- By CNI
- Category: နိုင်ငံရေး
- Hits: 900
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နယ်စပ်ဒေသရှိ အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုကွန်ရက်(ကျားဖြန့်ဂိုဏ်း)များ နှိမ်နင်းရေး တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီနှင့် နစက၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဖေဖော်ဝါရီ ၁၄ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားလည်း ပါဝင်ခဲ့သည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက်(ကျားဖြန့်ဂိုဏ်း)များ ပူးပေါင်းတိုက်ဖျက်ရေး အတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။

တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး မစ္စတာလျှိုကျုံးရီနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို တွေ့ရစဉ်
အလားတူ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် လည်း တွေ့ဆုံ၍ ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေး ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း ၃ နိုင်ငံ အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ရွှေကုက္ကိုလ်မြို့မှာ BGF က ကျားဖြန့်ဂိုဏ်းကို ရှာဖွေနှိမ်နင်းနေစဉ်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့၊ ဘုရားသုံးဆူမြို့တို့တွင် ကျားဖြန့်ဂိုဏ်းများနှင့် လူမှောင်ခို ကူးခံရ သူများရှိနေပြီ တရုတ်က နှိမ်နင်းပေးရန် ထိုင်းနှင့်မြန်မာကို ဖိအားပေးလျက်ရှိသည်။
ထို့နောက် ထိုင်းအစိုးရက မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့၊ ဘုရားသုံးဆူမြို့တို့ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်၊ လောင်စာဆီများ ဖြတ်တောက်လိုက်ပြီး ကျားဖြန့်ဂိုဏ်များ နှိမ်နင်းရေးနှင့် လူမှောင်ခို ကူးခံထားရသော နိုင်ငံ ခြားသားများကို လွှဲပြောင်းပေးရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တို့ကို ဖိအားပေးခဲ့သည်။
အဆိုပါ ဒေသများကို DKBA နှင့် BGF က ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်များက လူမှောင်ခို ကူးခံထားရသူ နိုင်ငံခြားသား ၄၀၀ ကျော်ကို ထိုင်းဘက်သို့လွှဲပြောင်းပေးခဲ့သလို ရွှေကုက္ကိုလ်မြို့ အတွင်း BGF က စစ်ဆေးမှုများ ပြုလုပ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1090
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နစက-ကသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် NSPNC တွင် ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီးရာပြည့် (နယ်စပ်ရေးရာဝန်ကြီး)က တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးမင်းနိုင်မှ တာဝန်ယူမည်ဖြစ်သည်။
ထို့နောက် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်(ပြည်ထဲရေးဒုဝန်ကြီး)၊ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး (ရဲချုပ်)၊ ဗိုလ်မှူးကြီး-၁ ဦး(စရဖချုပ်ရုံး)၊ ဗိုလ်မှူးကြီးဝဏ္ဏအောင် (JMC)၊ ဦးလှမောင်ရွှေ၊ ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း/ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ဦးမြင့် ကြိုင်(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး)၊ ဦးခင်မောင်ရီ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး)၊ တို့က တာဝန်ယူကြမည်ဖြစ်သည်။

NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ငြိမ်းချမ်းရေးသံတမန် ဂုရုကို တွေ့ရစဉ်
NSPNC သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသော ကော်မတီ ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)မှ ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရသည်။
လက်ရှိတွင် NSPNC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 679
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့တို့တွင် အခြေစိုက်၍ လူကုန်ကူးမှုနှင့် ကျားဖြန့် (လိမ်လည်လှည်ဖျားမှုလုပ်ငန်း)များ လုပ်ကိုင်နေသူများအား တိုက်ဖျက်နှိမ်နင်းရေး ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင်မှ လိုအပ်သလို လမ်းညွန်ကူညီမှုပေးရန် နယ်ခြားစောင့်တပ်(BGF)မှ အထွေထွေအတွင်းရေး မှူး ဗိုလ်ချုပ်စောချစ်သူက စာပို့ခဲ့သည်။
အဆိုပါ စာကို ဗိုလ်ချုပ်စောချစ်သူက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် ပေးပို့ခြင်း ဖြစ်သည်။
စာထဲတွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် မိမိဒေသအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူကုန်ကူးမှု ကျူးလွန်သူများနှင့် လိမ်လည်လှည့်ဖျားသူများအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။
ထို့သို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုး ရတို့နှင့် ပူးပေါင်းဆေင်ရွက်လျက်ရှိပါကြောင်း ဗိုလ်ချုပ်စောချစ်သူက ပြောထားသည်။

ရွှေကုက္ကိုလ်မှာ BGF က ကျားဖြန့်နှိမ်နင်းနေစဉ်
၎င်းက “ သို့ဖြစ်ပါ၍ ဒုစရိုက်မှုတိုက်ဖျက်ရေး လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် လိမ်လည်လှည့်ဖျားမှု လုပ်ဆောင်သူ များအား ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်း၍ လျှင်မြန်စွာ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ပိုမို မြန် ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သလို လမ်းညွန်ကူညီမှု ပြုနိုင်ပါ ရန် လေးစားစွာ တင်ပြအပ်ပါသည်”ဟု ပြောထားသည်။
BGF သည် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ဖွဲ့စည်းခဲ့သည်။
ထို့နောက် BGF သည် မြဝတီနှင့် ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် လူမှောင်ခိုကူးခံရသူ များကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်၍ ရှာဖွေစစ်ဆေးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1377
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံ၏ အခြေအနေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရုံဖြင့် ထိန်းသိမ်းနိုင်မလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်၊ ပြင်ဆင်ပြောင်းလဲရေးမှာ အရပ်သားအစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်သော်လည်း အထမြောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသား ဒေသများနှင့်ပတ်သက်၍ ညှိနှိုင်းနိုင်မည်ဆိုပါက အပြောင်းအလဲတစ်ခု မြင်တွေ့ရနိုင်ဖွယ်ရှိသည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကြတော့ ရွေးကောက်ပွဲပြီးသွားလို့ အစိုးရတစ်ရပ် ပေါ်လာမယ်၊ လွှတ်တော်တွေဘာတွေ ပြန်ပြီးတော့ ကျင်းပမယ် အဲဒီအပေါ်မှာ ဆွေးနွေးကြမယ်၊ ပြန်သုံးသပ်ကြမယ်ပေါ့။ အဲဒါပြီးတော့မှပဲ အခြေခံဥပဒေကို ပြင်ဆင် ရေးက ဖြစ်လာမှာကို။ သို့သော်လည်း အရင်တုန်းက ညီလာခံမှာ ငြိမ်းချမ်းရေးညီလာခံတွေမှာ ဆွေးနွေးခဲ့တာအရ တိုင်းရင်းသား ဒေသတွေနဲ့ပတ်သက်ပြီး ဘတ်ဂျက်ခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဒါမျိုးတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ အပြောင်းအလဲတစ်ခု မြင်တွေ့ရဖို့ရှိပါတယ်” ဟု ပြောသည်။

NSPNC နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ဆွေးနွေးကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အနေဖြင့် သဘောတူထားပြီး ပြင်ဆင်သင့်သည့် ဥပဒေများကို လွှတ်တော်လမ်းကြောင်းဖြင့် ပြင်ဆင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်း ပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ်နေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ဖူးသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေရ ၂၀၀၈ ခြေ/ဥကို ပြောင်းလဲရုံဖြင့် ထိန်းသိမ်းနိုင်ခြေ မရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ဆွေးနွေးကြစဉ်
၎င်းက “အခုလောလောဆယ် သူတို့လုပ်တာတွေ ကြည့်လိုက်လို့ရှိရင် ၂၀၀၈ ခြေ/ဥကို ပြောင်းဖို့ဆိုတာလောက်ပဲ သူတို့လုပ်တာ တွေ့ရတယ်။ သို့သော်လည်းပဲ တိုင်းပြည်အခြေအနေက အခြေခံ ဥပဒေကို ပြောင်းရုံနဲ့ ထိန်းသိမ်း နိုင်ဖို့ အခြေအနေ လုံးဝမရှိဘူးပေါ့။ တစ်ဖက်ကလည်း ပြောနေကြတော့ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လည်း အများအားဖြင့်ကတော့ တက်လာမယ့် သူတွေက ရုတ်တရက် ချက်ချင်း SAC လုပ်ခဲ့တဲ့ ဟာတွေကို ကပြောင်းကပြန် ချက်ချင်းလုပ်ဖို့ ရှိဦးမယ်လို့ မထင်ဘူးပေါ့” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန် သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များကို ဆွေးနွေးခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အထွေထွေ ဆွေးနွေးချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု နစက-က သတင်းထုတ်ပြန်ထားခဲ့သည်။
ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၄၀ ကျော်ကို သဘောတူညီမှုရထားပြီးဟု မီဒီယာများကို ထုတ်ဖော်ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1011
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
အင်အားစု ၉ ဖွဲ့မှ စတင်ရေးဆွဲနေသည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေသည် အင်အားကြီး အစုအဖွဲ့များအပေါ် လွှမ်းခြုံနိုင်သော ဥပဒေရေးဆွဲမှု ဖြစ်ရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
အသွင်ကူးပြောင်းရေး ကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော ဖက်ဒရယ် အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများ စသည့် အဖွဲ့ ၉ ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိရေးဆွဲနေသည့် အခြေခံဥပဒေတွင် အင်အားကြီး အစုအဖွဲ့များဖြစ်သော “ဝ” ၊ မိုင်းလားနှင့် မြောက်ပိုင်း အင်အားစုများ မပါဝင်သေးကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(WLB-မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ဒေါ်နန်းမို့မို့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တခြားအဖွဲ့တွေလည်း ပါပါတယ်၊ ဒီ ၉ ဖွဲ့ကတော့ အဲဒီရေးဆွဲတာအပြင်ကို တခြားကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိတယ်ပေါ့နော်၊ အဲတော့ ဒီ ၉ ဖွဲ့ပဲ မကပါဘူး၊ တခြားသော နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ အများအပြားပါတယ်ရှင့်၊ အဓိကကတော့ “ဝ” တို့ပဲ မကဘူးပေါ့နော်၊ တခြား မြောက်ပိုင်းဘက်မှာ ရှိနေတဲ့ အင်အားစုတို့ ဒါတွေကတော့ လက်ရှိ ရေးဆွဲနေတဲ့အထဲမှာတော့ မပါသေးတဲ့ အနေအထား ဖြစ်တယ်ပေါ့နော်၊ အခုက ကြားကာလအစီမံ ရေးဆွဲတာနဲ့ ပတ်သက်ပြီးတော့ တခြားသော ကျန်ရှိ နေသေးတဲ့ မပါဝင်နိုင်သေးတဲ့ အစုအဖွဲ့တွေကို ဆက်လက် ညှိနှိုင်းတာမျိုးတို့၊ အဲဒီဟာတွေကိုတော့ ကျမတို့ ဆက်သွားဖို့တွေ ရှိတာပေါ့နော်၊ အခုက ချိတ်ဆက်မှုတွေတော့ ရှိပါတယ်၊ ကျမတို့ အစုအဖွဲ့ ၉ စုအနေနဲ့ တိုက်ရိုက် ချိတ်ဆက်တာမျိုးတွေ မရှိပေမယ့်လည်း ဒီ ၉ ဖွဲ့ထဲမှာပါတဲ့ အဖွဲ့တွေကနေမှ သူတို့ ချိတ်ဆက်တာတွေလည်း လုပ်ဆောင်နေတယ်ရှင့်၊ လုပ်ဆောင်တာတွေ ရှိနေပါတယ်” ဟု ပြောသည်။

UWSA ကို တွေ့ရစဉ်
ယခုထုတ်ပြန်ချက်အား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး- NMSP/AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲချုပ်(WLB-မြန်မာနိုင်ငံ)တို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသည့် အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း၊ နောက်ဆက်တွဲ ထောက်ခံပါဝင်ခြင်းနှင့် ပိုမိုကျယ်ပြန့်သောအဖွဲ့များ ပါဝင်လာရေး ဆက်လက်ဆွေးနွေး ညှိနှိုင်း မှုများ အား မြှင့်တင်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဥပဒေရေးဆွဲနေသည့် အဖွဲ့အစည်းများအတွင်း အင်အားကောင်းရန် လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်းပြည်၏ ခေတ်၊စနစ်များအား ပြောင်းလဲရန် ဦးတည်သွားနေခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်ညီလာခံမှာ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
၎င်းက “ဒါကိုတော့ အင်အားကောင်းအောင် လုပ်ရမှာပါ၊ အင်အားကောင်းအောင် လုပ်ဖို့ဆိုရင်တော့ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ အားလုံးနဲ့ပေါ့နော် တတ်နိုင်သမျှ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမှာကိုး၊ ဒါကြောင့်မို့လို့ ဒီဟာ ကလည်း အားကောင်းဖို့ ဆိုရင်တော့ ကျန်တဲ့လူတွေ ပါဝင်ဖို့က လိုတယ်လေ၊ အဲဒါတော့ ဒီလိုပဲ ကျနော်တို့ ကတော့ ဆောင်ရွက်သွားရမှာပဲ၊ ကျနော်တို့ တိုင်းပြည်မှာကတော့ စစ်အာဏာရှင်စနစ်အောက်မှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ပဲ ရှိခဲ့တာကိုးနော်၊ အဖွဲ့အစည်း၊ အုပ်ချုပ်မှု၊ အစိုးရတွေ အပြောင်းအလဲ လုပ်လိုက်တယ်၊ အာဏာက သိမ်းလိုက်တယ်၊ ဘယ်ပုံစံဘယ်ပုံစံ ပုံစံမျိုးစုံလုပ်နေတယ်၊ အခြေခံအားဖြင့်တော့ စစ်အာဏာရှင်စနစ် ကျောရိုးကို တော့ ယူထားတာကို၊ ဆိုတော့ အခုကျနော်တို့ လိုချင်တာက အဲလိုပေါ့နော် အစိုးရတစ်ရပ်ကို ပြောင်းလဲပြတာမျိုး၊ ရွေးကောက်ပွဲလုပ်ပြီးတော့ အခြေခံစနစ် မပြောင်းဘဲနဲ့ အစိုးရလောက်ပဲ ပြောင်းပြတာမျိုး အဲတာမျိုးတွေ မဟုတ် တော့ဘဲ ကျနော်တို့တိုင်းပြည်မှာ ဒီတကယ့်ကို စနစ်ပြောင်း၊ ခေတ်ပြောင်းဖြစ်မယ့် System Change ကို ဦးတည်သွားနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် အနိမ့်ဆုံးအဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသလို TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောထားသည်။
ထို့အတူ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ သည် ဖက်ဒရယ်ထက် ကျော်လွန်သော စဉ်းစားချက်များကို ချပြလာကြလိမ့်မည်ဟု ပြောကြားထားသည်။
“ဝ”နှင့် မိုင်းလားအဖွဲ့များကလည်း သီးခြား အုပ်ချုပ်ရေးစနစ်ကို ထူထောင်ထားပြီး လွတ်လပ်စွာရပ်တည်နေခြင်း ကြောင့် တခြားသော အင်အားစုများ ကြိုးပမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်၏ ပြင်ပကို ရောက်ရှိနေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 904
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
နာမည်ကြီးနေသည့် ကျားဖြန့်အား ပျက်စီးယိုယွင်းသွားအောင် အမှုန့်ချေမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ လူကုန်ကူးခံထားရသည့် နိုင်ငံခြား သား ၂၆၁ ဦးအား ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ကျားဖြန့်သည် လူသားချင်း မစာနာသည့် အလုပ်ဖြစ်ကြောင်း ထင်ပေါ်လာသည့်အတွက် တိုက်ဖျက်ရမည်ဟု ဗိုလ်ချုပ်စောဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်စောဆန်းအောင်က “နာမည်ကြီးတဲ့ ကျားဖြန့်ကိုတော့ ပျက်စီးယိုယွင်းအောင် အမှုန့်ချေရဖို့ပဲ နေမှာဗျ နော်၊ နောက်ပြီးတော့ ဒီကျားဖြန့်ဆိုတာ နာမည်ဆိုးကြီး ဖြစ်နေတယ်လေ၊ ကျားဖြန့်ရဲ့အလုပ် အစဘာလုပ်လဲဆို တော့ လူသားချင်းချင်း မစာနာဘူး၊ ရက်စက်ကြမ်းကြုတ်တယ်၊ ကျနော်တို့လည်း မသိနေ၊ မကြားရ မမြင်ရဘူး လားနော်၊ အခုနယ်မြေ ထိလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျားဖြန့်ဆိုတဲ့အရာဟာ လူသားချင်းကို တကယ့် တကယ် မစာနာတဲ့ အလုပ်ဖြစ်နေတယ်ဆိုတာ ထင်ပေါ်လာပြီ၊ ကျော်ကြားလာပြီလေ၊ ဒီဥစ္စာကိုတော့ ကျနော်တို့ တိုက်ဖျက်ရမှာ ပေါ့နော်၊ ဒီဒေသ အကြောင်းအရာလည်း အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်ပေါ့လေ” ဟု ပြောသည်။

DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ၊ ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ BGF ခေါင်းဆောင် စောချစ်သူတို့ကို တရုတ်လုပ်ငန်းရှင်တွေနဲ့အတူ တွေ့ရစဉ်
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လွှဲပြောင်းပေးခဲ့သော နိုင်ငံခြားသားများတွင် ဖိလစ်ပိုင် နိုင်ငံသား ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃ ဦး၊ ဘရာဇီးလ်နိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ကင်ညာနိုင်ငံ သား ၃၃ ဦး၊ လာအိုနိုင်ငံသား ၁၉ ဦး၊ အီသီရိုပီးယား နိုင်ငံသား ၄၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃၁ ဦး၊ တန်ဇန်းနီးယား နိုင်ငံသား ၁ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂ ဦးနှင့် ထိုင်ဝမ် ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ပြည်သူလူထု ထိခိုက်မည်ဆိုပါက ကျားဖြန့်အား နှိမ်နင်းရမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဘက်ကို DKBA ကလွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကိုတွေ့ရစဉ်
ဒုဗိုလ်ချုပ်ကြီး စောရွှေဝက “ပြန်လွှတ်ပေးတာတော့ ၂၆၁ ယောက်၊ နောက်ပြီးတော့လည်း ကျားဖြန့်နဲ့ ပတ်သက် တာတော့ ဘယ်လိုပြောမလဲ၊ ကျနော်တို့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် နယ်စပ်မှာလည်း အဲဒီ လေယာဥ်နဲ့လာ တယ်၊ နောက်ပြီးတော့ ကားနဲ့လာတယ်၊ ကျနော်တို့ သဘောကတော့ နယ်စပ်မှာ ယိုးဒယားနဲ့ မြန်မာနယ်စပ် ကရင်ပြည်နယ်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ရန်မရှာဘူးလေ၊ မကောင်းတဲ့ အလုပ်ကိုလည်း ပြန်ပို့မှာ ပေါ့နော်၊ ကျားဖြန့်နဲ့ ပတ်သက်တာတော့ လုပ်ရမှာပဲလေ၊ ကျနော်တို့ တစ်ခါမှ နာမည်မပေါက်ခဲ့တာနော်၊ ကျနော် တို့လည်း စစ်ဦးစီးချုပ် တက်တာလည်း မကြာသေးဘူး၊ လပိုင်းကျော်ကျော်လောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် ပို့တာတော့ ၂၀၀ ကျော် အဲဒါကြောင့် အလုပ်လုပ်တဲ့သူက နာမည်ပေါ်တယ်ပေါ့နော်၊ အလုပ်မလုပ်တဲ့သူက နာမည်ဘယ် ပေါ်မလဲ၊ အကောင်းဆုံး ကျနော်တို့ ပြည်သူလူထု ထိခိုက်မယ်ဆိုလို့ရှိရင် လုပ်ရမယ်လေဒါ မဟုတ်ဘူးလား အဲဒါပဲ” ဟု ပြောသည်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနိုလောင်းကစားရုံများနှင့် စားသောက်ကုန်များတွင် လုပ်ကိုင် နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာသွားရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ထုတ်ပြန်ခဲ့သည်။

ထိုင်းဘက်ကို DKBA ကလွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကိုတွေ့ရစဉ်
ထို့ပြင် ဘုရားသုံးဆူမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိစေရန်နှင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် DKBA၊ အမှတ် (၂) နည်းဗျူဟာအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်း နှိပ်စက်ခြင်းအား နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း DKBA က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းတွင် လူကုန်ကူး ခံရသူများအား မြန်မာနိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးသွားမည်ဖြစ်သလို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း တားဆီး နှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1233
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
နစကဥက္ကဋ္ဌ အနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်မလားဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ် သုံးသပ်မှုများ ရှိနေကြသည်။
ရွေးကောက်ပွဲ ပြုလုပ်ဖြစ်ခဲ့ပါက နစကဥက္ကဋ္ဌအနေဖြင့် လက်ရှိရယူထားသည့် ရာထူးများထဲမှ အချို့ကို စွန့်လွှတ် ရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရန် တွန့်ဆုတ်နေဦးမည်ဟု ထင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
ဦးစိုင်းလိတ်က “တကယ်တမ်းကြတော့ သူ့အတွက်လည်း စကစ ဥက္ကဋ္ဌအနေနဲ့ အင်မတန် စွန့်စားရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုလက်ရှိ သူရယူထားတဲ့ ရာထူးတာဝန်တွေ ကြည့်လိုက်ရင် အနည်းဆုံး ၄ ခုလောက်ရှိတာပေါ့။ ထိပ်သီး ရာထူးတွေ ယူထားတယ်။ တကယ်လို့ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာ အဲဒီရာထူးတွေက အကုန် မဟုတ်တောင် အတော်များများ လက်လွှတ်ရလိမ့်မယ်။ အနည်းဆုံးအားဖြင့် ကာချုပ်အနေနဲ့ သူလုပ်လို့မရဘူး။ တခြားရာထူးတစ်ခု။ အဲဒီအနေအထားမျိုး အမှန်တကယ် လက်သင့်ခံနိုင်သလားဆိုတာ သူကိုယ်တိုင်ကပဲ ဖြေရှင်း ရလိမ့်မယ်။ အဲဒီလိုမျိုး သူ့ဘက်က ရှင်းရှင်းလင်းလင်း ရှိမနေသေးဘူးဆိုရင်တော့ ရွေးကောက်ပွဲ လုပ်ဖို့လည်းပဲ သူ့ အနေနဲ့က ဆက်ပြီးတော့ တွန့်ဆုတ်နေဦးမယ်လို့ ထင်ပါတယ်။ အခုထက်ထိတော့ ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာက သူက လုပ်မယ်လို့ ပြောနေပေမယ့်လို့ ဒါအပြောပဲ ရှိတယ်။ အလုပ်မှာကြတော့ တစ်မျိုးပေါ့။ ဘာလို့ဆို နယ်မြေ ဒေသတွေ တည်ငြိမ်အေးချမ်းဖို့ ဆက်ကြိုးစားရမယ်လို့ သူက ပြောနေပေမယ့်လို့ တည်ငြိမ်အေးချမ်းတဲ့ဒေသ မရှိ သလောက်ပဲ ဖြစ်နေပါသေးတယ်။ အဲဒါ တစ်ချက်ပေါ့။ နောက် သူကိုယ်တိုင်က ဘယ်နေ့ဘယ်ရက်မှာ လုပ်ပါမယ် ဆိုတာ အတိအကျ မပြောဘူး။ အဲဒါတွေလည်း ရှိတယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌကို တွေ့ရစဉ်
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အပေါ် ကတိကဝတ်ပြုထားသည်။
သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည်ကိုတော့ တိတိကျကျ ပြောကြားထားခြင်း မရှိသေးပေ။
ထို့နောက် နစကဥက္ကဋ္ဌက (၇၈) နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မိန့်ခွန်း၌ ရွေးကောက်ပွဲတွင် မဲမသမာမှု မရှိစေရေးနှင့် တိကျမှန်ကန်ရေး Electronic Voting Machine ဖြင့် မဲပေးသည့်စနစ်ကို အသုံးပြုသွားမည်ဟု ပြောကြားသွားခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် နစကအနေဖြင့် တရုတ်ကို အားကိုးနေရသည့် အခြေအနေ ဖြစ်နေ သောကြောင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

မဲပေးတဲ့စနစ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေ့လာနေစဉ်
ဦးခွန်းဆိုင်က “သူနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် အသိုင်းအဝိုင်းဘက်က သိရသလောက်ဆိုရင် လုပ်မယ်လို့တော့ သူတို့ အချင်းချင်းမှာလည်း သဘောတူညီချက် ရှိထားပြီးသား ဖြစ်တယ်ပေါ့။ ဒါပေမယ့် ဘယ်တော့လုပ်မယ်ဆိုတာ ကိုတော့ သူက အခုထိ ရက်တိတိကျကျ မပြောသေးဘူးပေါ့။ အဲဒီတော့ ဒီနှစ်အတွင်း လုပ်မယ်လို့တော့ ကျနော်တို့ ယူဆတယ်ပေါ့။ ၂၀၂၆ ကတော့ ဖြစ်ဖို့နည်းမယ်ပေါ့။ နောက်တစ်ဖက်ကလည်း အားလုံးသိတဲ့အတိုင်းပဲ တရုတ်က ဖြစ်စေချင်တယ်။ တရုတ်က ဖြစ်စေချင်တဲ့အတွက် သူတို့ကလည်း တရုတ်ကို အားကိုးနေရတဲ့ အခြေအနေဆို တော့ လုပ်ကိုလုပ်မှာပါ။ သို့သော်လည်းပဲ တရုတ်ကိုယ်တိုင်က အခုထိ ရက်အတိအကျကို မေးနေတာ မရသေးဘူး လို့ ပြောပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ရွေးကောက်ပွဲသည် မပါမဖြစ် အနေအထားမှာရှိပြီး နစကဥက္ကဋ္ဌ အနေဖြင့် ရွေးကောက်ပွဲ မြန်မြန်မပြုလုပ်နိုင်ဘဲ ယခုအတိုင်း ဆက်သွားနေမည်ဆိုပါက အာဏာထိန်းသည့် သဘော မသက်ဝင်တော့ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသေးသည့်အပြင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 758
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် မိမိတို့ တာဝန်ယူထားရသည့် ဒေသများအလိုက် နယ်မြေ ဒေသတည်ငြိမ် အေးချမ်းအောင် လုပ်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ၍ နေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆ လ သက်တမ်းထပ်မံတိုးမြှင့်ခဲ့ရကြောင်း၊ ယခု ၆ လတာ ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး အလေး ထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့တာဝန်ယူ ထားရသည့် ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်”ဟု ပြောသည်။
နေရေးလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့်လုံခြုံရေးဟူ၍ မည်သည့် နိုင်ငံတွင်မျှ မရရှိနိုင်ကြောင်း၊ ရာဇဝတ်မှုများ၊ လုံခြုံရေးကျိုးပေါက်မှုများသည် နိုင်ငံတိုင်း၌ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့ လုံခြုံရေးစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ပုံစာ- နေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့နိုင်ရေး နစကဥက္ကဋ္ဌက ထောက်ပံ့ငွေပေးအပ်နေစဉ်
နစကဥက္ကဋ္ဌက “နိုင်ငံတော်တွင် နိုင်ငံသားတိုင်း အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။
ထို့နောက် လုံခြုံရေးနှင့်ပတ်သက်၍ အဓိက ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ပြည်သူက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း ၎င်းတို့ တာဝန်ထမ်းဆောင်မှုများအပေါ် လိုအပ်သည် များ အားပေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း ၎င်းကပြောသည်။
နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတိုံ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ပုံစာ- တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
အကြမ်းဖက်အဖွဲ့များ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည် ဖြစ်ပြီး စားရေသောက်ရေးနှင့်လူမှုစီးပွားဘဝများလည်း ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများ ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ၊ လူပျောက်မှုများ၊ ဖောက်ခွဲမှု များဖြစ်ကာ တရားဥပဒေစိုးမိုးမှုအားနည်းလျက်ရှိနေသည်။
မြန်မာပြည်တစ်ဝှမ်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ လုံခြုံမှုကင်းမဲ့လာကာ ပြည်သူလူထု အနေဖြင့် ခရီးသွားလာရေး အခက်အခဲများ ကြုံတွေ့လာရသလို ကုန်စည်စီးဆင်းမှုများ အဟန့် အတားဖြစ်၍ လူမှုကုန်ကျစရိတ်များလည်း မြင့်တက်မှုဒဏ်ကို ခံနေကြရသည်။
ထို့နောက် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ကျဆင်းလာကာ နိုင်ငံခြားဝင်ငွေများလည်း ရရှိမှုနည်းပါးလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပဋိပက္ခဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က နစကဥက္ကဋ္ဌသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ နယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာ နေရသူများ အားလုံး ပါဝင်မှု ရှိစေရေး၊ စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယခု ကောက်ယူရရှိထားသည့် စာရင်းတွင် မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာ နေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျ စိစစ် ထောက်ပံ့ ပေးသွားရန်လိုကြောင်း ၎င်းက ပြောသည်။
နစကသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း မည်မျှ ရှိသည်ကိုတော့ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။
