- By CNI
- Category: နိုင်ငံရေး
- Hits: 730
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ၏ လိုလားချက်များအား အလွတ်သဘော ပြောဆိုဆွေးနွေးပြီး သဘောတူညီမှု ရရှိမှသာ လွှတ်တော်၌ အတည်ပြုခြင်းက ပို၍ကောင်းမွန်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အလွတ်သဘော ပြောဆိုဆွေးနွေးမှုမရှိဘဲ လွှတ်တော်တွင်သာ ဆွေးနွေးမည်ဆိုပါက ဆယ်နှစ် ဆယ်မိုးကြာ နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွှတ်တော်ထဲမှာ ပြောဆိုကြတဲ့ဟာတွေက တရားဝင်ပြောဆိုတဲ့ဟာတွေ ဖြစ်တယ်။ ဒီပုံစံနဲ့လွှတ်တော် အတွင်းမှာပဲ ဖြေရှင်းမယ်ဆိုရင် သူက သိပ်ပြီးတော့မှကြာမယ်။ ဆယ်နှစ် ဆယ်မိုးတောင် ကြာနိုင်တယ်။ ကျနော် တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့အခါကြတော့ ဘာလဲဆိုတော့ ပြဿနာပေါ်လာပြီဆိုရင် အစည်း အဝေးတွေ အကုန်ရပ်ပြီးတော့မှ တစ်ခါတည်း အချင်းချင်း အလွတ်သဘော အကြိမ်များစွာ တွေ့တယ်။ အကြိမ် များစွာ ငြင်းခုန်ပြီးတော့မှ အဖြေရှာတယ်။ အဖြေရှာလို့ ရတဲ့အခါကြတော့မှ အစည်းအဝေး ပြန်လုပ်ပြီး တော့မှ အတည်ပြုတယ်။ အဲဒီလိုမျိုးဖြစ်တယ်။ ဒီလွှတ်တော်ထဲမှာ လုပ်မယ်ဆိုရင်လည်း အဲဒီအတိုင်းပဲ ဖြစ်မှာပဲ။ ပြဿနာ တစ်ခုကို အပြင်မှာ အရင်ဆုံး ပြောရမှာဖြစ်တယ်။ အပြင်မှာ အားလုံး အလွတ်သဘောပြောပြီး သဘောတူပြီးတဲ့ အခါကြတော့မှ လွှတ်တော်ထဲမှာ သွားပြီးတော့မှ အတည်ပြုတာက ပိုအကောင်းဆုံးပါပဲ။ ဒါ ပြောတဲ့ဟာကတော့ အတိုဆုံးနည်းလမ်းပဲပေါ့။ ဒီထက်ပိုတိုဖို့ဆိုရင် တပ်ချုပ်ကြီးပဲဖြစ်ဖြစ်၊ အတိုက်အခံပဲဖြစ်ဖြစ် ကျနော်တို့ လက်နက် ချပါပြီဗျာလို့ အဲဒီလိုပြောရင်တော့ ပြီးသွားမှာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ပေါ်ပေါက်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ချိန်တွင် လက်နက်စွဲကိုင်၍ မိမိတို့ လိုလားချက်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ လုပ်ဆောင်ဖန်တီးခြင်းမျိုးက ဒီမိုကရေစီနှင့် သွေဖယ်နေကြောင်း နစကဥက္ကဋ္ဌမှ ဇွန်လ ၂၅ ရက်နေ့က ငြိမ်းချမ်းရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ လိုလားချက်များကို လွှတ်တော်အသီးသီး၌ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် အတည်ပြု သွားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

လွှတ်တော်ကို တွေ့ရစဉ်
လုပ်ရိုးလုပ်စဉ်အရဆိုလျှင် လွှတ်တော်၌ အတည်ပြုခြင်းသည် နောက်ဆုံးအဆင့်ဖြစ်ပြီး လွှတ်တော်သို့ မရောက် ခင်ကာလ၌ ကြိုတင်ညှိနှိုင်းဆွေးနွေးကာ အပေးအယူ လုပ်ရသည်များရှိကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သို့သော် အဲဒီလွှတ်တော်အထိ မရောက်ခင်ဆက်ကြား၊ လွှတ်တော်တစ်ခုကို အဆိုပြုချက်တစ်ခု ရောက်လာဖို့ဆိုတဲ့ နေရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကြိုတင်ညှိနှိုင်းဆွေးနွေး အပေးအယူ လုပ်ရတာ တွေရှိတယ်။ အဲဒီလိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားထဲမှာ ဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ၊ တိုင်ပင်တာ တွေ၊ အလျှော့အတင်း လုပ်တာတွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တို့၊ အစိုးရကဖွဲ့ထားတဲ့ NSPNC တို့က ဦးစီးပြီးတော့ package ပေါ့ လွှတ်တော်ကို တင်ပြမယ့် package ပေါ့။ လုပ်ရမယ့် ပြင်ဆင်ရမယ့် လုပ်ငန်း စဉ် တစ်ခုလိုတာပေါ့။ အဲဒီလုပ်ငန်းစဉ်ကို အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရဆိုတဲ့ နေရာမှာ NSPNC ကို ပြောတာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးဌာနဆိုတာ ဒါ အစိုးရ အဆက်ဆက်ကတည်းက ရှိခဲ့တာလေ။ ပြီးတော့ NSPNC အမျိုးသားပြန်လည်သင့်မြတ်ရေးစင်တာတို့ရဲ့ ချိတ်ဆက်ပူးပေါင်းပေးမှုနဲ့ လွတ်လပ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ပါဝင်ပြီးတော့ သဘောတူညီမှု package ပေါ့။ ငြိမ်းချမ်းရေး pack တစ်ခု ပေါ့။ reconciliation pack တစ်ခုပေါ့။ အဲဒီ pack တစ်ခုကို လုပ်ဖို့လိုနေတယ်။ အဲဒီလုပ်ငန်းစဉ်ကို အခုလုပ်ရမှာ။ အဲဒီလိုလုပ်ပြီးမှ အဲဒီလုပ်ငန်းစဉ်တွေ အားလုံး ညှိနှိုင်းလို့ သဘောတူပြီဆိုတော့မှ ဒါလွှတ်တော်ကို တင်ပြပြီးတော့ အတည်ပြုချက် ရယူရမှာဖြစ်တယ်ပေါ့”ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဖြေရှင်းရာ၌ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အင်အားစုများ ပါဝင်လာနိုင်ရေး အစိုးရမဟုတ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းရန် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သို့သော်လည်း မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အင်အားစုများမှာ လက်ရှိအချိန်ထိ သွေးကြွေး၌ ဆွေးနွေးစရာမရှိဆိုသည့် ဆောင်ပုဒ်မှာ ပို၍ ကျယ်ပြန့်နေသေးသည့်အတွက် ငြိမ်းချမ်းရေးမှာ ပါဝင်လာနိုင်ဖွယ် မရှိသေးကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 695
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀
တအာင်း(ပလောင်)လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိ အားနည်းခြင်းကြောင့် အရာရာ လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ် ဂျားက ပြောသည်။
TNLA က ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ်(၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက “တအာင်းပလောင် လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိ အားနည်း ခြင်းကြောင့် အရာရာ လက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ လက်ရှိ မိမိတို့ လက်ထက်တွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီးဖြစ်တယ်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့်ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် TNLA ၏အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကတော့ တအာင်းပြည်တစ်ခုတည်း သာမက မြန်မာပြည်တစ်ခုလုံး ပါဝင်သည့် တော်လှန်ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင် အလုပ်လုပ်ကြ ရန်နှင့် လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်ရေး ပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် အလုပ်လုပ်ကြ ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ၃ နှစ်ကြာကာလတွင် ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း TNLA/PSLF က ဇွန်လ ၃၀ ရက်၌ သတင်း ထုတ်ပြန်ခဲ့သည်။
TNLA သည် မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့နှင့် မဟာမိတ်ပြုကာ တိုက်ခိုက်လျက်ရှိသည်။
TNLA-MNDAA-AA တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ် ခိုင်၊ သီပေါ၊ မဘိမ်း၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ် စသည့် မြို့နယ်များကို တိုက်ခိုက် သိမ်း ပိုက်ထားသည်။
ထို့နောက် တိုက်ပွဲများ ရပ်တန့်ရေး TNLA နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်ထိ နှစ်ရက် ဆွေးနွေးခဲ့ကြသလို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကလည်း တွေ့ဆုံ ဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 900
CNI New
၂၀၂၅ ခုနှစ်၊ ဇွန် ၃၀
နစကသည် တွေ့ဆုံဆွေးနွေးမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)နှင့် ပြုလုပ်နိုင်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့်တော့ လုပ်နိုင်ရန် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ပြောသည်။
လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဖိုရမ်တွင် ဖိတ်ခေါ်ခဲ့သည်။
ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သောကြောင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြရန် လိုအပ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
နစကသည် EAOs များနှင့် တွေ့ဆုံ ဆွေးနွေးရန် ဖြစ်နိုင်သော်လည်း NUG နှင့် တွေ့ဆုံ ဆွေးနွေးရန်မှာ မဖြစ်နိုင် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

UWSA-NDAA-SSPP ကိုယ်စားလှယ်များကို တွေ့ရစဉ်
၎င်းက “EAO ကြောင့် NUG ဖြစ်လာတယ်။ NUG ကြောင့် EAO အားကောင်းလာတယ် အဓိက ရေသောက်မြစ်က တော့ EAO ပဲပေါ့။ အဲတော့ EAO နဲ့ကိစ္စက သူ့နယ်မြေ ပိုင်းခြားမှုက ရှင်းတယ်လေ။ သူက သူဟာသူ သီးသန့်နေရ တာ တိုင်းပြည်ရဲ့ အစွန်းအဖျားမှာ ပြည်နယ်တွေ ဘာတွေရှိနေတဲ့ အခါကျတော့ ရှင်းလို့ကောင်းတယ်။ NUG ကျ တော့ ဘာတွေ ရှင်းမှာလဲပေါ့နော်။ သူ့နယ်မြေ တောင်းလာပြီဆိုရင် ဘယ်သွားပေးမှာလဲပေါ့နော်။ အထူးသဖြင့်က အဲလို သူ့အခြေခံ နယ်မြေပေးရင် ဘယ်နေရာ သွားနေမှာလဲ၊ ကျန်တဲ့အပိုင်းကျ သူက ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောပြီပြီးလေ။ ဆိုတော့ တခြားကိစ္စက မရှိဘူး၊ စစ်တပ် မပါရဘူး၊ လာမယ့် အခင်းအကျဥ်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရမယ်ဆိုတဲ့ ဟာမျိုးကျတော့ ဒီတိုင်းပြင်လို့ရတဲ့ အနေအထားမျိုးမှ မဟုတ်တာ လက်ရှိ အခြေခံမူကို လက်ကိုင်ဆွဲထားတဲ့လူက သူ့ဒီပုံစံအတိုင်း သွားမှာလေ။ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ ဒါက သူ့ဆီ က ကောင်းတဲ့ အကြောင်းပြချက် ဒီနေရာမှာကျတော့ NUG နဲ့ ပြသာနာဖြစ်ပြီပေါ့နော်။ ဆွေးနွေးဖို့ခက်သွားပြီ ပေါ့နော်။ နယ်မြေပိုင်းခြားမှု သူ့ကိုအခြေခံနယ်မြေ ပေးလိုက်လို့မရဘူး”ဟု ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်သော ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များကို တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs) များသည် ဒီမိုကရေစီကို သွားလိုသူများမဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီကို သွားလိုသူများ ဖြစ်ကြောင်း၊ EAOs များ၏ နယ်မြေများတွင် ဒီမိုကရေစီတောင်းဆို၍ မရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးကို တကယ်လိုချင်ပါက လက်နက်ကိုင်ထားသူများ အားလုံးကို လာရောက်နိုင်ရန် လမ်းကြောင်း ဖွင့်ပေးထားသင့်ကြောင်း၊ လက်နက်ကိုင်ထားသည့်အဖွဲ့ တစ်ဖွဲ့ကျန်နေလျှင်ကို ငြိမ်းချမ်းရေး ရမည်မဟုတ်၍ ခွဲခြား ကန့်သတ်မှု မလုပ်ဘဲ ငြိမ်းချမ်းရေးလိုလာသော အဖွဲ့ဆိုပါက ဖိတ်ခေါ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1032
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ငြိမ်းချမ်းရေးအတွက် အစိုးရမဟုတ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ဖွဲ့စည်းရန် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် Peace Forum 2025 ၌ ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို ဖိတ်ခေါ် နေခြင်းသည် အောင်မြင်မှုရရန် ခဲယဉ်းသည်ဟု ယူဆသဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းရန် ဆွေးနွေးအကြံပြုခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာညိုညိုသင်းက “အမှန်ကတော့ ငြိမ်းချမ်းရေးကို အစိုးရက ဖိတ်ခေါ်နေတာကြာပြီလေ။ ဒါပေမယ့် အစိုးရ အပေါ်မှာ အခုချိန်မှာ အစိုးရအပေါ်ကို ယုံကြည်မှုအားကလည်း နည်းသေးတယ်။ ဒါကြောင့် တကယ့် မြေပြင် အခြေအနေမှာကလည်း တိုက်ပွဲတွေ လုံးဝရပ်စဲသွားတဲ့ အခြေအနေလည်း မဟုတ်သေးဘူး။ အစိုးရကိုလည်း ယုံကြည်မှုအားနည်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ နေရာမှာ အစိုးရကတော့ တရားဝင်အရ ဖိတ်ခေါ်ရမှာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီဖိတ်ခေါ်ချက်ကို မြေပြင်မှာ လက်တွေ့ အကောင် အထည် ဖော်နိုင်ဖို့၊ သက်ဆိုင်သူတွေက တကယ်ယုံကြည်ပြီးတော့ ပူးပေါင်းပါဝင်လာဖို့ဆိုရင် ဒီလုပ်ငန်းမှာ ကျွမ်းကျင်တဲ့ ရှေးအဆက်ဆက်က လုပ်ခဲ့တဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များပေါ့။ ဗမာအပါအဝင်၊ စစ်တပ်အရာရှိတွေလည်း အပါအဝင်ပေါ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်လျှောက်မှာ တစ်စိုက် မတ်မတ် လုပ်ခဲ့ကြတဲ့လူတွေပေ့ါနော်။ ဒီလူတွေက တိုင်းပြည်ရဲ့ မျက်နှာကိုကြည့်ပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သွားရောက်ပြီးတော့ သူတို့ရဲ့ အိမ်တိုင်ရာရောက်၊ နယ်မြေတွေအထိကို သွားပြီးတော့ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်နိုင်ရင် အခုအစိုးရက ဖိတ်ခေါ်နေတာထက် ပိုပြီးလက်တွေ့ကျပြီး အကျိုးရှိလိမ့် မယ်လို့ ယူဆတယ်လေ” ဟု ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အင်အားစုများကို နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကမ်းလှမ်း ပြောဆိုမှုများရှိသော်လည်း ၎င်းတို့ ပါဝင်နိုင်ရေး တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မတွေ့ရကာ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ၎င်းတို့ပါဝင်ခြင်းမရှိပေ။
လက်ရှိတွင် နစကအနေဖြင့် NCA မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အပြုသဘောအရ ဖိတ်ခေါ် ကမ်းလှမ်းနေသော်လည်း ၎င်းတို့ ကြိုးစားအားထုတ်မှုဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်းမျိုး မတွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် ၎င်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လာ နိုင်ရန် အကျိုးတော်ဆောင်အဖွဲ့ လိုအပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းရန် ထောက်ခံတင်ပြသည့် အထဲတွင် ပါဝင်သော်လည်း တကယ် လက်တွေ့၌ အကောင်အထည်ဖော်မှု ရှိ၊မရှိ မသိသေးကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
ဒေါက်တာညိုညိုသင်းက “ထောက်ခံချက်တွေမှာတော့ မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဖွဲ့ကတော့ လိုအပ်နေပြီပေါ့။ ဘာလို့ဆို လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းမှာ service ပေးတဲ့အဖွဲ့ဆိုတာ လိုတယ် လေ။ အကျိုးတော်ဆောင်အဖွဲ့ဆိုတာ လိုတာပဲ။ အန်တီတို့လည်း ဘယ်လုပ်ငန်းလုပ်လုပ်၊ ဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေကို အပ်ရတာပဲလေ။ အဲဒါကြောင့် အဲဒီလိုသဘောမျိုး ငြိမ်းချမ်းရေးမှာ ကျွမ်းကျင်နေတဲ့ ဆယ်စုနှစ်ကျော် အတွေ့အကြုံ ရှိလာပြီဖြစ်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့တစ်ဖွဲ့ လိုအပ်တယ်ဆိုတာကို ထောက်ပြပြီးတော့ ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ အဲဒါကလည်း ထောက်ခံ တင်ပြတဲ့အထဲ မှာ ပါတယ်ပေါ့။ တကယ် လက်တွေ့ဖြစ်လာမယ် မဖြစ်လာဘူးကတော့ မသိသေးဘူးပေါ့” ဟု ပြောသည်။
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ကျင်းပ သည့် Peace Forum 2025 တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့၊ နိုင်ငံရေးပါတီများ၊ UMFCCI မှ ပုဂ္ဂိုလ်များ၊ အခြားနယ်ပယ်မှ ပုဂ္ဂိုလ်များပါဝင်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို ၃ ရက်ကြာ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲကာလ စစ်မှုထမ်းဆောင်ရန် ခေါ်ယူမှုများ ရပ်ဆိုင်ရေး စသည့် အကြောင်းအရာများ အပါအဝင် အချက် ၁၀၀ ကျော်ကို ထောက်ခံတင်ပြခဲ့ကြကြောင်းလည်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 722
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀
ရုရှားမီဒီယာများအား မြန်မာနိုင်ငံကို လာရောက် လေ့လာဖို့အတွက် ဖိတ်ခေါ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်တွင် ရုရှားမီဒီယာများဖြစ်သည့် Arigus၊ ATV၊ Tivicom တို့နှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျနော် ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေ အားလုံးကို ခင်ဗျားတို့ ပြည်နယ် အကြီးအကဲကတော့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့။ ခင်ဗျားတို့ လာတဲ့အခါကျရင် ဒီထက်ပိုပြီး ထိတွေ့မှု ခံစားမှု ပိုပြီးကောင်းပါလိမ့်မယ်။ ကျနော် မကြာခင်မှာ ခင်ဗျားတို့ မျက်နှာလေးတွေ မြန်မာနိုင်ငံမှာ တွေ့ရမယ်လို့ ယုံ ကြည်ပါတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်၍ သမ္မတ လူကာရှန်ကိုနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)ကို တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့နောက် ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ သွားရောက်၍ အလုပ်ရုံ၊ စက်ရုံများကို လေ့လာခဲ့သလို မီဒီယာများ နှင့်တွေ့ဆုံခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲဆောင်ရွက်သွားရမည်ဟု ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတလူကာရှန်ကိုက “ မြန်မာနှင့်ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွား ရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင် သာမက စီးပွားရေး အခန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့် ဆန္ဒရှိတယ်”ဟု ပြောသည်။
ယခုအကြိမ် တွေ့ဆုံမှုတွင် ယခင်က တွေ့ဆုံ ဆွေးနွေးများတွင် ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

သမ္မတ လူကာရှန်ကိုနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးကြစဉ်
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာနိုင်ငံ၏ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံမှာ တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများကို ဆွေးနွေးခဲ့ ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပသည့် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)ကို တက်ရောက်ခဲ့ပြီးနောက် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် ပေါင်းစုံရှိနေပြီး ဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည်၊ မိမိအနေဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့တယ်” ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသည့် ဥရောပ-အာရှစီးပွားရေးဖိုရမ်ကို ရုရှားသမ္မတ ပူတင်၊ ကာဇက်စတန်သမ္မတ၊ ကာဂျစ်စတန်သမ္မတ၊ EEC ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥစဘက်ကစ္စတန်သမ္မတ၊ မွန်ဂိုလီး ယားနိုင်ငံ၊ ယူအေအီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1034
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ကျင်းပ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တွေ့ဆုံ ဆွေးနွေးမှုများသည် လက်ရှိ မြေပြင်မှာ တိုက်ပွဲဖြစ်နေသည့် လက်နက်ကိုင် အင်အားစုများ မပါ၍ တကယ် အလုပ်ဖြစ်နိုင်မှု ရှိ/မရှိအပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ ကြား သုံးသပ်လျက်ရှိနေသည်။
နစကမှ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အချို့၊ UEC တွင် မှတ်ပုံတင်ထား သော နိုင်ငံရေးပါတီများ၊ အိမ်နီးချင်းနိုင်ငံမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာအချို့တို့ကိုသာ ဖိတ်ခေါ်ကျင်းပ လျက်ရှိသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အင်အားစုများကို နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကမ်းလှမ်း ပြောဆိုမှုများရှိသော်လည်း ၎င်းတို့ ပါဝင်နိုင်ရေး တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မတွေ့ရပေ။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပါဝင်လာနိုင်ရေးသည် ယခု နစက ပြုလုပ်နေသည့် ဆွေးနွေးပွဲများမှ ထွက်လာသည့် ရလဒ်အပေါ်တွင် မူတည်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးပွဲများတွင် အဖြေတစ်စုံတစ်ရာ မထွက်လာ ပါက တိုက်နေသည့်အဖွဲ့များမှ ပို၍ပါဝင်လာနိုင်စရာမရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလုပ်နေတဲ့ဟာတွေက ထွက်လာတဲ့ ရလဒ်အပေါ်မှာ မူတည်ပါလိမ့်မယ်။ တကယ်လို့ အခုလုပ်နေတဲ့ ဟာတွေက အပေါင်းလက္ခဏာ ရလဒ်ထွက်တယ်ဆိုရင် တိုက်နေတဲ့ လူတွေလည်း ဒီလို လက်ပိုက်ကြည့်နေစရာ မလိုပါဘူး။ တကယ်လို့ အခုလောလောဆယ် ငြိမ်းချမ်းရေးဖိုရမ်တို့ ဘာတို့ လုပ်နေပြီးတော့မှ အဖြေက မထွက်ဘူး ဆိုရင်တော့ တိုက်နေတဲ့ လူတွေကတော့ ပိုပါစရာမရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျနော်ထင်တယ် သူတို့ဟာလည်း ဗမာပြည်ငြိမ်းချမ်းရေးကို လိုလားတဲ့လူတွေပဲ။ ဘယ်လောက် တိုက်တိုက်။ တကယ်လို့ သူတို့ ဗမာပြည် မငြိမ်းချမ်း ရင် မဖြစ်ဘူးဆိုရင်လည်း သူတို့ အဲဒီလို မြင်တယ်ဆိုရင်လည်း သူတို့က ပူးပေါင်းပါဝင်လာကြမှာပါ။ အခု လော လောဆယ်ကတော့ ငါတို့မပါဘူး၊ သွေးကြွေးမှာ ဆွေးနွေး(စရာ) မရှိဘူးဆိုတာက အခုလောလောဆယ်မှာ ပြော အား အများကြီးရှိနေသေးတာကို။ အဓိက,က ဘာလဲဆို တရုတ်စကားရှိတယ်။ နီးတဲ့လူကို ပျော်အောင်ထားပါ။ ဒါဆိုရင် ဝေးတဲ့လူတွေ လာပါလိမ့်မယ်။ ဒီနီးတဲ့လူတွေကို ပျော်အောင်ထားတာ ကျနော်တို့ မတွေ့ရသေးဘူးပေါ့။ အခုကိုယ်ထားချင်သလို ထားတဲ့ပုံစံ ဖြစ်နေသေးတာကို။ အဲဒီအခြေနေမှာတော့ ဝေးတဲ့လူက လာဖို့ခက်ပါလိမ့် မယ်” ဟု ပြောသည်။
လက်ရှိတွင် နစကအနေဖြင့် မတ်လက ပြုလုပ်ခဲ့သည့် Peace Talk 2025 ၏ နောက်ဆက်တွဲအဖြစ် Peace Forum 2025 ကို နေပြည်တော်၌ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပကြသည်။
ထိုပွဲကို နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပြီး ထိုင်း၊ အိန္ဒိယနှင့် တရုတ်တို့မှ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။
နစကဥက္ကဋ္ဌက လွှတ်တော်ပေါ်ပေါက်လာကာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ချိန်တွင် လက်နက်စွဲကိုင်ပြီး လိုလားချက်များကို တောင်းဆိုခြင်း၊ လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ ဆန္ဒကို လုပ်ဆောင် ဖန်တီးနေခြင်းသည် ဒီမိုကရေစီနှင့်သွေဖယ်နေကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
လိုလားချက်များအား လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် အတည်ပြုသွားကြရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
နစကမှ ပြုလုပ်သည့် ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးထက် ၎င်းတို့၏ အာဏာတည်မြဲ ကြံ့ခိုင်ရေးအတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို အပြတ်တိုက်ပစ်မည့် အဖွဲ့များဖြင့် စေ့စပ်ဆွေးနွေးရေး မလုပ်နိုင်ခြင်း ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ပေါ့။ ဒီဟာတွေရဲ့ ရည်ရွယ်ချက်က သူ့ရဲ့အာဏာရှင်စနစ်၊ သူကိုင်ထားတဲ့ အာဏာကို ဆက်လက်ပြီး နည်းလမ်းပေါင်းစုံနဲ့ ကိုင်နိုင်အောင် ရည်ရွယ်ပြီး လုပ်နေတဲ့ ပြဇာတ်ဆန်တဲ့ အခန်းတွေ။ ဒါစစ်ကောင်စီမှ လုပ်တာမဟုတ်ဘူး။ မဆလခေတ် ဗိုလ်နေဝင်းခေတ်ကတည်းက လုပ်လာတာ။ ဗိုလ်နေဝင်း လည်း ငြိမ်းချမ်းရေးတွေ ဘာတွေ ခေါ်ဖူးတာပဲ။ နအဖတို့တုန်းကလည်း ဒီလိုပဲ။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့ ဘာလုပ်တယ် ညာလုပ်တယ် တောက်လျှောက် ပြောလာတာပဲ။ အခုလည်း စစ်ကောင်စီက ပြောလာတာပဲ။ အဲဒီတော့ သူတို့ စရည်ရွယ်ချက်ကိုက ဗမာပြည်ကြီး ငြိမ်းချမ်းဖို့ တည်ငြိမ်ဖို့ ဆိုတဲ့ဟာ မဟုတ်ဘူး။ သူ့စစ်အာဏာရှင်စနစ် ဆက်ကြံ့ခိုင်ရေး ဆက်ပြီးအာဏာ ကိုင်ထား ရေးအတွက်ပဲ လုပ်တာ။ ဒါကြောင့်မို့လို့ သူ့စစ်အာဏာရှင်ဖြစ်တဲ့ သို့မဟုတ် သူ့တပ်ကို အပြတ်တိုက် ပစ်မယ့်လူ တွေနဲ့ မစေ့စပ် မဆွေးနွေးနိုင်တာလေ။ ဟိုလူတွေက သူ့အရိုးအရင်းလေးတွေ မျှပေးရင် မျှပေးသလောက် ယူမယ့် လူတွေနဲ့ပဲ သူခေါ်ပြီး လုပ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိကာ မြောက်ပိုင်းဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကြောင့် တိုက်ပွဲများ အထိုက်အလျောက် လျော့နည်းနေသည်။
သို့သော် အခြားဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည့် ကြားထဲ၌ နိုင်ငံရေး အကျပ်အတည်းများ ကျော်လွှာနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးဟုဆိုကာ နစက,က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင် ရရှိသည့် ပါတီကို အာဏာလွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 851
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)မှာ ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံ အနေဖြင့်လည်း ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် များစွာစိတ်အား ထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဥရောပအာရှ စီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံ ဆောင်ရွက်ပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောသည်။
မိမိတို့အနေဖြင့် ဥရောပအာရှစီပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောသည်။

ဥရောပအာရှစီးပွားရေးဖိုရမ်မှာ နစကဥက္ကဋ္ဌ စကားပြောနေစဉ်
မိမိတို့နိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံပြီး တက်ကြွ စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်(EEC)၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်ကစပြီး အရှိန်အဟုန် မြင့်တက်လာခဲ့ ကြောင်း ၎င်းက ပြောသည်။
ထိုစဉ်က ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း ဥရောပအာရှစီးပွားရေးကော်မရှင်(EEC) ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 766
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံများနှင့် သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံ ဖြစ်မသွားဖို့ အထူး သတိပြုကြရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ်- ၂၀၂၅ (Peace Forum 2025)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ - ၂၇ ရက်ထိ ကျင်းပ နေစဉ် အဖွင့်အမှာစကား ပြောကြားရာမှာ ၎င်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာ မှန်ပေမယ့် လည်း ဩဇာခံ ဖြစ်မသွားဖို့လည်း အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံဟာ သမိုင်းကြောင်း နောက်ခံများကြောင့် လွတ်လပ်ပြီး တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီးတော့မှ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်နဲ့အညီ စောင့်ထိန်း လိုက်နာ လျက်ရှိနေပါတယ်။ ခွဲခြားမရတဲ့ အိမ်နီးချင်း နိုင်ငံများနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှုရှိဖို့ လိုအပ် သလို မိမိတို့ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာ တန်ဖိုးထားဖို့ လိုအပ်ကြောင်းကိုလည်း ပြောကြားလိုပါ တယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
ထို့နောက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း ပြည်ပစွက်ဖက်မှု မရှိဖို့လိုအပ်သလို ပြည်တွင်း အဖျက်အမှောက် ပယောဂများ ကင်းကင်းရှင်းရှင်း ဖြစ်ရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အကျင်းအခင်းအတွင်းမှာ မြန်မာ့ တပ်မတော်နှင့် နစကကို ဖြုတ်ချရေးအတွက် လက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်အမတ်များသည် လက်နက်ကိုင်တော်လှန်ရေးကို ဖော်ဆောင်လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို ဖော်ဆောင်နေသည့် အဖွဲ့များအနက် မြောက်ပိုင်းအဖွဲ့နှင့် တောင်ပိုင်း အဖွဲ့ဟုကာ ကွဲပြားနေကြောင်း၊ မြောက်ပိုင်းအဖွဲ့သည် တရုတ်နှင့်နီးစပ်ကြပြီး တောင်ပိုင်းအဖွဲ့ကတော့ အမေရိကန် အပါအဝင် အနောက်အုပ်စုဖြင့် နီးစပ်ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်သည့် ဆက်ဆံရေးမျိုး တည်ဆောက်ရန် အပြင် ပြည်ပနိုင်ငံ၏ ဩဇာခံအဖြစ် နေဖို့မဟုတ်ကြောင်း ပြောလိုခြင်းဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကို တွေ့ရစဉ်
၎င်းက “အဓိက,က ပြည်ပဝင်ရောက် စွက်ဖက်မှုဆိုတဲ့ နေရာမှာ ဘာကိုဆိုလိုတာလဲဆိုတာ သိဖို့လိုအပ်တာပေါ့။ ပြည်ပ စွက်ဖက်မှုဆိုတာ ဒီကမ္ဘာရေးရာတွေမှာ နိုင်ငံကြီးတွေက သူတို့လိုချင်တဲ့ နိုင်ငံရေးကို ပုံဖော်တဲ့အခါမှာ သူတို့ရဲ့ အိုင်ဒီယာတွေ၊ သူတို့သွားနေတဲ့ လမ်းကြောင်းတွေ၊ သူတို့ချမှတ်တဲ့ ပုံစံတွေကို သူတို့ဖြစ်စေချင်တဲ့ အတိုင်း တချို့နိုင်ငံတွေကို လိုက်ပြီးတော့ လုပ်ဆောင်နေကြတာမျိုးတွေရှိတယ်။ အဲတော့ နိုင်ငံတွေရဲ့ စွက်ဖက်မှု မပါစေနဲ့ဆိုတာ အချုပ်အခြာအာဏပိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နယ်မြေလွှမ်းရေးမူဝါဒ၊ ကိုယ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ကိုယ်နိုင်ငံရဲ့ ရှေ့ခရီးစဥ်အနာဂတ်ဘယ်လိုတည်ထောင်မလဲဆိုတာ ကိုယ်ကိုယ် တိုင် စဥ်းစားဆုံးဖြတ်ပြီးတော့ ကျနော်တို့သည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းမှာနေတယ်၊ ပြောရရင် ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတွေထဲမှာ ကိုယ်နဲ့နီးကပ် ဆက်ဆံပူးပေါင်းရမဲ့ နိုင်ငံတွေရှိတယ်။ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ မဟာဗျူဟာအရသော်လည်းကောင်း ပေါင်းဖက်ဆက်ဆံရတဲ့ နိုင်ငံတွေ အ များကြီးရှိတယ်။ နိုင်ငံတိုင်းနဲ့ ကျနော်တို့သည် ချစ်ကြည်ရင်းနှီးသော မိတ်ဖက်မပျက် ဆက်ဆံရေး တည်ထောင်ဖို့ လိုတယ်။ အဲနိုင်ငံကနေပြီး ကိုယ်နိုင်ငံကို ဖြစ်စေချင်တဲ့ပုံစံတိုင်း ဒီနေရာမှာတော့ ကောင်းသော အကြံပြုချက်ရှိ သလို သူအလိုကို လိုက်ပါစေချင်တဲ့ သူ့သြဇာခံ ဖြစ်စေချင်တဲ့ အကြံပြုချက်မျိုးလည်း ရှိနိုင်တယ်။ ကိုယ့်နိုင်ငံနဲ့ သူ့နိုင်ငံကြား နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်တဲ့ နည်းလမ်းမျိုး တစ်ခုရှာဖွေပြီးတော့ ဆက်ဆံနိုင်တဲ့ ဆက်ဆံရေး ကို အဓိက တည်ဆောက်ဖို့ ဆိုလိုတာပါ အဲဒီနိုင်ငံရဲ့ သြဇာခံအဖြစ်နဲ့ကျွန်တော်တို့နေဖို့တော့ မဟုတ်ဘူး”ဟု ပြောသည်။
နစကနှင့် မြန်မာ့တပ်မတော်ကို အမေရိကန် အပါအဝင် ဥရောပနိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားသလို ထိတွေ့ ဆက်ဆံမှုများ မလုပ်ဘဲ ဖယ်ကျဉ်ထားသည့်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်းတို့ကို အဓိကထား၍ သံတမန်ဆက်ဆံရေးကို တည်ဆောက်နေရသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနေရာမှာလည်း တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးရေး အကူအညီကို ရယူနေရသည်။
မြန်မာ့တပ်မတော်နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA) တို့ကလည်း တရုတ်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံပိုင် စီမံကိန်းများ အပါ အဝင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
