- By CNI
- Category: နိုင်ငံရေး
- Hits: 848
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိသည့်အနက် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် အာဏာရလာနိုင်သည့် နိုင်ငံရေးပါတီများအား ရွေးချယ်၍ တရုတ်ပြည်သို့ ဖိတ်ခေါ်ကာ ချဉ်းကပ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ(PP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) စသည့် နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်ပြည်သို့ ဖိတ်ခေါ်ခဲ့သည်။
ထို့နောက် တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို တရုတ်ပြည်သို့ ဖိတ်ခေါ်ခဲ့သလို ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အား တရုတ်ပြည်သို့ ဖိတ် ခေါ်ခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှ ၂၃ ရက်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို တရုတ်ပြည်သူ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ခဲ့ သည်။
အဆိုပါ နိုင်ငံရေးပါတီများသည် နစက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲအလွန်တွင် အစိုးရအဖွဲ့အတွင်း နေရာများ ရရှိနိုင်သူများအဖြစ် ပြည်တွင်း/ပြည်ပမှ သံတမန်များကြား ယူဆထားကြသည်။

ဒေါက်တာအေးမောင် တရုတ်ပြည်ကို ရောက်ရှိနေစဉ်
တရုတ်သည် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်ခြေရှိသူများကို တွက်ဆ၍ ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို ကြိုတင် တည်ဆောက်နေခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနဲ့ကတော့ ရွေးကောက်ပွဲ အလွန်မှာ ပေါ်လာမယ့် အစိုးရ တစ်ရပ်မှာ အဖွဲ့အစည်းတစ်ခု လူပုဂ္ဂိုလ်တစ်ဦးက ဦးဆောင်တဲ့ အစိုးရ မဟုတ်ဘဲနဲ့ stakeholders ပေါင်းစုံပေါ့ နော် အထိုက်အလျောက်တော့ အဖွဲ့အစည်း တစ်ခုထက်ပိုတဲ့ အဖွဲ့အစည်း ပြီးမြောက်တယ်ဆိုသော ပုဂ္ဂိုလ်ကနေ ပြီးတော့မှ ဦးဆောင်တဲ့ အစိုးရ ဖြစ်မှာဖြစ်တဲ့အတွက် သူကတော့ ဖြစ်နိုင်ခြေရှိတဲ့လူ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင် ခြေရှိတဲ့လူ ပါဝင်ခဲ့ရင်လည်း အစိုးရအဖွဲ့ထဲမှာ အထိုက်အလျောက်ပေါ့နော်။ ဩဇာအာဏာရှိတဲ့လူမျိုး ကြိုတင် တွက်ဆပြီးမှ အခုကတည်းက ကောင်းမွန်တဲ့ relation တစ်ခု တည်ဆောက်ထားတာပေါ့။ သူတို့နဲ့ တည်ဆောက်ထားတဲ့ အတိုင်း ဖြစ်လာတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်လာပြီးတော့မှ လုပ်ပိုင်ခွင့်ရမယ် အထိုက်အလျောက် ဩဇာရှိလာမယ် ဆိုရင် သူတို့အနေနဲ့ ကောင်းမွန်တဲ့ အကျိုးတွေ တည်ဆောက်ထားမယ်ဆိုရင် သူတို့အတွက်က အမြတ်ပဲ။ တကယ်လို့ ဒီလိုမျိုး တည်ဆောက်ထားတဲ့ လူတွေက အကုန်ဖြစ်မလာဘူး။ တချို့တစ်ဝက်ပဲ ဖြစ်လာမယ်၊ တချို့တစ်ဝက်က ဖြစ်မလာဘူးဆိုရင်လည်းပဲ သူတို့အတွက်ကတော့ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်မှာ အမြတ်ရတယ် သူတို့အတွက် ဒီလောက် ရင်းနှီးမြှုပ်နှံထားရဖို့က သူတို့အတွက်က ဘာမှမဟုတ်ဘူးလေ”ဟု ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့်ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
ထို့နောက် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၄၈ ပါတီရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးပါတီ ၅၀ ကျော်အနက် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့နိုင်ခြေရှိသော ပါတီများနှင့် အစိုးရအဖွဲ့ အတွင်း ပါဝင်နိုင်သော နိုင်ငံရေးပါတီများမှာ မည်သည့်ပါတီများဖြစ်သလဲကို စိစစ်၍ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သို့ ဖိတ်ခေါ်၍ ဆက်ဆံရေးကောင်းတစ်ရပ်ကို ကြိုတင်တည်ဆောက်နေခြင်းဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်သည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ဆက်ဆံရေး ကောင်းမွန်သည့် အနေအထားရှိ ကြောင်း၊ ရွေးကောက်ပွဲတွင် အင်အားကောင်းမည်ဟု အထင်ရှိနေကြသည်မှာလည်း ထိုပါတီများဖြစ်၍ အသေး စိတ် သုံးသပ်ရန် မလိုကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌနဲ့ တရုတ်ဝန်ကြီးချုပ်ကိုတွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံနဲ့ အထူးသဖြင့် စီးပွားရေးပိုင်းပေါ့ နိုင်ငံရေးချင်းကလည်း တော်တော်လေး ရှည်ရှည်လျားလျား ချဉ်း ကပ်ထားတယ်၊ စီးပွားရေးကလည်း နယ်စပ်ကုန်သွယ်ရေးမှာ တော်တော်လေး၊ နယ်စပ်ကုန်သွယ်ရေး တော် တော် ကြီးကြီးမားမား လုပ်ဖူးတဲ့ နိုင်ငံအနေနဲ့ကတော့ ဘယ်သူပဲ နိုင်ငံမှာ ဒီတာဝန်ယူပြီး အုပ်ချုပ်သည် ဖြစ် စေ တရုတ်နိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့က ပိုပြီး ရင်းရင်းနီးနီး ဖြစ်နိုင်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။ အဲလိုမှပဲ နှစ်နိုင်ငံလုံး နောက်ပိုင်း ဖော်ဆောင်မယ့် စီမံကိန်းဖြစ်တဲ့ BRI နောက်ပိုင်း ကျနော်တို့ လုပ်ရမယ့် နှစ်နိုင်ငံတွဲ လုပ်ရ မယ့် စီမံကိန်းတွေ အများကြီးရှိတာကို။ အဲတာတွေအတွက် အဆင်ပြေဖို့က ဘယ်သူပဲ မြန်မာနိုင်ငံမှာ အုပ်ချုပ် သည် ဖြစ်ပါစေ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အရေးကြီးတာပေါ့လေ။ စီးပွားရေးက သူ တကယ်တန်း အလုပ်လုပ်ရမယ့် BRI နဲ့ပတ်သက်တဲ့ ထွက်ပေါက်ရှိမယ်။ ပြီးတော့ ခုနကပြောတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ပေါ့၊ GMEC ရှိမယ်။ အဲတော့ ဒါတွေနဲ့ပတ်သက်ပြီး အာမခံချက်ပေးနိုင်တာ နိုင်ငံရေးအရ တည်ငြိမ် ဖို့ လိုအပ်တယ်။ အခုတက်မယ့် အစိုးရနဲ့ နှစ်ဘက် အကျိုးတူးပူးပေါင်း ဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါတွေကို အဓိက ဦးတည်တာပဲ။ ကျနော့်အမြင်ကတော့ ဒီစီးပွားရေးအရ တိုးတက်နေတဲ့ တရုတ်ရဲ့ ဒီအရှိန်ပေါ့ တက်နေတဲ့ အရှိန်ကို အမှီပြုပြီး ကျနော်တို့ နိုင်ငံလည်း ဒါနဲ့လိုက်ပါပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှာနိုင်တယ် ဆိုရင်တော့ အခွင့်အလမ်း ကောင်းတစ်ခု ဖြစ်မယ်လို့တော့ ကျနော်တို့ကတော့ မြင်ပါတယ်”ဟု ပြောသည်။
တရုတ်နိုင်ငံသည် မကြာခဏ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများကို စိစစ်ရွေးချယ်၍ တရုတ်ပြည်သို့ ဖိတ်ခေါ်၍ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကို လေ့လာခိုင်းသလို တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေး နွေးပွဲများကိုလည်း ဖိတ်ခေါ်လေ့ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်မှ ၃၀ ရက်အထိ အငြိမ်းစား သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သေး သလို တစ်ပတ်ခန့်အကြာ ဇူလိုင် ၆ ရက်တွင် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း တရုတ်နိုင်ငံ သို့ ဖိတ်ခေါ်ခဲ့သေးသည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ့အရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1995
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၌ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည်ရရှိရေးကို မြန်မာ့တပ်မတော်က သံတမန်နည်းဖြင့် ညှိနှိုင်း၍မရလျှင် စစ်ရေးနည်းလမ်းအား ထုတ်သုံးမည့် အနေအထား တွေ့ရကြောင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းမြောက်တွင် တရုတ်-မြန်မာနယ်စပ် အဓိကလမ်းကြောင်းများ တည်ရှိရာ ကုန်သွယ်ရေးအတွက် အဓိကကြ သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်ဘက်မှ ဖွင့်စေချင်နေသည်။
ထိုလမ်းပိုင်းများ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးအတွက် တရုတ်ဘက်မှ နစကကိုယ်စားလှယ်များ အပါအဝင် မြောက်ပိုင်းတပ်ဖွဲ့များဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့်လည်းကောင်း၊ တအာင်းတပ် (TNLA) နှင့် လည်းကောင်း ၃ ပွင့်ဆိုင် တွေ့ဆုံကာ ညှိနှိုင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

TNLA သိမ်းထားတဲ့ နောင်ချိုမြို့ကို တပ်က ပြန်သိမ်းလိုက်ပြီးနောက် ဒုတပ်ချုပ် ရောက်ရှိလာစဉ်
အဆိုပါ လမ်းကြောင်းမှ မြို့များကို သိမ်းပိုက်ရရှိထားသည့် မြောက်ပိုင်းတပ်ဖွဲ့များ အနေဖြင့် ပြန်လည်ဆုတ်ခွာ ပေးရမည့် အနေအထားမှာ ရှိနေကြောင်း၊ သံတမန်နည်းဖြင့် ညှိနှိုင်း၍မရပါက စစ်ရေးနည်းဖြင့်သာ လုပ်ဆောင် သွားနိုင်ဖွယ်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ တရုတ်က ဖွင့်စေချင်တဲ့ မန္တလေး-လားရှိုး-မူဆယ်လမ်းကို ဖွင့်ဖို့ပဲလို့ ယူဆရတယ်။ အဲဒီ တော့ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေအားလုံးကို ဆုတ်ပေးရမှာပေါ့။ သိသာထင်ရှားတဲ့ မြို့တွေကတော့ နံပါတ် ၁ ကတော့ ကျောက်မဲပေါ့၊ နံပါတ် ၂ ကတော့ သီပေါပေါ့။ ဒါတွေကို ဆုတ်ပေးရမယ်လို့ အဲဒီလို တွေ့ရမှာပေါ့။ ဒါတွေ ကို ဆုတ်ပေးပြီးပြီဆိုရင် ကျန်တာတွေလည်း ရှင်းပြီးသားဖြစ်သွားမှာ။ သို့သော်လည်းပဲ ဒါကို စစ်ရေးနည်းအရပဲ လုပ်သွားမလား၊ သံတမန်ရေး နည်းတွေဘာတွေပါ အသုံးချမလား ဆိုတာကိုတော့ စောင့်ကြည့်ဖို့ သင့်တာပေါ့။ ကျနော် ထင်တာကတော့ အများအားဖြင့်ကတော့ ဖြစ်နိုင်ရင် စစ်ရေးနည်းကို မသုံးချင်ကြဘူး။ စစ်ရေးနည်းကို တော့ နောက်ဆုံး နည်းအဖြစ် သူတို့သုံးမယ့်ပုံ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်(MNDAA)နှင့် နစကတို့ကြား ညှိနှိုင်းမှု အဆင်ပြေ သော်လည်း တအာင်းတပ်(TNLA)နှင့် နစကတို့ကြား နယ်မြေတောင်းဆိုမှုများကြောင့် အဆင်မပြေ ဖြစ်နေချိန်တွင် TNLA တို့ သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို မြန်မာ့တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ ထိန်းချုပ် သွားနိုင်ခဲ့သည်။
ရွေးကောက်ပွဲ မတိုင်ခင်စပ်ကြား မြန်မာ့တပ်မတော် အနေဖြင့် ဆုံးရှုံးထားသည့် နယ်မြေများကို ရသလောက် ပြန်လည်ထိုးစစ်ဆင်၍ ရယူသွားနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အဓိက ထိုးစစ်ဆင်နိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာ၌ မြေပြင်စစ်အင်အားထက် လေကြောင်းနှင့်ဒရုန်းကို အများအပြား အသုံးပြု၍ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
တရုတ်အနေဖြင့် ထိန်းချုပ် ကိုင်တွယ်ရလွယ်ကူပြီး ၎င်းတို့အလိုကျ အုပ်ချုပ်သော အစိုးရမျိုးကို လိုလားသော ကြောင့် နစကကို အသက်ဆက်ပေးချင်သည့် လက္ခဏာမျိုးတွေ့ရကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းရင်းသား တော်လှန်ရေးတပ်တွေ အနေနဲ့လည်း သူတို့က သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တရားဝင်မှု လိုချင်ကြတာရှိတယ်။ အဲဒီတော့ အဲဒါတွေကို ဘယ်သူတွေက အာမခံပေးမလဲ။ တိုင်းရင်းသား တော်လှန်ရေး တပ်တွေအနေနဲ့ သဘောထားက အဲဒီလိုရှိပါလိမ့်မယ်။ တစ်ဖက်မှာလည်း တရုတ်အနေနဲ့က ကျတော့လည်း မြန်မာနိုင်ငံ ပြည်ထောင်စုဆိုတဲ့ အထဲမှာ သူတို့ကိုင်တွယ်လို့ လွယ်တဲ့၊ သူတို့ထိန်းချုပ်ထားလို့ရတဲ့၊ သူတို့အလိုကျအတိုင်း အုပ်ချုပ်တဲ့အစိုးရကို လိုလားတယ်လေ။ အဲဒီတော့ အဲဒီလိုအုပ်ချုပ်လို့ သူတို့ကိုင်တွယ်လို့၊ သူတို့အမိန့် ပေးတဲ့အတိုင်း လုပ်တယ်ဆိုတာကတော့ အာဏာရှင်တွေအတွက် ပိုလွယ်တာပေါ့။ အဲဒါမျိုးကို သူတို့ ကတော့ အသက်ဆက်ပေးချင်တဲ့ လက္ခဏာမျိုး တွေ့ရတယ်လေ။ ဘာဖြစ်လို့လဲဆို ဒီမိုကရက်တစ် အစိုးရတွေ တက်လာတယ်ဆိုရင် အနောက်ဘက်ယိမ်းမှာကို သူတို့ကြောက်တယ်။ အဲဒီတော့ သူတို့ရဲ့ နှစ်ခြိုက်တဲ့အစိုးရ ဖြစ်ဖို့ အတွက်ဆိုရင် သူတို့အလိုကျ၊ သူတို့ခိုင်းတဲ့အတိုင်း၊ သူတို့လိုချင်တဲ့ဟာကို အကောင်အထည်ဖော်ပေးနိုင်တဲ့ တော်၏ရော်၏ အာဏာရှင်မျိုး ရရင်လည်း တရုတ်အနေနဲ့ကတော့ ကျေနပ်မယ့် သဘောရှိပါတယ်။ အဲဒီအတွက် ကြောင့် အခုလို တိုင်းရင်းသားတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း ဖိအားပေးတာ၊ နည်းနည်း ဖြတ်တောက်တာတို့ ဖြစ်လာတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
တရုတ်အစိုးရဘက်မှလည်း နယ်စပ်တည်ငြိမ်အေးချမ်းကာ ကုန်သွယ်ရေး လမ်းကြောင်းများကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်စေချင်သည့်အတွက် မြောက်ပိုင်းတပ်ဖွဲများနှင့် နစကအကြား တွေ့ဆုံဆွေးနွေးမှုများကို ဖော်ဆောင်ပေးလျက်ရှိသည်။
ထို့နောက် လာမည့် ဩဂုတ်လတွင် TNLA၊ တရုတ်၊ နစကတို့ ၃ ပွင့်ဆိုင် တွေ့ဆုံကြမည်ဖြစ်ဟု သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 740
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် နာဂလူမျိုးများကို ဖမ်းဆီး၍ စစ်သားစုဆောင်းခြင်းနှင့် နာဂလက်နက် ကိုင် NSCN-K/YA အဖွဲ့မှ အဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းက နာဂလူမျိုးများအပေါ် စစ်ကြေညာနေခြင်းလားဟု နာဂကျောင်းသားများအဖွဲ့(NSO)က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် ထုတ်ပြန်၍ မေးခွန်းထုတ်လိုက်သည်။
KIA သည် အင်အား အလုံးအရင်းဖြင့် တနိုင်းမြစ်အနောက်ဘက်ရှိ တလူးနှင့် Lungyone ကျေးရွာအနီး နာဂ ဘိုးဘွားနယ်မြေတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က ရောက်ရှိလာပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့မှ အဖွဲ့ဝင် ၁၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်းက နာဂလူမျိုးများအပေါ် စစ်ကြေညာခြင်းလော သို့မဟုတ် နာဂတို့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်နေခြင်းလောဟု NSO မေးခွန်းထုတ်ခဲ့သည်။
NSO က “မကြာသေးမီ နှစ်များအတွင်း အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် KIA ၏ အကြိမ် ကြိမ် ရန်စမှုများသည် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ် များစွာခြိမ်းခြောက်မှု ဖြစ်စေခဲ့ကြောင်း၊ ရာနှင့်ချီသော နာဂလူငယ်များသည် ပညာရေး၊ ကျန်းမာရေး အပါအဝင် လုပ်ငန်းကိစ္စနဲ့ ကချင်ပြည်နယ်သို့ ခရီးသွားရောက်သည့် အခါတွင်လည်းကောင်း၊ ရွှေမှော်၊ ကျောက်မှော်များနဲ့ ကချင်ပြည်နယ် နယ်စပ်ရှိ နာဂရွာများမှလည်းကောင်း ၎င်းတို့၏ ဆန္ဒမပါပဲ KIA ရဲ့ စစ်သားစုဆောင်းမှုခံကြခဲ့ရပြီး အချို့မှာ သတင်းအစအနပင် မရရှိတော့ဘဲ အချို့မှာ စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းသည် ငြိမ်းချမ်းခြင်းကို ချစ်မြတ်နိုးသော နာဂလူမျိုးအား စော်ကားခြင်း လုပ်ရပ်ပင်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

နာဂကျောင်းသားများအဖွဲ့(NSO)ထုတ်ပြန်ချက်ကို တွေ့ရစဉ်
KIA ၏ အဆိုပါ ရန်စသည့် လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ နာဂတပ်ဖွဲ့ဝင်များအား ချက်ချင်း လွှတ်ပေးရန်နှင့် သိမ်းဆည်းသွားသည့် လက်နက်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှဲပြောင်း ပေးရန်တောင်းဆိုကြောင်း ၎င်းတို့က ပြောသည်။
ထို့နောက် အဆိုပါ တောင်းဆိုမှုအား ထပ်မံ နှောင့်နှေးမည်ဆိုပါက ပဋိပက္ခကို အရှိန်မြှင့်မှုအဖြစ် ရှုမြင်မည် ဖြစ်ကြောင်း၊ KIA ၏ ရန်လိုမှုများ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများအားလုံးကို KIA မှ တာဝန်ယူရမည်ဖြစ်ကြောင်း နာဂကျောင်းသားများအဖွဲ့(NSO)က ထုတ်ပြန် ပြောကြားခဲ့သည်။
KIA ၏ ထိုကဲ့သို့သော ရန်စမှုများကြားမှ နာဂလူမျိုးများသည် လက်တုံ့မပြန်ပဲ သည်းခံမှုကို ပြသခဲ့ကြောင်း၊ ကချင် ခေါင်းဆောင်များသည် မဟာမိတ်ဖြစ်ခြင်းကို အမှတ်ရကာ ငြိမ်းချမ်းမှုအား ဖော်ဆောင်လာရန် မိမိတို့အနေဖြင့် မျှော်လင့်ခဲ့သော်လည်း အဆိုပါ မျှော်လင့်ချက်သည် ပိုမိုကျည်းမြောင်းလာကြောင်း နာဂကျောင်းသားများအဖွဲ့ (NSO)က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် မိမိတို့သည် ကချင်ပြည်နယ်ရှိ KIA ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဖြစ်ပေါ်နေသော ကိစ္စများအား ဆွေးနွေးရန် သွားရောက်ခဲ့သော်လည်း တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ရှိ KIA တပ်ဖွဲ့က KIA ဌာနချုပ်သို့ သွားရောက်ရန် ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃-၁၄ ရက်များတွင် KIA အရာရှိ ငယ်များဖြင့် ဆွေးနွေးခဲ့သော်လည်း အဖြေမရပဲ ပြန်လာခဲ့ရကြောင်း၊ သို့သော် KIA ၏ ရန်လိုမှု လုပ်ရပ်များသည် ပိုမိုဆိုးဝါးလာကြောင်း NSO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NSCN-K/YA အဖွဲ့ကိုတွေ့ရစဉ်
KIA သည် နာဂလူမျိုးများအပေါ် ၂၀၂၁ ခုနှစ်က စတင်ကာ ပိုမိုလူသစ်စုဆောင်းလာခဲ့ပြီး ကချင်ပြည်နယ်အတွင်း နေထိုင်သော နာဂလူငယ်များ သာမက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ပန်ဆောင်၊ လဟယ်၊ ဒုံဟီး စသော မြို့နယ်များအထိ ဖမ်းဆီးမှုများ ရှိလာသည်ဟု သိရသည်။
KIA သည် နာဂလူမျိုးများကို ၂၀၂၃ ဖေဖော်ဝါရီလမှ စက်တင်ဘာလအတွင်းမှာ လူပေါင်း ၃၀၀ ဝန်းကျင် စစ်သား စုဆောင်းခဲ့သည်ဟု နာဂဒေသခံများက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်ကလည်း တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ဒေသတွင်းရှိ ကျေးရွာအချို့တွင် KIA တပ်ဖွဲ့သည် နာဂလူမျိုးများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း တက်၍ လူငယ်များကို ဖမ်းဆီးမှုပြုလုပ်ခဲ့ ကြောင်း နာဂဒေသခံများက ပြောသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၂) လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 610
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲ ဖွဲ့စည်း သွားရန် ဆွေးနွေးသဘောတူညီခဲ့ကြပြီး နိုင်ငံကနေ ခွဲမထွက်ဘူးဟု ကတိပြုခဲ့ကြသည်ဟု ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး တွေ့ဆုံပွဲမှာ သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က မြိုင်ကြီးငူအထူးဒေသ အေးလင်းမြရှင်ဓမ္မာရုံမှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် အဓိက ဆွေးနွေးခဲ့သော အချက်များမှာ (၁) BGF တပ်ဖွဲ့သည် KNU မှ ဖြစ်ပေါ်လာသည့် ဘာသာ ရေးတပ်ဖွဲ့ဖြစ်၍ ဘာသာရေးကို အသက်ပေးပြီး ကာကွယ်စောင့်ရှောက်မည်၊ (၂) ကရင်ပြည်နယ်၊ ကရင်လူမျိုးနှင့် တိုင်းရင်းသား ညီအစ်ကိုများကိုလည်း ကာကွယ် စောင့်ရှောက်ရေး၊ (၃) မြန်မာနိုင်ငံကနေ ဘယ်သောအခါမှ ခွဲမထွက်အကြောင်း သံဓိဋ္ဌာန်ပြုရေး၊ (၄) ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလည်း ဦးစားပေး ဆောင် ရွက်သွားရေး၊ (၅) ကရင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရေး၊ (၆) BGF ကနေ KNA ကို အသွင် ကူးပြောင်း သွားမည့် ကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများအား အသိပေး တင်ပြခြင်း၊ (၇) KNA အသွင် ကူးပြောင်းရေးကို ဆရာတော်၊ သံဃာတော်ကြီးများ၏ အမြင်သဘောထား အကြံပြု၊ အကြံပေးနိုင်ပါရန် တင်ပြ ခြင်း စသည့် အချက်များ ဖြစ်ကြောင်း ဆွေးနွေးပွဲ၌ ပါဝင်သူတစ်ဦးက ထုတ်ပြန် ရေးသားခဲ့သည်။

အဆိုပါ အချက် ၇ ချက်ကို BGF ခေါင်းဆောင်များ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးနောက် အချက် ၃ ချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ထိုအချက် ၃ ချက်မှာ (၁) BGF မှ KNA သို့ အသွင်ကူးပြောင်းခြင်းကို သဘောတူသည်၊ (၂) KNA သည် နိုင်ငံတော်မှ ခွဲမထွက်ကြောင်း(ခွဲထွက်မည် မဟုတ်ကြောင်း) သဘောတူသည်၊ (၃) ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန် သဘောတူသည် တို့ဖြစ်သည်။
ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့သော ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ သံဃာတော် ၄၇ ပါး၊ ကရင်နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖ ၉ ဦး၊ ကရင် BGF မှ ခေါင်းဆောင်ပိုင်းနှင့် တပ်မှူးများ ၁၈ ဦး၊ လှိုင်းဘွဲမြို့နယ်က ရပ်/ကျေး အုပ်ချူပ်ရေးမှူး ၇၉ ဦး၊ ကျေးရွာ အသီးသီးမှ ရပ်မိရပ်ဖများ ၂၉၂ ဦး စုစုပေါင်း ၄၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 714
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
ရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နစကမှ ကျင်းပမည်ဟု ပြောဆိုသုံးသပ် နေကြ ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
နစက ဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိကဝတ်ပြု ပြောကြားထားသည်။
သို့သော်လည်း ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိ၊မရှိ အပေါ် ပြည်တွင်း/ပြည်ပမှာ သဘောထားကွဲလွဲမှုများ ရှိနေကြသည်။
သံတမန် အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ ပြောဆိုမှုအရ နစကအနေဖြင့် ရွေးကောက်ပွဲကို အခြားသူများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျင်းပရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီတောင်းဆိုနေကြစဉ်
၎င်းက “ရွေးကောက်ပွဲက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်တော့မှာပဲဆိုတဲ့ ဟာကတော့ ဒုံးဒုံးချ ဖြစ်သွားပြီပေါ့ အဲဒီလိုမျိုး ပြောပါတယ်။ အဲဒါကြောင့် အခုဆိုရင် အများအားဖြင့် သံရုံးတွေက အခုအချိန်မှာ နွေရာသီ အားလပ်ရက်ဖြစ်လို့ သူတို့ ပြန်သွားပေမယ့်လည်း သူတို့ရဲ့ သံရုံး ရုံးသားတွေကို မှာထားခဲ့တယ်။ ဇူလိုင် လ ၃၁ ရက်နေ့မှာ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုကြေညာမလဲဆိုတာတွေကို သံအမတ်တွေဆီ အချိန်မီ အကြောင်းကြားဖို့ ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီတော့ အခု လောလောဆယ်မှာတော့ သံတမန် အသိုင်းအဝိုင်း မှာလည်း ရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကို ရှောင်လွဲလို့ မရတော့ဘူးလို့ ယူဆနေပုံ ရတယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ICG လို ဗမာပြည်အကြောင်း နီးနီးကပ်ကပ် လေ့လာနေတဲ့ အဖွဲ့တွေ ကတော့ အခုလုပ်မယ့် ရွေးကောက်ပွဲက မဖြစ်နိုင်ဘူးလို့ ပြောတယ်” ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများကမူ ပါတီအားလုံး ပါဝင်ခြင်းမရှိသည့် ရွေးကောက်ပွဲ ကို အာဆီယံက လက်ခံမည် မဟုတ်ကြောင်း၊ ပေါင်းစုံပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲသည် မည်သည့် ပြဿနာ ကိုမျှ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အခြေအနေကို ပိုပြီးဆိုးလာနိုင်စေလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲကို ဦးစားပေး မဟုတ်ဘဲ အကြမ်းဖက်မှုများ အားလုံးကို ရပ်စဲရန်ကို ဦးစားပေး လုပ်ဆောင်မှသာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများထဲမှ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံကြိုဆိုကြသည်။
နစကသည် ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီကို ပြန်ကျင့်သုံးရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ပြီဟု ပြောဆိုခြင်းက စည်းလွတ်ဝါးလွတ် ပြောဆိုခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ စိုင်းညွန့် လွင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံတို့ကြား သဘောထားကွဲလွဲမှုများ ရှိနေသကဲ့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများကြားထဲတွင်လည်း ရွေးကောက်ပွဲအပေါ် မည်သည့် သဘောထား မှတ်ချက်မျှ မပေးဘဲ ကြားနေအဖြစ် ရပ်တည်နေသည့် နိုင်ငံများလည်း ရှိနေသည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်
အိမ်နီးနားချင်း နိုင်ငံများက ရွေးကောက်ပွဲသည် ထွက်ရပ်လမ်းအဖြစ် ယူဆထားသောကြောင့် ဆက်လက်၍ အားပေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိမ်နီးနားချင်း နိုင်ငံတွေကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ အဓိက,ကတော့ ထိုင်းရယ်၊ အိန္ဒိယရယ်၊ တရုတ်ရယ် ကတော့ ရွေးကောက်ပွဲသည်သာ ထွက်ရပ်လမ်းပဲလို့ ယူဆထားတယ်။ သူတို့လည်း ဒါကို အားပေး သွားမယ်ပေါ့။ အာဆီယံကြတော့ သူက ၁၀ နိုင်ငံဖြစ်တော့ တချို့နိုင်ငံတွေကတော့ သဘောထားမှတ်ချက် တကယ်ပေးတယ်လို့ မကြားရဘူး။ ဒါပေမယ့် တချို့ကတော့ မလေးရှားပြောသလိုပဲ ရွေးကောက်ပွဲထက် တွေ့ဆုံ ဆွေးနွေးရေးက ပိုအရေးကြီးတယ်၊ အပစ်ရပ်ရေးက ပိုအရေးကြီးတယ်ဆိုပြီး ပြောကြတာပေါ့။ ဒီတော့ သူတို့ရဲ့ နောက်ဆုံး AMM အစည်းအဝေးမှာ ထွက်လာတဲ့ ထုတ်ပြန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲ အကြောင်း သဘောထား မှတ်ချက်ပေးတာ မတွေ့ရဘူး။ သူတို့ပြောတာကတော့ အပစ်ရပ်တွေဟာ ရေရှည်ဖြစ်ဖို့ လိုတယ်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ် စသည်ဖြင့်ပေါ့။ Extended and Expanded Ceasefire ဆိုတာကို ပြောတယ်။ အဲဒီတော့ လာမယ့် အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ မှာ သူတို့ ထိပ်သီးလုပ်မယ်၊ ထိပ်သီးလုပ်ရင် မလေးရှား အထူးသံရဲ့ အစီရင်ခံစာကို တင်မယ်လို့ ပြောတယ်” ဟု ပြောသည်။
နစက ဥက္ကဋ္ဌအနေဖြင့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နှင့် မိမိတို့ မြန်မာများသာ ဦးဆောင်၍ ဖော်ဆောင်သွားကြရမည်ဟု ပြောကြားထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်းလိုက် ခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။
နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြောက်မှု များနှင့် ထောက်ပံ့ပေးမှုများကြောင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က နောင်ချိုမြို့သို့ သွားရောက်၍ ဒေသတွင်းနေ ပြည်သူလူထုများနှင့် နောင်ချိုမြို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်သည်များဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြောက်မှု များနှင့် ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှ အဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရပါတယ်”ဟု ပြောသည်။
သို့သော် မည်သည့် အဖွဲ့အစည်း၊ နိုင်ငံက လက်နက်ကိုင်အင်အားစုများကို ကူညီထောက်ပံ့နေသည်ဆိုသည်ကို တော့ အတိအကျ ပြောသွားခြင်း မရှိပေ။

ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA-MNDAA-AA တို့ကို တရုတ်က အဆင့်မြင့်နည်းပညာများ၊ ဒရုန်းများ၊ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ ကူညီခဲ့သည်ဟု စွပ်စွဲလျက်ရှိနေသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးခြင်း ပထမဆုံး မှာကြားချက်အနေဖြင့် တစ်နှစ်နီးပါးပိတ်ထားရသည့် ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး နှင့် ကျောင်းသူ/သားများ ပညာသင်ကြားနိုင်ရေး လုပ်ဆောင်ရန် မှာကြားခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် ဇူလိုင် ၂၂ ရက်မှ စတင်၍ ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန် စီစဉ်ထားပြီးဖြစ်၍ မိဘများက မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်လိုကြောင်း၊ ခုတင်(၂၅)ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ပြန်လည် ပြုပြင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်ပေးရန်၊ နောင်ချိုမြို့နယ် တည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် မှာကြားခဲ့ သည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
နောင်ချိုမြို့ကို TNLA က ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလမှာ ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှ ပြန်လည်၍ ထိန်းချုပ်သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စသည့် မြို့နယ်များရှိ TNLA တပ်ဖွဲ့များ ဖြင့် တိုက်ပွဲများဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 637
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
နယူးဒေလီရှိ Centre for United Nations Peacekeeping က ဦးစီးကျင်းပသည့် အိန္ဒိယ-မြန်မာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ၁၄ ရက်ကြာ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
ထို့နောက် သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် (Abhay Thakur)နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့ သင်တန်း ဖွင့်လှစ်မှု အခမ်းအနားကို တက်ရောက်ခဲပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့ သည်။
ထို့နောက် အိန္ဒိယနိုင်ငံ Center For United Nations Peacekeeping(CUNPK)မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ရှင်းပြခဲ့ သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။

ထိုသင်တန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၁ ရက်နေ့အထိ ဖြစ်သည်။
ထိုသင်တန်းသည် (၈)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ ၁၃၀ ဦး၊ စစ်သည် ၈၄ ဦး တက်ရောက်ခဲ့ကြကြောင်း၊ ယခု သင်တန်းတွင် အရာရှိ ၃၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် တင်းမာမှုလျှော့ချရေး၊ ပဋိပက္ခ စီမံခန့်ခွဲရေးနှင့် အရပ်သားများ ကာကွယ်ရေးတို့ကို အဓိက ထား သင်ကြားပေးမည်ဟု အိန္ဒိယသံရုံးက ပြောသည်။

နစက,ကတော့ သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ် ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲ အခြေချစခန်း တည် ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ကြောင်း ပြောသည်။
အိန္ဒိယသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကူညီပေးနေသော နိုင်ငံဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
နယူးဒေလီရှိ Centre for United Nations Peacekeeping က ဦးစီးကျင်းပသည့် အိန္ဒိယ-မြန်မာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ၁၄ ရက်ကြာ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ သင်တန်းတွင် တင်းမာမှုလျှော့ချရေး၊ ပဋိပက္ခ စီမံခန့်ခွဲရေးနှင့် အရပ်သားများ ကာကွယ်ရေးတို့ကို အဓိက ထား သင်ကြားပေးမည်ဟု အိန္ဒိယသံရုံးက ပြောသည်။
သံအမတ်ကြီး Abhay Thakur နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ သင်တန်း ဖွင့်လှစ်မှု အခမ်းအနားကို တက်ရောက်ခဲပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
အိန္ဒိယသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကူညီပေးနေသော နိုင်ငံဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 601
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
အိန္ဒိယနိုင်ငံကို ပို့ဆောင်မည့် မူးယစ်ဆေးဝါးများနှင့် အဖွဲ့ကို ကလေးမြို့မှ တမူးမြို့ဘက် ထွက်ခွာလာစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု Chin National Organization (Upper Chindwin Region)မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့သည် WY ဆေးပြား ၄ အိတ် (ဆေးပြားအလုံးရေ ၈ သိန်း)ကို လူ ၅ ဦး၊ ဆိုင်ကယ် ၄ စီးဖြင့် သယ်ဆောင်၍ ကလေးမြို့မှ တမူးမြို့ဘက်သို့ ထွက်ခွာလာစဉ် ကလေးမြို့နှင့်ရာဇာဂြိုလ်မြို့ကြားမှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု CNO က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုမူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ၊ EM ဆိုသူထံ ပေးပို့မှာဖြစ်ကြောင်း သိရသည်။

CNO က “ ကလေး-ကဘော်ဒေသမှာ CNO က မူးယစ်ဆေးဝါး သယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနှင့် ရောင်းချ သူများ သိရှိပါက ဆက်လက် ဖမ်းဆီးအရေးယူမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ ထို့ကြောင့် ကလေး-ကဘော်ဒေသ CNO လှုပ်ရှားနယ်မြေအတွင်း လူငယ်များ မူးယစ်ဆေးဝါး သားကောင် မဖြစ်ဖို့၊ ရပ်ရွာ သာယာလှပဖို့ မိဘပြည်သူများကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း အပ်ပါတယ်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေ မတည်မငြိမ်မှုများဖြစ်ပွားနေသည်။
ထို့နောက် တရားဥပဒေ စိုးမိုးမှု အားနည်းလာပြီးနောက် လက်နက်နှင့်မူးယစ်မှောင်ခို လုပ်ငန်းများ အရှိန်မြင့်တက် လာနေသည်။
