
- By CNI
- Category: နိုင်ငံရေး
- Hits: 2066
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က မြန်မာ့ငြိမ်းချမ်းရေးကို ကူညီလိုကြောင်း ကမ်းလှမ်းခဲ့သည်ဟု ထိုင်းသတင်းထောက်များက မေးမြန်းစဉ် ပြန်လည် ဖြေကြားသွားခဲ့သည်။
“ကျမတို့ သီးသန့်စကားပြောခဲ့ပြီး ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ဖို့ ကျမတို့ စေတနာကို ကမ်းလှမ်းခဲ့ပါတယ်”ဟု ထိုင်းသတင်းထောက်များကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာ့အရေး အဖြေရှာမည့် အလွတ်ဆွေးနွေးပွဲ အစည်းအဝေး တစ်ရပ်ကို လာမည့် ဒီဇင်ဘာလ တွင် ထိုင်းနိုင်ငံမှာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ပြီး တစ်နိုင်ငံ၏ အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပေတုန်တန်အား ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ထို့နောက် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင် ဆောင်ရွက်သွားနိုင် မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာ အချင်းချင်းတို့ အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် ကျင်းပသည့် အဋ္ဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့ သည်။
အဆိုပါ တရုတ်ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအို ဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့နှင့် သီးသန့်စီတွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1929
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
MNDAA-TNLA-AA တို့အနေဖြင့် ငြိမ်းချမ်းရေးလိုလားမှသာလျှင် ဆွေးနွေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဂါဒင်းဟိုတယ်မှာ တရုတ်ဝန်ကြီးချုပ် လီချန် နှင့်တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သမားများ အနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင် မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA -TNLA-AA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာ လျင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက် နိုင်မည်”ဟု ပြောသည်။
တရုတ်တိုက်တွန်း၍သာ ပြောရခြင်းဖြစ်ပြီး ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
၎င်းက “ဖြစ်နိုင်ဖို့ သိပ်မမြင်ပါဘူး၊ သူကဟိုဖက်က တိုက်တွန်းလို့၊ တရုတ်က တိုက်တွန်းလို့ သူကပြောရတာ။ သူလိုချင်တဲ့ အချက်က အရင်သိမ်းထားတဲ့ နယ်မြေတွေအကုန် ပြန်ပေးဖို့ပေါ့နော်၊ လားရှိုးတို့၊ လောက်ကိုင်တို့ အဲတာတွေအကုန် ပြန်ပေးဖို့၊ ကိုယ့်နေရာ ကိုယ်နေကြဖို့ အဲဒါမျိုးတွေပေါ့။ သူမသွားခင်ထဲက ကြေညာထားတာ ရှိတယ်လေ၊ နိုင်ငံရေး ဆွေးနွေးပွဲကို လက်နက်စွန့်ပြီး လာကြပါလို့ ပြောထားတာဖြစ်တာကိုး။ အဲတော့သူက ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့သဘောကို သူက ဘယ်လိုအဓိပ္ပါယ် ဖွင့်လဲဆိုတာ ယတိပြတ် မပြောဘူးလေ။ အဲခါကျတော့ ဒါမျိုးတွေ ဖြစ်ဖို့များတာပေါ့၊ အဲတော့ ဖြစ်လာစရာ အကြောင်းမရှိဘူးပေါ့ဗျာ၊ ဟိုဘက်က နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ပြောတဲ့အတွက်ကြောင့် အသင့်အတင့် လိုက်ပြောတာဖြစ်မှာပေါ့။ သူက ဝန်ကြီးချုပ် လီချန်နဲ့ တင် တွေ့ရုံမကဘူးဗျ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ရော၊ လာအို ဝန်ကြီးချုပ်တွေနဲ့ရော တွေ့တယ်” ဟု ပြော သည်။
မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖတ်သတ် ကြေညာ ခဲ့ပြီး ငြိမ်းချမ်းရေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
MNDAA-TNLA-AA တို့သည် မြန်မာအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ(၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ် ဒေသတွင်ရှိသည့် တပ်မတော်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် အင်အား သုံးစတင် တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော် လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
AA-MNDAA-TNLA ခေါင်းဆောင်များကိုတွေ့ရစဉ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရာတွင် နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် ကြိုတင် စည်းကမ်းချက်များ ထားရှိလျှင် အဆင်မပြေနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စည်းကမ်းတော့ နှစ်ဖက်စလုံး ပြောနေကြတာပဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သူ့စည်းကမ်း ဘယ်နှစ်ချက် ၅ ချက်ပြည့်မှ၊ ဟိုဖက်က ဆွေးနွေးမဲ့ဘက်က လူတွေကလည်း ဘာစည်းကမ်းပြည့်မှ အဲဒီ Preconditions(ကြိုတင်သတ်မှတ်ချက်)တွေပါရင် အလုပ်မဖြစ်ဘူး။ ကြိုတင်စည်းကမ်းချက်တွေပါရင် အဲဒါ ညှိနေတာနဲ့ပဲ စကားပြောတဲ့ အဆင့်ကို မရောက်ဘူး။ အဲဒီ ကြိုတင်စည်းကမ်းချက်တွေဆိုတာက တကယ်တော့ ကြားလူကနေရမှာ၊ ဒီစကားပြောမဲ့ ၂ ဖွဲ့က အဲဒီစည်းကမ်းချက် ညှိနေတာနဲ့ ဆိုလိုရင်းရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ကြားလူက ညှိပေးနိုင်တဲ့ အဆင့်ရှိရင်တော့ ကြားအဖွဲ့အစည်းတစ်ခုတော့ ဖော်ပေးရမှာ အဲဒါတစ်ချက်၊ နောက်တစ်ချက်ကတော့ အာမခံချက်ရှိရမယ်။ နေပြည်တော်မှာ သွားဆွေးနွေးရင်တော့ သူများသွားမှာမဟုတ်ဘူး။ ဒါကြောင့် ထိုင်းမှာဆွေးနွေးဖို့ ဒီဇင်ဘာမှာ ထိုင်းမှာဆွေးနွေးဖို့ ဖြစ်လာမလား၊ တရုတ်ကလည်း ပံ့ပိုးမယ်ဆို ထိုင်းကလည်း မီးစိမ်းပြမယ်ဆိုရင် ထိုင်းမှာတော့ ပဏာမ ပွဲဖြစ်နိုင်တာပေါ့ဗျာ”ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
MNDAA၊ AA၊ TNLA တို့သည် NUG လက်အောက်ခံ PDF များအပါအဝင် BPLA၊ BNRA၊ PLA၊ KNDF တို့နှင့်ပူးပေါင်း ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်၍ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင်၊ သပိတ်ကျင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့သည်။
ထို့နောက် ပြင်ဦးလွင်နှင့် မန္တလေးမြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရက ဖိအားပေးလာသဖြင့် ယနေ့အချိန်ထိ တိုက်ခိုက်မှုများ မပြုလုပ်နိုင်သေးဘဲ ဖြစ်နေသည်။
တရုတ်ဝန်ကြီးချုပ် လီချန်ကလည်း တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် လုပ်ဆောင်မှုများကို လက်ခံမည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4055
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ဟိုင်ဂင်ဂါဒင်းဟိုတယ်မှာ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ သဘောထားနှင့် မြန်မာအပေါ် ရပ်တည်ချက်များကို တရုတ်ဝန်ကြီးချုပ် လီချန်က ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ကြောင့် ဝန်ကြီးချုပ်လီချန် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘယ်လိုသဘောများ ပြောကြားခဲ့လဲဆိုတာကို CNI သတင်းဌာနက ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2098
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး(GMS)ကို နိုဝင်ဘာ ၆-၇ ရက်များက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးလျက်ရှိနေသည်။
နစကဥက္ကဋ္ဌသည် နိုဝင်ဘာ ၇ ရက်နေ့မှာ အစည်းအဝေး တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် လီချန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မာဆာဆုဂု အာဆာကာဝါ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြသည်။
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပခဲ့ကြောင်း၊ “နိုင်ငံ့ခေါင်း ဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီး တရုတ်လုပ်ငန်းရှင်များ၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်တို့နှင့် တွေ့ဆုံကာ မြန်မာ့အရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2846
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
တရုတ်နိုင်ငံအတွင်း အခြေပြုပြီး မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ဘူးဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြော ကြားလိုက်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်ဝန်ကြီးချုပ် လီချန်နှင့် ကူမင်းမြို့ရှိ Haigeng Garden Hotel (ဟိုင်ဂင် ဂါဒင်းဟိုတယ်)၌ တွေ့ဆုံ၍ မြန်မာ-တရုတ်အရေး ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု တို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီး အောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ဘူး”ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ပလောင် တပ်ဖွဲ့ (TNLA)၊ ရခိုင်တပ်ဖွဲ့(AA)၊ ကချင်တပ်ဖွဲ့(KIA)တို့က မြန်မာ့တပ်မတော်ကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို သိမ်းပိုက်ခဲ့သည်။
TNLA-AA-MNDAA တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ PDF များ၊ BPLA၊ KNDF၊ PLA တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ လောက်ကိုင်၊ ကုန်ကြမ်း၊ မုံးကိုး၊ ဖောင်ဆိုင်း၊ ချင်းရွှေဟော် တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင်၊ နွားထိုးကြီး၊ သပိတ်ကျင်း စသည့် ဒေသများကို သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်နှင့် UWSA က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားရေး အင်အားစု များက စွပ်စွဲ၍ တရုတ်နိုင်ငံ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များမှာ ပြုလုပ်ခဲ့ သည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “မြန်မာနိုင်ငံ၏အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်”ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
MNDAA-TNLA-AA တို့သည် မြန်မာအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ(၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ် ဒေသတွင်ရှိသည့် တပ်မတော်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် အင်အား သုံးစတင် တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော် လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် လီချန်ကို ပြောကြားခဲ့သည်။
၎င်းက “ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင် မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA -TNLA-AA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက် နိုင်မည်”ဟု ပြောသည်။
နစကသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က လက်နက်ကိုင်နည်းလမ်းဖြင့် မတောင်းဆိုဘဲ နိုင်ငံရေးနည်း လမ်းအရ တွေ့ဆုံဆွေးနွေးရန်၊ ရွေးကောက်ပွဲကနေ တောင်းဆိုရန် လက်နက်ကိုင်အဖွဲ့များနှင့် PDF များကို ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
တရုတ်နိုင်ငံအနေဖြင့် နစကမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က နစကဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3223
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့နှင့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးကြကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဌသည် နိုဝင်ဘာ ၆ ရက်နေ့က ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ HUALUXE Kunming ဟိုတယ်မှာ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Hun Manet တို့နှင့်လည်း Green Lake ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပ မည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်လာသည့် တခြားသော နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေ့ဆုံစဉ်
လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ များနှင့် လက်ရှိ ပကတိ အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံအတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ နှင့် အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါနေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်လိုအပ်သည့် အခြေအနေများကို နစကဥက္ကဌ ချပြ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားအခြေအနေ၊ လူမှုရေး အခြေအနေနှင့် ယဉ်ကျေးမှု အခြေအနေများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1102
CNI News
၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာ ၆
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် ယူနန် ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်နှင့် တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်ရေးကိစ္စ ရပ်များကို ဆွေးနွေးရာ ဘယ်လိုအပြောင်းအလဲများဖြစ်ပေါ် ထူးခြားလာနိုင်သလဲဆိုကာ မေးခွန်းထုတ်လာကြ သည်။
၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ နှစ်ဖက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုမှ အချက်အလက်များအား မြေပြင်တွင် အကောင်အထည် ဖော်နိုင်ပါက အပေါင်းလက္ခဏာ ဆောင်နိုင်မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နယ်နိမိတ်ကပ်နေတဲ့ နိုင်ငံတွေကြားထဲမှာ အထူးသဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးနဲ့ တည်ငြိမ်အေးချမ်း ရေးက သိပ်အရေးကြီးတယ်။ နှစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒါကို ကျော်လွှားရမှာ။ ဆိုလိုတာက တစ်ဖက်တည်းက လုပ်လို့မရဘူး၊ တစ်ဖက်တည်းက သူ့ဘက်ဖြစ်တာပဲ၊ ငါ့ဘက်မှာ ပြဿနာ မရှိဘူးဆိုပြီးနေလို့ တော့မရဘူး။ ဒါကတော့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေကြားမှာ အမြဲတမ်း လှုပ်ရှားရတဲ့ ပြဿနာပဲ၊ ဖြစ်လေ့ ဖြစ်ထ ဒါကိုဖြေရှင်းရမယ်။ တွေ့ဆုံဆွေးနွေးမှုအရတော့ ဒီအချက်တွေက တော်တော်ကောင်းတာ ဖြစ်တဲ့အတွက် ကြောင့် မြေပြင်မှာသာ တကယ်တမ်း အကောင်အထည် ဖော်မယ်ဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေရော၊ ရပ်တန့်နေတဲ့ ကုန်သွယ်ရေး အပိုင်းတွေရော ပြန်ပြီးတော့ ပိုကောင်းလာအောင်ပေါ့၊ လက်နက် ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းသွားမယ်၊ ရပ်တန့်နေတဲ့ ကုန်သွယ်ရေးတွေလည်း ပြန်ပြီးတော့ စနိုင်မယ်ဆိုရင် တော့ အကုန်လုံးကတော့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းစဥ်တွေလို့ မျှော်လင့်လို့ရပါတယ်” ဟုပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်လုပ်ငန်းရှင်များတွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းများ ဖြစ်၍ အစဥ်အမြဲ ယှဥ်တွဲနေထိုင်ရမည် ဖြစ်သောကြောင့် အိမ်နီးချင်းကြားထဲတွင် ရန်သူ သို့မဟုတ် မိတ်ဆွေဟု မြင်၍မရကြောင်း၊ နှစ်ဖက်အကျိုးစီးပွား ဖြစ်စေသော၊ နှစ်ဦးနှစ်ဖက် ကောင်းမွန်သော ရလဒ်များ ဖော်ဆောင်နိုင်သောကြောင့် ယခုတွေ့ဆုံ ဆွေးနွေးမှုသည် အရေးပါ ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားမှု၊ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာ သွင်းကုန်၊ ပို့ကုန် ကဏ္ဍများအား ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သလို စီးပွားရေးအရလည်း ကူးလူးဆက်သွယ်မှုကို ပိုမို အကောင်အထည် ဖော်နိုင်မည်ဟု ၎င်းက ပြောကြားခဲ့ သည်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမူသည် အရေးကြီးသော်လည်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပေါ်လစီတွင် stability (တည်ငြိမ်မှု)သာဖြစ်ပြီး နိုင်ငံရေးအရ အဖြေရှာခြင်း မဟုတ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်−မြန်မာနယ်စပ် အဝင်အထွက်ဂိတ်ကို တွေ့ရစဥ်
၎င်းက “အရေးကြီးပါတယ်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုက တရုတ်ရဲ့ တသက်လုံး တစိုက်မတ်မတ် အော်နေတာပဲ။ တရုတ်ပေါ်လစီမှာက Stability လို့ပဲခေါ်တယ်ဗျ၊ Peace လို့ သူမသုံးဘူး။ တည်ငြိမ်အေးချမ်းမှု ဆိုတာက သူက ငြိမ်းချမ်းရေးကို ပြောတာမဟုတ်ဘူး၊ နိုင်ငံရေးအဖြေရှာတာကို ပြောတာမဟုတ်ဘူး၊ ဘယ်နည်း နဲ့ဖြစ်ဖြစ် တည်ငြိမ်မှုရှိရင်ရပြီ။ Stability နောက်မှာမှ သူ့မူဝါဒ တစ်ခုက Economic Development ပေါ့။ Stable ရှိမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မယ်ပေါ့ဗျာ။ အဲဒီနှစ်ခုကို သူကကိုင်ထားတာ၊ အခု Stable မရှိတော့ စီးပွားရေးက လည်း ကျဆင်းလာပေါ့။ ဒါကြောင့် ဒီအဲဟာကို ပြန်သွားမယ်ဆိုရင်တော့ တရုတ် Policy နဲ့ကိုက်ပါတယ်၊ ယူနန် အနေနဲ့လည်း ကိုက်တယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်များဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော် နှင့် KIA၊ MNDAA၊ TNLA၊ PDF များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်စပ်ဂိတ်များလည်း တရုတ်ဘက်က ပိတ် ထားသည်။
အလားတူ မြန်မာဘက်ကလည်း ထိုင်းနှင့် တရုတ် ကုန်စည်များကို တရားမဝင် ကုန်စည်များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3255
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
မြန်မာ့အရေးနိုင်ငံတကာ အာရုံစိုက်လာရန် လုပ်ဆောင်ဖို့လိုအပ်သလို နိုင်ငံတကာပါဝင်သည့် ယန္တရား (mechanism)တစ်ခုကို ဖော်ဆောင်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNP P)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ် သည်။
ပဒိုစောတာဒိုမူးက “ မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တစ်ကမ္ဘာလုံး လုံခြုံရေးနဲ့ပတ်သက်နေပါတယ်။ ဒီ Scam Business တွေ တရားမဝင် အွန်လိုင်းငွေလိမ်လည်တဲ့ လှုပ်ရှားမှုတွေ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု တွေက တစ်ကမ္ဘာလုံး ပြန့်နေပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လမ်းမကြီးတွေမှာရှိသလို ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာလည်း ရောက်နေပါတယ်။ ဥရောပကိုလည်း ရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြဿနာ က အကြီးကြီးပါ။ အဲဒါကြောင့် ဒါကို High Light လုပ်ပြီးတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်အောင် လုပ်ရမယ့် တာဝန် ကျနော်တို့မှာရှိပါတယ်။ ဒါကို ကျနော်တို့က ဆက်လုပ်မယ်။ အဲဒီနည်းလမ်းကနေ နိုင်ငံတကာပါဝင်တဲ့ mechanism(ယန္တရား)တစ်ခုကနေပြီးတော့ ဒီလမ်းကြောင်းကို လုပ်ခြင်းအားဖြင့် ပိုပြီးတော့ စဉ်ဆက်မပြတ်ဖြစ်တဲ့ နိုင်ငံထူထောင်ရေးလမ်းကြောင်း တည်ဆောက်မှုလမ်းကြောင်းကို ရောက်သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြော သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ် ချ၍ တပ်မတော်က အာဏာရယူခဲ့သည်။
ထို့နောက် NLD ပါတီ ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစု များ၊ လက်နက်ကိုင်များ စုပေါင်း၍ မြန်မာ့တပ်မတော် ဖြုတ်ချရေး နွေဦးတော်လှန်ရေးကို ဖော်ဆောင်လျက်ရှိ သည်။
အဆိုပါ နွေဦးတော်လှန်ရေး ဖော်ဆောင်နေချိန်မှာပဲ အွန်လိုင်းငွေလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်း များ နှိမ်နင်းရေး တရုတ်က မြန်မာအစိုးရကို ဖိအားပေးလာသလို လက်နက်ကိုင်တချို့ကို အသုံးချခဲ့မှုများလည်း ပေါ်ပေါက်ခဲ့သည်။
ဘစ်ရှော့နဲ့ နစကဥက္ကဌကို တွေ့ရစဉ်
ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆ သန်းကျော်ရှိကြောင်း သိရသည်။
နိုင်ငံတကာကလည်း မြန်မာ့တပ်မတော် ခေါင်းဆောင်များ၊ နစကအဖွဲ့ဝင်များ၊ နိုင်ငံတော်ပိုင် ဘဏ်များ၊ မြန်မာ့ တပ်မတော်နှင့်ဆက်စပ်သူများ စသည့် အစုအဖွဲ့နှင့် လူပုဂ္ဂိုလ်များကို စီးပွားရေးပိတ်ဆို့ထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် Burma Ace ဆိုသော ဥပဒေကို ပြဌာန်းကာ အတိုက်အခံများကို ငွေကြေး ထောက်ပံ့ပေးလျက်ရှိသလို ဥရောပနှင့် တခြားသော နိုင်ငံတကာများကတော့ နစကနှင့်မြန်မာ့တပ်မတော်ကို မဆက်ဆံရေး မူဝါဒများ ချမှတ်ကာ ဖိအားပေးလျက်ရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စစ်ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလက လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာဦးဆောင်သည့် နိုင်ငံတကာပါဝင်သော လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် ကုလညီလာခံမှာ ပြောကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2562
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်သည့် ခရီးစဉ်တွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် အပါအဝင် ယူနန်နည်းပညာကောလိပ်တို့ကို သွားရောက်၍ လေ့လာခဲ့ကြောင်း သိရသည်။
နစကဥက္ကဌသို့ တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီကျော်တွင် နေပြည်တော်မှ MAI လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးနောက် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲတမ်း ကော်မတီအဖွဲဝင် Mr. Yang Yalin မှ ကြိုဆိုခဲ့သည်။
ထို့နောက် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်(Mr.Wang Ning)နှင့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ဆုံကြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နစကဥက္ကဌကို ကြိုဆိုနေကြစဉ်
အလားတူ ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းကို ဆွေးနွေးကြသည်။
အလားတူ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။