
- By CNI
- Category: နိုင်ငံရေး
- Hits: 2871
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၇
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ သြဂုတ် ၈ ရက်နေ့မှာ လာရောက်မည်ဖြစ်ကြောင်း တရုတ်သံရုံး နှင့်နီးစပ်သူများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၍ သြဂုတ် ၃ ရက်နေ့က သိမ်းပိုက်ခဲ့သည်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(DPLA) ပူးပေါင်းတပ်ဖွဲ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် နောင်ချိုမြို့ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကူး တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ၅ ကြိမ်အထိ ဆွေးနွေးထားသော ဟိုင်ဂင်ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့က ၆ ကြိမ်မြောက် ကျင်းပရန် တရုတ်က စီစဉ်ခဲ့သည်။
သို့သော် မြန်မာ့တပ်မတော်ဘက်က ဟိုင်ဂင် ဆွေးနွေးပွဲကို မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည့် အတွက် သြဂုတ် ၈ ရက်နေ့မှာ ကျင်းပရန် စီစဉ် ခဲ့ရာမှာလည်း မြန်မာ့တပ်မတော်ဘက်မှ ဆွေးနွေးပွဲ မတက် ရောက်နိုင်ကြောင်း အကြောင်းပြန်ထားသည်။
ဟိုင်ဂင် ဆွေးနွေးပွဲ ၆ ကြိမ်မြောက်ကို မြန်မာ့တပ်မတော်ဘက်က မတက်ရောက်နိုင်ကြောင်း အကြောင်းပြန် ထားချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ တရုတ်လာရောက်ရန် စီစဉ်ခဲ့ခြင်းသည် ထူးခြားသည်ဟု တရုတ်သံရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “ တရုတ်အထူးကိုယ်စားလှယ် မနက်ဖြန် ရောက်မယ်၊ ဟိုင်ဂင် ၅ ကြိမ်မြောက်လုပ်ခဲ့တယ်။ ၆ ကြိမ် မြောက်ကို ဇူလိုင် ၃၁ ရက်နေ့က လုပ်မှာ မဖြစ်ခဲ့ဘူး။ အခု သြဂုတ် ၈ ရက်နေ့မှာ ဟိုင်ဂင် ၆ ကြိမ်မြောက် လုပ်ဖို့ စီစဉ်ထားတဲ့အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် ရောက်လာမှာ ထူးခြားတယ်။ ဒီခရီးစဉ်က ကြိုတင်ပြင်ဆင် ထားတဲ့ ခရီးစဉ်မဟုတ်ဘူးလို့ ပြောကြတယ်။ မြောက်ပိုင်း ၃ ဖွဲ့ကလည်း SAC ဗုံးကြဲတာ ရပ်ဖို့ တရုတ်က ကူညီ ပေးဖို့ဆိုပြီးတော့လည်း စာပို့တောင်းဆိုထားတာ ထွက်နေတယ်။ ဒီအခြေအနေတွေကို ခြုံသုံးသပ်ကြည့်ရင် ဒီ ခရီးစဉ်က တော်တော်ထူးခြားမှုရှိလိမ့်မယ်”ဟု ပြောသည်။
လက်ရှိတွင် MNDAA၊ TNLA၊ MDY-PDF၊ PDF ၊ KIA တို့သည် မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ရန်အတွက် စစ်ရေးပြင်ဆင် စုဖွဲ့မှုများပြုလုပ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က နောက်ဆုံးလာသွားခဲ့ပြီး နောက် ဇွန်လ ၂၅ ရက်နေ့တွင် TNLA၊ MNDAA၊ MDY-PDF၊ BPLA တို့ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2462
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၇
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး အစပ်အထိ ဖြစ်ပွားနေသော တိုက်ပွဲများမှာ မန္တလေးအထိ စစ်မီးကူးစက်လာနိုင်သလား ဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက မေးခွန်းထုတ် သုံးသပ်ဆွေးနွေး လျက်ရှိနေကြသည်။
ပြီးခဲ့သည် ဇွန်လကုန်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ညီနောင်မဟာမိတ်တို့က ရှမ်းမြောက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့ အထိ ဖြစ်ပွားခဲ့သည်။
ထို့နောက် မန္တလေးမြို့နယ်အတွင်း ကူးစက်လာနိုင်သည်ဟုဆိုကာ မြို့ခံများ စိုးရိမ်၍ ရန်ကုန်၊ နေပြည်တော်သို့ ကြိုတင်တိမ်းရှောင်မှုများလည်း ရှိနေသည်။
မန္တလေးမြို့ကို ခြိမ်းခြောက်နိုင်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်ပါက မြို့သိမ်း တိုက်ပွဲ ဆင်နွှဲရန် ခက်ခဲနိုင်ကြောင်း၊ လာမည့် ဟိုင်ဂင်ဆွေးနွေးပွဲကို စောင့်ကြည်ရမည်ဖြစ်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
မန္တလေးမြို့စည်ပင်ရုံးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ကြည့်ရတာတော့ ခြိမ်းခြောက်နိုင်တာပေါ့လေ၊ မန္တလေးတော့ ခြိမ်းခြောက်နိုင်တယ်၊ ဒါပေမဲ့ အဲဒီမှာတော့ ပလောင်တပ်တို့၊ ကိုးကန့်တပ်တို့၊ “ဝ”တပ်တို့တော့ လိုက်လာမလား၊ မလာဘူးလား ကျနော်တို့ မပြောနိုင်ဘူး။ သို့သော်လည်းပဲ တခြား ဗမာတပ်တွေလည်း ရှိသေးတာကို အဲဒါကြောင့် အဲဒီအဖွဲ့တွေကတော့ မန္တလေးပျောက်ကြားတွေက ဝင်ချင်ဝင်မှာ၊ ဒါပေမဲ့ သူတို့ အလုံးအရင်းလောက်တော့ သိမ်းဖို့တော့ လွယ်မှာ မဟုတ်ဘူး။ နှောင့်ယှက်တာတော့ ဖြစ်နိုင်ပါတယ်။ သိမ်းတာတော့ မြောက်ပိုင်းတိုင်းရင်းသား တပ်ကြီးတွေ မပါရင် တော့ သိမ်းဖို့ မလွယ်ပါဘူး။ ကျနော်အထင်ပေါ့လေ၊ အဲဒါကြောင့် ခြိမ်းခြောက်တာတော့ ခြိမ်းခြောက်နိုင်တယ်၊ ဒီကြားထဲမှာ ဆွေးနွေးပွဲ တစ်မျိုးမျိုး ပြန်ဖြစ်ရင်တော့ နည်းနည်းတန့်သွားနိုင်တာပေါ့၊ အဲဒါလေး ကျနော်တို့ စောင့်ကြည့်နေတာ၊ ဒီရက်ထဲမှာ ကူမင်းမှာလည်း ဆွေးနွေးပွဲ ထပ်ဖြစ်ဖို့ ရှိတယ်ဆိုတာ သတင်းထဲက ကြားနေ တော့ အားလုံးကတော့ အခြေအနေကတော့ ပိုဆိုးလာဖို့တော့ လောလောဆယ် မရှိဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
လာမည့် ဩဂုတ် ၈ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ညီနောင်မဟာမိတ်တို့နှင့် တွေ့ဆုံမည့် ၆ ကြိမ်မြောက် ဟိုင်ဂင်အစည်းအဝေးကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က တက်ရောက်မှာ မဟုတ်ဟု စာပို့အကြောင်းကြားထားသည်ဟု သိရသည်။
ဒီမိုကရေစီအင်အားစုနှင့် စစ်အင်အားစု အားပြိုင်မှုတွင် ဒီမိုကရေစီ အင်အားစုများက မန္တလေးမြို့ကို မြန်မြန် ကျစေလိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမိုကရေစီအင်အားစုနဲ့ စစ်အင်အားစု အားပြိုင်တဲ့ နေရာမှာတော့ ဒီမိုကရေစီအင်အားစုတွေက မန္တလေး မြန်မြန် ကျစေချင်တယ်၊ အဲဒါပဲ၊ ဘယ်လိုနည်းနဲ့ ကျကျ၊ မြန်မြန်ကျပြီး ဒီမိုကရေစီဖက်ကိုရ ဒီမိုကရေစီ လွတ်မြောက်သွားချင်တယ်၊ အဲဒါကတော့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ဆန္ဒပဲ” ဟု ပြောသည်။
လက်ရှိ ရှမ်းမြောက်နှင့် မန္တလေးတိုင်းဒေသကြီး တိုက်ပွဲအတွင်းမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့နှင့် မန္တလေးပြည်သူ့ ကာကွယ်ရေးတပ် (MDY-PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)တို့ ပါဝင်ကြသည်။
မန္တလေး PDF နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်
ပြင်ဦးလွင်ကို အရောင်ပြတိုက်ခိုက်ပြီး အဓိက မန္တလေးမြို့ကို တိုက်ခိုက်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မန္တလေး ရောက်လာနိုင်တာပေါ့၊ အဓိက မန္တလေးကို တိုက်မှာလေ၊ ပြင်ဦးလွင်က သူက ယောင်ပြပဲ လုပ်မှာ၊ အဓိက မန္တလေးကို တိုက်မှာပေါ့နော်၊ တစ်ခုရှိတာက သူက (TNLA/MNDAA) ယူနီဖောင်းပြောင်း ဝတ်လိုက်မှာပေါ့နော်၊ တိုက်နိုင်တာပေါ့၊ တိုက်ဖို့အတွက်က နောက်က ရုပ်ဝတ္ထု ပစ္စည်းခဲယမ်းက တရုတ်ပြည်က ထောက်ပံ့ အဲဒီတော့ အင်အားကြီး နိုင်ငံကြီး ထောက်ပံ့နေပြီဆိုတော့ ဒါက တိုက်နိုင်တဲ့ အနေအထား အပြည့်အဝ ရှိတယ်လေ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာတို့ တွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
မန္တလေးမြို့ကို တိုက်ခိုက်နိုင်ရေးအတွက်လည်း အတိုက်အခံ လက်နက်ကိုင်အင်အားစုများက အင်အားစုဖွဲ့နေ ကြောင်းလည်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1514
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆
ယခုနှစ် ၂၀၂၄ မကုန်ခင်အတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်လာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် တည်ဆောက်ရန် လိုအပ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာမဆို ဖြစ်နိုင်ပါတယ်။ ဆိုပါစို့၊ ရွေးကောက်ပွဲအလွန် အစိုးရပေါ့ဗျာ၊ ရွေးကောက်ပွဲအလွန် အစိုးရက အရေးကြီးပါတယ်။ ရွေးကောက်ပွဲသည် ၂၀၂၅ ဒီဇင်ဘာလုပ်ရင် ၂၀၂၆ က စမယ့် ၅ နှစ်တာ အစိုးရ တည်ငြိမ် အေးချမ်းမှုနဲ့ ရှေ့ဆက်သွားနိုင်မယ့် အင်အားကြီးတစ်ခု ရှိဖို့က အလွန်အရေးကြီးတဲ့အခါကြတော့ အဲဒီအစိုးရ အတွက် အခြေပြုတာက ၂၀၂၅ ရွေးကောက်ပွဲပေါ့ဗျာ၊ ရွေးကောက်ပွဲဆိုရင် ရွေးကောက်ပွဲ မတိုင်ခင် အခင်း အကျင်းက အရေးတကြီး ကျန်တာပေါ့။ ခြုံပြောရရင် ပွင့်ပွင့်လင်းလင်း ပြောရင် အားလုံး အချိန်နဲ့အမျှ အရေးကြီးပါတယ်။ ရွေးကောက်ပွဲအလွန် တည်ငြိမ်တဲ့အစိုးရ ဖြစ်ထွန်းစေဖို့အတွက် ဥပဒေက နိုင်ငံရေးအားဖြင့် ညှိနှိုင်းတိုင်ပင်မှုပေါ့ဗျာ၊ ငြိမ်းချမ်းမှုဖြစ်စဉ် ကြိုးစားပမ်းစား တည်ဆောက်ဖို့အတွက် လိုအပ်တာပေါ့” ဟု ပြော သည်။
လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရခေါင်းဆောင်များကို တွေ့ရစဉ်
ယခုနှစ်အတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမှာဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
နစက၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် အခြားသော အဖွဲ့အစည်းများ စုပေါင်း၍ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်ပါက ကောင်းမွန်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပေါ်လာနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့၊ ဘယ်သူက ဦးဆောင်မလဲဆိုရင် ဦးဆောင်နေသူတွေကို ကျနော်တော့ အားလုံးဝိုင်းဝန်းပြီး အားပေးစေလိုပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာအောင် စည်းရုံးဖို့ လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံရေးပါတီ အစုအဖွဲ့မှာ ရှိနေကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ဖြစ်နိုင်ဖို့ကြရင် နိုင်ငံရေး ယဉ်ကျေးမှု၊ နိုင်ငံရေး ညှိနှိုင်းမှု ရဖို့ဆိုရင် နိုင်ငံရေးပါတီများနဲ့ပဲ လုပ်လို့လည်း မရဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်မှ ဖြစ်နိုင်မယ့် အနေအထားဖြစ်တာပေါ့၊ အခု ကျနော်တို့ ဆွေးနွေးနေကြတဲ့ NCA လမ်းကြောင်းဆိုတာ လမ်းပေါ်လာတာပေါ့၊ NCA လမ်းကြောင်း အဲဒီလမ်းကြောင်းအထဲ မှာ ၇ ဖွဲ့ပေါ့ဗျာ၊ 7 EAO Alliance ဆိုတာ ရှိတာပေါ့၊ ကျန်တာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ NCA မထိုးတဲ့ အင်အားစု အဲဒီ အင်အားစု နှစ်ခုလုံးပါလာအောင် နိုင်ငံရေးအားဖြင့် ကျနော်တို့ ဆွဲဆောင်စည်းရုံးနိုင်မှာလား လက်နက်ကိုင် အဖွဲ့အစည်းတွေဖက်ကို ပြောတာပါ။ နိုင်ငံရေးပါတီဖက်ခြမ်းကတော့ မှတ်ပုံတင်ကျပြီးသား ပါတီတွေ ရှိတာကို၊ မှတ်ပုံတင် မကျသေးတဲ့ ပါတီတွေကတော့ဖြင့် ရှေ့ဆက် ဘယ်လိုသွားမှာလဲ၊ ဒါကြတော့ မပြောတတ်ဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3742
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကုတင် ၁၀၀ ဆေးရုံကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)က တိုက်ခိုက်ခဲ့ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ လူအင်အားရာချီက သြဂုတ် ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသည်။
သြဂုတ် ၂ ရက်နေ့က MNDAA သည် လားရှိုးမြို့ရှိ ကုတင် ၁၀၀ ဆေးရုံးကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးကုသ မှုခံယူနေသည့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဆရာဝန်၊ သူနာပြုများ စုစုပေါင်း ၁၀၀ ဝန်းကျင် သေဆုံးသွားခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆ ရက်နေ့ နံနက်က MNDAA ကို ဆန္ဒပြနေကြစဉ်
ထို့နောက် ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့တွင် လူအင်အား ရာချီက MNDAA ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 939
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆
တရုတ်-မြန်မာနယ်စပ်မှာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် လက်နက်ခဲယမ်း များထုတ်လုပ်ပြီး PDF များကို ထောက်ပံ့ခြင်းနှင့်ရောင်းချခြင်းများ လုပ်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့က နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ရှင်းလင်းအသိပေးပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီး ကျောက် စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာ ကို သိရှိရပါတယ်။ အဲဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်း ဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲဒီစက်ရုံထဲက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းထဲမှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်
အဆိုပါ လက်နက်ခဲယမ်း မီးကျောက် စက်ရုံများ ထူထောင်ဖို့ဆိုသည်မှာ သာမန် အခြေအနေနှင့်မရကြောင်း၊ ငွေကြေးအင်အားနှင့် နည်းပညာ အင်အားများ များစွာလိုအပ်ကြောင်း၊ ထိုစက်ရုံများ လည်ပတ်ဖို့ ငွေကြေးနှင့် နည်းပညာ အင်အား ဘယ်နေရာက ရရှိသည်လဲဆိုခြင်းကိုလည်း ဆန်းစစ်သွားရမှာဖြစ်သည်ဟု ၎င်းက ပြော သည်။
တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-မိုင်းလား(NDAA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) တို့ဖြစ်သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် KIA နှင့် UWSA သည် လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံများ ရှိကြသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး တို့တွင် ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများမှာ KIA နှင့် UWSA မှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ဖြစ်ကြောင်း စစ်ရေးအကဲ ခတ် တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်ဘက်မှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ KIA အဖွဲ့ဟာဆိုရင် ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်းဒေသ ကြီး အထက်ပိုင်းမှာရှိတဲ့ PDF တွေကို လက်နက်များ တပ်ဆင်ပေးတာတွေ၊ အကြမ်းဖက် စစ်သင်တန်းပေးတာ တွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက် ဖြစ်အောင် ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ် ဆက် နယ်မြေများမှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ်နဲ့ မြို့ရွာများ ဖျက်ဆီး နေမှုရဲ့ အဓိက အရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်း တွေ့ရှိပါတယ်”ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် သူတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် အတွက် လက်နက်ကိုင်ထားသူများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာ၊ အုပ်ချုပ်ထောက်ပံ့မှု စသည်များကို ထောက်ပံ့ကူညီပေးခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတောင်ပိုင်း ဒေသမှာရှိသည့် လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေသည့် လက်နက်များ သည် ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာသော လက်နက်များဖြစ်ကြောင်း၊ EAO အဖွဲ့များနှင့် PDF များ ကိုင်ဆောင်နေသည့် ဆက်သွယ်ရေးစက်များ၊ ဒရုန်းများ၊ လက်နက်ခဲယမ်းများသည် အဆိုပါ အရင်းအမြစ်များက ရရှိနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များ၊ PDF များ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ များအပြင်းအထန် ဖြစ်ပွားနေပြီး မြို့များနှင့် စစ်စခန်းများ နစကဘက်က လက်လွတ်ဆုံးရှုံးရမှု အများအပြားရှိနေ သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1964
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးပြောကြားချက် မိန့်ခွန်းကို သြဂုတ် ၅ ရက်နေ့ ညနေပိုင်းမှာ ပြောမည် ဖြစ်သည်။
အဆိုပါ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားနေသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က တိုက်ခိုက်ထိန်းချုပ်သွားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3867
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်၍ တိုက်ခိုက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၄ ရက်နေ့ တွင် ပြောကြားခဲ့သည်။
MNDAA သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စတင် တိုက်ခိုက်ကတည်းက စစ်ရေးနှင့်မဆိုင်သော အရပ်သားနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြော သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “MNDAA အကြမ်းဖက် ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဇူလိုင် ၃ ရက်မှာ လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင် တိုက်ခိုက် ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့ သာမန်အရပ်သား ပြည်သူတွေနေတဲ့ နေရာတွေကိုပါ ရှော့တိုက်ဒုံးတွေ ဒရော့ဗုံး များ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။သာမာန်အရပ်သား ပြည်သူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးများ သုံးစွဲ ပြီး တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော် ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တချို့လူနာများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ တချို့ကိုတော့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ ရန်သူ ကို အစွမ်းကုန် ခုခံခဲ့ပါတယ်” ဟု ပြောသည်။
MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
တိုင်းစစ်ဌာနချုပ်၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်မှ မိသားစုဝင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အရပ်သားများပါ ရှိနေသည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုတွင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း ရဲမေများ၊ မှီခိုသူ မိသားစုဝင်များ လည်း သေဆုံးမှုများရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ၁၀၂၇ စစ်ဆင် ရေးကို စတင်ဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကိုရရှိပြီး မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်တို့ အပစ်အခတ်ရပ်စဲခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ MDY-PDF၊ DPLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သလို ဇူလိုင် ၃ ရက်နေ့တွင် MNDAA၊ BPLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်ဖက်က TNLA၊ MNDAA တို့ကို ဟိုင်ဂင်သဘောတူညီချက် ကာလအတွင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြန်လည်တိုက်ပွဲ စတင်ရခြင်းဟု ပြောဆိုကြကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက TNLA ကလည်း ပြောတယ်၊ MNDAA ကလည်း ပြောတယ်၊ ဒီဟိုင်ဂင်သဘောတူညီချက် ကာလ အတွင်းမှာ အကြိမ်ရာနဲ့ချီပြီးတော့ ဗုံးကြဲတယ်၊ နောက်ပြီးတော့ အမြှောက်နဲ့ပစ်တယ်၊ ဒါကြောင့် သူတို့ဖက်က လေးယောက်တောင်သေတယ်၊ အဲဒါကြောင့် တိုက်တယ်လို့ ပြောတာပဲ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့တွင် မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLA၊ MDY-PDF၊ BPLA၊ DPLA၊ PLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2029
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို စစ်ဘက်သို့ ပြန်ပို့ကာ မူလ တာဝန်များ ပြန်လည် ထမ်းဆောင်ခိုင်း ကြောင်း နစက-က သြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ် တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က ခန့်အပ် တာဝန်ပေးခံခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြားမှာ မူလစစ်ဘက်သို့ ပြန်လည် ပို့ဆောင်ခံရ ခြင်းဖြစ်သည်။
ဒုဝန်ကြီးနှင့် ရဲချုပ်တာဝန် ခန့်အပ်မခံရခင်တုန်းက ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3647
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) တပ်ဖွဲ့များ မည်သည့်အခြေအနေကြောင့် ဝင်ရောက်လာသလဲဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က UWSA တပ်ဖွဲ့ဝင်များသည် မြန်မာ့တပ်မတော်ကို ကြိုတင်အကြောင်းကြား၍ လားရှိုးမြို့ နေရာအချို့တွင် ဝင်ရောက်နေရာယူခဲ့သည်။
UWSA တပ်ဖွဲ့များ ဝင်ရောက်ခြင်းက နှစ်ဖက်ထိခိုက်ကျဆုံးမှု ထပ်မဖြစ်ရန် ဖြစ်နိုင်သလို မြို့ပြပျက်စီးမှု လျော့နည်းနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တာတော့ “ဝ”က ကြားဝင်တာက နှစ်ဖက် ထိခိုက်ကျဆုံးမှု ထပ်မဖြစ်အောင် ဖြစ်နိုင်တယ်၊ နောက်တစ်ခါ “ဝ” ဝင်ထိုင်ခြင်းအားဖြင့် လေကြောင်းအသုံးပြုပြီးတော့ တိုက်ခိုက်မှုကို လျော့နိုင်တဲ့အခါကြတော့ မြို့ပြမပျက်စီးဘူးပေါ့ဗျာ၊ အဓိကတော့ မြို့ပြတွေကို သိမ်းတယ်၊ ပြုတယ်တို့ ပြောပေမယ့် အဲဒီမြို့ပြက လူသူ မရှိ တော့ဘဲနဲ့ ပျက်စီးပြီးတော့ အိမ်ပျက်တွေ တိုက်ပျက်တွေ ဖြစ်နေရင်လည်း ဘာမှ အကျိုးမရှိဘူးဗျ၊ အင်္ဂတေပုံကြီး ကို စောင့်နေရသလို ဖြစ်တော့ မြို့ပြက မြို့ပြအတိုင်း ရှင်သန်ပြီးတော့ သူ့ရဲ့စုဖွဲ့ပုံ မပျက်ဘဲနဲ့ အုပ်ချုပ်မှုတာ လွှဲပြောင်းသွားတယ်ဗျာ၊ အရင်အုပ်ချုပ်တဲ့လူက တစ်မျိုး၊ ရောက်လာတဲ့သူက အစားထိုးအုပ်ချုပ်တယ်၊ ကောင်း အောင်လုပ်ပေးတယ်၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိုကောင်းအောင် လုပ်ပေးတယ်။ လုံခြုံမှုတွေ ပိုပေးတယ် ဆိုရင်တော့ ဒါက သိမ်းတယ်လို့ ခေါ်တာကိုးဗျ၊ သိမ်းတယ်ဆိုတာ ပြာပုံကြီးဖြစ်မှ သိမ်းတယ်လို့ ပြောလို့က မဖြစ် ဘူးလေ၊ ဒါကြောင့် “ဝ”က ဝင်ပြီးတော့ ထိန်းသိမ်းတဲ့ သဘောလို့ ကျနော်ယူဆတယ်ဗျ” ဟု ပြောသည်။
လားရှိုးမြို့က ပျက်စီးနေသော အဆောက်အအုံကို တွေ့ရစဉ်
လက်ရှိ လားရှိုးမြို့တွင် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း လားရှိုးမြို့နှင့် မိုင် ၇၀ ဝန်းကျင်ဝေးသော တန့်ယန်းမြို့ကို UWSA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည်။
ရှမ်းမြောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခမှာ ရှမ်းတောင်သို့ ကူးစက်လာပါက အခြေအနေမှာ ရှုပ်ထွေးသွားနိုင်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု လောလောဆယ်က ရှမ်းပြည်က ရှမ်းမြောက်က အခြေအနေတစ်မျိုး၊ ရှမ်းတောင်က အခြေအနေ တစ်မျိုး၊ ရှမ်းအရှေ့ပိုင်းမှာ အခြေအနေတစ်မျိုး သူက ဖြစ်နေတာကို အဲဒီတော့ အခြေအနေဟာ ရှမ်းတောင်မှာ ဖြစ်နေတဲ့ အခြေအနေကို အခုလောလောဆယ်မှာတော့ သူဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောသလို ရှမ်း တောင်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ အိုအေစစ်လေးလို ဖြစ်နေတာကို ရှမ်းပြည်အရှေ့ပိုင်းလည်း အတူတူပဲ၊ ဒါပေမဲ့ ဒီအခြေအနေဟာ ပြောင်းလဲလာနိုင်တယ်၊ ပြောင်းလဲလာနိုင်တာ အကောင်းဖက်ကို ပြောင်းလဲလာမလား၊ အဆိုးဖက်ကို ပြောင်းလဲလာမလား ကျနော်တို့ ပြောလို့ မရဘူး။ အဆိုးဖက်ကို ပြောမယ်ဆိုလို့ရှိရင် သူက ရှမ်းမြောက်ဆိုရင် အခြေအနေက ဒီအတိုင်းထားဖို့ မရဘူး။ ကျနော်တို့ ရှမ်းတောင်ကိုလည်း ရွှေ့ဖို့လိုတယ်၊ ရှမ်း အရှေ့ကိုလည်း ရွှေ့ဖို့လိုတယ်ဆိုတဲ့ အတွေးအခေါ် မျိုးရှိရင်တော့ ပိုရှုပ်လာနိုင်တာပေါ့၊ ဒီလိုမှ မဟုတ်ဘဲနဲ့ ကျနော် တို့ အားလုံးဆွေးနွေးဖို့ လိုတယ်၊ အခုလောလောဆယ်ဆိုရင် UWSP က သော်လည်းကောင်း၊ RCSS က သော် လည်းကောင်း အားလုံးသက်ဆိုင်ရာတို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ လိုတယ်ဆိုတာကို အားလုံး လက်ခံနိုင်လို့ရှိရင် သိပ်ပြီးတော့မှ မျှော်လင့်ချက်ကောင်းပါတယ်” ဟု ပြောသည်။
လားရှိုးမြို့ထဲမှာတွေ့ရတဲ့ MNDAA တပ်ဖွဲ့
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ သိမ်းပိုက်ရရှိခဲ့သော ဟိုပန်နှင့် ပန်လုံမြို့ကို UWSA က ထိန်းချုပ်လိုက်ပြီး ၎င်းတို့၏ အုပ်ချုပ်မှု အောက်ကို ထည့်သွင်းလိုက်သည်။
လက်ရှိ မြန်မာနိုင်ငံသည် စစ်ရေးပဋိက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့် အနေအထားကို ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှု ရပ်တန့်ခြင်းနှင့် လုပ်ငန်းများ အသီးသီး ထိခိုက် ပျက်စီးမှုများကြောင့် ပြည်သူများ၏ ဘဝမှာ မျှော်လင့်ချက်မဲ့သော အခြေအနေကို ရောက်ရှိနေခြင်းကြောင့် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှု အပါအဝင် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းကြရန် UWSP/UWSA က ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့သည်။
အလားတူ မိမိ၏ အင်အားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသွားမည်ဟုလည်း UWSP/UWSA က ထုတ်ပြန်ခဲ့ သည်။