
- By CNI
- Category: နိုင်ငံရေး
- Hits: 642
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့ပြီး အထက်ပါအတိုင်း ၎င်းက ပြောသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရခိုင်ဒေသသည် သဘာဝ ဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက် ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြာခဏ ဆောင်ရွက်ပေးနေ ရကြောင်း၊ ထို့ပြင် ဘင်္ဂါလီအရေးအခင်းကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ယခုထပ်မံ၍ AA လက်နက်ကိုင်အဖွဲ့ အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ဒေသတွင်း၌ ပဋိပက္ခများဖြစ်ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်”ဟု ပြောသည်။
တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင် လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဒေသခံများအနေ ဖြင့် ထပ်မံ ခံစားကြုံတွေ့နေရကြောင်း၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရမည့် အချိန်တွင် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည် တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အခြေအနေများ ပြန်လည်တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ၎င်းတို့၏ ချွေးနည်းစာဖြင့် ဆောင် ရွက်ခဲ့ကြကြောင်း၊ ယခုအခါ KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ် အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ဆက်လက်၍ မိုက်တွန်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့် ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစွာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ် ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်”ဟု ပြောသည်။
ထို့ကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ လျှောက် လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံး ပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ ရမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
MNDAA-AA-TNLA ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်(ကော့ကရိတ်မြို့နယ်)၊ ကယားပြည်နယ် (လွိုင်ကော်)၊ ချင်းပြည်နယ်(အိန္ဒိယနယ်စပ်)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် မြန်မာ့တပ် မတော်နှင့် KIA-KNU-AA-MNDAA-TNLA-ABSDF-PDF-BPLA-KNDF စသည့် လက်နက်ကိုင်များဖြင့် တိုက်ပွဲ များ ဖြစ်ပွားနေသည်။
ထို့ကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေပြီး ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးနစ်နာလျက်ရှိနေသည်။
အလားတူ ဒေသတွင်းနေ ပြည်သူလူထုများသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ခံနေကြရသလို လိုအပ်သော ကုန်စည်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များ အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်ရန် ခက်ခဲလာနေကြောင်း၊ စက်သုံးဆီ လုံလောက်မှုမရှိဘဲ ဒေသအများစုတွင် ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 545
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီဟု အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ကောလင်းမြို့ကို PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၍ ထိန်းချုပ်ထားသည်။
ထို့နောက် NUG က ပြည်သူ့အုပ်ချုပ်ရေးကို စတင်ပြီဟု ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 883
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော် က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့များ ဝင်ရောက် လှုပ်ရှားခဲ့ပြီးနောက် ရခိုင်လူထု၏ အမျိုးသားရေး စိတ်ဓာတ် တက်ကြွမှုမှာလည်း ရှေ့တန်းကို ရောက်လာခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော်က “AA နဲ့ စစ်တပ်ဟာကလည်း ရခိုင်မှာက AA ရောက်ပြီးမှ ရခိုင်တွေလည်း အမျိုးသားရေးအရဆိုရင် အင်မတန် စိတ်တက်ကြွတယ်ပေါ့နော်၊ တစ်ခါမှ မကြုံဖူးတဲ့ အနေအထားမျိုးတွေ ရောက်လာတယ်၊ အဲဒီတော့ ပြည်သူလူထုဆိုရင် တော်တော်လေးရှေ့ကို ရောက်သွားတယ်ပေါ့နော်၊ တော်တော်လေးကို ရှေ့ကို ရောက်သွား တယ်၊ ဘာဖြစ်လို့လဲဆိုရင် နှစ်ပေါင်းများစွာ သူတို့လည်း ဆင်းရဲ ကျပ်တည်းမှုတွေနဲ့ အခက်အခဲပေါင်းစုံကို တဖြည်းဖြည်း နွံထဲနစ်ဝင်သလို နစ်နစ်ဝင်သွားတယ်၊ အဲဒီတော့ သူတို့အဲဒီထဲမှာတော့ မနေချင်တော့ဘူး။ ရုန်း ထွက်ချင်တယ်၊ ရုန်းထွက်တဲ့အချိန်မှာ AA ကလည်း ရှေ့ကမားမားမတ်မတ်နေပြီးတော့ ပြည်သူနဲ့ သူတို့က တိုက်ပွဲ တွေ ဖော်တယ်ဆိုတဲ့အချိန်မှာ ပြည်သူတွေက အားရတယ်၊ အားရရုံမကဘူး။ ဒီထက်ကိုနေပြီးတော့ ပြင်းပြင်းထန် ထန်နဲ့ ဒီပွဲကိုတော့ အပြတ်ချေမှုန်း စေလိုတယ်ဆိုတဲ့ အမြင်မျိုးတွေ ဖြစ်လာတယ်၊ တိုက်တွန်းမှုတွေလည်း ကြားနေရတယ်၊ ဒါလည်း သူ့ဒေသ၊ သူ့လူမျိုးတွေရဲ့ နစ်နာမှုကို ပြည်သူလူထုတွေရဲ့ တောင်းဆိုချက်တွေပဲ၊ ကျနော်တို့ကတော့ ပြည်သူလူထုရဲ့ တောင်းဆိုချက်နဲ့ ထပ်တူရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု CNI သတင်းဌာန သို့ ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာလည်း ဆက်လက် ဖြစ်ပွားလျက်ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး ရဲစခန်းများ သိမ်းပိုက်မှုများ ရှိနေကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက “ယခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်။ ရဲစခန်းတွေ ဝင်ရောက်သိမ်းပိုက်ခဲ့တာတွေ ရှိပါတယ်။ မြို့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ယခင်ကတည်းက အစဉ်အဆက် ကောင်းကျိုးမပေးတဲ့ AA အဖွဲ့ဟာ ၎င်းအဖွဲ့နဲ့ ပတ်သက်ပြီး သူတို့ ပြောနေသလို ရခိုင်ပြည်သူလူထုအတွက် ရခိုင်ပြည်နယ်လွတ်မြောက်ရေး အတွက် ဆိုတာဟာလည်း ဟုတ်ပါ့မလားဆိုတာကို သေချာလေးနက်စွာ စဉ်းစားကြဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ ပြော ကြားလိုပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော မောင်တောမြို့နယ်တွင်လည်း ကုန်စည်များ ပြတ်နေကြောင်း၊ စားဝတ် နေရေးအပိုင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း မောင်တောဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွရှောင်များကို တွေ့ရစဉ်
၎င်းက “ကုန်စည်က လုံးဝပြတ်သွားပြီ။ အဲဒါက ကိုယ့်မှာ စားဖို့ ရှိတဲ့လူရှိတယ်၊ မရှိတဲ့လူ မစားဘူး။ အဲဒီလို ဖြစ်နေတာ။ ဖြစ်တာကတော့ တိုက်ပွဲ ၁၃ ရက်နေ့က ဖြစ်တာလေ၊ ၁၃ ရက်နေ့က လမ်းတွေ ပိတ်ထားတော့ ဘယ်မှ သွားလို့မရ အဲဒီလို ဖြစ်သွားတာ၊ စားဝတ်နေရေးပိုင်းတော့ ကျနော်တို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တော့ အဲဒီအကုန်လုံးပြတ်ပြီးတော့ ထမင်းတစ်ခုတည်း စားရမလို ဖြစ်နေပြီ။ တချို့နေရာတွေဆို ဆန်တွေတောင် ရှာမရ အဲဒီလို ဖြစ်နေတာ” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
တခြားတစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA သည် တခြားသော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁
လက်ရှိ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အနောက်နိုင်ငံများမှ ဦးစီးပြီး ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးရမှုများမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီး ကတည်းက ပြည်တွင်းစစ်များကြောင့် တိုင်းပြည်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်ပမှာ နေထိုင်နေတဲ့ တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပမှာနေပြီး အသံကောင်း ဟစ်နေတဲ့ တိုင်းဖျက်ပြည်ဖျက် အနောက်အားကိုး မီဒီယာများရဲ့ မြှောက်ပင့်မှု၊ ကောလာဟလတွေ ကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာ သေဆုံးရတဲ့သူ မနည်းပါဘူး။ ကျနော်ပြောခဲ့သလိုပါပဲ။ ဒီသေဆုံးရတဲ့သူတွေ ဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကပဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်က သေဆုံးသည် ဖြစ်စေ။ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီး ကတည်းက တိုင်းပြည်တွင်း သောင်းကျန်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ရပါဘူး။ အခုချိန်မှာလည်း ဒီဝဲဂယက်ထဲ မှာဘဲ ရှိနေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကို ယခင်ကတည်းက ကျနော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက် နိုင်ငံတွေက ဦးစီးပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုချိန်မှာလည်း သူတို့ဘဲဦးစီးပြီး လုပ်ဆောင် ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ပြည်သူလူထု တစ်ရပ်လုံးက သတိရှိရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
KNLA တပ်ဖွဲ့ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိနေသလို အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေ သည်။
တပ်မတော် ဖြုတ်ချရေး တော်လှန်တိုက်ခိုက်နေသော အင်အားစုများကို အနောက်နိုင်ငံများမှ ဦးစီးဆောင်ရွက် နေဟု ပြောဆိုမှုက မမှန်ကန်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုလုပ် ဦးဆောင်ရမှာလဲ တရုတ်ရှိနေတာကို။ အမေရိကန်က ဒီဗမာပြည်ကို တရုတ်ရဲ့ နယ်ပယ် အဝန်းအဝိုင်းထဲမှာ ဆိုပြီးတော့ သူက အဲဒီလို အသိအမှတ်ပြုထားတဲ့ အခါကြတော့ သူတို့အချင်းချင်း လူကြီး လူကောင်းများ ကတိပေါ့ကွာ သူ့နယ်မြေထဲကို ဝင်မလုပ်ဘူး။ ဘယ်မှာ တို့အမေရိကန်ရဲ့ NDAA အစီအစဉ်က လည်း ဘယ်မှာ အကောင်အထည်ဖော်လို့လဲ၊ နောက်အစိုးရ အမေရိကန်မှာ တက်လာတောင်မှပဲ အကူအညီ ဝင်ပါမလား မသိဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေကြောင့် ဖြစ်တယ်ဆိုတာကတော့ အဲဒါကတော့ ပြောစရာ မရှိတော့လို့ လွဲချတာပါ။ အဲဒါက လုံးဝမဟုတ်ပါဘူး” ဟု ပြောသည်။
ကောလင်းမြို့ထဲမှာ တော်လှန်ရေးအင်အားစုများ သွားလာနေကြစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုတို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တိုင်းရင်း သား အင်အားစုများ၊ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကြိုးပမ်းနေသော်လည်း လက်ရှိအချိန် ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 543
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀
ရှမ်းလက်နက်ကိုင်တပ်များဖြစ်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ ပေါင်းစည်းလာမည်ဟု ယုံကြည်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနကို ပြောသည်။
ရှမ်းလူထုနှင့် သံဃာတော်တို့၏ လိုအင်ဆန္ဒအတိုင်း RCSS နှင့် SSPP တို့သည် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
စိုင်းအိုက်ပေါင်းက “ရှမ်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ရေရှည် ဖြစ်မှာလည်း ယုံကြည်တယ်၊ အပစ်ရပ်စဲတာတောင် မဟုတ်ဘူး။ နောက်ပိုင်းကြရင် နှစ်ဖွဲ့တစ်ဖွဲ့တည်းဖြစ်အောင် ဆိုလို့ရှိရင် ပိုကောင်းတာပေါ့ဗျာ၊ အဲဒီလို စည်းစည်းလုံးလုံးနဲ့ ဆိုလို့ရှိရင် ရှမ်းတွေအားလုံးရဲ့ ဆန္ဒ ဒီအတိုင်းပဲ ဖြစ်စေချင်တယ်၊ တစ်ဖွဲ့ပဲ ဖြစ်စေချင်တယ် နောက်ပိုင်းကြရင် ပြည်သူရဲ့ ဆန္ဒပေါ့နော်၊ ပြည်သူရဲ့ဆန္ဒကို ကိုယ်စား ပြောပေးတာပဲ။ ဖြစ်လာမယ်လို့တော့ ယုံကြည်တယ်၊ ဖြစ်လာမယ်လို့ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ရဟန်း ရှင်လူ ပြည်သူတစ်ရပ်လုံးက အရွယ်သုံးပါးလုံးက အဲဒါကို ဖြစ်စေချင်တဲ့ ဆန္ဒရှိကြတယ်လေ၊ ရှင်းရှင်း ပြောရရင် ရှမ်းတိုင်းရင်းသားတင် မဟုတ်ဘူး ပြည်ထောင်စုသား အားလုံးကလည်း အဲဒီလိုမျိုး ဖြစ်စေချင်တယ်၊ တောင့်တောင့်တင်းတင်း အင်အားဖြစ်စေချင်တယ်၊ တောင့်တောင့်တင်းတင်း ဖြစ်ပြီးတော့ တစ်ဖွဲ့တည်း ဖြစ်သွားရင် ရှမ်းပြည်သူလူထုအကျိုးကို လုံးဝကာကွယ်နိုင်မှာပေါ့” ဟု ပြောသည်။
SSPP/SSA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့က SSPP မှ ကိုယ်စားလှယ် ၃ ဦး၊ RCSS မှ ကိုယ်စားလှယ် ၄ ဦးတို့ တွေ့ဆုံ ဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင်သဘောတူညီခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
RCSS နှင့် SSPP တို့သည် နယ်မြေ အငြင်းပွားမှုများကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေပြီး အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းထုတ်ပြန်ချက်
RCSS နှင့် SSPP တို့ အပစ်အခတ်ရပ်စဲမှုမှတဆင့် နှစ်ဖွဲ့ပေါင်းစည်းရေးကို မျှော်လင့်ထားကြောင်း သျှမ်းအရပ်ဖက် အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းစိုင်းက CNI သတင်းဌာနကို ပြောသည်။
“အများကြီး မျှော်လင့်လို့ ရတာပေါ့နော်၊ ဒါအစပြုတဲ့ ခြေလှမ်းပေါ့နော်၊ ပထမဦးဆုံးခြေလှမ်းပေါ့၊ အခုအခြေအနေ မှာဆိုရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေးက ပြင်းထန်နေတယ်ပေါ့နော်၊ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် အားလုံးသိပြီးသား သိထားပြီးသား ဖြစ်တဲ့အတိုင်းပေါ့နော်၊ ဒါတွေကို ကျနော်တို့ဒေသတွေကို ကျနော်တို့ လူထု တွေကို အကာအကွယ်ပေးနိုင်ဖို့ဆိုရင် အရင်ဆုံး ကျနော်တို့ အချင်းချင်းကြားမှာ အပစ်အခတ်ရပ်ဖို့ လိုတာပေါ့နော်၊ ဒါကိုလည်း ကျနော်တို့ တစိုက်မတ်မတ်တောင်းဆိုလာတာ ကျနော်တို့ ၂၀၂၁ ကတည်းကပေါ့နော်၊ တစိုက် မတ်မတ် ကျနော်တို့ တောင်းဆိုခဲ့တာ ဖြစ်တာပေါ့၊ ဒီနေ့ ၊ ဒီရက်၊ ဒီလို ထွက်လာတာကတော့ ရှမ်းပြည်သူ တစ်ရပ်လုံးပေါ့နော် ရှမ်းပြည်ပြင်ပမှာရှိတဲ့ နိုင်ငံခြားမှာရှိတဲ့ ကျနော်တို့ ရှမ်းတွေရော အကုန်လုံးက ဒါကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြတာကို တွေ့ရတယ်၊ မျှော်လင့်စရာဆိုရင်တော့ ကျနော်တို့ အများကြီး မျှော်လင့် ထားတာပေါ့နော်၊ ဘယ်လောက်အထိ မျှော်လင့်ထားသလဲလို့ ပြောရမယ်ဆိုရင် သူတို့ နှစ်ခုပေါင်း သွားရအောင် အထိအောင် ကျနော်တို့ ဖြစ်စေချင်တယ်ပေါ့နော်၊ ဒါပေမဲ့ ဒါတွေ လုပ်ရမယ့်အလုပ်တွေ အများကြီး ကျန်နေဦးမယ် လို့တော့ မြင်ပါသေးတယ်ဗျ” ဟု ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် လက်မှတ်မထိုးရသေးသည့် ရှမ်း လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1013
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းသုံးဖွဲ့၏ တိုက်ခိုက်မှု အခြေအနေများကို ချပြဆွေးနွေးသွားခဲ့သည်။
KIA အဖွဲ့သည် တပ်အင်အားများ တိုးချဲ့ခြင်း အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးများကို မတည်ငြိမ်အောင် လုပ်ကိုင်နေကြောင်း ၎င်းက ပြောသွားခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီက ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင် ပေးခြင်း ဖြစ်ပါတယ်။ တပ်မတော်က ဦး ဆောင်ပြီးတော့မှ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးတာပါ။ အခုမှ တပ်မတော်က လိုက်ပြီးတော့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ထောက်ခံတာမဟုတ်ပါဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု အရေး အခင်းပြီးတဲ့ နောက်ပိုင်း ကနေပြီးတော့ အဲဒီက နဝတ ကြေညာ ချက်တွေကို ကြည့်မယ်ဆိုရင် ဒါ တပ်မတော်က ကိုယ်စားပြုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ပါတီစုံဒီမိုက ရေစီကို သွားမယ်ဆိုပြီးတော့ ကျနော်တို့က ပြောခဲ့တာရှိပါတယ်”ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ကိုးကန့်ဒေသ အထူးဒေသကို ပြန်လည် ရရှိရေးအတွက် ကြိုးပမ်းနေကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် Drop Bomb များ ၂၅၀၀၀ ကျော်အသုံးပြုခဲ့ကြောင်း၊ AA သည်လည်း အပစ်ရပ်ထား သည်ကို အခွင့်ကောင်းယူ၍ လူသစ်စုဆောင်းမှုများ ပြုလုပ်ကာ အင်အားတိုးချဲ့နေကြောင်း၊ TNLA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေသလို ပလောင်ဒေသ ရရှိရေး MNDAA နှင့်ပူးပေါင်း တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1107
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့ပေါ်မှာ ရှမ်းနီမြေကို ရှမ်းနီကာကွယ်ရမည်ဟု ရှမ်းနီအမျိုးသား များတပ်မတော်(SNA)က ဗွီနိုင်းစာတမ်းများ ချိတ်ကာ ဒေသတွင်းနေ ပြည်သူများကို အသိပေးလာသည်ကို တွေ့ရသည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အပါအဝင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။
လက်ရှိတွင် SNA လှုပ်ရှားနေသော ဒေသများထဲက ဟုမ္မလင်း၊ ဗန်းမောက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်၊ ဖားကန့်တို့၌ KIA-PDF ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA သည် PDF များကို အသုံးချ၍ ရှမ်းနီဒေသများကို ထိန်းချုပ်နိုင်ရေးနှင့် SNA ကို တိုက်ဖျက်ရေး ကြိုးပမ်း နေသည်ဟု ဒေသတွင်းနေ ရှမ်းနီတိုင်းရင်းသားများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 826
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ကို မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သည့် အခင်းအကျင်း ဖြစ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ်အနီး တရုတ်စစ်တပ်မှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သလို လက်ရှိတွင် လည်း တရုတ်-မြန်မာရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက်ရှိနေသည်။
အဆိုပါ အခြေအနေမှာ တရုတ်နှင့် မြန်မာ ဆက်ဆံရေး ကောင်းမွန်သည်ကို ပြသလို၍ ဖြစ်နိုင်ကြောင်း၊ ထို့နောက် မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးကို ရပ်တန့်ရန် တရုတ်က လုပ်ဆောင်မည့် သဘောဖြစ်နိုင် ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နဲ့ မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေစဉ်
၎င်းက “ဘာအခင်းအကျင်းလဲဆိုတော့ နေပြည်တော်နဲ့ တရုတ်နဲ့ ဆက်ဆံရေး ကောင်းပါတယ်ဆိုတာ ပြတဲ့ သဘောပါတယ်။ နောက်ပြီးတော့ မြောက်ပိုင်းက စစ်ဆင်ရေးတွေကိုလည်း ရပ်တန့်သွားဖို့အတွက် တရုတ်က ပြောနေတာ လက်တွေ့ လုပ်ပြမယ့် သဘောရှိပါတယ်၊ အဲဒီသဘောရှိပါတယ်။ ဒီလကုန်လောက်မှာ တချိန်ချိန်မှာ အပြင်းအထန် စစ်တပ်ဘက်က နေပြည်တော်ဘက်က ထိုးစစ်ပြန်ဆင်ဖို့ အခင်းအကျင်းနဲ့ တူပါတယ်။ ကြည့်ရတာ တရုတ်နဲ့ ညှိပြီးတော့ ဒါကြောင့် မြောက်ပိုင်းအဖွဲ့တွေကလည်း ရပ်သင့်တဲ့အချိန်မှာ ရပ်လိုက်ရင်တော့ အပြစ်အနာ အဆာ နည်းနည်း သက်သာတာပေါ့ဗျာ၊ အဲဒီလို ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာ လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးကို တရုတ်မပါဝင်ပါက တိုက်ပွဲများမှာ ပိုကျယ်ပြန့်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးထက်မြက်က CNI သတင်းဌာနသို့ ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုတွေ့ရစဉ်
၎င်းက “အဲဒါကတော့ နှစ်မျိုးရှိတယ်လေ၊ တစ်မျိုးက အဲဒါသူတို့တကယ် တရုတ်က နောက်က မပါဘူးဆိုရင်တော့ ညီနောင်သုံးဖော်ရဲ့ စစ်ပွဲက ပိုပြီး နက်ရှိုင်းလာနိုင်တယ်၊ နောက်က ဘယ်သူမှ မရှိဘူး။ သူတို့သဘောနဲ့ သူတို့ ဆိုရင် ဒီထက်အားကောင်းသွားလိမ့်မယ်၊ ချင်းတို့ ကချင်တို့ကပါ လုံးဝအပြတ်သူတို့ ဒီ ၃ ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်လာနိုင်တယ်၊ တချိန်တည်းမှာ ထိုင်းနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တွေကိုယ်၌ကိုက အဲဒီမှာ ပါဝင် သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ရခိုင်တောင်မှ သူတို့ နားလည်မှုအရ ပါဝင်တိုက်ခိုက်နေပြီကိုး၊ အဲဒါက တရုတ်နဲ့ သူတို့နဲ့ ပြတ်တယ်ဆိုရင် ပြောတာ။ ဒါပေမဲ့ တရုတ်ရဲ့ သဘောထားအတိုင်းသူတို့ ဒီဟာကို လှုပ်ရှားပေးတယ် ဆိုရင်တော့ ဒီကိစ္စကြီးက တရုတ်က ရပ်ဆိုရင် သူတို့က ရပ်ကြမယ်၊ တရုတ်က ရပ်ဆိုရင် ရပ်လိုက်ရင်တော့ အခု တော်လှန်ရေးဆိုတဲ့ဟာက တကယ်ကတော့ ဟန်ပြပဲ ဖြစ်သွားလိမ့်မယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် လက်ရှိ တစ်လကျော် ကြာမြင့်လာသည့်တိုင် ရပ်တန့် နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲမှာ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း တွင် သာမကဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန် ရှမ်းပြည်သူများ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့က နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန် ကြေညာခဲ့သည်။
RCSS နှင့် SSPP ရှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် နယ်မြေ အငြင်းပွား၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ရပ်တန့်ရန် သဘောတူညီမှု ရရှိခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ ကြူကုန် (ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော် စသည့် မြို့နယ်များတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့ (AA)၊ ပလောင်တပ်ဖွဲ့(TNLA)တို့သည် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ မြို့ သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိနေသည်။
RCSS နဲ့ SSPP အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အဆိုပါ တိုက်ပွဲများကြောင့် ဒေသတွင်းနေ ပြည်သူများထွက်ပြေး တိမ်းရှောင်နေကြရသလို အသက်ဆုံးရှုံးမှုများ လည်းကြုံတွေ့နေရသည်။ ထိုအထဲတွင် ရှမ်းလူမျိုးများက အများဆုံးကြုံတွေ့နေရသည်။
ထို့ကြောင့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် ရှမ်းလူမျိုးများနှင့် ရှမ်းဒေသများ ကာကွယ်ရေး ကြိုးပမ်းသွားရန် ပြင်ဆင်လာခဲ့ကြသည်။
TNLA သည် ၁၀၂၇ ကို ဖော်ဆောင်ခြင်းဖြင့် ပလောင်ပြည်နယ် ရရှိရေး ရည်မှန်းကာ ကြိုးပမ်းလျက်ရှိနေသလို ရှမ်း လူမျိုးများ အများဆုံးနေထိုင်သည့် ဒေသဖြစ်သော နမ့်ခမ်းမြို့နယ်ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည် ကို ရှမ်းတိုင်းရင်းသားများက လက်မခံနိုင်ဘဲဖြစ်နေကြသည်။