
- By CNI
- Category: နိုင်ငံရေး
- Hits: 1386
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် အခြေစိုက်ထားသည့် မြန်မာ့တပ်မတော်၏ ခြေမြန် တပ်ရင်း (ခမရ-၁၁၆) စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်စခန်းကို KIA/PDF ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၂၄ ရက်) တွင် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့ကြား ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2180
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း တိုက်ပွဲများ မဖြစ်ပွားစေရန်နှင့် လူနေမှုဘဝအတွက် ကုန်စည်ပို့ဆောင်ရန် စီးပွားရေးဇုန်တစ်ခုအဖြစ်သာ ထားရှိရန် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများကြား ပဏာမ သဘောတူညီထားသည်ဟု သိရသည်။
ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ကနေ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်(KNA)မှ ဗိုလ်မှူးကြီးစောချစ်သူက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံ၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား အချက် ၄ ချက်ကို သဘောတူညီမှု ရရှိခဲ့ သည်ဟု ထိုင်းနယ်ခြားစောင့်တပ်က ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သို့ ပေးပို့ခဲ့သော အစီအရင်ခံစာမှာ ဖော်ပြထားသည်။
ဗိုလ်မှူးကြီးစောချစ်သူကို တွေ့ရစဉ်
ထိုသဘောတူညီခဲ့သော အချက်လေးချက်မှာ (၁) မြဝတီခရိုင်အတွင်း တိုက်ပွဲများ မဖြစ်ပွားစေရန်၊ လူတိုင်း အတွက် ဘေးကင်းသော နယ်မြေအဖြစ် သတ်မှတ်ထားရန်၊ လူနေမှုဘဝအတွက် ကုန်စည်ပို့ဆောင်ရန် စီးပွားရေးဇုန် တစ်ခုအဖြစ်သာ ထားရှိရန်၊ (၂) ထိုး-မြန်မာ ချစ်ကြည်ရေးတံတား(မြန်မာဘက်ခြမ်း) အမှတ် ၂ တံတားနယ်မြေရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် တပ်စွဲထားသော ခလရ ၂၇၅ အား မူလတည်နေရာဖြစ်သည့် တပ်ရင်းနေရာနှင့် သင်္ဃန်းညီနောင်စခန်းသို့ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း၊ ဧပြီ ၂၃ ရက်နေ့ နံနက် ၇ နာရီတွင် KNA အဖွဲ့များသည် ခလရ ၂၇၅ တပ်စခန်းနယ်မြေကို သွား ရောက်စစ်ဆေးခဲ့ပြီး မြဝတီမြို့အုပ်ချုပ်ရေးကို ဆောင်ရွက်ရန် KNA မှ လုံခြုံရေး တာဝန်ယူထားပြီးဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ထို့နောက် အချက်(၃)တွင် အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး စသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွင် ပါဝင်ပတ်သက်နေသည့် အစိုးရအရာရှိများအား ၎င်းတို့၏ တာဝန်များကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ဧရိယာတွင် ပြန်လည် ထမ်းဆောင်စေမည်၊ (၄) ဤလုပ်ငန်းစဉ်များကို ဧပြီ ၂၃ ရက်နေ့မှစ၍ ၂ ရက် မှ ၃ ရက်အတွင်း ပြီးမြောက်လျက် ပုံမှန်အခြေအနေသို့ ရောက်ရှိမည်ဟု မျှော်လင့်ပါသည်ဟု ထိုင်းနယ်ခြား စောင့်တပ်၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က မြဝတီမြို့ သိမ်းပိုက်နိုင်ရေးအတွက် ဧပြီလအတွင်းမှာ တိုက်ခိုက်ခဲ့သည်။
မြဝတီမြို့ ခလရ ၂၇၅ မှာ နိုင်ငံတော်အလံ စစ်တပ်က ပြန်တင်နေစဉ်
ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ သည် သင်္ဃန်းညီနောင် စခန်းနှင့် မြို့အတွင်းက စခန်းများက နေ ဆုတ်ပေးလိုက်ရပြီး ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ခုခံ၍ စစ်ကူအလာကို စောင့်နေခဲ့ကြ သည်။
မြန်မာ့တပ်မတော်ဘက်ကလည်း မြဝတီမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများ ပြန်လည်လုပ် လာခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၁ ရက်နေ့မှာ နှစ်ဖက်အပစ်အခတ် ရပ်စဲသွားခဲ့ကြ သည်။
ထို့နောက် ဧပြီ ၂၃ ရက်နေ့မှာ မြန်မာ့တပ်မတော်က ခလရ ၂၇၅ တပ်စခန်းကို ပြန်လည် ရယူခဲ့ပြီး ဖြုတ်ချခံခဲ့ရ သော နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်ခဲ့သည်ဟု ထုတ်ပြန်လာခဲ့သည်။
လက်ရှိတွင် မြဝတီမြို့သည် လုံခြုံရေးလုပ်ငန်းစဉ်များကို KNA က ဆောင်ရွက်နေပြီး ကုန်သွယ်ရေးလုပ်ငန်းများ ကတော့ ပြန်လည် စတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြဝတီ(မြန်မာ)- မဲဆောက်(ထိုင်း) နယ်စပ်ကုန်သွယ်ရေးသည် တစ်ရက်လျှင် ဒေါ်လာ သန်းနှင့်ချီ ကုန်သွယ် လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1275
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နောက်ဆုံး ခလရ ၂၇၅ တပ်ဖွဲ့သည် ကျန်ရှိတော့သည်အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ခလရ ၂၇၅ မှ တပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအထိ နောက်ဆုတ် ပြီး ခံစစ်ပြင် တိုက်ခိုက်ခဲ့ရသည်။
မြဝတီမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် မြဝတီမြို့ မကျရေးအတွက်လည်း မြန်မာ့တပ်မတော်ဘက်က တပ်မ ၄၄ ကို စစ်ကူစေလွှတ်၍ ထိုးစစ်ဆင် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ဧပြီ ၂၁ ရက်နေ့က မြဝတီမြို့ပေါ်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် KNLA-PDF ပူးပေါင်း တပ်ဖွဲ့က နောက်ပြန်ဆုတ်သွားခဲ့ပြီး မြန်မာ့တပ်မတော်က စစ်ကူလာသော တပ်မ ၄၄ နှင့် ခလရ ၂၇၅ တို့ ပြန် လည် ချိတ်ဆက်နိုင်ကာ မြို့ကိုထိန်းချုပ်ခဲ့ကြသည်။
မြဝတီမြို့ ခလရ ၂၇၅ ကို စစ်ကူလာတဲ့ တပ်မ ၄၄ မှ အရာရှိတစ်ဦးကိုတွေ့ရစဉ်
မြဝတီမြို့ ဒေသခံ တစ်ဦးက “အခု တော်လှန်ရေးတပ်ဖွဲ့တွေက နောက်ပြန်ဆုတ်သွားပြီး။ စစ်တပ်က ပြန်ပြီး တော့ ထိန်းချုပ်လိုက်တဲ့သဘောဖြစ်သွားတယ်။ အခု စစ်တပ်က စစ်ကူလွှတ်လိုက်တဲ့ တပ်တချို့လည်း ရောက် လာတာ တွေ့ရတယ်။ မြို့ထဲမှာတော့ သူတို့လုံခြုံရေး ကင်းလှည့်တာတွေလည်း လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်အချိန်ပြန် ဖြစ်ကြမလဲတော့ ရင်တထိတ်ထိတ်နဲ့ သတိထား သွားလာနေကြရတာပဲ”ဟု ပြောသည်။
မြဝတီမြို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ တွင် ဖြုတ်ချခံခဲ့ရသော နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်ခဲ့သည်ကို မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ သည်။
ထိုင်းအစိုးရကလည်း နှစ်ဖက် ညှိနှိုင်းမှုများ လုပ်နေပြီးဖြစ်၍ မဲဆောက်မြို့(ထိုင်း)သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသည့် မြဝတီမြို့နေ တိုက်ပွဲရှောင်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1014
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃
လက်ရှိ စစ်ရေးကျယ်ပြန့် လာနေသည့်အတွက်ကြောင့် နစကနှင့် NUG တို့၏ အားပြိုင်မှု ဘယ်လိုဖြစ်လာနိုင် သလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့အကြား သုံးသပ်မှုများ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေသည်။
အဆိုပါ အဖွဲ့အစည်းနှစ်ခု အားပြိုင်မှုက တစ်ဖက်နှင့်တဖက် အပြတ်အသတ် အနိုင်ရရှိမှာမဟုတ်ဘဲ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း ပေါ်ပေါက်လာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟုတ်ကဲ့ ကျနော်တို့ မြင်တာကတော့ ဒီအခြေအနေတစ်ခုပေါ့လေ၊ ဘယ်သူမှ မနိုင်ဘဲနဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မယ့် အခြေအနေမျိုးတော့ ဖြစ်မယ်လို့ ကျနော်တို့ မျှော်လင့်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလောလော ဆယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို နေရာတွေ ရွေ့ထားလိုက်တယ်၊ နောက်ပြီးတော့ ရွေ့ထားလိုက်ခြင်း အားဖြင့် နိုင်ငံတကာက သံတမန်တွေနဲ့ တွေ့ဆုံမှု အခြေအနေရှိတယ်လို့ ကျနော်တို့ မျှော်လင့်ရတာပေါ့၊ နောက် တစ်ခုကတော့ စစ်ရေးတင်းမာမှုကတော့ ဒါကတော့ ဖြစ်မှာပဲလေ၊ တဖြည်းဖြည်းနဲ့ လျော့သွားမယ့် အခြေအနေ တော့ ရှိတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အနေအထားက နှစ်ဖက်စလုံးမှာ ထိခိုက်သေကြေ၊ ဒဏ်ရာရ မှုတွေလည်း တော်တော်လေးများမယ်လို့ ကျနော်တို့ ထင်တယ်၊ အဲဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် အလျှော့ပေး ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့၊ ကျနော်တို့ မြင်မိတာပေါ့” ဟု ပြောသည်။
NUG ကိုတွေ့ရစဉ်
လက်ရှိ နစကနှင့် NUG တို့ လက်နက်ကိုင်ပဋိပက္ခ စတင်ခဲ့သည်မှာ ၃ နှစ်ကျော် ကြာလာသည့်တိုင် အဖြေရှာ နိုင်ခြင်း မရှိသေးဘဲ ပြည်သူလူထုများမှာ စီးပွားရေး အကျပ်အတည်း၊ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင် နေကြရသည်။
ထို့အတူ နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးမှု၊ နေအိပ်ပျက်စီးမီးလောင်မှု၊ နေရပ်စွန့်ခွာ ထွက်ပြေး ရမှုများ ကြုံတွေ့နေကြရသည်။
လက်ရှိ နစကနှင့် NUG တို့မှာ တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း၊ ယခုအနေအထား ဖြင့် ရှေ့ဆက်၍ မရဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာမှ ရလဒ်ထွက်မှာဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှာ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြေ
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တချို့ကိုတွေ့ရစဉ်
၎င်းက “နံပါတ် ၁ ကတော့ ကျနော်ရဲ့ သုံးသပ်ချက်ကတော့ ဘယ်သူမှ မနိုင်ဘူးဗျ၊ ဘယ်ဖက်ကမှ မနိုင်ဘူး၊ နံပါတ် ၂ က ဒီလိုပုံစံနဲ့လည်း ဆက်သွားလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်းတွေ အာဆီယံတွေကို သွားထိခိုက်တယ်၊ ထိုင်းတွေကို ထိခိုက်တယ်၊ တရုတ်တွေကို သွားထိခိုက်တယ်၊ ဒါကြောင့် အိန္ဒိယ၊ ထိုင်း၊ တရုတ်တို့ကလည်း ဒီလိုပုံစံနဲ့ ရေရှည်သွားတာလည်း ကြိုက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နစ်နာ ဆုံးရှုံးမှုတွေ အကြီးကြီး မဖြစ်ခင်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂုဏ်သိက္ခာရှိသောပေါ့ ဘက်စုံပေါ့၊ ဘယ်သူကမှ ဂုဏ်သိက္ခာကျဆင်းပြီးမှ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ရောက်လာ ရင်တော့ အဲဒါကတော့ ရေရှည်သွားဖို့အတွက် သက်သာရာ သက်သာကြောင်း ဖြစ်မယ်လို့ ယူဆတယ်၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ကျနော်တို့က ဝိုင်းစဉ်းစားရမယ်ဆိုတော့ ရှင်းရှင်း ပြောရရင် NUG နဲ့ SAC နှစ်ဖက်တည်း မဟုတ်ဘူးဗျ၊ ကျနော်တို့ တိုင်းပြည်မှာ EAO ဆိုတဲ့ အင်အားစုတွေက တစ်ဖက်ရှိတယ်၊ အဲဒီတစ်ဖက်ကိုလည်း ထည့်သွင်းစဉ်းစားမယ်ဆိုရင် သုံးပွင့်ဆိုင်လမ်းကြောင်းကို ပြန်တင်ပေးရင် မူလတုန်းက သုံးပွင့်ဆိုင်က ဒေါ်အောင်ဆန်းစုကြည်တစ်ပွင့်ကို အခုကြတော့ NUG နဲ့ တစ်ပွင့်ထားတော့ SAC တစ်ပွင့်၊ တပ်မတော်နဲ့ တိုင်းရင်းသားတစ်ပွင့် ၃ ပွင့်ဆိုင်နဲ့ ဆွေးနွေးအဖြေရှာမှ ဗမာပြည်ရဲ့ ရလဒ်တော့ ထွက်မယ် လို့ ထင်တယ်ဗျ” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ အပါအဝင် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်ဖြေရှင်းပါက ပြေလည်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိနေသည်။
နစကနှင့် NUG တို့မှု တစ်ဖက်နှင့်တစ်ဖက် အကြမ်းဖက် အဖွဲ့အစည်းဟု အပြန်အလှန်ကြေညာကာ အပြုတ် တိုက်ရေးကို ဦးတည် လုပ်ဆောင်နေကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်အောင်နှင့် ငွေကြေးတန်ဖိုး တည်ငြိမ်နေရန် လုပ်ဆောင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောသည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံ လူသုံးကုန် ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများ ခိုင်မာစေရေး နိုင်ငံတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။
ထို့နောက် နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ နိုင်ငံတွင် မြေခံရေခံကောင်း များနှင့် လူသားအရင်းအမြစ်များ ရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ ကုန် သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်၍ ကုန်စည် စီးဆင်း မှုများနှောင့်နှေး ပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ အဆိုပါ အချက်များကိ ုကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွား ပိုမို တိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုက်သင့် သည့် ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန်လိုသည်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဖြင့် လုပ်ဆောင်နေ သော်လည်း တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ကုန်သွယ်ရေးအားလုံးနီးပါး ရပ်တန့်လျက်ရှိနေသည်။
အလားတူ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားသလို နိုင်ငံခြားငွေ ရယူသုံးစွဲခွင့်များကိုလည်း ပိတ်ဆို့ထား သည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ကုန်ဈေးနှုန်းများ ကြီးမြင့်လာနေသလို မြန်မာကျပ်ငွေ တန်ဖိုးများလည်း ကျဆင်းလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 958
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု နစက-က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထပ်က ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် NLD အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု အား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချလိုက်သည့် နောက်ပိုင်းမှာ လည်း ဒုတိယသမ္မတအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။
ထို့နောက် နစကမှ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးများကို လည်း တက်ရောက်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1357
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂
ဖက်ဒရယ်ဒီမိုကရေစီနည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှ စတင်သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ယနေ့ (ဧပြီ ၂၂ ရက်)မှာ ထုတ်ပြန်ခဲ့သည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်းတို့ အဖွဲ့အစည်း ထိန်းချုပ်ရာ နယ်မြေအတွင်း ဒေသခံလူထုနှင့် တွေ့ဆုံခဲ့သလို တပ်မဟာနယ်မြေအသီးသီးတွင် စစ်ပညာသင်ယူနေကြသော တပ်သားသစ်များအား တွေ့ဆုံကာ ခရီးစဉ်၏ ရည်ရွယ်ချက်ကိုပါ ဖော်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
RCSS က “သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ဒေသတွင်း တည်ငြိမ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှ စတင်သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော် အပါအဝင် သက်ဆိုင် ရာ လူမျိုးစုများ၊ အစုအဖွဲ့များမှ ပူးပေါင်း ပါဝင်လိုသူများကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း” ထုတ်ပြန်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် သျှမ်းပြည်တပ်မတော်တွင် စစ်မှုထမ်းရန်နှင့် စစ်ပညာကို လာရောက် သင်ယူနေကြ သော လူငယ်လူရွယ်များအား ကောက်ရိုးမီးကဲ့သို့ မဖြစ်စေဘဲ မိမိတို့၏ အမျိုးသားရေးဆိုင်ရာ တာဝန်များ၊ သျှမ်းပြည်နှင့် ဇာတိရပ်ရွာအပေါ် တန်ဖိုးထားမှုများ မှန်ကန်စွာ သိမြင်လာရန်၊ မိမိကိုယ်ကိုနှင့် မိမိရပ်ရွာကို ကိုယ်တိုင်ကာကွယ်နိုင်သည်အထိ အခြေခံစစ်ပညာအား သင်ကြားရန်များ ပါရှိသည်။
RCSS ရဲ့ စစ်သင်တန်းသားတွေကိုတွေ့ရစဉ်
လူသေဆုံးမှု၊ နေအိမ်မီးလောင်ပျက်စီးမှု မရှိဘဲ နိုင်ငံရေးအရ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး နယ်မြေများ ရယူ၍ ရကြောင်းကို ပြသခြင်းဖြစ်ကြောင်း၊ ၎င်းနယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားများ စတင်နိုင်ခြင်းကိုလည်း သေနတ်မဖောက်ဘဲ ပြသခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ရှင်းပါတယ်၊ လက်နက်ကိုင်ပြီးတော့ တိုက်နေတဲ့ လူတွေကို ပညာပေးလိုက်တာပေါ့ဗျာ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ပညာပေးလိုက်တာပေါ့၊ လက်နက်နဲ့ မတိုက်ဘဲနဲ့ သေနတ်မဖောက်ဘဲနဲ့ နယ်မြေတွေကိုလည်း သူရထားပါတယ်လို့ အဲဒါ သူပြတာပါ့၊ မြောက်ပိုင်းမဟာမိတ်တွေလည်း တိုက်ပြီးတော့ ရထားတယ်၊ ကရင်နီဆို လည်း တိုက်ပြီးတော့ ရထားတယ်၊ လူသေပျောက်တယ်၊ ရပ်ရွာမီးလောင်တယ်၊ KNU ဆိုရင်လည်း တိုက်နေရ တယ်၊ ကျန်တဲ့ဒေသတွေမှာလည်း ဒီလိုပဲ တိုက်နေရတယ်၊ မီးတွေလောင်တယ်၊ လူတွေ သေတယ်၊ နယ်မြေတချို့ ရတယ်၊ အခုသူသေနတ်မဖောက်ဘဲနဲ့ လင်းခေးခရိုင်တို့ ခရိုင်သုံးခုလောက် မိုင်းပန်တို့၊ မိုင်းပြင်းတို့၊ ဟိုဖက် မိုင်းရှုး တို့အထိ နယ်မြေတွေကို သေနတ်မဖောက်ဘဲနဲ့ သူရလိုက်တယ်ဆိုတဲ့ဟာကို တစ်ဖက်လှည့် ကြွားပြတာလည်း ပါတယ်၊ အဲဒီမှာ သူ့အုပ်ချုပ်ရေးတွေ လိုက်ချနေတာဆိုတာလည်း သူပြောတာပါတယ်။ အဲဒါတွေအားလုံး ထောက်ရှု့လိုက်ရင် ဒီလိုပုံစံပေါ့၊ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ပုံစံမှာလည်း နယ်မြေတွေကို သိမ်းလို့ရတယ်၊ ဥပမာ ကရင်နီမှာ ဒေသအုပ်ချုပ်ရေးတွေ လုပ်မယ်ပြောတယ်၊ ဒါပေမဲ့ လူတွေက စစ်ပြေး၊ စစ်ရှောင် စစ်မီးကလောင် အခုသူသွားတဲ့ နယ်မြေမှာ စစ်မီးမရှိဘူး။ ပဋိပက္ခမရှိဘူး၊ လက်နက်ကိုင် မရှိဘူး။ သို့သော် အဲဒီနယ်မြေတွေက သူ့နယ်မြေဖြစ်တယ်လို့ ပထမအစ စာရဲ့အပိုဒ်ထိပ်မှာကိုက ထည့်ထား တယ်” ဟု ပြောသည်။
ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင်း RCSS အုပ်ချုပ်ရေးနယ်မြေအတွင်း ဝင်ရောက်လာမည့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဟန့်တားလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ထောက်ပြသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ RCSS ရဲဘော်တွေကိုတွေ့ရစဉ်
ဖြတ်သန်းခဲ့သော နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် သဘောတူညီချက်များကို လက်တွေ့ စတင်အကောင်အထည် ဖော်ဆောင်ရန်၊ ဒေသန္တရအဆင့်မှ အခြေခံတကျ ပြင်ဆင်သွားရန်များ ပါရှိသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၏ ခရီးစဉ်အတွင်း အခြေခံစစ်ပညာသင်တန်းမှာ တပ်သားသစ် ၆၀၀၀ ဦး၊ ကျေးရွာ ၃၃ ရွာမှ ဒေသခံလူထုများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သျှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လွယ်တိုင်းလျန်တွင် ဌာနချုပ် ထားရှိကာ လင်းခေး၊ မိုင်းပန်း၊ မိုင်းရှုး၊ လွိုင်လင်၊ ပန်လုံ၊ ခိုလမ်၊ လဲချား၊ မိုင်းကိုင်၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ စသဖြင့် အခြေပြု လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 629
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်းရှိ ရှမ်းနီဒုလ္လဘရဟန်းအပါး ၁၂၁ ပါးကို ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)က နံနက်ခင်း ဆွမ်းလောင်းလှူနေသည်ကို တွေ့ရှိရသည်။
မြန်မာ့နှစ်သစ်ကူးကာလ သင်္ကြန်တွင်းမှာ ရှမ်းနီတိုင်းရင်းသား ၁၂၁ ဦးကို SNA က ဒုလ္လဘရဟန်းခံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း ကွဲပြားစွာ ဖြစ်တည်နေသော ရှမ်းနီဒေသများကို ပြန်လည်စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသလို တိုင်းရင်းသား တန်းတူညီမျှအခွင့်အရေးများ ရရှိရေး ကြိုးပမ်းလျက်ရှိသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 720
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇
ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ပြီး စီးပွားရေးတိုးတက်အောင်လုပ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်ခဲ့သော မြန်မာ့နှစ်သစ်ကူးကာလ နှစ်ဆန်းတစ်ရက်နေ့မှာ ၎င်းက ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့ နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ယခုနှစ်သစ်မှာလည်း ကျနော်တို့ အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုး ကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
မိမိတို့အစိုးရအနေဖြင့် နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝတိုးတက် ကောင်းမွန်စေဖို့အတွက် လိုအပ်သည့် အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တစ်ဆက်တည်းမှာပဲ နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ဖို့အတွက်လည်း ကုန်ထုတ် လုပ်မှု နယ်ပယ်အားလုံးက ကြိုးစားဆောင်ရွက်ကြစေလိုပါတယ်။ အခက်အခဲ အကျပ်အတည်း မျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့တားဆီးမှု အပါအဝင် အခက်အခဲအချို့သာ မရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာဖြစ်တယ်လို့ ကျနော်ယုံကြည် ပါတယ်”ဟု ပြောသည်။
တည်ငြိမ်းအေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် မိမိတို့အစိုးရ အနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ် မျိုးဆက်များအထိ တည်တံ့နေ သည့် ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P DF)များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး များ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုက ခံစားနေကြရသည်။
မြန်မာနိုင်ငံသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယတို့နှင့် နယ်စပ်ကုန်သွယ်ရေးများ လုပ်ဆောင်လျက်ရှိ သော်လည်း လက်ရှိတိုင်ပွဲများကြောင့် အားလုံးနီးပါး ကုန်သွယ်ရေးရပ်တန့်လျက်ရှိသည်။
ထို့နောက် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် အလုပ်အကိုင်များ ရှားပါးနေသလို လုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုုပ်နှံမှုအသစ်များ လုပ်ဆောင်ခြင်းမရှိတော့ စီးပွားရေးက ကျဆင်းလျက်ရှိနေသည်။
အဆိုပါ အခြေအနေများကို ရင်ဆိုင်နေရချိန်မှာပဲ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော် အပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသလို နိုင်ငံတကာ ငွေကြေးများ သုံးစွဲနိုင်ရေး ကန့်သတ်မှုများလည်း ပြုလုပ်လျက်ရှိနေသည်။