- By CNI
- Category: နိုင်ငံရေး
- Hits: 927
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
မြန်မာနိုင်ငံ ပိုင်နက်နယ်မြေများကို အိန္ဒိယလွှတ်တော်အမတ်များက တောင်းဆိုနေမှုများကို အိန္ဒိယဗဟိုအစိုးရက လိုအပ်သလို ထိန်းကြောင်းတည့်မတ်ပေးရန် လိုအပ်ကြောင်း မြန်မာအစိုးရဘက်က CNI သတင်းဌာနသို့ ပြော သည်။
မီဇိုရမ်ပြည်နယ်၊ မီဇိုအမျိုးသားတပ်ဦး (MNF)ပါတီမှ အထက်လွှတ်တော်အမတ်ဖြစ်သည့် Mr. K. Vanlalvena သည် ၂၀၂၅ ခုနှစ်၊ မတ်လက မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်သို့ လာရောက်၍ ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လက ကျင်းပသည့် အိန္ဒိယအထက်လွှတ်တော် အစည်းအဝေးတွင် မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးကလည်း ကဘော်ချိုင့်ဝှမ်း(ကလေး-တမူး)ကို အိန္ဒိယနှင့်ပေါင်းစည်းရေး ဆွေးနွေးခဲ့သည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားဝင် ဆွေးနွေးတိုင်းတာ အတည်ပြုပြီး ဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်ကိစ္စများ ဖြစ်ကြောင်း၊ ၎င်းကို မဏိပူရပြည်နယ်မှ အချို့သော နိုင်ငံရေးပါတီ များနှင့် လွှတ်တော်အမတ်များသည် ၎င်းတို့၏၏ နိုင်ငံရေးမဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏ ပြောဆို နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိနေရကြောင်း မြန်မာအစိုးရက CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်လွှတ်တော်အမတ် Mr. K. Vanlalvena နဲ့ CNF တပ်ဖွဲ့ကို တွေ့ရစဉ်
၂၀၁၁ ခုနှစ်က မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားက ကဘော်ချိုင့်ဝှမ်းကို မဏိပူရက ပိုင်သင့် ကြောင်း ပြောခဲ့သလို ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း အဆိုပါ ပါတီကပင် ၎င်းတို့ပါတီကို မဲပေးလျှင် ကဘော်ချိုင့် ဝှမ်းကို ပြန်တောင်းပေးမည်ဟု မဲဆွယ်ခဲ့ကြောင်း၊ ယခုတွင်လည်း BJP ပါတီ၏ မဏိပူရပြည်နယ် ပါလီမန် လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းသည် မဖြစ်သင့် သည့်ကိစ္စဖြစ်ကြောင်း မြန်မာအစိုးရက ပြောသည်။
မြန်မာအစိုးရက “အိန္ဒိယနိုင်ငံက တာဝန်ရှီသူများ အနေနှင့် နိုင်ငံတော်အဆင့် သဘောတူဆောင်ရွက်နေသော ကိစ္စများကို ပြည်နယ်တစ်ခု၊ ပါတီတစ်ခုက ဖျက်လိုဖျက်ဆီး ပြောဆိုနေမှုများကို လိုအပ်သလို ထိန်းကြောင်း တည့်မတ်ပေးရန် လိုအပ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သလို လက်ရှိ တွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများဖြစ်ပါသည်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တည်ရှိသော အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးများကို မြန်မာ နိုင်ငံဘက်က အမြဲရပ်တည် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် ပြုမူပြောဆိုမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း မြန်မာအစိုးရက ပြောကြားခဲ့သည်။

CNI သတင်းဌာန၏ မေးမြန်းချက်ကို မြန်မာအစိုးရက ဖြေကြားထားစဉ်
လက်ရှိတွင် မြန်မာ-အိန္ဒိယနယ်စပ်၌ရှိသော ချင်းပြည်နယ် အပါအင် ကဘော်ချိုင့်ဝှမ်း (တမူး-ကလေး)ဒေသ၌ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် နယ်မြေအတွင်း မတည်မငြိမ်ဖြစ်ပေါ်ကာ တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကို အခွင့်ကောင်းယူ၍ အိန္ဒိယလွှတ်တော်အမတ်များက နယ်မြေသိမ်းပိုက်ရေး စည်းရုံးမှုလုပ်လာနေခြင်းဖြစ်နိုင်သည် ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ အိန္ဒိယလွှတ်တော်အမတ်များ၏ နယ်မြေသိမ်းပိုက်ရေး စည်းရုံးမှုများက အိန္ဒိယဗဟိုအစိုးရ၏ သဘောထား ပါ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ အိန္ဒိယဗဟိုအစိုးရကလည်း လွှတ်တော် အမတ်များ၏ လုပ်ဆောင်နေမှုကို ရှင်းရှင်းလင်းလင်း ထိန်းကြောင်းရန် လိုအပ်ကြောင်း၊ ထိုမှသာ မြန်မာ ပြည်သူလူထုက အိန္ဒိယနိုင်ငံအပေါ် အမြင်ရှင်းလင်းနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 928
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခုသတ်မှတ်ပေးရန် ဆွေးနွေးတောင်းဆိုမှုကို မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ကြောင်း နစက,က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ Hotel Westin တွင် တရုတ်ကွန်မြူနစ်ပါတီ(CCP)မှ ကိုယ်စားလှယ်များနှင့် ဂျာမားအိစ်အစ္စလာမစ်(Jamaat-e-Islami)ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် Dr.Syed Abdulla h Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဥ် ဘင်္ဂါလီများအတွက် သီးခြားလွတ်လပ် သည့် နယ်မြေ သတ်မှတ်နိုင်ရေး တရုတ်က ထောက်ခံတိုက်တွန်းပေးရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
နစက,က “Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့မှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း ပြောကြားလိုပါသည်”ဟု ပြောသည်။

တရုတ် CCP ပါတီမှ ကိုယ်စားလှယ်များနဲ့ Jamaat-e-Islami ပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် ဘင်္ဂါလီများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်ထောက်ပံ့ရေး အစီအစဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း နစက,က CNI သတင်းဌာန သို့ ပြောသည်။
နစက,က “မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင် စိစစ်ပြီး ပြန်လည် လက်ခံမည်ဆို သည့် အခြေခံ မူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံတကာသံတမန် များသို့လည်း ရှင်းလင်းပြသပြီးဖြစ်သည်”ဟု ပြောသည်။
လတ်တလောတွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘင်္ဂါလီဒုက္ခသည် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း)ကို ပြန် လည် လက်ခံရန် သဘောတူညီထားသည်။
ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံထူထောင်ပြီး ဘင်္ဂါလီများအတွက် လွတ်လပ်သည့် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ် နိုင်ရေး တရုတ်က တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည့် Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေး အခြေခံ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
အဆိုပါ နိုင်ငံရေးပါတီသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရလက်ထက်က တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ဝင်ခွင့်မရဘဲ ပိတ်ပင်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်များ နေထိုင်တဲ့ ဒေသကို ပြသထားစဉ်
ရှိတ်ဟာစီနာ အစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ဖြုတ်ချခံခဲ့ရပြီးနောက် အမေရိကန်လိုလားသူ မိုဟာမက် ယူနွတ် ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့လက်ထက် တက်လာပြီးနောက် Jamaat-e-Islami ပါတီအား စွဲဆိုထားသော အမှုများကို ရုတ်သိမ်းပေးကာ ပါတီထူထောင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သည်။
ဘင်္ဂါလီလူမျိုးများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော်၊ ရသေ့တောင်မြို့နယ် များကို စုစည်းပြီး လွတ်မြောက်နယ်မြေအဖြစ် ရရှိအောင် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား လည်းကောင်း၊ ဘင်္ဂါလီ လူမျိုးများအရေး လှုပ်ရှားနေသည့် လက်နက်ကိုင်များဖြစ်သော ARSA၊ RSO၊ ARA တို့နှင့် AA ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1070
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များအတွက် သီးခြား လွတ်လပ်သည့် ကိုယ်ပိုင်နယ်မြေ ဖြစ်ပေါ် လာရေး ဘင်္ဂလားဒေ့ရှ်ဘက်မှ ထုတ်ပြောလာမှုအပေါ် နစကဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ အင်အားကြီးပါတီ ဂျာမားအိစ်အစ္စလာမစ်ပါတီ(Jamaat-e-Islami)တို့ တွေ့ဆုံစဉ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်က ထိုကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး ဟူ၍မရှိဘဲ ဘင်္ဂါလီ လူမျိုးသာရှိကြောင်း မြန်မာအာဏာပိုင်များမှ တရားဝင် ထုတ်ဖော်ပြောကြားထားကာ ထိုလူမျိုးတို့၏ အသုံးအနှုန်းကိစ္စ၌ပင် အများအပြား ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များကို တွေ့ရစဉ်
၎င်းက “ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတော့ ဒါကတော့ လက်ရှိမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ရဲ့ အကူးအပြောင်းကာလမှာ တာဝန်ယူထားတာ ဖြစ်တယ်။ အထွေထွေရွေးကောက်ပွဲလည်း လုပ်ရ မယ်။ ဘယ်လိုပဲပြောပြော တာဝန်ရှိသူ အစိုးရတစ်ရပ် အနေနဲ့ကတော့ ဒါကနဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် တစ်ခုလောက်တော့ လုပ်သင့်တယ်လို့ မြင်တယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ပေါ့။ ဆိုလိုတာက ဒါနဲ့ ပတ်သက်ပြီး သဘောထား စတင်ထုတ်ပြောလာတဲ့ ဘင်္ဂလားတချို့ကို ကန့်ကွက်မှာလား။ ဒါနဲ့ပတ်သက်ပြီး မြန်မာရဲ့သဘောထားက ဘယ်လိုရှိလဲ။ ဆိုလိုတာက သံတမန်နည်းလမ်းအရ သူ့ဘက်က ဒါနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိကြောင်းတော့ ထုတ်ပြန်သင့်တယ်လို့ထင်တယ်။ ဒီစကားအသုံးအနှုန်း ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ စဉ်းစားရမှာပေါ့လေ။ ဘာမှမဟုတ်ဘူး ဒီဟာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး သူတို့ဒါမျိုးအကြံပြုတဲ့ ကိစ္စမျိုးက မြန်မာ့ပြည်တွင်းရေးနဲ့ တိုက်ရိုက် ချိတ်ဆက်တာမျိုး၊ ဆိုလိုတာက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုး ရောက်တာ မျိုးတော့ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးတော့ သဘောထား ထုတ်ပြောရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မွတ်ဆလင်ဒုက္ခသည် (၁)သန်းကျော်ကို လက်ခံထားရကြောင်း၊ ၎င်းတို့အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ ကူညီပေးရုံဖြင့် မွတ်ဆလင်ဒုက္ခသည်အရေး ပြေလည်နိုင်စရာမရှိကြောင်း၊ ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်ပြည်နယ်အတွင်း သတ်မှတ်ပေးကာပြန်လည်နေရာ ချထားပေးခြင်းသည် အဖြေမှန် ဖြစ်ကြောင်း ဂျာမားအိစ်အစ္စလာမစ်ပါတီမှ အကြီးအကဲ မိုဟာမက် တာဟေရ်က ပြောထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏ အမိမြေကို အခြားတိုင်းတစ်ပါးထံ တစ်လက်မမျှ ပေးချင်စိတ်ရှိမည် မဟုတ် ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။

ကုလအတွင်းရေးမှူးချုပ် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းရောက်လာစဉ်
၎င်းက “ဒီကိစ္စက ကျနော်တို့ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ခဲ့တဲ့ကိစ္စ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းစစ်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြည်သူလူထုတွေ စစ်ဘေးရှောင်ပြီးတော့မှ ကျနော်တို့ မြန်မာနိုင်ငံကို ဦးနေဝင်း လက်ထက်မှာ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ဘေးရှောင်လာကြတဲ့ သာဓကတွေလည်း ရှိတယ်။ နဂါးမင်း စစ်ဆင်ရေးမှာလည်း ဥပဒေနဲ့မညီညွတ်တဲ့ ပြည်သူတွေက သူတို့ကို အရေးယူ ခံရမှာကြောက်ပြီးတော့ အကြိမ်ကြိမ်အခါခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးပြီးမှ နိုင်ငံရေးနည်းအရ စေ့စပ်ညှိနှိုင်းပြီးတော့မှ အကောင်း ဆုံး ဖြေရှင်းကြတဲ့ အကြိမ်အရေအတွက် တော်တော်များများ ရှိပါတယ်။ အခုတစ်ခါလည်း အခုဖြစ်နေတဲ့ နောက်ဆုံး အချိန်မှာလည်း ဒီနည်းအတိုင်းပဲ နိုင်ငံရေးနည်းအရ ပြန်လက်ခံလိုက်တဲ့ လူတွေကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံမှ တိကျစွာပြဋ္ဌာန်းထားတဲ့ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပြီးတော့မှ လက်ခံနိုင်တဲ့ အခြေအနေမှာ ထိုက်သင့်တဲ့ လက်ခံသင့်တဲ့လူတွေကို လက်ခံလိုက်ရင် ဒီပြဿနာ ပြေလည်သွားမယ်လို့ထင်ပါတယ်” ဟု ပြော သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မွတ်ဆလင် များ နေထိုင်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့ကို AA က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးတွင် AA နှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောဆိုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 877
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
နွေဦးတော်လှန်ရေးတွင် မည်သည့်အချက်မှ နစ်နာခြင်းမရှိဘဲ အကျိုးအမြတ် အရှိဆုံး အဖွဲ့အစည်းသည် မြန်မာ့ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများမဟုတ်ဘဲ “ဝ” သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ဝ”အဖွဲ့သည် ဟိုဘက်ဒီဘက်ရပ်ကာ ရသမျှ ယူနေခြင်းဖြစ်ကြောင်း၊ တရုတ်မီးစိမ်းပြသမျှ၊ တရုတ်ခွင့်ပြုသမျှ အကုန်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကြီးမြင့်က “ “ဝ” ကလည်း သိတဲ့အတိုင်းပဲ ဟိုဘက်ဒီဘက်ရပ်ပြီးတော့ သူရသမျှကို ယူနေတာပဲ၊ သူတော်တော် တော်တယ်၊ ဒါပေမယ့် တရုတ်အစီအမံလားတော့ မပြောတတ်ဘူး၊ တော်တော် တော်တယ် “ဝ” ကတော့ ဘာမှ မတိုက်ရဘဲနဲ့ သူတို့လိုချင်တာတွေ ရနေတယ်၊ နွေဦးတော်လှန်ရေးမှာကတော့ ဘာမှမနစ်နာဘဲနဲ့ အောင်ပွဲတွေ ရပြီး အဆင်ပြေနေတာကတော့ စကစလည်း မဟုတ်ဘူး၊ ကျန်တဲ့အဖွဲ့အစည်းတွေလည်း ဒီလောက်မဟုတ်ဘူး၊ “ဝ” ပဲ။ “ဝ” ကတော့ ရသမျှ အကုန်ယူမှာပဲနော်၊ သူကလည်း တရုတ်မီးစိမ်းပြသလောက်၊ ခွင့်ပြုသလောက်ပေါ့ ရသမျှ အကုန်ယူမှာပဲ၊ တရုတ်ကလည်း သူ့ကိုပေးမှာပဲ၊ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ Self-States လေးတွေပေါ့၊ တရုတ်ငွေသုံးတယ်၊ တရုတ်စကားပြောတယ်၊ တရုတ်အသံလွှင့်ရင် ဟိုဟာ(လွှင့်တာ)လုပ်တယ်၊ အားလုံး တရုတ် လက်နက်သုံးတယ်၊ အားလုံးထွက်သမျှကုန်တွေ ဘိန်းဖြူကအစ အကုန်လုံးက၊ အင်မတန်တန်ဖိုးရှိတဲ့ သတ္ထုတွေ သူတို့ရှိမှာလည်း ရှိတယ်၊ အဲဒါလည်း အကုန်တရုတ်သွားတာပဲ။ တို့က “ဝ” ကို စဥ်းစားတဲ့အခါမှာ Self-States လေးတွေနဲ့ပဲ စဥ်းစားလေ့ရှိတယ်၊ ဘာမှရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး” ဟု ပြောသည်။
AA၊ MNDAA၊ TNLA တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့သိမ်းတိုက်ပွဲများ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ရာမှာ UWSA သည် စစ်ဆင်ရေးမှာမပါဝင်ဘဲ ဟိုပန်နှင့် ပန်လုံမြို့ ၂ မြို့ကို လက်ခံထိန်းချုပ်ခွင့်ရရှိခဲ့သည်။

UWSA နှင့် MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ကြောင့် “ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးထားသော နယ်မြေများကို အလုံးစုံ အုပ်ချုပ်ခွင့်ရရှိသွားပြီ ဖြစ်သည်။
အလားတူ UWSA သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော လက်နက်ကိုင်အင်အားစုများကို လက်နက် ခဲယမ်းများ ရောင်းချပေးခြင်းဖြင့်လည်း စီးပွားရေးအကျိုးအမြတ်များ ရရှိနေသလို ၎င်း၏နယ်မြေကို မြန်မာ့တပ်မ တော်က စစ်ရေးအရ ဖိအားပေးမလာနိုင်အောင်လည်း တခြားသော တော်လှန်ရေးအင်အားစုများကို အသုံးချ၍ ကာကွယ်ထားနိုင်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်အနေဖြင့် “ဝ”ကို စစ်ဆင်ရေးများ စတင်ကတည်းကပင် တဆင့်ခံ အသုံးပြုလာခြင်းဖြစ်ကြောင်း၊ ဗမာ့ပြည်တွင်းရေးတွင် “ဝ” ၏ ထုတ်ဖော်ပြောဆိုမှုများသည် တရုတ်၏ ပေါ်လစီများ ဖြစ်နိုင်သောကြောင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ “ဝ” က အက္ခရာပါပဲ။ မြောက်ပိုင်းမှာ တရုတ်၊ ယူနန်ပေါ့ဗျာ ယူနန်နဲ့ နယ်စပ်စပ်တဲ့အပေါ်မှာ တရုတ်ရဲ့ နိုင်ငံရေးသြဇာရော၊ စစ်ရေးသြဇာရော ပါလာတဲ့အခါကျတော့ အဲဒီပါလာတာက တိုက်ရိုက်ထက်ကို “ဝ” ကို တဆင့်ခံပြီးတော့ အသုံးပြုတာတွေ များတာပေါ့၊ ဒီစစ်ဆင်ရေးတွေ စထဲကိုက။ ဒါကြောင့် “ဝ” ကိုအသုံးပြုပြီး တော့ စစ်ဆင်ရေးတွေမှာ “ဝ” ကို တဆင့်ခံ ထားတာတွေ့ရတော့ ဒီဗမာပြည်အတွင်းရေးမှာကျတော့ တရုတ်က “ဝ” ပဲဆိုတဲ့ သဘောမျိုးလောက် ဖြစ်သွားတာပေါ့ဗျာ၊ ပြောတာ၊ ဆိုတာ၊ လုပ်တာတွေက။ ဒါကြောင့် “ဝ” ရဲ့ ထုတ်ဖော်ပြောဆိုတဲ့ အချက်အလက်တွေက ကျနော်တို့ သတိထားပြီးတော့ စောင့်ကြည့်ရမှာပေါ့ဗျာ၊ ဒါက အားလုံးက တရုတ်ရဲ့ ပေါ်လစီတွေပဲ ဖြစ်ကောင်းဖြစ်မှာပေါ့ အဲဒီလိုပါ၊ အဲဒါတော့ “ဝ” က ဗမာပြည်အရေးမှာ ပိုပြီးတော့ အရေးပါလာတဲ့သဘော၊ နောက်ပြီးတော့ သူတို့ကိုယ်တိုင်လည်း ကျနော်တို့ တန့်ယန်းတို့ ဘာတို့ကို ဝင်ရောက် ထိန်းသိမ်းပြီးတော့ ပူးတွဲနေထိုင်တဲ့ဟာတွေ တွေ့ရတဲ့အခါကျတော့ နောက်ဆုံး ခေတ်စားနေတာက ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ဖို့ လုပ်လာမယ်လို့ ယူဆပါတယ်” ဟု ပြော သည်။

ဟိုပန်နဲ့ပန်လုံ ချုပ်ရေး UWSA က လွှဲပြောင်းရယူနေစဉ်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းမှာတော့ ကိုးကန့်တပ်ဖွဲ့ MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ့အရေး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကမူ ကိုးကန့် အထူးဒေသ(၁)ကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။
ထို့ပြင် လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးရေး လုပ်ငန်းစဥ်နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျန်ရှိနေ သည့် ဒေသများအတွက် တရုတ်က သူ့အစား “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ကို ကြားဝင်ခိုင်း လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ထို့ပြင် လားရှိုးသဘောတူညီချက် ၇ ချက်တွင် TNLA နှင့် ပတ်သက်၍ “ဝ” က တာဝန်ယူ ကိုင်တွယ်ရမည်ဟု ပါရှိသောကြောင့် “ဝ”မှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်နိုင်ငံကတော့ ကူမင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များအား တွန်းအားပေး ရှေ့ဆက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခများချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးရရှိဖို့ အပါအဝင် တရုတ် - မြန်မာနယ်စပ် တည်ငြိမ်ရေး အတွက်လည်း အရှိန်မြှင့်ဆောင်ရွက်မည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကုန်ကျားကူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိအင်အားဖြင့် ကြိုးပမ်းသွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် UWSA က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 756
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေး မဖော်ဆောင်တော့ပါက လက်ရှိတော်လှန်ရေးတွင် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက် ထားသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကမူ ကိုးကန့်အထူးဒေသ(၁)ကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။
အလားတူ TNLA အနေဖြင့်လည်း “ဝ” မှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ထိုကဲ့သို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းများသည် လက်နက်ကိုင် တော်လှန်ရေးအား မဖော်ဆောင်တော့ ဘဲ ရပ်လိုက်မည်ဆိုပါက လက်ရှိသွားနေသည့် တော်လှန်ရေးလမ်းကြောင်းတွင် တစ်စုံတစ်ရာ အကျိုးသက်ရောက် မှု ရှိနိုင်ကြောင်း 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။

MNDAA-AA-TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “လက်ရှိ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ တော်လှန်ရေးတိုက်ပွဲ ဖော်ဆောင်မှုတွေက အများကြီးရှိတယ်၊ အဲဒီအများကြီး ရှိတဲ့အထဲမှာ သူ့ဟာနဲ့သူတော့ ပတ်သက်ဆက်နွယ်မှုက အနည်းနဲ့ အများရှိပေမယ့် တစ်စုတစ်စည်းတည်း လုပ်နိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာဖို့ကတော့ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာက ပကတိအရှိတရားပါ၊ TNLA တို့ “ဝ” တို့ဆိုတာက ကျနော်တို့လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာဆိုရင်တော့ အင်အားအားဖြင့်သော်လည်းကောင်း၊ အခြေအနေအရ သော်လည်း ကောင်း တော်တော်လေး ခြေတံလက်တံ ရှည်တဲ့ကာလ တစ်ခုအောက်မှာ သူတို့အနေနဲ့ အဲဒီလိုမျိုး လက်နက်ကိုင် တော်လှန်ရေးကို မဖော်ဆောင်တော့ဘူး၊ ရပ်လိုက်တယ်ဆိုတာကတော့ လက်ရှိလုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအတွက်ကတော့ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုတော့ ရှိမှာပါ၊ ရှိလည်းရှိနေမယ်လို့တော့ မျှော်လင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာကတော့ ကျနော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့ ပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း အောက်မှာကတော့ တိုက်ပွဲတွေကလည်း တချို့နေရာတွေမှာ ဆက်ရှိနေမယ် ဆိုတာကိုတော့ ရှောင်လွှဲလို့မရဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒါကအားနည်းသွားတာလား၊ အားလျော့သွားတာလား ဆိုတာကတော့ ပကတိရှိနေတဲ့ အခြေအနေအရကတော့ သက်ဆိုင်သူတွေရဲ့ အဖွဲ့အစည်း အသီးသီးမှာကတော့ အမြင်တွေ၊ ရှုထောင့်တွေ အမျိုးမျိုး ရှိမယ်ထင်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် (TNLA-MNDAA-AA) တို့သည် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။
ထို့အတူ မြန်မာ့တပ်မတော်ကလည်း ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားခြင်းကို ဧပြီ ၃၀ ရက်အထိ ထပ်မံ သတ်တမ်းတိုးခဲ့သည်။
တော်လှန်ရေးအားနည်းခြင်း၊ အားမနည်းခြင်းသည် ပြည်မကြီးအပေါ်တွင်သာ မူတည်ကြောင်း၊ NUG ခေါင်းဆောင် များအနေဖြင့် ရုန်းထနိုင်ပါက မြန်မြန်လွတ်မြောက်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

KIA/PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “တော်လှန်ရေးအတွက် အားနည်းတယ်၊ အားမနည်းဘူးဆိုတာကတော့ တို့ပြည်မကြီးပေါ်မှာ မူတည် တာပဲ၊ ပြည်မကြီးက လူဦးရေ ၃၆ သန်းရှိတယ်လေ၊ အဲဒီအပေါ်မှာ မူတည်တာလေ၊ ကျန်တဲ့လူတွေက ၈ သိန်းတို့၊ ၁ သန်းတို့၊ ၂ သန်းတို့ ဒီလောက်ပဲ အလွန်ဆုံးမှ ရခိုင်ဆို ၃ သန်းလောက်ပဲ ရှိတာပဲ၊ တို့အပေါ်မှာ မူတည်တာ ကျန်တဲ့ဟာတွေက တရုတ်မီးစိမ်းပြထားလို့ သူတို့ကလည်း ကြိုးစားလို့ သူတို့တွေက ရုန်းထနိုင်တာလေ၊ တို့ပြည်မ ကြီး NUG ပေါ့ ခေါင်းဆောင်တွေ၊ NUG ရုန်းထနိုင်ရင် တို့နိုင်ငံ မြန်မြန်လွတ်မြောက်မယ်၊ မရုန်းထနိုင်ရင် မလွတ် မြောက်ဘူး၊ အဲဒီအပေါ်မှာပဲ မူတည်တယ် ကျန်တဲ့ဟာတွေကို အရံပေါ့” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ကြီးမားသည့် တော်လှန်ရေး အလှည့်အပြောင်း ဖြစ်ပြီး တော်လှန်ရေးအောင်ရန် ပိုမိုကြိုးစားသွားမည်ဟု NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်းမှာ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများကို ထိန်းချုပ်ထားသည်။
အလားတူ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သီပေါ၊ မိုးမိတ်၊ မဘိမ်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို ထိန်းချုပ်ထားသည်။
ထို့နောက် MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကွတ်ခိုင်တို့ကို ထိန်းချုပ်ထားသည်။
ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ် ရေးမြို့ လွယ်ဂျယ်မြို့တို့ကို ထိန်းချုပ်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရွှေပြည်အေး၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ခမ်းပတ် မြို့မျာကိုလည်း KIA-PDF တို့က ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1136
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ် လာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ အင်အားကြီးပါတီ ဂျာမားတီး အီစ် အစ္စစ်ဆလမ်မစ်(Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ(CPC)မှ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် မွတ်ဆလင် ဒုက္ခသည် အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကာ ရခိုင်ပြည်နယ်အတွင်း သီးခြားလွတ်လပ်သည့် ကိုယ်ပိုင်ပြည်နယ်တစ်ခုကို မွတ်ဆလင် ဒုက္ခသည်တွေအတွက် ထူထောင်ပေးရန် ပါဝင်ကြောင်း သိရသည်။
ထိုသို့ ပြောဆိုမှုသည် နိုင်ငံရေးစကား တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျော်လွန် ကာ ပြောဆိုလာခြင်း ဖြစ်သည့်အတွက် လက်ခံ၍မရကြောင်း၊ မြန်မာနိုင်ငံ၏ နယ်နိမိတ် သတ်မှတ်မှုများသည် အခြေခံဥပဒေအတိုင်းသာ သွားရမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ် CCP ပါတီမှ ကိုယ်စားလှယ်များနဲ့ Jamaat-e-Islami ပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်
၎င်းက “သာမန်အားဖြင့် ကြည့်ရင်တော့ နိုင်ငံရေးအရကြည့်ရင်တော့ ဒါနိုင်ငံရေးစကားတစ်ခု ပြောလိုက်တာပေါ့။ ဒါက ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံရေးလုပ်ငန်း လုပ်တယ်ဆိုပေမယ့် တကယ်တမ်းက ဒီဥစ္စာက ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျော်ပြီးတော့ အလုပ်လာလုပ်သလို ဖြစ်နေတယ်။ ဒါကတော့ လက်ခံလို့မရဘူး။ နိုင်ငံရေးအရ သူတို့ပြောတာကတော့ တစ်ကဏ္ဍပဲ တစ်ပိုင်းပဲ။ သို့သော် ဒါသည် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သူတို့ဝင်ပြီးတော့ ဒါမျိုးစွက်ဖက်ဖို့၊ ပြုပြင်ဖို့၊ ပြောင်းလဲဖို့၊ ဆိုလိုတာကတော့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် အပိုင်းအခြားနဲ့ ဘယ်လိုသတ်မှတ်ရမယ်၊ ဘယ်လိုခွဲဝေရမယ်ဆိုတာ ကျနော်တို့ အခြေခံဥပဒေ အတိုင်း ပဲ သွားရမှာဖြစ်တယ်။ ဒါကတော့ သူတို့နိုင်ငံရေးစကားအရ ဘာကိုလိုချင်လို့ ဒီမှာထုတ်ပြောလိုက်လည်းတော့ ကျနော်တို့ မှန်းလို့မရဘူး။ ပုံစံကြည့်ရတာတော့ အထူးသဖြင့် ယူနွတ် တက်လာပြီး အနောက်နဲ့ သိပ်ယိမ်းတဲ့ အချိန်မှာလည်း အနောက်ပုံစံအရ၊ အနောက်အလိုကျ ပြောတဲ့စကားရပ်မျိုး ထုတ်ပြောတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးတာက အဲဒီနေရာမှာ သွားတွေ့တဲ့ တရုတ်အဖွဲ့က ဘယ်လို reply ပြန်ခဲ့လဲ။ သူတို့ ဘယ်လို ဆက်အလုပ်လုပ်မလဲပေါ့ ဒါကတော့ စောင့်ကြည့်ဖို့ လိုအပ်တယ်။ သေချာတကတော့ ကျနော်တို့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ နယ်မြေဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်တို့၊ သတ်မှတ်တာ တို့ ဘာညာ အကုန်လုံးသည် အခြေခံဥပဒေအတိုင်းပဲ သွားရမှာဖြစ်တဲ့အတွက် ဒါကတော့ နိုင်ငံ့အတွက် ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။
ဂျာမားတီး အီစ် အစ္စစ်ဆလမ်မစ်ပါတီမှ အကြီးအကဲ တစ်ဦးဖြစ်သည့် မိုဟာမက် တာဟေရ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခင်းအကျင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မွတ်ဆလင်ဒုက္ခသည် (၁)သန်းကျော်ကို လက်ခံထားရကြောင်း၊ ၎င်းတို့ အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ ကူညီပေးရုံဖြင့် မွတ်ဆလင်ဒုက္ခသည်အရေး ပြေလည်နိုင်စရာ မရှိ ကြောင်း၊ ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်ပြည်နယ်အတွင်း သတ်မှတ်ပေးကာ ပြန်လည်နေရာ ချထားပေးခြင်းသည် အဖြေမှန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု Business Standard က ဖော်ပြခဲ့သည်။
ရခိုင်မြောက်ပိုင်းဒေသ၌ မွတ်ဆလင် ဒုက္ခသည်များအတွက် သီးခြားနယ်မြေ ထူထောင်ရန်ကို ယခုမှ တောင်းဆို လာခြင်းမဟုတ်ဘဲ ဗြိတိသျှကိုလိုနီ လက်အောက်မှာကတည်းက မောင်တောခရိုင်ကိုရရှိရေး မွတ်ဆလင်များ တစ်စိုက်မတ်မတ် ကြိုးစားလာခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ တောင်းဆိုမှုအပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားများသာမက မြန်မာနိုင်ငံတစ်ခုလုံးရှိ ပြည်သူလူထု အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးထွန်းအောင်ကျော်က “၁၉၄၂ ခုနှစ်မှာ ပိုပြီး ဆိုးရွားတယ်။ အင်္ဂလိပ်တွေ အိန္ဒိယကို ထွက်ပြေးတဲ့အခါ သူတို့ရဲ့ နောက်ကျောလုံဖို့အတွက် ရခိုင်ပြည်ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ဘူးသီးတောင်ခရိုင်၊ မောင်တောခရိုင်မှာရှိတဲ့ ဘင်္ဂါလီတွေကို အဲဒီ ဒုတိယကမ္ဘာစစ်မှာ အကောင်းဆုံး လက်နက်တွေ ပေးခဲ့တယ်။ အဲဒီမှာပဲ မောင်တောခရိုင်မှာ လူဦးရေ ၃ သောင်းကျော် ဘင်္ဂါလီလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုနဲ့ ရခိုင်တိုင်းရင်းသား လူဦးရေ ၃ သောင်း ကျော်နဲ့ ကျေးရွာပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အသတ်ခံရတဲ့ သမိုင်းက အထင်အရှားရှိနေပါတယ်။ အဲဒီ ကတည်းက သီးခြား ဘင်္ဂါလီနယ်မြေထူထောင်ဖို့ ကြိုးစားလာကြတာ။ အခုထိလည်း သမိုင်းအမျိုးမျိုးကို အဖြစ်မှန် နဲ့ ကင်းကွာပြီးတော့မှ ပြောဆိုမှုကို မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပေးကိုပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ လုပ်ချလာတာတော့ အဲဒါက မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက မြန်မာနိုင်ငံမှာ သူတို့ပြောနေတဲ့ so called ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဘူးဆိုတာ မြန်မာ တစ်ပြည်လုံးက ပြည်သူတွေ အားလုံးပြတ်ပြတ်သားသား၊ မြန်မာနိုင်ငံမှာ တာဝန်ရှိတဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေ ကရော၊ လွှတ်တော် အဆင့်ဆင့်ကရော၊ တိုင်းရင်းသားလူမျိုး အားလုံးကရော တစ်ပြိုင်နက်တည်း ငြင်းပယ် ပယ်ချ ထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့် သီးခြားနယ်မြေ ထူထောင်နိုင်ဖို့ အတွက်ကတော့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်များ နေထိုင်တဲ့ ဒေသကို ပြသထားစဉ်
ပြီးခဲ့သည့် မတ်လက ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိနေသည့် မွတ်ဆလင် ဒုက္ခသည်များအား ၂၀၂၆ ခုနှစ်တွင် နေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု ကတိပြု ပြောကြားထားခြင်းရှိသည်။
ထို့ပြင် ၎င်းက မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးနှင့် နေထိုင်ရေးများအတွက် ရခိုင်ပြည်နယ်အတွင်း ဘေးကင်းဇုန်တစ်ခု ရှိရမည်ဟုလည်း ပြောဆိုထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BIMSTEC အစည်းအဝေးသို့ နစကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ခဲ့စဉ်ကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ မိုဟာမက်ယူနွတ်၏ အထူး ကိုယ်စားလှယ်တို့သည် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးမှုတွင် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုမှု ရထားသည့် မွတ်ဆလင်ဦးရေ တစ်သိန်း ရှစ်သောင်းကိုသာ ဦးစွာပထမ လက်ခံမည်ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုထားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မွတ်ဆလင် များ နေထိုင်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့ကို AA က ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 965
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
အိန္ဒိယနိုင်ငံ၊ အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ လောင်ဒင်း (Longding) ခရိုင်၊ ပေါင်ချူ (Pongchau) ကျေးရွာတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့(ISF)နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ မိမိတို့အဖွဲ့မဟုတ်ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSC N-K/AM) အဖွဲ့က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့(ISF)ဖြင့် ဖြစ်ပွားသော တိုက်ပွဲသည် NSCN-K/YA အဖွဲ့နှင့်ဖြစ်ပွားခြင်း ဖြစ်ပြီး မိမိတို့ NSCN-K/AM အဖွဲ့ဖြင့် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲတွင် NSCN-K/YA အဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း၊ Northeast Live က ဖော်ပြခဲ့သလို မိမိတို့ NSCN-K/AM အဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးသည်မှာ မဟုတ်သလို အိန္ဒိယနှင့်ဖြစ်ပွားသော တိုက်ပွဲမှာလည်း မိမိတို့ အဖွဲ့မဟုတ်ကြောင်း NSCN-K/AM က ထုတ်ပြန်ခဲ့သည်။

NSCN-K/AM အဖွဲ့၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
NSCN-K/AM အဖွဲ့က “ လက်ရှိတွင် NSCN-K (Angmai-Mulatonu) အဖွဲ့သည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး မိမိတို့ဘက်မှ ငြိမ်းချမ်းရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားသည်ကို ရှင်းလင်းစွာ ပြောကြားလိုပါသည်။ ထို့ကြောင့် ထိုကဲ့သို့သော ထိပ်တိုက် ရင်ဆိုင်တွေမှုတွင် မိမိတို့ ကေဒါများ ပါဝင်ပတ်သက် ခဲ့ခြင်း မရှိပါ”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် မိမိတို့ဘက်မှ လျှော့ချခြင်းမရှိကြောင်း ထပ်လောင်း အတည်ပြုပါသည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။
အိန္ဒိယအစိုးရနှင့် NSCN-K/AM အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်က နယူးဒေလီမြို့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို တတိယနိုင်ငံတစ်ခုမှာ ထပ်မံ၍ ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/AM ကို ဦးအန်းမိုင်က ဦးဆောင်နေခြင်းဖြစ်ပြီး NSCN-K/YA အဖွဲ့ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် ခွဲထွက်၍ အဖွဲ့သစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် NSCN-K/AM သည် မြန်မာအစိုးရနှင့်လည်းကောင်း၊ အိန္ဒိယအစိုးရနှင့်လည်းကောင်း ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိနေသည်။
မြန်မာဘက်ကတော့ NSCN-K/AM အဖွဲ့ကို နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် ရပ်တည်ရန် ဆွေးနွေးလျက်ရှိ သည်။
သို့သော်လည်း NSCN-K/AM ဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အဖြစ် ရပ်တည်ခွင့်ပြုရန်၊ နာဂဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ နယ်မြေသတ်မှတ်ပေးရန် စသည့် အချက်များကို လက်ခံပါက လက်မှတ်ထိုးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 927
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
မြေရှားသတ္တုများထွက်ရှိရာ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ ပန်ဝါဒေသကို တိုက်ခိုက်သိမ်းပိုက် ထားနိုင်သည့် အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် နိုင်ငံရေးအရ မည်သို့အားသာချက် ရှိသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
လက်ရှိတွင် KIA အနေဖြင့် မြေရှားသတ္တု ထွက်ရှိသည့် ဒေသသာမက ကျောက်စိမ်းထွက်ရှိသော ဒေသတို့ကိုပါ သိမ်းပိုက်ထားနိုင်သောကြောင့် စီးပွားရေးအရ အားသာချက်ရှိကြောင်း၊ ၎င်း၏ စီးပွားရေးအင်အား အားကောင်း လာပါက နိုင်ငံရေး အပြောင်းအလဲကို ကောင်းမွန်စွာ လုပ်ဆောင်သွားနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ )အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စီးပွားရေးအရတော့ အားသာချက်တစ်ခု ရှိတာပေါ့။ မြေရှားသတ္တု ဆိုက်ရှိတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ က တတိယ အထွက်အများဆုံး နိုင်ငံဆိုပေမယ့် နိုင်ငံတော်အတွက်ကို အကျိုးပြုတာတော့ နည်းသေးတယ်ပေါ့။ နောက် သူ့မှာ ကျောက်စိမ်း ဆိုက်ကြီးလည်း ပိုင်ဆိုင်ထားသလို ဖြစ်နေတယ်။ စီးပွားရေးအင်အား ကောင်းသွားရင် တော့ လက်နက်ကိုင်တွေရဲ့ ထုံးစံအတိုင်းပဲ သူ့အင်အားကြီးအောင် သူတည်ဆောက်ပါလိမ့်မယ်။ အခုဆိုရင်တော့ ကျောက်စိမ်းကရော၊ မြေရှားကရော သူ့ဟာနဲ့သူ ဝင်ငွေမရကြဘူးလေ။ သူပဲအဓိကရနေတယ် ဆိုတဲ့အခါကြတော့ စီးပွားရေးအင်အား ကောင်းလာရင်လည်း နိုင်ငံရေး အပြောင်းအလဲ တစ်ခုထက်ကို ကောင်းကောင်း လုပ်သွားနိုင် တယ်။ လုပ်သွားနိုင်တယ်ဆိုပေမယ့် သူ့ကိုတော့ နိုင်အောင်တော့ ထိန်းရမှာပေါ့။ နိုင်ငံတော် တစ်နိုင်ငံလုံးအတွက် အခွန်ဝင်ငွေရအောင်တော့ ကြိုးစားရလိမ့်မယ် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့။ သူတစ်မျိုးတည်း ခံစားတာထက် စာရင်ပေါ့။ အခုလောလောဆယ်ကတော့ KIA တစ်ခုတည်း အခွန်ရရှိနေတာ ဖြစ်တယ်။ အဲဒီမြေရှားတို့ ကျောက်စိမ်းတို့က နိုင်ငံတော်အတွက် လုံးဝမရဘူး။ ဒါကို နိုင်ငံတော်က နိုင်နိုင်နင်းနင်းနဲ့ နိုင်ငံရေးဆွေးနွေးမှု သော်လည်းကောင်း၊ တိုက်ခိုက်ပြီးမှသော်လည်းကောင်း ဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။

မြေရှားသတ္တုလုပ်ကွက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများအား တရုတ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး လက်ရှိတွင် KIA မှ သိမ်းပိုက်ထားသော်လည်း အစိုးရချင်း G to G စနစ်ဖြင့် ဝယ်ယူသင့်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
လက်ရှိတွင် KIA သည် ကချင်ပြည်နယ် တစ်ခုလုံးရှိ အရေးပါသည့် ဒေသများကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေကာ ဗန်းမော်မြို့ကိုရရှိရေး တိုက်ပွဲဆင်နွှဲနေသည်မှာ (၄)လခန့် ကြာမြင့်နေပြီဖြစ်သည်။
ဗန်းမော်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိရာ မြစ်ကြီးနားမြို့ပြီးလျှင် ဒုတိယမြို့တော်ဖြစ်ပြီး ပထဝီ အနေအထားအရ စစ်ရေးနှင့်စီးပွားရေးတွင် အခရာကျသည်။
လက်ရှိ KIA သိမ်းပိုက်ထားသည့် နေရာများသည် တရုတ်နှင့် နစကအပေါ် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုအား ရှိကောင်းရှိနိုင်သော်လည်း တရုတ်နှင့် နစကတို့ဘက်မှ KIA အပေါ် အပြန်အလှန် ထိန်းကျောင်းနိုင်သည့် အခင်းအကျင်းမျိုးရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဲဒါကတော့ ဈေးဆစ်အား ရှိကောင်းရှိမှာပေါ့။ တစ်ဖက်ကလည်း ဒီအလုပ်ကို လုပ်နိုင်ဖို့ဆိုရင် သူက SAC ကိုသော်လည်းကောင်း၊ တရုတ်ကိုသော်လည်းကောင်း တစ်ဖက်သက် ဈေးကိုင်တာမျိုး မဟုတ်ဘဲနဲ့ ဒီတရုတ်က သော်လည်းကောင်း၊ SAC ဘက်ကသော်လည်းကောင်း အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ အခြေအနေ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့သူက သဘောမတူလို့ တရုတ်ဘက်က အကျပ်ကိုင်လည်း ရတယ်။ SAC ဘက်ကလည်း ဆက်လက် ခြေမှုန်းရေးတွေ လုပ်မယ်ဆိုလည်းရတယ်။ အဲဒီအခါကြတော့ ဒီ Rare Earth လုပ်ငန်း ကလည်း ရေရှည်မဖြစ်နိုင်ဘူးပေါ့။ သူလည်းမရ၊ ကိုယ်လည်းမရဖြစ်မှာ။ ဒါဟာအပြန်အလှန် ထိန်းကျောင်းတဲ့ ပုံစံ ပဲ ဖြစ်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် KIA ထိန်းချုပ်နေရာ ကျောက်စိမ်းမြေဖြစ်သည့် ဖားကန့်ဒေသကို မြန်မာ့တပ်မတော်မှ ပြန်လည် ထိုးစစ်ဆင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်သည်မှာ သယံဇာတများကြောင့် စီးပွားရေးအရဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိသည်။
မြေရှားသတ္တုရှိရာ ပန်ဝါဒေသကို လက်လွှတ်ခံထားရသည့်အပြင် ကျောက်စိမ်းလုပ်ကွက် ဈေးကောင်းသည့် ဖားကန့်ကိုပါ လက်လွှတ်လိုက်ရမည်ဆိုပါက မြန်မာ့တပ်မတော်အတွက် အထိနာစေမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
အလားတူ KIA သည် မြေရှားသတ္တုရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးကိုလည်း စစ်ရေးနယ်မြေ ချဲ့ထွင်နေသလို ရခိုင် ပြည်နယ် ပင်လယ်ထွက်ပေါက်နှင့် အိန္ဒိယနယ်စပ်ထွက်ပေါက် ရရှိရေးအတွက်လည်း အာရက္ခတပ်တော်(AA)၊ ဒေသတွင်း PDF များနှင့် တခြားသော လက်နက်ကိုင်များဖြင့် ချိတ်ဆက်ကာ ဖော်ဆောင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 876
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ကြောင်လည်နှင့် ပင်းခါးကျေးရွာမှ ဒေသခံ ၄၀၀ ကျော်ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ဇန်နဝါရီလကတည်းက ဖမ်းသွားရာမှာ ယနေ့ (ဧပြီလ)အထိ ပြန်လွှတ်မသေး ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။
KIA သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ဗန်းမောက်မြို့နယ်၊ ကြောင်လည်နှင့် ပင်းခါးကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တပ်စခန်းချ၍ နေထိုင်ပြီးနောက် ၁၉ ရက်တွင် ဒေသခံ ၄၆၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က ဖမ်းသွားပြီး ယနေ့အချိန်ထိ ပြန်လွှတ်မပေးသေးသလို ဖမ်းဆီးခံထားရသူများ၏ အခြေအနေကိုလည်း မသိရဘဲ ဖြစ်နေကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
ဗန်းမောက်ဒေသခံတစ်ဦးက “ ပင်းခါးရွာထဲကို KIA တွေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ဝင်လာတယ်။ ၁၉ ရက်မှာ သူတို့ ခေါ်ထုတ်သွားတယ်။ ရွာသူရွာသား ၄၆၅ ယောက်ကို ဖမ်းသွားတယ်။ အခုထိ တစ်ယောက်မှ ပြန် မလွတ်လာသေးဘူးဗျ။ ၁ လ(ဇန်နဝါရီလ)ကနေ အခုထိ ဘာသတင်းအစအနမှ မရလို့ ရွာမှာ ကျန်ထားတဲ့ မိသားစု ဝင်တွေက စိတ်ပူပင် သောကတွေရောက်နေကြတယ်။ သူတို့က ခဏခဏ လာလာပြီးတော့ ဒေသခံတွေကို ဖမ်း တယ်။ ကြာရင် လူမျိုးတွေဖြစ်မှာ စိတ်ပူတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးစေလိုပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်း က အဖွဲ့အစည်း အသီးသီးကလည်း KIA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ရင် မသိယောင်ဆောင် ကြတယ် တခြား အဖွဲ့တွေ လုပ်ရင်တာ အသံတွေထွက်တာ။ ဒါကြောင့် နိုင်ငံတကာကလည်း KIA ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို အရေးယူပေးစေလိုပါတယ်”ဟု ပြောသည်။

ဗန်းမောက်မြို့နယ်၊ ကြောင်လည်နှင့် ပင်းခါးကျေးရွာကို တွေ့ရစဉ်
ကြောင်လည်နှင့် ပင်းခါးရွာမှ ဒေသခံ ၄၆၅ ဦးကို KIA က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ဗန်းမောက်မြို့နယ်၊ နန့်တပ်အုပ်စု၊ ခင်ဖွယ်-ယာဖွယ်ကျေးရွာဘက်မှာ ဖမ်းထားကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသော ဒေသခံ ၄၆၅ ဦးတွင် အသက် ၇၀ ကျော် ၈ ဦး၊ ကိုရင် ၅ ပါး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂ ဦး၊ ကလေးငယ် ၂၀၄ ဦး ပါဝင်ကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
KIA သည် ဗန်းမောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ဦးဆောင်၍ ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲဖော်ဆောင်လျက်ရှိသလို အနီးနားရှိ ကျေးရွာများမှ ဒေသခံများကိုလည်း စစ်သားစု ဆောင်းလျက်ရှိနေသည်။
KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာမှ ရှမ်းနီတိုင်းရင်းသား ရဟန်းတစ်ပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။
လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်းမှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
