
- By CNI
- Category: နိုင်ငံရေး
- Hits: 722
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ကော်သူးလေးတပ်မတော်(KTLA)၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးသည် ဒီဇင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဆေးရုံမှာ ကွယ်လွန်သွားပြီး ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ကွယ်လွန်သူ စောဘဝါး၏ ဈာပနာအခမ်းအနားကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်မည် ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး စောဘဝါးသည် ကျန်းမာရေး မကောင်းသည့်အတွက် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ ချင်းမိုင် ဆေးရုံမှာ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ လူကြီးရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်ဟု မိသားစုဝင်များဖြင့် နီးစပ်သူများက ပြောသည်။
စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူများကတော့ ဒုဗိုလ်ချုပ်ကြီးစောဘဝါးသည် ဒီဇင်ဘာလ တတိယအပတ်အတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေမြစန္ဒီရွာတွင် ကရင်ဒုံးယိမ်းအက ကြည့်နေစဉ် လက်နက်ကြီး ထိမှန်ခဲ့၍ ဆေးကုသမှုခံယူခဲ့ရပြီးနောက် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီးစောဘဝါး ဒုသမ္မတအဖြစ် တာဝန်ယူထားတဲ့ ကော်သူးလေးအစိုးရအဖွဲ့ စာရင်းကို တွေ့ရစဉ်
ဒုဗိုလ်ချုပ်ကြီးစောဘဝါးသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDO)တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က မြဝတီခရိုင်၊ ဝေါ်လေဒေသ၌ အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ် တာဝန်ယူ ထားသူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့်အတူ အရေးယူခံခဲ့ရသည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် ကော်သူးလေးတပ်မတော်(KTLA)ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောနယ်ဒါးမြက တာဝန်ယူခဲ့သလို ဒုစစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးက တာဝန်ယူခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကော်သူးလေးအစိုးရကို ဖွဲ့စည်းခဲ့ပြီး သမ္မတအဖြစ် ဒုဗိုလ်ချုပ်ကြီးစောနယ်ဒါးမြ၊ ဒုသမ္မတအဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးက တာဝန်ယူခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1460
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၆ လ သက်တမ်းတိုးကာလ ကုန်ဆုံးပြီးနောက်ပိုင်း ညွန့်ပေါင်း အစိုးရဖွဲ့စည်းရန် နစကကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)က အကြံပြုထားသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ၆ လသက်တမ်း ဒုတိယအကြိမ် တိုးခဲ့သည်။
နစကအနေဖြင့် ဥပဒေအရ အရေးပေါ်ကာလကို သက်တမ်း ၆ လတိုး၍ရကြောင်း၊ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတို့က အကြံပြုသည့်ပုဂ္ဂိုလ်များ ပါဝင်အောင် လုပ်ဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အခုလောလောဆယ်က နှစ်မျိုးရှိတာပေါ့၊ တစ်မျိုးကတော့ ဒီဥပဒေပညာရှင်တွေ ပြောတဲ့အရဆိုရင် သက်တမ်းက ၆ လ တိုးချင်သလောက် တိုးနိုင်တာပေါ့၊ ဒါကတစ်ခုပေါ့၊ နောက်တစ်ခုက ဘာလဲဆိုတော့ ၆ လ ပြည့်ပြီးပြီ၊ ဖေဖော်ဝါရီ ပြည့်ပြီဆိုရင် ကာ/လုံ အစည်းအဝေး ခေါ်ပြီးတော့မှ ယာယီသမ္မတကို အာဏာပြန်အပ် ပေးမယ်၊ အဲဒီကနေ ယာယီသမ္မတကနေပြီးတော့မှ အစိုးရအသစ်ဖွဲ့ပြီးတော့မှ အဲဒီအစိုးရ အသစ်ကနေပြီးမှ စီမံခန့်ခွဲသွားမှာပေါ့၊ ဖြစ်နိုင်လို့ရှိရင်တော့ သူတို့က ရွေးကောက်ပွဲ လုပ်ချင်တာပေါ့၊ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး ဆိုရင်တော့ သူတို့က နည်းလမ်းရှာရမှာပေါ့၊ ဒါသူတို့ ဘယ်နည်းလမ်းရှာမယ်ဆိုတာ ကျနော်တို့ အပြင်လူတွေက လည်း ခန့်မှန်းလို့ မရဘူးပေါ့ဗျာ။ သို့သော်လည်းပဲ အချို့ EAO တွေကတော့ သူတို့ အကြံပြုတာက ဘာလဲဆိုတော့ နောက် ၆ လပြည့်လို့ရှိရင် ညွန့်ပေါင်းအစိုးရဖွဲ့ပါ။ ညွန့်ပေါင်းအစိုးရဖွဲ့ပြီဆိုလို့ ရှိရင်လည်း နိုင်ငံရေးပါတီတို့ EAO တွေက သူတို့က အကြံပြုတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်အောင် လုပ်ပါ၊ ဒီလိုမျိုး လုပ်ပြီးလို့ ရှိရင် ဒီနိုင်ငံကို အုပ်ချုပ်ဖို့ ဖက်ဒရယ်မူတွေကို ချပါ၊ ဖက်ဒရယ်မူကို ချပြီးတဲ့အခါကြတော့မှ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖျက်သိမ်းရေးတို့ စသည်ဖြင့် လုပ်ရမယ်၊ လုပ်ပြီးလို့ရှိရင် တကယ်လို့ အားလုံးက သဘောတူတဲ့ အခြေခံဥပဒေတစ်ရပ် ရပြီဆိုရင် အဲဒီအခါကြတော့မှ ရွေးကောက်ပွဲလုပ်ပါ၊ အဲဒီလို ပြောထားတာရှိတယ်” ဟု ပြောသည်။
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အကြံပြုချက်အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မည်ကဲ့သို့ သဘောထားရှိသည်ကို မသိရှိနိုင်ကြောင်း စဝ်ခွန်းဆိုင်က ပြောသည်။
နစကအနေဖြင့် နိုင်ငံတော်အား အရေးပေါ်ကြေညာ၍ အာဏာရယူခဲ့သည်မှ ၃ နှစ် နီးပါးရှိလာပြီ ဖြစ်သော်လည်း တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ဆောင်မှု အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြော သည်။
လက်ရှိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထုများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေ ရကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “SAC ကလည်း အခုဆိုရင် ၃ နှစ်ပြည့်တော့မယ်၊ ၃ နှစ်ပြည့်မယ့် အခြေအနေကို ရောက်ပြီ။ ကျနော်တို့ မြန်မာနိုင်ငံကလည်း တည်ငြိမ်ဖို့က ပြည်သူတွေ စိတ်အေးချမ်းသာနဲ့ နေထိုင်နိုင်မှု အခြေအနေကလည်း မရှိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် SAC အနေနဲ့လည်း မြန်မာပြည်သူတွေ တစ်နိုင်ငံလုံး ခံစားနေရတဲ့ ဒုက္ခတွေကို နားလည်ဖို့လိုတယ်၊ အဲဒါကြောင့် ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို သဘောပေါက်ပြီး။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတယ်ဆိုတာ နိုင်ငံရေးပြဿနာ ဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံရေးပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်း ဆောင်ရွက်ဖို့ဖက်ကို ပြောင်းလဲလုပ်ဖို့လိုတယ်လို့ ကျနော်တော့ ပြောလိုတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
ထို့နောက် တစ်နှစ်သက်တမ်းပြည့်၍ ၆ လနှစ်ကြိမ် သက်တမ်းတိုးခဲ့သလို ပုဒ်မ ၄၂၅ အရလည်း ၆ လ နှစ်ကြိမ် သက်တမ်းတိုးမှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြည့်မည်ဖြစ်၍ နစက အနေဖြင့် မည်ကဲ့သို့ ဆက် လက် လျှောက်လမ်းမလဲ မသိရသေးပေ။

- By CNI
- Category: နိုင်ငံရေး
- Hits: 448
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် ထိုင်းဘုရင့် တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျာကဖွန်း ဂျာဖန်ဖန် (Jakkapong Janpengpen)နှင့် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီဇင်ဘာ ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွား ရန်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းေးရး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင် လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော် နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထိုင်းဘုရင့် တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျာကဖွန်း ဂျာဖန်ဖန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မဲဆောက်-မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့များ နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
ထို့နောက် အာရှလမ်းမကြီးကို KNU-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားသည့် အနေအထားမှာ ရှိနေခြင်း ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းမှာ ရပ်တန့်လျက်ရှိနေပြီး ကုန်သွယ်ငွေ သန်းနှင့်ချီ ဆုံးရှုံးနစ်နာ လျက်ရှိနေသည်။
ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်ဆိုင်းနေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။
အလားတူ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် MOU အလုပ်သမားများ စေလွှတ်ရေးအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 855
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ်ကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က မိုင်းလား ကဲ့သို့ လုပ်ဆောင်လိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
သို့သော်လည်း နမ့်ခမ်းမြို့နယ်တွင် ရှမ်းလူထုက အများစု နေထိုင်ကြကြောင်း၊ အဆိုပါ ကိစ္စအား ရှမ်းလူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ အောင်မျိုးက “တကယ်တော့ အင်အားကြီးတာက RCSS က အင်အားကြီးတာပဲ၊ ရှမ်းလူထုကလည်း ပိုထောက်ခံတယ်နော်၊ ဒီသဘောရှိတာပေါ့၊ အဲဒီအခါကြတော့ သူ့အနေအထားသူ စိုးမိုးမှုလည်း ရသင့်သလောက် ရခဲ့တာပဲ၊ TNLA နဲ့ SSPP ကတော့ တိုက်ခဲ့တဲ့အခါကြတော့ အခုကြတော့ TNLA က ရှမ်းတွေကို လူစုတာကို SSPP က လက်ခံမလား၊ အထူးသဖြင့် နမ့်ခမ်းတို့ TNLA က သူ့ရဲ့ မိုင်းလားလို သူလုပ်ချင်နေတာကိုး။ မိုင်းလားလို၊ လောက်ကိုင်လို သူလုပ်ချင်နေတာကိုး အဲဒီတော့ အဲဒီလိုလုပ်ဖို့အတွက် သူ့ကို အခွင့်အရေး ပေးနေတာကိုး။ ဒီအဖြေပေါ့၊ ဒါက ရှမ်းလူထုက ဆုံးဖြတ်ပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)က အုပ်ချုပ်လျက်ရှိသည်။
နမ့်ခမ်းမြို့အ၀င်ကိုတွေ့ရစဉ်
အဆိုပါ အထူးဒေသ(၄)နယ်မြေကို နမ့်ပန်း၊ ဆီလူးနှင့် မိုင်းလားဒေသတို့ဖြင့် စုစည်းထားခြင်းဖြစ်ပြီး NDAA က ၁၉၈၉ ခုနှစ်၊ ဇွန်လမှာ နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် အုပ်ချုပ်ခဲ့သည်။
နမ့်ခမ်းမြို့သိမ်းတိုက်ပွဲကို TNLA က နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က လှုပ်ရှားမှု ရှိနေပြီး TNLA နှင့် နယ်မြေအငြင်းပွားမှု ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် SSPP နှင့် TNLA တို့သည် ယခင်ကတည်းက မဟာမိတ်များ ဖြစ်သောကြောင့် လက်ရှိ TNLA ၏ စစ်ရေးလှုပ်ရှားမှုအပေါ် ပြဿနာ မရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
TNLA တပ်ဖွဲ့ကိုတွေ့ရစဉ် (SPM News)
၎င်းက “SSPP ကတော့ သူက RCSS နဲ့သာ နယ်မြေလုနေကြတာပါ၊ SSPP နဲ့ တအာင်းတပ်ဖွဲ့ဆိုတာ သမိုင်းအရ ကိုရော သူက မဟာမိတ်ပြုထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် နည်းနည်းပါးပါး ထိတွေ့မှုက လွဲလို့ ပြဿနာ ကြီးကြီးမားမားမျိုး မရှိပါဘူး။ SSPP နဲ့ ပလောင်တပ်ဖွဲ့နဲ့က ဒါကြောင့်မို့လို့ မဟာမိတ်ပြုလာတာ ကြာပါပြီ။ အခု နောက်ပိုင်းကြတော့မှ သူက SSPP က FPNCC အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်မြို့ အပါအဝင် အခြားမြို့နယ်များမှ ဒေသခံ အများအပြား ဘေးလွှတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
TNLA အနေဖြင့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်မြို့တို့ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ္မတူမြို့တို့အား သိမ်းပိုက်နိုင်ရေး လှုပ်ရှားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 987
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ အရှိန်လျော့လာကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့အား တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အချို့ကို သိမ်းယူနိုင်ခဲ့သည်။
ဦးလီပေါ်ရဲ့က “ဒီရှမ်းမြောက်ကိစ္စကတော့ သူတို့ ဆွေးနွေးပြီးတော့မှ လောလောဆယ် လွတ်လွတ်လပ်လပ် အခြေ အနေတော့ အပစ်အခတ်ရပ်စဲထားတယ်လို့ပဲ ကျနော်တို့ကတော့ အဲဒီလိုပဲ ကြားတယ်လေ၊ ဒီဟာနဲ့ ပတ်သက်ပြီး တော့ ကျနော်တို့ သုံးသပ်တာက စစ်လည်း ပန်းနေပြီလေ၊ ညီနောင်သုံးဖွဲ့လည်း ဘာပဲပြောပြော သူတို့မှာလည်း လက်နက်အင်အား လက်နက်ခဲယမ်းအင်အားလည်း ဒီတိုက်ပွဲ အများကြီး လုပ်ခဲ့ပြီဆိုတော့ သူတို့လည်း လက်နက် အင်အားလည်း လျော့နေမှာပဲလေ။ လျော့နေတဲ့အတိုင်းအတာ ဖြစ်တဲ့အတွက် လောလောဆယ် သူတို့ အပစ် အခတ်တွေ ရပ်စဲတယ်ဆိုတာတော့ ဒါကတော့ ဖြစ်သင့်တာပေါ့၊ ဒါပေမဲ့ နောက်ဆက်ပြီးတော့ တိုက်ပွဲကတော့ ဖြစ်တော့ဖြစ်မှာပဲလေ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀၂၇ အဲဒီလောက်အဆင့်တော့ မဖြစ်လောက်ဘူး။ အနည်းအကျဉ်းတော့ ရှိမှာပေါ့၊ ကျနော်ကတော့ သုံးသပ်တယ်လေ၊ သူတို့ စစ်ရေးနဲ့ ပတ်သက်ပြီးမှတော့ ဒါက သူတို့ရဲ့ စစ်ရေး ကိစ္စဖြစ် တဲ့အတွက် အသေးစိတ်ကတော့ ကျနော်တို့လည်း မသိနိုင်ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
တအာင်းတပ်ဖွဲ့ကိုတွေ့ရစဉ် (SPM News)
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်က တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် နစက၏ NSPNC မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ယာယီ အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့ကြသည်။
ထို့နောက် ဒုတိယအကြိမ်အနေဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရခဲ့ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် စသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့အား သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြန်မာ့တပ်မတော် စခန်းတစ်ခု သိမ်းပိုက်ခံရစဉ် (SPM News)
အလားတူ လမ်းတံတားများ ပျက်စီးကာ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်မှုဒဏ်ကို ဒေသတွင်းနေ ပြည်သူများ ကြုံတွေ့နေကြရသည်။
ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူထားသော မြို့များအား တပ်မတော်က ပြန်လည်မထိန်းချုပ်နိုင်ပါက တိုင်းပြည်၏ စီးပွားရေးမှာ ပိုမိုဆုံးရှုံးလာမည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ရှမ်းမြောက်က လောလောဆယ်တော့ တော်တော်များများ နေရာတွေလည်း စွန့်ခွာပေးထားရတာပေါ့ နော်၊ စစ်စခန်းတွေက ဘာလို့လဲဆိုတော့ စစ်စခန်း စွန့်ခွာရတာလည်း ရှင်းရှင်းပြောရရင်တော့ လူဦးရေ ဆယ်ဂဏန်းလောက်ရှိတဲ့ စခန်းကို ရာဂဏန်းလောက်ရှိတဲ့ ထောင်ဂဏန်းလောက်ရှိရာ တိုက်တော့ ဘယ်စခန်းမှ မခံနိုင်ဘူးပေါ့နော်၊ နစကဘက်ကြည့်ရတာတော့ လူဆုံးရှုံးမှုကို သိပ်ပြီးတော့ အထိအခိုက်မခံဘဲနဲ့ စခန်းတွေ စွန့်ခွာခိုင်းတဲ့ နေရာတွေတော့ တွေ့တယ်၊ ဒါပေမဲ့ သူဘယ်လိုရအောင် ပြန်တိုက်မလဲ စခန်းတွေ ပြန်ရအောင် ဘယ်လို လုပ်မလဲဆိုတာတော့ ဆရာတို့တော့ လက်တွေ့တော့ မမြင်ရသေးဘူး။ နောက်တစ်ချက်ကလည်း မနေ့၊ တနေ့က တရုတ်ဆွေးနွေးပွဲကလည်း သိပ်အောင်မြင်ခဲ့တာ မတွေ့ရဘူး။ ဘာမှ ရလဒ်မရှိဘူးဆိုတော့ ဘာဆက် လုပ်ကြမလဲဆိုတာ ၂၀၂၄ ရဲ့ နှစ်ဆန်းပိုင်းမှာ ဘာတွေ ဆက်လုပ်သင့်တယ်၊ ဘာတွေ ဆက်လုပ်ကြမလဲ အစိုးရ အနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဒီလိုပဲ ဆက်ထားမှာလား ဒီလိုပဲ ဆက်ထားရင် တိုင်းပြည်ရဲ့ စီးပွားရေး က ပိုပြီးတော့မှ ဆုံးရှုံးလာမယ်လို့ ဆရာတို့တော့ မြင်တယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် နှစ်လကြာမြင့်လာသည့်တိုင် ရပ်တန့်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 821
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုဒဏ်ထက် လမ်းပိတ်ဆို့မှုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဒဏ်ကို ပိုမိုခံနေကြရကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။
ဦးသာထွန်းလှက “ရခိုင်လူထုတွေ အနေနဲ့ကတော့ တိုက်ပွဲဖြစ်တာထက် ရခိုင်ပြည်နယ်ကို မြန်မာစစ်တပ်ဖက်က ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုတွေ ပိတ်ထားတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေ စားသောက်ကုန်တွေ ဈေးနှုန်း မြင့်သွားတဲ့အတွက်ကြောင့် အဲဒါကြောင့် စားရေးသောက်ရေး အခက်အခဲကို ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး ခံစားနေရတဲ့ အခြေအနေမျိုး ရှိတယ်။ တိုက်ပွဲဖြစ်တဲ့ ဧရိယာအပြင် ကျန်တဲ့မြို့နယ်တွေပါ ပိတ်ဆို့မှု လုပ်ထားတဲ့ အတွက်ကြောင့် အဲဒါက ရခိုင်တစ်ပြည်နယ်လုံးက ပြည်သူတွေ ခံစားနေရတဲ့ ပြဿနာ ဖြစ်နေတယ်၊ နောက်တစ်ခု တိုက်ပွဲနှစ်ဖက်ရင်ဆိုင် ထိတွေ့တိုက်ပွဲ မရှိဘဲနဲ့ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲတဲ့ အတွက်ကြောင့် နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရတာတွေ ရှိတယ်။ ဈေးဆိုင်တွေ မီးလောင်ကျွမ်းခဲ့ရတာတွေ ရှိတယ်။ အဲဒါကြောင့် နှစ်ဖက်ရင်ဆိုင် ထိတွေ့တိုက်ပွဲဒဏ်ကို ခံရတာထက် ပိတ်ဆို့မှုနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေအိမ် ရပ်ရွာတွေကို လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ မီးလောင်ဆုံးရှုံးမှု ဒဏ်ကို ခံရတာရယ်၊ ပိတ်ဆို့ကန့်သတ်မှု ကြောင့် ကုန်းလမ်းရေလမ်း ပိတ်ဆို့ထားတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံး ပြည်သူတွေက စားရေးသောက်ရေးနဲ့ ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ ကျနော်တော့ အဲဒီလို မြင်မိ တယ်” ဟု ပြောသည်။
ရခိုင်ဒေသခံများကိုတွေ့ရစဉ်
ဒီဇင်ဘာ ၂၅ ရက်နေ့က မြောက်ဦးမြို့ရှိ ရှေ့ဟောင်းအမွေအနှစ်ထားရှိသည့် မြောက်ဦးပြတိုက်ကို လက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော ယဉ်ကျေးမှုဆိုင်ရာ နေရာများအား ရှောင်ရှားသင့်ကြောင်း ၎င်းက ပြောသည်။
တိုက်ပွဲများအား မရပ်တန့်နိုင်ပါက လူထုများအတွက် ဒုတိယကမ္ဘာစစ်အပြီး ပုံစံမျိုး ဖြစ်သွားနိုင်ကြောင်း၊ မိမိတို့ အနာဂတ်အတွက် ကောင်းမွန်သော ရလဒ်မရှိနိုင်ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “လူထုအတွက်ကတော့ ဒုတိယကမ္ဘာစစ်အပြီး ပုံစံမျိုး ဖြစ်သွားမလား၊ ကျဆုံးနိုင်ငံ သားကောင်တွေ အဖြစ် ပဲ ခံစားရမလား စစ်ပွဲကို အဆုံးမသတ်နိုင်ခဲ့ကြရင်ပေါ့လေ၊ ကြာရှည်လာရင် လူထုအတွက်တော့ ဒုက္ခတော့ ပိုပြီး တော့ များလာမှာပေါ့၊ တစ်ဖက်က တွက်လိုက်လို့ရှိရင်လည်း ဆင်းရဲမှုတွေ တာရှည်လာလို့ရှိရင် စစ်ကို ယဉ်ပါးပြီး တော့ စစ်ကို မကြောက်တဲ့လူ ပြည်သူဖြစ်သွားနိုင်တယ်၊ စစ်နဲ့ မွေ့လျော်သွားပြီဆိုရင် ကျနော်တို့ နိုင်ငံရဲ့ မြို့ပြ တိုက်ပွဲသာမရှိတာ နယ်တွေမှာလည်း နှစ်ပေါင်း ၇၀ လုံးလုံး ပြည်တွင်းစစ်ဒဏ်ကို ခံနေကြရတာလေ၊ မြို့ပြလူထု လည်း အဲဒီလိုပဲ၊ အသားကျသွားလို့ရှိရင် ကျနော်တို့ အနာဂတ်အတွက်တော့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာ မှာ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ဒေသခံများကိုတွေ့ရစဉ်
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာလည်း ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 587
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA)တို့က နယ်မြေထိန်းချုပ်မှု များပြား လာသော်လည်း အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှု မရှိသေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင် သော်လည်း ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်မြို့တို့ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေသရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရှမ်းမြောက်ဒေသက ညီနောင်သုံးဖွဲ့ရဲ့ လွှမ်းမိုး အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်၊ စစ်တပ်ရှိတယ်ဆိုတဲ့ ကျောက်မဲတို့၊ လားရှိုးတို့၊ ကွတ်ခိုင်တို့ တချို့ကလည်း စစ်တပ်က စစ်စခန်းထဲ မှာပဲနေတာ၊ ကျန်တဲ့နေရာတွေကတော့ ညီနောင်သုံးဖွဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်မှုအောက်ရောက်နေတာပါ။ ဒါကြောင့်မို့လို့ ဒီအုပ်ချုပ် ရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ ရှင်းလင်းပြတ်သားတဲ့ အနေအထားတစ်ခု မရောက်သေးပေမယ့် အခုကတော့ ထိန်းချုပ်လွှမ်းမိုးမှုကတော့ ဒီညီနောင်သုံးဖွဲ့ရဲ့ အောက်မှာပဲ ရှိတယ်။ ဒါပေမဲ့ အခု အရေးကြီးတဲ့ ကျောက်မဲလို ပြီးတော့ လားရှိုးတို့ နေရာတွေလည်း တဖြည်းဖြည်းနဲ့ ဆက်လက်ပြီးတော့ ဝိုင်းပတ်ပိတ်ဆို့ သိမ်းပိုက်သွားမယ့် အလားအလာ ရှိပါတယ်” ဟု ပြောသည်။
MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာ လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နမ့်ခမ်းမြို့ကို TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သလို လက်ရှိတွင် လည်း လောက်ကိုင်၊ မန်တုံမြို့များကို ညီနောင်မဟာမိတ်တို့က တိုက်ခိုက်လျက်ရှိနေသည်။
ရှမ်းမြောက်ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်သည်ဟု ဆိုခြင်းက မဟုတ်ကြောင်း၊ လတ်တလော ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်နေခြင်းသာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ဥပမာဆိုပါတော့ မန်တုံဆိုရင် မကျသေးဘူးပေါ့၊ မန်တုံမှာတော့ တပ်က အချိန်မှီ မိုင်းခင်းတယ်လို့ ကြား တာပေါ့၊ မိုင်းခင်းတဲ့အခါကြတော့ သူတို့ တက်မရဘဲ ကျသွားတယ်ပေါ့နော်၊ အဲဒီလောက် အနေအထားပဲ ကြားပါ တယ်၊ နောက်ပြီးတော့ လောက်ကိုင်မှာလည်းဘဲ ကျနော်တို့က ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေက အများ ကြီး ကျန်သေးတယ်လို့ ပြောတယ်၊ ပြောရလို့ရှိရင်တော့ အဆုံးအဖြတ်ပေး တိုက်ပွဲဆင်နွှဲရင်တော့ နှစ်ဖက်ကတော့ နာမှာပေါ့၊ ကျနော်အဲဒီလောက်ပဲ ပြောနိုင်တယ်၊ လောလောဆယ်တော့ ရှမ်းမြောက်ရဲ့ အစွန်ပိုင်းပေါ့ ညီနောင်သုံး ဖွဲ့က ထိန်းချုပ်တယ်လို့တော့ ကျနော်က ထိန်းချုပ်နိုင်ပြီးလို့ ပြောလို့ မရပါဘူး။ လောလောဆယ်တော့ line of communication ပေါ့ဗျာ၊ လားရှိုး အဲဒါကို နည်နည်းပြတ်တောက်တဲ့ သဘောရှိတာပေါ့နော်၊ အဲဒါနဲ့တော့ ထိန်းချုပ်သွားနိုင်ပြီလို့တော့ ပြောလို့ မရသေးဘူးလေ၊ အများကြီး ကျနော်တို့ စောင့်ကြည့်ရဦးမယ်” ဟု ပြော သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် လက်ရှိ နှစ်လနီးပါး ကြာမြင့်လာသည့်တိုင် ရပ်တန့် နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သာမကဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ဖြစ်ပွားလျက်ရှိနေသလို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာလည်း မြန်မာ့ တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော တိုက်ပွဲရှောင်များ ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ဆန်အိတ်များနှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးခဲ့သည်။
ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းနေ ပြည်သူလူထု ၁၆၀၀ ကျော်သည် ဟုမ္မလင်းမြို့ပေါ်သို့ တိုက်ပွဲရှောင်လာခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က ဟုမ္မလင်းမြို့ပေါ်ရှိ တိုက်ပွဲရှောင်များကို SNA က စားနပ်ရိက္ခာထောက်ပံ့ပေးနေစဉ် (CJ)
ထို့နောက် စားနပ်ရိက္ခာများ လိုအပ်လာသည့်အတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က ဆန်အိတ် ၅၀ နှင့် ဟင်းသီးဟင်းရွက်များကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
လက်ရှိတွင် တိုက်ပွဲရှောင်များသည် ဟုမ္မလင်းမြို့ရှိ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း အပါအဝင် ဓမ္မ အေးရိပ်တောရကျောင်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းတို့၌ ခိုလှုံလျက်ရှိသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း သွတ်သင်းခံ ခဲ့ရသော ရှမ်းနီနယ်မြေများကို ပြန်လည် စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး အပါအဝင် ရှမ်းနီလူမျိုးများနှင့် ရှမ်းနီ နယ်မြေများအတွင်း နေထိုင်ကြသော ပြည်သူများ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းနေသည့် ရှမ်းနီလက် နက်ကိုင် ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 547
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘောင်ကျယ်ပြန့်လာ ပြီး နိုင်ငံရေးအခန်းကဏ္ဍမှာ မှေးမိန်လျက်ရှိနေသည့်အတွက် စစ်ဘောင် ကျယ်ပြန့်မှုအပေါ် မည်သို့ လျှော့ချမလဲ စဉ်းစားအဖြေရှာနေကြသည်။
နိုင်ငံရေးဘောင် ပြန်လည် အသက်ဝင်လာရေးမှာ သက်ဆိုင်ရာများအနေဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကာ အဖြေရှာသင့်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိအနေအထားက နေရာတိုင်းမှာလိုလို စစ်ဘောင်က နည်းနည်း ကျယ်ပြန့်လာတာကို တွေ့ရတယ်၊ အဲဒီတော့ ဒီနိုင်ငံရေးဘောင် ကျယ်လာအောင်ပေါ့၊ စစ်ဘောင်ကျဉ်းအောင်ဆိုလို့ရှိရင် ကျနော်တို့ သက်ဆိုင်ရာနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ပြီးတော့ အဖြေရှာကြမယ်ဆိုလို့ရှိရင် ဒါကကျနော်တို့ နိုင်ငံရေးဘောင်က ပိုကျယ်လာမှာ ပေါ့၊ စစ်ဘောင်ကျယ်လာတာနဲ့အမျှ ဒီနိုင်ငံရေးသမားတွေကလည်း ဘယ်လိုပြောမလဲ လုံခြုံရေး စိုးရိမ်ရတဲ့ အနေ အထားလည်း အများကြီး ရှိလာတာပေါ့၊ နောက်ပြီးတော့ လူထုတွေကလည်း အကျပ်အတည်းတွေ ပိုဖြစ်လာ တယ်၊ အဲဒါကို နိုင်ငံရေးဘောင်ချဲ့မှ ကျနော်တို့ ပိုအဆင်ပြေလာမှာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့သည်။
စစ်ရေးပဋိပက္ခများ ဖြေလျှော့နိုင်ရေး ရွေးချယ်ခံ အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် အရေးကြီးကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးဘောင် ကျယ်ဖို့ဆိုတာ ရွေးချယ်ခံ အစိုးရတက်လာဖို့ လိုတယ်ဗျ၊ နံပါတ်တစ်က စစ်တပ်နဲ့ကြရင် တော့ နစကအနေနဲ့ သူက ဆွေးနွေးမယ်ဆိုရင်လည်း သူက စစ်သားဆိုတော့ သူက မူနဲ့ဘောင်နဲ့ပဲ သွားတာဗျ၊ သူတို့ မူနဲ့ဘောင်နဲ့ မကိုက်ရင် စေ့စပ်ညှိနှိုင်းရတာ အင်မတန်ခဲယဉ်းတယ်၊ ဆိုတော့ ရွေးချယ်ခံ အရပ်သားအစိုးရ ဖြစ်လာတဲ့အခါကြတော့ ညှိနှိုင်းဆောင်ရွက်ရတဲ့အခါ ပိုလွယ်လာမယ်လို့ ထင်တယ်၊ ဒါကြောင့်မို့လို့ ကျနော်က တစိုက်မတ်မတ်ပြောနေတာ ရွေးချယ်ခံအစိုးရဖြစ်အောင်လို့ ရွေးကောက်ပွဲကိုတော့ အလျင်အမြန် လုပ်ပေးသင့် တယ်။ ရွေးကောက်ပွဲကလည်း မငြိမ်းချမ်းလည်း ငြိမ်းချမ်းတဲ့နေရာလုပ် လုပ်ပြီးတော့မှ တဖြည်းဖြည်း မငြိမ်းချမ်း တဲ့ နေရာတွေပါ ငြိမ်းချမ်းအောင် လုပ်ပြီးတော့မှ ရွေးကောက်ပွဲ တိုးချဲ့ပြီးမှ လုပ်စေချင်တယ်လို့ ကျနော်တို့က ဆန္ဒပြုတယ်” ဟု ပြောသည်။
လက်ရှိမှာ နစကအနေဖြင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး သလို တော်လှန်ရေးအင်အားစုများကလည်း နစကကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသလို သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟုလည်း ပြောကြားထားသည်။
ထို့ကြောင့် နှစ်ဖက် တွေ့ဆုံညှိနှိုင်းဖြေရှင်းရန် ခက်ခဲနေကြောင်း နိုင်ငံရေးသမားများက သုံးသပ်သည်။
မူဆယ်ကနေ တိုက်ပွဲရှောင်လာကြသူများကိုတွေ့ရစဉ်
လက်ရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများအားလုံးက ယုံကြည်ရသည့် အင်အားစုက ကြားဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်အုဏ်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နှစ်ဦးနှစ်ဖက်ရဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒ၊ ညှိနှိုင်းလိုတဲ့ ဆန္ဒ ရှိဖို့လိုသလို၊ ကျနော်ထင်တယ်၊ ကြားဝင်ပြီးမှ စေ့စပ်ပေးနိုင်မယ့် ယုံကြည်ရတဲ့ အင်အားစု ပါဝင်ပေးဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်။ နှစ်ဖက်ကြားထဲမှာ ရပ်တန်ပေးနိုင်မယ့် အင်အားစုတစ်ခုပေါ့၊ နှစ်ဖက်ယုံကြည်ရတဲ့ အင်အားစုတစ်ခုကနေ ဝင်ရောက် ဆောင်ရွက်ပေးဖို့တော့ လိုအပ်ပြီးလို့ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်”ဟု ပြောသည်။
လက်ရှိ တိုက်ပွဲများမှာ နယ်စပ်ဒေသများတွင်သာမက ယခင်က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော ပြည်မဒေသများ တွင်လည်း ဖြစ်ပွားလျက်ရှိနေသည်။
ထိုပြည်တွင်း လက်နက်ကိုင်ပဋိပက္ခအား ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်တွင်းရှိ နိုင်ငံရေးပါတီအချို့၊ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကြိုးစားနေသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။