
- By cni
- Category: နိုင်ငံရေး
- Hits: 592
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
နစကကို မထောက်ခံဘဲ ဆန့်ကျင်နေသည့် မည်သည့်နိုင်ငံသံရုံးကိုမဆို ပိတ်သိမ်းခြင်းမျိုး လုပ်ဆောင်လာ နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက်က CNI သတင်းဌာနကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အရှေ့တီမောအစိုးရ တာဝန်ရှိသူများ တွေ့ဆုံခဲ့မှုကို အကြောင်းပြုကာ အရှေ့တီမောသံတမန်ကို နစက-က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နောက်ဆုံးထားပြီး တိုင်းပြည်က ထွက်ခွာ ရန် ပြီးခဲ့သည့်ရက်ပိုင်းက အကြောင်းကြားခဲ့သည်။
ဦးထက်မြက်က “အဲဒါကတော့ ကိုယ်နဲ့ ဆန့်ကျင်ဖက်ဖြစ်သွားရင် ဘယ်နိုင်ငံမဆိုလေ သံတမန်ဆက်ဆံရေးကို ဖျက်လေ့ရှိတာပဲ။ ကိုယ်နဲ့ ဆန့်ကျင်ဖက်လုံးဝဖြစ်သွားရင်၊ အရှေ့တီမောကြတော့ သူက ရှင်းတာက ဗမာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စကြီးကို မရှင်းပေးနိုင်သရွေ့၊ အရှေ့တီမောအနေနဲ့ အာဆီယံထဲသူမပါဘူးလို့ သူက ပြတ်ပြတ် သားသားကို ပြောထားတာ၊ ပြောထားပြီးတဲ့အခါမှာ အခု ဒီအကျိုးဆက်တွေ ဖြစ်သွားတာ၊ သူကိုယ်၌က ဗမာနိုင်ငံကို အသိအမှတ်မပြုဘူး။ အာဆီယံလည်း အသိအမှတ်မပြုဘူးဆိုတဲ့အပေါ်မှာ NUG အစိုးရကိုပဲ သူက အသိအမှတ်ပြုတယ်လို့ သူက ကြေညာတယ်၊ ကြေညာတဲ့အခါကြတော့ အခု NUG နဲ့ စစ်ကောင်စီနဲ့က တိုက်နေ ရတဲ့ အခြေအနေမျိုး တကယ့်ကို သူသေငါရှင် တိုက်နေကြတာ၊ တိုက်နေတဲ့ အခြေအနေမှာ ဒီဖက်ကလည်း ဟို ဖက် လက်နက်ကိုင်အုပ်စုကို အကြမ်းဖက်တယ်၊ ဟိုဖက်ကလည်း ဒီဖက်ကို တကယ်အကြမ်းဖက်ဆိုပြီး စွပ်စွဲပြီး ချနေကြတော့ အခုကိစ္စမှာ ဒီစစ်ကောင်စီကလည်း ရှင်းရှင်းပြောရရင်တော့ သူ့ကို မထောက်ခံဘဲနဲ့ ဆန့်ကျင်တဲ့ ဘယ်နိုင်ငံမဆို ဘယ်အဖွဲ့အစည်းမဆို သူက အခုလိုပဲ သံရုံးပိတ်ပစ်တာတို့၊ အသိအမှတ်မပြုဘဲ နှင်ထုတ်တာတို့ ဖြစ်လာတာက အဲဒါသဘာဝအတိုင်းပဲလို့ ဆရာတို့ ယူဆတယ်” ဟု ပြောသည်။
ဇူလိုင် ၁ ရက်နေ့က ကျင်းပသည့် (၉)ကြိမ်မြောက် အရှေ့တီမော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့စဉ်
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က ကျင်းပသည့် (၉)ကြိမ်မြောက် အရှေ့တီမော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်သရွေ့ အရှေ့တီမောနိုင်ငံ၏ အာဆီယံဝင်ခွင့် လျှောက်ထားမှု မှာလည်း အာဆီယံအနေဖြင့် စဉ်းစားပေးနိုင်ဦးမှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။
၎င်းက “အရင်က သူတို့ကိုယ်တိုင်လည်း လွတ်လပ်ရေးအတွက် အင်ဒိုနီးရှားစစ်တပ်ရဲ့ လွှမ်းမိုးမှုကို သူတို့အနေနဲ့ အပြင်းအထန် တိုက်ပွဲဆင်ပြီးမှ လွတ်လပ်ရေးရယူတဲ့အတွက် ဒီနေ့ကာလ အဲဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ NUG ကို တီမောအစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံတဲ့အားဖြင့် NUG နဲ့ အသိအမှတ်ပြု လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီက နာကြည်းစွာနဲ့ သူတို့က ဒီလို သံတမန်အဆက်အသွယ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို လုပ်လိုက်တဲ့အတွက် တစ်ခုတော့ ရှိတာပေါ့ဗျာ၊ တီမောအစိုးရကိုယ်တိုင်လည်း အာဆီယံ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လျှောက်ထားထားတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေတဲ့အခါကြတော့ ဒီစစ်ကောင်စီအစိုးရ ဗမာနိုင်ငံကနေပြီးတော့ ပြုတ်မသွားမချင်းတော့ သူတို့အနေနဲ့ ဒီကိစ္စကလည်း အာဆီယံက စဉ်းစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အချိန် ၆ လ၊ ၁ နှစ်လောက်တော့ သူတို့အနေနဲ့ ရပ်ဆိုင်းသွားနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ တီမောအစိုးရဖက်ကလည်း အဲဒီပြဿနာကို မြင်ပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။
အရှေ့တီမောနိုင်ငံ၏ မိတ်ဆွေကောင်းအဖြစ် ရပ်တည်ချက်သည် မိမိတို့ NUG နှင့် မြန်မာပြည်သူလူထု၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ကြောင်း NUG က ဩဂုတ် ၂၈ ရက်က ထုတ်ပြန် ခဲ့သည်။
လက်ရှိတွင်လည်း နစကနှင့် NUG တို့သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအပါအဝင် သံတမန်ရေးရာ များတွင် အားပြိုင်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1004
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ စားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီအမျိုးသမီးတစ်ဦးကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ဩဂုတ် ၂၈ ရက်နေ့အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူမှာ သဒ္ဒါမိုး စားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီအမျိုးသမီး ဒေါ်ရွှေရည် ဖြစ်ကြောင်း၊ ယနေ့ (ဩဂုတ် ၂၈ ရက်နေ့)အထိ အဆက်အသွယ် မရသေးကြောင်း၊ ဒေါ်ရွှေရည်ကို ည ၇ ဝန်း ကျင်က ဆိုင်ကယ်ဖြင့် KIA၊ PDF အဖွဲ့ဝင် ၄ ဦးက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၅ ရက်နေ့ ၇ နာရီ၊ ည ၇ နာရီလောက်ပေါ့၊ KIA၊ PDF အဖွဲ့ ၄ ယောက်လောက် လာခေါ်သွားတာ၊ အိမ်မှာ လာခေါ်သွားတာလို့ ပြောတယ်၊ ဆိုင်ကယ်နဲ့၊ အခုလောလောဆယ်က အဆက်အသွယ် မရသေးဘူး။ စုံစမ်းတာ တော့ စုံစမ်းနေသေးတယ်။ သူ့မိသားစုဝင်တွေကတော့ နည်းနည်းကြောက်နေတာပေါ့၊ စုံတော့ စုံစမ်းတယ်” ဟု ပြောသည်။
ဖားကန့်မြို့အ၀င်ကိုတွေ့ရစဉ်
အဆိုပါ အမျိုးသမီးအား မည့်သည့်ကိစ္စကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်း၊ ယခု ဩဂုတ်လအတွင်း KIA၊ PDF တို့ ဖားကန့်မြို့နယ်အတွင်း ဖမ်းဆီးမှုမှာ ၃ ယောက်ခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုဖမ်းဆီးမှုနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI က ဆက်သွယ် မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရသေးပေ။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင် တို့ကို ကချင်ပြည်နယ်အတွင်းသို့ ထည့်သွင်း ပေးလိုက်ကြောင်း၊ ကျန် ရှမ်းနီဒေသများဖြစ်သည့် ကလေးခရိုင်၊ ခန္တီး ခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင် တို့ကိုလည်း စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဒေသများအား ရှမ်းနီပြည်နယ်အဖြစ် ပြန်လည်ဖွဲ့စည်းပေးရန် ရှမ်းနီများက ခေတ်အဆက်ဆက်က တောင်းဆိုခဲ့ကြကြောင်း၊ ရှမ်းနီအရေး လှုပ်ရှားသော သူများအား KIA၊ PDF များက ပစ်မှတ်ထား သတ်ဖြတ်လေ့ ရှိကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက ရှမ်းနီအမျိုးသားညီလာခံ ကျင်းပနေစဉ်
၎င်းက “ညောင်နှစ်ပင်ညီလာခံမှာ ဗိုလ်ထွန်းရင်တို့က ရှမ်းနီပြည်နယ် တောင်းထားတယ်လေ၊ တောင်းထားတဲ့အခါ မှာ တောင်းထားတဲ့အခါကြတော့ အဲဒါနဲ့ ကျနော်တို့က တောက်လျှောက် ဆက်တောင်းတယ်၊ တောင်းတာကို သူတို့က ကျနော်တို့က မကျေနပ်တာတဲ့ဗျာ၊ မကျေနပ်ပြီးတော့ ရှမ်းနီတွေကို များသောအားဖြင့် စာပေယဉ်ကျေးမှု တွေ၊ ရှမ်းနီအကြီးအကဲတွေ ဥက္ကဋ္ဌတွေ၊ ကျေးရွာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကုန်လိုက်သတ်နေတာ သူတို့က နောက်ပြီးတော့ ကျနော်တို့ရဲ့ အမျိုးအဆွေတွေပေါ့နော်၊ ကျနော်တို့ လူမျိုးတွေရဲ့ အမျိုးအဆွေ လုပ်တဲ့ ဟာကိုလည်း သူတို့ ဖမ်းဆီးသတ်ဖြတ်နေတာ တော်တော်ကို များပြီဗျ၊ ကျနော်တို့ စာရင်းဆိုရင် ၂၀၂၂ ဒီဇင်ဘာပေါ့ နော်၊ ၃၁ ရက် ၁၂ လ၊ ၂၀၂၂ အထိ ကျနော်တို့ စာရင်းပြုထားတာ ၇၀၆ ယောက်ရှိပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာမှ ရှမ်းနီဆရာ တော် ဦးဂန္ဓမာကို KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက် ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် နေထိုင်သော ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယကဖြစ်သူ ဦးသန်းဖေ လုပ်ကြံသတ်ဖြတ် ခံခဲ့ရသေးသည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကလည်း ဗန်းမောက် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို KIA၊ PDF များ ဖမ်းဆီးသွားခဲ့ပြီး ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဖက် အဖွဲ့ အစည်းများ၊ ရှမ်းနီနိုင်ငံရေးပါတီများ၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂၄ ရက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇
ယူနိုက်တက်အမရာဘဏ်(UAB)ဘဏ်ကို စစ်ဆေးမှုများ လုပ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း စစ်ဆေးမှုမရှိကြောင်း နစကဘက်က သတင်းထုတ်ပြန်လာခဲ့သည်။
UAB ဘဏ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေသည်ဟု Social Media နှင့်သတင်းဌာနတချို့ ပြောပြခဲ့ သည်။
နစက-က “ ယူနိုက်တက် အမရာဘဏ် UAB အား စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Social Media ပေါ် တွင် မီဒီယာအချို့မှ ဖော်ပြနေမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ သတင်းတု သတင်းမှားများသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု သတင်းမီဒီယာများကို ထုတ်ပြန် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့က နစက၏ (၂၂)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် စီးပွားရေး ပြိုလဲ အောင် တိုက်ခိုက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ စီးပွားရေး ပြိုလဲအောင် တိုက်ခိုက်သည့်အခါမှာ ဘဏ်များ ပြို လဲရန် အဓိက တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်ကနေ ကူညီထောက်ပံ့ပေးခဲ့ရကြောင်း၊ သို့သော် ဘဏ်တချို့ သည် သစ္စာမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
စီးပွားရေးကော်မတီ အစည်းအဝေးတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ကျင်းပနေစဉ်
ထို့နောက် စီးပွားရေးကော်မတီ အစည်းအဝေးတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့ ကျင်းပခဲ့ရာမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အချို့သော ဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခြေအနေများ ထွက်ပေါ်လာပြီးနောက် UAB ဘဏ်ကို နစက-က စစ်ဆေးမှုများ လုပ်ဆောင်နေ သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆
မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)အောက်ကနေ ထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အောက်မှာ ရပ်တည်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃-၄-၅-၆)မှ တပ်ရင်းမှူးများ ပူးတွဲ၍ ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- By cni
- Category: နိုင်ငံရေး
- Hits: 578
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆
၂၀၂၆ ခုနှစ်တွင် တာဝန်ယူရမည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဟု သတင်းထွက်ခဲ့ပြီးနောက် မည်သည့်အကြောင်းကြောင့် တာဝန်မယူနိုင်သလဲ ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
မြန်မာသည် ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပြည်တွင်းရေး ကိစ္စများကြောင့် အဆင်သင့်မဖြစ်၍ ၂၀၂၇ ခုနှစ်မှ ပြန်လည်တာဝန်ယူမည်ဟု ပြောကြောင်း ထိုင်းသတင်းဌာန တစ်ခုဖြစ်သော PBS က ဖော်ပြခဲ့သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဆိုသော ကိစ္စကို နစကနှင့် အာဆီယံက အတည်ပြုရန် လိုအပ်သေးကြောင်း၊ ၂၀၂၆ ခုနှစ်အထိ ရွေးကောက်ခံအစိုးရတစ်ရပ် မပေါ်ပေါက်နိုင်ဘူးလားဟု မေးခွန်းထုတ်စရာ ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ပြောသည်။
၂၀၁၄ ခုနှစ်က ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာက အိမ်ရှင်အဖြစ် အာဆီယံအစည်းအဝေးကို ကျင်းပခဲ့စဉ်
၎င်းက “အဲဒီသတင်း မှန်/မမှန်က အရေးကြီးတယ်၊ သတင်းလုပ်တဲ့လူကတော့ မယူနိုင်ဘူး။ ဘာကြောင့်ဆိုတာ သတင်းကို ရေးကြမှာ၊ ကျနော်ခုနက တင်ပြတဲ့ အချက်နှစ်ချက် မှန်လား။ မှန်ရင် ဘာကြောင့် မယူနိုင်တာလဲဆို တာကို အကျိုးအကြောင်း ဆက်စပ်ပြီး စဉ်းစားပြီးမှ အဖြေတစ်ခု ထွက်မှာကိုး။ အရင်ကာလ ပုံရိပ်တွေရှိတာကိုး၊ မဟာသီဟာကြောင့် ဗိုလ်ချုပ် ဦးသန်းရွှေ လက်ထက်မှာ အာဆီယံကို ဝင်ခဲ့တာကိုး၊ အဲဒီနောက် သူ့လက်ထက်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မယူခဲ့ဘူးလေ၊ ရွေးကောက်ခံ အစိုးရတစ်ရပ်ပေါ်တဲ့ ဦးသိန်းစိန် လက်ထက်ကြမှ ၂၀၁၅ လောက်မှာ ထင်တယ်၊ ၁၄၊ ၁၅ မှာ အာဆီယံဥက္ကဋ္ဌ ရာထူးယူပြီးမှ ကျနော်တို့ လွှတ်တော်ကာလတုန်းက ထင် တယ်၊ ကျင်းပလာတာကိုး အာဆီယံအစည်းအဝေး၊ ဒါကတော့ အာဆီယံအဖွဲ့ဝင် ဖြစ်ရင်တော့ ဒါကတော့ မလွှဲမရှောင်တာ လုပ်ရမယ့် ဝတ္တရားဖြစ်မှာပေါ့၊ ဒါပေသီ မြန်မာနိုင်ငံရဲ့ အနေအထားကို သုံးသပ်လို့တာ အဲဒီ ၂၀၂၆ ကို မေးခွန်းထုတ်ကြတာ ဖြစ်တယ်၊ SAC ရဲ့ အဖြေက လိုတာပေါ့၊ ဟုတ်ရဲ့လား၊ ဟုတ်ရင် SAC ရဲ့ ကာလ ၂၀၂၆ အထိ SAC ရဲ့ ကာလ အဲဒီအထိ ရှိဦးမှာလား၊ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ပေါက်နိုင်ခြေ မရှိဘူးလားဆိုတာ အဲဒီလို မေးခွန်းမေးချင်လို့တာ အဲဒီ သတင်းကို ထုတ်တာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်က အင်္ဂလိပ်အက္ခရာစဉ်အရ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခွင့်အရေးရှိခဲ့သော်လည်း ပြည်တွင်းရေး ပြဿနာများကြောင့် တာဝန်ယူနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရောက်မှသာ တာဝန်ယူနိုင်ခဲ့သည်။
နေပြည်တော်အဝိုင်းပတ်ကိုတွေ့ရစဉ်
၂၀၂၆ ခုနှစ် မတိုင်မီ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ခြင်းအပေါ် မူတည် လိမ့်မည်ဖြစ်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကတော့ ပုံမှန်အခြေအနေ မဟုတ်ဘူး။ ဆိုလိုချင်တာတော့ဗျာ အဲဒီ ၂၀၂၆ ခုနှစ်ကြရင် ကျနော်တို့ နိုင်ငံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းနိုင် မပေါ်ထွန်းနိုင်ဆိုတဲ့ အခြေခံအပေါ်မှာပဲ အာဆီယံမှာ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ပါဝင်ဖို့ အဆင်သင့်ဖြစ်ခြင်း၊ မဖြစ် ခြင်းကလည်း အဲဒီအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်” ဟု ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများအရ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
အာဆီယံအနေဖြင့် နစကလက်ထဲသို့ ဥက္ကဋ္ဌရာထူးအား အလွယ်တကူ ထည့်ပေးလိမ့်မည် မဟုတ်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံအနေနဲ့ ဒီလောက်အထိ ဆိုးဝါးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကိုယ့်ရဲ့ ပြည်သူလူထု အပေါ်မှာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အာဆီယံရဲ့ Chairman အဖြစ် ပေးမယ်ဆိုရင် ဒါအာဆီယံရဲ့ သမိုင်းကြောင်းပဲ၊ ဒါကတော့ အာဆီယံရဲ့ သမိုင်းကြောင်း ဖြစ်တဲ့အပြင် အာဆီယံရဲ့ မျက်နှာစာမှာလဲ ဒီမိုကရေစီ ငြိမ်းချမ်းမှုကို တည်ဆောက်မယ်ဆိုတဲ့ သဟဇာတဖြစ်မှုကို တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့ ပဋိဉာဉ်က ဘယ်ကိုရောက်သွားပြီလဲဆိုတာ အာဆီယံတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တဲ့အတွက် ကြောင့်မို့ အလွယ်တကူ စစ်အာဏာရှင် လက်ထဲကို အာဆီယံ Chairman ကိုတော့ ပေးမှာ မဟုတ်ဘူးဆိုတာ တော့ ကျနော်တော့ ပြောနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အာဏာကို ရယူထားသော နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 792
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅
မြန်မာကျပ်ငွေ ကိုင်ထားသူများသည် နိုင်ငံခြားငွေ အပါအဝင် မော်တော်ယာဉ်များနှင့် ရွှေများဝယ်ယူ၍ ဈေးတက် အောင် လုပ်နေသည်ကို တွေ့ရသည့်အတွက် တည်ငြိမ်အောင် ကိုင်တွယ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ကျင်းပစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ် ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က စီးပွားရေး ကော်မတီ အစည်းအဝေး ကျင်းပနေစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံ ခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေ ကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေ တန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေ ကြသည်ကို တွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက် များပြားနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လိုတယ်”ဟု ပြောသည်။
လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၇၀၀ ရှိပြီး ရွှေဈေးမှာလည်း သိန်း ၃၀ ကျော်ရှိသည်။ ထို့နောက် ကားဈေးကွက်မှာလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလက သိန်း ၃၀၀ ကျော်သာရှိသည့် ကားသည် ယခု သိန်း ၁၀၀၀ ကျော် ဖြစ်နေသည်။
နိုင်ငံခြားငွေ၊ ရွှေဈေးနှုန်း၊ ကားဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားနေသူများထဲတွင် အာဏာပိုင် အဖွဲ့ အစည်း များထဲက တာဝန်ရှိသူများနှင့် နီးစပ်သူများ၊ ဆွေမျိုးများလည်း ပါနေသလို ငွေကြေးခဝါချသူများလည်း ပါနေကြောင်း ဒေါ်လာ-ရွှေ-ကား ဈေးကွက်အတွင်းမှ ကြားသိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1082
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅
နှစ်သောင်းတန် ငွေစက္ကူကို ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် မည်သည့် အကျိုးဆက်များကို ထိခိုက်စေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများအကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် ပြည်သူလူထုအတွက် အကျပ်အတည်း ဖြစ်စေသလို ဘဏ်များအနေဖြင့်လည်း မသုံးစွဲ၍မရသည့် အနေအထားဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
NUG အနေဖြင့် သုံးစွဲခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း ငွေကြေးလည်ပတ်မှုအရ သုံးစွဲရမှာဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
NUG ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
၎င်းက “ရှင်းရှင်းပြောရရင် ကျနော်တို့က အာဏာရှိတဲ့သူနဲ့ အာဏာမရှိတဲ့ သူရဲ့စကားကို ခင်ဗျားဘယ်လို ယုံကြည် မလဲဘဲ ကျနော်မေးပါရစေ၊ နံပါတ်တစ်က အာဏာမရှိဘဲ လမ်းဘေးက ထိုင်အော်နေပြီးတော့ ဒါမသုံးရဘူး ပြော တာကတော့ ကျနော်တို့ကတော့ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ယူဆတာပဲလေ။ သူ့ဟာသူ တည်ဆဲအာဏာရှိတဲ့ အစိုးရ ကထုတ်တဲ့ ပိုက်ဆံကတော့ သူ့ဟာသူ မသုံးနဲ့ဆိုလည်း သုံးချင်တဲ့သူက သုံးမှာပေါ့၊ သူ့ရဲ့ ငွေကြေးလည်ပတ်မှု အစီအစဉ်ထဲမှာမှ မရှိတာ၊ အဲဒီအတွက်ကတော့ ကျနော်ကတော့ ဘာမှ မမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ သူ့ဘာသာသူ သူ့စကား ယုံကြည်တဲ့သူက မသုံးချင် မသုံးနဲ့ပေါ့ဗျာ၊ ကျန်တဲ့သူကတော့ သက်ဝင်ယုံကြည်တဲ့ သူ ကတော့ သုံးချင်သုံးမှာပေါ့။ ၅၂ သန်း လူထုက ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ရပ်တည်ကြတယ်ဆိုတော့ ကိုယ့်ရပ် တည်ချက်နဲ့ပဲ ကိုယ်လုပ်နိုင်မယ်လို့ ထင်ပါတယ်ဗျ” ဟု ပြောသည်။
နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ တနည်းနည်းနှင့် လွှဲပြောင်း ခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်ထုတ်မည့် ၂၀၀၀၀ တန်ကျပ် ဒီဇိုင်းကိုတွေ့ရစဉ်
တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်း အပြစ်ပေး အရေးယူသွားမည်ဟုလည်း NUG က ပြောထားသည်။
အဆိုပါ ကိစ္စအား လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းက အဖြေဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့လုပ်တာတွေကတော့ မပြောတတ်ဘူးဗျ။ ၂၀၂၃ မှာ အပြတ်သိမ်းမယ်လို့လည်း ပြောတာပဲ။ ဒါပေမဲ့ လက်တွေ့နဲ့ သီအိုရီနဲ့က အလွန်တရာခြားပါတယ်။ သီအိုရီက သီအိုရီပဲလေ။ ပြီးရင် ရည်မှန်းချက်က ရည်မှန်းချက် ပဲလေ။ လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်းကလည်း အဲဒီဖော်နိုင်ခြင်းကပဲ အဖြေကို ရတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် သက်သက်ပါပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က နေပြည်တော်တွင် မာရဝိဇယရုပ်ပွားတော် တည်ပြီး အထိမ်းအမှတ်နှင့် ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်ကာ အကန့်အသတ်ဖြင့် ငွေစက္ကူ ကျပ်နှစ်သောင်းတန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUG ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့သည်။

- By cni
- Category: နိုင်ငံရေး
- Hits: 1871
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅
ယခုရက်ပိုင်းအတွင်းမှာပဲ မြန်မာ့တပ်မတော်တွင် တိုင်းမှူးများနှင့် ကစထမှူးများကို အပြောင်းအလဲ လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြောင်းအလဲများတွင် ကစထ ၁ ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစက ၆ သို့ ပြောင်းလဲ တာဝန် ပေးခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး (DSA 38) ကို ကစထ ၁ မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထို့နောက် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်နိုင်(DSA 37) ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းလဲ တာဝန်ပေးခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း (DSA 39) ကို အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် (DSA 37) ကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုက်ခိုက်ရေးလေ့ကျင့်ရေးကျောင်း-တခရ(ဗထူး) ဗိုလ်မှူးချုပ် ကျော်စွာဦးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း သိရသည်။

- By cni
- Category: နိုင်ငံရေး
- Hits: 980
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံရေးအာဏာရယူသည့်အခါမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး တည်ဆောက်မှု၌ မည်ကဲ့သို့ ကွဲပြားခြားနာမှုများ ရှိသလဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမား များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များမှ နှိုင်းယှဉ်သုံးသပ် ဆွေးနွေးလျက်ရှိသည်။
ထိုင်းနိုင်ငံတွင် တပ်မတော်မှ အာဏာရယူမှု ဖြစ်ပေါ်တိုင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီး သွားကဏ္ဍများ ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိနေသော်လည်း မြန်မာပြည်၌ တပ်မတော်က အာဏာယူမှု ဖြစ်ပေါ်သည့်အချိန်မှာတော့ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာ ကျဆင်းမှုများရှိခဲ့သည်။
ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပေါ်တိုင်း အမေရိကန်မှ အရေးယူပိတ်ဆို့မှု မရှိသလို လူထုနှင့် တပ်မတော်မှာလည်း အကြမ်းဖက်မှုများ မလုပ်ဆောင်ကြကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ထိုင်းမှာလည်း Sanctions တော့ မပိတ်ပါဘူး။ ဒါပေမယ့် သိမ်းခါလေး တစ်ချက်တော့ အမေရိကန်က ဘာညာပေါ့၊ ပေးနေတာလေးတွေ ခဏရပ်တာတွေ ဘာတွေတော့ ရှိပါတယ်။ သို့သော်လည်းပဲ ထိုင်းက ပျော့ပြောင်းညင်သာပါတယ်။ အာဏာသိမ်းတယ် လူထုကလည်း ကြီးကြီးကျယ်ကျယ် မဆန့်ကျင်ဘူး။ လူထုလည်း ထိခိုက်နစ်နာမှု မရှိဘူး။ ထိုင်းဘုရင်ကလည်း မဏ္ဍိုင်ဖြစ်တာကိုး။ ထိုင်းဘုရင်ကိုယ်တိုင်က ဒီအပြုအမှု ကို မကန့်ကွက်ဘူးဆိုရင် ပြန်ငြိမ်သွားတာပဲ။ ထိုင်းဘုရင်ကိုယ်တိုင်က ကြားဝင်တယ်ဆိုတဲ့ အာဏာသိမ်းမှုတွေက တော့ မအောင်မြင်ဘူးပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီး ဆူချင်ဒါ လက်ထက်မှာ ဖြစ်ခဲ့တာ မအောင်မြင်တဲ့ ပွဲတွေလည်း ရှိပါ တယ်။ ထိုင်းဘုရင်ကိုယ်တိုင်က ခေါ်ပြီးတော့ သွန်သင်ဆုံးမလိုက်တဲ့ အခါကြတော့ မဖြစ်တော့ဘူး အကြမ်းဖက် တာတွေရော ဆူချင်ဒါ တုန်းကလည်း ခတ်ကြမ်းကြမ်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က မဏ္ဍိုင်ပြုပြီး တော့ ထိန်းသိမ်းပါတယ်” ဟု ပြောသည်။
မြန်မာပြည်တွင် ကြားဝင်ထိန်းသိမ်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အထိ အတောမသတ်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းပြည်မှာက မဏ္ဍိုင်က မရှိဘူးဗျ။ မင်းကမင်းဘဲ ငါကငါဘဲဆိုပြီးတော့ အဲဒီလို ဖြစ်လာတော့ ကြားဝင်မဏ္ဍိုင်က မရှိတဲ့အခါကြတော့ အခက်အခဲဖြစ်တာ၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကျနော်ပြောဖူးတယ်၊ အာဏာသိမ်းခါစ ကြားဝင်မဏ္ဍိုင်အဖြစ် ရပ်ပြီးတော့ ကြားဝင်ရင် ကောင်းမလားဆိုတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိပ်မရဲကြဘူးဗျ၊ အဲဒီတုန်းက ကျနော် တို့ ရဲရဲရင့်ရင့်နဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ စုစည်းပြီးတော့ တော်ကြတော်ကြဆိုပြီး ဝင်လိုက်ရင် တစ်မျိုး ဖြစ်နိုင်တယ်။ အခုကြားမဏ္ဍိုင်ဝင်တဲ့လူ မရှိတဲ့အခါကြတော့ လက်လွန်လက်လွန်ရင်းနဲ့ ဟိုဖက်ကလွန် ဒီဖက်က လွန်နဲ့ နောက်ဆုံး အခုချိန်ထိ အတောမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ အနိဋ္ဌာရုံတွေ ပေါ်လာရတာကိုး” ဟု ပြော သည်။
ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းစစ်တပ် အာဏာသိမ်းမှုမှာ ၁၉ ကြိမ်အထိ ရှိခဲ့သည်။ မြန်မာ ပြည်တွင်မူ အကြိမ်အရေအတွက် နည်းသော်လည်း တစ်ကြိမ်ဖြစ်တိုင်း ဆယ်စုနှစ်ဖြင့် ကြာမြင့်တတ်ကြောင်း သိရသည်။
ထိုင်းအာဏာသိမ်းမှုတွင်လည်း စီးပွားရေးကျဆင်းမှုများ ရှိနေကြောင်း၊ သို့သော်လည်း နှစ်နိုင်ငံကို နှိုင်းယှဉ်မည်ဆို ပါက စီမံခန့်ခွဲမှုမှာ ကွာခြားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအိမ်စောင့်အစိုးရ ဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်း “ပြောချင်တာတော့ ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းတိုင်း၊ သိမ်းတိုင်းမှာ စီးပွားရေး ကျဆင်းမှုတွေ၊ ထိခိုက်မှု တွေ အများကြီးရှိပါတယ်။ သို့သော်လည်း သူတို့ဆီမှာ ရှိနေတဲ့ Institution တွေ၊ သူတို့ဆီမှာ ရှိနေတဲ့ ပညာရှင် တွေရဲ့ ပါဝင်မှုတွေက မြန်မာပြည်ထက် အများကြီး သာတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အာဏာရှင်တွေကနေ အာဏာသိမ်းလိုက်ပြီဆိုရင် အဲဒီမှာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းမှုတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး စီးပွားရေး ကျဆင်းမှုတွေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေ ဆုတ်ယုတ်မှုတွေက အများကြီး ဖြစ်လာတယ်။ အဲဒီတော့ နှစ်ခု နှိုင်း ယှဉ်ပြီးတော့ ကျနော်ပြောမယ်ဆိုရင်တော့ ကျနော် နားလည်ချက်ကတော့ အာဏာသိမ်းတဲ့ လူတွေရဲ့ စီမံအုပ်ချုပ် ပုံမှာ ကွာခြားချက်တွေကြောင့် ဖြစ်တယ်လို့ အဲဒီလို နားလည်တယ်၊ ကျနော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာရှင်တွေရဲ့ စီမံအုပ်ချုပ်မှု အရမ်းကို ညံ့ဖျင်းတဲ့အတွက်ကြောင့် ဒါမျိုးတွေ ကြုံလာရတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများ ပျက်ယွင်းနေပါက လက်နက်ကိုင်ပဋိပက္ခများမှာ ဖြစ်ပွားနေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဦးကိုကိုကြီးက “အဓိကကတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဆိုတာ ဘယ်လို နည်းနဲ့ပဲ အစိုးရဖြစ်ဖြစ်၊ နိုင်ငံရဲ့ ပြဿနာ အဝဝဟာ တာဝန်အရှိဆုံးကတော့ အစိုးရပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံသမိုင်းမှာ အစိုးရအဆက်ဆက်ကတော့ ကျနော်တို့ နိုင်ငံလက်ရှိ ကြုံတွေ့နေရတာတွေ အားလုံးအတွက် တာဝန်အရှိဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်၊ ဒီလိုမျိုး မတည်ငြိမ်မှုတွေ ဖြစ်တယ်ဆိုတာလည်း အတိုက်အခံတွေကြောင့် မြေပေါ်မြေအောက်ကြောင့် ဆိုတာမျိုး အပြစ်ပုံချရုံနဲ့ မပြီးဘူး။ ဘာကြောင့် အဲဒီပြဿနာတွေ ဖြစ်သလဲ၊ အခြေခံ အကျဆုံးကတော့ လွတ်လပ်ရေး ကြေညာစာတမ်း ရန်ကုန်မြို့လယ်ခေါင် လွတ်လပ်ရေးကျောက်တိုင်တွေမှာ ထွင်းထုထားတာတွေအရက ကျနော်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီ မျှခြင်း ပေါ့နော်၊ အဲဒီအခြေခံတွေ ပျက်ယွင်းပြီဆိုရင် ခုနက နိုင်ငံရေး မကျေနပ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တာက အဲဒီလွတ်လပ်မှု၊ တရားမျှတမှုပေါ့နော်၊ တန်းတူညီမျှမှု အဲဒီအခြေခံတွေ ပြန်ပြီးတော့ မတည်ဆောက် နိုင်မချင်း၊ ဒီနိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကတော့ သက်ဆိုးရှည်နေမှာပဲ” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးများမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။