CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ကို လက်နက်ကိုင်အင်အားစုများက တိုက်ခိုက်သွားရန် ပြင်ဆင်နေသည် ဆိုသော သတင်းများကြောင့် ဒေသတွင်းနေ ပြည်သူများသည် မန္တလေးမြို့ပေါ်သို့ ကားမျိုးစုံဖြင့် လာရောက် တိမ်းရှောင်ကြသည်။

အဆိုပါ တိုက်ပွဲရှောင်လာကြသော ကားတန်းကြီးသည် ပြင်ဦးလွင်-မန္တလေး ၁၆ မိုင်ဂိတ်တွင် ပိတ်မိနေပြီး စစ်ဆေးခံနေကြရသည်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဗမာပြည်လွတ်မြောက်ရေးတပ်တော်(BPLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLA)နှင့် တခြားသော PDF များ ပူးပေါင်း၍ ပြင်ဦးလွင်နှင့်မန္တလေးမြို့ကို တိုက်ခိုက်ရန် ပြင်ဆင်စုဖွဲ့နေကြောင်း သတင်းများထွက်ပေါ် နေသည်။

ထို့ကြောင့် ပြင်ဦးလွင်မြို့မှာ နေထိုင်ကြသော အရပ်သား ပြည်သူများသည် မန္တလေးမြို့သို့ ဆင်းလာပြီး တိုက်ပွဲ လာရှောင်ကြသလို မန္တလေးမြို့မှာ စီးပွားရေး လုပ်ငန်းများထူထောင်ထားသော ကုမ္ပဏီတချို့ကတော့ ရန်ကုန် သို့ လုပ်ငန်းများ ရွှေ့ပြောင်းနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ပေါ်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းဘက်မှာ တော့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

တခြားတစ်ဖက်မှာတော့ တရုတ်-မြန်မာနယ်စပ်(ကျယ်ဂေါင်-မူဆယ်-လားရှိုး-ကျောက်မဲ-မန္တလေး) ကုန်သွယ်ရေးလမ်းတစ်လျှောက် တိုက်ပွဲများ ပြင်ထန်းနေချိန် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း သည် နေပြည်တော်သို့ ရုတ်တရက် လာရောက်ကာ နစကအကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်သည်။