
- By CNI
- Category: နိုင်ငံရေး
- Hits: 4046
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရ သော အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အထွေထွေ ဆွေးနွေး ချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ၂ ရပ်တာ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ အစုအဖွဲ့က ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ ဦးစိုင်း အိုက်ပေါင်း၊ ဦးအောင်မြတ်ဦးတို့က ဦးဆောင်တက်ရောက်ခဲ့ပြီး NSPNC ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မှတ်ပုံတင်ခွင့် ကျထား သော နိုင်ငံရေးပါတီ ၄၇ ပါတီထဲကနေ ရွေးချယ်ထားခြင်းဖြစ်သည်။ အဆိုပါ ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များက ရန်ကုန်မြို့မှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3769
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ကိုဆန်းဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ဗန်းမောက်မြို့နယ်၊ လေးသီးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းစားကျောင်း ဆောင် ဆောက်လုပ်နေစဉ် KIA/PDF တို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
KIA/PDF အနေဖြင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းမျိုး မလုပ်စေလိုကြောင်း၊ တိုင်းရင်းသား အချင်းချင်းအကြား ပြေပြေလည်လည် ဆွေးနွေး၍ရကြောင်း ကိုဆန်းဦးနှင့် နီးစပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဗန်းမောက်မြို့နယ်အတွင်းက PDF ကိုတွေ့ရစဉ်
၎င်းက “ကျနော်ကတော့ အဲဒီလိုမျိုး မထင်ရင် မထင်သလို ဆွဲတာတို့ ပြုတာတို့ မလုပ်စေချင်ဘူးပေါ့ဗျာ၊ ကောင်းကောင်းမွန်မွန် ဖြေရှင်းစေချင်တာပေါ့၊ အားလုံးက ကိုယ့်တိုင်းရင်းသားတွေပဲ ကိုယ့်ညီကိုတွေပဲ သဘော ထား ကွဲလွဲတာတော့ ကွဲလွဲလို့ ရတာပေါ့ဗျာ၊ အဲဒီလိုမျိုး အဆင့်ကြီးတွေ တကယ့် တရားခံကြီးလို၊ သူခိုးဓါးမြ တရားခံကြီးလို၊ မုဒိမ်းမှုမှာ ကျူးလွန်ထားသလို အဲဒီလိုမျိုးကြီးတွေတော့ မဖြစ်ဘူးလို့ တွက်တာပေါ့ဗျာ၊ ကိုယ့် တိုင်းရင်းသား ညီကိုအချင်းချင်းပဲ ဆွေးနွေးလို့ရပါတယ်။ ပြောလို့ဆိုလို့ရပါတယ်၊ အဲဒီလိုမျိုးပဲ တွက်တာပဲလေ။ အဲဒီလိုပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု တောင်ပိုင်း တာဝန်ခံနှင့် ရှမ်းနီ လူငယ်ကွန်ယက်ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းဆေလိုင်းကို KIA/PDF က ဖမ်းဆီးသွားခဲ့သေးသည်။
သို့သော် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက်ခဲ့သည်။
အလားတူ ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဂန္ဓမာကို KIA/PDF က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှာ ကျောင်းဝင်းအတွင်း လာရောက်ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
KIA လက်အောက်က PDF ကိုတွေ့ရစဉ်
ရပ်ရွာအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုဆန်းဦးအား မည်သည့် အကြောင်းပြချက်ဖြင့် KIA/PDF က ဖမ်းဆီးသွားသလဲဆိုတာ မသိရကြောင်း ဗန်းမောက်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခုလည်း ကိုဆန်းဦးက ဘာအပြစ်မှ မရှိပေမဲ့ ကျောင်းဆောက်နေတယ်၊ ကျောင်းရဲ့ ဝေယျာဝစ္စတွေ ရွာထဲက လှူတာပြုတွေလည်း သူပဲ ဒိုင်ခံလုပ်နေတာလေ၊ လောလောဆယ်ကတော့ သူတို့က (KIA/PDF) ထင်ယောင်ထင်မှားနဲ့ တမင်သက်သက် လျှောက်လုပ်တာလား၊ ဘေးက ပြောတဲ့စကားတွေနဲ့ အဲဒီလိုမျိုး ဖမ်းတာ လား၊ ဘာအကြောင်းပြချက်မှ မရှိဘူးလေ၊ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာလဲဆိုတော့ သူတို့လည်း ဘာမှ ပြန်မပြောဘူး။ ကျနော်က ဖမ်းသွားလို့ အေးအေးဆေးဆေး မေးမြန်းလို့ ပြန်လွှတ်ခဲ့တယ်ဆိုရင်တော့ ကိစ္စမရှိဘူး လေ၊ ခုဟာက သူတို့က ရိုက်ပုတ် နှိပ်စက်တာကြီးတွေ အဲဒါမျိုးတွေ အရင်တစ်ခေါက်ကလည်း သူတို့ နှိပ်စက်လို့ သေသွားတာလေ၊ အဲဒီမှာ အဲဒီဟာတွေလည်း ဘယ်သူမှ သတင်းမရေးကြဘူး။ တင်လည်း မတင်ကြဘူး” ဟု ပြောသည်။
အဆိုပါ လုပ်ရပ်များသည် လူမျိုးတစ်မျိုး ဆက်လက် ရပ်တည်ရန်အတွက် ရေသောက်မြစ်သဖွယ်ဖြစ်သော စာပေယဉ်ကျေးမှုကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေရန် ရည်ရွယ်လျက် လက်နက်ဖြင့် အဓမ္မအနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းပါ အပိုဒ် (၃) အပိုဒ် (၈)နှင့် အပိုဒ် (၁၁) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်း (၂၈) ဖွဲ့မှ ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 12953
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးသဘောတူညီချက်ရရှိရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အားနည်းချက်များကို ပြင်ဆင်နိုင်ရေး အပါအဝင် နစကနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဘုံသဘောတူညီချက် ရရှိရန် မျှော်လင့် ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက-ကတော့ နစက အဖွဲ့အနေနဲ့ စပြီးတော့ အာဏာယူကတည်းက လမ်းပြမြေပုံပေါ့နော် ၅ ချက် အဲဒီမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးတော့ အာဏာလွှဲဖို့ဆိုတဲ့ ကိစ္စ၊ အဲဒီတော့ ကျနော်တို့က တောက်လျှောက်ပြောနေတာက လာမယ့်ရွေးကောက်ပွဲကို ဘယ်ချိန်လုပ်မယ်ဆိုတာလည်း ကျနော်လည်း မသိ ဘူး။ သို့သော် အရင့်အရင် ရွေးကောက်ပွဲတွေတုန်းက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲ လုပ်ပေး မယ့် အစိုးရတွေရဲ့ ကြားထဲမှာ ဘာသဘောတူညီချက်မှ မရှိဘဲနဲ့ ရွေးကောက်ပွဲတွေ လုပ်ခဲ့ပြီးတော့ နောက်ဆက် တွဲ ဒီလို အနိဌာရုံတွေအထိ ဖြစ်လာတယ်။ အဲဒီတော့ အခုဟာက ရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ရှိ ဒီဖွဲ့စည်းပုံ အကျပ်အတည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အားနည်းချက်တွေ ဘယ်လိုမျိုး ပြင်ဆင်ကြမယ်ဆိုတဲ့ ကြိုတင်သဘောတူညီချက် ရှိထားဖို့လိုတယ်ဆိုတာ တောက်လျှောက်လည်း ကျနော်တောင်းဆို တိုက်တွန်းခဲ့တာ၊ အဲဒီတော့ အခုကတော့ တွေ့ဆုံပြီးလို့ရှိရင် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်အချက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒါကတော့ လတ်တလော ပြင်ဆင်မယ့်အချက်တွေရဲ့ နောက်ပိုင်း ဆက်ပြီးပြင်ဆင်ဖို့ ကြိုးစားရမယ့် အချက်တွေရဲ့ အစရှိသဖြင့် အဆင့်လိုက်တော့ ရှိမယ်ပေါ့၊ ပထမအဆင့်ကတော့ နစကနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ နောက်တစ်ခါ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားများ အစုအဖွဲ့တွေနဲ့ ကြားထဲမှာ ဘုံသဘော တူညီချက် တစ်ခုပေါ့နော်၊ အဲဒါလေးရဖို့အတွက်ကိုတော့ ကျနော်တို့ မျှော်လင့်တာပေါ့ဗျာ” ဟု ပြောသည်။
UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့အသစ် ရွေးချယ်ကြစဉ်
NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုကို နေပြည်တော်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များက ကျင်းပခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင်သည့်အချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်/ဖြည့်စွက်မည့် အချက်များ၊ EAO များနှင့် ဆွေးနွေးညှိနှိုင်းရရှိထားသည့် ဘုံသဘောတူ ညီချက်များ စသည့် ကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။
UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြီးခဲ့သည့် မေလမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ဦးဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့အသစ် ရွေးချယ်ကြစဉ်
လက်ရှိ NSPNC နှင့် ဆွေးနွေးမှုတွင် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို USDP မှ အလှည့်ကျ ဦးဆောင်သူ အဖြစ် ဆွေးနွေးမှာဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
၎င်းက “အလှည့်ကျဆိုတာကတော့ အဓိက ကျနော်တို့ NSPNC နဲ့ ဒီတစ်ခေါက်ဆွေးနွေးတဲ့ နေရာမှာတော့ အလှည့်ကျပါတီအားလုံးရဲ့ တာဝန်ခံအနေနဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာအောင်မြတ်ဦးပေါ့၊ သူကတော့ ဒီတစ်ခေါက်မှာ အလှည့်ကျ ဦးဆောင်သူအဖြစ်နဲ့ သွားမယ်၊ သို့သော် ဆွေးနွေးတဲ့အခါမှာကတော့ ကျနော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ထဲမှာ ဘယ်အချက်တွေကို ဆွေးနွေးမယ်ဆိုတာကို ကြိုတင်ညှိနှိုင်းတဲ့ အစည်းအဝေး ကျနော်တို့ လုပ်ထားပြီးသား ဖြစ်တယ်၊ နောက်တစ်ခေါက်ကြရင်တော့ ကျနော်တို့ ဒီ ၄ ယောက်ထဲကနေပြီးတော့ နောက်အလှည့်ကျ တစ်ယောက်ထပ်ပြီးတော့ ရွေးရမယ်ပေါ့၊ ဒီတစ်ခေါက်မှာကတော့ ဒေါက်တာ အောင်မြတ်ဦးက ကျနော်တို့ ဒီပါတီ အစုအဖွဲ့ရဲ့ ကိုယ်စားပြု ခေါင်းဆောင်အဖြစ်နဲ့ ရွေးချယ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်မှာ ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3622
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာလာနေချိန်မှာပဲ တရုတ်အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီးကျွင်းသည် နေပြည်တော်သို့ ရောက်ရှိလာပြီး နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။
လက်ရှိ တရုတ်နိုင်ငံနှင့် နယ်မြေထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(M NDAA)တို့ကြား စစ်ရေးပြင်ဆင်နေကြပြီး လမ်းများ ဖြတ်တောက်လျက်ရှိနေကြသည်။
အလားတူ တရုတ်နိုင်ငံနှင့် နယ်မြေထိစပ်နေသည့် ကချင်ပြည်နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေပြီး နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည်။
TNLA တပ်ဖွဲ့ကိုတွေ့ရစဉ် (AFP)
ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများရှိသည့် ရခိုင်ပြည်နယ်အတွင်းမှာလည်း အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
AA-TNLA-MNDAA တို့သည် မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့အများအပြားကို ထိန်းချုပ်ထားသည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် မြန်မာ့တပ်မတော်သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ ဟိုင်ဂင်ဆွေးနွေးပွဲဟုဆိုကာ ဆွေးနွေး လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4526
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် အင်အားအလုံးအရင်းဖြင့် သံလွင်မြစ်အရှေ့ခြမ်း၏ “ဝ” တပ်ဖွဲ့များသည် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးလာကြောင်း ရှမ်းပြည်နယ်အတွင်းက ဒေသခံများနှင့် စစ်ရေး-နိုင်ငံရေး အကဲခတ်များက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှ “ဝ”တပ်ဖွဲ့သည် သံလွင်မြစ်အနောက်ဘက်ခြမ်းသို့ ယခုလ အတွင်းမှာ အင်အားအလုံးအရင်းဖြင့် ကူးလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို UWSA က လက်နက်များ ထောက်ပံ့ပေးနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ဟိုပန်မြို့ထဲရောက်လာတဲ့ UWSA ကိုတွေ့ရစဉ်
၎င်းက “ဝကတော့ လူလည်အကျဆုံးပေါ့နော်၊ သူကတော့ မြန်မာနိုင်ငံအလံလေး ထောင်ကာထောင်ကာနဲ့ မြန်မာနိုင်ငံဖက်မှာပဲရှိပါတယ်။ မခွဲထွက်ပါဘူး။ သူက ခွဲထွက်လို့ မရဘူး။ သူ့ကို တရုတ်ကလည်း အသိအမှတ် ပြုထားတာ မဟုတ်ဘူး။ တရုတ်-မြန်မာ နယ်နိမိတ်ဆိုတာက ချူအင်လိုင်းတို့ ဒီက ဦးနုတို့၊ ဦးနေဝင်းတို့ အခိုင်အမာ အတည်ပြုပြီးသား။ သူက ခွဲထွက်ပါတယ်ဆိုရင် သီးသန့်နယ်မြေတော့ မဟုတ်ဘူး တရုတ်ထဲက ဖြစ်သွားမှာပေါ့၊ သူက ဒီလိုမျိုးလည်း မနေချင်ဘူးလေ၊ သူက လုပ်ချင်တာလည်း လုပ်ချင်တယ်။ သူ့ဟာသူ လွတ်လွတ်လပ်လပ်ကလည်း နေချင်တာကိုးဗျ။ အဲဒီအခါကြတော့ သူက မြန်မာနိုင်ငံအလံလေးကို ထောင်ထောင် ပြ တကယ့်တကယ်ကြတော့ ဒီလူတွေ သစ္စာရှိတဲ့ လူတွေ မဟုတ်ဘူး။ ပြောရရင် သူက အလည်ဆုံး သူ့ကို ဗုံးကြဲ မခံရအောင် မြန်မာနိုင်ငံအလံလေး ထောင်ထောင်ပြပြီးတော့ သူက လက်နက်ရောင်း၊ ဘာရောင်း အခု ဗဟိုအစိုးရ မတည်ငြိမ်အောင် လုပ်နေတာပဲလေ၊ တကယ့်တကယ်ကြတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရန်ကုန်မြို့က လှိုင်သာယာလောက် လူဦးရေရှိတဲ့ “ဝ”ဈေးကွက်ကို ရွေးမလား မြန်မာနိုင်ငံက သန်း ၅၀ သော လူဦးရေကို ရွေးမလား ဒါရှင်းရှင်းလေးပဲ၊ သဘောကတော့ “ဝ”ဆိုတာ လက်နက်ရောင်းစားမယ်၊ လက်နက်ဈေးကလည်း ကောင်းနေတာကိုး၊ လက်နက်ရောင်းမယ်၊ ခဲယမ်းရောင်းမယ်၊ မြှောက်ပင်းမယ်၊ သူကတော့ ရှေ့မထွက်ဘူး။ သူက အမြတ်ထုတ်မယ်၊ ဒီပုံစံနဲ့ပဲ သူမပါဘဲနဲ့ ဒီပွဲက လုပ်လို့မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် TNLA-MNDAA တို့သည် စစ်ရေးပြင်ဆင်နေကြပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့် TNLA ကြားလည်းကောင်း၊ KIA နှင့် MNDAA ကြားလည်း ကောင်း၊ TNLA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း နယ်မြေအငြင်းပွားနေကြ သလို အုပ်ချုပ်ရေးအပိုင်းလည်း အငြင်းပွားကာ စစ်ရေးတင်းမာနေကြသည်။
ထို့အပြင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်းမှာ RCSS နှင့် SSPP ကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ SSPP ဘက်ကနေ “ဝ”တပ်ဖွဲ့များ ပါဝင်နေကြောင်း စွပ်စွဲမှုများထွက်ပေါ်နေသည်။
UWSA ရဲ့ ဝဒေသ ပန်ခမ်းမြို့ကိုတွေ့ရစဉ်
အဆိုပါ အခြေအနေများအတွင်းမှာပဲ UWSA သည် အင်အား ၆၀၀၀ လောက်ဖြင့် သံလွင်မြစ်အနောက်ခြမ်းသို့ ယခုလ အလယ်ပိုင်းမှာကူးလာကြောင်း ရှမ်းပြည်နယ်အတွင်းက စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေသည့် နယ်မြေပြဿနာများကို တွေ့ဆုံဆွေးနွေးပြီး လုပ်ဆောင်သင့်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ကတော့ ဒီလောက်အထိတော့ လှမ်းတော့ မမှီဘူး။ ဒါကတော့ ဘယ်လိုဖြစ်နေဖြစ်နေ “ဝ” ပဲ ဖြစ်ဖြစ်၊ ကိုးကန့်ပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အဲဒီဟာတွေကတော့ ပကတိအခြေအနေ ရှမ်းဆိုတဲ့ဟာတွေနဲ့ တွေ့ဆုံဆွေးနွေး ပြီးမှပဲ၊ အဖြေရှာသင့်တာပေါ့၊ ဒါမှမဟုတ်ဘူးဆိုရင် ဘယ်လိုပဲဖြစ်နေဖြစ်နေ လက်နက်နဲ့ ဖြေရှင်းတာတော့ ရေရှည်မှာ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ယခင်က မြန်မာ့တပ်မတော်မှ ထိန်းချုပ်ထားသော ဟိုပန်နှင့် ပန်လုံမြို့ကို တိုက်ခိုက် သိမ်းယူခဲ့ပြီး “ဝ” တပ်ဖွဲ့ထံ ယခုနှစ် ဇန်နဝါရီလအတွင်း လွှဲပြောင်းခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်နှင့် ပန်လုံမြို့ကို မိမိတို့ UWSA/UWSP က အုပ်ချုပ်သည့် မြို့များ အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထား သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1857
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့ သည်။
ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ်များ စနစ်တကျ မွေးထုတ်ပေးနိုင်ရေးတို့ကိုလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယသံအမတ်တို့ ဆွေးနွေးခဲ့ကြသည်။
လက်ရှိ မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အပါအဝင် ချင်းပြည်နယ်၊ တီးတိန်၊ ပလက်ဝမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံထဲသို့ မြန်မာတိုက်ပွဲရှောင်များ ဝင်ရောက်ခိုလှုံနေကြရသလို နယ်စပ် ဒေသ တည်ငြိမ်မှုများ အားနည်းလာပြီး ကုန်သွယ်ရေးများလည်း ရပ်တန့်နေသည်။
ထို့အပြင် အိန္ဒိယအစိုးရသည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် နာဂနှင့် ကသည်း သူပုန်များအား မြန်မာ့တပ်မတော်မှ ရှင်းလင်းပေးစေလိုကြောင်း သဘောထားရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3945
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
အာရက္ခတပ်တော် (AA) က မောင်တောမြို့မှ ပြည်သူများအနေဖြင့် မြို့မှထွက်ခွာရန် သတိပေးမှုမှာ ဘင်္ဂါလီအရေးကို ဖြေရှင်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မောင်တောမြို့နှင့် မြို့ပတ်ဝန်းကျင်တွင်ရှိနေသော မြန်မာ့တပ်မတော်၏ စခန်းများအားလုံးကို မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ထားကြောင်း၊ မောင်တောမြို့ ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြိုအတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် AA က ထုတ်ပြန်ခဲ့သည်။
ဦးကြီးမြင့်က “အဲဒီမှာဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာရှိတယ်။ ရိုဟင်ဂျာ အများစုနေထိုင်တဲ့လူတွေကို သတိပေးတာ၊ AA က သူတို့ အလွန်မဖြစ်အောင် သူတို့ သတိပေးတယ်။ ဘာဖြစ်လို့ဆို အဲဒီမှာ ရှုပ်နေတယ်။ ဘာတွေရှုပ်နေလဲ ဆိုတော့ အာဆာ (ARSA) နဲ့ ARSU လား အဲဒီအဖွဲ့တွေက ၃ ဖွဲ့ရှိတယ်။ သူတို့က ဟိုတုန်းကတစ်ဖွဲ့က AA နဲ့ နားလည်မှုရှိတယ်။ အခုက ပျက်သွားပြီ၊ ပျက်သွားတဲ့အခါကြတော့ သူတို့က ဘာလုပ်နေလဲဆိုတော့ လက်နက်ရ ပြီးရော၊ နောက်မှ ကြည့်ရှင်းမယ့် ပေါ်လစီ၊ စစ်တပ်နဲ့ပေါင်းရင် လက်နက်ရမယ်၊ စစ်တပ်နဲ့ပေါင်းပြီး လက်နက်ယူ မယ်၊ သူတို့ခိုင်းတာလုပ်မယ်၊ အဲဒီလိုဖြစ်လာတဲ့ အခါကြတော့ AA ကလည်း ဒီမူဝါဒတော့ လက်မခံနိုင်ဘူး။ သူ့ ပေါ်လစီက အရှင်ကြီးလေ၊ လက်နက်ရပြီးရောဆိုတဲ့ အခါကြတော့ ယာယီပေါင်းတာပေါ့၊ အာဆာနဲ့အဖွဲ့က လုပ်မယ်ဆိုတဲ့ သဘောရှိတယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာလည်း အဲဒီထဲက လူတွေကို အတင်းစုပြီး ဗမာပြည်ထဲ ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့ လက်နက်ရအောင် လုပ်ခိုင်းတယ်။ AA က ဒီကိစ္စကြီးဟာ မဖြစ်တော့ဘူး အပြတ်တိုက်မှ ရတော့မယ်ဆိုပြီး တိုက်တယ်၊ တိုက်တဲ့အခါမှာ နိုင်ငံတကာက ၁၉၅ ဖွဲ့အပါအဝင် ပိုက်ဆံတောင့်တဲ့ မူဆလင်အဖွဲ့အစည်းတွေရဲ့ OIC အဖွဲ့တွေရဲ့ အပြောမခံရအောင်လို့ သတိပေးတယ်လို့ ကျနော် ကတော့ ဒီလိုသဘောထား ရိုးရိုးသားသား မြင်ပါတယ်။ ဒါက သူ့အလုပ်သူလုပ်တာကို တိုက်တော့မယ် နောင်ကျ အလွန်မဆိုနဲ့ အဲဒါကို သူတို့ ရှင်းလိုက်တာပေါ့နော်” ဟု ပြောသည်။
AA ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်သည် မောင်တောမြို့ကို စစ်စခန်းများသဖွယ် အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တောရှိ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောင်တောမြို့မှာ မြန်မာ - ဘင်္ဂါလားဒေ့ရှ် နယ်စပ်မြို့ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးမှာ အလွန်အရေး ပါသော မြို့ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရခိုင်ပြည်ရဲ့ နယ်စပ် ဘင်္ဂါလားဒေ့ရှ်နဲ့ နယ်စပ်မြို့လည်းဖြစ်တယ်။ နောက်မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးပေါက်လည်း ဖြစ်တယ်ပေါ့ဗျာ၊ အဓိကတော့ အဲဒီဘင်္ဂါလားဒေ့ရှ်နဲ့ ကုန်သွယ်မယ်ဆိုရင် အဲဒီမောင်တောဟာ မပါမဖြစ်ပါရမယ့် နေရာဖြစ်တယ်လေ၊ အဲဒီနယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး နှစ်နိုင်ငံ ဆက်ဆံရေးကအစ အဲဒီနေရာက အရမ်းအရေးပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မောင်တောမြို့အ၀င်ကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် အစောပိုင်းကာလမှ စတင်ကာ ဘင်္ဂါလီအရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ AA အား အနောက်အုပ်စုနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိခဲ့သည်။
လက်ရှိတွင် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်စသည့် မြို့နယ်များကို သိမ်းပိုက်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4085
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆
လာမည့်နှစ်(၂၀၂၅ ခုနှစ်)အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်(၂၀၂၅ ခုနှစ်)အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ သည်”ဟု ပြောသည်။
နိုင်ငံရေးကို အကြောင်းပြုပြီး မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နစကသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း ကောက်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပ၍ ၂၀၂၆ ခုနှစ်မှာ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော် အာဏာလွှဲပြောင်းပေးရန် စီစဉ်ထားပုံရသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသလို နယ်မြေမတည်ငြိမ်ခြင်းနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းကြောင့် လက်တွေ့မှာ ဖြစ်နိုင်ခြေအလွန်နည်းသည်ဟုလည်း ထောက်ပြမှုများရှိနေသည်။
ထို့ကြောင့် နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း ရန်လိုအပ်သလို နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင်လည်း အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3187
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုက်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF တို့ကို တိုက်ခိုက် ချေမှုန်းရန် ဦးဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့စွဲဖြင့် စာတစ်စောင့် ထုတ်ပြန်၍ အမိန့်ပေးခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအား မိမိတို့ ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်လာသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့ များအား ယတိပြတ် ခုခံချေမှုန်းရန် “စစ်မိန့်”ပေးအပ်လိုက်သည်ဟု ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ထုတ်ပြန်ခဲ့သည်။
ဦးဇခုန်တိန့်ယိန်းက “ ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ နိုင်ငံတော်ကို ဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ ၏ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျနော်တို့ ဆော့လော်မြို့ နယ်၊ ချီဖွေမြို့နယ်၊ ကံပိုက်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်(နခစ)၊ ပြည်သူ့စစ် (ပသစ)များသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန် အမိန့်ပေး သည်”ဟု ပြောသည်။
ထို့နောက် မိမိတို့ ဒေသကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်၊ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ၊ ရှေ့-နောက် ပိတ်ပြီး တိုက်ခိုက် ချေမှုန်းကြပါ၊ ပြန်လည်ထွက်သွားခွင့်မပေးကြပါနှင့်ဟု ၎င်း၏ စစ်မိန့်ပေးခြင်း စာတွင် ဖော်ပြထားသည်။
လက်ရှိတွင် KIA နှင့် KPDF ပူးပေါင်း၍ ဦးစခုန်တိန့်ယိန်း၏ နယ်မြေများကို ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ကံပိုက်တည် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိနေသည်။
ထို့နောက် ဦးစခုန်တိန့်ယိန်း လက်အောက်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် KIA-KPDF တို့ကို ခုခံ တိုက်ခိုက်လျက်ရှိသည်။
ဦးစခုန်တိန့်ယိန်းသည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ ခွဲထွက်၍ တပ်မတော်နှင့်ငြိမ်းချမ်းရေး ရယူကာ ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)ဟုဆိုကာ လှုပ်ရှားခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့သည်။
အလားတူ ဦးစခုန်တိန့်ယိန်း ထိန်းချုပ်ထားသည့် ဆော့လော်မြို့နယ်၊ ကံပိုက်တည် (ကန်ပိုက်တည်)မြို့နယ်၊ ပန်ဝါမြို့နယ်၊ ဆဒုံးမြို့နယ်တို့ကို ကချင်ပြည်နယ်အထူးဒေသ(၁)အဖြစ် တပ်မတော်က ၁၉၈၉ ခုနှစ်က သတ်မှတ်ပေးထားသည်။