- By CNI
- Category: နိုင်ငံရေး
- Hits: 957
CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၈
မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများပြားနေသည့် အနေအထားတွင် ပါတီစုံစနစ်သည် အစွန်းတစ်ခုသို့ တွန်းပို့နေလားဆိုသည်ကို စဥ်းစားရန်လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် လူမျိုးတစ်မျိုး၏ လွတ်လပ်မှု၊ လူမျိုးတစ်မျိုး၏ နိုင်ငံအဖြစ် ပြန်လည်ထူထောင်မှုနှင့် အစိတ်စိတ် အမွှာမွှာကွဲရန် တွန်းပေးနေလား ဆိုခြင်းကိုလည်း စဥ်းစားရန်လိုကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “မိမိနိုင်ငံရဲ့ မိမိလူမျိုး လက်နက်ကိုင်ပဋိပက္ခ ထူပြောတဲ့ အနေအထားမှာ ပါတီစုံစနစ် သည် အစွန်းတစ်ခုကိုများ တွန်းပို့နေသလား၊ လူမျိုးတစ်မျိုးရဲ့ လွတ်လပ်မှု၊ လူမျိုးတစ်မျိုးရဲ့ နိုင်ငံအဖြစ် ပြန်လည် တည်ထောင်မှုနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအောင်များ ဖန်တီးဖို့ တွန်းပေးနေသလားဆိုတာလည်း စဥ်းစားဖို့လိုတာ ပေါ့၊ အဲဒီတော့ ကျနော်တို့တွေက ဒီမိုကရေစီရဲ့ အတွေ့အကြုံ မရင့်ကျက်ကြသေးတဲ့ အခါမှာလေ။ ၂၀၀၈ ဖွဲ့စည်းပုံအရတက်တဲ့ အစိုးရ ၂ ရပ်ကိုပဲ ကြည့်ဗျာ၊ ပထမအစိုးရ ဦးသိန်းစိန် အစိုးရလက်ထက်က စာချုပ်စာတမ်း တွေနဲ့ ကတိကဝတ်တွေကို NLD အစိုးရလက်ထက်မှာ လိုက်နာသလားပေါ့ဗျာ၊ ပယ်ချပြီးမှ မထီမဲ့မြင်လုပ်သလား၊ မသိကျိုးကျွံ လုပ်သလားပေါ့၊ မြန်မာ့တပ်မတော်နဲ့ ပတ်သက်လို့ ဒါမျိုးစဥ်းစားရမှာပေါ့၊ ဥပမာ အဲဒီကာလတုန်းက ချုပ်ခဲ့တဲ့ စာချုပ်စာတမ်းတွေကို NLD အစိုးရလက်ထက်မှာ ထပ်ပြီးတော့ ထောက်ပံ့သလားပေါ့ဗျာ၊ ဒါလေးတွေက ကွာခြားပါတယ်၊ အဲဒီတော့ အဲဒါကြီးက ပါတီစုံဒီမိုကရေစီစနစ်မှာ မရင့်ကျက်သေးတဲ့အခါမှာ ငါအုပ်ချုပ်မှ၊ ငါသာ လျှင်၊ ငါ့ပါတီသာလျှင်ဆိုတဲ့ ဥစ္စာနဲ့ အတိုက်အခံကို ရစရာမရှိအောင် ချိုးနှိမ်ပြောတာပေါ့ဗျာ၊ အဲဒီတော့ ပါတီစုံ ဒီမိုကရေစီစနစ် ကတော့ဖြင့် တိုင်းရင်းသားတွေများတဲ့ နေရာမှာ လိုအပ်ချက်တစ်ခုတော့ ဖြစ်တာပေါ့၊ အမျိုးသား ရေး အယူအဆကို အစွန်းတစ်ခုကို တွန်းပို့နိုင်တာလည်းပဲ ခုနလို ပါတီစင်(PARTYSIM) ပဲဗျ၊ အဲဒီတော့ အထိန်းအကွပ်လေးတွေ က လိုတာပေါ့” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၁၉၆၂ ခုနှစ်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ မဆလပါတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံအား တစ်ပါတီစနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ပြည်သူလူထု တစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးလည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် ခေါင်းဆောင်သော မြန်မာ့တပ်မတော်မှ အာဏာရယူခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြရာမှ လက်ရှိအချိန်အထိ ပါတီစုံစနစ်ကိုသာ ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတိုင်းပြည်၏ အခြေအနေများသည် ပါတီစုံကြောင့်ဖြစ်နေခြင်း၊ တစ်ပါတီကြောင့်ဖြစ်နေခြင်း ဆိုခြင်းများ ထက် နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် အရင်းအမြစ်များအား သေသေချာချာ ကုစားနိုင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲထည့်နေစဉ်
၎င်းက “အဓိက ကျနော်တို့ လက်ရှိဖြစ်နေတဲ့ ဟာတွေက ဒီဟာကြောင့်မို့လို့ ပါတီစုံကြောင့်မို့လို့ ကွဲပြဲတယ်တို့၊ တစ်ပါတီကြောင့် ဘာဖြစ်တယ်တို့ ဆိုတာမျိုးထက် စာလို့ရှိရင် ကျနော်တို့ တကယ့် အရင်းအမြစ်ပေါ့နော် တကယ့် ကျနော်တို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့ အရင်းအမြစ်တွေကို ကျနော်တို့က သေသေချာချာ ကုစား နိုင်ဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်မှာ ကျနော်တို့ ပါတီစုံရှေ့မှာ ပါတီစုံတစ်ခါ သွားဖူးတယ်၊ နောက် ဒီပါတီစုံမဖြစ်နိုင်ဘူး၊ မဟုတ်ဘူးဆိုပြီးတော့မှ တစ်ပါတီစနစ်နဲ့ သွားကြည့်ခဲ့ဖူးပြီးပြီ၊ အဲဒီတစ်ပါတီစနစ်ကိုပဲ ကျနော်တို့ အဆင်မပြေခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဒါ ၈၈ အရေးတော်ပုံဆိုတာ ပေါ်ပေါက်လာပြီးတော့မှ ဒီဘက် ခေတ်ဖက် အခင်းအကျင်းတွေ ထပ်ဖြစ်ရတယ်ဆိုတဲ့ အနေအထားရှိတာကိုး၊ ဆိုတော့ ကျနော်တို့က ပါတီစုံတို့၊ တစ်ပါတီတို့ဆိုတဲ့ အနေအထားမျိုးထက် စာလို့ရှိရင် တိုင်းပြည်မှာရှိနေတဲ့ အတူတကွ ဖန်တီး တည်ဆောက် ပုံဖော်သွားကြမယ့် တိုင်းရင်းသားလူမျိုးတွေအားလုံး အချင်းချင်း ဘယ်လို ကြေကြေလည်လည် ညှိနှိုင်းမှာလဲ ဆိုတဲ့ဟာက အဓိကကျတာပေါ့၊ နို့မို့ဆိုလို့ရှိရင် ပါတီစုံကြောင့်တို့၊ တစ်ပါတီကြောင့်တို့ ဆိုတာထက် တစ်ပါတီလုပ် လည်း ကျနော်တို့ အဲဒီပြဿနာကို မဖြေရှင်းထားနိုင်လို့ရှိရင် ဒီလက်နက်ကိုင် တော်လှန်ရေးနဲ့ ဒီစစ်ပွဲတွေက ပြီးမှာမှ မဟုတ်တာ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်း ဆောင်ရွက်မှုသာလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။
နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 818
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
လအလိုက် ဖမ်းဆီးရမိမှုများတွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေး အခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့် နေသည့်အချိန်တွင် တရားမဝင် ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှုပါ များပြားလာကြောင်း ၎င်းက ပြော သည်။
ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တရားဝင် လမ်းကြောင်း ရပ်သွားကာ စျေးကွက်ကြီးတစ်ခုလုံးမှာ တရားမဝင် ကုန်သွယ်မှုဖြစ်သွားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး လုပ်နေစဉ်
၎င်းက “ဒါကတော့ သူကစစ်ပွဲတွေ ဖြစ်နေတာကို နယ်မြေမလုံခြုံ၊ မငြိမ်းချမ်းဘူး။ စစ်ဖြစ်နေတဲ့ ပြည်နယ်တွေက အခြေအနေအရ ကျနော်တို့ ဒီဘက် ကနယ်မြေ မငြိမ်းချမ်းဘူးဆိုရင် ကုန်သွယ်မှုတွေကလည်း သွားလို့မရတော့ ဘူးပေါ့။ ကားတွေ ကုန်ကားတောင်မှ ငှားမရတော့ဘူး အဲတော့ နှစ်ဆသုံးဆ မြင့်လာတယ် ကျနော်အခုကြုံရတဲ့ ကိစ္စ(ပြဿနာ)လေးတစ်ခု ပြောပြမယ်နော်၊ အရင်တုန်းက မူဆယ်တို့ မြဝတီတို့ လမ်းပေါ်မှာဖမ်းတာကတစ်ပိုင်း အခုကအဲလို မဟုတ်တော့ဘူး ရန်ကုန်-မန္တလေးသွားတဲ့ လမ်းပေါ်မှာတောင်မှ ဖမ်းတယ်။ တကယ်လို့ သူက ပစ္စည်း တန်ဆာ တင်ရင် ဘောင်ချာပြရင်ပြ မပြနိုင်ရင် ဒီဟာကို တရားဝင် သွင်းထားပါတယ်ဆိုတဲ့ အထောက်ထားပြပေး ရတယ်။ မပြနိုင်ဘူးဆိုရင် ဒီမှာရှိတဲ့ ဥပမာ မန္တလေးဆိုလည်း မန္တလေးမှာရှိတဲ့ ထုံးဖိုဂိတ်တို့ ဘာတို့မှာ ဖမ်းခံရတာ ရှိတယ်။ ပြီးတော့ မိတ္ထ္တီလာဂိတ်၊ ဘာဂိတ်မှာ အဲလိုမျိုးတွေမှာ အများကြီး ပျက်သွားတာပေါ့။ အရင်တုန်းကဆို နယ်စပ်တွေမှာဘဲ ထိန်းချုပ်ထားတာပေါ့ နယ်စပ်တွေ လွတ်သွားပြီဆိုရင် ကုန်သွယ်မှုက စီးဆင်းနေတာ အခု ကတော့ ဒီလမ်းဟောင်းတွေရော ရန်ကုန်-မန္တလေးမြို့ အဝင်အထွက်တွေမှာပါ အဲဒီ ဒီဟာကဖမ်းတဲ့ သဘော တော့ ရှိတယ်။ အခုကတော့ ပိုပြီးများလာတော့ တော်တော်များများတော င်မျက်လုံးပြူးကုန်တယ် Expect ကား တွေကအစဖမ်းတာ အခြားအဲဒီ ကုန်သည်နဲ့ ကုန်တင်ကားတွေနဲ့သွားတဲ့ ကားတွေဆိုရင် သိပ်မဖမ်းဘူး ဒါကတော့ ကျနော်သိထားတာကို ပြောပြတာ”ဟု ပြောသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး လုပ်နေစဉ်
တရားမဝင် ကုန်သွယ်မှုကို ထိရောက်စွာ တိုက်ဖျက်ရန် နစက လက်ထက်တွင် ၂၀၂၂ ခုနှစ်မှ စတင်၍ ပြင်ဆင် ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ (၁၉)ကြိမ် ရှိပြီဖြစ်ကြောင်း ၊(၁၈)ကြိမ်အထိ ဆုံးဖြတ်ချက် (၆၁၉)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ၃ နှစ်နှင့် ၄ လတာ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၂,၁၉၈ မှု၊ တန်ဖိုးအားဖြင့် ငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံရှိကြောင်း၊ လအလိုက် အနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။
၃ နှစ်နှင့် ၄ လတာ ကာလအတွင်း ဖမ်းဆီးရရှိမှုများအနက် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် အများဆုံး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သွင်းကုန်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်း များနှင့် အခြားလူ အသုံးအဆောင် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1061
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် “ဝ”ဒေသမှ ထွက်ရှိနေသည့် မူးယစ်ဆေးဝါးနှိမ်နင်းမှုကို ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်လျှင် မိမိတို့ ကိုယ်တိုင်စီမံမှရမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် “မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ရှုထောင့်များနှင့် စိန်ခေါ်မှုများ ရေရှည် တည်တံ့ခိုင်မြဲသော အဖြေများ”ဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲကို မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကော်မတီရုံးတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
သက်ဆင်က “ ဝ ဒေသက မူးယစ်ဆေး အရင်းအမြစ်ကို ထောက်ပြခဲ့တယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးက ကောင်းမွန်ပေမယ့် သူက ဘာမှမလုပ်နိုင်ဘူး။ သူက လေးနက်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမှုကို မလုပ်နိုင် ဘူး။ မြန်မာနိုင်ငံက မထိန်းချုပ်နိုင်ဘူးဆိုရင် ငါတို့ကိုယ်တိုင် စီမံမှရမယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာနေသော မူးယစ်ဆေးဝါးများ၏ အဓိက အရင်းအမြစ်အများစုသည် “ဝ”ဒေသမှ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုမရှိပါက မိမိတို့ ကိုယ်တိုင် စီမံမှရတော့မည်ဟု ၎င်းက ပြောသည်။

UWSA ကို တွေ့ရစဉ်
သက်ဆင်က “ အသက်ရှင်နေတဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပေမယ့် ငါတို့နိုင်ငံနဲ့ ဒီဆက်ဆံရေးတွေကို ဆောင်ရွက်ဖို့ ငါ့မှာဆန္ဒရှိနေတုန်းပဲ။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အလေးအနက် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုသင့်ပြီလို့ ထင်ပါတယ်။ မြန်မာနိုင်ငံက လူနည်းစုမို့ စီမံလို့မရဘူးလို့ ပြောရင် ကိုယ်တိုင်စီမံခွင့် တောင်းရ ကောင်း တောင်ရလိမ့်မယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာဘက်ခြမ်းကနေ မူးယစ်ဆေးဝါးများ အလုံးအရင်းဖြစ် ဝင်ရောက်နေသလို ထိုင်းလုံခြုံရေး တပ်ဖွဲ့သည် မူးယစ်မှောင်ခိုအဖွဲ့များဖြင့် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်နေသည့် မူးယစ်ဆေးဝါး အများစုသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ နယ်မြေကဖြစ်ကြောင်း ထိုင်းအစိုးရက စွပ်စွဲနေသော်လည်း UWSA ကတော့ မိမိတို့မဟုတ်ကြောင်း ပြောသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးဖြစ်သလို “ဝ” ဒေသ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပြဋ္ဌာန်းခွင့်ရရှိထားကြောင်း၊ မြန်မာအစိုးရသည် “ဝ”ဒေသ၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု များကို တစ်စုံတစ်ရာ ဝင်ရောက်စွပ်ဖက်ပိုင်ခွင့်မရှိဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1184
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့် သဘောထား ကွဲလွဲမှုများ များပြားနေ သော နိုင်ငံအား စုစည်းနိုင်ရေးအတွက် တစ်ပါတီစနစ်ဖြင့် သွားပါက ဖြေရှင်းနိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က စဉ်းစား၍ ချပြလာခဲ့သည်။
နိုင်ငံရေးတည်ငြိမ်ရန် လက်နက်ကိုင်လာရသည့် အကြောင်းအရင်းအား ရှာမည်ဆိုပါက တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့အစည်းအား ထိန်းချုပ်နိုင်သည့် ပါတီတစ်ခုလိုအပ်ကြောင်း၊ ထိုပါတီတွင် ပြည်မနှင့် တိုင်းရင်းသားများ အားလုံးပါဝင် ရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အား အခြေခံဥပဒအရ ရနိုင်စေရန် ဖွဲ့စည်းစည်းနှောင်ထားပြီးဖြစ်သောကြောင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ကြောင်း၊ ထိုသို့ စဥ်းစားမိပါက တစ်ပါတီစနစ်သည် မြန်မာ့နိုင်ငံရေးတွင် စဥ်းစားသင့်သည့် ဦးစားပေးတစ်ခု ဖြစ်လာမည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “ကျနော်တို့ ဦးတည်ချက်က ကျနော်တို့ စဥ်းစားတာက နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ လက်နက်ကိုင်ပဋိပက္ခ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံဟာ ဒီအတိုင်းဖြစ်နေမှာပဲ၊ အဲဒီတော့ နိုင်ငံရေး တည်ငြိမ်အောင် လက်နက်ကိုင်လာရတဲ့ အကြောင်းအရင်းကို ရှာပြီးတော့ အဲဒီအကြောင်းအရင်းကို အဖြေရှာမယ်ဆိုရင် တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ်၊ အဲဒီတစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းကို စည်းနှောင်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်တဲ့ တစ်နည်းအားဖြင့် ထိန်းချုပ် နိုင်တဲ့ ပါတီကြီးတစ်ခု လိုအပ်တယ်၊ အဲဒီပါတီက အားလုံးပါဝင်ရမယ်၊ တိုင်းရင်းသားအားလုံး ပါဝင်ရမယ်၊ ပြည်မ ကလည်း ပါဝင်ရမယ်၊ အဲဒီလို ပါတီမျိုးဖြစ်အောင် ကျနော်တို့ ညှိနှိုင်းနိုင်မှာလား၊ အဲဒီတော့ အမျိုးသားညီညွတ်မှု တစ်ခုကိုရရင် နိုင်ငံရေးတည်ငြိမ်မှုရမယ်၊ နိုင်ငံရေးတည်ငြိမ်မှုရရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ခြေလှမ်းကို လှမ်းနိုင်တယ်၊ အဲဒီလိုမျိုး စဥ်းစားမယ်ဆိုရင် နိုင်ငံအသစ်ကြီးတစ်ခု ပဋိပက္ခ မေ့တာပေါ့ဗျာ၊ တိုင်းရင်းသားများရဲ့ Self-Determination ဆိုတာက အခြေခံဥပဒေအရ ရနိုင်အောင် ကျနော်တို့က ဖွဲ့စည်း စည်းနှောင်ထားပြီးပြီလေ၊ အဲဒီလိုဆိုရင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမှာလား၊ ဒါစဥ်းစားသင့်တယ်ဆိုတဲ့ ဥစ္စာမျိုး စဥ်းစားမိရင် တစ်ပါတီ စနစ်သည် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ စဥ်းစားသင့်တဲ့ ဦးစားပေးတစ်ခု ဖြစ်လာမှာပေါ့” ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
တစ်ပါတီစနစ်ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး(လမ်းစဉ်)အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခု တည်းမှ အုပ်ချုပ်သည့် စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည် အာဏာအား ဆုပ်ကိုင်ထားကာ အုပ်ချုပ်ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြု ပြောဆိုထားသည့်အပြင် ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောထား၍ တစ်ပါတီစနစ် ဖြစ်လာနိုင်စရာ မရှိကြောင်း လည်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။
ပါတီစုံဒီမိုကရေစီကို ပြည်သူက တောင်းဆိုခြင်းဖြစ်ပြီး မိမိတို့ တောင်းဆိုခြင်းမဟုတ်ကြောင်း၊ ဒီမိုကရေစီကို သွားမည်ဆိုလျှင် တည်ငြိမ်ဖို့လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
အားလုံးပါဝင်သည့် ပါတီကြီးတစ်ခုအား စုစည်းနိုင်ရန် ညှိနှိုင်းနိုင်မည်လား၊ ပြည်ထောင်စုကြီး တစ်ခုလုံးအား ဦးဆောင်မည့် ပါတီတစ်ခုအောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးအား ထိန်းချုပ်ထားသည့် ပါတီအသီးသီးသည် ပါနိုင်မည်လား ဆိုခြင်းများကို စဥ်းစားပြီးမှ နိုင်ငံအသစ်တစ်ခုသို့ သွားရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ၃၂ ပါတီ တွေ့ဆုံ ဆွေးနွေးနေစဉ်
၎င်းက “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် စုစည်းနိုင်မှာလား၊ ၂၀၀၈ ဖွဲ့စည်းပုံကတော့ ပါတီစုံကိုပဲ အားပေးတယ်၊ ဒါပေမယ့် ကျနော်တို့ ပြန်သုံးသပ်ဖို့၊ ညှိနှိုင်းဖို့ လိုတာပေါ့၊ ဥပမာ “ဝ” UWSP ရှိမယ်၊ UWSA ရှိမယ်။ UWSP နဲ့ကျနော်တို့ စုစည်းပြီးမှ အားလုံးပေါ့ဗျာ၊ မြန်မာနိုင်ငံတစ်ခုလုံးကို စုစည်းနိုင်တဲ့ ပါတီကြီးတစ်ခုကို အားလုံး ပါဝင်တဲ့ ပါတီကြီးတစ်ခုကို စုစည်းနိုင်အောင် ညှိနှိုင်းနိုင်မှာလား၊ လက်နက်ကိုင်တွေလည်းပဲ အကုန်ပူးပေါင်းပြီးမှ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်တစ်ခုဖြစ်အောင် ပူးပေါင်းနိုင်မှာလား၊ ဘာနဲ့ပူးပေါင်းနိုင်မှာလဲ၊ အမျိုးသားညီလာခံကြီးတစ်ခု သွားမှာလား၊ ညှိနှိုင်းဆွေးနွေးမှုကြီး တစ်ခုကို သွားမှာလား၊ “ဝ” သည် ပါတီတစ်ခု ပါတယ် အဲဒီပါတီကိုပဲ ကျနော်တို့ ပြည်ထောင်စုကြီး တစ်ခုလုံးကို ဦးဆောင်မယ့် ပါတီကြီးတစ်ခုအောက်မှာ “ဝ” သည် ပါနိုင်မှာလား၊ မိုင်းလားသည် ပါနိုင်မှာလား၊ ကိုးကန့်သည် ပါနိုင်မှာလား၊ ပလောင်သည် ပါနိုင်မှာလား၊ AA သည် ပါနိုင်မှာလား၊ မွန်သည် ပါနိုင်မှာလား၊ ဒါတွေစဥ်းစားပြီးမှ ကျနော်တို့ နိုင်ငံအသစ်တစ်ခုကို သွားဖို့လိုတာ ပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) တစ်ပါတီတည်းက အုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
ထို့နောက် ၈၈ အရေးအခင်း ပေါ်ပေါက်လာပြီး မဆလ ဖျက်သိမ်းခဲ့ရသလို ဦးနေဝင်းလည်း ရာထူးမှ ဆင်းသွားခဲ့ ကြောင်း၊ အလားတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပျက်သွားခဲ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်ပြီး အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 559
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံး ဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်မည်ဟု အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တြိဂံတိုင်းစစ်ဌာနချုပ်တွင် NDAA မှ ဒုဥက္ကဋ္ဌ ဦစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့်စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စု စနစ်ပညာရေးကို သင်ကြားရမည်”ဟု ပြောသည်။

မိုင်းလားဒေသရှိ စာသင်ကျောင်းကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
မြန်မာစာဟုဆိုကာတွင် ဗမာလူမျိုးများ၏ ဘာသာစကားနှင့် စာပေဖြစ်နေခြင်းကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများက ၎င်းတို့၏ ဘာသာစကားနှင့် စာပေများကိုလည်း ရုံးသုံးစာအဖြစ် သတ်မှတ် ပြဋ္ဌာန်း ပေးရန် တောင်းဆိုလျက်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ (က)တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမျုတို့ ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသည်။
ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ပေးစေလို ကြောင်း၊ မိမိတို့ ဒေသအတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA ကိုယ်စားလှယ်များ တွေ့ဆုံစဉ်
၎င်းက “မိမိတို့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မျ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။
အဆိုပါ အထူးဒေသ(၄)တွင် ဗမာစကားနှင့် ကျပ်ငွေထက် တရုတ်စကားနှင့် တရုတ်ငွေကြေးကို အဓိကထား အသုံးပြု လျက်ရှိသည်။
သို့သော် အထူးဒေသ(၄)တွင် ရှမ်း၊ အာခါ၊ လားဟူး၊ “ဝ”၊ ဗမာ၊ ကိုးကန့်၊ တရုတ် အပါအဝင် တခြားသော လူမျိုးများ လည်း နေထိုင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 959
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် နိုင်ငံရေးအဆင့်အတန်းကို “ဝ” ကဲ့သို့ လိုချင်ကြသော်လည်း မရနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
၎င်းတို့ ရရှိထားသည့် နိုင်ငံရေး အဆင့်အတန်းသည် အင်အားရှိခြင်းကြောင့် မဟုတ်ဘဲ ပြည်ထောင်စုအစိုးရများ၏ သဘောထားကြီးမှုများအပေါ် မူတည်ကာ ရနေခြင်းဖြစ်ကြောင်း၊ သို့သော် ကျန်သည့် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ထိုသို့သော အခွင့်အရေးမျိုး မရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့လောက်နီးနီး သူ့လိုတော့ မဆိုးတာက ကိုးကန့်ဒေသ။ ကိုးကန့်ဒေသကတော့ သိန္နီစော်ဘွားကြီးရဲ့ အာဏာဆက်ကို ခံယူတယ်။ သိန္နီစော်ဘွားကြီးရဲ့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးရတဲ့ အခါကြတော့လည်း သူက စော်ဘွားအဆင့်မရှိဘူး၊ ယန်ရှင်းဆိုက်က မြို့စားအဆင့်ပဲရှိတယ်။ သူတို့လည်း တကယ့်တကယ်ဆိုရင် လုပ်ခွင့် မရှိဘူး။ မြန်မာနိုင်ငံကို နောက်မှ ဝင်လာတဲ့လူတွေဖြစ်တယ်။ ကျန်တဲ့ပြည်နယ်တွေက ကချင်ဆိုတာလည်း မဖြစ်ဘူး။ ကချင်ဆိုတာ ၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုက ခွဲထွက်ခွင့်တောင် မပေးဘူး။ ပလောင်ဆို တာကလည်း သိန္နီစော်ဘွားကြီး အုပ်ချုပ်မှုအောက်မှာ။ ပြောချင်တာက AA ရော ဘာရော၊ TNLA ရော ကျန်တဲ့ လူတွေ အကုန်လုံးက မြန်မာပြည်မနဲ့ ထွေးရောယှက်တင်က သိပ်များတယ်။ အဲဒါကြောင့် “ဝ” လိုလုပ်သလို သူတို့ လုပ်လို့မရဘူး။ “ဝ” ကတော့ လက်ရှိအနေအထားမှာ ဟိုက ဗကပရဲ့ အမွေဆက်ခံလိုက်ရတာရယ်။ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ရရှိထားတာရယ်၊ အစိုးရအဆက်ဆက်ကလည်း သူ့ကို အရေးမပါဘူးဆိုပြီး ပစ်ထားပြီး တော့ လှည့်မကြည့်တာရယ် ဒီအတွက်ကြောင့် သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ခိုင်မြဲနေတာ။ တကယ့်တကယ်က သူသိပ်ပြီး အားရှိလွန်းလွန်းလို့ဆိုပြီး ဘဝင်မြင့်နေရင်တော့ မှားသွားလိမ့်မယ်။ ပြည်ထောင်စုအစိုးရတွေရဲ့ သဘော ထားကြီးမှုအပေါ်မှာ မူတည်ပြီး ဒါရတယ်။ ကျန်တဲ့လူတွေက ဒါရဖို့ အခွင့်အရေးမရှိဘူး။ သမိုင်းကြောင်း အရ လည်း မရှိဘူး။ လက်ရှိ လူမှုဆက်ဆံရေး၊ စီးပွားရေးအရလည်း လုပ်ပေးလို့မရဘူးလို့ ကျနော်က ပြောပါတယ်” ဟု ပြောသည်။

UWSA ခေါင်းဆောင် ပေါက်ယူချန်းနဲ့ တရုတ်အထူးကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
အာရက္ခတပ်တော်(AA)သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ကတည်းက “ဝ” လူမျိုးများ ရရှိသည့် အခွင့်အရေးမျိုး လိုချင်ကြောင်း တရားဝင်ထုတ်ဖော်ပြောထားသလို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လည်း “ဝ”ထက်မပိုလျှင်တောင် “ဝ”ထက်မလျော့သည့် ကွန်ဖက်ဒရေးရှင်း(confederation) အဆင့်အတန်းမျိုး လိုချင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားထားသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသား များသည် ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ပြောထားသည်။
လက်နက်ကိုင်အဖွဲ့အစည်း အများစုသည် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးကို လိုချင်ကြကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
“ဝ” နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်များသည် ပတ်ဝန်းကျင် အနေအထားအရ မတူညီကြကြောင်း၊ “ဝ”၏ ထူးခြားချက်မှာ နယ်မြေအနေအထားအရ တရုတ်နိုင်ငံကို ကျောပေးထားသဖြင့် လုံခြုံရေးပူစရာမလိုကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
AA အပါအဝင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်တို့မှ ခေါင်းဆောင်ပိုင်းများမှာ “ဝ” ဒေသတွင် နေထိုင်ကြ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် “ဝ” တွင် လက်နက်စက်ရုံများလည်းရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “ဘာဖြစ်လို့လဲဆိုတော့ “ဝ”ရဲ့ ထူးခြားချက်တွေကိုလည်း သိဖို့လိုတယ်။ သူက တရုတ် နိုင်ငံကို ကျောပေးထားတာ။ ဒါကြောင့် သူ့ရဲ့လုံခြုံရေးအတွက် ပူစရာမရှိဘူး။ အဲဒီအောက်မှာ တရုတ်ရဲ့ မဲခေါင် မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ရောပြီးတော့ ဖွံ့ဖြိုးတာ။ တရုတ်ကလည်း “ဝ” ပြည်နယ်ကိုပဲဖြစ်ဖြစ် မိုင်းလားကိုပဲဖြစ်ဖြစ် လုပ်နေတဲ့ ရည်ရွယ်ချက် တိုင်းပြည်အေးချမ်းငြိမ်သက်ရင် ဘယ်လောက်ဆင်းရဲတဲ့ ဒေသပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ခက်ခဲတဲ့ ဒေသပဲဖြစ်ဖြစ် ချမ်းသာအောင် လုပ်လို့ရတယ်ဆိုတာကို ပြချင်တာ။ အဲဒါကို စမ်းသပ်ကွက်(ချက်)အနေနဲ့ လုပ်ပြထားတာ။ အဲဒီတော့ လာသမျှလူတွေက တအားစိတ်ဓာတ်က “ဝ”ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာ ကျမလည်းကြားဖူးတယ်။ ကွန်ဖက်ဒရိတ်တောင် လိုချင်တယ်ပြောတာကို။ “ဝ”က သူ့ကို မဝတ(နဝတ)က ပြည်နယ်လည်း ပေးထားတာမဟုတ်ဘူး။ ခရိုင်လေးပဲပေးထားတာ။ ဒါပေမယ့် သူ့စနစ်နဲ့ သူ အုပ်ချုပ်တာပဲ။ အဲဒါကို အားကျကြတယ်ဆိုတာ အမှန်ပဲ။ အဲဒါကြောင့် တော်လှန်ရေးတွေက အရှိန်တက်ပြီး ကိုယ့်ဒေသကိုယ် တည်ဆောက်ရေးတွေ လုပ်လာကြတာဖြစ်တာပေါ့” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရသည့် “ဝ”တပ်ဖွဲ့ (UWSA)၏ နိုင်ငံရေးအဆင့်အတန်းသည် လွတ်လပ်ရေး မကြေညာရုံအဆင့်အထိ ကြီးမားပြီး အချုပ်အခြာအာဏာ အကုန်ရှိကြောင်း ထောက်ပြကြသည်။
“ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရကာ အုပ်ချုပ်နေခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 925
၂၀၂၅ ခုနှစ်၊ မေလ ၂၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး သူ၏ သဘောထားများကို ထုတ်ဖော် ပြောကြားထားသည်။

အဆိုပါ ပြောစကားများအနက် တချို့သော စကားများကို စုစည်း၍ အပိုင်းလိုက် CNI သတင်းဌာနက ထုတ်နုတ် ဖော်ပြလိုက်ပါသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 958
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားဒေသအတွင်းမှာ မည်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကိုမျှ လက်ခံ ထားခြင်းမရှိဘူးဟု NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၏ ပြောစကားသည် တည်ငြိမ်ရေးကို ဦးစားပေးနေပုံရသည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)မှ ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦးဆန်လူ၊ အထွေထွေအ တွင်းရေးမှူး ဦးကြည်မြင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က တြိဂံတိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ဦးစန်ပေ့က မိမိတို့ မည်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကိုမျှ လက်ခံ ထားခြင်းမရှိဘူးဟု ဦးစန်ပေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုင်းလားဒေသအတွင်း မည်သည့်လက်နက်ကိုင်၊ မည်သည့်နိုင်ငံရေး အဖွဲ့များကိုမျှ လက်မခံထားဘူးဆိုခြင်းက ၎င်းနယ်မြေဒေသတစ်ခုသာ ငြိမ်းချမ်းရေးတွက် အာမခံချက်ပေးသည်ဆိုသည့် သဘောဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နစကဉက္ကဋ္ဌကို တွေ့ရစဉ်
၎င်း “ဒါမျိုးကို လက်မခံထားဘူး ဆိုခြင်းအားဖြင့် သူ့နယ်မြေဒေသတစ်ခုသာ ငြိမ်းချမ်းရေးတွက် အာမခံချက်ပေး တယ်ဆိုတဲ့ သဘောတရားပဲ။ ဆိုလိုတာက ကျန်တဲ့လူတွေ လက်နက်ကိုင်တာ သူ့ဘာသူ ကိုင်တဲ့ဥစ္စာကို သူတို့က တစ်ပိုင်း ဒါပေမဲ့ ဒီကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ သူတို့သည် ဘာမှဆက်ဆက်မှုမရှိဘူး ပတ်သက်မှု မရှိဘူးဆိုတဲ့ အနေအထားကို ဖော်ပြထားတာပဲ။ ဆိုလိုတာက သူယူထားတဲ့ ငြိမ်းချမ်းရေးအတွက် သူအာမခံချက်ပေးတယ် သူ့အနေနဲ့လည်း ပါဝင်ပတ်သက်မှုမရှိဘူး၊ ပါဝင်ပတ်သက်နေတဲ့ လူတွေနဲ့လည်း ဆက်သွယ်မှု မရှိဘူးဆိုတာ အာမခံချက်ပေးတာပဲဆိုတော့ အဲလိုမျိုးပုံစံမျိုးပေါ့။ ကျန်တဲ့ဒေသတွေ အားလုံးကလည်း လိုက်နာဆောင်ရွက်နိုင် တယ် အဲလိုသဘောထားတိုင်း ရှိမယ်ဆိုရင် နိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူနဲ့ လျှောက်လှမ်းမှု ဖြစ်သွားပါလိမ့်မယ် အဲလိုမှ မဟုတ်ဘဲနဲ့ စောနက ပြောသလို လုပ်တာတော့ လုပ်ချင်တယ်၊ ဒါပေမဲ့ ကိုယ့်ဘက်မှာတိုက်လိုက် တစ်ဖက်က စစ်ဆင်ရေးလာလို့ရှိရင် တခြားနယ်မြေထဲ ဝင်ပြီး တော့ ပုန်းလိုက် စုလိုက်ဆိုရင်တော့ ဒါတွေက ဆက်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခ ရှည်သွားမဲ့ အကြောင်းအရာ ထဲမှာ ပါတယ်ပေါ့။ အဲတော့ ဒါနဲ့ပက်သက်ပြီး သူ့အာမခံချက် ပေးနိုင်တယ်ဆိုတဲ့ သဘောထားကို သုံးသက်လို့ ရပါတယ်”ဟု ပြောသည်။
မိမိတို့ NDAA ၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက် ရှိကြောင်း NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော် တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီရင်းအစ်ကို မောင်နှမများအားလုံး အနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန်လိုအပ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဉက္ကဋ္ဌနဲ့ NDAA တွေ့ဆုံစဉ်
NDAA သည် ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများကိုတော့ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် လက်ခံလေ့ရှိကြောင်း မြန်မာ-တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းက “ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ လက်မခံထားဘူးဆိုပေမဲ့ သူတို့ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်လေ လူသားချင်း ဂရုဏာထားတဲ့ ဟိုနင်းအရ(လူသားချင်းစာနာထောက်ထားမှုအရ) စိတ်စေတနာအရ ဥပမာအားဖြင့် စစ်ရှောင်တဲ့လူတွေ သို့မဟုတ် ထွက်ပြေးလာတဲ့လူတွေ လက်ခံနိုင်တာတော့ လက်ခံလို့ရတယ်လို့ ပြောတာကို အဲတော့ တချို့အဖွဲ့အစည်းက ဒဏ်ရာရတဲ့ လူတွေပဲဖြစ်ဖြစ် နေထိုင်မကောင်းတဲ့ လူတွေပဲဖြစ်ဖြစ် လက်ခံတာ တွေလည်းရှိပါတယ်။ ဒါသူတို့ အချင်းချင်းကြားမှာတော့ နားလည်မှုတော့ ရှိပါတယ်။ ဒါတွေကို လုပ်နိုင်ကိုင်နိုင် အောင် သူတို့ အချင်းချင်းကြား သူတို့အများကြီး လက်ခံတာပဲ။ ဥပမာအားဖြင့် MNDAA ၁၀၂၇ တိုက်ပွဲတွေ ဖြစ်တုန်းကလည်း အဓိက ထွက်ပြေးလာတဲ့ လူတွေအားလုံး စစ်ရှောင်လူတွေအားလုံး သူတို့လက်ခံထားတာပဲ အကုန်လုံးကျွေးပြီးတော့မှ တန့်ယန်းတို့ ဘယ်လိုခေါ်မလဲ တာချီလိတ်တို့ ဘာတို့ပို့ပေးနေတာပဲ ကားတွေနဲ့ ဗမာပြည် ပြန်ကြတဲ့စစ်ရှောင် ဟိုနင်းတွေကို သူတို့လုပ်နိုင်တဲ့ ဟာလေးတွေတော့ သူတို့လုပ်ပေးတာပေါ့”ဟု ပြောသည်။
NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့နောက် NDAA အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များထဲက AA၊ KIA၊ MNDAA၊ TNLA တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ သလို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG၊ PDFs နှင့် NUCC တို့ကို လက်ခံ ထားသည်။
ထို့ကြောင့် NDAA သည် FPNCC အဖွဲ့ဝင် တချို့က မြန်မာ့တပ်မတော် သဘောမကျသော လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို လက်ခံထားသည့်တိုင် ၎င်းတို့ကတော့ လက်မခံထားဘူးဟု ထပ် လောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2052
CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၆
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ချပြသွားခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီသည် နိုင်ငံရေးမူဝါဒ ၂ ရပ်ရှိကြောင်း၊ ပထမမူဝါဒသည် ရခိုင်ဒေသမြောက်ဘက်ရှိ ဘူးသီး တောင်၊ မောင်တော နယ်ခြားဒေသအား အထူးအာရုံစိုက်ကြောင်း၊ ဒုတိယမူဝါဒသည် တိုင်းရင်းသား အားလုံး လိုလားသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန်ဆိုသည့် ဦးတည်ချက်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ပါတီအနေနဲ့ ပါတီဖွဲ့စည်းကတည်းက မူ ၂ ခုရှိတယ်ဗျ၊ တစ်ခုက ရခိုင်ဒေသရဲ့ မြောက်ဘက် ပေါ့၊ ဘူးသီးတောင်၊ မောင်တော နယ်ခြားဒေသကို အထူးအာရုံစူးစိုက်တယ်ဗျ၊ အဲဒီနယ်ခြားဒေသကို လုံခြုံအောင် မကာကွယ်ပေးနိုင် သေးဘူးဆိုရင် ရခိုင်ဒေသရဲ့ အနာဂတ်ဟာ ကြာကြာမခံနိုင်ဘူးဆိုတဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ ပါတီ ဖွဲ့စည်းပုံမှာ ပါတီတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက် နံပါတ် ၁ ကို ညွှန်းတယ်ဗျ၊ နံပါတ် ၂ ကတော့ဖြင့် တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့ ဦးတည်ချက်ပါ၊ ပြီးခဲ့တဲ့ကာလတွေ အကုန်လုံးကို ဖြတ်တဲ့အခါမှာ ပါတီစုံဆိုတဲ့ သဘောသွားတာပေါ့၊ သွားတဲ့အခါမှာ နိုင်ငံရေး အားဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာပြီးမှ ညှိနှိုင်းခြင်းအားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ကိုယ်ပိုင် အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို မတည်ထောင်နိုင်ဘူးဆိုတဲ့ အဖြေတစ်ခုကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဖက်ကရော၊ နိုင်ငံရေးအားဖြင့် အဖြေရှာတဲ့ သူတွေဖက်ကရော သက်သေမပြနိုင်ခဲ့ဘူး၊ အဲဒါကြောင့် လည်း လက်နက်ကိုင်ပဋိပက္ခ ဇာတ်ရှိန်က မြင့်လာတာပေါ့၊ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးသည် သာလျှင် ခုနက Self-Determination ကို ဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာကို အခုကာလမှာ အမြင့်ဆုံးအရှိန် ရောက်နေတာပဲ။ အဲဒီတော့ သက်သေပြရမှာက ခုနကပြောတဲ့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေး မယ်၊ အဖြေရှာမယ်၊ ဆိုးကျိုးသံသရာကနေ ရုန်းထွက်မယ်ဆိုတဲ့ဟာက မှန်တဲ့လမ်းကြောင်းဆိုတာကို သက်သေပြ ရမှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဌာနချုပ်ကို ဩဂုတ်၂၅ရက်က မြင်တွေ့ရစဉ်။(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။
အလားတူ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသား လက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
နိုင်ငံ၏ အခြေခံဖြစ်သည့် ၇၅ ရာခိုင်နှုန်းကျော်ရှိသော တောင်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုမရဘဲ စီးပွားရေး ခြေလှမ်း လှမ်းရန် မလွယ်ကူကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအား မသွားနိုင် လျှင်လည်း စီးပွားရေး မဖွံ့ဖြိုးနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်ကိုတွေ့ရစဉ်
၎င်းက “စီးပွားရေးကတော့ ကျနော်တို့ စျေးကွက် စီးပွားရေးစနစ်ပဲ၊ စျေးကွက် စီးပွားရေးစနစ် သည်သာလျှင် တစ်နည်းအားဖြင့် ယှဥ်ပြိုင်တဲ့ စီးပွားရေးပေါ့ဗျာ၊ အဲဒီတော့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတယ်ဆိုတဲ့ ဘက်နဲ့ သွားတာပေါ့၊ နိုင်ငံက ထွက်နိုင်တဲ့ သယံဇာတတွေ၊ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုပေါ့ဗျာ၊ အဲဒီတော့ အဲဒီ အားလုံးရဲ့ အခြေခံက နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ဥစ္စာနဲ့သွားပါတယ်၊ နိုင်ငံရေးတည်ငြိမ်မှပဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ လမ်းကြောင်းကို ရနိုင်တယ်ဆိုတဲ့ဘက်နဲ့ သွားပါတယ်၊ အဲဒီမှာ ကိုယ့်နိုင်ငံရဲ့ အခြေခံဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားများရဲ့ ဖွံ့ဖြိုးတိုးတက်မှု မရဘဲနဲ့ စီးပွားရေး ခြေလှမ်းတစ်ခု လှမ်းဖို့ မလွယ်ဘူးဆိုတာကိုလည်း လက်ကိုင်ထားတယ်၊ အဲဒီလိုပဲ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့အတွက် ရင်းနှီး မြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို မသွားနိုင်ဘဲနဲ့လည်း မဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ ဘက်နဲ့သွား ပါတယ်၊ အဲဒါကြောင့် ပြည်ပကို ရောက်နေကြတဲ့ နည်းမျိုးစုံရောက်တဲ့လူတွေ ပြည်တွင်း ပြန်လာနိုင်အောင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိအောင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် အားလုံး ဘက်ပေါင်းစုံ ပြည့်စုံတဲ့ အမျိုးသားစီးပွားရေး မူဝါဒကြီးတစ်ရပ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ချသင့်တယ် ဆိုတဲ့ဥစ္စာနဲ့ သွားပါတယ်” ဟု ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရပြီး ဆီထွက်သီးနှံနှင့် ပတ်သက်ပြီး အထွက်နှုန်း အားနည်းနေဆဲဖြစ်ကာ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များ ရှိပြီးဖြစ်ပေမယ့် အမှန်တကယ် အလုပ်လုပ်ခြင်းမရှိ၍ ဝင်ငွေနည်းနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
