CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း၊ ကမ်းနားလမ်း၊ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ပေးရန်အတွက်ဆိုကာ လှူဒါန်းလာသော ဆန်အိတ်အတွင်း ကနေ ဗုံးပေါက်ကွဲမှု စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မှတ်ပုံတင် Smart Card (UID ကဒ်)ပြုလုပ်နေသူ ပြည်သူများအနက် ၁၀ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီရန် လှူဒါန်းသည့် ဆန်အိတ်အတွင်းမှာ ဗုံးဖောက်ကွဲမှုကို မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်က လုပ်သည်ကိုတော့ အတိအကျမသိရသေးပေ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ရေဘေးအလှူ ဆန်အိတ်ထဲက ဗုံးပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သူများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တိုင်းဖွန်မုန်တိုင်း ယာဂီကြောင့် စက်တင်ဘာ ၉ ရက်နေ့က ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်း၍ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်ကာ ပြည်သူ ၂ သိန်းကျော် ရေဘေးသင့်ခဲ့သည်။

ထို့နောက် နစက အပါအဝင် အနုပညာရှင်များ၊ ပြည်သူများ၊ သူဋ္ဌေးများ၊ ပရဟိတသမားများက ရေဘေးသင့် ပြည်သူများ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်နေကြသည်။