- By CNI
- Category: နိုင်ငံရေး
- Hits: 1382
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းသည့်အခါ စစ်တပ်နှင့်တွဲ၍ ဖြေရှင်းရမည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
စစ်တပ်သည် အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်သော်လည်း အုပ်ချုပ်ရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် စသည့် နယ်ပယ်အသီးသီး၌ ပါဝင်နေသောကြောင့် ထိုပြဿနာများအား ဖြေရှင်းသည့် အခါမှာ စစ်တပ်နှင့်တွဲ၍ ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “အဲတော့ ငြိမ်းချမ်းရေးဆိုတာက လက်ရှိဒါ နိုင်ငံတော်အနေနဲ့ ပြောရလို့ရှိရင် စံနှုန်းပြည့် အခြေအနေကတော့ စစ်တပ်ဆိုတာ အရပ်ဖက် အုပ်ချုပ်မှုအောက်မှာ ရှိရမယ်ပေါ့၊ သို့သော် ၁၉၆၂ အာဏာသိမ်း ပြီးကတည်းက ၈၈ အထိက စစ်တပ်၊ စစ်တပ်ကနေ ဖွဲ့စည်းတည်ထောင်တဲ့ပါတီ၊ အဲဒီကနေ ၂၀၁၁ အဲဒီလောက် နှစ်ပေါင်းများစွာ ဖြစ်လာတော့ ချက်ချင်းဆုတ်ခွာဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ဒါအုပ်ချုပ်ရေးနယ်ပယ်၊ လူမှုရေး နယ် ပယ် အသီးသီးမှာ သူက ပါဝင်နေတာ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာလည်းပဲ စစ်တပ်နဲ့ တွဲပြီးတော့ပဲ ရှင်းရမယ်လို့ ကျနော်တို့ကတော့ လက်ခံထားပါတယ်၊ ကျနော်တို့ ကိုယ်၌ကလည်း တစ်ချိန်ချိန်မှာ ရာနှုန်းပြည့် ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်တင်မြှောက်တဲ့စနစ် ပေါ်ပေါက်လာအောင် ဆက်ကြိုးစားသွားမှာပဲ၊ သို့သော် လက်တလော အခြေအနေမှာ အဲဒါကို ကြိုတင်စည်းကမ်း ကန့်သတ်ချက် အဖြစ် နဲ့ ထားမယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းဖို့ တော်တော် ခက်သွားလိမ့်မယ်၊ မလွယ်ဘူး။ ဒါကြောင့်မို့လို့ လက်တလောမှာ စစ်တပ်နဲ့ တွဲပြီးထွက်ရတယ် ဆိုပေမယ့် တဖြည်းဖြည်းနဲ့ လျှော့ချဖို့အတွက်ကိုလည်း ကျနော်တို့ ဆက်လက် ဆွေးနွေးရမှာ၊ ကြိုးပမ်းရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ပါတီခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်၌ အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းမှ လွှဲပြောင်းရယူခဲ့သလို ၁၉၆၂ ခုနှစ်တွင် မြန်မာ့တပ်မတော်က ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော အရပ်သား အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ် ရောက်သည့်အခါမှာလည်း ကျောင်းသားအရေးတော်ပုံ ကနေတဆင့် မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြန်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
လက်ရှိ နိုင်ငံရေးတွင် ပဋိပက္ခများ ပြီးဆုံးသည်အထိ တပ်မတော်အနေဖြင့် ရှိနေဦးမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို ဆန္ဒပြနေကြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးမှာကတော့ လက်ရှိဒီပဋိပက္ခတွေ ပြီးဆုံးတဲ့အထိကတော့ တပ်မတော်ကတော့ ရှိနေဦးမှာပဲပေါ့ နော်၊ နိုင်ငံရေးထဲမှာတော့ ပါနေဦးမှာပဲ၊ ဒါပေမယ့် တစ်ခုပဲရှိတယ် ကျနော်တို့ လက်ရှိဒီ ပစ်ခတ်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကလည်း လက်ရှိအခြေအနေကြောင့်မို့လို့ ဖြစ်နေတာကိုး၊ ပြောရမယ်ဆိုလို့ရှိရင် ပြည်မက ဗမာ PDF တွေအနေနဲ့ ဆိုလို့ရှိရင် သူတို့ရဲ့ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်တယ် ဆိုတဲ့ဟာက ဒီလိုအာဏာထိန်းတယ် ဆိုတဲ့ ဖြစ်စဥ်ကို မကြိုက်ဘူး၊ ဒီအတွက်ကြောင့်မို့လို့ တော်လှန်ပုန်ကန်တယ်ဆိုတဲ့ဟာ တစ်ခုပဲရှိတာ၊ ကျန်တဲ့ လူမျိုးရေး ကြောင့်လည်း မရှိဘူး၊ ကျန်တဲ့ Ideology ကွဲလို့လည်း မဟုတ်ဘူးလေ၊ ဆိုတော့ ဒီဟာ မနက်ဖြန်ဆိုရင် ဆွေးနွေး မယ့် ရွေးကောက်ပွဲကျင်းပရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးဆိုတဲ့ ကိစ္စတွေဆိုလို့ရှိရင် တကယ့်တကယ်တမ်း ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ပြည်မမှာရှိတဲ့ PDF တွေကို သူတို့ဘယ် Ideology နဲ့ သူတို့က ဆက်ပြီးတော့မှ လက်နက်စွဲကိုင်ပြီးတော့မှ တော်လှန်ပုန်ကန်ဦးမှာလားပေါ့၊ ဒီဟာပြီးသွားပြီ၊ တပ်မတော်ကလည်း သူ့နေရာသူ ပြန်သွားပြီဆိုတဲ့ အခါကျလို့ရှိရင် ဘယ်လိုဆက်လုပ်မှာလဲပေါ့နော်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲတွင် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေး ပါတီတချို့က တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ထိန်းထားခြင်းသာ ဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ကြောင်း ပြောဆိုရပ်တည်လျက်ရှိသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပနိုင်ငံများကတော့ တပ်မတော်သည် နိုင်ငံတော်ကို အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုရပ်တည်လျက်ရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမည့်နှစ်(၂၀၂၆ ခုနှစ်) ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပပြီးစီးရန် လိုအပ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ က နစကကောင်စီ အစည်းအဝေး တွင် ပြောကြားခဲ့သည်။
တခြားတစ်ဖက်မှာတော့ နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသော လက်နက်ကိုင် အင်အားစုများ က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1477
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
မည်သို့ပင်ဖြစ်စေ လာမည့်နှစ်(၂၀၂၆ ခုနှစ်)ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန် လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်က နစကကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ တာဝန်ယူချိန် ၂ နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်မှု လိုအပ်နေသည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူထားပြီးဖြစ်၍ ရွေးကောက်ပွဲအား ယခုနှစ်(၂၀၂၅ ခုနှစ်) ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ(၂၀၂၆ ခုနှစ်) ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပ ရန်လျာထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့ တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ရက်အကန့်အ သတ် ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်း ကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များ ကျင်းပရာတွင် အစည်းအဝေး အထမြောက်ခြင်းနှင့်ပတ်သက် ၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ် များကို ရွေးချယ် ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မည်သို့ပင်ဖြစ်စေ လာမည့်နှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန်လိုကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း ၎င်းက ပြောသည်။
နစကသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် တိုက်ပွဲများ ကျယ်ပြန့်လာသည့်အတွက် သာမန်အခြေအနေမဟုတ်ဟုဆိုကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားမှုကို သက်တမ်းတိုးလာခဲ့ရာမှာ ယနေ့အထိပင်ဖြစ်သည်။

UWSA၊ SSPP၊ NDAA လက်နက်ကိုင် ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ် မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့သည်။
နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် လက်နက်ကိုင်အင်အားစုများကတော့ နစကကျင်းပ မည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ကြေညာထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 856
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဇော်ဇော်စိုးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဦးဇော်ဇော်စိုးသည် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က စင်္ကာပူမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်မိသားစုများ နှစ်သစ်ကူးတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သေးသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးချစ်ဆွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 990
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ဖက်ဒရယ်လိုချင်ပါက လွှတ်တော်ထဲသို့ တရားဝင်နည်းလမ်းဖြင့် ဝင်လာရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ် တစ်ခုတည်းဖြင့်သာ ကြိုးစားမည်ဆိုပါက ဖက်ဒရယ်ဆိုသည့် ခေါင်းစဉ်အောက်သို့ ရောက်မှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ဖက်ဒရယ်ပေးမယ်ဆိုရင် အခြေခံဥပဒေအရ ဘယ်လိုရေးဆွဲမလဲ။ အခြေခံဥပဒေမှာ ကျနော်တို့ ပြင်သင့်တာတွေ၊ ဖြည့်စွက်သင့်တာတွေ၊ ပြုပြင်မယ် ပြောင်းလဲမယ်။ ဆိုလိုတာက ဖက်ဒရယ် လိုချင်တယ် ဆိုပြီး တော့ ကိုယ့်နယ်မြေဒေသ၊ ကိုယ့်လက်နက်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါ ကျနော်တို့က ဒီနယ်မြေယူပြီးသား အဲဒီတော့ ဒါကိုပေးလိုက်တော့ဆိုတဲ့ဟာမျိုး အဲဒီနည်းလမ်းက သုံးလို့မရဘူးပေါ့။ ဒါအရှင်းဆုံး နားလည်အောင်ပြောတဲ့ စကားပါ။ အဲဒီတော့ အခြေခံဥပဒေရဲ့ ပြင်ဆင်မှုအရ သွားမယ်ဆိုရင် ဒါသည် တရားဝင် လည်းဖြစ်တယ်။ အားလုံးလည်း လက်ခံနိုင်တဲ့ အနေအထား။ အဲဒီလိုဖြစ်ဖို့အတွက်က လက်နက်ကိုင်အဖွဲ့အစည်း တွေဘက်က ဒါနဲ့ပတ်သက်ပြီး ဆန္ဒရှိဖို့ ခေါင်းဆောင်တွေက လွှတ်တော်ထဲကို တရားဝင် နည်းလမ်းနဲ့ ဝင်လာဖို့ လိုအပ်တယ်။ အဓိကအချက်ကတော့ အဲဒါပါပဲ။ အဲဒီလို တရားဝင် နည်းလမ်းမဟုတ်ဘဲနဲ့ အပြင်ကနေ လက်နက် ကိုင် လမ်းစဉ်တစ်ခုတည်းနဲ့ ကြိုးစားတာမျိုးတော့ ဖက်ဒရယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ရောက်သွားမှာ မဟုတ်ပါ ဘူး” ဟု ပြောသည်။

လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ကာ လွှတ်တော် ထဲသို့ နိုင်ငံရေးလမ်းကြောင်းဖြင့် ဝင်ရောက်ခဲ့ကြသည်များ ရှိခဲ့ဖူးသည်။
သို့သော် အဆိုတင်သွင်းသည့် အခါမျိုးတွင် မဲခွဲဆုံးဖြတ်မှုများကနေ ကန့်ကွက်မဲ အများစုဖြင့် ပယ်ချခဲ့ရခြင်းတို့မှာ လည်း အကြိမ်ကြိမ်ရှိခဲ့ကြောင်း နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ အပေါ်စီးမှာနေ၍ ပြောဆိုနေမှု၊ ခေါ်ဆိုနေမှုများသည် ပဋိပက္ခပိုများရုံသာရှိပြီး တိုင်းရင်းသားများ လိုချင်သည့် အခွင့်အရေးများကို မပေးမချင်း လက်နက်ကိုင်တိုက်ပွဲများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်၊

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အားလုံးကတော့ သိပါတယ်၊ ဒါကတော့ နစက ခေါင်းဆောင်ကနေ အားလုံးကို ၂၀၀၈ အောက်ကို သွတ် သွင်းမယ်၊ သူတို့အပေါ်ကနေ အုပ်စိုးမယ်၊ ထိန်းမယ်ပေါ့နော်၊ ဒါသူတို့ရဲ့ အကြံစည်ဖြစ်တာပေါ့။ သူတို့က ဖက်ဒရယ်ကို တရားဥပဒေဆိုတာ ဘယ်တရားဥပဒေကို ပြောတာလဲပေါ့။ ၂၀၀၈ တရားဥပဒေပဲ ဖြစ်မယ်။ တခြား ဥပဒေမရှိဘူး။ ၂၀၀၈ အောက်မှာပဲဆိုရင်တော့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ရွေးကောက်ပွဲ ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ဝင်သွားဖို့က ရှိလိမ့်မယ်မဟုတ်ဘူး။ အပေါ်စီးကနေ ပြောဆိုတာ ခေါ်ဆိုတာက ကျနော်တို့နိုင်ငံအတွက် ကောင်းတာမဟုတ်ဘူး။ ဒီထက်ပဋိပက္ခတွေ ပိုများရုံပဲရှိပါတယ်။ နောက်ပြီး တစ်ခုမေးချင် တာက SAC ခေါင်းဆောင်အနေနဲ့ ဖက်ဒရယ်ကို ဘယ်လိုနားလည်လဲ၊ ဘယ်လောက် နားလည်လဲပေါ့။ ဖက်ဒရယ် ဆိုတာက တိုင်းရင်းသားတွေမှာ နဂိုမူလကတည်းက ရှိနေတဲ့ အခွင့်အရေးတွေကို ပေးကိုပေးရမယ်ပေါ့” ဟု ပြော သည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် "၂၀၂၅ အလွန် ဗဟုဝင်ရိုး ကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ"သုံးသပ် ဆွေးနွေးပွဲ၌ ဖက်ဒရယ် အခွင့်အရေးပေးရန် အဆင်သင့်ရှိကြောင်း၊ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဥပဒေအရ အများဆုံးဖြတ်ချက်ဖြင့် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 598
CNI News
၂၀၂၅ ခုနစ်၊ မတ်လ ၂၅
အားလုံးလက်ခံနိုင်သော မူများပါသည့် စာတမ်းတိုတစ်ခုအား ဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများအပေါ် မည်သည့်နည်းလမ်းဖြင့် သွားပါက ပို၍ အဆင်ပြေမည်လဲဆိုကာ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေသည်။
ပထမဆုံးအနေဖြင့် Stakeholder အားလုံး တွေ့ရန်လိုအပ်ကြောင်း၊ အားလုံး မတွေ့နိုင်သော်လည်း တွေ့နိုင်သ လောက် အရင်တွေ့ရန် လိုအပ်ကြောင်း၊ ထို့အတူ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့်လည်း တွေ့ဆုံဆွေးနွေး မှုများ လုပ်နိုင်ရန် အားလုံးလက်ခံနိုင်သော မူများပါသည့် စာတမ်းတိုတစ်ခုအား ဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

Peace Talk 2025 ဆွေးနွေးနေစဉ်
၎င်းက “ပထမဆုံးလုပ်ရမှာတော့ ကျနော်တို့ အစုဝင်တွေပေါ့ ဒီ Stakeholder အားလုံးက တွေ့ဖို့လိုပါလိမ့်မယ်၊ ချက်ချင်း အားလုံးမတွေ့နိုင်သော်လည်း တွေ့နိုင်သလောက်ကတော့ အရင်တွေ့ဖို့လိုပါလိမ့်မယ်၊ ကျနော်ထင်တယ် နေပြည်တော်မှာ အခုလုပ်ဆောင်နေတာလည်း ဒါတွေအတွက် လုပ်ဆောင်နေသလားလို့တောင် အဲသလိုမျိုး ထင်တာပေါ့ဗျာ၊ ၂၄ ရက်နဲ့ ၂၆ ရက်အထိ သူတို့လုပ်ကြမယ်လို့ ကျနော်ကြားရပါတယ်၊ အဲဒီတော့ ဒီဥစ္စာဟာလည်း သူတို့ရဲ့ လုပ်နိုင်တဲ့ အပိုင်းကလုပ်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ SAC မဟုတ်တဲ့ SAC နဲ့မဆိုင်တဲ့ အစုဝင်တွေကလည်း ဒါကို မြန်မြန်လုပ်ဖို့ လိုပါလိမ့်မယ်လို့ ထင်တယ်၊ လုပ်ပြီဆိုလို့ရှိရင်လည်း ကျနော်တို့ အားလုံး လက်ခံနိုင်တဲ့ မူတစ်ရပ်ကို ကျနော်တို့ မြန်မြန်ချမှတ်နိုင်မယ်လို့ ကျနော်မျှော်လင့်တယ်၊ အရင်တစ်ခေါက်က ပြီးခဲ့တဲ့လတုန်းက အာဆီယံခေါင်းဆောင်တွေ၊ မစ္စတာ သက်ဆင်ရှင်နာဝပ်တို့ကို ကျနော်တို့ တင်ပြတဲ့အခါကျ တော့ အရှည်ကြီး ဖြစ်တဲ့အခါကျတော့ သူများက မလိုက်နိုင်ဘူး၊ အဲဒီတော့ ကျနော်တို့ တိုတိုဖြစ်ဖြစ် စာတမ်းတို၊ အားလုံးလက်ခံနိုင်တဲ့ မူတွေပါတဲ့ စာတမ်းတိုလေးတစ်ခု ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နိုင်ရင် သိပ်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ဦးဆောင်၍ နေပြည်တော်တွင် Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ကျင်းပလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ ၊ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့သူများ၊ လက်နက်ကိုင်များ၊ သတင်းမီဒီယာများ စသဖြင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ဖြင့် ဆွေးနွေး လျက်ရှိသည်။
စစ်ရေးအားမသာဘဲ နိုင်ငံရေးသီးသန့် သွားမည့်အဖွဲ့များ လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

Peace Talk 2025 ဆွေးနွေးပွဲ ကျင်းပနေစဉ်
၎င်းက “စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း ၂ မျိုးရှိတဲ့ နေရာမှာ စစ်ရေးကြီး သီးသန့်သွားလို့မရသလို နိုင်ငံရေး ကြီး သီးသန့်သွားလို့လည်း မရဘူး၊ အဲတော့ ဆိုလိုတာက ဒီအဖွဲ့တွေက အကုန်တူတာ မဟုတ်ဘူး၊ အကုန်လုံး ပါဝင်သင့်တယ် ဆိုပေမယ့် ကိုယ့်စိတ်ကူးထဲမှာ စစ်ရေးကြီးပဲ အားသာနေတဲ့ အဖွဲ့တွေကို နိုင်ငံရေးစားပွဲပေါ်မှာ ဆွဲတင်တာမျိုးဆိုတာ လက်တွေ့မှာ အတော်လေးခက်တယ်၊ အဲတော့ နိုင်ငံရေးအားသာတဲ့ အဖွဲ့တွေအတွက် နိုင်ငံရေးအရ ဘယ်လိုသွားမလဲဆိုတဲ့ ဆွေးနွေးချက်တွေ သူတို့ကျရင်တော့ ပိုပြီးတော့ ဒါအဆင့်မြင့်တာပေါ့၊ လွှတ်တော်အတွင်း ဘယ်လို ပေါင်းစည်းမယ်၊ တည်ဆောက်မယ်၊ နိုင်ငံတော်ကို ဘယ်လိုပြုပြင်မယ်၊ ဘာညာတွေ ဒါကသွားမယ့်တစ်ပိုင်း၊ ဟိုဖက်က စစ်ရေးသမားကျတော့ သူ့ဟာသူ စစ်ရေးနဲ့ အလုပ်လုပ်လိမ့်မယ်၊ ဒါမျိုးကျတော့ မြေပြင်မှာ စစ်ရေးနဲ့ လှုပ်ရှားမှုတွေက ဘေးကပတ်ဝန်းကျင် ထိခိုက်မှုတွေ များလာရင်တော့ စစ်ရေးနဲ့ပြန်ဖြေရှင်း ရတာတွေ ရှိတယ်၊ အဲတော့ စစ်ရေးအားမသာဘဲနဲ့ နိုင်ငံရေးသီးသန့် သွားမယ့်အဖွဲ့တွေ လိုအပ်တယ်၊ အဲတော့ ဘယ်လိုသွားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ ခုနပြောသလိုပေါ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီ အောင်လုပ်ရမှာပါပဲ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 792
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅ ကို နေပြည်တော်မှာ မတ်လ ၂၄-၂၅-၂၆ ရက်အထိ သုံးရက်တိတိ ကျင်းပနေရာ မည်သည့် ကိစ္စရပ်များကို ဆွေးနွေးနေကြလဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်စားလျက်ရှိနေကြသည်။
Peace Talk 2025 ပထမနေ့ (မတ်လ ၂၄ ရက်)တွင် အဖွဲ့(၁)က ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေး၊ အဖွဲ့(၂)က ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့်ကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲမှာ ပါဝင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ဒုတိယနေ့ (မတ်လ ၂၅ ရက်)တွင် အဖွဲ့(၁)က ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် ငြိမ်းချမ်း ရေး ဖြစ်စဉ်အပေါ် သက်ရောက်မှုများ၊ နိုင်ငံတကာ ဆက်ဆံရေး ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု နှင့် မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အဖွဲ့(၂)က ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်ခြင်း တို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Peace Talk 2025 ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ (NSPNC)က ဦးဆောင်၍ နေပြည်တော်မှာ ကျင်းပခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ NCA ထိုးထားသည့် လက်နက်ကိုင် ၆ ဖွဲ့၊ နိုင်ငံရေးပါတီ ၂၇ ပါတီ၊ ယခင်အစိုးရများလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသဖြင့် ပါဝင်ကြ ကြောင်း သိရသည်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ရှေ့မဆက်နိုင်ဘဲဖြစ်နေသလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်သွားပြီဟုလည်း သတ်မှတ်ခံထားရ၍ NCA လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ မရဘဲဖြစ်နေသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော လက်နက်ကိုင်များ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများ ရပ်တန့်နိုင်ရေး နစက-က ကြိုးပမ်းနေသော်လည်း ဆွေးနွေးပွဲများမှာ ထိရောက်မှုမရှိသေးဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1024
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်က အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း” ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကို အစောဆုံး ထား၍ ကျင်းပသွားရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီး သမ္မတလူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို,ကို တွေ့ရစဉ်
သို့သော် ပြည်တွင်း/ပြည်ပ သံတမန်များကြားမှာတော့ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းပါး ကြောင်းနှင့် အစောဆုံးဆိုခြင်းကြောင့် နောက်အကျဆုံး အခြေအနေရှိနေနိုင်သေးသလားဟု ထောက်ပြလျက်ရှိ သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လထိ ရောက်ရှိလာသည့်တိုင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသေးပေ။
နစကနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ကျင်းပသွားရန် ဆန္ဒရှိ နေကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီ သို့မဟုတ် မေလတွင် အာဏာလွှဲပြောင်းရေး ဖြစ်လာနိုင်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ ပေးပို့သော သဝဏ်လွှာပါ ပြောကြားချက်ကိုတွေ့ရစဉ်
လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း မှုရှိရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍လည်း ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့်လက်နက်ကိုင် အင်အားစု များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော် လက်လွတ်ဆုံးရှုံးထားရသည်။
ထို့နောက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး နေအိမ် အပါအဝင် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 885
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) မှ စီစဉ်သည့် Peace Talk 2025 (ငြိမ်းချမ်းရေး စကားဝိုင်း-၂၀၂၅)ကို နေပြည်တော်မှာ မတ်လ ၂၄-၂၆ ရက်ထိ ကျင်းပနေသည်။
အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)ကို ဖိတ်ကြားသော်လည်း ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး ထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

အလားတူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် NCA ထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ဖြစ် ဖွဲ့စည်းထားသော 7 EAOs Alliance ၏ အဖွဲ့ခေါင်းဆောင် တာဝန်ယူထားသည်။
သို့သော် Peace Talk 2025 ဆွေးနွေးပွဲကို 7 EAOs Alliance မှ ၆ ဖွဲ့တက်ရောက်နေကြောင်း သိရသည်။
Peace Talk 2025 ဆွေးနွေးပွဲတွင် “နိုင်ငံရေးနှင့်လုံခြုံရေး”၊ “စီးပွါးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသော ခေါင်းစဉ် ၂ ခုကို အဓိက ဆွေးနွေးကြမည် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 794
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ဦးဆောင်၍ နေပြည်တော်မှာ Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ကျင်းပလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ နိုင်ငံရေးအကဲခတ်များ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ လက်နက်ကိုင်များ၊ သတင်းမီဒီယာများ စသဖြင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ဖြင့် ဆွေးနွေး လျက်ရှိသည်။
မတ်လ ၂၄ ရက်က စတင်ခဲ့သော ပထမနေ့တွင် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောပြီး UPWC ဒုဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးသိန်းဇော်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း၊ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနိုင်က ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

Peace Talk 2025 ဆွေးနွေးနေကြစဉ်
ထို့နောက် မတ်လ ၂၅ ရက်နေ့တွင် ဒေါ်လဲ့လဲ့သိန်းက “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၏ အရေးပါသည့်ကဏ္ဍ”ဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်သည်။
မတ်လ ၂၆ ရက်နေ့ ဒုတိယနေ့မှာတော့ “ပဋိပက္ခလျှော့ချရေး ကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာ တွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာဇော်ဦးက လည်းကောင်း၊ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာညိုညိုသင်းကလည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တတိယနေ့တွင် “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)က လည်းကောင်း၊ ဦးကိုကိုကြီးက လည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်နေသော ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါ ၃ ရက်တာ ကျင်းပမည့် ဆွေးနွေးမှုများကို စကားဝိုင်းအလိုက်နှင့် စကားဝိုင်းအလိုက် တစ်ဦးစီးတို့ဖြင့် လည်း ဆွေးနွေးကြမည်ဟု သိရသည်။
