌ “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင် အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများ ရရှိ ရေး”ဟုလည်းကောင်း ဖော်ပြထားသည်။
ထို့နောက် အပိုဒ်(၆)တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ ရေးအတွက်”ဟုလည်းကောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု NSPNC က ဆိုသည်။
NSPNC က “ KNU အနေဖြင့် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားပြီး တိုက်ပွဲဝင် နေကြသော တိုင်းရင်းသား တော်လှန် ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန် ထားခြင်းသည် အပြုသဘော မဆောင်ဘဲ NCA ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက် ရင်ဆိုင်မှု လမ်း ကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရပါသည်”ဟု ထုတ်ပြန်လာသည်။
လက်ရှိ ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ဆော်မှုများနှင့် ပြည်ပ ပယောဂ များကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများသာ ဖြစ်ပါသည်ဟု NSPNC က ထုတ်ပြန်ခဲ့သည်။
ထို့နောက် NCA အခြေခံမူ အပိုဒ် ၁ (က)တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သဘောတူခဲ့ပြီးဖြစ်သဖြင့် ထိပ် တိုက်ရင်ဆိုင်သော လက်နက်ကိုင် တိုက်ပွဲဝင်မည့် လမ်း ကြောင်းသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ပြီး အကြမ်း ဖက် လုပ်ရပ်သို့ ဦးတည်နေသောကြောင့် တိုင်းရင်း သား လုပ်သားပြည်သူလူထု တစ်ရပ်လုံးက လိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခံစားလိုသည့် တိုင်းရင်းသားများနှင့် ပြည်သူလူထု တစ်ရပ် လုံးအတွက် ကြီးမားသော အခက်အခဲများဖြစ်ပေါ်စေနိုင်ပါသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ် ကြောင်း၊ NCA ပါအတိုင်း တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်ကြောင်း NSPNC က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 726
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံး ကိုယ်စားလှယ်များ၏ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ကိုယ်စားလှယ်များနှင့် ဒုက္ခသည်များ မတွေ့ဆုံရန် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
သံရုံးကိုယ်စားလှယ်များ၏ ရည်မှန်းချက်ကို မရောက်ရေး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် မည်ကဲ့သို့ ဖြစ်လာမည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာမှတော့ လောလောဆယ်ဆယ် မဖြစ်နိုင်ပါဘူး။ ဒီတိုက်ခိုက်မှုက ခရီးစဉ် လမ်း ကြောင်းကို ဟန့်တားတာဖြစ်ပြီးတော့ သံတမန်တွေနဲ့ ဒုက္ခသည်တွေကို လူကိုယ်တိုင် မတွေ့အောင် တားလိုက်တဲ့ သဘောပါပဲ၊ ပစ္စည်းကတော့ ရောက်သွားပြီ ပေးလည်း ပေးပြီးသွားပြီ လူတွေ မရောက်အောင် ဟန့်တားတဲ့ သဘောဖြစ်တော့ သံတမန်တွေ ဖက်ကတော့ ကျနော်ထင်တာ အာဆီယံအထူးကိုယ်စားလှယ်ပေါ့ ဗမာပြည် ဆိုင် ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးကနေ တဆင့်ပဲ ဒီလို ဆက်သွယ် လုပ်မယ်ထင်တယ်။ ကြည့်ရတာ ဒါကြောင့် ဘယ်လိုလာမလဲတော့ မသိသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
PNO တပ်ဖွဲ့ကို တွေ့ရစဉ်
အင်ဒိုနီးရှားနှင့် စင်ကာပူ သံရုံးကိုယ်စားလှယ်များ လိုက်ပါလာသည့် ယာဉ်တန်းမှာ မေလ ၇ ရက်နေ့က ရှမ်းပြည် နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ ပစ်ခတ်ခံခဲ့ရသည်။
အဆိုပါ ပစ်ခတ်မှုမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “ဒီလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို တားဆီးနေတာကတော့ စစ်ကောင်စီ ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူ့ရဲ့ နောက်လိုက် နောက်ပါ ပြည်သူ့စစ်တွေ များသောအားဖြင့် လုပ်လေ့ လုပ်ထရှိတဲ့ ကိစ္စပါ၊ နောက်ပြီးတော့ အခုက စစ်ဆင်ရေး တစ်ခုလို တိုက်ခိုက်တာ မဟုတ်ပါဘူး။ ခြောက်လှန့်ရုံပဲ လုပ်လိုက်တဲ့ တိုက်ပွဲပုံစံပါ၊ ဒါကြောင့်မို့ အခြေအနေကို ခြုံငုံသုံးသပ်လိုက်ရင် ဒီလှုပ်ရှားမှုကို လုပ်တာဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO ကနေပြီးတော့ လုပ်တာလို့ ကျနော်တော့ အခြေ အနေ တစ်ခုလုံးကို ခြုံငုံပြီး သုံးသပ်ပါတယ်” ဟု ပြောသည်။
PNO အနေဖြင့် ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း မရှိပဲ PNLO တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခြင်းဖြစ်ကြောင်း PNO မှ ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအဖွဲ့ကို တွေ့ရစဉ်
ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက “အဲဒါ ကျနော်သိတာကတော့ အဲဒီယာဉ်တန်းကို ကျော်တင်ဆိုတဲ့ ဗိုလ်မှူး ဥက္ကာတို့၊ သူရိန်တို့၊ မြင့်ထွန်းတို့ တပြည့် ကျော်တင်အပါ ကားနဲ့သူတို့ ချောင်းမြောင်းပစ်တာပဲ ပြီးရင် သူတို့ ကျနော်တို့ PNO နယ်မှာ သူတို့ကနေ ထွက်တော့ ကျနော်တို့ ဒေသခံတွေ ပူးပေါင်းပြီးတော့ သတင်းပေးတော့ နောင်ထောင်မှာ တပ် က ဖမ်းမိတယ်ဗျ၊ အဲဒီလိုပဲ သိရတယ်ဗျ၊ ပါလာတဲ့ ခရီးသည်တွေ ဘာတွေ ဘာညာတော့ ကျနော်တို့ မသိဘူး၊ ကျနော်တို့လည်း ပင်လောင်းနယ်ဘက် ရောက်နေတာ ကျနော်တို့ အကုန်မသိဘူးဗျ” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း လူထိခိုက်မှု မရှိဘဲ ယာဉ်တစ်စီး လက်နက်ကျည် ထိမှန်ခဲ့ကြောင်း၊ သံတမန်များ လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကို စင်ကာပူအစိုးရက ကန့်ကွက် ရှုတ်ချထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3104
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၉
ထဲမှ အထောက်အထားမရှိသူများအား မေလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် အဖမ်းအဆီးများလာနိုင်ကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်း အလုပ်သမား များစွာရှိနေသောကြောင့် ပါမစ်အား မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုးကြရန် ထိုင်းအာဏာပိုင်များက အချိန်တိုးပေးထားခြင်းဖြစ်သည်။
သို့သော် မေလ ၁၄ ရက်နေ့တွင် ၎င်းတို့နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် မေလ ၁၅ ရက်နေ့နောက်ပိုင်းတွင် အထောက်အထားမရှိသူများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများလာနိုင်ကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“၁၅ ရက်နေ့ နောက်ပိုင်းဆိုရင်တော့ မြန်မာတွေကို စစ်ဆေးတော့မှာလေ။ အခုတောင်မှ ဖမ်းနေပြီး စစ်ဆေး နေပြီ။ တစ်နေရာနဲ့တစ်နေရာ၊ တစ်မြို့နဲ့တစ်မြို့ သွားတဲ့အခါကြရင် ဒီအထောက်အထား ရှိ၊ မရှိ စစ်ဆေးတာတွေ။ နောက်ပြီးတော့ ခိုးဝင်တာတွေလည်း အစုလိုက် အပြုံလိုက် အဖမ်းခံရတာတွေရှိတယ်။ ကျနော် ပြောချင်တာက တော့ ဒီမြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီ မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ စာရွက်စာတမ်း မပြည့်စုံတော့ ဘူးဆိုရင် သွားလာတဲ့နေရာမှာ အင်မတန် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အထောက်အထား မပြည့်စုံတော့ဘူးဆိုရင် သူတို့ ဖမ်းတော့မယ်။ ဖမ်းရင် သာမန်အထောက်အထားမရှိတဲ့ ခိုးဝင် တဲ့ မြန်မာနိုင်ငံသားနဲ့မတူဘဲနဲ့ လက်ဝယ်ကိုင်ဆောင်ထားတဲ့ အထောက်အထားအဟောင်းတွေ သက်တမ်း ကုန်ဆုံးသွားတယ်။ သက်တမ်း ပြန်မတိုးထားတာဖြစ်တဲ့အတွက် အဲဒီဥပဒေနဲ့ သူတို့ကအရေးယူလိမ့်မယ်။ ထောင်ချခွင့်ရှိတယ်၊ ဒဏ်ငွေရိုက်ခွင့်ရှိတယ်။ နောက်ဆုံး ပတ်စပို့တွေဆိုရင်လည်း ဗီဇာသက်တမ်းကုန်သွား တာဖြစ်တဲ့အတွက် ဗီဇာတွေကို Blacklist လုပ်ခွင့်ရှိတယ်။
နိုင်ငံအတွင်းကို ပြန်မဝင်တာ တစ်နှစ်ကနေ ငါးနှစ် အထိ အထောက်အထားပေါ်မှာ မူတည်ပြီးတော့မှ ဒီလိုအပြစ်ပေးလာနိုင်စရာ အကြောင်းရှိတယ်။ ဒါ သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေပဲ” ဟု ၎င်းက ပြောသည်။
ယခု မေလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည့်အတွက် လက်ရှိ အုပ်ချုပ်နေသည့် အစိုးရအာဏာပိုင်များအနေဖြင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းအသစ်များအား ချပိုင်ခွင့် မရှိကြောင်းလည်း သိရသည်။
ပုံ-အသားထုတ်လုပ်သည့် စက်ရုံလုပ်ငန်းခွင်တစ်ခု(ဓါတ်ပုံ-Getty Images)
ထို့ကြောင့် မေလ ၁၅ ရက်နေ့တွင် သက်တမ်းမတိုးရသေးသူ အများအပြားရှိနေပါကလည်း အထောက်အထား သက်တမ်းတိုးကာလအား ထိုင်းအာဏာပိုင်များမှ ရက် တိုးမြှင့်သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်သကဲ့သို့ မလွယ်ကူ လှကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီတော့ အနီးကပ်မှ လုပ်မယ့်သူတွေက တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့်တော့ ရွှေ့ပြောင်း အလုပ်သမား အများစုက ပွဲစားတွေ၊ အေဂျင်စီတွေကို မှီခိုနေတာဆိုတော့ ပွဲစား၊ အေဂျင်စီတွေရဲ့ ထိထိ ရောက်ရောက် ဝန်ဆောင်မှုပေးတဲ့အပေါ် မူတည်ပြီးတော့ သူတို့အနေနဲ့က အထောက်အထားနဲ့ ပတ်သက် ပြီး တော့ အဆင်ပြေမှု၊ မပြေမှုဆိုတာ ဖြစ်တယ်။ အဲဒီတော့ တချို့ ပွဲစားတွေ အေဂျင်စီတွေက ပိုက်ဆံ ယူထားပြီး တော့ တကယ့်တကယ် အချိန်ဆွဲပြီး မလုပ်ပေးဘူး။ နောက်ဆုံး အနီးကပ်တဲ့အခါကျမှ သတ်မှတ်တဲ့ရက်က ကုန်တော့မယ်ဆိုတဲ့အခါကျတော့ ပိုက်ဆံကုန်ထားပြီးတော့ အထောက်အထားမရှိတာမျိုးတွေ အခုလည်း ထပ်ကြုံဦးမှာပဲ။ အခုတကယ်လို့ မလုပ်နိုင်တဲ့လူက များတယ်၊ အများကြီးကျန်တယ်ဆိုရင် သူတို့ ဖြေလျှော့ပေး တာတို့ ဒါမျိုးတွေတော့ လုပ်တတ်တယ်။ ဖြေလျှော့ပေးတယ်ဆိုတာက နောက်ထပ် တစ်လ တန်သည်ပေါ့။ အဲဒါကကျတော့ သိပ်ပြီးတော့မလွယ်ဘူး အဲဒီလိုပြောလို့ရတယ်။ ဒီအတောအတွင်းမှာဆို သူတို့ ထုတ်ပြန်ဖို့က ခက်တယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင် သက်တမ်းမတိုးရသေးသည့် မြန်မာရွှေ့ပြောင်းများအနေဖြင့် မေလ ၁၅ ရက်နေ့ မတိုင်ခင် အမြန်ဆုံး သက်တမ်းတိုးပြုလုပ်ကြရန်နှင့် ပွဲစားများအနေဖြင့်လည်း ၎င်းတို့အား အပ်နှံ၍ သက်တမ်းတိုး ပြုလုပ်ထားသူများ အား အချိန်မီ သက်တမ်းတိုး ပြုလုပ်ပေးကြရန် ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက အကြံပြုသည်။