
- By CNI
- Category: နိုင်ငံရေး
- Hits: 2648
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄
နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေး မကောင်းသည့်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယာယီသမ္မတ တာဝန်ဝတ္တရားများ ကျင့်သုံးနိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နစကဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာလားဆိုသည့် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြောရရင် မနေ့က ကျနော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံ တာဝန်ထမ်းဆောင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကိုကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နစကနှင့် အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နစကဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပြင် ယာယီသမ္မတ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
ထို့ကြောင့် နစက အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အတိုင်း မပြောင်းမ လဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ အထူးအလေးထား ပြောကြားလိုသည်မှာ နစက၏ အန္တိမရည်မှန်း ချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မလွဲမသွေ
ကျင်းပသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၃ ရက်နေ့မှာ ပြောကြားခဲ့သည်။
နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေပြီး အရပ်သား ပြည်သူလူထုများမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသလို တရားဥပဒေ စိုးမိုးမှုများလည်း ကျဆင်းလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2789
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ယာယီသမ္မတ တာဝန်ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူခဲ့ပြီးနောက် ဘာတွေ လုပ်ဆောင်လာနိုင်သလဲဆိုတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
လက်ရှိ ကျန်းမာရေး အခြေအနေများကြောင့် ဆေးခွင့်ယူထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် တာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ် သလို ဆောင်ရွက်နိုင်ရန် ယာယီသမ္မတတာဝန်များအား နစကဥက္ကဋ္ဌထံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က လွှဲပြောင်းအပ်နှံခဲ့သည်။
နစကအစိုးရသည် ၆ လ သက်တမ်းတိုးကာလ လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပရမည်ဖြစ်သည်။
လက်ရှိ ယာယီသမ္မတမှာ ကျန်းမာရေး အခြေအနေများကြောင့် ခွင့်ယူနေရသည့်အတွက် လာမည့် ဇူလိုင် ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးတွင် လိုအပ်သည်များ ဆောင်ရွက်ရန် သမ္မတလိုအပ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ဦးမြင့်ဆွေကို တွေ့ရစဉ်
၎င်းက “သူ့ကို တာဝန်မပေးဘူးဆိုရင်တော့ ဘယ်သူ့ကို နေရာပေးမလဲ သမ္မတနေရာပေါ့လေ၊ အဲဒီလို အပိုင်းမျိုး ဆိုတော့ အမျိုးမျိုးတော့ ပြောနေဆိုနေကြတာပေါ့၊ ဘယ်လိုမြင်သလဲဆိုတော့ စောင့်ကြည့်ရဦးမယ်လေ၊ ခဏ တော့ စောင့်ကြည့်ရဦးမယ်၊ ဘယ်လို အနေအထားမျိုးလဲ သတင်းတွေ လွှင့်တာက သမ္မတရာထူးကို အကယ်၍ ဦးမြင့်ဆွေ မလုပ်နိုင်တော့ဘူးဆိုလို့ရှိရင် တရုတ်ပြည်ကိုသွားတဲ့ ဦးသိန်းစိန်ကိုများ လွှဲမလား ကာကွယ်ရေး ဦးစီး ချုပ်ကရော ပြန်ယူမလား ဆိုပြီးတော့ ပြောနေဆိုနေကြတာတော့ ရှိတာပေါ့၊ အခုတော့ ကာကွယ်ရေးဦးစီးချုပ်က ပြန်ယူလိုက်ပြီဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့၊ ကာလုံအစည်းအဝေးမှာ သမ္မတတွေလည်း ပါမယ်၊ ဒုသမ္မတတွေ လည်းပါမယ်၊ အခုသမ္မတ မရှိဘူး၊ ဒုသမ္မတတွေလည်း မရှိဘူး။ ကာချုပ်ကတော့ ပါမှာပေါ့၊ အခုကာချုပ်နဲ့ သမ္မတနဲ့ က တစ်ယောက်တည်း ဖြစ်နေတဲ့ ကိစ္စသွားဖြစ်မှာပေါ့၊ အကယ်၍ ခေါ်မယ်ဆိုလို့ရှိရင်တော့” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ နစကမှ တာဝန်ယူခဲ့သည်မှာ ၃ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
လက်ရှိ အာဏာအားလုံးမှာ နစကဥက္ကဋ္ဌတွင် ရှိနေပြီး ယာယီသမ္မတ တာဝန်ယူလိုက်သော်လည်း အာဏာတိုး လာစရာမရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဒါက နာမည်တာ တိုးလိုက်တာပါ၊ အာဏာအားလုံးက သူ့လက်ထဲမှာ ရှိပြီးသားပဲ၊ အဲဒီတော့ အာဏာထပ် ပြီးတော့ သူ့ကို အပ်နှင်းစရာ မလိုပါဘူး။ ဒါပေမဲ့ သမ္မတဆိုတဲ့ အမည်နာမနဲ့ ဆက်ပြီးတော့ အမိန့်ထုတ် ကြေညာ ချက် ထုတ်ပြီးတော့ ဆက်လက်ပြီးတော့ တိုင်းပြည်ကို အာဏာသုံးရပ်ကိုင်စွဲ ကျင့်သုံးသွားမှာ ဖြစ်တဲ့အတွက် အာဏာကတော့ ပိုပြီးတော့ ထပ်တိုးလာတာ မဟုတ်ဘူးလို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
လက်ရှိတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ကျန်းမာရေး အခြေအနေများကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ယာယီသမ္မတ တာဝန်ကို နစက ဥက္ကဋ္ဌက လွှဲပြောင်းရယူခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2335
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ယာယီသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတတာဝန်ဝတ္တရားများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့က လွှဲပေးလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရ ကြောင်း အစောပိုင်းက ထုတ်ပြန်ထားသည်။
ထိုသို့သော ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတ တာဝန် ဝတ္တရားများကို နစကဥက္ကထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နစကရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အကြောင်းကြားစာ ပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို ယာယီသမ္မတတာဝန်ဝတ္တရားများအား နစကဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံခြင်းအား လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက အရေးပေါ်ကာလ ကြေညာ ထားခြင်းကို ၆ လသက်တမ်း တိုးမြှင့်ထားသည်မှာ ယခုလ ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။
ထို့ကြောင့် ဇူလိုင် ၃၁ ရက်နေ့တွင် ကာ/လုံ အစည်းအဝေး ကျင်းပ၍ နောက်ထပ် သက်တမ်းတိုးမြှင့်မလား သို့မဟုတ် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ဆွေးနွေးကြမည်ဖြစ်သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှု အဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်း သည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည့် အချိန်ကတည်းကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ အထိ တာဝန်ယူခဲ့သည်။
လက်ရှိမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2376
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကသည် ၆ လ သက်တမ်းတိုးကာလ လာမည့် ဇူလိုင် ၃၁ ရက် နေ့တွင် ပြည့်မည်ဖြစ်၍ မည်ကဲ့သို့ အပြောင်းအလဲ လုပ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။
နစကအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုး မြှင့် သတ်မှတ်ခဲ့သည်။
အဆိုပါ ၆ လ သက်တမ်းတိုး ကာလသည် ယခုလ ဇူလိုင် ၃၁ ရက်နေ့တွင် သက်တမ်းပြည့်မည်ဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုးမည်လား သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းလာမလား အမျိုးမျိုး သုံးသပ်ဆွေးနွေးနေကြသည်။
လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေသည် ခွဲစိတ်ကုသမှု အချို့ကို ပြုလုပ်ခဲ့ရပြီး အာရုံကြော အားနည်းရောဂါကို ဆက်လက် ခံစားနေရသဖြင့် ဆေးခွင့်ယူ၍ နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။
ကာ/လုံကိုတွေ့ရစဉ်
နစကအနေဖြင့် မည့်သည့် အပြောင်းအလဲ လုပ်လာမလဲဆိုသည်ကို ခန့်မှန်း၍ မရကြောင်း၊ သို့သော်လည်း ကြီးကြီးမားမား ပြောင်းလဲနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထင်မြင်ချက်ကတော့ အမျိုးမျိုး ပေးကြပါတယ်ခင်ဗျ၊ ကျနော်လည်း ခန့်မှန်းလို့တော့ မရဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ကြီးကြီးမားမားတော့ ပြောင်းလဲနိုင်တယ်လို့ ပြောနိုင်ပါတယ်” ဟု ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသော ယာယီသမ္မတ ဦးမြင့်ဆွေ၏ နေရာကို သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကို အစားထိုး ခန့်အပ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး နစကအနေဖြင့် နောက်ထပ် ၆ လ သက်တမ်းတိုး ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ယာယီသမ္မတဦးမြင့်ဆွေနဲ့ ကာ/လုံ အဖွဲ့၀င်များကိုတွေ့ရစဉ်
၎င်းက “တိုးမှပဲ သူ့ဖက်က ဘယ်လိုပြောမလဲ၊ အောက်တိုဘာ သန်းခေါင်စာရင်းကို နစကအစိုးရအနေနဲ့ ကောက်ယူ နိုင်မှာပေါ့၊ စာရင်း ခိုင်ခိုင်မာမာနဲ့ အခြေပြုထားတဲ့ဟာ ဆောင်ရွက်နိုင်မယ်လေ၊ အဲဒါ လိုအပ်ချက်ကို ပြောတာပါ၊ နစက ၆ လ ယူမှာပေါ့။ ဖြစ်နိုင်ခြေကို တွက်ရင် ၂၀၂၅ ဆိုတာက ၁၂ ဆိုတာ ကျန်ပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကို တွက်ရင် သူ့ဖက်က အောက်တိုဘာလကလည်း သန်းခေါင်စာရင်း လုပ်မယ်ဆိုတော့ အဲဒီ အောက်တိုဘာ ပါတဲ့ ၆ လကတော့ဖြင့် သူယူကို ယူရမှာပဲ နစက၊ နစကအနေနဲ့ ၆ လယူရင် ခင်ဗျားတို့ ကျနော်တို့ ပြောကြတဲ့အတိုင်းပါပဲ၊ လာမယ့် ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သွားမှာပေါ့၊ ဆက်ပြီး ယူမလား၊ မယူဘူးလား ဆက်ပြီး ယူမှပဲ မိုးတွင်းကာလကို ဖြတ်သန်းနိုင်မှာပေါ့၊ ရွေးကောက်ပွဲသည် ၂၀၂၅ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတဲ့ လနှစ်လလောက်မှာပဲ ဖြစ်နိုင်ချေ (ရွေးကောက်ပွဲ) များတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန်နှင့် သာမာန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ထပ်မံ၍ ၆ လ သက်တမ်းကို ယာယီသမ္မတက တိုးမြှင့်ပေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2802
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈
မြန်မာနိုင်ငံတွင် နစကမှ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် တရုတ်အနေဖြင့် မည်ကဲ့သို့ သဘောထားသလဲ ဆိုသည်နှင့် ပတ်သက်၍ နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက် ခဲ့သည့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တရုတ်ပြည်ခရီးစဉ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဆွေးနွေးမှုများ ရှိခဲ့သည်။
ရွေးကောက်ပွဲသည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခု ဖြစ်မည်ဆိုပါက တရုတ်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ - ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲက ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုရယ်လို့ ဖြစ်မယ်ဆိုရင်တော့ သူတို့ (တရုတ်) ကတော့ ကျနော့်စိတ်ထင် ရွေးကောက်ပွဲ လုပ်စေချင်မှာပဲ၊ ရွေးကောက်ပွဲကြောင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာဖို့တို့ ရှိတယ်ဆို ရင်တော့ သူတို့တော့ ရွေးကောက်ပွဲ ကျင်းပတာကို ကြိုက်မယ်လို့တော့ ထင်တာပဲ၊ ဒါယေဘုယျအားဖြင့် ကျနော် က အဲဒီလိုပဲ သုံးသပ်လိုတယ်လေ” ဟု ပြောသည်။
ဦးသိန်းစိန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သို့သော်လည်း လက်ရှိ တိုင်းပြည်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို မည်သည့် အတိုင်းအတာအထိ လုပ်ဆောင်နိုင်မလဲဆိုသည်ကို မသိရှိနိုင်ကြောင်း မန်းအောင်ပြည့်စိုးက ပြောသည်။
ရွေးကောက်ပွဲမှာ နစက၏ နိုင်ငံရေးထွက်ပေါက် ဖြစ်သလို တရုတ်အနေဖြင့်လည်း ၎င်းတို့၏ အကျိုးစီးပွားအပေါ် မူတည်၍ စဉ်းစားမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “သူက ရွေးကောက်ပွဲကို ပြောနေတဲ့ အဓိပ္ပာယ်က ဒီလိုဗျ၊ ရွေးကောက်ပွဲ တကယ်လုပ်ဖြစ်၊ မလုပ်ဖြစ်က တစ်ပိုင်း၊ သူရွေးကောက်ပွဲကို ပြောနေတဲ့ဟာက သူတို့ အာဏာသိမ်းတာ တရားပါတယ်လို့ ဖြစ်အောင် ပြောနေ တာ၊ သူအာဏာသိမ်းတုန်းက NLD က ရွေးကောက်ပွဲကို မတရားလုပ်လို့ သူတို့က သိမ်းပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ တက်လာတဲ့ အစိုးရကို လွှဲပေးပါမယ် ပြောထားတာဖြစ်တာကိုး အဲဒီ လမ်းကြောင်းအတိုင်း သူကဆက်လိုက်လာတာ၊ တရုတ်ကလည်း တကယ်လို့ ရွေးကောက်ပွဲလုပ်ရင် NLD ပါပါဖို့။ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အရေးကြီးတဲ့ အင်အားစုတွေ အကုန်ပါဖို့လိုတော့ ပြောနေတာပဲ၊ အဲဒါကို အပြန်အလှန် ဆွေးနွေးနေကြတယ်ထင်တယ်၊ ဘယ်လောက်အထိ ဖြစ်လာမလဲ၊ ကျမကတော့ စစ်ကောင်စီက လုပ်ပေးမယ့် ရွေးကောက်ပွဲကို ဘယ်သူ့ကိုမှ သိပ်ပြီး စိတ်ကူးမယဉ်စေချင်ဘူး။ တရုတ်က လုပ်ပေး လည်း လုပ်ပေးပေါ့ဗျာ၊ တရုတ်ကလည်း သူ့နိုင်ငံအကျိုးစီးပွားပေါ်က စဉ်းစားပြီး လုပ်တာပေါ့” ဟု ပြောသည်။
နစကသည် ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပြီး လာမည့်နှစ် တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားထားသည်။
နစက ထိန်းချုပ်မှုအောက်တွင် ရှိသော ဒေသများကို ရွေးကောက်ပွဲ ကျင်းပပြီး သတ်မှတ်သည့် ရာခိုင်နှုန်းရရှိပါက လွှတ်တော်ခေါ်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခြေနိုင်၊ လက်နိုင်ဖြစ်တဲ့နေရာတွေ အရင်လုပ်မှာပဲ၊ နောက်တော့မှ ခြေနိုင်၊ လက်နိုင်ဖြစ်တဲ့နေရာမှာ တစ်ခါလုပ်၊ လုပ်ပြီးရင်တော့ သတ်မှတ်တဲ့ ခွဲတမ်းရပြီဆိုလို့ရှိရင် လွှတ်တော်မှာ တစ်ဝက်ကျော်ကျော်လောက် ရရင် လွှတ်တော်ခေါ်မှာပဲ၊ ကျန်တဲ့ဟာတွေ ဖြည်းဖြည်း လုပ်ယူသွားလိမ့်မယ်လေ” ဟု ပြောသည်။
ပြည်သူ့ပါတီ(PP)ခေါင်းဆောင် ဦးကိုကိုကြီးကိုတွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကျင်းပနိုင်ပါက တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် ပေါင်းစည်းလျှင် လွှတ်တော်အထမြောက်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းဖြင့် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားလိုကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
ပြည်တွင်း/ပြည်ပ သံတမန်အသိုင်းအဝိုင်းကြားမှာတော့ တရုတ်သည် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံသလို ရွေးကောက်ပွဲဖြစ်မြောက်အောင်လည်း ကူညီပေးမည်ဆိုသော သဘောထားများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပြည်သူ့ပါတီ(PP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ခေါင်းဆောင်များလည်း တရုတ်နိုင်ငံသို့ ယခုလအတွင်း သွားရောက်ရန် ရှိနေသည်။
အခြားတစ်ဖက်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘဲ မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထား သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2792
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ သွားရောက်မည့် နိုင်ငံရေးပါတီ ၄ ပါတီက လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ် အတည်းများကို ကျော်လွှားနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ပါတီမှတ်ပုံတင်ကျထားသည့် နိုင်ငံရေးပါတီများဖြစ်ကြသော AFP ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ သွားရောက်ကြမည်ဖြစ်သည်။
ဒေါက်တာအေးမောင်က “အဲဒါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်ကွန်မြူနစ်ပါတီဖက်က ဘာတွေကို ဆွေးနွေးသလဲပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပါတီ ၄ ပါတီဖက်ကတော့ မြန်မာ့နိုင်ငံရေးရဲ့ ပင်ရင်းနိုင်ငံရေး အကျပ်အတည်း လက်ရှိ အနေအထားတွေကို ဆွေးနွေးဖြစ်ကြမယ်ထင်ပါတယ်။ တရုတ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ ပါဝင်မှု လက်ရှိအနေအထား မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကနေ ဘယ်လို ရုန်းထွက်ရင် ကောင်းမလဲ၊ ရုန်းထွက်မှပဲ မြန်မာနိုင်ငံ ရှေ့ဆက်ပြီးတော့ ခိုင်ခိုင်မာမာနဲ့ တိုင်းရင်းသားများ အားလုံး နဲ့ ရပိုင်ခွင့် အပြည့်အဝနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဖြစ်တည်နိုင်တယ်၊ စသဖြင့်ပေါ့ဗျာ၊ ဒါလေးတွေတော့ ဝိုင်းဝန်းပြီးတော့ အမြင်သဘောမတူပေမဲ့လည်း အသွင်တစ်မျိုးစီနဲ့ ပါတီ ၄ ခုကတော့ဖြင့် အဲဒီခေါင်းစဉ်လာရင် ဆွေးနွေးဖြစ်ကြမယ် ထင်ပါတယ်။ တရုတ်ဖက်ကလည်း ယူဆတာက နှစ်နိုင်ငံချစ်ကြည်ရေး ူကြီး ၅ ချက် ဘောင်ထဲကပဲ ပြောကြဆိုကြ ဆွေးနွေးကြဖို့ နှစ်ဖက် ဆွေးနွေးကြဖို့ များပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
ဦးကိုကိုကြီးနဲ့စိုင်းအိုက်ပေါင်းကိုတွေ့ရစဉ်
လာမည့် ဇူလိုင် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ တစ်ပတ်အကြာ တရုတ်နိုင်ငံသို့ သွားရောက်မည့် နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ယူနန်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေအနေ၊ ကျေးလက်ဒေသများတွင် တရုတ်ကွန်မြူနစ်ပါတီရပ်တည်မှု အခြေအနေများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရအနေဖြင့်လည်း မြန်မာပြည် ငြိမ်းချမ်းရေးရရှိရန် လုပ်ရမည်ဆိုသည့် သဘောထားရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကျင်းပနေစဉ်
၎င်းက “ကျနော်တို့က စဉ်းစားထားတဲ့ အချက်အလက်လေးတွေ ရှိပါတယ်။ ဟိုဖက်က မေးလာရင် ကျနော်တို့ ဖက်ကလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားချင်တဲ့ ကျနော်တို့ဖက်က ဆန္ဒအာသီသတွေ ရှိကြ ပါတယ်။ ပါတီတိုင်းက၊ တရုတ်အစိုးရကြီးလည်း ခုနလို ပူးပေါင်း ကူညီမှုနဲ့ ငြိမ်းချမ်းရေး မြန်မြန်ရအောင်လည်း လုပ်မှ ဖြစ်မယ်ဆိုတဲ့ ယူဆမှုတွေ ခိုင်ခိုင်မာမာ ရှိကြပါတယ်။ အဲဒီနှစ်ခု ပူးပေါင်းလိုက်ရင်တော့ဖြင့် လက်ရှိ ခရီး စဉ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေ အချိန်အခါအရ လိုအပ်ချက်ကြီးတစ်ခု အဲဒီလိုအပ်ချက်ကို ပေါက်ရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီဆိုရင် မြန်မာ့ငြိမ်းချမ်းရေးနဲ့ လာမယ့် ကာလအတွက် ပိုပြီးတော့ အနှစ်သာရရှိရှိ ကျနော်တို့ နိုင်ငံရေးအားဖြင့် အကောင်အထည် ဖော်လိုက်နိုင်ပြီလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်ကလည်းက မြန်မာ့နိုင်ငံရေးပါတီ ၅ ပါတီကို တရုတ်က လေ့လာရေးခရီးဖိတ်ကြားခဲ့ပြီး ယခုနှစ်မှာ နိုင်ငံရေးပါတီ ၄ ခုကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသို့ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ပြည်သူ့ပါတီ(PP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ခေါင်းဆောင်များ သွားရောက် ကြမည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3391
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ၄ ရက်တာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း မြန်မာ့ တပ်မတော်နှင့်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေအပေါ် ဒေသခံများနှင့် စစ်ရေးအကဲခတ်များကြား မေးခွန်းများ ထုတ်နေကြသည်။
MNDAA က ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာ့တပ်မတော်နှင့် ၄ ရက်တာ အပစ်အခတ်ရပ်စဲ ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် TNLA ၏ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်ကလည်း ၄ ရက်တာ အပစ်အခတ်ရပ်စဲကြောင်း AFP သတင်းဌာနသို့ ပြောကြားထားသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပနေခြင်းအပေါ် ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် TNLA၊ MNDAA တို့က တဖက်သတ် အပစ်အခတ်ရပ်စဲခြင်း ဖြစ်သည်။
သို့သော် မန္တလေးတိုင်းဒေသကြီးတွင် အကျုံးမဝင်ကြောင်း ၎င်းတို့က ပြောကြားထားသည်။
ထိုအပစ်အခတ်ရပ်စဲမှုကို တော်လှန်ရေးအင်အားစုများက တဖက်သတ် ကြေညာခြင်းဖြစ်ပြီး မြန်မာ့တပ်မတော် ဖက်က တိုက်ခိုက်လာပါက ကိုယ့်ဒေသအတွက် တိုက်ခိုက်ရမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
လောက်ကိုင်မြို့ ဗုံးကြဲခံရစဉ်
၎င်းက “ရုတ်တရက် ချက်ချင်း မရပ်နိုင်သေးတာနဲ့ တူပါတယ်။ ကြည့်ရတာ၊ သူတို့ ကြေညာတာတော့ ၄ ရက် ရပ်မယ်ဆိုတာတော့ ၁၄ ရက်နေ့က စတာလေနော်၊ ဒီနေ့ဆို ၁၆ ရက်တောင်ရှိပြီ အဲဒီတော့ ရပ်မရသေးတာ ထင် တယ်၊ နောက်နေ့တွေလည်း ထပ်ဖြစ်မလာ မဖြစ်လာဆိုတာ မသေချာဘူးဗျ၊ ပြောတာတော့ ပြောတာပေါ့ဗျာ၊ MNDAA တို့ ဘာတို့ကလည်း စစ်ဆိုတာ ချက်ချင်းရပ်လို့ ရကြတာမှ မဟုတ်ဘဲနော်၊ တရုတ်က ဖိအားပေးလာ တော့ တရုတ်ကို မျက်နှာလုပ်ပြီး ပြောရတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ တစ်ကြောင်းမထောက် တစ်ကြောင်း ထောက် ဆက်ဆံပြီး ပြောနေရတာကိုနော့်။ အဲဒါကြောင့်မို့လို့ ပြောပေမယ့် အပေါ်ယံတော့ အဲဒီလိုပြောပေမယ့် တိုက်စရာရှိတော့လည်း ဆက်တိုက်နေရတာ ဖြစ်ချင်ဖြစ်မှာပေါ့၊ နောက်ပြီးတော့ ဒီလိုဗျ အပစ်အခတ်ရပ်စဲရေးက တစ်ဖက်သတ်ပဲ ကြေညာရတာလေ၊ စစ်ကောင်စီက ရပ်မယ်လို့မှ မကြေညာတာ အဲဒီတော့ စစ်ကောင်စီက ဒါကို အလစ်အငိုက်ယူပြီး တိုက်လာရင်တော့ တော်လှန်ရေးသမားတွေဖက်ကလည်း ပြန်တိုက်စရာရှိရင် တိုက်ရမှာပေါ့ ဗျာ၊ ကိုယ့်နေရာ ကိုယ့်ဒေသအတွက်တော့ လုပ်စရာရှိတာ ဆက်လုပ်ကြရမယ်ထင်တယ် ကြည့်ရတာ” ဟု ပြော သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သဲခေါ်ရွားအနီးရှိ TNLA တပ်စခန်းကို ဇူလိုင် ၁၅ ရက်နေ့ ညပိုင်းမှာ မြန်မာ့တပ်မတော်ဖက်က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ လက်နက်ကြီးဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ရေးအကဲခတ်တစ်ဦးက “ဒါက MNDAA တဖက်သတ်ရပ်စဲတာပေါ့နော်၊ သူရပ်စဲတယ်ဆိုတာတော့ ဒီဖက်က ရပ်ချင်မှ ရပ်မှာပေါ့၊ သူရပ်စဲတယ်ဆိုပြီးတော့ ၄ ရက်အတွင်းသူက မတိုက်တော့ဘူးမှ မပြောဘူးလေ၊ အဲဒီတော့ ဒီဖက်ကလည်း နှစ်ဦးသဘောတူမှမဟုတ်ဘဲ ဒီအတိုင်းတော့ ပစ်တာ ခတ်တာ ဆက်ဖြစ်နေမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ TNLA နှင့် MNDAA တို့ တိုက်ခိုက်နေသည့် နေရာများမှာ မြန်မာ့တပ်မတော်အတွက် အရေးပါသည့် နေရာ များဖြစ်သည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်ရှိ မြန်မာ့တပ်မတော် စခန်းများကို TNLA ၊ MNDAA၊ MDY-PDF စသည့် ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4360
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းက ချင်းတွင်းမြစ်တစ်လျှောက်ရှိ ရေဘေးသင့် ကျေးလက်ဒေသများမှ ပြည်သူလူထုအား ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနေသလို ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ တမူး၊ အင်းတော် စသည့် ဒေသများတွင် လှုပ်ရှားနေသလို ကချင်ပြည်နယ်အတွင်းမှာ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးဒေသများတွင် လှုပ်ရှားလျက်ရှိသည်။
SNA က ပြည်သူလူထုကို ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာများ ထောက်ပံ့ပေးစဉ်
ထို့အပြင် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်မှာလည်း လှုပ်ရှားလျက်ရှိသည်။
SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းနီပြည်နယ် ရရှိရေးနှင့် ရှမ်းနီဒေသ အတွင်းနေ ပြည်သူလူထုများ တန်းတူညီမျှ အခွင့်အရေးများ ရရှိရေး ကြိုးပမ်းနေကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 5140
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖော်ဆောင်နေသည့် ရှမ်း/မန်း စစ်ဆင်ရေးသည် ဘယ်အထိ ရောက်ရှိလာနိုင် သလဲ ဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့အကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေသည်။
အဆိုပါ စစ်ဆင်ရေးကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဦးဆောင်ပြီး မန္တလေး - PDF၊ NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ရှမ်း/မန်း စစ်ဆင်ရေးကို TNLA က အကူအညီပေးသည့် အနေအထားဖြစ်ပြီး PDF များက ဦးဆောင်လှုပ်ရှား ကြောင်း၊ ထိုစစ်ဆင်ရေးမှတဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ရောက်ရှိလာမည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
နောင်ချိုရှိ ဒုံးတပ်ရင်းသိမ်းခံရပြီးနောက် လေယာဉ်ပစ်လက်နက်ကို MDY-PDF တို့သိမ်းဆည်းရမိစဉ်
၎င်းက “အခုကတော့ TNLA က မန္တလေးတိုင်းအထိ ဆင်းတဲ့ကိစ္စကို TNLA က အကူအညီပေးတဲ့ အနေအထားနဲ့ပဲ ဝန်းရံနေတဲ့ သဘောပါ၊ မန္တလေးတိုင်းကတော့ မန္တလေးတိုင်း PDF တွေက အဓိက ဦးဆောင်ပြီးတော့ လှုပ်ရှားမယ့် အနေအထားပါ၊ ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြစ်ပေါ်တိုးပွားမှု အသစ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဗမာပြည် အလယ်ပိုင်းဒေသမှာ အခုက စစ်ရေးအတွေ့အကြုံ အားနည်းတာ၊ နောက်ပြီးတော့ စစ်တပ်အဖြစ် ပီပီပြင်ပြင် မဖော်စည်းနိုင်တဲ့ အနေအထားတွေ ပြောင်းလဲဖြစ်ပေါ်တဲ့ အနေအထားရှိပါတယ်။ အဓိက စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ မြစ်ဝကျွန်းပေါ်အထိ ရောက်ရှိလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ NUG က စုဖွဲ့ထားသော ရွှေဘိုခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ မန္တလေး၊ မိုးကုတ်၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး ပကဖတို့ ပါဝင်ကြောင်း NUG က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ၁၀၂၇ စစ်ဆင်ရေးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ စစ်ဆင်ရေးမှာ တရုတ်၏ အကျိုးစီးပွားရှိရာ ဒေသတွင် အဓိကဖြစ်နေပြီး အကန့်အသတ် စစ်ပွဲဖြစ် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
TNLA နဲ့ MDY-PDF တို့ကို တွေ့ရစဉ်
၎င်းက “ဒီပွဲက ဒီလောက်ပစ်ခတ်နေတဲ့ဟာ နောက်ကုန်ကျစရိတ်တွေပေါ့နော်၊ အကုန်လုံးက တရုတ်က မပေးဘဲနဲ့ တရုတ်က မပေးဘဲနဲ့ မရဘူး။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက်ကို အစိုးရနဲ့ မညှိဘဲနဲ့ လက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်တယ်လို့ မြန်မာပြည်သူ တစ်ရပ်လုံးကနေပြီးတော့ ဒါကို လက်ခံထားတယ်ပေါ့နော်၊ ဒါကြောင့် မို့လို့ ဒါဟာ ဒီဖက်ကလည်း ရေရှည်ဖြစ်လာသမျှ သူကလည်း အကုန်ထိန်းနိုင်မှာ မဟုတ်ဘူးလေ၊ ပြောရရင်တော့ အကန့်တစ်ကန့်ပေါ့ အခု လူတွေ ပြောနေတဲ့ လားရှိုး-မန္တလေး မီးရထားလမ်းဖောက်မယ့် နေရာ ပတ်ဝန်းကျင် အထိလောက် သူရည်မှန်းချက် ထားကောင်းထားနိုင်တာပေါ့၊ အဲဒီတော့ ဒီလောက်အထိပဲလို့ ကျနော်ထင်တယ်၊ တစ်နိုင်ငံလုံး ပျက်သွားအောင်တော့ သူမလုပ်ဘူး၊ လုပ်ရင် သူပါပြန်ပြီး တရုတ်ပါ ပြန်ပြီး ရိုက်ခတ်မှာတွေ ရှိတယ် လေ” ဟု ပြောသည်။
လက်ရှိတွင် နောင်ချိုမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
ထို့အတူ ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးအတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး ဒေသခံများမှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပေးတိမ်းရှောင်လျက်ရှိနေသည်။