- By CNI
- Category: နိုင်ငံရေး
- Hits: 2738
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ အားလုံးစုပေါင်း၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ရန် ဖြစ်နိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သည် တော်လှန်ရေးအဖွဲ့များနှင့် နစကအပေါ်တွင် သြဇာလွှမ်းမိုးမှုများ ကြီးကြီးမားမားရှိနေကြောင်း၊ ၎င်းအား လျစ်လျူရှု၍မရကြောင်း၊ ထိုအခြေအနေမှ ဘေးထွက်ဆိုးကျိုး မဖြစ်အောင် စဉ်းစားရန်လိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
NUG အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းသို့ သွားမည့် အခြေအနေဖြစ်လာပါက ဘုံသဘောတူညီချ က်များ ထားရှိပြီးမှသာ ဆွေးနွေးရန် လုပ်ဆောင်သင့်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူပြောတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ ကျမကြည့်တာ ဒီလိုလေ၊ ကျမတို့ တော်လှန်ရေး တပ်ဖွဲ့တွေပေါ့ နော်၊ မြောက်ပိုင်းတို့ ဘာတို့က အဲဒီအဖွဲ့တွေက တရုတ်နဲ့ ပဋိပက္ခမဖြစ်အောင် တရုတ်နဲ့ ဆက်ဆံရေး မပျက် အောင် ဂရုစိုက်သင့်တယ်လို့ ပြောတာနဲ့တူတယ်။ အဲတော့ အဲဒီဟာ ဘာလုပ်သင့်လဲဆိုတော့ ကျမကြည့်တာတော့ သူပြောချင်တာက အားလုံးစုပေါင်းပြီးတော့ ကိုယ့်ဘက်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ဖို့ ဖြစ်နိုင်တာပေါ့ နော်။ အဲဒီမှာ ကျမတို့က ဆွေးနွေးဖို့အတွက် ဘာတွေတောင်းဆိုမလဲ၊ ဘာတွေပြောမလဲ တစ်ဖွဲ့ချင်း မသွားဘဲနဲ့ စုပေါင်းပြီးတော့ တော်လှန်ရေး အင်အားစုတွေအားလုံး စုပေါင်းပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အဲဒီဟာ အတွက် လမ်းခင်းတယ်လို့ ထင်တယ်ကျမ နားထောင်ကြည့်တော့လေ။ စစ်ကောင်စီဘက်ကိုလည်း တရုတ်က ဖိအားပေးနေတာကိုနော် သူပြောတဲ့ထဲလည်း ပါတယ်၊ အဲတော့ စစ်ကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးကို ခေါ်ရ တာပဲ ခေါ်လည်းခေါ်နေတာပဲ။ အဲတော့ ခေါ်လို့သွားရင် တစ်ယောက်တစ်ပေါက် ပြောမဲ့အစား အကုန်စုစည်း ညီညာစွာနဲ့ပေါ့နော် စစ်ကောင်စီကို ဘာတွေတင်ပြမယ်၊ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ဆွေးနွေးဖို့ ပြောဆိုဖို့နဲ့တူ တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန်ကို တွေ့ရစဉ်
ထို့အပြင် တရုတ်၏ ဖိအားများကို လျစ်လျူရှုလို့ မရဘဲ ၎င်းအခြေအနေကနေ ဘေးထွက်ဆိုးကျိုး မဖြစ်အောင် စဥ်းစားဖို့လိုအပ်သလို ယခင်ကလို လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ဆောင်၍မရတော့ဘဲ ဖောက်ထွက်စဥ်းစားကာ လက်တွေ့ကျကျ စဥ်းစားဆောင်ရွက်ဖို့ လိုအပ်သည်ဟု ဒူဝါလရှီးလက ပြောကြားခဲ့သည်။
မည်သည့်တော်လှန်ရေးမှ သမိုင်းတွင် အောင်မြင်ခြင်းမရှိခဲ့ဘဲ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများကိုသာ ရှေ့ဆက်လုပ်ဆောင်ရန် ဆွေးနွေးသင့်သော ကာလဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံ လက်ရှိမှာ မတည်မငြိမ် လက်နက်ကိုင်ပဋိပက္ခ ခုနက NUG အပါအဝင် ဖြစ်နေတဲ့ အခါကျ တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ကို နယ်စပ်တစ်လျှောက်မှာရှိတဲ့ နိုင်ငံကြီးများရဲ့ ပါဝင်ပတ်သက်မှုက လိုအပ်လာတယ်။ အဲတာကို မီးစိမ်းစပြတာက တရုတ်ပဲ၊ တရုတ်ပြီး အိန္ဒိယပေါ့ဗျာ၊ ခုထိုင်းကတစ်ခါ စနေပြီ။ အဲဒါကြောင့် ဆက်စပ်တယ်၊ အဲတော့ လက်နက်ကိုင်တော်လှန်ရေး သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင်လည်းပဲ လွတ်လပ်ရေးမတူဘဲ အသီးသီး မကျေနပ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခ အဲဒီကြားထဲမှာ လူထုခံရတာပေါ့ဗျာ၊ နောက်ဆုံးတော့ NUG ပေါ့ဗျာ၊ အဲတော့ မည်သည့် တော်လှန်ရေးသမိုင်းမှ မြန်မာ့မြေမှာ အောင်မြင်မှု ရခဲ့တယ် ဆိုတာ မရှိဘူး။ NUG အရင် CRPP ပေါ့ ၁၉၉၀ အလွန်မှာ NCGUB တို့ဘာတို့ ပေါ်ခဲ့တာပေါ့။ ဆိုတော့ သူလည်းပဲ ဒီတိုင်းပဲ ပျက်သုဉ်းသွားကြတာပါပဲ၊ နောက်ဆုံး NLD အစိုးရလက်ထက်မှာ ပြည်တော်ဝင်ခွင့် ပေးခဲ့တာပေါ့။ အဲတော့ NUG အနေနဲ့ ပြန်ကြည့်တဲ့ အခါမှာလည်းပဲ ပရုတ်လုံးလိုပဲဗျ၊ အငွေ့ပျံသွားမယ့် သဘောရှိတော့ သို့သော် လည်းပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အားလုံးက မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်တယ် ဆိုတဲ့ ဘက်နဲ့သွားနေပြီ။ အဲတော့ အဲဒီလိုအပ်ချက် နိုင်ငံကြီးများရဲ့ အင်အားနဲ့ မြန်မာနိုင်ငံလူထု၊ မြန်မာနိုင်ငံ တည်ဆဲအစိုးရ နစကသည် ဘယ်လို ရှေ့ဆက်သွားမှာလဲ ဆိုတာကသာ ကျနော်တို့ ဆွေးနွေးသုံးသပ်ပြီးမှ အဖြေ ထုတ်သင့်တဲ့ကာလ ဖြစ်တယ်လို့ သုံးသပ်လိုပါတယ်” ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကိုတွေ့ရစဉ်
ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် အပြန်အလှန်ညှိနှိုင်းရန် လိုအပ်သလို တော်လှန်ရေး အင်အားစုများဘက်က လည်း ပျော့ပြောင်းစွာဖြင့် တစ်ညီတစ်ညွတ်တည်း ဆွေးနွေးမည်ဟူသော စကားများ ထွက်ပေါ်လာစေရန် ပို၍ လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုနှင့် စစ်ပွဲများအား တရုတ်အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင် ပြီး မကြာခင် ပြန်လည်တည်ငြိမ်စေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက နိုဝင်ဘာလ ၂၆ ရက်နေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဥ်များအား ထောက်ပံ့ကူညီပေးရန်နှင့် ဆွေးနွေးပွဲဖြစ်လာစေရန် တရုတ် နိုင်ငံအနေဖြင့် တတ်နိုင်သမျှ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်သလို မြန်မာပြည်မြောက်ပိုင်း အခြေအနေ အပါအဝင် မြန်မာပြည်တွင်းမှ အခြေအနေများကိုလည်း အနီးကပ် အာရုံစိုက်ထားသည်ဟု မော်နင်းက ပြောကြားခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2888
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA) သည် နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာသည့်အတွက် ရခိုင်နှင့် ဘင်္ဂါလီ အရေးတွင် ၎င်း၏အခန်းကဏ္ဍကို အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထည့်မတွက်၍မရကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ရခိုင်ပြဿနာအရေး ပြောကြမည်ဆိုပါက AA နှင့် မညှိနှိုင်း၍ မရသည့် အနေအထား ဖြစ်လာမည်ဖြစ်ကြောင်း၊ နစကဘက်မှလည်း ၎င်းအခြေအနေကို လိုက်လျောပေးမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောည်။
၎င်းက “လက်ရှိ အနေအထားအရတော့ မောင်တောမှာ နစက ဗျူဟာ စခန်းတစ်ခုပဲ ကျန်တော့တာ။ ကျန်တဲ့ နေရာတွေက AA ကသိမ်းပြီ။ အဲဒီတော့ ရခိုင်ပြဿနာကလည်း ကချင်ပြဿနာလိုပါပဲ။ ရခိုင်ပြဿနာအကြောင်း ပြောကြမယ်ဆိုရင် AA နဲ့ နောက်ပိုင်း မညှိနှိုင်းရင် မရတဲ့အနေအထားအထိ ကျရောက်လာလိမ့်မယ်လို့ ထင်ပါ တယ်။ စစ်ကောင်စီဘက်ကတော့ လိုက်လျောပေးမှာ မဟုတ်ပါဘူး။ သူလိုက်လျောသည်ဖြစ်စေ၊ သူမလိုက်လျော သည်ဖြစ်စေ စစ်ကောင်စီက ရခိုင်ဒေသရဲ့ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်က AA ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေပြီလေ။ အဲဒီတော့ ဒါတွေက သူကလည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးကို အားကျိုးမာန် တက် လုပ်နေတဲ့ အနေအထား။ အဲဒီမှာလည်း စစ်တွေ၊ အမ်း၊ ဂွ ၃ နေရာလောက်ပဲ ကျန်တော့တာကို။ အဲဒီတော့ စစ်ကောင်စီ လွှမ်းမိုးနိုင်တဲ့ အာဏာသက်ရောက်နိုင်တဲ့ နေရာတွေဟာ တိုင်းရင်းသား ဒေသတွေမှာ တဖြေးဖြေး လျော့ပါးချုပ်ငြိမ်းတော့မယ့် အနေအထား စိုက်နေတာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
ဘင်္ဂါလီများ နေရပ်ပြန်ရေး ဖြေရှင်းရာတွင် AA ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး လျစ်လျူမရှုရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး မစ္စတာတောင်းဟစ်ဟော့ဒ်ဆန်က ပြောကြား ထားသည်။
AA ကို တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်၍ မရသော်လည်း ဘင်္ဂါလီအရေး ဖြေရှင်းရာတွင် ၎င်းကို လျစ်လျူ ရှုခြင်းသည် လက်တွေ့ မဆန်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် AA နှင့် စကားပြောသင့်သည်ဟု မစ္စတာ တောင်းဟစ်ဟော့ဒ်ဆန်က တိုက်တွန်းထားသည်။
AA သည် တိုက်ခိုက်နိုင်သော စွမ်းရည်များ၊ မြို့အများအပြား သိမ်းပိုက်ထားနိုင်မှုတို့ကို ပြသလာသည့်အတွက် ၎င်းကို မည်သူကမှ လျစ်လျူရှု၍ မရတော့သည့် အနေအထားဖြစ်ကြောင်း မြန်မာ-တရုတ် အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
“AA ပြောတဲ့ အထဲမှာတော့ ရိုဟင်ဂျာပြောပြော၊ ဘင်္ဂါလီပြောပြော ရခိုင်မှာ ကြာရှည်ကြာများနေလာတဲ့ မျိုးစု တစ်စုလိုပဲ သဘောထားတယ်ထင်တယ်။ အဲဒီလူတွေရဲ့ နေထိုင်စားသောက်မှုတွေကိုလည်း တတ်နိုင်သမျှ ကူညီမယ်လို့ ပြောထားတာပဲလေ။ ARSA ဆိုရင်တော့ တစ်မျိုးပေါ့နော်။ စစ်တပ်က ခေါ်သုံးနေတဲ့ လူတွေကြ တစ်မျိုးပေါ့။ ဒါပေမယ့် ရိုးရိုးသာမန်တွေ အပေါ်မှာတော့ AA က ထောက်ထောက်ထားထား ဆက်ဆံပုံရတယ်။ အဲဒါက ဘင်္ဂလားဒေ့ရှ်တင်မဟုတ်ဘူး။ အိန္ဒိယတို့ဘာတို့လည်း ဒီလိုပဲဖြစ်လာတာ။ AA က သူ့ရဲ့ တိုက်စွမ်းရည်ကို ပြလာတာရှိတာကိုး။ သူသိမ်းနိုင်တာပါတယ်။ မြို့တွေသိမ်းလာနိုင်တာပါတယ်။ အဲဒီမြို့တွေကို ပြန်လည် ထူထောင်လာတာပါတယ်။ သူ့နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာတာပေါ့။ အဲဒီအခါကြတော့ ဘယ်သူကမှ လျစ်လျူ ရှုလို့မရဘူး။ ဘင်္ဂလားနဲ့တင်မဟုတ်ဘူး အိန္ဒိယကလည်း ဒီလိုပဲ ဆက်ဆံလာရတာ။ အဲဒီတော့ သူ့တိုက်စွမ်းရည်နဲ့ သူ့ရဲ့ အရည်အချင်းနဲ့ နေရာရလာတာပေါ့။ စစ်ဂုဏ်တစ်ခု ဖြစ်လာတာပေါ့။ အဲဒီတော့ ထည့်ပြီး စဉ်းစားရမလို ဖြစ်တာပေါ့။ အဲဒီတော့ ရခိုင်အရေးကို စဉ်းစားရင် ရခိုင်ပြည်နယ်အရေးကို စဉ်းစားရင် AA ကို မထည့်ဘဲ မဖြစ် တော့ဘူး အဲဒီလိုဖြစ်သွားတာပေါ့။ ဒါသူ့နိုင်ငံရေး ဂုဏ်သိက္ခာ နိုင်ငံရေးနေရာ ရလာတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား ဘင်္ဂလားဒေ့ရှ်ကို ရောက်လာကြသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့နိုင်ရေး သဘောတူညီထားသည်။
လက်ရှိ ၈ နှစ်ကြာသည်အထိ နှစ်နိုင်ငံအနေဖြင့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့နိုင်ရေး သဘောတူညီချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်နိုင်သေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 2497
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီမှတ်ပုံတင် ရရှိရေးအတွက် အခြားအမည် ပြောင်းလဲပြီး မှတ်ပုံတင် ရမည်ဆိုပါက လုံးဝ ဆန္ဒမရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီအား ဖျက်သိမ်းလိုက်ခြင်းမရှိသဖြင့် ပါတီမှတ်ပုံတင်ခွင့် မရပါကလည်း ပါတီအနေဖြင့် ဆက်လက်ရပ်တည်ပြီး အများပြည်သူအကျိုးအတွက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။
ဦးထွန်းအောင်ကျော်က “ကျနော်တို့က ရခိုင်အမျိုးသားပါတီကိုပဲ ထပ်ပြီးတော့ အခွင့်အရေး တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင် ဥပမာ သဘောတစ်ခုက ပါတီမှတ်ပုံတင် မရသေးတဲ့ နိုင်ငံရေးပါတီတွေ ဥပဒေနဲ့အညီ မှတ်ပုံပြန်တင်နိုင်တယ်ဆိုရင်က ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဆက်ပြီးတော့ ပါတီမှတ်ပုံတင်မယ်။ ဒီပါတီတွေကို ထပ်ပြီးတော့ မည်သည့် အခွင့်အရေးမှ မပေးတော့ဘူး။ ပါတီကို ဆက်ပြီးတော့ ငြင်းပယ်ထား တယ်ဆိုရင်ကတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဒီလိုပဲ ကျနော်တို့က ဆက်လက်ရပ်တည်ပြီး အများပြည်သူ အကျိုးအတွက် လုပ်သွားတယ်။ အများပြည်သူ အကျိုးအတွက် မှတ်ပုံတင်မရဘဲ ဘယ်လိုလုပ်မလဲဆိုရင် အဓိက အကြောင်းအရာက ကျနော်တို့ပါတီကို ပါတီအနေနဲ့ ဖျက်သိမ်းလိုက်တာ မရှိတဲ့အတွက် မပျက်သေးဘူး ရပ်တည်နေတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ ကျနော်တို့ နိုင်ငံရေးပါတီကတော့ အများပြည်သူတွေအတွက် နိုင်ငံရေးနည်းအရ ဆက်ပြီးတော့ လုပ်နေမှာပဲ။ အဲဒီလိုမဟုတ်ဘဲ ပါတီအသစ် နာမည်ပြောင်းပြီး တင်ပါဆိုရင် ကတော့ ကျနော်တို့မှာ လုံးဝ ပြောင်းလဲပြီးတော့ မှတ်ပုံတင်ဖို့ ဆန္ဒလုံးဝမရှိဘူး” ဟု CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
နစက အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပပြုလုပ်မည်ဟု ခန့်မှန်းထားသည့် အတွက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခံရသော ပါတီများအား ထပ်မံတင်ခွင့် ပေးမည်ဆိုပါက ပို၍ ကောင်းမွန်ကြောင်း လည်း ၎င်းက ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုကြီးမားသည့် ပါတီဖြစ်ပြီး ၎င်း၏ ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချကြောင်း ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန် ထားခြင်းဖြစ်သည်။
ANP ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် မညီသဖြင့် ပယ်ချလိုက်ခြင်းဖြစ် ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက “အဲဒါကတော့ နှစ်ပိုင်းရှိမှာပေါ့လေ။ ပါတီ ကို ဘယ်ပါတီကိုတော့ လုံးဝ တင်ခွင့်မပေးဘူး ဘာညာ ပါတီမှတ်ပုံတင်ခွင့် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိလို့ တင်ပြီးတဲ့အချိန်မှာ ခွင့်မပြုတာ ဒါကတော့ တစ်ပိုင်း၊ ဒါပေမယ့် ပါတီမှတ်ပုံတင်တာကို ခွင့်ပြုထားတယ်၊ အဲဒါကို ပါတီတွေကိုယ်တိုင်က အဲဒီနေရာမှာ သွားပြီးတော့ ပူးပေါင်းဆောင်ရွက်မှုမရှိတာက တစ်ပိုင်း၊ ပယ်ဖျက်ခံရတဲ့ သူဆိုရင်လည်း သူ့မှာ သတ်မှတ်တဲ့ ဥပဒေကြောင်းအရ ငြိစွန်းနိုင်တဲ့ အကြောင်းတွေရှိလို့ ပယ်ဖျက်တယ် ဆိုရင် တော့ ဒါကတစ်ပိုင်းပေါ့။ သီးသန့်ကြီး လိုက်ဖျက်တယ်ဆိုရင်တော့ အစိုးရဘက်က အလွန်ပေါ့လေ။ အစိုးရဘက် က ဖိတ်ခေါ်ထားလျက်နဲ့ မလာဘူးဆိုရင်တော့ သက်ဆိုင်တဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ ထောက်ခံသူများကို တွေ့ရစဉ်
ရွေးကောက်ပွဲကော်မရှင်(UEC)သည် လူ့ဘောင်သစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီ စသည့် ပါတီ ၉ ခုကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ထား သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေပြဋ္ဌာန်းချက်မှာ မတရားအသင်း အဖြစ်လည်းကောင်း၊ အကြမ်းဖက် အဖွဲ့အစည်း အဖြစ်လည်းကောင်း ကြေညာခြင်း ခံထားရသည့် အဖွဲ့အစည်း၊ နိုင်ငံတော်ကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း (သို့မဟုတ်) ထိုအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ် အားပေး ကူညီနေသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခွင့် လျှောက်ထားခွင့် မရကြောင်း ဖော်ပြထားသည်။
ရခိုင်အမျိုးသားပါတီ(ANP)တွင် ခေါင်းဆောင် ဖြစ်ခဲ့သူ တချို့နှင့် လွှတ်တော်အမတ်တချို့သည် နစကမှ အကြမ်းဖက်အဖြစ် ကြေညာထားသည့် AA အဖွဲ့ထံမှာ တာဝန်ထမ်းဆောင်မှုများရှိနေကြောင်း တချို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3266
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆
TNLA က တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ရှိသည်ဟု ထည့်သွင်းထားသည့်အချက်က ပြဿနာရှိနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ကြိုးပမ်းမှုများနှင့် ဒေသခံ ပြည်သူလူထုများ စစ်ဘေးဒဏ် ခံနေရခြင်းများကြောင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ဘေးဒဏ် ခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရန် အမြဲတမ်း အဆင်သင့်ရှိပါကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။
တည်ငြိမ်အေးချမ်းရေး အမှန်တကယ် ဆွေးနွေးချင်ပါက မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုခြင်းအား ထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်းရန် မလိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

TNLA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဥ်
၎င်းက “အမြင်ကတော့ တိုတိုနဲ့ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ ပိတ်ဆို့ခံထားရတဲ့ အချိန်မှာ အကုန်လုံးငတ်နေပြီ၊ ဘာမှ Resource မကျန်တော့ဘူး၊ အဲတော့ ငြိမ်းချမ်းရေးကို စကားပြောရတာပဲ ဒါပါပဲ။ ထုတ်ပြန်ချက်မှာကိုက သူက ၂ ပိုင်းလို ဖြစ်နေတာကိုး၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ ဘယ်လိုအနေအထားကို သူတို့က ဆိုလို ချင်တာလဲ၊ ဒါကရှိသေးတယ်။ ဆိုတော့ ဆိုလိုတာက နိုင်ငံရေးအရ ဆွေးနွေးမယ်၊ ပြောရရင်တော့ ဖက်ဒရယ်ပေါ့ လေ၊ ဖက်ဒရယ်လမ်းစဥ်ကို သွားမယ်ဆိုတဲ့ အချိန်မှာ စားပွဲဝိုင်းပေါ် တင်ရမယ့်ကိစ္စ ဒါအရင်ပဲ၊ အဲတော့ စားပွဲဝိုင်း ပေါ် တက်ဖို့အတွက်ကို သူက လုပ်ရမယ့်အလုပ်က ရှင်းရှင်းလေးပဲ၊ ကျန်တာတွေ ဘာမှ မစဥ်းစားနဲ့ အဓိကက ဆွေးနွေးချင်စိတ် ရှိလာတဲ့အချိန်ကျရင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ အဲဒီ နေရာမှာ ပြောဖို့အကြောင်း မရှိဘူး။ ဘာလို့ဆိုတော့ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပိုင်ခွင့် လုပ်နေရအောင် ဘယ်သူကမှ သီးသန့်ကြီး သွားပြီး တော့ သူ့နယ်မြေကို သွားပြီးတော့ ဒုက္ခပေးနေတာ၊ တိုက်ခိုက်နေတာ မရှိဘူးလေ။ အဲတော့ အဲဒီထဲက ပြောနေတဲ့ စကားရပ်တွေက အဓိပ္ပါယ် ၂ ခွ ထွက်စေတော့ အဲဒီအပိုင်းက မြေပြင်မှာ လုပ်ရကိုင်ရ ပြဿနာရှိလာနိုင်ပါတယ်” ဟု ပြောသည်။
ထိုထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခြေအနေ တည်ဆောက် ရန် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကို အပြုသဘောရှုမြင်ကာ ကောင်းမွန်သည့် အခြေအနေ ရောက်သည်အထိ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်သည် ဒေသခံပြည်သူများ၏ ထိခိုက်နစ်နာမှု၊ လုံခြုံရေး အစရှိသည်တို့ ထိခိုက် နစ်နာစေသည့် အခြေအနေများအား တားဆီးရန် အတွက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန်ကို တွေ့ရစဉ်
၎င်းက “အဲဒီဟာကတော့ ခြုံပြောရလို့ရှိရင် FPNCC အစည်းအဝေး ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ကျင်းပခဲ့တဲ့ အခြေခံကနေ ထွက်ပေါ်လာတဲ့ FPNCC အဖွဲ့ရဲ့ ကျနော်တို့ နည်းပရိယာယ် ခြေလှမ်းသစ်လို့ ကျနော်တို့ ထင်ပါ တယ်။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ သူက ခုငြိမ်းချမ်းရေးစကားပြောဖို့ ထွက်ကမ်းလှမ်းတဲ့ နေရာမှာ အဓိကအားဖြင့် သူ့ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုနဲ့ အသက်အန္တရာယ် ဆုံးရှုံမှု၊ လုံခြုံရေး ဘက်ပေါင်းစုံက နေပြီး တော့ ထိခိုက်နစ်နာနေတဲ့ အခြေအနေတွေကို တားဆီးဖို့အတွက် စစ်ကောင်စီအနေနဲ့ တခြား သူတို့နဲ့ ဆွေးနွေး လို့ရှိရင် လေကြောင်းထိုးစစ်နဲ့ လက်နက်ကြီး ပစ်ခတ်မှုကို ရပ်ဆိုင်းပစ်နိုင်မလားလို့ ရည်ရွယ်ပြီးတော့ ကမ်းလှမ်း တာလို့ ကျနော်တော့ အဓိကအားဖြင့် ကြည့်မြင်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေးအတွက် သဘောဆန္ဒရှိသည်မှန်လျှင် ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းပေါ် ရောက်မည်ဖြစ်ပြီး နယ်မြေများ ထပ်မံသိမ်းပိုက်ပြီး ခဏအနားယူကာ စစ်ရေးရည်မှန်းချက်ရရှိရန် ထုတ်ပြန်သော သဘောထား ဆိုလျှင်တော့ ရေရှည်အတွက် အဆင်မပြေနိုင်ကြောင်း၊ ညှိနှိုင်းသော်လည်း ပြဿနာများ ရှိလာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။
MNDA ၊ TNLA ၊ AA အဖွဲ့ ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင် ချက်များ ပြသလာမှသာ ငြိမ်းချမ်းရေး ဆွေးနွေးမှာဖြစ်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ် နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဂါးဒင်ဟိုတယ်၌ တရုတ်ဝန်ကြီးချုပ် လီချန်နှင့်တွေ့ဆုံစဥ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2066
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂
ပြည်တွင်းပဋိပက္ခများ ပြင်းထန်နေပြီး မြန်မာ့နိုင်ငံရေးတင်းမာမှုကို ရွေးကောက်ခံ အစိုးရတစ်ရပ်ဖြင့် ဖြေလျှော့ ရမည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကြီးတစ်ခု လုပ်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
၎င်းက “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကြီး တစ်ခုဟာလိုတယ်၊ တွေ့မှပဲ ဆွေးနွေးနိုင်မယ်။ အဲဒီတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခု ဖြစ်ဖို့အတွက် ကမ္ဘာတစ်ခုလုံးက တိုက်တွန်းရမယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘောင်တွေဆက်နေတဲ့ နိုင်ငံတိုင်းကလည်း တိုက်တွန်းရမယ်၊ လူထုကလည်း တိုက်တွန်းရမယ်၊ တွေ့ကြပါ၊ ဆွေးနွေး၊ လက်ဆွဲနှုတ်ဆတ်ကြပါ၊ ပြီးမှ နိုင်ငံရေးအဖြေကို ရအောင်ယူကြပါ။ အဲဒီလိုဖြစ်ဖို့အတွက် အခြေခံဥပဒေ ပေးထားချက်ရှိတယ်။ နစကသည် နောက်ကိုဆုတ်ရမယ်၊ ဒါမှပဲ လာမယ့် အသွင်ပြောင်း အစိုးရတစ်ရပ်ကို နယက ပုံစံ၊ ဦးသိန်းစိန်ဦးဆောင်တဲ့ နယက၊ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းခဲ့တဲ့ ၂၀၁၀ ရှုခင်းကို ပြန်မြင်ကြဖို့လိုတယ်။ အဲဒီတော့ ရွေးကောက်ပွဲ မြန်မြန်လုပ်ဖို့လိုတယ်။ ရွေးကောက်ခံ အစိုးရတစ်ရပ်နဲ့ အခု မြန်မာ့နိုင်ငံရေး တင်းမာမှုကို ပြန်ပြီးတော့ ဖြေလျှော့အောင် ကြိုးစားရမှာ။ အဲဒီနည်းကလွဲပြီး အခြေခံရဲ့ ပေးထားချက်မရှိဘူး” ဟု ပြောသည်။
လာမည့်နှစ် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
ထို့အတူ ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့် အစိုးရကို နိုင်ငံတော်အာဏာများ ပြန်လည်အပ်နှင်း မည်ဟု အတိအလင်းပြောဆိုခဲ့ပြီး ၎င်းရည်မှန်းချက် အောင်မြင်စေရေး တစ်စိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ချက်ရှိသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) များနှင့် PDF များအနေဖြင့် လက်နက်ကိုင် လမ်းစဥ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးလမ်းကြောင်းသွားနိုင်ရန် ရွေးကောက်ပွဲသည် ပထမဆုံး ဖြတ်သန်းရမည့်အဆင့်ဖြစ်ပြီး ၎င်း ရွေးကောက်ခံ အစိုးရတစ်ရပ်ဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းမှုများ လုပ်နိုင်မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “အရာအားလုံးက နောက်ဆုံးအဖြေရှာကြမယ်ဆိုရင် နိုင်ငံရေး စားပွဲဝိုင်းပေါ့၊ နိုင်ငံရေးလမ်းကြောင်း ပေါ်မှာပဲ အဆုံးသတ်ကြရတာကိုး။ အဲဒီတော့ နိုင်ငံရေးလမ်းကြောင်း သွားနိုင်ဖို့ ခုနပြောတဲ့ နိုင်ငံရေးတည်ငြိမ်မှု အခြေတည်ဖို့ဆို ရွေးကောက်ပွဲသည်လည်း ဖြတ်သန်းရမဲ့ ပထမဆုံးအဆင့်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံသည် လည်း ခုနပြောသလိုပေါ့လေ၊ ဒီမိုကရေစီဆိုပြီး အော်ပြီးသွားကတည်းက ဒီမိုကရေစီ ကပ်လျက်တွဲပါလာသည့် ရွေးကောက်ပွဲဖြစ်တယ်။ အဲဒီတော့ ရွေးကောက်ပွဲကို ဖြတ်သန်းမယ်၊ ဖြတ်သန်းပြီးတော့ ခုနပြောတဲ့ အစိုးရတစ်ရပ် တင်ပြမှာ။ အဲဒီအစိုးရတစ်ရပ်ကနေတစ်ဆင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းမှုတွေ လုပ်မှာပေါ့။ အဓိက အရေးကြီးတာက ဒီမိုကရေစီလမ်းစဥ် လျှောက်ချင်တယ်ပေါ့၊ လျှောက်ချင်တယ်ဆို ရွေးကောက်ပွဲနဲ့ အစိုးရ တစ်ရပ် ပေါ်ထွန်းလာဖို့၊ အဲ့အစိုးရကနေတစ်ဆင့် နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဒါတွေကတော့ မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဥ်ပေါ့” ဟု ပြောသည်။
လက်နက်ကိုင် တိုက်ယူနေလျှင် လိုချင်သည့် အခွင့်အရေးများ ရရှိမည်မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီး၍ အစိုးရတစ်ရပ်တက်လာကာ နိုင်ငံရေးနည်းအရ ဖိတ်ခေါ်မှုများ ရှိလာလျှင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လာရောက်ခြင်းမရှိပါက သူတို့၏ ရည်မှန်းချက်၊ ဦးတည်ချက်များ ကို မေးခွန်းထုတ်ရတော့မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည် မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကို ချီးကျုးမိကြောင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်လည်း ဆန္ဒပြုကူညီမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာလ ၆ ရက်နေ့က ကူမင်းမြို့တွင် နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2371
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် လက်နက်ကိုင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေသောကြောင့် နိုင်ငံရေးအားဖြင့် အဖြေရှာရန် နစကမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အသွင်ပြောင်းရန် ရည်မှန်းနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နစကအနေဖြင့် အသွင်ပြောင်းနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် အသွင်ပြောင်း အစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်ကြောင်း ၎င်းက ပြောသည်။
ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “စစ်ရေးအားဖြင့်ဘယ်လိုဖြေရှင်းကြမှာလဲ၊ မြန်မာ့ နိုင်ငံရေးအားဖြင့် ဘယ်လိုထွက်ပေါက်၊ ထွက်လမ်းရှာမှာလဲ။ သူလည်း အဖြေတွေ့လောက်ပါပြီ၊ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲတောင် သူ့ဘက်ကပြောထားပြီးပြီလေ။ အဲ့တော့ နှစ်ဦးလား၊ နှစ်ကုန်လားဆိုရင် အန်ကယ့် သုံးသပ် ချက်အရ နှစ်ဦးဖြစ်ဖို့များတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ မှာ နစကအသွင်ပြောင်းဖို့ ရည်မှန်း နိုင်တယ်။ အဲ့တော့ ကာလုံအုပ်ချုပ်တဲ့အစိုးရ ၆ လ၊ ၆ လအတွင်းမှာ ရွေးကောက်ပွဲ စလုပ်မှာလား၊ စလုပ်ရင် မပြီးနိုင် သေးရင် ထပ်ပြီးတော့ ၆ လကို သက်တမ်းတိုးမှာလား ကာလုံသည်၊ အဲ့ဒီလို ၂၀၂၆ မှာအစိုးရ၊ အသွင် ပြောင်းတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်း လာနိုင်တဲ့အနေအထား ရှိတာပေါ့ဗျာ။ ဒီကြား လာမယ့်နှစ်မှာတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေကို လုပ်ဖို့အတွက် နစကသည် Initiate (စတင်) လုပ်သင့်တာပေါ့ ဟုတ်ဘူးလား။ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု မျက်နှာချင်းဆိုင်ပြီးတော့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရမဲ့ အခွင့်အရေး တစ်ခု ပေးရမှာပေါ့ ” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အပြင် ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ့လူဦးရေ ၆၃ ရာခိုင်နှုန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီး ကျန်သည့် နေရာများအား ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကိုတွေ့ရစဥ်
သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ငြိမ်းချမ်းဖို့လိုအပ်ကြောင်း၊ ငြိမ်းချမ်းမှုမရှိသမျှ တစ်နိုင်ငံလုံးအတိုင်းအတာ အရ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် မလွယ်ကူကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သန်းခေါင်စာရင်း ကောက်ဖို့ဆိုတာက တစ်နိုင်ငံလုံး သန်ခေါင်စာရင်း ကောက်ဖို့ဆိုတာက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းဖို့လိုတယ် ကျနော်တို့အမြင်ကပေါ့နော်။ ငြိမ်းချမ်းဖို့လိုတယ်၊ စစ်ပွဲတွေမရှိဖို့လိုတယ်၊ အဲ့တော့ စစ်ပွဲတွေမရှိဖို့ ငြိမ်းချမ်းဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ဖို့လိုအပ်တယ်ပေါ့ ကျနော်တို့မြင်တာ အခုကစစ်ပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခုက ဒီအာဏာထိန်းမှုနောက်ကွယ်မှာ မကျေနပ်မှု ဖြစ်ရပ်တွေကြောင့် အခုဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ပြန်မရောက်တဲ့အတွက်ကြောင့် ဒီ တစ်နိုင်ငံလုံးမှာပေါ့ အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်ပြီးတော့ အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေကြတယ် ပေါ့နော်။ အဲ့တော့ လက်နက်ကိုင်မှု၊ ငြိမ်းချမ်းမှုမရှိသမျှပေါ့နော် သန်းခေါင်စာရင်း ကောက်ဖို့ကတော့ ကျနော်က တစ်နိုင်ငံလုံးအနေနဲ့တော့ ကျနော်တို့အမြင်ကတော့ မလွယ်ဘူးလို့ မြင်တယ်ပေါ့နော်” ဟု ပြောသည်။
အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူလျက်ရှိပြီး မဲစာရင်းများ ပြုစုပြီးပါက ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
တရုတ်အနေဖြင့်လည်း နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2356
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀
စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ပြည်သူလူထုများ မနစ်နာစေရန်နှင့် ငြိမ်းချမ်းသော နည်းလမ်းများအား အဖြေရှာရန် တွေ့ဆုံဆွေးနွေးရေး သေချာပေါက် ဖြစ်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
အချိန်တစ်ခု၌ စားပွဲဝိုင်းဆွေးနွေးရေး သေချာပေါက်ရောက်လာနိုင်ပြီး တိုက်ပွဲများ ကြာရှည်နေသရွေ့ ပြည်သူများ နစ်နာနေဦးမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုက်ပွဲရဲ့ အခြေအနေအရ၊ လူတွေရဲ့အနေအထားအရ ကြည့်မယ်ဆိုရင် သူများအမြင်မှာ (AA) ဘက်က စစ်ရေး အသာစီးရနေတယ်လို့ မြင်ကြပါတယ်။ ဆိုတော့ (AA) ဘက်ကလည်း ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်၊ သူတို့ အောက်ခြေက စစ်သားတွေရဲ့ သတင်းပေးမှုတွေ အရဆိုလို့ရှိရင် လောလောဆယ်မှာ ဆွေးနွေးမယ်လို့ သူတို့ ခံယူချက်နဲ့ ခံယူလိမ့်မယ်။ ဒါပေမယ့် ကျမမြင်တာကတော့ တချိန်ချိန်တနေ့နေ့မှာတော့ စားပွဲဝိုင်းကို သေချာပေါက် ရောက်လာရလိမ့်မယ်လို့တော့ ထည့်တွက်ထားပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဘယ်လောက်ပဲ တိုက်ပွဲတွေဖြစ်ဖြစ် နောက်ဆုံးမှာကတော့ ကျမတို့တွေ ပြည်တစ်ခုရဲ့ အခြေအနေ၊ တိုင်းပြည်ရေး၊ တည်ဆောက်ရေးတွေ အားလုံးကို ထိန်းချုပ်လိုက်တဲ့အချိန် စားပွဲဝိုင်းအပေါ် မလွဲမသေ ရောက်နေလိမ့်မယ်လို့ ထင်ပါတယ်။ တိုက်ပွဲရှည်ကြာလေလေ ပြည်သူတွေက နစ်နာလေလေ ဖြစ်လေပဲ၊ ပြည်သူတွေက အရမ်းကိုနစ်နာတယ်။ ” ဟု ပြောသည်။

စစ်တွေမြို့ အဝင်ဆိုင်းဘုတ်ကို တွေ့ရစဥ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများစတင် ဖြစ်ပွားလာပြီး ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၃ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၏တပ်များ အလုံးစုံချုပ်ငြိမ်းသွားရန် ဆက်လက် လုပ်ဆောင် သွားမည်ဟု အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိတွင် တရုတ်၏ စီမံကိန်းများရှိရာ ကျောက်ဖြူမြို့တွင်လည်း နစက ဘက်မှ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ပြည်သူ၏ အကျိုးကို အလေးထားနိုင်မည်ဆိုလျှင် တွေ့ဆုံဆွေးနွေးမှု ရှိလာနိုင် ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဥ်
၎င်းက “ပြည်သူမနာချင်ဘူး၊ လူမနာချင်ဘူး၊ ကိုယ့်ပြည်မှာရှိတဲ့ အဆောက်အဦးတွေ ပျက်စီးဖို့ မလိုလားဘူး၊ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူရဲ့ အကျိုးကို မျက်မှောက်ပြုမယ်ဆိုရင်တော့ ဆွေးနွေးမှုကတော့ တစ်ချိန် မဟုတ် တစ်ချိန်မှာတော့ တွေ့ဆုံဆွေးနွေးရဖွယ် ရှိလာနိုင်မယ်ပေါ့နော်။ အခုချိန်ထိကတော့ ပြီးပြည့်စုံအောင် ထိတော့ မဟုတ်သေးဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီအာရက္ခတပ်တော်ကလည်း ကြေညာထားတာ ရှိတယ်လေ။ ဒီရခိုင်ပြည်နယ်မှာ သူတို့ကလွဲလို့ တခြားလက်နက်ကိုင် အဖွဲ့အစည်း မရှိရဘူး ဆိုတဲ့ဟာမျိုး ကြေညာထားတယ်လေ။ ရခိုင်ပြည်တစ်ခုလုံးကို လွှမ်းခြုံလို့တော့ မရသေးဘူးပေါ့ဗျာ။ အထူးသဖြင့် ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ရဲ့ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူ ဒီနေရာတွေ မရဘဲနဲ့တော့ ညှိနှိုင်းဆွေးနွေးတယ်ဆိုရင် နောင်မှာအရှုပ်၊ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ပေါ့နော်၊ ဒီဟာတွေက ဘယ်လိုကစားမလဲဆိုတဲ့ ဟာတွေကတော့ တပ်တော်က ခေါင်းဆောင်တွေ အပေါ်မှာ မူတည် လိမ့်မယ်လို့ထင်ပါတယ်” ဟု ပြောသည်။
တိုင်းပြည်နှင့် ပြည်သူလူထုကို ထည့်တွက်ရန် လိုအပ်ပြီး ငြိမ်းချမ်းသောနည်းကို အခြေခံကာ ကြိုးပမ်းရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်သည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်ကို AA က ထိန်းချုပ်ထားပြီး နစက မှ ထိန်းချုပ် ထားသည့် ကျန် ၇ မြို့အနက် ဂွ၊ မောင်တောနှင့် အမ်းမြို့နယ်များကို AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက် နေသလို ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့ကိုလည်း AA ဘက်က ပိတ်ဆို့ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2373
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀
တရုတ်ဘက်မှ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်သည် ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ပေကျင်းမြို့တော်၌ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Lin Jian က ပြောကြားခဲ့ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။

ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က "MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင် ဟာ တရုတ်နိုင်ငံမှာ ဆေးကုသဖို့ခွင့်တောင်းခဲ့တာဖြစ်ပြီး အခုအခါ ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထူလာနေပြီ" ဟု ပြောသည်။
ဖုန်တာရွှင်သည် ပြီးခဲ့သည့် အောက်တိုဘာလက တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ သို့ ခရီးထွက်ခဲ့ပြီးနောက် ယနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်မရောက်လာသေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1949
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀
မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြော သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ် နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်”ဟု ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်စဉ် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယာ ဝန်ကြီးချုပ်များဖြင့် သီးခြားစီ တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မိမိတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှ လေ့လာ အကဲခတ်ရေး ကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။
