- By CNI
- Category: နိုင်ငံရေး
- Hits: 1096
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
နစကဥက္ကဋ္ဌ အနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသဖြင့် ရွေးကောက်ပွဲမတိုင်ခင်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိအနေအထားအရ တွေ့ဆုံဆွေးနွေးပွဲ ကြီးကြီးမားမား ဖြစ်ပေါ်လာမည့် အရိပ်အယောင်ကို မမြင်ရသေး သော်လည်း ရွေးကောက်ပွဲသေချာပေါက် ပြုလုပ်မည်ဆိုပါက ထိုကာလမတိုင်ခင် တွေ့ဆုံဆွေးနွေးပွဲ တစ်ခု လုပ်သင့်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “အခု လောလောဆယ်ကတော့ အရိပ်အယောင်တော့ မမြင်ရသေးဘူးပေါ့လေ။ သို့သော်လည်းပဲ အများက တိုက်တွန်းနေတာက အများဆိုတာ နိုင်ငံတကာလည်းပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကို လုပ်မယ် ဆိုရင် ရွေးကောက်ပွဲမဖြစ်ခင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုခု ဖြစ်နိုင်ဖို့ အားလုံးဝိုင်း ကြိုးပမ်းပေးဖို့ လိုတယ်ဆိုပြီး တိုက်တွန်းတာတွေ ရှိပါတယ်။ ဒါတွေကို နေပြည်တော်ကလည်း လက်ခံရမယ်။ အခြား Stakeholder တွေလည်း လက်ခံတယ်ဆိုရင်တော့ ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် သူတို့လက်ခံမယ်၊ မလက်ခံဘူးဆိုတာကတော့ မပြောနိုင် သေးဘူး။ လက်ခံပါစေလို့ပဲ ဆိုတောင်းရတာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
အချို့သော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေမှုများ အလျဉ်းသင့်သလို လုပ်သော် လည်း လုံလောက်အားရမှုမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီ ၁၆ ရက်တွင် နစကနှင့် ကိုးကန့်တပ်(MNDAA)တို့ တရုတ်နိုင်ငံမှာ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က ပထမအကြိမ် ဆွေးနွေးမှုတွင် လားရှိုးမြို့မှ ကိုးကန့်တပ်များ ဖယ်ပေး ရန်၊ နယ်စပ်ကုန်သွယ်ရေးနှင့် စစ်သုံ့ပန်းများ ပြန်လွှတ်ရေးတို့ ဆွေးနွေးခဲ့ကြရာမှာ အဆင်မပြေဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။
ကြားနေအဖြစ် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်ခု လိုအပ်ကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တရုတ် သည် ဩဇာရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမျိုးကျော်က “တချို့ဟာတွေမှာ ရန်ဖက်နှစ်ဖက် နှစ်ဖက်လုံးက လက်နက်ကိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ပြောင်းလှည့် တည်ထားတဲ့အချိန်မျိုးမှာ ဒီအဖွဲ့အစည်းအချင်းချင်း စကားပြောဖို့ဆိုတာကတော့ တော်တော်လေး ခက်တယ်လေ။ ခက်တဲ့အချိန်မှာ ကြားကနေ စေ့စပ်ညှိနှိုင်းပေးမယ့် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံ အဲဒါမျိုးကတော့ ကြားနေကတော့ လိုတာပေါ့လေ။ အဲဒီကြားနေ ဘယ်သူဖြစ်မလဲ။ ဖြစ်နိုင်ခြေ အများဆုံးကတော့ နှစ်ဖက်လုံးကို ဩဇာရှိတယ် ပြောနိုင်ဆိုနိုင်တဲ့ဟာက တရုတ်ကတော့ အများကြီးဖြစ်နိုင်တယ်။ ဒါပေမယ့် တရုတ်ကြီးအနေနဲ့ လည်း သူ့အနေနဲ့ အကျိုးစီးပွား နှစ်ဖက်လုံးအပေါ်မှာရှိတယ်။ နောက်သူက အဓိက မြန်မာ့နိုင်ငံရေး အခင်းအကျင်း မှာ နှစ်ဖက်လုံးကို ကိုင်ပြီးကစားတဲ့သူ ဖြစ်နေတဲ့အတွင်းမှာ ပြဿနာတွေက သူစေ့စပ်ညှိနှိုင်းတာနဲ့ အဖြေတစ်ခု ရမလားဆိုတာ စဉ်းစားစရာ ဖြစ်တယ်ပေါ့လေ” ဟု ပြောသည်။

UEC နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
လက်ရှိ ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး အဆုံးအဖြတ်ကို ရောက်ရန် လမ်းစရှာသည့် နှစ်တစ်နှစ် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။
နစက အနေဖြင့် ၄ နှစ်တာ ကာလအတွင်း ကြီးမားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုး မပြုလုပ်ခဲ့သည့်အပြင် ရလဒ်ကောင်းများလည်း မဖန်တီးနိုင်သဖြင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် မျှော်လင့်နေ ကြသည်။
တခြားတစ်ဖက်မှာတော့ နစကသည် ၂၀၂၅ ခုနှစ်၊ မေလတွင် အရေးပေါ်ကာလ ရပ်ဆိုင်းပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလလောက်တွင် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို လုပ်လာနိုင်ကြောင်း ပြည်တွင်း/ပြည်ပ သံတမန်များကြား သုံးသပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 849
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောတိုက်ပွဲများ ခဏရပ်ပြီး နိုင်ငံအတွက် စကားပြောရန်လိုအပ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး တိုင်းရင်းသား လက်နက် ကိုင်(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် အစည်းအဝေး တစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး အခင်းအကျင်းနှင့်အညီ ဆောင်ရွက် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်စလုံးမှ ခေါင်းဆောင်များအနေဖြင့် တိုက်ပွဲများခဏရပ်ကာ နိုင်ငံအတွက် စကားပြောမည် ဆိုခြင်းအား သန္နိဋ္ဌာန်ကျဖို့လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းကို တွေ့ရစဉ်
ဒေါ်စောမြရာဇာလင်းက “ပြဿနာက မညီမညာဖြစ်နေတဲ့ ပြဿနာက တော့်တော့်ကို ကြီးကြီးမားမားတော့ ဖြစ်လာပြီ၊ ဖြစ်နေတယ်။ တိုင်းပြည်မှာ အဓိကပြဿနာ ဖြစ်နေတာက လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ဒီတိုက်ပွဲရဲ့ ပြဿနာများသည် လိုအင်ဆန္ဒ မပြည့်ဝတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်လာတယ်ဆိုတာကို အမှန်တကယ် ခံယူဖို့လိုပါတယ်၊ အဲလိုမျိုးခံယူတယ် ဆိုလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့ရာအတွက် နည်းလမ်းမျိုးစုံ ကို ကျင့်သုံးသင့်ပါတယ်၊ အတတ်နိုင်ဆုံးပေါ့လေ၊ နိုင်ငံရေးဘောင်ကိုတော့ ချဲ့နိုင်အောင်တော့ ကြိုးပမ်းသင့်တယ် လို့ ပြောချင်တယ်၊ ဒီလိုပြောနေရုံနဲ့လည်း အမှန်တကယ် မပြီးပါဘူး၊ လက်တွေ့ အကောင်အထည် ဖော်ဖို့တော့ လိုအပ်ပါတယ်၊ ပြဿနာတွေ အထဲထဲမှာ ပါနေကြတဲ့ အားလုံးသော အကြီးအကဲများသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည်သာလျှင် အဓိကကျတယ်လို့ ခံယူလာသော တစ်နေ့မှာတော့ ကောင်းသော ဆွေးနွေးမယ် လို့လည်း ကျမတို့ ထင်ခဲ့တယ်၊ နှစ်ဖက်စလုံးသော ခေါင်းဆောင်များကတော့ တစ်နေ့တစ်နေ့ကို တိုက်ပွဲသံသရာ ထဲမှာ ဖြစ်နေကြတဲ့ အနိဋ္ဌာရုံတွေကို မဖြစ်ရအောင် ခဏတဖြုတ် ရပ်ပြီးတော့မှ ငါတို့နိုင်ငံအတွက် စကားပြော မယ် ဆိုတာမျိုး သန္နိဋ္ဌာန်ချဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဟု လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ကြေညာချက်များ ထုတ်ပြန်ထားသောကြောင့် စစ်ရေးများ ပိုမိုကျယ်ပြန့် လာနိုင်သလို နိုင်ငံရေးအရလည်း တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း စဥ်ဆက်မပျက် ပြောကြားနေသလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး မှုများအား ဖိတ်ခေါ် ကြိုဆိုကြောင်း ပြောကြားထားသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးကိုတွေ့ရစဉ်
နိုင်ငံ၏ အခက်အခဲ အကျပ်အတည်း ပြဿနာအား နောက်ဆုံးဖြေရှင်းရမည့် အဆင့်သည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် စကားပြောခြင်းပင်ဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးစော်ကျော်ညွန့်က “လက်ရှိကလည်း ကျနော်တို့အားလုံး သိတဲ့အတိုင်းပဲလေ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်နေတယ်၊ နိုင်ငံရေးဆွေးနွေးမှုဘောင်က မရှိသလောက်ကို ကျဥ်းမြောင်းနေတဲ့ကာလလည်း ဖြစ်တယ်၊ စစ်တိုက်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးပွဲကပဲ ဖြစ်ဖြစ်၊ ဒီနှစ်ခုကတော့ ကျနော့စိတ်ထင်ကတော့ ခေါင်းနဲ့ပန်းပါပဲ၊ ဒါ အကြောင်းပြချက်တွေက အမျိုးမျိုးရှိမှာပါ၊ နိုင်ငံရေးဆွေးနွေးပွဲကို အဆင်မပြေလို့ စစ်တိုက်ရ တယ် စသည်ဖြင့်ပေါ့လေ၊ စစ်ဖြစ်နေလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်ဘူး၊ ကျနော်တို့ စစ်ရေးဘောင်ကျယ် တယ်၊ နိုင်ငံရေးဘောင်က ကျဥ်းတယ်လို့ ကျနော်တို့ ဖြတ်ကျော်လာခဲ့ရတဲ့ အခက်အခဲ အကျပ်အတည်းတွေ ကတော့ အချိန်ကာလအားဖြင့်ကတော့ ၄ နှစ်တာကာလ ရှိခဲ့ပြီ၊ စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ အဆက်ပဲလို့ ကျနော်တို့ က နားလည်တဲ့ အတွက်ကြောင့်မို့လို့ တိုက်နေတဲ့ လူတွေတောင်မှ မဆွေးနွေးဘူးလို့ အဲလိုပြောတဲ့လူလည်း တစ်ယောက်မှတော့ ကျနော်တို့ မကြားဖူးသေးဘူး၊ ဒီနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်း ပြဿနာကို နောက်ဆုံး ဖြေရှင်းရမယ့် အဆင့်ကတော့ သက်ဆိုင်သူအားလုံး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်မှာ စကားပြော ဆိုခြင်းကို လုပ်ဆောင်ရမယ်ဆိုတာကိုတော့ အားလုံးရဲ့ နားလည်မှုကတော့ အတူတူရှိမှာ ဖြစ်ပါတယ်” ဟု ပြော သည်။
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သည် မြို့နယ် ၉၀ ကျော် အပါအဝင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နှင့် စစ်စခန်းပေါင်း ရာချီလက်လွှတ်ထားရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 838
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်း ရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှု တာဝန်များ ကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။
၎င်းက “ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရ မည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ ကျင့် တည်ဆောက်သွားကြရန်”ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိက အရေးပါသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားက တိုက်ပွဲ များတွင် မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1121
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
နာဂဒေကို အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးက “ ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည်ဖြစ်ပါကြောင်း၊ နာဂဒေသသည်လည်း အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲ ထိန်းသိမ်းထားရန်လိုအပ်ပြီး နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသား လူမျိုးများ’ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက်ရန် ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူအားလုံးမှာ တာဝန်ရှိပြီး အလုပ်ကိုကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါသည်”ဟု ပြောသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ်
နစကလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများ ရှိခဲ့သည်ကို ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများ သိရှိပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
နာဂဒေသသည် တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံတော် အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွင်း ပြည်ထောင်စုကဏ္ဍရန်ပုံငွေ ဖြင့် လုပ်ငန်း ၈၂ ခု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၈ ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြောသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/ YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- အိုက်ဇက်ချီရှီဆူ/ဗွီးမာ(NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO/ENDA)၊ Naga PDF(NPDF)၊ NSCN-IM ကနေ ခွဲထွက်လာသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန်ရှီရမ်ဆန်း(NSCN- Hanshi Ram San) စသည့် နာဂလက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေး နာဂရိုးရာနှစ်သစ်ကူးပွဲတော် တက်ရောက်စဉ်
အဆိုပါ လက်နက်ကိုင်များအနက် NSCN-K/AM၊ NSCN- Hanshi Ram San တို့သည် မြန်မာ့တပ်မတော်နှင့် နားလည်မှုယူထားကြောင်း၊ Naga PDF၊ ENNO/ENDA တို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထောက်ပံ့ မှုဖြင့် မြန်မာ့တပ်မတော်ကို KIA ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း၊ NSCN-K/YA သည် ကြားနေမူဝါဒကို ကျင့်သုံး ကာ ရပ်တည်လျက်ရှိနေသည်။
လက်ရှိ နာဂဒေသအတွင်းမှာ ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့များ၏ ငွေကြေးတောင်းခံမှုများကို ရင်ဆိုင်နေရသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင်း စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက် ခြင်းဖြင့်လည်း ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 997
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆
လက်ရှိ ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး အဆုံးအဖြတ်ကို ရောက်ရန် လမ်းစရှာသည့် နှစ်တစ်နှစ် ဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နစက အနေဖြင့် ၄ နှစ်တာကာလအတွင်း ကြီးမားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုး မပြုလုပ်ခဲ့သည့်အပြင် ရလဒ်ကောင်းများလည်း မဖန်တီးနိုင်သဖြင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် မျှော်လင့်နေကြသည်။
ထို့အပြင် လက်ရှိ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအရှိန် မြှင့်မည်ဖြစ်သည့်အတွက် စစ်ရေးပဋိပက္ခများ ပိုမိုကျယ်ပြန် လာနိုင်သည်ဟု သုံးသပ်ကြသကဲ့သို့ နိုင်ငံရေးဘက်ကို ပိုမိုဦးစားပေးလာမည်ဟုလည်း သုံးသပ်မှုများ ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များကိုတွေ့ရစဉ်
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အဆုံးအဖြတ်တော့ တည့်တည့်ကြီး ပေးမှာမဟုတ်ဘူး။ အဆုံးအဖြတ်ကို ရောက်ဖို့ အတွက် လမ်းစရှာတဲ့နှစ် ဖြစ်နိုင်ပါတယ်။ အဆုံးအဖြတ်က ထွက်လာတယ် တစ်ခု။ ဒါပေမယ့် အဲဒီအဆုံးအဖြတ်ကို စတင်ပြီးတော့ သွားနိုင်ဖို့ အဆုံးအဖြတ် ရရှိဖို့အတွက် လမ်းစနှစ် ဖြစ်နိုင်ပါတယ်။ အခုကတော့ ရွေးကောက်ပွဲ ရာသီ ဖြစ်နေတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၊ NCA အကောင်အထည်ဖော်ရေးတို့ နည်းနည်းနှေးနေတဲ့ သဘော ရှိပါတယ်။ လက်နက်ကိုင် တိုက်ပွဲတိုက်တယ်ဆိုတဲ့ဟာက နည်းနည်း ဦးစားပေးခံနေရပြီးတော့ ရွေးကောက်ပွဲ နည်းနဲ့ လမ်းစရှာမယ်ဆိုတဲ့ဟာလည်း ဦးစားပေးနေတော့ ကျနော်တို့ NCA လမ်းကြောင်းတို့၊ နိုင်ငံရေး၊ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ လမ်းကြောင်းတို့ကတော့ လောလောဆယ်ဆယ် ဦးစားပေးထဲ မပါသေးဘူးပေါ့။ သို့သော်လည်း နောက် ရက် ၂၀ ကျော်လောက်မှာ နိုင်ငံရေးကို ပိုပြီး စောင်းပေးမယ်၊ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေကို ပိုပြီး ဦးစားပေးမယ်ဆိုရင်တော့ NCA နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ပြန်ပြီး နလန်ထူနိုင်မှာ ပေါ့။ အဲဒါတွေ မလာသေးဘူး စစ်ရှိန်ပဲ မြှင့်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အဝေးကြီး လိုပါသေး တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် တော်လှန်ရေး အင်အားစုများက ယခု ၂၀၂၅ ခုနှစ်တွင် တိုက်ပွဲများ ပိုမိုဖော်ဆောင်မည်ဟု ထုတ်ပြန်ထားကြသည်။

NSPNC နဲ့ လက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေးကြစဉ်
ထို့ကြောင့် တိုက်ပွဲများ ယခုနှစ်အတွင်း ပိုမိုကျယ်ပြန့် လာမည်ဆိုပါက အဆုံးအဖြတ်ပေးမည့် အခြေအနေကို ပို၍ နီးသွားနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမျိုးကျော်က “တိုက်ပွဲတွေ ကျယ်ပြန့်လာတယ်ဆိုရင်တော့ အဆုံးအဖြတ်ဖက်ကို ပိုနီးသွားနိုင်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အခု ၂၀၂၄ မှာ မအလရဲ့ စစ်ကောင်စီဟာ နေရာတော်တော်များများကို လက်လွှတ်လိုက်ရ တယ်လေ။ မြို့နယ်လည်းများသလို သူတို့ရဲ့ စစ်ဌာနချုပ်တွေလည်း ပါတယ်ပေါ့လေ။ အဲဒါ တိုက်ပွဲတွေ ကျယ်ပြန့် လာတဲ့ အကျိုးဆက်လို့ ပြောရမှာပေါ့။ အဲဒီအပြင် ULA တို့လို မြောက်ပိုင်းမဟာမိတ် ၁၀၂၇ နောက်ပိုင်းမှာ ဒီဟာ တွေက ပိုပြီးသိသာတယ်။ သူတို့တွေက အဓိက စစ်ရေးဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေ တော်လှန်ရေး ခေါင်းဆောင်တွေ ဖြစ်တဲ့အတွင်းမှာ သူတို့တွေ ပြောလာတယ်၊ ပြောတဲ့အတိုင်း လုပ်တယ်ဆိုရင်တော့ အဆုံးအဖြတ်ဟာ ဖြစ်နိုင်ခြေများတာပေါ့” ဟု ပြောသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး မြန်မာ့ တပ်မတော်ဘက်မှ ရမခနှင့် နပခ စစ်တိုင်းဌာနချုပ် ၂ ခု အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော်ကို လက်လွတ်ထားရသည်။
လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ၆ လသက်တမ်း ကုန်ဆုံးမည်ဖြစ်သည့်အတွက် ၎င်းကာလနောက်ပိုင်း ဖြစ်ပေါ်လာ မည့် နိုင်ငံရေး အခင်းအကျင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း စောင့်ကြည့်လျက်ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1299
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ဆွေးနွေးပွဲများသည် အဖြေထွက်ရန် ခဲယဥ်း ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်(MNDAA)တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ပေမယ့် ဇန်နဝါရီ ၁၆ ရက်နေ့သို့ ရွှေ့ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ကတော့ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ရလဒ်မထွက်ပဲ ဆွေးနွေးပွဲ ပျက်ခဲ့ကြသည်။
လက်ရှိသွားခဲ့သည့် ဆွေးနွေးပွဲများအား လေ့လာကြည့်လျှင် ရလဒ်ထွက်ခြင်းရှားပြီး ၂ ဖက် အဖွဲ့အစည်းများ အနေဖြင့် သွားနေသည့်လမ်းကြောင်းများ မတူသောကြောင့် အဖြေထွက်ရန် ခဲယဥ်းနိုင်ကြောင်း သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

MNDAA နဲ့ UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
ဦးသိန်းထွန်းဦးက “ပုံမှန်အားဖြင့်တော့ ဆွေးနွေးပွဲကတော့ လုပ်နေကြတာပေါ့နော်၊ ဒါပေမယ့် လုပ်မယ်ဆိုရင် တော့ အဲဒီဆွေးနွေးပွဲရဲ့ အနှစ်သာရနဲ့ ဘယ်ကိုသွားမလဲဆိုတာ နိုင်ငံရေးအရ ဖြေရှင်းမလား၊ တကယ်လို့ နိုင်ငံရေး အရ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းမှုကို ဘယ်လောက်ထိ ရှေ့ဆက်လို့သွားမလဲ၊ အဲတော့ ဒါတွေကကျတော့ စောင့်ကြည့်ရမယ့် အနေအထားမှာရှိတယ်၊ များသောအားဖြင့်တော့ လက်ရှိသွားခဲ့တဲ့ ဆွေးနွေးပွဲတွေ အကုန်လုံး ကို လေ့လာကြည့်မယ် ဆိုရင်တော့ ရလဒ်ထွက်တာ နည်းနည်းရှားတယ်၊ အဲတော့ ရလဒ်ထွက်တာ နည်းနည်းရှား တဲ့ အချိန်မျိုးမှာ ဆွေးနွေးပွဲလုပ်တာ ကောင်းတယ်လို့ ပြောပေမယ့် ရလဒ်မထွက်ရင်တော့ ဘယ်လောက်ထိ ဆွေးနွေးပွဲက ဆက်ရှည်သွားဦးမလဲဆိုတာ ဒါကိုအဓိက ကြည့်ရမှာကိုး၊ အထူးသဖြင့်တော့ ဒီလက်နက်ကိုင်တွေ ဘက်က စစ်ရေးလမ်းစဥ်ကို အဓိကအားပြုပြီး ရွေးသွားပြီ၊ အစိုးရဘက်ကကျတော့ နိုင်ငံရေးလမ်းစဥ်ကို သွားနေ တယ်၊ အဲတော့ နှစ်ဖက်က မတူတဲ့အတွက်ကြောင့် ခေါင်းစဥ်မတူတဲ့ နှစ်ခု သွားနေတဲ့ အခါကျတော့ အဖြေထွက်ဖို့ ဆိုတာက ယုတ္တိဗေဒနည်းနဲ့ တွေးလို့ရှိရင် တော်တော်လေးခဲယဥ်းတယ်၊ အဲတော့ စောင့်ကြည့်ရမယ် ဆိုတဲ့ဟာက လွဲလို့ တော်တော်လေး ပြောဖို့တော့ခက်တယ်”ဟု ပြောသည်။
ပြည်တွင်းပဋိပက္ခတွင် ပြည်ပနိုင်ငံတချို့က လက်နက်ကိုင် တိုက်ခိုက်မှုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးအားမြှောက် လုပ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် ကယားပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အကြမ်းဖက် တိုက်ခိုက်မှုများအား ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးရင့်ကျက်မှု မရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
နစကသည် အကြမ်းဖက်မှုအား လက်မခံသော်လည်း နိုင်ငံရေးပြဿနာအား ဆွေးနွေးရန် ဖိတ်ခေါ်မှုများ တွေ့ရ ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဒေါက်တာအေးမောင်က “အခါကြီးရက်တွေမှာ နစကဥက္ကဋ္ဌ မိန့်ခွန်းကို ကျနော်တို့ သုံးသပ်ကြရမှာပေါ့၊ ပြည်နယ် နေ့တွေ နောက် သက်ဆိုင်တဲ့ အမျိုးသားနေ့တွေပေါ့ဗျာ၊ အဲဒီမှာ သူ့ဘက်က မိန့်ခွန်းချွေတာရှိတယ်၊ အဲဒီသဘော မှာလည်း တွေ့ဆုံဆွေးနွေးမှုကို သူ့ဘက်က ဖိတ်ခေါ်တဲ့သဘောလည်း တွေ့တယ်၊ ဒါပေမယ့်လို့ အကြမ်းဖက်မှုကို ရပ်ဖို့လိုတယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်၊ အဲတော့ နစက ရပ်တည်ချက် ကို သုံးသပ်ရင် အဲတော့ နစကဥက္ကဋ္ဌရဲ့ အခါအားလျော်စွာ သူ့ဘက်က ပြောတဲ့မိန့်ခွန်းတွေ၊ မိန့်ခွန်းတွေကို လေ့လာရင် သူ့ရပ်တည်ချက်ကို ခန့်မှန်းလို့ရမှာပေါ့၊ အရင်တုန်းကလို ၂၀၂၂ နှစ်ကို ငြိမ်းချမ်းရေးနေ့အဖြစ် သတ်မှတ် ခဲ့ပြီးမှ ဖိတ်ခေါ်ခဲ့တာ ရှိတယ်လေ၊ လာတဲ့အင်အားစုရှိတယ်၊ NCA ထိုးတဲ့အဖွဲ့တွေ အကုန်လာတယ်၊ နောက် မထိုးသေးတဲ့ ငြိမ်းချမ်းမှု ယူထားတဲ့ “ဝ” ၊ မိုင်းလားတို့ လာကြတာပေါ့၊ အဲဒီဥစ္စာလေးကတော့ ၂၀၂၂ က ကြာခဲ့ပြီ ပေါ့ဗျာ၊ အဲတော့ ခု ၂၀၂၅ မှာ သူ့ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခုန ကျနော်ပြောတဲ့ အခါအားလျော်စွာ သူ့မိန့်ခွန်းပြောတဲ့ ဥစ္စာမှာ လေ့လာရင်တွေ့မှာပေါ့၊ အဲတော့ အကြမ်းဖက်မှုဆိုတာ တစ်ခုကို လက်ခံပုံမပေါက်ဘူး၊ တိုင်းရင်းသားများလိုလားတဲ့ လိုလားချက်ပေါ့ဗျာ၊ နိုင်ငံရေးပြဿနာ အဲဒီပြဿနာကို ဆွေးနွေးချင်တဲ့ ဖိတ်ခေါ်မှု တွေကတော့ တွေ့ရတာပေါ့” ဟု ပြောသည်။
MNDAA၊ AA၊ TNLA တို့သည် NUG လက်အောက်ခံ PDF များ အပါအဝင် BPLA၊ BNRA၊ PLA၊ KNDF တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင် ခဲ့သည်။
ထို့နောက် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကို ဖော်ဆောင်၍ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင်၊ သပိတ်ကျင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆
စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာပြီး နယ်မြေခံတပ်မိသားစုများကို တွေ့ဆုံခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး စိုးတင့်နိုင်၊ တပ်မတော်အရာရှိကြီးများလည်း ပါဝင်ခဲ့သည်။
ထို့နောက် လဟယ်မြို့သို့ ဆက်လက်ထွက်ခွာ၍ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံခဲ့ သည်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA-PDF ပူးပေါင်း၍ ဟုမ္မလင်းမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။
ဟုမ္မလင်းမြို့သည် ချင်းတွင်းမြစ်ကမ်းနားဘေးတွင် ရှိသော မြို့ဖြစ်သလို လေယာဉ်ခရီးစဉ်များလည်း ပြေးဆွဲလျက် ရှိသော မြို့ဖြစ်နေ၍ စစ်ရေးနှင့်စီးပွားရေးအရ အချက်အချာ ကျသည့်မြို့ဖြစ်သည်။
ဟုမ္မလင်းမြို့ကို KIA-PDF က ထိန်းချုပ်နိုင်ခဲ့ပါက ခန္တီးမြို့၊ ဗန်းမောက်မြို့၊ နာဂဒေသ အပါအဝင် ဥရုချောင်း တစ်လျှောက်နှင့် ချင်းတွင်းမြစ်တစ်လျှောက်ကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 615
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံအတွင်းကနေ အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် အဖွဲ့ကို မန္တလေးမြို့မှာ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ၄၁(A) လမ်း၊ ၆၁-၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေသည့် စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ) တာတီးတို့ ၄ ဦးကို Toyota Crown မော်တော်ယာဉ်တစ်စီး၊ ပလပ် စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် စောဖြိုးအောင်၏ နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ Phensedyl ၃၀ ပုလင်း ထပ်မံ ဖမ်း ဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ် ကျေးရွာနေ ကိုစိုင်း(ခ) အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်း လင်းအောင်နှင့် ဇော်မျိုးသိန်းတို့မှ သယ်ယူ၍ ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်က မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ကြောင်း၊ မြန်မာ- အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည် ရောင်းချကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

တခြား တစ်ဖက်မှာတော့ ကလေးမြို့မှ မန္တလေးမြို့သို့ Phensedyl များ သယ်ဆောင်ရောင်းဝယ်ကြောင်း သိရသည်။
ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် Suzuki Ciaz မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ Phensedyl များ ရောင်းချပေးခဲ့ သူ လှိုင်မျိုးထွန်း(ခ)သီလွန်အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်ခဲ့ကြသူများကို ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်နေကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
မြန်မာ-အိန္ဒိယနယ်စပ်တွင် လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ ကြီးမားလာခြင်းကြောင့် အိန္ဒိယ အစိုးရကလည်း စိုးရိမ်လျက်ရှိနေသည်။
ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ကို အိန္ဒိယအစိုးရ ခြံစည်းရိုးကာရံမှု လုပ်ငန်းများ လုပ်ဆောင်၍ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅
အွန်လိုင်းငွေလိမ်လည်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကျားဖြန့်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)မှ ခေါင်းဆောင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ်အတွင်းမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)၊ လူကုန်ကူးမှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အလားတူ မြဝတီမြို့နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ အတင်းအဓမ္မခိုင်းစေမှု၊ အသက် ၁၈ နှစ်အောက် ကလေး လုပ်သားများ မခိုင်းစေရန်၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ရန်၊ လိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ(ကျားဖြန့်)၊ တရားမဝင် အဖွဲ့အစည်းများရှိပါက သတင်းပေးပို့ရန် စသည့် အချက်များဖြစ် သည်။

ထိုစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျားဖြန့်အရေး အရေးပေါ် အစည်းအဝေးကို ကရင်နယ်ခြားစောင့်တပ်(BGF)မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ၊ DKBA မှာ ဗိုလ်မှူးချုပ် စောဆန်းအောင်၊ တပ်မှူးတချို့နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်) များရှိနေပြီး တရုတ်အနုပညာရှင်များကို လူကုန်ကူးမှုများပင် လုပ်ဆောင်ခဲ့ကြသေးသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ၎င်းကိုတောင် လိမ်လည်ရန် ကြိုးပမ်းလာကြောင်း၊ မြန်မာနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းရှိသော မြို့ကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
