CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်တည်တံ့ခိုင်မြဲရန် အားလုံးစည်းလုံးညီညွတ်ဖို့ လိုအပ် ကြောင်း ပြောဆိုခဲ့ပြီးနောက် မြန်မာပြည် ပြိုကွဲနိုင်ခြေရှိနေသလားဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ် များက သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ပြောကြားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ကမ္ဘာ့ရေးရာ အခြေအနေများမှာ ရှုပ်ထွေးလာခြင်းကြောင့် မြန်မာနိုင်ငံ တည်တံ့နေစေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ရ မည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူရှိနေသမျှ တည်တံ့နေရမည်ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း ခေတ်အဆက်ဆက် ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ ဒဏ်ကို မြန်မာ့တပ်မတော်နဲ့ လက်တွဲပြီး ကြံ့ကြံ့ ခံ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်း/ပြည်ပ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းလည်း ရှိကြပါတယ်။ ကျနော်တို့ ပြည်သူတွေ သတိပြုရမှာက ယနေ့ ကမ္ဘာ့ရေးရာ အခြေအနေတွေဟာ အင်မတန်မှ နက်နဲ့ ရှုပ်ထွေးလာတာကြောင့် ကျနော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သ၍ တည်တံ့နေစေဖို့ ကျနော်တို့အားလုံး စည်းလုံးညီညွတ်ဖို့ လိုပါ တယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက် သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသော စစ် အောင်မြင်ဖို့ ကျနော်တို့ ပြည်သူတွေက ယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ် ပြည်သူရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေရပါမယ်၊ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး သဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာကာ ယခင်က တိုက်ပွဲများ မရှိသော ပြည်မဒေသအထိ ဖြစ်ပွားလာခဲ့ သည်။

မြန်မာ့တပ်မတော်နှင့် အတိုက်အခံ အင်အားစုအကြား အားပြိုင်မှုမှတဆင့် အဆိုပါ ကိစ္စရပ်များ ဖြစ်လာခြင်းဟု မြန်မာ့နိုင်ငံရေး‌လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် လုံးပမ်းနေတယ်၊ စစ်ကောင်စီကလည်း အဲဒါတွေကို အကြမ်းဖက် နှိမ်နှင်းနေတယ်၊ နှစ်ဦးနှစ်ဖက် အဲဒီလို သဘောထားရှိတဲ့အခါ ဒါတွေ ဖြစ်လာတာပေါ့” ဟု ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) တို့ ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့နယ်အများစုကို တိုက်ခိုက်၍ နေရာယူခဲ့ကြသည်။

ထို့နောက် TNLA၊ MNDAA တို့ အသုံးပြုတိုက်ခိုက်နေသည့် ဒရုန်း၊ ဒရော့ဗုံးနှင့် ရှော့တိုက်ဒုံးများမှာ နည်းပညာအရ အဆင့်မြှင့်တင် ပြင်ဆင်ထားကြောင်း၊ ကြေစားတပ်များ၏ နည်းပညာထောက်ပံကူညီမှု ရနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၅ ရက်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တအာင်းတပ်ဖွဲ့ TNLA ကို တွေ့ရစဉ်

တိုင်းပြည်ပြိုကွဲနိုင်သည့် အခြေအနေကို သုံးသပ်၍ မရကြောင်း သို့သော်လည်း လက်ရှိအနေအထားအရ ဖရိုဖရဲ ဖြစ်နေကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဥက္ကဋ္ဌ) မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ပြိုကွဲတဲ့ အနေအထား ဖြစ်နေပြီလား မဖြစ်ဘူးလားဆိုတာကတော့ ကျနော်လည်း အတိအကျကြီးတော့ သုံးသပ်လို့ မရသေးဘူး။ ဖရိုဖရဲဖြစ်နေတာကတော့ အမှန်ပဲပေါ့ဗျာ၊ ဒါကတော့ ပြိုကွဲတဲ့အဆင့်ဆိုတာက လေးနက် တယ်လေ၊ အဲဒီလောက် အတိုင်းအတာအထိတော့ ကျနော်ထင်တာ မဟုတ်လောက်သေးဘူးထင်တယ် အဲဒီ လောက်အထိကတော့” ဟု ပြောသည်။

မြန်မာ့တပ်မတော်၏ တချို့သော ကိစ္စရပ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ပြိုကွဲသည့် အနေအထားကို ရောက်ရှိလာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။

၎င်းက “ပြိုကွဲသွားတဲ့ အနေအထားကိုတော့ ရောက်လာပြီပေါ့၊ ရောက်လာပြီဆိုတာက ပြောရလို့ရှိရင်တော့ ခေါင်းဆောင်မှုပေါ့နော်၊ ခေါင်းဆောင်မှုကြောင့် ဖြစ်တာပေါ့။ ပြောရလို့ရှိရင် လုပ်သင့်လုပ်ထိုက်တာတွေ မလုပ် ခဲ့ဘူး။ နောက်ပြီးတော့ အပေါ်ပိုင်းမှာ လာဘ်စားမှု၊ ခြစားမှုက သိပ်ကြီးတယ်၊ အဲဒီတော့ အောက်ခြေက စစ်သည် တွေကလည်း အယုံအကြည် ကင်းမဲ့သွားတဲ့ သဘောရှိတယ်။ အဲဒီတော့ အခြေအနေကို ပြင်မယ်ဆိုရင်တော့ ရပါ တယ်။ အသိတရားဝင်ရင် အခုပြင်လို့ရပါတယ်။ အသိတရား မဝင်ရင်တော့ ပြိုကွဲသွားမှာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်ကို တောင်လှန်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှာ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ကွန်ဖက်ဒရေးရှင်းစနစ်ရရှိရေး စသဖြင့် မတူညီသော ပုံစံမျိုး များဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေသည်။

ရခိုင်တပ်ဖွဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

ခွဲထွက်ခြင်း၊ လွတ်လပ်ရေး ကြေညာခြင်းများမှာ လက်ရှိ ခေတ်ကာလအရ မရှိတော့ကြောင်း တွေ့ဆုံဆွေးနွေး၍ အပေးအယူရရှိကာ ပြေလည်သွားမည်ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလ မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစု ကြည် တို့အား ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ ပြင်ဆင်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း မိမိတို့ ထိန်းချုပ် သည့် နယ်မြေအသီးသီးမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နှင့်  စတင် အုပ်ချုပ်သွားရမှာ ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောကြားခဲ့သည်။

ထို့နောက် အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မိမိတို့သည် "ဝ"ထက် မနိမ့် သော နိုင်ငံရေးအဆင့်အတန်းမျိုးကို တည်ဆောက်မည်ဖြစ်သလို ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းရအောင် တိုက်ယူသွားမည်ဟု ပြောကြားထားသည်။