- By CNI News
- Category: နိုင်ငံရေး
- Hits: 592
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၃ ကို ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ကျင်းပခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆောင်ရွက်၍လည်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးသည် နိုင်ငံ ရေး ရည်မှန်းချက်ဖြစ်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဟု ၎င်းက ထုတ်ဖော် ပြောကြားထားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေသလို နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
တခြားတစ်ဖက်မှာတော့ တပ်မတော်ဖြုတ်ချရေးနှင့် နစက ကျင်းပမည့် ရွေးကောက်ပွဲ ပျက်စီးရေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများက နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 778
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရန် နစက-က ထုတ်ပြန်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မှတ်ပုံတင် ပြန်တင်နိုင်ခြေ မရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားရန် ပြင်ဆင်နေသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ဇန်နဝါရီ ၂၆ ရက်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာ သွားခဲ့သည်။
ဦးကြီးမြင့်က “ကျနော်ကတော့ မှတ်ပုံတင် ပြန်တင်နိုင်မယ့် အနေအထား မရှိဘူးလို့ ဒီလိုယုံကြည်ပါတယ်၊ ဘာလို့လဲဆိုလို့ရှိရင် သူတို့ တစ်ခါတည်း တင်ပြီးပြီလေ၊ ၂၀၁၀ ရွေးကောက်ပွဲကို ဦးသိန်းစိန် လက်ထက်မှာ ဝင်မယ် လုပ်တော့ ပါတီတွေ မှတ်ပုံတင် ပြန်တင်ရမယ်ဆိုတာမျိုး လုပ်တယ်၊ နောက်တစ်ခါကြတော့ သူတို့ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဦးသိန်းစိန်က ဖွင့်ပေးလိုက်တော့ သူတို့ကို ဒီအတိုင်းတော့ လုပ်လို့မရဘူး။ ပါတီကို မှတ်ပုံတင် ပြန်တင်ရမယ်ဆိုတော့ သူတို့ ပြန်တင်ရတယ်၊ NLD အဲဒီတုန်းက အဲတုန်းကတော့ ပုံစံတစ်မျိုးပေါ့၊ ရှင်းရှင်းပြောရ ရင်တော့ နိုင်ငံရေးသမားတွေကတော့ ပြောတာပဲလေ၊ ပါတီဆိုတာ ဘာမှအရေးမကြီးဘူး။ ပြည်သူတွေ ထောက်ခံ နေသမျှ ဘယ်အချိန် ပြန်ဖွဲ့ဖွဲ့ ရတယ်ဆိုတဲ့ စကားရှိတယ်၊ ဒါကြောင့်မို့ ဦးဝင်းတင်တို့က အဲဒီသဘောထားကို ပြောတယ်၊ ဒါကြောင့်မို့လို့ ဦးဝင်းတင် သဘောထားကို ဒေါ်စုတို့က နောက်ပိုင်းမှာ အစဉ်တစိုက် မလိုက်နာတော့ ဦးဝင်းတင်လည်းပဲ အငြင်းမပွားတော့ဘူးပေါ့နော်၊ အဲဒီလိုပဲ အသာပဲ နေလိုက်ကြတယ်၊ အဲတုန်းက တစ်ခါပြန်တင် တယ်၊ ဒီတစ်ခါတော့ လုံးဝတင်တော့မှာ မဟုတ်တော့ဘူး။ ဒီတစ်ခါတင်လို့ကတော့ ခွေးဖြစ်တော့မှာပဲလေ၊ ဒါကြောင့်မို့လို့ တင်စရာအကြောင်း လုံးဝမရှိဘူးလို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
လက်ရှိတွင် NLD အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်အများစု ထောင်ထဲမှာ ရှိနေကြောင်း၊ သို့သော်လည်း နစကနှင့် သင့်မြတ်သည့် ပုဂ္ဂိုလ်များ NLD အမည်ခံကာ မှတ်ပုံတင် ပြန်တင်မလားဆိုသည်ကို မပြောနိုင်ကြောင်း ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NLD ကတော့ ခေါင်းဆောင် အများစုကတော့ ထောင်ထဲမှာ ရှိတယ်၊ တချို့တောင်မှ ကြိုးပေးကွပ်မျက် ခံရတာရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ် အများအပြား ဖမ်းခံရတာရှိတယ်၊ CRPH တို့၊ NUG တို့ ဆိုတာလည်း ဒီစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတယ်၊ ဆိုတော့ သူ့အနေနဲ့တော့ ပြောလည်း ပြောထားပြီးပြီပေါ့၊ ရွေးကောက်ပွဲ အသိအမှတ်မပြုဘူး။ ရွေးကောက်ပွဲလည်း မဝင်ဘူးပေါ့၊ ဒါပေမဲ့ သူတို့ထဲက အဲဒီလို စုန်းပြူးတွေများ ရှိမလားတော့ မပြောတတ်ဘူးပေါ့နော်၊ NLD အမည်ခံပေါ့၊ စစ်ကောင်စီက ပလဲနံပသင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ NLD အမည်ခံပြီး ဝင်မလားပေါ့၊ ဒါကတော့ နိုင်ငံရေးနဲ့ ဆိုင်သွားပြီပေါ့နော်၊ ဘယ်သူပဲဝင်ဝင်ပေါ့၊ NLD ပဲ ဖြစ်ပါလိမ့်မယ်၊ NLD ဆိုတဲ့ နာမည်တော့ ရပါလိမ့်မယ်၊ ဒါပေမဲ့ ပြည်သူက အသိအမှတ်ပြုဖို့က ခက်တယ်၊ ဒါမှမဟုတ် တခြားနာမည်နဲ့ ပြောင်းဝင်မလားပေါ့၊ ဒါတွေလည်း ကျနော်တို့တော့ စဉ်းစားနေတာပေါ့၊ စဉ်းစား ကြည့်တာပေါ့နော်၊ ဘယ်လိုပဲဝင်ဝင် ဒီပါတီတွေရဲ့ သမိုင်းက ကောင်းစရာ မရှိဘူး။ ဒီအချိန်မှာ ဒီတော့ NLD နောက်တစ်ပါတီ ပြိုင်မလားဆိုတော့ ပြိုင်နိုင်တယ်၊ NLD နာမည်နဲ့ ဖြစ်စေ၊ တခြားနာမည်နဲ့ ဖြစ်စေ၊ NLD ထဲက တချို့ ပုဂ္ဂိုလ်တွေက ပြိုင်နိုင်တယ်ပေါ့နော်၊ အရင်လည်း အဲဒီလို လုပ်ခဲ့တာတွေ ရှိတယ်” ဟု ပြောသည်။
ပြည်ထောင်စု တစ်ဝန်းလုံး၌ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ပါတီဝင်ဦးရေ ၁၀၀၀၀၀ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
NLD ပါတီဝင် အချို့မှ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်လာနိုင်ကြောင်း သို့သော်လည်း ပါတီဝင် အင်အား ၁ သိန်း ရရှိရန် ခက်ခဲကြောင်း ဦးကြီးမြင့်က ပြောသည်။
NLD ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်(ဖရွန်းတီးယားမြန်မာ)
၎င်းက “ဒါပေမဲ့ တစ်ခုရှိတာက အန္တရာယ်ရှိတာက NLD က အဟောင်းတွေက မဝင်တော့ဘူးဆိုရင် NLD ထဲမှာ ဖောက်ပြန်နေတဲ့ အုပ်စုတွေရှိတယ်လေ၊ ပါတီထောင်နိုင်တယ်၊ NLD အနေနဲ့ ပါတီထောင်သွားနိုင်တယ်၊ ထောင် သွားပြီးတော့ ရွေးကောက်ပွဲ ဝင်သွားနိုင်တာတော့ ရှိတယ်၊ ဘာလို့ဆို ပင်မပါတီကြီးက မတင်တော့ဘူးလေ၊ ပင်မ ပါတီကြီးက မှတ်ပုံမတင်တော့ဘူးဆိုရင် သူတို့က သူတို့ဟာ သူတို့ အနေနဲ့ မှတ်ပုံတင် သွားနိုင်တယ်၊ ရန်ပုံငွေ တစ်ထောင်ဆိုတာလဲ သူတို့အတွက် ဘာမှမခက်ဘူးလေ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ပါတီဝင် အင်အား ၁ သိန်း ရှိရမယ်ဆိုတာတော့ သူတို့ ဘယ်လိုကျော်ဖြတ်မလဲ အဲဒါ။ NLD ကို ဘယ်သူမှ ဝင်မှာ မဟုတ်တော့ဘူးလေ၊ အဲဒီ ၁ သိန်းကို ဘယ်လိုလုပ်လို့ ပြမှာလဲ၊ NLD ပါတီ အဟောင်းကလည်း တင်မှာ မဟုတ်ဘူး။ NLD ပါတီ အသစ်အနေနဲ့ ထည့်ရင်လည်း လူတစ်သိန်းရဖို့ မလွယ်ဘူး။ NLD ကတော့ ဒီရွေးကောက်ပွဲကို ဝင်ဖို့ မလွယ်ဘူးထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် NLD ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်။
တခြားသော NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဝင်ဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်တို့ ပြန်လည် လွတ်မြောက်လာပြီး ဖြစ်သော်လည်း နိုင်ငံရေးလှုပ်ရှားမှုကို မတွေ့ရသလို တခြား အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ကတော့ နွေဦးတော်လှန်ရေးကို ဆောင်ရွက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 624
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိတွင် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးရသည့် အခက်အခဲနှင့် အဓိက ကြုံတွေ့နေရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အလုပ်အကိုင် အခက်အခဲ ထက် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုး လုပ်ဆောင်နေရခြင်းကြောင့် ကုန်ကျစရိတ်ပိုင်း အခက်အခဲကို အဓိကကြုံတွေ့နေရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “လက်ရှိအခက်အခဲကတော့ အထောက်အထားလုပ်တဲ့ ကုန်ကျ စရိတ်ပဲ။ အဲဒါကတော့ တော်တော်လေးကို ဆိုးဆိုးရွားရွား သူတို့ကြုံတွေ့နေရတာ။ မိသားစုများတဲ့လူဆို ပိုဆိုး တာပေါ့။ ပြောရမယ်ဆို သောင်းကျော်တယ်။ အနည်းဆုံးပျမ်းမျှက ၁၅၀၀၀ (ဘတ်ငွေ) ဝန်းကျင်လောက်ရှိတာကို ဒီ သက်တမ်းတိုးတဲ့အခါမှာ။ အခု သက်တမ်းကုန်တဲ့ကာလတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အဲဒါက အဓိက ကုန်နေတာပဲ။ အဲဒီဟာတွေ လုပ်ဖို့အတွက်က ကိုယ်တိုင်မလုပ်နိုင်တဲ့အခါကြတော့ ပွဲစားပဲအားကိုးကြရတာ အများစုက။ အဲဒီပွဲစား အားကိုးတဲ့အခါမှာ ခုနကကုန်ကျစရိတ် ပိုကုန်တဲ့ဟာက တစ်ကဏ္ဍ၊ နောက်တစ်ခုက အလိမ်ခံရတာတွေပဲ။ တကယ့်တကယ်က ဒီမှာနေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ တွက်ရင်တော့လည်း ကုန်ကျစရိတ် များတာပေါ့။ တစ်ဦးတစ်ယောက်တည်းမှာ သိပ်မသိသာပေမယ့် အများနဲ့ဆိုရင် သိသာတယ်။ တချို့ အလုပ်ရှင်တွေကြတော့ သူတို့က စိုက်ထုတ်ပေးထားတယ်၊ နားလည်တယ်။ အဲဒီတော့ စိုက်ထုတ်ပေးထားတဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေတယ်။ ဒါပေမယ့် တချို့ အလုပ်ရှင်တွေကြတော့လည်း စိုက်ထုတ်ပေးထား ပြီးတော့အတိုးသဘောနဲ့ စိုက်ထုတ်ပေးထားတဲ့ဟာမျိုး လုပ်တာရှိတယ်။ အဲဒါတွေကြတော့ အကျိုးအကြောင်း ဆက်စပ်ပြီး ပြဿနာတွေ တက်တာရှိတယ်။ စာအုပ်စာတမ်း၊ စာရွက်စာတမ်းကို သူတို့က ပိုက်ဆံထုတ်ပေးထား လို့ သိမ်းထားတာတို့၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် အလုပ်သမားက အခြားအလုပ်ကို ပြောင်းချင် တယ်ဆိုရင် ပြောင်းလို့မရဘူး” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းရှိ တရားဝင်သာမက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံကူး လက်မှတ်၊ မည်သူမည်ဝါ သက်သေခံလက်မှတ် CI ၊တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ပန်းရောင်ကတ်၊ Work permit၊ Visa အစရှိသည့် အထောက်အထား စာရွက်စာတမ်းများအား သက်တမ်းတိုး ပြုလုပ်နေရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့တွင် ပတ်စ်ပို့သက်တမ်းတိုးရန် လာရောက်တန်းစီ စောင့်ဆိုင်းနေကြစဉ်
ထို့အပြင် MOU သက်တမ်း ပြည့်သူများအနေဖြင့်လည်း ဇန်နဝါရီ လကုန်ပိုင်းမှစတင်ကာ သက်တမ်းတိုးခြင်းများ ပြုလုပ်ရဦးမည်ဖြစ်သည်။
လက်ရှိတွင် သက်တမ်းတိုးပြုလုပ်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ အလွန်များပြားသည့်အတွက် သက်တမ်းတိုးထုတ်ပေးရာတွင် အချိန်ကြန့်ကြာမှုများရှိမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
MWRN မှ အကြံပေး ဦးအောင်ကျော်က “အခက်အခဲတွေက ဘာတွေဖြစ်ပေါ်လာမလဲဆိုရင် ဒီ လုပ်သားတွေဟာ စာရွက်စာတမ်းတွေမရှိရင် အကယ်၍များ ထိုင်းအစိုးရက အချိန်နဲ့တပြေးညီ စာအုပ်တွေ မတင်ပြနိုင်ဘူး၊ သက်တမ်းမတိုးပေးဘူးဆိုရင် ပိုမိုဆိုးရွားတဲ့ ပြဿနာတွေ သက်ရောက်သွားနိုင်ပါတယ်။ အမှန်တကယ်ဆိုရင် လုပ်သားတွေကိုယ်တိုင် တိုက်ရိုက်ဝင်ထွက်ပြီးမှ လွယ်လင့်တကူဖြစ်နိုင်တဲ့ အဆင်ပြေချောမွေ့နိုင်တဲ့ နည်းလမ်း တွေကို ချမှတ်ပြီး ဆောင်ရွက်သွားမယ်ဆိုရင် ကြားကနေ ဝင်ရောက်ပြီးမှ လုပ်ဆောင်ပေးနေတဲ့ ကြားပွဲစားတွေ သုံးစရာမလိုတဲ့ အဆင့်ဆိုရင် ကုန်ကျစရိတ်တွေကလည်း အစိုးရက သတ်မှတ်ထားတဲ့နှုန်းထားနဲ့ ရရှိမှာပါ။ အခုက ဘာပဲလုပ်လုပ် လုပ်သားတွေ ကိုယ်တိုင်သွားရောက်နိုင်တာမျိုးမဟုတ်ဘဲ ကြားလူတွေပါနေတဲ့အတွက်ကြောင့် နိုင်ငံတော်က သတ်မှတ်ထားတာ ၄၀၀၀ (ဘတ်ငွေ) ရှိတဲ့ဟာဆို ၁၀၀၀၀ ကျော် (ဘတ်ငွေ)လောက် ဖြစ်သွားတာ။ နိုင်ငံတော် အစိုးရတွေ ပူးပေါင်းပြီး နိုင်ငံတော်အစိုးရဆိုတာ လုပ်သား စေလွှတ်ရာနိုင်ငံ၊ နောက်တစ်ခါ လုပ်သားကို လက်ခံထားတဲ့ နိုင်ငံ အဲဒီ နှစ်နိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လုပ်သားတွေနဲ့ပတ်သက်ပြီးမှ မူဝါဒတွေ ခိုင်ခိုင် မာမာ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ရင် ဒီအလုပ်သမား ပြဿနာတွေ အများကြီး လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးဆောင်ရွက်ရာတွင် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသည့်အပြင် အချိန်များ ပေးရသည့်အတွက်ကြောင့် ကိုယ်တိုင်ပြုလုပ်ရန်မှာ ခက်ခဲကြသည်။
ထို့အတွက် ပွဲစားများဖြင့် ပြုလုပ်ကြသည့်အခါတွင် အခကြေးငွေ အများအပြားပေးရကာ အချို့မှာ အလိမ်ခံရမှုများ ဖြင့်လည်း ကြုံတွေ့ကြရသည်။
ထို့ကြောင့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်မည်ဆိုပါက ပွဲစားများအား ကြိုတင်၍ ငွေမပေးကြရန် လည်း အလုပ်သမားအရေးဆောင်ရွက်နေသူများက သတိပေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 946
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ယနေ့(ဇန်နဝါရီ ၂၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
တော်စီကျေးရွာအနားရှိ SNA ၏ တပ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ နံနက် ၆ နာရီခန့်က စတင် တိုက်ခိုက်ခဲ့ ကြောင်း၊ ၁၁ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ အခြေအနေက ၁၁ နာရီအထိ အသံတွေကြားနေရတုန်း၊ လက်နက်ကြီးသံတွေကြီးပဲ၊ SNA ဘက်က တစ်ယောက် ဒဏ်ရာရတယ်၊ KIA၊ PDF ဘက်က ၂ ယောက် သေတယ်လို့ ကြားတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း မိမိတို့ SNA ဘက်က တစ်ဦး ဒဏ်ရာရရှိထားကြောင်း SNA မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။
ဟုမ္မလင်းမြို့ကိုတွေ့ရစဉ်
၎င်းက “ဖြစ်တော့ ဖြစ်နေတယ်၊ ဘယ်အချိန်က စဖြစ်နေတာလဲဆိုတာ အတိအကျတော့ ပြောလို့မရသေးဘူး။ သူတို့ဆီက ဆက်သွယ်ရခက်နေတယ်၊ ထိခိုက်မှုကတော့ ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရထားတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ CNI အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KIA ဘက်ကို ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်ကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ စစ်ဆေးရေး ဂိတ်တစ်ခုကို KIA၊ PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 871
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆
မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချနေသည့် အိန္ဒိယနှင့် တရုတ်ကို နော်ဝေ နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုမှာ သက်ရောက်မှု မရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်း ဌာနသို့ ပြောသည်။
ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေးကို ထိခိုက်စရာ မရှိကြောင်းလည်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “အဲဒါပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဒီကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတဲ့ အချိန်မှာ အာရှနိုင်ငံတွေရဲ့ ကြားထဲမှာ အချင်းချင်းပေါ့နော်၊ အထူးသဖြင့် ဘုံအကျိုးစီးပွား တူညီကြတဲ့ နိုင်ငံတွေကြားထဲမှာ ဆက်သွယ်မှုက ပိုပြီးတော့ အရင်ကထက် ပိုပြီး အားကောင်းလာတယ်၊ ပိုပြီးတော့ စီးဆင်းမှု ပိုမြန်လာတယ်၊ ဒါက ကျနော်တို့ တွေ့ထားတဲ့ အပိုင်းတစ်ပိုင်း အဲဒီတော့ နော်ဝေးနိုင်ငံအနေနဲ့ ခုနပြောတဲ့ အိန္ဒိယနဲ့ တရုတ်ကို သွားပြီး တော့ ပိတ်ဆို့တဲ့ အပိုင်းမျိုးက ဆန်ရှင်ဆိုတဲ့ ကိစ္စရပ်မှာပေါ့နော်။ ကျနော်တို့လို နိုင်ငံမျိုးကိုတောင် ပိတ်ဆို့ရာမှာ ဘာမှ ထိရောက်မှု မရှိဘဲနဲ့ တကယ့်ကို အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို သွားပိတ်ဆို့တဲ့ ဟာမျိုးကတော့ ဘာမှ ထိရောက်စရာ အကြောင်းမရှိဘူး။အဲဒီတော့ ဒီလို ထိရောက်မှုမရှိတဲ့ အတွက်ကြောင့်မို့ လည်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ တရုတ်၊ အိန္ဒိယပေါ့နော်၊ ဒီနိုင်ငံတွေရဲ့ ကြားဆက်ဆံရေး ထူးပြီးတော့ ထိခိုက်စရာ အကြောင်း မရှိနိုင်ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မိုဒီနဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်ကို လက်နက်များ ရောင်းချသည့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီ ၂ ခုမှာ နော်ဝေ နိုင်ငံမှ ရံပုံငွေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်တော့မှာ မဟုတ်ကြောင်း နော်ဝေးဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည်။
စီးပွားရေးအရ ဖြတ်တောက်မှုမှာ ကောင်းမွန်ကြောင်း၊ သို့သော်လည်း နစက အနေဖြင့်လည်း နောက်ဆုတ်မှာ မဟုတ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “အခုလို အိန္ဒိယတို့လိုပေါ့နော်၊ အဲဒီလို နိုင်ငံမျိုးကိုလည်းပဲ တဆင့်ပေါ့၊ တိုက်ရိုက် ဖြတ်တောက်တဲ့ အပြင် အဲဒီလိုအားပေးတဲ့ နိုင်ငံတွေကိုလည်း ဖြတ်တောက်တယ်၊ စီးပွားရေးအားဖြင့် တော်တော့်ကို ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်၊ ဒီတော့ စစ်ကောင်စီကတော့ ဘယ်လောက်ပဲ ဖြတ်တောက်တောက် ဘယ်သူပဲ ဘာလုပ် လုပ် သူကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အချိုးအတိုင်းပေါ့နော်၊ သူကတော့ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ နောက်မဆုတ်ဘူး ဆိုပေမယ့်တော့ အခက်အခဲတော့ အများကြီး တွေ့လာနိုင်တယ်၊ အဲဒီအပေါ်မှာ နိုင်ငံရေးအားဖြင့် သူတို့ဖက်က လက်လျော့ပြီးတော့ အများလိုချင်တဲ့ ပုံစံမျိုး ပြောင်းလဲလာမလား၊ ဒါမှမဟုတ် နောက်ဆုံးအထိ သူတို့အနေနဲ့ အဆုံးသတ်အထိ ပြည်သူရဲ့ အသံကို နားမထောင်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ အသံကို နားမထောင်ဘဲ အဆုံးထိ မိုက်သွားမလားပေါ့၊ မိုက်တွင်းနက်သွားမလား အဲဒါကတော့ ကျနော်တို့ ပြောလို့ မရသေးဘူးနော်၊ သူတို့ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
မြန်မာ့တပ်မတော်ပိုင် စစ်လက်နက်များကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံကို လက်နက် ရောင်းချနေမှုမှာ အလွန် အန္တရာယ်ကြီးမားကြောင်း၊ မြန်မာ့တပ်မတော်ကလည်း နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေကြောင်း နော်ဝေ နိုင်ငံက ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 953
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅
ရှမ်းနီလူမျိုးများသည် ပြည်နယ်ရရန် ထိုက်တန်ကြောင်း ရှမ်းနီအမျိုးသားများကောင်စီ(SNNC)မှ ဗဟိုကောင်စီဝင် ဆေဝမ်းဖှက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုကြီးအတွင်း ရှမ်းနီလူမျိုးများ နစ်နာဆုံးရှုံးမှုကို တည်ဆဲအစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆေဝမ်းဖှက “ဟုတ်ကဲ့။ ရှမ်းနီအမျိုးသားများကောင်စီ(SNNC)ကို ဖွဲ့စည်းရခြင်းဟာ ရှမ်းနီအမျိုးသားများ ပြည် နယ်(ဝါ) ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ရရှိဖော်ဆောင်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ရှမ်းနီ တစ်မျိုးသားလုံး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရှမ်းနီပြည်သူလူထု အားလုံးရဲ့"ဘုံ" သဘောဆန္ဒတွေကို အောင် မြင်စွာ ဆောင်ရွက်နိုင်ဖို့ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်မယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားများ ပြည်နယ်ရရှိဖို့ ဆောင်ရွက်ရာမှာ မိမိတို့ရဲ့ ရှမ်းနီလူမျိုးများဟာ ပြည်နယ်တိုင်းဒေသကြီးနဲ့ ထိုက်တန်တဲ့ လူမျိုးများ ဖြစ်ကြောင်းနဲ့ ပြည်ထောင်စုကြီးအတွင်းမှာ ဘယ်လိုနစ်နာ ဆုံးရှုံးခဲ့ရကြောင်းကို တည်ဆဲနိုင်ငံတော် အစိုးရကို တင်ပြတောင်းဆိုသွားပါမယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတော် တည်ဆဲအစိုးရရဲ့ သဘောတူခြင်း၊ သဘောမတူခြင်း အပေါ် သုံးသပ်ပြီး အသစ်ပေါ်ပေါက်လာမဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည် တင်သွင်းနိုင်အောင် ဆောင်ရွက် နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဒေသအသီးသီးမှာ ရှိကြတဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ လုပ်ငန်းကော်မတီ အသီးသီးရဲ့ ကြိုးစားဆောင်ရွက်မှုနဲ့ အောင်မြင်သည်အထိ လုပ် ကိုင်နိုင်ဖို့ စီစဥ်လျက်ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၆ အရ ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်တို့ကို ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင်ကန့်ကွက်နေသည့် ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ထည့်သွင်း ပေးလိုက်ကြောင်း သိရသည်။
ရှမ်းနီ ဓားသိုင်းအကကိုတွေ့ရစဉ်
အလားတူ ကျန် ရှမ်းနီဒေသများဖြစ်သည့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင် တို့ကို လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရ ကြောင်း ရှမ်းနီများက ပြောသည်။
ရှမ်းနီပြည်နယ် ဖွဲ့စည်းရန် လွတ်လွတ်လပ်လပ် တောင်းဆိုခွင့် ရှိကြောင်း၊ သို့သော်လည်း ကချင်လူမျိုးများ၏ သဘောထားမပါဘဲ ပထဝီအနေအထားကို ပြောင်းရွှေ့ရန် ခွင့်မပြုကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်း “တောင်းဆိုတာကတော့ ဘယ်သူပဲဖြစ်ဖြစ် ရှမ်းနီ မကပါဘူး။ ဘယ်သူပဲ တောင်းဆို တောင်းဆို ဒါကတော့ လွတ်လွတ်လပ်လပ် တောင်းဆိုပိုင်ခွင့် ရှိပါတယ်၊ တစ်ခုကတော့ ကျနော်တို့ ကချင်၊ ကျနော်ကိုယ်တိုင်လည်း ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ၂၀၁၆ မှာ ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြပြီးပါပြီ၊ ဒါက ဘာလဲဆိုတော့ ဒီကချင်လူထုရဲ့ သဘောထား မပါဘဲနဲ့ နာမည်ကို ပြောင်းခြင်း၊ မလုပ်ပါနဲ့ နောက်တစ်ချက် ကတော့ ကချင်အမျိုးသားတွေရဲ့ သဘောထားမပါဘဲနဲ့ ပထဝီအနေအထားကို ပြောင်းရွှေ့ဖို့ ကျနော်တို့ ခွင့် မပြုနိုင်ဘူးဆိုတဲ့ ဟာမျိုးကို ကျနော်တို့ တင်ပြပြီးပါပြီ၊ အခုလည်း ဒီလိုပါပဲ၊ အခုတောင်းဆိုတာ၊ မတောင်းဆို တာက သူတို့ရဲ့ ကဏ္ဍဖြစ်ပါတယ်၊ ကျနော်တို့ ကချင်အမျိုးသားတွေရဲ့ သဘောထားကို သိဖို့လိုပါလိမ့်မယ်၊ ကချင်အမျိုးသားတွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတာပေါ့” ဟု ပြောသည်။
မိမိတို့အနေဖြင့် (၈)ပြည်နယ်မူကို ထောက်ခံမှာ မဟုတ်ကြောင်း၊ ရှမ်းနီပြည်နယ် တောင်းဆိုမှုကို ၎င်းတို့ အမျိုးသားရေးအရ လုပ်သင့်လုပ်ထိုက်ကြောင်း လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းနီလူမျိုးများ၏ အလံကိုတွေ့ရစဉ်
ဦးရွှေမင်းက “အထူးသဖြင့်တော့ လက်ရှိ ပကတိ အခြေအနေကိုလည်း ကြည့်ရမှာ ဖြစ်သလို သမိုင်းကိုလည်း ပြန်ပြီးမှ ဆန်းစစ်ရမှာ ဖြစ်ပါတယ်၊ ကျနော်တို့ ပြည်နယ်တွေ ပေါ်ထွန်းလာတဲ့ အချိန်မှာ ဘယ်ပုံစံနဲ့ ပေါ်ထွန်းခဲ့ သလဲ၊ ဘယ်ဒေသကဖြင့် ဘယ်လူမျိုးတွေ အများစု နေထိုင်ပြီးတော့ ရှေ့ဘိုးဘေးကတည်းက သူတို့ နေထိုင်ခဲ့တဲ့ နေရာ လက်ရှိလည်း အင်အားသူတို့ များတယ်၊ သို့သော် အဲဒါကို တခြားလူမျိုးတစ်ခုက ပြည်နယ်အဖြစ် သတ်မှတ် လိုက်တာကတော့ သူတို့ရဲ့ ခံစားချက်မှာလည်း သူတို့ရှိပါလိမ့်မယ်၊ ရှမ်းနီတွေရဲ့ ဖွဲ့စည်းမှု အပေါ်ကတော့ ကျနော် တို့က တခြားပြောကြား သုံးသပ်ပြောကြားစရာတော့ တခြား မရှိပါဘူး။ သို့သော် ပြည်နယ်သစ် ပေါ်ထွန်းရေး ဆို တာတော့ ဒါကျနော်တို့ လာမယ့် အခြေခံဥပဒေမှာတော့ ဖော်ပြသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ရှမ်းနီလူမျိုးများမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း အများဆုံး နေထိုင်ကြပြီး ရိုးရာဓလေ့ စရိုက်များ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများ တူညီသည့်အတွက် စုစည်းရန် ခက်ခဲမှာ မဟုတ်ကြောင်း ရှမ်းနီ အမျိုးသားများကောင်စီ(SNNC)မှ ဆေဝမ်ဖှက ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းနီလူမျိုးများဟာ အဲဒီ စစ်ကိုင်းတိုင်းတွေ ကချင်ပြည်နယ်တွေ မဖြစ်ထွန်း မပေါ်ပေါက်မီ ကတည်းက ဒီလိုကျယ်ပြန့်တဲ့ နယ်မြေတွေမှာ နှစ်ပေါင်းများစွာ မြို့ပြပြည်ထောင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တစ်မိသားစုထဲက ညီအစ်ကို မောင်နှမများ ဖြစ်ပါတယ်။ မပြည့်စုံ၊ မမျှတတဲ့ အခြေခံ ဥပဒေတွေကြောင့်သာ နယ်မြေတွေ ပိုင်းခြားသိမ်းပိုက် ခံကြရပေမဲ့ ရှမ်းနီတွေရဲ့ မူလမျိုးချစ်စိတ်တွေ ရိုးရာ ဓလေ့ စရိုက်တွေ၊ စာပေ ဘာသာစကားတွေ ၊ ယဥ်ကျေးမှုတွေဟာ တူညီကြပြီး အဲဒီအပေါ် တန်ဘိုးထား မြတ်နိုးမှုတွေ ကလည်း အတူတူပါ။ တနည်း ပြောရရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဘုံဆန္ဒ သဘောထားတွေဟာ အတူတူဘဲ ဖြစ်ကြပါ တယ်။ အဲဒီအတွက် စုစည်းဖို့ ခက်ခဲမယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့ပါဘူး” ဟု ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကိုတွေ့ရစဉ်
ရှမ်းနီလူမျိုးများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူဦးရေ ၁ သန်းခန့် ရှိနေပြီး ပြည်နယ် ရရှိရန် ၂၁ ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)မှာ တရားဝင် တောင်းဆိုမှုများလည်း ရှိခဲ့ သည်။
ထို့နောက် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) သည်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 742
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄
အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့သော်လည်း မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က မေးခွန်းထုတ်လာခဲ့သည်။
ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် နေပြည်တော်မှာ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်က “ အနာဂတ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အတိတ် ကာလက အမှားတွေကို သင်ခန်းစာယူပြီး အမှန်သို့ ရောက်အောင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါ တယ်။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ လွတ်လပ်ရေးရယူခဲ့တာ နှစ်ပေါင်း ၇၅ နှစ် တင်းတင်း ပြည့်ပေမယ့် မိမိတို့ တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲ၊ အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲ၊ ဒါတွေကို သေသေချာ ချာ ပြန်လည်သုံးသပ်ပြီး သဘာဝအရှိ တရားနဲ့ ၁၉၄၇ ပင်လုံစာချုပ်နဲ့အညီ တိုင်းပြည်ကို ပြန်လည်တည် ဆောက်နိုင်မှသာ အားလုံးလိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့ ပန်းတိုင်ကို ရောက် ရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတွေ့ရစဉ်
ထို့နောက် မိမိတို့သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်မှာ ၇ နှစ်ကျော် ကြာခဲ့သော်လည်း နိုင်ငံရေးအ ရ တိုးတက်ဖြစ်ထွန်းမှုမရှိရုံသာမက NCA စာချုပ်မှာပါသည့်အတိုင်း လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ ခြင်းက ပြီးခဲ့သည့် ၇ နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာ ဖြစ်မိကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံးနဲ့ အဖွဲ့အ စည်း အားလုံးတို့ရဲ့ လိုလားချက်ဟာ အမျိုးသားတန်းတူရေးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တဖက်နဲ့တဖက် အသာစီး အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win- Win Solution ဖြစ်ရေး၊ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး၊ လိုအပ်သလို တစ်ဖက်နဲ့တဖက် အလျှော့အတင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေး တို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိပြီး အားလုံး လိုလားတောင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS ကိုယ်စားလှယ်အဖွဲ့သည် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1102
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄
မလေးရှားနိုင်ငံတွင် ပါမစ်လျှောက်ရန်အတွက် အမည်စာရင်း စတင်ပေးသွင်းနိုင်သည့်ရက်အား ကြေညာပြီး နောက်တွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ နည်းပါးလာကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
ရီကာလီဘရာစီပါမစ် (RTK) လျှောက်ရန်အတွက် အမည်စာရင်းတင်ပေးသွင်းနိုင်မည့်ရက်အား မကြေညာခင် ရှေ့ပိုင်းကာလများတွင် စီမံချက်ဖြင့် အဖမ်းအဆီးမှာ အများအပြားရှိခဲ့ပြီး မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား ဖမ်းဆီးခံခဲ့ရသည်။
ရီကာလီဘရာစီပါမစ် (RTK) လျှောက်ထားရသည့် နေရာ
မလေးရှားတွင် နေထိုင်လျက်ရှိသည့် မညို့က “သူတို့ကို အဖမ်းပြလိုက်လို့ရှိရင် ဒီ အိုသမားတွေကို မထားရဲ တော့ဘူး။ သူဌေးတွေလည်း မဖြစ်မနေပါမစ်တွေတင်ရတော့မယ်လေ အားလုံးကိုလေ။ ဟန်ပြပုံစံမျိုးပေါ့ ဖမ်းပြတာပေါ့။ အခုက သူတို့တွေက ပါမစ်တွေ ချပေးမယ်လို့ ပြောထားတယ်လေ။ ပါမစ်တွေဘာညာချပေးမယ် ပြောထားတော့ အဖမ်းအဆီးတော့ နည်းသွားပြီ။ အခုတော့ အမှန်တွေ ဝင်လာတော့ အိုသမားတွေကြတော့ အလုပ်နည်းနည်းရှားလာတယ်။ လူတွေက များလာပြီလေ အခု။ အရင်ကဆို အလုပ်မရှိတော့ သူဌေးတွေက အိုသမားကို ခေါ်တာများတယ်။ အဓိက ခေါ်တယ်ပေါ့။ calling နဲ့ လာတဲ့လူများလာတော့ အိုသမားတွေ နည်းနည်းလေးတော့ အလုပ်ရှားလာတယ်။ အရင်ကဆိုရင် အလုပ်ဈေးကောင်းတယ်။ အခု အမှန်တွေ လာပြီ ဆိုတော့ အလုပ်သမားတွေ ဈေးနည်းနည်းကျတာပေါ့။ အိုသမားတွေတော့ အခက်အခဲအများကြီး ရှိတာပေါ့။ အိုသမားတွေကို ခိုင်းရင် သူဌေးက ဒဏ်ငွေ ဆောင်ရတယ်။ သူတို့ စက်ရုံကို မသင်္ကာလို့ လာစစ်ရင် အိုသမားတွေ တွေ့ရင် ဖမ်းပေါ့။ သူဌေးပါ ဒဏ်ငွေဆောင်ရတယ်။ သူတို့က သတ်မှတ်ထားပြီးတယ်လေ။ သူတို့ပါမစ်ချပေးတာကို သူဌေးကမလုပ်ဘူးဆိုရင် တကယ်လို့ အော်ပရာစီဝင်မယ်ဆိုရင် ဖမ်းတာပေါ့” ဟု ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရီကာလီဘရာစီပါမစ်(RTK) လျှောက်ရန်အတွက် အမည်စာရင်းပေးသွင်းခြင်းအား ဇန်နဝါရီ ၂၇ ရက်မှ စတင်ပေးသွင်းနိုင်ခြင်းဖြစ်ပြီး သတ်မှတ် ကာလမှာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ တရားဝင်ထုတ်ပြန်ထား သည်။
လက်ရှိတွင် စီမံချက်ဖြင့် ဖမ်းဆီးမှုမှာ နည်းပါးသွားသော်လည်း ဆူညံမှုများပြုလုပ်သည့်အတွက် တိုင်ကြားမှု များရှိပါက လာရောက်ဖမ်းဆီးခြင်းသည် ပုံမှန်အတိုင်း ရှိနေကြောင်းနှင့် လက်ရှိတွင် အဖမ်းအဆီး နည်းနေသည့် အတွက် ပါမစ်မပြုလုပ်ဘဲ မနေကြရန်လည်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာန သို့ပြောသည်။
မလေးရှား အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနေစဉ်
မလေးရှားတွင် နေထိုင်သူ မွှားမိုက်ကယ်က “လက်ရှိ စာအုပ်ရှိထားတဲ့လူတွေကတော့ ပါမစ် ကပ်စေချင်တာပေါ့။ အဖမ်းအဆီးနည်းတယ်ဆိုပေမယ့် ကိုယ့်ဘက်က ပြည့်စုံအောင်ရှိထားတဲ့အတွက် ပိုပြီးတော့ အဆင်ပြေတာ ပေါ့နော်။ အိုသမားတွေအတွက်က (Overstay) သူက အချိန်မရွေးဖမ်းလို့ရနေတာဆိုတော့။ လက်ရှိကတော့ အဖမ်းအဆီးက သိပ်ပြီးတော့ မဖမ်းတော့ပါဘူး။ နှစ်ကူးမတိုင်ခင်လောက်ကတော့ နည်းနည်းလေး ဖမ်းတယ် ပေါ့နော်။ အခုက မလေးရှားမှာက ဖမ်းတယ်ဆိုတာကလည်း complain ရှိမှပေါ့နော်။ complain ရှိတယ်ဆိုတာ ရပ်ကွက်ထဲမှာ ဆူညံတာတို့၊ လူတွေအများကြီး အုပ်စု အုပ်စုနဲ့ ညဘက် လျှောက်သွားတာတို့ ဒီလောက်ပဲ။ အဲဒါကိုပဲ သူတို့က ဖမ်းတာပါ။ လက်ရှိမှာ ငြိမ်နေတယ်။ ကျနော်ထင်တာက ကမ့်ထဲတို့ ထောင်ထဲတို့မှာ ထားစရာ နေရာ သိပ်မရှိတော့ဘူးလို့ ထင်တယ်။ ကမ့်တွေကလည်း ဒီမှာက နည်းတယ်လေ။ ၁၁ ခု ရှိတာ အဲဒီ ၁၁ ခုလည်း ပြည့်နေလောက်ပြီ။ အထူးသဖြင့်ကတော့ ငြိမ်ငြိမ်လေးနဲ့ အေးအေးဆေးဆေးလေး နေတဲ့လူတွေကတော့ သိပ်ပြီး တော့ အဖမ်းအဆီး မရှိပါဘူး။ အဲဒီလိုမျိုး ဆူဆူညံညံနဲ့ ရပ်ကွက်ထဲမှာ Box တွေဖွင့်တာတို့၊ သီချင်းတွေဆိုတာတို့ ဘာတို့ ပတ်ဝန်းကျင်က complain တက်ရင်သာ လာဖမ်းတာပဲ ရှိတာ။ ပါမစ်ထုတ်ပေးတာတော့ ကောင်းပါတယ် အလုပ်သမားတွေအတွက်” ဟု ပြောသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် လက်ရှိ၌ သတ်မှတ်ကာလကျော်လွန်နေထိုင်လျက်ရှိသည့် မြန်မာ Overstay သမားများအနေဖြင့်လည်း ၎င်းပါမစ်အား လျှောက်ထားသင့်ကြောင်း မလေးရှားရှိ မြန်မာများက အကြံပြုသည်။
ယခုအခါတွင် ပြန်ဖွင့်ပေးသည့် ရီကာလီဘရာစီပါမစ်(RTK)အား လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစား ၈ မျိုးနှင့် လျှောက်ထားခွင့် မရှိသည့် လုပ်ငန်းအမျိုးအစား ၅ မျိုးဟူ၍ သတ်မှတ်ထားသည်။
ပါမစ် လျှောက်ထားနိုင်သည့် လုပ်ငန်း ၈ မျိုးမှာ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ကျောက်မိုင်း များ၊ လုံခြုံရေးအစောင့်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ စိုက်ခင်း၊ နိုင်ငံခြား အိမ်အကူတို့ဖြစ်ပြီး ထိုနိုင်ငံ ခြား အိမ်အကူအား ယခုနှစ်၌ ကဏ္ဍအသစ် ထည့်သွင်းထားခြင်းဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်ထားခွင့်မရှိသည့် လုပ်ငန်း ၅ မျိုးမှာ အထည်အလိပ်လုပ်ငန်း၊ ပန်းထိမ်၊ ဆံပင်ညှပ်၊ လူမှုဖူလုံရေး၊ စွန့်ပစ် ပစ္စည်း ပြန်လည်အသုံးပြုထုတ်လုပ်ရေးလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄
ကချင်ပြည်နယ် နမ္မားမြို့နယ်တွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ကိုယ်စားလှယ်လောင်း ဦးတင်ညွန့်ကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၌ အမည်မသိ လူတချို့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
နမ္မားမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက် အသတ်ခံရသည်ကို မသိရှိရသေးကြောင်း SSP ကိုယ်စားလှယ်လောင်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြစ်တာက နမ္မားလက်ဖက်ရည်ဆိုင်မှာ ကြားတယ်၊ ကျနော်တို့ကလည်းလေ၊ မနက် ၈ နာရီခန့်လောက် ပေါ့၊ အဲဒါတော့ ကျနော်တို့တော့ ဂဃနဏ မသိဘူးဗျ၊ တစ်ဖက်က ဘယ်လို အညှိးအတေးထားလဲ မသိဘူး။ သူ ကတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ လူပါ၊ ပရဟိတ လုပ်ကူနေတဲ့ လူပါပဲ” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးတင်ညွန့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးတင်ညွန့် အသတ်ခံရခြင်းနှင့် ပတ်သက်၍ SSP ပါတီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။
ရှမ်းနီတိုင်းရင်းသားများကိုတွေ့ရစဉ်
လူဦးရေ စာရင်းကောက်ခံမှုကို လိုက်ပါသည့်အတွက် အငြိုအတေးထားခြင်း ဖြစ်နိုင်ကြောင်း SSP ကိုယ်စားလှယ် လောင်းတစ်ဦးက ပြောသည်။
၎င်းက “အဲဒီလိုပဲ ကျနော်တို့ သုံးသပ်မိတယ်လေ၊ တချို့က အဲဒါလေးတွေကို အညှိးအတေး ထားကြတယ်လို့ လည်း တခြားစီမှာ အသံပလံတွေ ထွက်နေတာကိုး။ အသံပလံ ထွက်နေတဲ့ အခါကြတော့ အဲဒီကိစ္စနဲ့ပဲ သူ့ကိုများ မကျေနပ်တာလားပေါ့၊ အဲဒါကြောင့်မို့လုပ်တာ လက်ဖက်ရည်ဆိုင်မှာ လာပြီး ပစ်သွားတာတော့ ခေါင်းကို ပစ်သွား တာပြောတာပဲ၊ လူထုတွေကတော့ ဘယ်လို အခက်အခဲ ဖြစ်စေလဲဆိုတော့ ပြည်သူလူထု အနေနဲ့ကတော့ ဘယ်လိုပြောတတ်မလဲဗျာ၊ တစ်ဖက်အမြင် သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့အခါတော့လေ” ဟု ပြောသည်။
နစကသည် လာမည့် ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ပြီး လူစာရင်းများ ကောက်ခံလျက်ရှိသည်။
ထို့နောက် တော်လှန်ရေး အင်အာစုများလည်း လူစာရင်း ကောက်ခံသည့် အုပ်ချုပ်ရေးမှူးများ၊ လိုက်ပါ ဆောင်ရွက် သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်း ရှိလာသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖားကန့်မြို့နယ်တွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှ ပါတီဝင်များဖြစ်သည့် ကိုကံဆက်နှင့် ကိုထွန်းလွင်တို့လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် များလည်း ရှိခဲ့သည်။