- By CNI
- Category: နိုင်ငံရေး
- Hits: 1826
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများအတွင်း တပ်မတော် အနေဖြင့် အားရစရာမရှိကြောင်း၊ စစ်ရေးပိုင်းတွင် မည်ကဲ့သို့ မဟာဗျူဟာချထားသည်ကို မှန်းရခက်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတစ်နိုင်ငံ၏ ခေါင်းကြီးပိုင်းကို တာဝန်ယူထားသည့် တပ်မတော် တစ်ရပ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် အားရစရာ မကောင်းဘူးဟု မြင်ကြောင်း၊ မည်သည့်အပိုင်းကို ဦးတည်သွားနေသည်ကို ပြောရ ခက်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “တိုက်ပွဲပိုင်း တချို့နေရာတွေတော့ အားရစရာမရှိဘူးပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းကြီးပိုင်း တာဝန်ယူ ထားရတဲ့ တပ်မတော် တစ်ရပ်အနေနဲ့က အားရစရာ မကောင်းဘူးလို့ ရှုမြင်တယ်။ သို့သော်လည်း နိုင်ငံတစ်ခုလုံး စာရဲ့ ကြုံနေရတဲ့ စစ်ပွဲမျိုးနဲ့ ယှဉ်ပြန်ရင်လည်း အဖြေထုတ်ပေးဖို့က စောနေသေးတယ်။ အဲဒါက နစကအနေနဲ့ စစ်ရေးပိုင်းမှာ ဘယ်လိုမဟာဗျူဟာ ချထားလဲ၊ ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ။ ဒါကြတော့လည်း ကျနော်တို့ နည်းနည်း မှန်းရခက်နေတယ်။ ခက်နေတယ်ဆိုတာက ဘယ်လိုအပိုင်းကို သူဦးတည်သွားလဲဆိုတာ ပြောဖို့ လုံလောက်တဲ့ ဒေတာမရှိဘူး။ စောင့်ကြည့်ပြီးတော့မှ ထပ်အဖြေထုတ်ရမယ့် အပိုင်းတော့ ရှိလိမ့်မယ်။ လောလော ဆယ် မြေပြင် အခြေအနေကိုကြည့်ရင် ရခိုင်စစ်မျက်နှာသည် စစ်ရေးပိုင်းအရ အသာစီးမရတဲ့ အနေအထားလို့ပဲ သုံးသပ်လို့ ရတယ်။ သို့သော်လည်း နောင်တစ်ချိန်မှာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမယ့် သဘောရှိပါတယ်” ဟု ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်း ကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် လက်နက်ကိုင် အင်အားစုများနှင့် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော တိုက်ပွဲများ တွင် လေကြောင်းတိုက်ခိုက်မှုကို အဓိက အားထားလျက်ရှိသည်။
လက်ရှိတွင် အမ်းနှင့် ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြန်မာ့တပ်မတော် ဘက်မှလည်း စွမ်းဆောင်ရည် ကျဆင်းလာသည်ကို သက်သေပြနေကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာကို CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူအားဖြင့်ကြည့်ရင်တော့ ၁၀ စုနှစ် တစ်ခုကာလက မြန်မာ့တပ်မတော်ဆိုတာက အင်အားကြီးခဲ့ပြီးတော့ တိုင်းရင်းသားနယ်မြေ၊ တိုင်းရင်းသားဒေသတွေမှာ အပေါ်စီးရခဲ့ဖူးပါတယ်။ အခုတစ်ခါ ထို့အတူပဲ သူက အင်အားစု ချို့ယွင်းပြီးတော့ တိုင်းရင်းသားတပ်တွေက တစ်ဖန်ပြန်ပြီး စစ်ရေးအရ အပေါ်စီး အသာစီး ပြန်ရတဲ့သဘောပေါ့ လေ။ AA က ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးအရ အသာစီးရနေတာတွေက တစ်ဖက်က AA ရဲ့ စွမ်းဆောင်မှုပါသလိုပဲ တစ်ဖက်က လက်ရှိ တပ်မတော်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတာကိုလည်း သက်သေပြနေတဲ့ သဘောလို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

တပ်မတော် လေကြောင်းကို တွေ့ရစဉ်
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြင်းထန်ခဲ့သည့် တိုက်ပွဲများမှာ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်ဖွဲ့(TNLA)ဘက်မှ ဦးစွာ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ထို့နောက် ကိုးကန့်တပ်ဘက်မှ အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နစကဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကိုးကန့်တပ်တို့ ဆွေးနွေးမှု စတင်နေကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း KIO နှင့် တရုတ်ပြည်သူ့အတိုင်အပင်ခံ ကွန်ဖရန့်အဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်းလည်း သိရသည်။
သို့သော် ရခိုင်ပြည်နယ်တွင်မူ နစကနှင့် AA တို့အကြား တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေပြီး AA ဘက်မှ သိမ်းပိုက် ထားသည့် နယ်မြေများမှာ စုစုပေါင်း ၁၃ မြို့နယ်အထိ ရှိလာပြီဖြစ်သည်။
လက်နက်ကိုင်နည်းလမ်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရဘဲ နိုင်ငံရေးစားပွဲဝိုင်း သို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့် ပဋိပက္ခများကို ပြေလည်စေမည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်သည့် နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ နစကဥက္ကဋ္ဌမှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ပြောဆိုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1107
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းနှင့် ကချင်ပြည်နယ်အစပ် တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KI A)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့နှင့်ပူးပေါင်း၍ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့ကြသည့် နာဂပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(NPDF)များကို တွေ့ရသည်။
အဆိုပါ NPDF ရဲဘော်များသည် ပါဟုတ်ကြီး၊ ပန်ချယ်၊ ရွှေတွင်းလမ်းဆုံ၊ ရာလားတီး စသည့် တိုက်ပွဲများတွင် KIA-KPDF များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ကို တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ရှေ့တန်းမှ ပြန်လာသည့် NPDF အမှတ်(၁) တပ်ရင်းမှ ရဲဘော်များကို ကြိုဆိုခဲ့ ကြသည်ကို တွေ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်များလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ နာဂလက်နက်ကိုင်များအနေဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ အရှေ့နာဂအမျိုးသားများကာကွယ်ရေးတပ်မတော်(ENDA/ENNA)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီဆူ/ဗွီဗား(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ဟာရှီရန်ဆန်း(NSCN) စသည့် အဖွဲ့များ ရှိကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2044
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
မြန်မာ့တပ်မတော်မှ စစ်ရုံးအရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့ တွေ့ဆုံဆွေးနွေးမှုတွင် လားရှိုးမြို့ကနေ ဆုတ်ခွာရေး မဆုတ်ခွာရေးကိစ္စမှာ တင်းမာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်နှင့် MNDAA တို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လားရှိုးကိစ္စသည် အကြိတ်အနယ် ဖြစ်လာနိုင်ပြီး တရုတ်၏ သဘောထားကိုလည်း MNDAA ဘက်မှ ထည့်သွင်းစဥ်းစားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တပ်နဲ့ဆွေးနွေးတာကတော့ တင်းတင်းမာမာ ဖြစ်မယ်လို့မထင်ဘူး၊ ဘာလို့လဲဆိုတော့ တရုတ်က စစ်တပ်ဘက်က ရပ်နေတဲ့အခါကျတော့ တင်းတင်းမာမာဖြစ်စရာ သိပ်တော့အကြောင်း မရှိပါဘူး။ ကျနော် အဲ့လိုမျိုး မြင်ပါတယ်။ သိပ်ကြီးလည်း ဖြစ်စရာတော့ မရှိပါဘူး။ တစ်ခုပဲ လားရှိုးကိစ္စကတော့၊ လားရှိုးကိစ္စကပဲ တစ်ခုအကြိတ်အနယ် ဖြစ်နိုင်တယ်၊ ကျန်တာတွေကတော့ မဖြစ်နိုင်ပါဘူးနော်။ MNDAA ကလည်းပဲ သူတို့လိုအပ် တဲ့ဟာတွေ တိုက်ခိုက်ရယူထားပြီ၊ စစ်တပ်ကလည်း ဒီအပေါ်မှာ နားလည်မှုရှိတယ်။ ဒါအခု ဖြစ်နေတာက လားရှိုး ကိစ္စမှာတော့ နှစ်ဖက်စလုံး တစ်ဖက်နဲ့တစ်ဖက် ရပ်တည်ထားတာတွေ မတူဘူးပေါ့၊ အဲတာတော့ မြင်တယ်ပေါ့ နော်၊ အဲတာတော့ ဘယ်လိုဖြစ်လာမလဲ မပြောနိုင်ဘူးပေါ့၊ ဘာလို့ဆို ဒီကောင်က အင်အားကြီးနိုင်ငံတွေ နောက် ကနေ ပါနေတော့ အင်အားကြီးနိုင်ငံရဲ့ သဘောထားကိုလည်းပဲ ထည့်စဥ်းစားရမှာ ဆိုတော့လေ ခန့်မှန်းလို့မရဘူး ပေါ့နော် အဲတာတော့၊ ထင်မြင်ယူဆချက်ကတော့ တပ်ကတော့ ပြန်တောင်းမှာပေါ့ အဲဒီပေါ်မှာ MNDAA က ဘယ်လို တုန့်ပြန်မလဲဆိုတာ ခန့်မှန်းရခက်တယ်၊ တော်တော်ခန့်မှန်းရခက်တယ်၊ ဘာလို့ဆို သူကလည်း သူ့စိတ်နဲ့ သူ လုပ်လို့ရတဲ့ဟာတွေပဲ အများကြီးရှိတယ်လေ၊ အဲတာမျိုးရှိတဲ့ အခါကျတော့ အဲတာတော့ ခန့်မှန်းရခက်တယ်၊ တပ်ကတော့ ပြန်တောင်းမှာပဲနော်၊ ၁၀၀ ရာခိုင်နှုန်း သေချာတယ် ပြန်တောင်းမှာနော်” ဟု ပြောသည်။

MNDAA နဲ့ UWSA ခေါင်းဆောင်များကို တွေ့စဉ်
မြန်မာ့တပ်မတော်နှင့် MNDAA တို့ ဆွေးနွေးနေချိန်တွင်ပဲ လက်နက်ကိုင်လမ်းစဥ်အား စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေလိုကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
MNDAA သည် လားရှိုးမြို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်းတွင် တိုက်ခိုက် သိမ်းပိုက်ထားပြီး ကိုးကန့်တပ်များ လားရှိုးမြို့မှ မဆုတ်ခွာသ၍ ကိုးကန့်ဒေသအား ပိတ်ဆို့ထားမှုများ ရုပ်သိမ်းမှာ မဟုတ်သည့်အပြင် ပိုမို ပြင်းထန်သည့် အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်တွင် “ဝ” တပ်ဖွဲ့ UWSA မှ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဥ် တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက ပြောကြားခဲ့သည်။
ကိုးကန့်တပ် MNDAA လုပ်သမျှသည် တရုတ်၏ပုံရိပ်ကို ထိခိုက်နိုင်သောကြောင့် တရုတ်အနေဖြင့်လည်း သူ၏ဂုဏ်သိက္ခာ မကျစေရန် ကြိုးစားသွားမှာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ကိုးကန့်တပ်က ၁၀၂၇ ပထမလှိုင်း၊ ဒုတိယလှိုင်းနောက်ဆုံး လားရှိုးထိ သူတို့သိမ်းမိတာပေါ့၊ MNDAA သည် လူဦးရေ ဘယ်လောက်ရှိသလဲ၊ သူ့ရဲ့နောက်ခံသည်ဘာလဲ၊ ဒါကအရေးကြီးတယ်။ MNDAA ဆိုတာက ကျနော်တို့ သိသလောက် ကိုးကန့်လို့ အမည်တွင်တာပေါ့ဗျာ။ ကိုးကန့်ဆိုတာမျိုးက ဟန်လူမျိုးတွေဖြစ်တယ်၊ ဟန် သည် တရုတ်ပြည်ရဲ့ ၈၅ ရာခိုင်နှုန်းလောက်ရှိတဲ့ လူမျိုးကြီးဖြစ်တယ်၊ အဲတော့ ကိုးကန့်ဆိုတာမျိုးက ဗမာလူထု ကြည့်တဲ့အခါမှာ တရုတ်ဆိုတာမျိုးကမြင်တယ်၊ အဲတော့ ကိုးကန့်လုပ်သမျှသည် တရုတ်ရဲ့ပုံရိပ်ကို ထိခိုက်တာပေါ့၊ အဲတော့ ကမ္ဘာ့ဦးဆောင်မှုမှာပါတဲ့ နိုင်ငံကြီးတစ်ခုအနေနဲ့ ကိုးကန့်ကြောင့် တရုတ်ရဲ့သိက္ခာ၊ ဂုဏ်သိက္ခာမကျဖို့ သူ ကြိုးစားမှာပေါ့၊ မြန်မာနိုင်ငံနယ်ထဲမှာရှိတဲ့ ကိုးကန့်ရဲ့လှုပ်ရှားမှုတိုင်းသည် တရုတ်ရဲ့ ပုံရိပ်ကို ရိုက်ချိုးနိုင်တာမျိုး မဖြစ်ဖို့ တရုတ်က တားမှာပေါ့ဗျာ။ အဲတာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံသည် ဘယ်လောက်ထိ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုတဲ့ တိုင်းရင်းသား တောင်းဆိုတာကို ပေးပြီးပြီလဲ၊ ဒါကိုတရုတ်ဘက်က သုံးသပ်မှာပေါ့ဗျာ၊ ကချင်ကိုဘယ်လောက်ပေးပြီးပြီလဲ၊ ဘာကြောင့် လက်နက်ကိုင်တာလဲ၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် ကချင်ကို ဘယ်လောက်ပေးရမလဲ၊ ရခိုင်ကို ဘယ်လောက်ပေးရမှာလဲ၊ ကိုးကန့်ကို ဘယ်လောက်ပေးရမှာလဲ၊ ဒါလေးတွေက မြန်မာနိုင်ငံ ပြန်ဖွဲ့တည်ဖို့အတွက် အရေးကြီးတဲ့နိုင်ငံရေး ရည်မှန်းချက် ဖြစ်တာပေါ့၊ ဒါတရုတ်ဘက်ကလည်း စဥ်းစားရမှာပေါ့၊ မြန်မာအစိုးရဘက်ကလည်း စဥ်းစားမယ်လို့ ထင်တယ်၊ ကိုးကန့်ဘက်ကလည်း စဥ်းစားရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ လောက် ကိုင်၊ ကြူကုတ်၊ မုံးကိုး၊ သိန္နီ စသည့်မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2009
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိက အရေးပါသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်”ဟု ပြောသည်။
လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရန် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်များနှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် တပ်မတော်(လေ) အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာ သုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက် ဆောင်ရွက်နေရမည်ဟု ၎င်းက ပြောသည်။

တပ်မတော်(လေ)ထုတ် MTX-1B နဲ့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့တပ်မတော်သည် တပ်မတော်(လေ)ထုတ် MTX-1A နှင့် MTX-1B ကင်းထောက် လေယာဉ်များကို တပ်တော်ဝင် အခမ်းအနားမှာ ထုတ်ဖော် ပြသသွားသည်ကို တွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား စစ်ပွဲများတွင် မြန်မာ့တပ်မတော်သည် လေကြောင်းကို အဓိကအားထား၍ တိုက်ခိုက်လျက်ရှိနေသည်။
သို့သော်လည်း နယ်မြေလက်လွတ် ဆုံးရှုံးရမှုများနှင့် တပ်မတော်စစ်စခန်းများ လက်လွတ်ဆုံးရှုံးရမှုများ ရှိနေသည်။
မြန်မာ့တပ်မတော်သည် လေကြောင်းကို အဓိက အားပြုတိုက်ခိုက်နေသလို လက်နက်ကိုင်အင်အားစုများကတော့ ဒရုန်းကို အဓိက အားပြု၍ လေကြောင်းတိုက်ခိုက်မှုကို လုပ်နေသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1318
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။
မာရစ်သည် မြန်မာက ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေး ညှိနှိုင်းရန် လာရောက်မည်ဖြစ်သည်။

မြန်မာ့တပ်မတော်(ရေ)က ကော့သောင်းမြို့နယ်အတွင်းရှိ ရေပိုက်နက်အတွင်းမှာ ထိုင်းငါးဖမ်းစက်လှေနှင့် ထိုင်း ငါးဖမ်းသင်္ဘောသားများကို နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးလျက်ရှိနေသည်။
အလားတူ ထိုင်းဘက်ကလည်း မြန်မာငါးဖမ်းသင်္ဘောနှင့် မြန်မာ ၆ ဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီက ဖမ်းဆီးခဲ့သည်။
အဆိုပါ ကိစ္စရပ်များ ဖြစ်ပွားနေသကဲ့သို့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး အဖြေရှာမည် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး ကျင်းပရန်လည်း ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2532
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ရှိသော ဒုက္ခသည်ပြဿနာများအား AA အနေဖြင့် ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)၅ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မောင်တောမြို့တစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် AA သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်ကို ထိန်းချုပ်သွားနိုင်ပြီဖြစ်၍ နှစ်နိုင်ငံ ဒုက္ခသည် ပြဿနာကို ဘယ်လိုနည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းမလဲ မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း နယ်စပ်ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ AA ၏ အနေအထားကို ထည့်သွင်း စဉ်းစားရန်လိုအပ်သလို စကားပြောရန်လည်း လိုအပ်လာသည်ဟု ထုတ်ဖော် ပြောကြားထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိပါက ဒုက္ခသည်ပြဿနာ များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုမိုခံရမည်ဖြစ်ပြီး AA အနေဖြင့် နယ်စပ်ဒုက္ခသည် ပြဿနာများအား ဖြေရှင်းနိုင် သော အနေအထားမရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
၎င်းက “ဒုက္ခသည်ပြဿနာကို ဖြေရှင်းမယ်ဆိုရင် နိုင်ငံတော်အစိုးရ အချင်းချင်းကပဲ ဆောင်ရွက်လို့ ရနိုင်ခြေများ တယ်၊ ဒုက္ခသည်ပြဿနာသည် အဲဒီနယ်စပ် တစ်လျှောက်လုံးကို မြန်မာအစိုးရ မရသမျှ ကာလပတ်လုံး ဒုက္ခသည် ပြဿနာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပိုပြီးခံရမှာ။ ပြည်တော်ပြန်ဝင်ဖို့ ULA/AA နဲ့ ညှိလို့ရနိုင်တဲ့ အနေအထား နိုင်ငံတကာဥပဒေအရလည်း မရှိနိုင်ပါဘူး၊ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားဖြစ်တာပေါ့၊ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး၊ ULA/AA ဆိုတာကလည်းပဲ လက်နက်ကိုင်တော်လှန်နေတဲ့ လူမျိုးစု၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ သူ့ရဲ့ပါတီပေါ့ဗျ၊ အဲတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုဖို့က ပြုမှု၊ မပြုမှုနဲ့လည်း ဆိုင်တာ ပေါ့ နိုင်ငံတစ်ခုမှ မဟုတ်တာ၊ အဲတော့ တည်ငြိမ်တဲ့ အခင်းအကျင်းကလည်း မရှိဘူးလေ၊ တည်ဆဲအစိုးရနဲ့ နိုင်ငံ ရေး၊ စစ်ရေးအားဖြင့် ညှိနှိုင်းမှုတစ်ခုရလို့ “ဝ”လို၊ မိုင်းလားလိုဆိုရင်တော့ နောက်ပိုင်း အစိုးရရယ်၊ ခုန ULA/AA ရယ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရရယ် ပူးပေါင်းပြီးမှ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလို့ ရကောင်းရနိုင်တာပေါ့ဗျ။ ဆိုတော့ ခင်ဗျားတို့ပြောတဲ့ RSO တို့၊ ARSA တို့ စသည်ဖြင့်ပေါ့နော် သူတို့ဘက်မှာလည်း လွတ်မြောက်မှုနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတာပေါ့၊ အဲတော့ လူမျိုးတိုင်းမှာရှိသလို ဘင်္ဂါလီတွေမှာလည်း ရှိတာပေါ့။ အဲတော့ ထိပ်တိုက်တွေ့တာပေါ့” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့အား AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ARSA၊ RSO၊ ARA စသည့် အဖွဲ့များဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
AA ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်အရေးကို အပြုသဘောဆောင် ချဉ်းကပ်၍ ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကျနော်တို့ မြင်သလောက်ကတော့ ဒီ AA ပေါ့နော်၊ AA ခေါင်းဆောင်တွေက သူတို့ထုတ်ပြန်ထားတဲ့ သဘောထား တွေအရရော သူတို့အနေနဲ့ ဒီကိစ္စရပ်တွေကို သူတို့ ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားသုံးသပ်ပြီးတော့မှ သူတို့က ဆောင်ရွက်နေတာ၊ ကိုင်တွယ်နေတာ ဖြစ်တယ်လို့ပဲ ကျနော်တို့ သိရတာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ AA အနေနဲ့ ကတော့ ဒီအပေါ်မှာ သူတို့အပြုသဘောဆောင်တဲ့ ချဥ်းကပ်မှုမျိုးတွေနဲ့ ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ရေးအရ မောင်တောမြို့သည် AA ၏ ထိန်းချုပ်မှုအောက် ရောက်သွားပြီး အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ကောင်း တည်ဆောက်နိုင်သော်လည်း စစ်ပွဲပြီးဆုံးသွားပြီဟု သုံးသပ်၍မရကြောင်း၊ တပ်မတော်က ထိုးစစ်များ ဆင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့ အပါအဝင် တောင်ကုတ်နှင့် ဂွမြို့နယ်၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အများအပြားလည်း ရှိလာနေသည်။
ထို့အပြင် လူနေအိမ်များ အပါအဝင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ဈေးများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးနေရသလို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုများဖြင့် လည်း ရင်ဆိုင်နေကြရသည်။
အလားတူ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးသည်လည်း မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2124
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃
တရုတ်က မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွက် နိုင်ငံရေး အကူအညီများ ပေါ်ပေါ်ထင်ထင် ပေးနေသော်လည်း နစကမှ အသုံးမချနိုင်ပါက အကျိုးမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက်မှ လက်လှမ်းမီသည့် နယ်မြေဒေသများတွင် တိုက်ပွဲပြင်းထန် နေမှုများကြောင့် တိုင်းရင်းသား EAOs များအပေါ် တိုက်ပွဲများရပ်ခိုင်းပြီး တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ဖိအားပေးနေသည်။
တရုတ်ပေးသည့် အကူအညီများအပေါ် နစကဘက်မှ မည်ကဲ့သို့ အသုံးချမည်ဆိုသည့်အပေါ်တွင် မူတည်သွားကာ အချိန်အခါအလိုက် ကောင်းမွန်စွာ အသုံးမချနိုင်ပါက ပေးသည့်အကူအညီမှာ အလကားဖြစ်သွားပြီး အကျိုးမရှိနိုင် ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန်တွေ့ဆုံစဉ်
၎င်းက “နစကရဲ့ ဘယ်လိုသုံးမလဲဆိုတဲ့အပေါ်မှာ မူတည်သွားတာပေါ့။ အစိုးရတစ်ရပ်က ဘယ်လို movement လုပ်မလဲဆိုတာ ပြောရခက်တာပေါ့။ သူသွားမယ့် လမ်းကြောင်းအရ ဘယ်လိုသွားနေလဲပေါ့။ အချိန်ကိုက် အခါ ကိုက် အသုံးချတတ်ရင်တော့ ရလဒ်ကောင်းထွက်မယ်လို့ မြင်ပါတယ်။ ကောင်းကောင်း အသုံးမချနိုင်ရင်တော့ ပေးတဲ့ အကူအညီက အလဟဿ ဖြစ်သွားတယ်လို့ပဲ ရှိတတ်တာကို။ နိုင်ငံတစ်နိုင်ငံအတွက်က သူ့နိုင်ငံအတွက် ပြည်တွင်းရေးကိုပဲ ကိုင်တွယ်တဲ့နေရာမှာ ကိုယ်တိုင်လုပ်ဆောင်နိုင်မှုနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း ဘယ်လိုသွားမလဲ၊ ဘယ်လိုဗျူဟာတွေ ချမှတ်မလဲ။ ပြင်ပက အကူအညီပေးတာ တစ်ပိုင်းပဲ။ အဲဒီအကူအညီတွေ ကို ဘယ်လိုအကျိုးရှိရှိ သုံးစွဲမလဲ။ ဘယ်လို အချိန်ကိုက် အခါကိုက်သုံးစွဲမလဲ။ အဲဒီအချက်တွေက ပိုပြီး အဓိကကျ တာ။ ဒါပေမယ့် အဲဒီအကူအညီကို နိုင်ငံတစ်နိုင်ငံက ပြင်ပအကူအညီကို ကောင်းကောင်း အသုံးချနိုင်တယ်။ သူ့ နိုင်ငံအတွက် အကျိုးရှိအောင် လုပ်နိုင်တယ် ရလဒ်ကောင်းတွေ အများကြီး ဖော်နိုင်တယ်ပေါ့။ အဲဒီရထားတဲ့ အကူအညီတွေကို ပြည်တွင်းက အစိုးရတစ်ရပ် အထူးသဖြင့် နစကအနေနဲ့ ဘယ်လောက် အကျိုးရှိရှိ သုံးစွဲနိုင် မလဲ။ ဒီအပေါ်မှာ မူတည်ပြီး ရလဒ်တွေက အများကြီး ထွက်နိုင်တာကို။ ပြင်ပအကူအညီ ဆိုတာသည် သုံးစွဲတဲ့ အစိုးရ တစ်ရပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အမြှော်အမြင် ကြီးမှုအပေါ်မူတည်ပြီး ရလဒ်ကောင်းတွေ အများကြီး ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။
နစကအတွက် တရုတ်မှ သံတမန်ရေးအရရော လက်နက်နည်းပညာများအရပါ အင်တိုက်အားတိုက် ပံ့ပိုးကူညီမှု များ ရရှိသော်လည်း စီးပွားရေးနှင့်ဘဏ္ဍာရေး အကျပ်အတည်း အမျိုးမျိုးအား ရင်ဆိုင်နေရသဖြင့် ရလဒ်ကောင်း ထွက်အောင် မလုပ်နိုင်ကြောင်း နိုင်ငံတကာဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပြထားသည်။
ထို့အပြင် လက်ရှိ နိုင်ငံဧရိယာ၏ ၄၀ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်သဖြင့် နစကသည် လာမည့်နှစ်တွင် ကျင်းပရန် ကတိပေးထားသော ရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်ရအောင် အသည်းအသန် ကြိုးစားနေသော်လည်း မအောင်မြင်ဘဲ ဖြစ်နေသည်ဟု ၎င်းက သုံးသပ်ထားသည်။
ရှမ်းမြောက်ဒေသတွင် တရုတ်က ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) အဖွဲ့များကို ဖိအားပေးခြင်းမှာ အလုပ်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က MNDAA သည် တရုတ်၏ တိုက်တွန်းမှုကြောင့် မြန်မာ့တပ်မတော်နှင့် အပစ်ရပ် ကြောင်း ကြေညာခဲ့သလို TNLA ကလည်း အလားတူ ငြိမ်းချမ်းရေ ဆွေးနွေးမည့်အကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နဲ့မြန်မာ တွေ့ဆုံ ဆွေးနွေးစဉ်
အကူအညီပေးသည့် သူဘက်မှလည်း ပေးတတ်ရန်လိုသကဲ့သို့ လက်ခံရယူသော သူဘက်မှလည်း သေချာစွာ အသုံးချတတ်ရန်လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အဓိကကတော့ ပေးတဲ့လူရော ပေးတတ်ရမယ်၊ ယူတဲ့လူရော သုံးတတ်ရမှာပေါ့။ တကယ်လို့ ပေးတဲ့လူ ကလည်း မပေးတတ်ဘူး။ ယူတဲ့လူကလည်း မသုံးတတ်ဘူးဆိုရင်တော့ အကျိုးမရှိဘူးပေါ့။ သူတို့က ဘယ်လို အပေးအယူ လုပ်ထားလဲ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့သိတာက အရင်တုန်းက ပညာရှင် ဦးသန့်မြင့်ဦးက ပြောဖူးတယ်။ ကျနော်တို့ကို လာပေးတဲ့ အကူအညီ တော်တော်များများက ဘာလဲဆိုရင် ခင်ဗျားတို့ ဒီလိုလုပ်ပါ ဒီလိုလုပ်မယ်ဆို ကျနော်တို့ကူမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ကျနော်တို့က ဒါတွေလုပ်မယ်၊ ဒါတွေလုပ်နိုင်ဖို့အတွက် ခင်ဗျားတို့ အကူအညီပေးပါဆိုတာ ဖြစ်စေချင်တာပေါ့။ အဲဒီလိုမျိုး မဖြစ်လို့ရှိရင် ပေးတဲ့လူလည်း အကျိုးမရဘူး။ ရတဲ့လူလည်း အကျိုးမဖြစ်ဘူး” ဟု ပြောသည်။
လက်ရှိ ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့များတွင် တိုက်ပွဲပြင်းထန်နေချိန်၌ တရုတ်အာဏာပိုင်များနှင့် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ထိုတွေ့ဆုံမှုမှာ တရုတ်အစိုးရမှ တိုက်ပွဲရပ်ရန် ဖိအားပေးနိုင်သလို မြေရှားသတ္တုသယ်ယူရန် နယ်စပ်ဂိတ်ပြန်ဖွင့် ရေးပါ ဆွေးနွေးလာနိုင်သည်ဟု နိုင်ငံရေးသုံးသပ်သူများက သုံးသပ်ကြသည်။
တရုတ်အစိုးရက နစကကျင်းပမည့် ရွေးကောက်ပွဲကို ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ပရမ်းပတာဖြစ်နေမှုကိုလည်း မမြင်တွေ့လို ကြောင်း ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2307
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံတစ်ခုလုံး ခွဲထွက် သွားသည်အထိ အန္တရာယ်ရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသော စကားရပ်သည် မည်သည့် အတိုင်းအတာအထိ ပြဋ္ဌာန်းမည်ဆိုသည့် အဓိပ္ပါယ်အား ရှင်းလင်းတိကျစွာ သိရန်လိုကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးမည်ဆိုပါ က ခွဲထွက်ရေးလမ်းကြောင်းကို ရောက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “အဲဒီနေရာမှာ နှစ်ပိုင်းရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကာလတွေမှာလည်း အမြဲတမ်း ပြဿနာ ဖြစ်ကြတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဲဒီဟာက ဘာနဲ့သွားတူလဲဆိုတော့ ကိုယ့်ဒေသကိုယ် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လုပ်လိုက်ပြီ ဆိုတာနဲ့ ခွဲထွက်ဖို့ဆိုတဲ့ လမ်းကြောင်းကို ရောက်သွားနိုင်တယ် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ။ အဲဒီကို ဦးတည်သွားဖို့က ရာခိုင်နှုန်းများတယ်။ ဖြစ်နိုင်ခြေက အရမ်းများတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်တယ်။ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အစိုးရအဆင့် ဒါမျိုးတွေ အုပ်ချုပ်တယ်ဆိုတာ ပြဿနာမရှိဘူး။ သို့သော် မူလမြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ စင်ပြိုင် ပြဋ္ဌာန်းခွင့်မျိုး ဆိုတဲ့ဟာမျိုး ရရင်ပြဿနာက အကြီးအကျယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ကတော့ ထင်မှာပေ့ါလေ ဒါကသိပ်အစိုးရိမ်ကြီးနေတာ။ ကျနော်တို့ရဲ့ နိုင်ငံ့သမိုင်းကြောင်းကို ပြန်ပြီးကြည့် ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ ပြဿနာမရှိပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အများကြီးရှိသွားနိုင်တယ်။ အဲဒီတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားရပ်ကို ဘယ်လိုပြဋ္ဌာန်းမှာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါမယ်။ မဟုတ်ရင် အဲဒီကောင်က နိုင်ငံတစ်ခု လုံး ခွဲထွက်သွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကျင်းပအပြီး ဓာတ်ပုံရိုက်နေစဉ်
ယခင်က တွေ့ဆုံဆွေးနွေးရေးများ လုပ်သည့်အခါတွင် ခွဲမထွက်ရေးအတွက် ကတိစာချုပ်ချုပ်ဆိုရန် လုပ်ဆောင် သည့်အခါ၌ လက်မခံခဲ့ကြမှုများရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် မြန်မာနိုင်ငံမှ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာ မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ယခင်ခေတ်က တော်လှန်ရေးသမိုင်းတွင် ခွဲထွက်ရေးကိုသာ တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခုတော်လှန်ရေးတွင် ခွဲထွက်ရေးအစား ကိုယ်ပိုင်သီးခြားအုပ်ချုပ်ခွင့် ရရှိရေးအတွက်သာ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ဟု မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့လူတွေက ပြောနေတာကို တကယ်လို့သာ တော်လှန်ရေးတပ်ဖွဲ့တွေက အနိုင်ရသွားရင် တိုင်းပြည် ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နိုင်တယ် ပြောနေကြတာ မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ အခုက တောင်းတာက ကျမတို့ တော်လှန်ရေး စလုပ်ကာစနဲ့ မတူဘူး။ အခု ဘယ်သူကမှ ခွဲထွက်ရေး မပြောဘူး။ ဟိုတုန်းက ကချင်တို့၊ ကရင်တို့ ဘာတို့ အကုန်လုံး ခွဲထွက်ရေးပဲ ပြောတာ။ သီးခြားတိုင်းပြည် ထူထောင်ရေးပဲ ပြောတာ။ အခု ဒါတွေ မပြောတော့ဘူး သူတို့က၊ သူတို့ တစ်စုတစ်ပေါင်းတည်းနေပါ့မယ်။ သီးခြားအုပ်ချုပ်ခွင့်ပေါ့နော် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တွေ ရဖို့အတွက် သူတို့တောင်းဆိုမှာပေါ့။ ဒီအတွက်သူတို့ တိုက်နေတာပါလို့ သူတို့ပြောတာ” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကျင်းပနေစဉ်
မြန်မာ့တပ်မတော်သည် နိုင်ငံတစ်ဝန်း နယ်စွန်နယ်ဖျား နယ်မြေအများအပြားကို တော်လှန်ရေး အင်အားစုများထံ အလျင်အမြန် ဆုံးရှုံးနေခြင်းကြောင့် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများ ဗဟိုချုပ်ကိုင်မှုသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားရန် သေချာသလောက်ရှိကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG)က ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်က ထုတ်ပြန်ထားသည်။
ထိုသို့ ကွဲထွက်သွားသည့် ဖြစ်စဉ်သည် မြန်မာနိုင်ငံမှ ပြည်သူလူထုများ တောင့်တနေသည့် ဖက်ဒရယ်ပြည်ထောင် စု တည်ထောင်ရေးကို အထောက်အကူမဖြစ်ဘဲ စိန်ခေါ်မှုသာဖြစ်ကြောင်းလည်း ICG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် နေရာမှာ ခွဲထွက်ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (External Self- determintion) နှင့် ခွဲထွက်ခွင့်မရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(Internal Self-determintion)ဟူ၍ ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ Internal Self- determintion ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ခွဲထွက်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2213
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား NLD ပါတီ၏ အဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင်ဆောင်နေသော သဘောထားများနှင့် မူဝါဒများအား ပြောင်းလဲပစ်ကြရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များအနေဖြင့် အလုပ်ဖြင့် သက်သေပြရန် လိုအပ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
NLD ပါတီ၏ အဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင်ဆောင်နေသည်များကို ပြောင်းလဲပစ်ရန်လိုကြောင်းနှင့် ပြည်တွင်း သို့ ပြန်မလာသော ဝန်ကြီးများအား နုတ်ထွက်ခိုင်းသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်ချက်ကတော့ဗျာ၊ အာဏာရ အစိုးရအဖွဲ့ဝင်သဏ္ဍာန်ဆောင်ထားတဲ့ အဆောင်ယောင်တွေ အားလုံးကို လျှော့ချဖျက်သိမ်းပေးဖို့ပါ။ ဝန်ကြီးဌာန ၁၆ ခုမလိုပါဘူး ၄၊ ၅ ခုဆိုရင်ရပါပြီ၊ အရေးကြီးတာက စစ်ပွဲအောင်နိုင်ဖို့ ဖြစ်ပါတယ်။ စစ်ပွဲအောင်နိုင်ဖို့အတွက် အကျိုးပြုတဲ့ ကိစ္စတွေပဲ အဓိကထားပြီးတော့ လုပ်ရမှာဖြစ်ပါတယ်၊ ဒါမှ မဟုတ် ကျနော်တို့က NUG ကို ဖျက်သိမ်းဖို့ပြောတာ မဟုတ်ပါဘူး။ အဓိကအားဖြင့် စစ်ရေးအရအောင်နိုင်ဖို့ ပို အရေးကြီးပါတယ်၊ အဲဒါကြောင့်မို့ အမျိုးသားညီညွတ်ရေး တိုင်းရင်းသားတပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့ ကျနော်တို့ ဖွဲ့စည်းစေချင်တာပါ။ ဖွဲ့စည်းပြီးတော့ စစ်ရေးကို အဓိကထားပြီးတော့ ဇောင်းပေးပြီးတော့ ကျနော်တို့ လုပ်ကြဖို့၊ တာဝန်မယူနိုင်တဲ့လူတွေ နေရာဖယ်ပေးကြဖို့ပေါ့ဗျာ၊ ဒါတွေနဲ့ပတ်သက်လို့ နောက်တစ်ခုကတော့ အဲဒါတွေ လုပ်တဲ့နေရာမှာ NUG ကို NLD ပါတီရဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင်ဆောင်နေတဲ့ သဘောထားတွေနဲ့ မူဝါဒ တွေကို ပြောင်းလဲပစ်ကြဖို့ပါ။ အဲသလိုလုပ်ဖို့အတွက် အခုဆိုရင် အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု အစိုးရ တစ်ရပ်ကနေပြီးတော့ စစ်ရေးတပ်ပေါင်းစုကြီး ဖွဲ့စည်းပြီး တစ်ပြည်လုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်တိုက်ခိုက် နိုင်အောင် လုပ်ကြဖို့ပါ၊ အဲတော့ ဒီပေါ်မှာ ပြည်တွင်းမှာ ပြန်မလာဘဲနဲ့ လေလှိုင်းထဲကနေပြီးတော့ ကျနော်တို့ တော်လှန်ရေးလုပ်မဲ့ ဝန်ကြီးတွေတော့ နုတ်ထွက်ခိုင်းလိုက်ပေါ့ဗျာ၊ ကျနော်တို့ သဘောထားကတော့ အဲတာတွေ ပါပဲဗျ” ဟု ပြောသည်။

PDF များနဲ့ NUG ယာယီသမ္မတကို တွေ့ရစဥ်
တရုတ်ဖိအား အပါအဝင် နိုင်ငံရေး အခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရသည် အဝေးရောက်အစိုးရအဖြစ် ရပ်တည်၍မရတော့ဘဲ ပြည်တွင်းတွင် အင်အားပြန်လည်တည်ဆောက်ရန် NUG ၏ ယာယီသမ္မတက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ဝန်ကြီးများကို ပြောကြားခဲ့သည်။
တော်လှန်ရေး အစိုးရတစ်ရပ်သည် အဝေးမှနေပြီး တော်လှန်၍မရကြောင်း၊ တော်လှန်ရေး ခေါင်းဆောင်များ အနေ ဖြင့် ပြည်တွင်းတွင်မရှိဘဲ အဝေးမှနေ၍ ပြောဆိုနေလျှင် တော်လှန်ရေးအား ကောင်းကျိုးမဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တော်လှန်ရေးအစိုးရ တစ်ခုဆိုရင် သုံးသပ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် တော်လှန်ရေးအစိုးရတစ်ခုက အဝေးကနေပြီးတော့ လေလှိုင်းပေါ်ကနေပြီးတော့ တော်လှန်နေလို့တော့ မရဘူး၊ အစိုးရတစ်ရပ်မှာ နေရာယူထား တဲ့ တာဝန်ယူထားတယ်ဆိုရင် တာဝန်နဲ့ အဲဒီရဲ့လုပ်ငန်းကိုလည်း လုပ်ငန်းဆောင်တာပေါ့နော် အလုပ်ကိုလည်း လုပ်ပေးရမယ်ပေါ့နော်၊ အဲဒီဟာကတော့ တော်လှန်ရေးအစိုးရတွေက ပြည်သူနဲ့တစ်သားတည်း ဖြစ်ရင်တော့ အသင့်တော်ဆုံးလို့ပဲ မှတ်ချက်ပေးချင်ပါတယ်၊ တော်လှန်ရေး ခေါင်းဆောင်တွေက မြေပြင်မှာမရှိဘူး၊ ပြည်တွင်း မှာမရှိဘဲနဲ့ အဝေးကနေပြီး လှမ်းပြောနေတယ်ဆိုရင် တော်လှန်ရေးကို အများကြီး ကောင်းကျိုး မဖြစ်နိုင်ဘူးပေါ့ နော်”ဟု ပြောသည်။

NLD ပါတီဝင် NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို တွေ့ရစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာတစ်ပြည်လုံးတွင်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အင်အား စုများ အားလုံး၏ အစိုးရတစ်ရပ်အဖြစ် ဖွဲ့သင့်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် စစ်ရေးလုပ်ငန်းများအား အဓိကထား ၍ လုပ်ဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက် ပြသည်။
လက်ရှိတွင် NUG သည် တိုင်းရင်းသား အားလုံးကို မစည်းရုံးနိုင်သလို အနာဂတ် ပြည်ထောင်စုကို တည်ဆောက် ရေး သဘောတူညီချက်များကိုလည်း ရအောင် မစုစည်းနိုင်ဘဲ ဖြစ်နေကြောင်း၊ NUG လက်အောက်ရှိ ပကဖ၊ ပအဖ၊ ပလဖ တို့ကို လူထုက ကန့်ကွက်မှုများပြားလာနေကြောင်း၊ NUG သည် ပသုံးလုံး (ပကဖ-ပလဖ-ပအဖ)များ ကို ထိန်းချုပ် ကွပ်ကွဲနိုင်မှု အလွန်အားနည်းနေကြောင်း၊ NUG အဖွဲ့ထဲတွင် NLD ပါတီဝင်နှင့် NLD ထောက်ခံသူ များက စိုးမိုးထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
NUG အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနှင့် ဒုဝန်ကြီး စုစုပေါင်း ၃၄ ဦး ရှိသည်။
