- By CNI
- Category: နိုင်ငံရေး
- Hits: 682
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
နစကသည် ဘန်ကီမွန်းအား ဖိတ်ကြား၍ တွေ့ဆုံခြင်းက လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် အကူအညီတောင်းခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ် သူ ဦးရဲထွန်းက CNI သတင်းဌာနကို ပြောသည်။
ဘန်ကီမွန်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး နစက၏ ဖိတ်ကြားချက်အရ ဧပြီ ၂၃ ရက်က နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဦးရဲထွန်းက “ဖြစ်နိုင်တာကတော့ အခုပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့နော်၊ အဓိက အားဖြင့် တော့ NUG၊ PDF နဲ့ နစက တပ်တွေရဲ့ ကြားထဲက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အေးအေးချမ်းချမ်းဖြစ်ဖို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ ပြေလည်သွားစေဖို့အတွက် ဘန်ကီမွန်းကို ကြားထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းပေးဖို့ အကူအညီတောင်းဖို့ ကျနော်တို့ အဲဒီလို ထင်ပါတယ်ဗျ” ဟု ပြောသည်။
ဘန်ကီမွန်း မြန်မာပြည်ကို ရောက်လာစဉ်
ဘန်ကီမွန်း အနေဖြင့် လက်ရှိခရီးစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ၊ လူသိများ ထင်ရှားသော ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌအဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဘန်ကီမွန်းတို့ တွေ့ဆုံနိုင်ခြင်း မရှိကြောင်း အပစ်ရပ်အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွန့်က ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဘန်ကီမွန်း အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေး ကိစ္စများလည်း ဆွေးနွေး နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခဲ့သည့် ဘန်ကီမွန်း
ဦးသာထွန်းလှက “NCA လက်မှတ်ထိုးတုန်းက သူက UN အထွေထွေအတွင်းရေးမှူးချုပ်လေ ပြီးရင် ဒီငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း ညီလာခံအထိ လာခဲ့တယ်ဆိုတော့လည်း အဲဒါကြောင့် သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍ NCA နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ ရှိတဲ့အတွက်ကြောင့် နစကဘက်ကလည်း NCA စာချုပ်အတိုင်း သူတို့ ငြိမ်းချမ်း ရေး အကောင်အထည် ဖော်မယ်လို့ ပြောထားတဲ့အတွက်ကြောင့် ကျနော့်အမြင် ပြောမယ်ဆိုရင်တော့က အဲဒီ NCA စာချုပ်ကိစ္စတော့ မဖြစ်မနေ ပါလိမ့်မယ်ထင်တယ်” ဟု ပြောသည်။
ဘန်ကီမွန်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ် UN ကိုယ်စားလှယ်၏ အသိသက်သေအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 877
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူကို အမည်မသိ လက်နက် ကိုင်ထားသူတချို့က ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမ၊ ၁၆ ကွေ့ မှတ်တိုင်အနီးမှာ ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း နစက-က ဘက်ကလည်း အတည်ပြုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
လက်ရှိ မြန်မာ့နိုင်ငံရေး လောကထဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဝင်လာနိုင်ရေး လုပ်ဆောင်နေကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက ၎င်းတို့အတွက် အခက်အခဲ ရှိနိုင်သည်ဆိုသည့် စဉ်းစားချက်မျိုး ရှိနေသမျှ အပြီးသတ် လွှတ်ပေးမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ် နိုင်ငံရေးက ပယ်ထုတ်ထားချင်တဲ့ အခြေအနေမျိုးကို သူတို့ လုပ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလွန်ကာလကို သူတို့ စောင့်နေတယ်၊ အဲဒါကြောင့် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အချိန်အကန့်အသတ် တစ်ခုအထိတော့ သူတို့မှာ ဆွဲဦးမှာပဲ၊ ဘယ်လိုမှ လွတ်ပေးစရာ အကြောင်းမရှိဘူး။ ဆိုပါတော့ ပုဒ်မ ၁၀ ခုနဲ့ စွဲထားရင် နှစ်ခုလောက် လွှတ်ချင်လွှတ်မှာပေါ့၊ နှစ်ပေါင်း ၃၊ ၄ ဆယ် ကျထားတဲ့ ပုဂ္ဂိုလ်က နှစ်ပေါင်း ၁၀ နှစ် လျှော့လိုက်ရင်လည်း လျှော့လိုက်လို့ရတာပေ့ါ၊ သူတို့က သဘောထား ကြီးတယ်ဆိုတဲ့ဟာမျိုးက ပြသလို့ ရမှာပေါ့၊ ဒါပေမဲ့ လုံးဝကွင်းလုံးကျွတ် အမှုအားလုံးကို လွှတ်လိုက်မယ် ဆိုတာ မျိုးကို မစဉ်းစားနဲ့ သူတို့ အထက်အောက် အဖွဲ့အစည်းတွေကလည်းပဲ စစ်ခေါင်းဆောင်ရဲ့ ညွန်ကြားမှုအရ လုပ်နေ တာပဲ ဒါက ဘယ်လောက်ချလိုက်ပါ၊ ဘယ်လိုလုပ်ပါ စစ်အုပ်ချုပ်ရေးမှာ အဲဒါတွေ လုပ်နေကျ၊ အထက် ခေါင်းဆောင်တွေရဲ့ သဘောထားမပါပဲ တရားရုံးတွေက အလုပ်မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး ရင် သူတို့အတွက် အခက်အခဲ ရှိနိုင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက် ရှိနေသမျှတော့ ဘယ်တရား ရုံးကမှ အပြီးသတ်လွှတ်မှာ မဟုတ်ဘူး။ ခြုံပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲမှာ ပြန် ဝင်လာမှာကို ကြောက်တယ်၊ ဒါကြောင့် သူတို့က ခွင့်ပြုမှာ မဟုတ်ဘူး။ သဘောလောက်ပဲ လုပ်တယ်လို့ ကျနော် သုံးသပ်ချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားသည့် အမှုတချို့ အယူခံတက်ထားခြင်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က လက်ခံခဲ့ကြောင်း သိရသည်။
လက်ရှိ အာဏာပိုင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲ မပါအောင် လုပ်နေသည်မှာ ဖြစ်နိုင် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအောင်မျိုးက “နိုင်ငံရေးထဲကို မပါဘူး လုပ်နေတယ်ဆိုတာကတော့ ဒါကတော့ ပြောရလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးမှာ သူလုပ်ပေးခဲ့တာ ဘာမှ ပြောရလို့ရှိရင်တော့ Good Research က ရှိမှ မရှိတာကို နောက်ဆုံးကြတော့ အမုန်းတရားတွေကြီးပဲ ပါတဲ့အတွက်ကြောင့်မို့လို့ သူ့ကို နိုင်ငံရေးမှာ ပြန်ပြီးမှ ရှင်သန်စေမယ်ဆိုရင် သူက လက်စားချေတဲ့ မူဝါဒကိုပဲ သွားနေတာလေ၊ သူလက်စားချေခွင့်ရရင် လက်စားချေမှာ ပဲလေ၊ ဒါက ကျနော်တို့က သူအုပ်ချုပ်ခဲ့တဲ့ ကာလအတောအတွင်းမှာ စစ်တပ်က လူတွေ၊ လူဟောင်းတွေ၊ စစ်တပ် ကနေပြီးတော့ အရပ်ဖက် ရောက်နေတဲ့ လူတွေကို သူအမျိုးမျိုး ဒုက္ခပေးဖို့ ကြံစည်တာပေါ့ဗျာ၊ အထူးသဖြင့် တိုင် စာတောစာတွေနဲ့ ပတ်သက်ပြီးတော့ လုပ်လို့ရတာတွေလည်း ရှိသလို လုပ်လို့မရတာလည်း ရှိတယ် ဒါက ကျနော် ကိုယ်တိုင် ကိုယ့်တွေ့မို့လေ၊ အဲဒီတော့ သူလုပ်ဖို့ ကြိုးစားမှာပဲ၊ ဒါကြောင့်မို့လို့ သူ့ကို လက်ရှိ အစိုးရကနေ ပြီးတော့ နိုင်ငံရေးထဲကနေပြီးတော့ မပါအောင်ဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပါတီဝင် အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 479
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
လက်နက်ကုန်သွယ်မှုများ ပပျောက်ရေး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E.Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီ ၂၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများ နှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E.Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP )၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် မြန်မာ့တပ်မတော်အား ဖြုတ်ချလိုသော အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လက်ခံ၍ လေ့ကျင့်ပေးနေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ သည်။
အဆိုပါ တိုက်ပွဲများနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်မှောင်ခိုဈေးကွက်မျာ ကျယ်ပြန့်လာသလို မူး ယစ်ဆေးဝါး မှောင်ခို ကူးမှုများကလည်း ကျယ်ပြန့်လာနေကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 896
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
ထိုင်းတွင် ရွေးကောက်ပွဲကြောင့် လက်ရှိ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလ၌ နယ်မြေအလိုက် လုံခြုံ ရေး တင်းကြပ်ထားသည့်အတွက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သတိပြု နေထိုင်ကြရန် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သောကြောင့် ထိုကာလအတွင်း ထိုင်းသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းများသာမက တရားဝင် မြန်မာများပါ သတိထား သွားလာသင့်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းဦးက “ပြောရမယ်ဆိုရင် လုံခြုံရေးပိုင်းအရ ပြဿနာဖြစ်နိုင်တဲ့ဟာမျိုးတွေပေါ့။ ဥပမာ လက်နက်ခဲယမ်း ဒါမျိုးတွေကို စစ်ရင်းနဲ့ ကိုယ့်ဆီမှာ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒါမှမဟုတ်လည်း အလုပ်အကိုင် ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်က သတ်မှတ်ထားတဲ့ အလုပ်အကိုင် ဟုတ်၊ မဟုတ်ပေါ့ အဲဒါမျိုးမှာ လုပ်နေတဲ့ လူတွေက ကြားကြောင် ပါသွားနိုင်တာပေါ့။ ဒါမျိုးတွေကတော့ ကိုယ်က သတိထားသင့်တာပေါ့နော် အဲဒီလိုကာလ မှာ။ သူတို့ရဲ့ လုံခြုံရေးကို အဓိကထားပြီး လိုက်လံစစ်ဆေးတဲ့ အချိန်မှာ ကိုယ့်လူတွေ မပါဖို့ပဲလေ။ အခုဆိုရင် ပါတီ တွေထဲမှာ Future Forward ပေါ့ ထိုင်းအရှေ့ဆောင်ပါတီပေါ့ ဒါကတော့ ပါတီသစ်တစ်ခု။ သူက လူငယ်တွေ များ တယ်။ အဲဒီလူငယ်တွေကလည်း တကယ်တော့ အရည်အချင်းရှိ၊ အလားအလာရှိတဲ့ လူငယ်တွေ။ သို့သော် အဲဒီ လူငယ်တွေမှာက ခေါင်းဆောင် ၂ ယောက်ဆိုရင် သူတို့မှာ ပြောရမယ်ဆိုရင် တော်ဝင်မိသားစုနဲ့ ပတ်သက် ပြီးတော့ ဆန့်ကျင်တဲ့ဟာမျိုးတွေ လုပ်ထားလို့ တရားစွဲဆို ခံထားရတာတွေ ရှိတယ်။ အဲဒီ ပါတီတွေနဲ့ ခေါင်း ဆောင်တွေ ဘာတွေ အဲဒီလို အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံတဲ့ဟာတွေ အဲဒါမျိုးတွေမှာတော့ နည်းနည်း သတိထား ရမှာပေါ့။ အခုလက်ရှိမှာကိုက စောင့်ကြည့်ခံထားရတဲ့ သဘောမှာ ရှိတယ်” ဟု ပြောသည်။
ထိုင်းရွေးကောက်ပွဲ မဲဆွယ်မှုကိုတွေ့ရစဉ်
ထို့အပြင် ထိုင်းနိုင်ငံ၏ လက်ရှိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများတွင် အနီနှင့် အဝါရောင် ဝတ်ဆင် ခြင်းကိုလည်း အထူးသတိထား ဆင်ခြင်သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲသည် မိမိတို့ ရွှေ့ပြောင်းလုပ်သားများနှင့် မသက်ဆိုင်သည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ နိုင်ငံရေးများတွင် ပါဝင်မပတ်သက်ကြရန် ၎င်းတို့က ပြောသည်။
ထိုင်းရှိ အလုပ်ရုံတစ်ခုမှာတွေ့ရသည့် မြန်မာအလုပ်သမား
MWRN မှ အကြံပေး ဦးအောင်ကျော်က “သူ့ ထိုင်းပြည်သူတွေ တော်တော်များများကတော့ လုံးဝ မျှော်လင့်ချက် ကြီးစွာနဲ့ မဲပေးကြမယ့် လက္ခဏာတွေ တွေ့ရတယ် ကျနော်တို့ လေ့လာကြည့်တာ။ ရွေးကောက်ပွဲကာလမှာ ကတော့ အလုပ်သမားတွေက ကိုယ်က ဧည့်သည် ဖြစ်တဲ့အတွက်ကြောင့် ဒီဟာနဲ့ပတ်သက်ပြီး သူ့ရဲ့ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ပတ်သက်လို့ မရဘူး။ တစ်စုံတစ်ရာ သူတို့ပါတီချင်း အားပြိုင်လို့ ပဋိပက္ခတွေ ဟိုတစ်ချိန်တုန်း ကလည်း ဒီနိုင်ငံမှာ ပါတီချင်းအားပြိုင်ပြီး ပဋိပက္ခတွေဖြစ်ခဲ့တယ်။ လက်ရှိ အနေအထားမှာတော့ ရွှေ့ပြောင်း အလုပ်သမားတွေက ကိုယ့်ကိုယ်ကို တရားဝင်အောင် နေထိုင်၊ ပြီးရင် ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်နေရင်းနဲ့ ကိုယ်ကိုယ်တိုင် ကျေနပ်တဲ့ အားရတဲ့ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာရင် သူအာဏာရလာရင် ငါတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ပိုမို အလေးပေးပြီးမှ ဂရုစိုက်မှုရမယ် ဆိုတာကို ကိုယ့်ဘာသာ ကြိတ်ပြီး ခံစားတာ ကလွဲပြီးမှ ကိုယ်ကိုယ်တိုင် သွားရောက်ပြီးမှ ထဲထဲဝင်ဝင် နိုင်ငံရေးမှာ ဝင်ရောက်ပြသလို့တော့ မရဘူး။ အဲဒါ မျိုးကို အရမ်းရှောင်ရှားဖို့တော့ လိုပါတယ်” ဟု ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၏ အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးခြင်း အား မေလတွင် နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် အမြန်ဆုံး သက်တမ်းတိုး ပြုလုပ်ကြရန်လည်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 743
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးရန် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းထက် ကောင်းသည့် လမ်းကြောင်းမရှိတော့ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးမှုမှာ နောက်ကျသည်ဟု မရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ရေး လမ်းကြောင်းများ ဖွင့်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
မိုင်းအုမ်းခိုင်က “တွေ့ဆုံဆွေးနွေးမှုကတော့ ကျနော့်အမြင် ပြောပြတာနော်၊ တွေ့ဆုံဆွေးနွေးမှုကတော့ စောစော ပြုလုပ်နိုင်လေ၊ ပါဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရင် အကောင်းဆုံးပဲ၊ ဆွေးနွေး မှုကတော့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးလေ။ အခုကျနော်တို့ အားလုံးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ အကုန်လုံးက ရှင်းရှင်း ပြောရရင် ဆုတ်ယုတ်လာတဲ့ အနေအထားမျိုး ကျနော်တို့ ရှိနေတာပေါ့လေ၊ စီးပွားရေး တွေ ကောင်းအောင် အရင်လုပ်ရမယ်၊ အဓိကကတော့ တရားဥပဒေစိုးမိုးရေးပေါ့ဗျာ၊ တရားဥပဒေစိုးမိုးရေး အရင် လုပ်မယ်၊ တည်ငြိမ်ရေးကို ဝိုင်းဝန်းပြီးမှ ဆောင်ရွက်ဖို့တော့ လိုတာပေါ့၊ ပါဝင်ဖို့ကတော့ လိုတာပေါ့။ အဲဒီတော့ တည်ငြိမ်မှု မရှိဘူးဆိုရင်လည်း ကျန်တဲ့အပိုင်းတွေက ဆောင်ရွက်ဖို့ရာ အခက်အခဲ အများကြီးရှိတာပေါ့၊ အဓိက တော့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိဖို့ ဖန်တီးပေးရေးဟာ အဓိက အချက်တွေပေါ့၊ အဲဒီတော့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းက လွဲလို့ ဒီထက်ကောင်းတဲ့ လမ်းကြောင်း မရှိတော့ဘူးလေ၊ တစ်ဖက်နဲ့ တစ်ဖက် အနိုင်တိုက်မယ်ဆိုတာမျိုးကလည်း ဒါ ဖြတ်သန်းလာခဲ့ပြီးပြီ၊ အကောင်းဆုံးကတော့ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်နေကြစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရမှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်း ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ ဖြုတ်ချခဲ့သည်။
ထို့နောက် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးအား ဒီမိုကရေစီအင်အားစုများ က ဆင်နွှဲလျက်ရှိနေသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ နစကနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံဆွေးနွေးရေးမှာ မဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါက ပြောရလို့ရှိရင် သူတို့က ဒီလို ဆွေးနွေးမှုဆိုတဲ့ အပိုင်းကို တောင်မှ စိတ်ရှိတာ မရှိတာဆိုတာထက် သူတို့က ဆွေးနွေးမယ်ဆိုရင်ရော ဒီ NUG က ဒီ PDF တွေအကုန်လုံးကို ကိုယ်စားပြုသလားဆိုတဲ့ မေးခွန်းမေးဖို့ လိုလာတာပေါ့နော်၊ အဲဒီလို ကိုယ်စားမပြုဘူး။ သူက ပြုတယ်လို့ ပြောရင် လည်းပဲ ဟုတ်တယ်၊ ပြုတာတော့ ပြုတယ်ပေါ့ထားပါ၊ ဘယ်သူမှ သူ့စကားလည်း နားမထောင်ဘူး။ RCSS က ဦးယွက်စစ်ကြီး ပြောသလိုပေါ့နော်၊ တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်ပေါက်တွေ ဘယ်လိုမှ သူ့စကား နားထောင်လို့လည်း မရဘူး။ အဲဒီတော့ ဒါကြီးက မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် မြန်မာ့နိုင်ငံရေးမှ တပ်မတော် ထွက်ခွာပါက တွေ့ဆုံဆွေးနွေးမှု မှာ ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
NUG ကို ထောက်ခံကြောင်း ပြသနေကြစဉ်
ဦးသန်းစိုးနိုင်က “တွေ့ဆုံဆွေးနွေးပွဲကတော့ ဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းပေါ့၊ အဆုံးသတ်တဲ့ပွဲ ကိုတော့ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးရေး လိုအပ်ပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ဒီအကြမ်းဖက်မှု ကျူးလွန်နေတဲ့ လူနဲ့ ခံရတဲ့ ပြည်သူလူထုကြားထဲမှာ တန်းတူရည်တူ ဆွေးနွေးလို့ မရပါဘူး။ ဒုတိယကမ္ဘာစစ်တုန်း က ဂျပန်ကို တက်ပြီး မဟာမိတ်တွေက သိမ်းဖို့ လုပ်တဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးပွဲဆိုတာ လုပ်လို့မရပါဘူး။ အဏုမြူဗုံးကြဲပြီးမှ သူက လက်နက်ချတာပါ၊ အလားတူပဲ တွေ့ဆုံဆွေးနွေးမှုနဲ့ အဆုံးသတ်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အင်အားချိန်ခွင်လျှာမှာ ကျနော်တို့ ပြည်သူတွေက အသားစီးရအောင် လုပ်ရတဲ့ အခြေအနေအောက်မှာ စစ်အုပ်စုကို တောင်းဆိုရမှာပါ၊ ကျနော်တို့ တောင်းဆိုရမှာတွေကတော့ တစ်ခုက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဖျက်သိမ်းပေးဖို့၊ နောက်တစ်ခုကတော့ နိုင်ငံရေးကနေပြီးတော့ ဗမာပြည်နိုင်ငံရေးကနေပြီးတော့ စစ်တပ် လုံးဝ ထွက်ခွာ ပေးဖို့။ အဲဒီနှစ်ချက် ရနိုင်မယ်ဆိုရင်တော့ ဆွေးနွေးပွဲက ဖြစ်မြောက်နိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တော့ တစ်ဖက်ဖက်က အနိုင်ရဖို့အတွက် ပြတ်ပြတ်သားသား ဆက်ပြီး တိုက်ခိုက်ကြလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အသီးသီး၏ ၂၅ ရာခိုင်နှုန်းကို ရယူပိုင်ခွင့်ရှိနေပြီး လက်ရှိတွင်လည်း နစကကို ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် ယန္တရားများကို လည်ပတ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်းက ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် လက်ရှိပြည်တွင်းတွင် နိုင်ငံ ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်များမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1024
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
နိုင်ငံရေးထက် လူမျိုးရေး ခံယူချက်ကြောင့် “ဝ”ခေါင်းဆောင်များ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)အနေဖြင့် ခံယူခြင်းဖြစ်နိုင်သည်ဟု မြင်မိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ငြိမ်းချမ်းရေး တည်ဆောက်မှု (၃၄) နှစ်ပြည့်သို့ TNLA မှ ပေးပို့သည့် သဝဏ်လွှာတွင် “ဝ”ခေါင်းဆောင်တို့၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို ခံယူ ကြောင်း ဖော်ပြထားသည်။
ဦးဖေသန်းက “အခုဟာက မွန်-ခမာ အနွယ်ဝင်တွေမို့လို့ ဒါက အသိအမှတ်ပြုတယ် အားကိုးတယ်၊ ယုံကြည်တယ်၊ ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးကြတော့ ဒါက နည်းနည်း နိုင်ငံရေးထက် လူမျိုးရေးကို လိုက်သွားတာပေါ့၊ အဲဒါကြ တော့ သူတို့ရဲ့ မျိုးရိုးတူတဲ့အတွက် သူတို့ အားကိုးတယ်ဆိုတဲ့ သဘောမျိုး အဲဒီလို သဘောမျိုး သက်ရောက်သွား တယ်လို့ ကျနော်မြင်တယ်၊ ဒါပေမဲ့ အဲဒီဟာ မဟုတ်လားဆိုလည်း အဲဒါလည်း အားကိုးတာ ဖြစ်ကောင်း ဖြစ်နိုင် တာပေါ့၊ အဲဒီလို မျိုးရိုးတူတဲ့အတွက်နဲ့ မျိုးနွယ်တူတဲ့အတွက်နဲ့ “ဝ”ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်တို့ ထောက်ခံတယ်၊ လိုက်ပါဆောင်ရွက်မယ်၊ အားကိုးတယ် ဆိုတဲ့ အပိုင်းကတော့ တစ်ပိုင်းပေါ့၊ ဒါက နိုင်ငံရေးထက် မျိုးနွယ် တူရာတူရာဆိုပြီး ဖြစ်သွားတယ်၊ ဒါကြောင့် ကျနော်အမြင်ကတော့ ဒီကိစ္စကို နိုင်ငံရေးအားဖြင့်တော့ မဝေဖန် မသုံးသပ်ချင်ဘူး။ ဒါက သူတို့ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်လို့ ကျနော်မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားအိုက်ဖုန်းကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်နှင့် နီးစပ်သည့် UWSA ၏ ဦးဆောင်မှုကို ခံယူသော်လည်း TNLA နှင့် ဒေသကာကွယ်ရေးတပ် (PDF) တို့၏ ပါဝင်ပတ်သက်မှုအပေါ် ဖိအားပေးလာမည်ဟု မမြင်မိကြောင်း ၎င်းက ပြောသည်။
မွန်-ခမာအနွယ်ဝင် “ဝ”၊ တအာင်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိ အောင်မြင်စေရန်အတွက် TNLA အနေဖြင့် “ဝ”ခေါင်းဆောင်တို့၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို လေးနက် တည်ကြည်စွာခံယူပြီး သွေးချင်းညီအစ်ကို လူမျိုးများအနေဖြင့် အမြဲလက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း TNLA ၏ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ရရှိထားသည့် UWSA နှင့် ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်ရေး တည်ဆောက် သည့် သဘောဟု ယူဆကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကြတော့ ကျနော်ထင်တယ်လေ၊ နံပါတ်တစ်က မျိုးနွယ်စုကို စုတဲ့သဘော၊ နံပါတ် နှစ်ကတော့ နယ်မြေချင်း ဆက်စပ်နေတဲ့ အပေါ်မှာလည်း နယ်မြေတွေ ဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ သဘော၊ ဘာကြောင့်လဲဆိုတော့ UWSP၊ UWSA က သူ့နယ်မြေမှာ တစ်စုံတစ်ရာ အတိုင်းအတာအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရနေတဲ့ သဘောရှိတယ်၊ ရှိနေတော့ အဲဒီအဆင့်အတန်းကို ပလောင်က မရသေးဘူး၊ မရသေးတော့ ဟိုက နိုင်ငံရေးအရ Status (အခြေအနေ)က နည်းနည်းမြင့်တော့ ပလောင်က အဲဒီ နိုင်ငံရေး Status (အခြေ အနေ)နဲ့ တွဲပြီးတော့ မျိုးနွယ်စုတူတယ်၊ အလုပ်ချင်းလည်း တူတယ်၊ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ပြီးတော့ ဦးဆောင်မှု ယူမယ်ဆိုတဲ့ဟာက ညီညွတ်ရေးတည်ဆောက်တဲ့ သဘောလို့ ယူပါတယ်” ဟု ပြောသည်။
TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်
UWSA ၏ ဦးဆောင်မှုကို ခံယူခြင်းက နှီးနွှယ်မှုနှင့် ၎င်းတို့၏ ရပ်တည်မှုအရ UWSA ကို အားကိုးသည့် သဘောရှိ နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။
စိုင်းထွန်းအောင်လွင်က “အဲဒီတော့ ပုံမှန်အားဖြင့်တော့ TNLA ကတော့ဗျာ၊ သူကတော့ သမိုင်းကြောင်း နှီးနွှယ်မှု ရယ်၊ ပေါ်ထွန်းလာတဲ့ နှီးနွှယ်မှုရယ်၊ သူ့ရဲ့ ရပ်တည်ရေး နှီးနွှယ်မှုအပေါ် မူတည်ပြီးမှ ပြောပုံရပါတယ်။ ကျနော် တော့ အဲဒါလေးမြင်တယ်၊ ဥပမာ ဗကပ ခေတ်ကဆိုရင်လည်း PSLA တို့ ဘာတို့ဆိုတာ TNLA မဟုတ်သေးဘူး ပေါ့နော်၊ အရင် PSLA တို့ဆိုတာ KIO နဲ့ပေါင်းတယ်၊ ဗကပနဲ့ပေါင်းလိုက် ဒီလို NDF ထဲဝင်လိုက် ဒီလိုပဲ နေရာတာ ပေါ့နော်၊ သူ့အခြေအနေအရ အဲဒါတော့ ရပ်တည်ရေးအရပေါ့နော်၊ အခုကတော့ မြောက်ပိုင်းမှာ powerhouse က မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဗကပပြိုပြီး နှစ် ၃၀ အတွင်းမှာ ထပ်ပေါ်လာတဲ့ powerhouse က UWSA ဖြစ်တာပေါ့ နော်၊ အဲဒီတော့ သူရပ်တည်မှု အရတော့ UWSA ကို အားကိုးတဲ့ သဘောတော့ ရှိတာပေါ့” ဟု ပြောသည်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် မြောက်ပိုင်း လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် ပဏာမ အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 487
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် မန့်စိမ်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၏ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ၎င်း လက်အောက်ခံ PDF တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။
SNA ၏ စခန်းငယ်တစ်ခုကို ဧပြီ ၁၇ ရက်က KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းယူပြီးနောက် ပြန်ဆုတ်ခဲ့ ကြောင်း၊ SNA တပ်ဖွဲ့များလည်း လာရောက် အထိုင်ချခြင်း မရှိကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အဲဒါဖြစ်စဉ်ရှိပါတယ်၊ အတည်ပြုပြောလို့ ရပါတယ်။ ကြားရတာကတော့ ကျနော်တို့ဖက် က လာပစ်တဲ့ အချိန်မှာ SNA အဖွဲ့တွေကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းရပါတယ်။ ဆိုတော့ ပစ်မှတ် ထိခိုက် ဒဏ်ရာရတာက သတင်းတွေကတော့ ဒေတာတွေကတော့ အခုထိကတော့ ကျနော်တို့ဆီမှာ မရောက် သေးပါဘူး” ဟု ပြောသည်။
လက်ရှိတွင် ဆယ်ဇင်းကျေးရွာ အနီး၌ နှစ်ဖက် စစ်ရေး တင်းမာနေပြီး စောင့်ကြည့်နေသည့် အနေအထား ဖြစ် ကြောင်း ၎င်းက ပြောသည်။
KIA နဲ့ပူးပေါင်း တိုက်ပွဲ၀င်နေတဲ့ ဟုမ္မလင်းမြို့နယ်မှ HPDF-124 ကိုတွေ့ရစဉ်
KIA၊ PDF ပူးပေါင်းအဖွဲ့မှ SNA ရှေ့တန်း ကင်းစခန်းငယ်တစ်ခုကို လာရောက် ပစ်ခတ်မှုရှိကြောင်း၊ အနေအထား အသေးစိတ်ကို မသိရှိရသေးကြောင်း SNA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက CNI သတင်းဌာန သို့ ပြောသည်။
ထို့အတူ မြန်မာ့တပ်မတော်ဘက်က ဗန်းမောက်မြို့နယ်အတွင်း ထိုးစစ်ဆင်ထားသည့် တပ်များကို ပြန်မရုတ်သိမ်း သေးသည့်အတွက် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “စစ်ကိုင်းတိုင်း ဘက်မှာကတော့ သိပ်ပြီးမှာ ကျနော်ကတော့ သတင်းကတော့ မရဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ တော့ စစ်ကောင်စီဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေလည်း ပြန်မရုတ်ဘူး။ ဆိုတော့ အခြေအနေက တိုက်ပွဲဖြစ် နိုင်တဲ့ အနေအထားဖြစ်ပါတယ် အဲဒီဖက်မှာကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ SNA ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
KIA-PDF-SNA တို့ကိုတွေ့ရစဉ်
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ဟုမ္မလင်းခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 514