CNI News 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံတစ်ခုလုံး ခွဲထွက် သွားသည်အထိ အန္တရာယ်ရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသော စကားရပ်သည် မည်သည့် အတိုင်းအတာအထိ ပြဋ္ဌာန်းမည်ဆိုသည့် အဓိပ္ပါယ်အား ရှင်းလင်းတိကျစွာ သိရန်လိုကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးမည်ဆိုပါ က ခွဲထွက်ရေးလမ်းကြောင်းကို ရောက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “အဲဒီနေရာမှာ နှစ်ပိုင်းရှိတယ်။ ငြိမ်းချမ်းရေးဆွေး‌နွေးတဲ့ ကာလတွေမှာလည်း အမြဲတမ်း ပြဿနာ ဖြစ်ကြတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဲဒီဟာက ဘာနဲ့သွားတူလဲဆိုတော့ ကိုယ့်ဒေသကိုယ် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လုပ်လိုက်ပြီ ဆိုတာနဲ့ ခွဲထွက်ဖို့ဆိုတဲ့ လမ်းကြောင်းကို ရောက်သွားနိုင်တယ် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ။ အဲဒီကို ဦးတည်သွားဖို့က ရာခိုင်နှုန်းများတယ်။ ဖြစ်နိုင်ခြေက အရမ်းများတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်တယ်။ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အစိုးရအဆင့် ဒါမျိုးတွေ အုပ်ချုပ်တယ်ဆိုတာ ပြဿနာမရှိဘူး။ သို့သော် မူလမြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ စင်ပြိုင် ပြဋ္ဌာန်းခွင့်မျိုး ဆိုတဲ့ဟာမျိုး ရရင်ပြဿနာက အကြီးအကျယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ကတော့ ထင်မှာပေ့ါလေ ဒါကသိပ်အစိုးရိမ်ကြီးနေတာ။ ကျနော်တို့ရဲ့ နိုင်ငံ့သမိုင်းကြောင်းကို ပြန်ပြီးကြည့် ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ ပြဿနာမရှိပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အများကြီးရှိသွားနိုင်တယ်။ အဲဒီတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားရပ်ကို ဘယ်လိုပြဋ္ဌာန်းမှာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါမယ်။ မဟုတ်ရင် အဲဒီကောင်က နိုင်ငံတစ်ခု လုံး ခွဲထွက်သွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကျင်းပအပြီး ဓာတ်ပုံရိုက်နေစဉ်

ယခင်က တွေ့ဆုံဆွေးနွေးရေးများ လုပ်သည့်အခါတွင် ခွဲမထွက်ရေးအတွက် ကတိစာချုပ်ချုပ်ဆိုရန် လုပ်ဆောင် သည့်အခါ၌ လက်မခံခဲ့ကြမှုများရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် မြန်မာနိုင်ငံမှ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာ မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ယခင်ခေတ်က တော်လှန်ရေးသမိုင်းတွင် ခွဲထွက်ရေးကိုသာ တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခုတော်လှန်ရေးတွင် ခွဲထွက်ရေးအစား ကိုယ်ပိုင်သီးခြားအုပ်ချုပ်ခွင့် ရရှိရေးအတွက်သာ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ဟု မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့လူတွေက ပြောနေတာကို တကယ်လို့သာ တော်လှန်ရေးတပ်ဖွဲ့တွေက အနိုင်ရသွားရင် တိုင်းပြည် ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နိုင်တယ် ပြောနေကြတာ မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ အခုက တောင်းတာက ကျမတို့ တော်လှန်ရေး စလုပ်ကာစနဲ့ မတူဘူး။ အခု ဘယ်သူကမှ ခွဲထွက်ရေး မပြောဘူး။ ဟိုတုန်းက ကချင်တို့၊ ကရင်တို့ ဘာတို့ အကုန်လုံး ခွဲထွက်ရေးပဲ ပြောတာ။ သီးခြားတိုင်းပြည် ထူထောင်ရေးပဲ ပြောတာ။ အခု ဒါတွေ မပြောတော့ဘူး သူတို့က၊ သူတို့ တစ်စုတစ်ပေါင်းတည်းနေပါ့မယ်။ သီးခြားအုပ်ချုပ်ခွင့်ပေါ့နော် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တွေ ရဖို့အတွက် သူတို့တောင်းဆိုမှာပေါ့။ ဒီအတွက်သူတို့ တိုက်နေတာပါလို့ သူတို့ပြောတာ” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကျင်းပနေစဉ်

မြန်မာ့တပ်မတော်သည် နိုင်ငံတစ်ဝန်း နယ်စွန်နယ်ဖျား နယ်မြေအများအပြားကို တော်လှန်ရေး အင်အားစုများထံ အလျင်အမြန် ဆုံးရှုံးနေခြင်းကြောင့် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများ ဗဟိုချုပ်ကိုင်မှုသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားရန် သေချာသလောက်ရှိကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG)က ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်က ထုတ်ပြန်ထားသည်။

ထိုသို့ ကွဲထွက်သွားသည့် ဖြစ်စဉ်သည် မြန်မာနိုင်ငံမှ ပြည်သူလူထုများ တောင့်တနေသည့် ဖက်ဒရယ်ပြည်ထောင် စု တည်ထောင်ရေးကို အထောက်အကူမဖြစ်ဘဲ စိန်ခေါ်မှုသာဖြစ်ကြောင်းလည်း ICG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် နေရာမှာ  ခွဲထွက်ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (External Self- determintion) နှင့် ခွဲထွက်ခွင့်မရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(Internal Self-determintion)ဟူ၍ ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ Internal Self- determintion ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ခွဲထွက်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူများက ပြောသည်။