- By CNI
- Category: နိုင်ငံရေး
- Hits: 2458
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး စစ်ရေးအားကောင်း နေသော ကြောင့် နိုင်ငံရေးဘောင်အား ပြန်ချဲ့ရန် ဆွေးနွေးပွဲများ လုပ်ဖို့လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ က ပြောသည်။
စစ်ရေးဘောင်ကျဥ်းစေရန် စိတ်ရှည်ရှည်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ အဆက်မပြတ်လုပ်နေရန် လိုအပ်ကြောင်း NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ရေးက အင်မတန်မှ ကြာရှည်လာမယ်ဆိုလို့ရှိရင် မဖြစ်သင့်တဲ့ ကိစ္စလို့ပဲမြင်ပါတယ်၊ စစ်ရေးက အများ ကြီး ရေရှည်သွားလို့ရှိရင် အနိဋ္ဌာရုံတွေလည်း တကယ့်ကို များလာမှာဖြစ်တယ်၊ အခုလည်း များနေပြီပဲ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ တချိန်ချိန် တစ်နေ့နေ့မှာ စားပွဲဝိုင်းကိုတော့ နီးစပ်ရောက်လာရလိမ့်မယ်လို့ ထင်တယ်။ တစ်ဖက်မှာဆိုလို့ရှိရင် ကျမတို့က စစ်ရေးဘောင်က ကျယ်နေတယ်၊ နိုင်ငံရေးဘောင်က ကျယ်ဖို့ အတွက်ပဲ စဥ်းစားခဲ့ကြရင်းနဲ့ပဲဆုံးသွားတယ်။ အဲလိုအနေအထားမျိုးတွေဖြစ်တော့ ဒီစစ်ရေးဘောင်ကို ကျဥ်းမယ် ဆိုလို့ရှိရင် စိတ်ရှည်ရမှာ ဖြစ်တယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆက်မပြတ် လုပ်နေရမယ်၊ ပြီးလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲက ရလာတဲ့ အကျိုးရလဒ်တွေကို ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ ပြီးလို့ရှိရင် တိုက်ပွဲနည်းလာ နိုင်ဖို့အတွက် ကို ဒီဆွေးနွေးပွဲ၊ စားပွဲဝိုင်းပေါ်မှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေက အခုကြိုးပမ်းနေသည်ထက် ပိုပြီးတော့မှ ကြိုးစား ရမယ်လို့ ကျမမြင်မိပါတယ်” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီးဖြစ်သည်။
ထို့နောက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ ပြန်လည် တိုက်ပွဲများဖြစ်ပွား နေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက် ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စစ်ပြေးဒုက္ခသည် ၆ သန်း ကျော်ရှိကြောင်း ISP-Myanmar မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် လူထုကို အနိုင်ပေးသော သဘောမျိုးနှင့် ချဥ်းကပ်မှသာ နိုင်ငံရေးအားဖြင့် ပြန်တက်လာမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “စစ်ရေးတင်းမာတယ်၊ နိုင်ငံရေးကျတယ်။ အဲတော့ နိုင်ငံရေးပြန်တက်ဖို့အတွက် စစ်ရေးကို ပြန်လျှော့မှ ဖြစ်မယ်။ အဲတော့ ပါဝင်ပတ်သတ်တဲ့ လူတွေထဲမှာ နိုင်ငံရေးဆိုတာ အပျော့ဆုံးအရာ လက်နက်မရှိဘူး၊ လူထုကို စည်းရုံးတယ်။ အခုက နှစ်ဖက်စစ်ဖြစ်တဲ့အခါ လူထုခံရတယ်၊ နိုင်ငံရေးအားဖြင့် နောက်ကိုဆုတ်ကြတာ၊ နိုင်ငံရေး အားဖြင့် ရှေ့ကိုရောက်ဖို့အတွက် ပါဝင်ပတ်သက်တဲ့သူတွေ ဒီအခင်းအကျင်းပေါ်မှာ အမှန်မြင်ဖို့ လိုတာပေါ့။ သမိုင်းသင်ခန်းစာ ယူဖို့လိုတယ်၊ မြန်မာ့တပ်မတော်လည်း ယူရမယ်၊ မြန်မာနိုင်ငံမှာ လက်ရှိဦးဆောင်နေတဲ့ နစက လည်း ယူရမယ်၊ အဲသလိုပဲ လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်နေတဲ့ အင်အားစု အားလုံးသည် ဒီပေါ်မှာ သဘော ရိုးရိုးနဲ့ မြန်မာလူထုကို အနိုင်ပေးမှ၊ အဲဒီသဘောနဲ့ ချဥ်းကပ်မှုမှန်ခဲ့ရင် နိုင်ငံရေးအားဖြင့် တက်လာမယ်။ နိုင်ငံရေး အားဖြင့် ညှိနှိုင်းဖြေရှင်းမှပဲ ဒီစစ်ရေးတင်းမာမှုက ကျသွားနိုင်တယ်ဆိုတဲ့ ဘက်ကိုသွားမယ်။ ဒုတိယတစ်ကြိမ် မြန်မာနိုင်ငံကို လွတ်လပ်ရေးပြန်ပေးရမှာ။” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့များက အိန္ဒိယမှ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ၁၁ ပါတီ၊ EAO ၆ ဖွဲ့၊ NSPNC နှင့် CPR မှ ကိုယ်စားလှယ် ၂၀ ကျော်ကို ဖိတ်ခေါ်၍ အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်အကြောင်း ဆွေးနွေးခဲ့ကြသည်။
ဒီဇင်ဘာလတွင်လည်း မြန်မာ့အရေး အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံက ဦးဆောင်၍ လက်ခံကျင်းပသွားရန် ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်(EAOs)များ၊ PDF အဖွဲ့များ ကြား တိုက်-ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2447
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၏ ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု နိုဝင်ဘာ ၁၈ ရက်နေ့တွင် သတင်းများ ထွက်ပေါ်လာသော်လည်း တကယ် ဖမ်းခံထားရသလား ဆိုသည့်အပေါ် တချို့က မေးခွန်းထုတ်နေကြသည်။
ကိုးကန့်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ထိုသတင်းမှာ မှန်ကန်မှု မရှိနိုင်ကြောင်း၊ တရုတ်၏ သဘောသဘာဝအရ ၎င်းလူမျိုးအချင်းချင်း နစ်နာအောင် မလုပ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တာ မမှန်ဘူးထင်တယ် သတင်း။ ဘာကြောင့်လဲဆိုတော့ ကိုးကန့်ကလည်း တရုတ်ပဲ၊ တရုတ် ကလည်း ကိုးကန့်ပဲ။ နောက်ပြီးတော့ ကိုးကန့်နယ်ဆိုတာ အင်္ဂလိပ် ဗမာပြည် သိမ်းပြီးနောက်ပိုင်းမှာမှ အင်္ဂလိပ် လက်ထဲကို တရုတ်က အပ်ပေးထားတာ။ တောက်လျှောက်က တရုတ်တိုင်းပြည်ရဲ့ အစိတ်အပိုင်းပဲ။ ဒါကြောင့် သူဗမာပြည် အစိတ်အပိုင်းဖြစ်တာက နှစ်ပေါင်း သိပ်မကြာသေးဘူး။ လူမျိုးအရရော ဘာရော အားလုံးက ဆက်စပ် နေတော့ ခေါ်ယူဆွေးနွေးတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီလို ထိန်းချုပ်တာတို့ ဘာတို့တော့ မရှိဘူး ထင်တယ်။ ဘာလို့ဆို တရုတ်အချင်းချင်းက တစ်ယောက်နဲ့ တစ်ယောက် နစ်နာအောင်တော့ လုပ်မယ့်သဘောမရှိဘူး။ ကျနော်သိသလောက်ပေါ့ သူတို့ရဲ့ သဘောသဘာဝမှာ။ ကျနော်ကတော့ အတွင်းသိ အဆင်းသိဆိုတော့ ဖြစ်နိုင် ခြေတော့ နည်းတယ်ထင်ပါတယ်။ ဆက်လက် ညှိနှိုင်းနေတဲ့သဘောတော့ ဖြစ်မှာပေါ့” ဟု ပြောသည်။

MNDAA ကိုတည်ထောင်သူ ဖုန်ကြားရှင်ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လက UWSA “ဝ” တပ်ဖွဲ့ ခေါင်းဆောင်အချို့နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တွေ့ဆုံမှုတွင် လောက်ကိုင်မှ မိသားစုကြီး ၄ ခု လုံးဝ ပျက်စီးရခြင်းသည် တရုတ်ပြည်ကို ဆန့်ကျင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဖုန်မိသားစုလည်း ထိုအဖြစ်အပျက်ကို သင်ခန်းစာယူသင့်ကြောင်း တရုတ်အထူးကိုယ်စားလှယ်မှ ပြောဆိုထားသည်။
ထို့အပြင် ကိုးကန့်ဒေသသည် မိသားစုကြီး လေးခုမရှိဘဲလည်း ခရီးဆက်၍ရသကဲ့သို့ ဖုန်မိသားစု မရှိဘဲလည်း ရှင်သန်၍ရကြောင်း၊ ဖုန်မိသားစုသည် နားမဝင်ဘဲ တရုတ်နှင့် ဆန့်ကျင်ဘက်ကို ဆက်လုပ်နေသည့်အတွက် ဒဏ်ပေးမှု တိုးမြှင့်သည့်အနေဖြင့် ဖြတ် ၅ ဖြတ် စီမံကိန်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပါရှိသည်။
ဖုန်တာရွှင်သည် MNDAA ကို တည်ထောင်သူ ပထမဆုံးခေါင်းဆောင် ဖုန်ကြားရှင်၏ သားဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလက တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံသို့ ခရီးထွက် ခဲ့ပြီးနောက် ယနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်မရောက်လာသေးပေ။
ထို့နောက် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

လားရှိုးမြို့ရှိ ရမခ စစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်လိုက်စဉ်
ဖုန်တာရွှင်သည် အောက်တိုဘာလကတည်းက တရုတ်တွင် ကျန်းမာရေးအရ ဆေးဝါးကုသမှု ခံယူနေရခြင်းဖြစ်ပြီး တရုတ်ဘက်မှ လုံခြုံရေး ယူပေးထားသည်ကို ဖမ်းဆီးထားသည်ဟု ထင်မြင်ယူဆ၍ ပြောဆိုနေကြခြင်း ဖြစ်နိုင် ကြောင်း တရုတ်ပြည်အခြေစိုက် မြန်မာ-တရုတ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမကြားထားတာ ဒီလို။ သူကအလုပ်ထဲမှာ အသက်ကလေးလည်း တော်တော်ရလာပြီ။ ၆၀ ရှိနေပြီ။ အလုပ်တွေပင်ပန်းလို့ ကျန်းမာရေး ဆေးလာစစ်တယ်လို့ အဲဒီလိုကြားတယ်။ အဲဒါက အောက်တိုဘာလ ကတည်း က ကြားနေတာလေ။ ကျမတို့ သိသလောက်လည်း တခြားအဆက်အစပ်ရှိတဲ့ အသိတွေ မေးတော့လည်း ကျန်းမာရေးအရ ဆေးရုံတက်နေတာပါလို့ ပြောတယ်။ အဲဒီလိုနယ်စပ်က ကျမတို့ပါတီ အပါအဝင် ပေါ့လေ။ နယ်စပ်ကရှိတဲ့ တခြားအဖွဲ့အစည်းက ခေါင်းဆောင်တွေ ဆေးရုံတက်ရင်တော့ သူတို့ တရုတ်ဘက်က လုံခြုံရေး တွေ ဘာတွေတော့ ချချ ထားတတ်တယ်။ ကျမတို့ ခေါင်းဆောင်တွေ တက်တုန်းကလည်း ဒီလိုပဲ။ သူတို့ဆီမှာ တစ်ခုခုဖြစ်မှာစိုးလို့။ အဲဒါကို တွေ့တဲ့သူကများ ပြောသလား ဘာလားတော့ မသိဘူး” ဟု ပြောသည်။
MNDAA နှင့် တရုတ်သံတမန် အသိုင်းအဝိုင်းဖြင့် နီးစပ်သူများကတော့ ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးထား သည်မှာ မှန်ကန်ကြောင်း ပြောသည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နစက၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် တရုတ်-မြန်မာ နယ်စပ်အတွက် အရေးပါသည့် ကုန်သွယ်ရေးဂိတ်များရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ မုံးကိုးမြို့များ အပါအဝင် မြို့ပေါင်း ၉ မြို့ကို သိမ်းပိုက်ထားသည်။
တရုတ်ဘက်မှလည်း ရှမ်းမြောက်တိုက်ပွဲများကို ဖိအားပေးသည့်အနေဖြင့် ပြီးခဲ့သည့် လပိုင်းမှ စတင်ကာ နယ်စပ် ဒေသများ၌ ကုန်စည်စီးဆင်းမှုများအား ဖြတ်တောက်ခဲ့သလို လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့များ ပြန်ဆုတ်ရန် ဖိအားပေးလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1642
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈
စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ သန်းခေါင် စာရင်းများ ကောက်ယူခဲ့သော်လည်း မြို့နယ် ၃ မြို့နယ်သာ ကောက်ယူနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တွင်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်ပြီး တခြားသော မြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၃ မြို့နယ်တွင်လည်း မာန်အောင်မြို့နယ် တစ်ခုသာ အလုံးစုံ ကောက်ယူနိုင်သည့် အခြေအနေ ရှိသည်ဟု စစ်တွေဒေသခံ ဦးစောနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေရယ်၊ ကျောက်ဖြူရယ်၊ မာန်အောင်ရယ်။ စစ်တွေဆိုလည်း မြို့ပေါ်မှာ၊ စစ်တွေဆိုလည်း မြို့ထဲ တစ်ဝိုက်ပဲ ကျန်တော့တာ။ ကျောက်ဖြူလည်း ဒီအတိုင်းပဲ။ မာန်အောင်တော့ တစ်ကျွန်းလုံး ရှိမှာပေါ့။ တကယ် တမ်း ပြေပြေလည်လည် ကောက်နိုင်တယ်ဆိုရင် အားနဲ့ပဲကောက်ကောက် ဘာနဲ့ပဲကောက်ကောက် မာန်အောင် တစ်မြို့ပဲ ကောက်လို့ရတယ်။ ကျန်တဲ့မြို့နယ်မှာ လူဦးရေလည်း မပြည့်စုံဘူး။ အချက်အလက်လည်း မပြည့်စုံဘူး။ နောက်ပြီးတော့ ကျနော်ကြားမိသလောက်က အပြုသဘောပဲ လုပ်ခဲ့ရတယ်။ ပြည့်ပြည့်စုံစုံတော့ မရောက်နိုင်ဘူး” ဟု ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်း အသိပေး နှိုးဆော်နေကြစဉ်
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် တော်တော်များများကို AA က ထိန်းချုပ်ထားပြီး နစက ထိန်းချုပ်ထားသည့် မြို့နယ်သည်လည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့်အတွက် အချက်အလက် ပြည့်ပြည့်စုံစုံ ရရှိနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် သံတွဲ စသည့်မြို့နယ်များကို AA က ထိန်းချုပ်ထားကြောင်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ အမ်းနှင့် စစ်တွေ စသည့်မြို့နယ်များကို နစက-က ထိန်းချုပ်ထားဆဲ ဖြစ်သည်။
မြောက်ဦးဒေသခံ ဦးလှမောင်သိန်းက “ကျန်တဲ့နေရာတွေတော့ ကောက်မယ်မထင်ပါဘူး။ စစ်တွေမှာတော့ ကောက်တယ်လို့ ပြောသံကြားတယ်။ ကျန်တဲ့နေရာမှာ ကောက်လို့မရဘူး။ ကျန်တဲ့နေရာမှာ သူတို့ သွားလာလို့ မရဘူးလေ။ အဲဒီလို ပြောမယ်ဆိုရင် စကစ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာမှ သူတို့ ကောက်လို့ရတာပေါ့။ ကျန်တဲ့နေရာကိုလည်း လာလည်း လာရဲမှာ မဟုတ်ဘူး။ လာရင်လည်း တစ်ခုခု ဖြစ်လို့လည်း ပြောလို့မရဘူး။ ဖြစ်ချင်လည်း ဖြစ်မယ် မဖြစ်ချင်လည်း မဖြစ်ဘူး။ အဲဒီနေရာတွေတော့ မကောက်ပါဘူး” ဟု ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူနေစဉ်
လက်ရှိ သန်းခေါင်စာရင်း ကောက်ယူနေတဲ့ စစ်တွေမြို့ကို နစက-က ထိန်းချုပ်ထားသော်လည်း တိုက်ပွဲဖြစ်လာ မည်ကို စိုးရိမ်ခြင်းကြောင့် ဒေသခံများသည် ပြီးခဲ့တဲ့ လများကတည်းက နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
လက်ရှိတွင် နစက ထိန်းချုပ်ထားသည့် ဂွ၊ မောင်တောနှင့် အမ်းမြို့နယ်များကို AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက် နေသလို ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့ကိုလည်း AA ဘက်က ပိတ်ဆို့ထားသည့် အတွက် နစကအနေဖြင့် မြို့ပေါ်ရပ်ကွက် တချို့တွင်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်မည်ဟု ဒေသခံများက ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ငွေကျပ် သန်းပေါင်း ၅ သောင်း ၆ ထောင်ကျော် အကုန်အကျခံ ကောက်ယူ မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
ကောက်ယူရရှိသည့် သန်းခေါင်စာရင်းကို လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3122
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်အား ကျင့်သုံးလိုက်ခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခအား ဖြေရှင်းနိုင်မည်ဟု အများစုက လက်ခံထားကြသော်လည်း ဖက်ဒရယ်ကို ကျော်လွန်ပြီး စဥ်းစားလာပါက တိုင်းပြည်ပြိုကွဲသွားပြီး နိုင်ငံသစ်ထူထောင်မှုများ လုပ်လာနိုင်ကြသည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံကို ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု NCA ထိုးထား သည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်ကြား သဘောတူထားကြသလို နိုင်ငံရေးပါတီများကလည်း လက်ခံထားကြသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံသစ်ထူထောင်ရေးဆိုသော ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား လာခဲ့ကြသည်။

AA ခေါင်းဆောင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ ပြိုကွဲသွားမည်ကို အိမ်နီးချင်းနိုင်ငံများက မလိုလားကြောင်း၊ ဖက်ဒရယ်စနစ်သည်သာ မြန်မာနိုင်ငံ အတွက် အဆင်ပြေမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖက်ဒရယ်သည် အဖြေတစ်ခုလို့ သတ်မှတ်ထားလို့ ဖက်ဒရယ်အတိုင်းသွားဖို့ လမ်းကြောင်း ရှာရတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်းကိုမှ မကျင့်ဘဲနဲ့ ဖက်ဒရယ်ကို ကျော်လွန်သွားတယ်ဆိုရင်တော့ ခုနပြောတဲ့ ပြည်ထောင်စုရဲ့ ပြိုကွဲရေး၊ နောက် ကိုယ့်ဘာသာကိုယ် နိုင်ငံသစ်ထူထောင်ရေးဆိုတဲ့ ပုံစံမျိုးကိုသွားမှာ။ ဒါပေမယ့် အဓိက အရေးကြီးတာက မြန်မာ့နိုင်ငံရေး တစ်ခုထဲသည် မြန်မာပြည်တွင်းရေးမှာပဲ သက်ရောက်မှုရှိတာ မဟုတ် ဘူး။ အကယ်၍သာ မြန်မာနိုင်ငံမှာ ခုနပြောသလို peace off ဖြစ်သွားမယ်၊ နိုင်ငံငယ်လေးတွေ အစိတ်စိတ် အမွှာ မွှာနဲ့ ကွဲထွက်သွားမယ်ဆိုရင် မြန်မာတစ်နိုင်ငံထဲတင် ပြဿနာတတ်မှာ မဟုတ်ဘူး။ အရှေ့တောင်အာရှဒေသ တစ်ခုလုံး၊ နောက် ကပ်နေတဲ့ နိုင်ငံကြီးတွေမှာလည်း ပြဿနာအကြီးအကျယ်တက်မှာ။ အဲတော့ အခုနောက်ပိုင်း SAC နဲ့ပတ်သက်လို့ပေါ့နော် နစကရော ကျန်တဲ့ဒေသတွင်းနိုင်ငံတွေက ပြန်ပြီးတော့ နိုင်ငံရေးအရ Favor ပေး တယ်၊ ပြန်လည်ပြီးတော့ နေရာပေးလာတယ်ဆိုတာ အလကားပေးလာတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ အရမ်း ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်သွားရရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်လိုဆိုးရွားနိုင်လဲ သူတို့ကိုယ် တိုင်သိလို့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်နိုင်ငံ ထူထောင်မည်ဆိုလျှင် အုပ်ချုပ်ရေးယန္တရား၊ စီးပွားရေး၊ ကုန်သွယ်ရေးများနှင့် အစိုးရတစ်ရပ်၏ ပင်မတာဝန်များအား မြေပြင်အခြေအနေအရ လက်တွေ့လုပ်ဆောင်နိုင်ရန် ခက်ခဲကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

UWSA ကိုတွေ့ရစဉ်
ကွန်ဖက်ဒရေးရှင်းကို ခေါ်စျေးအနေဖြင့် ပြောဆိုထားမှသာ ဖက်ဒရယ်စနစ်အား ပုံစံကျကျ အခွင့်အရေးများ သဘောတူသွားနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖက်ဒရယ်ပေါ်ပေါက်လာတဲ့ တိုင်းပြည်တစ်ခုနဲ့တစ်ခု သမိုင်းကြောင်းလည်း မတူဘူး။ နောက်ခံ အကြောင်းအရာလည်း မတူကြတော့ ကျနော်တို့ တိုင်းပြည်ကတော့ ဖက်ဒရယ်စနစ်ပုံစံ တစ်မျိုးမျိုးနဲ့တော့ ထွက် ရမှာပဲ။ ဒါပေမယ့် အဲဒီပုံစံမှာ ပြည်နယ်တွေက ပြည်နယ်ဖွံ့ဖြိုးဖို့ လိုချင်တာဖြစ်နိုင်တယ်၊ နောက်ပြီးတော့ ဖက်ဒရယ်အစိုးရလို့ခေါ်တဲ့ ဗဟိုအစိုးရကလည်း ဗဟိုချုပ်ကိုင်မှု ပိုအားကောင်းတာမျိုးကို လိုချင်တာ ဖြစ်နိုင်တယ်၊ ဥပမာ အိန္ဒိယပုံစံပေါ့။ အဲဒီလို ပုံစံနှစ်ခုမှာ အားပြိုင်နေတယ်လို့ ကျနော်ထင်တယ်။ သို့သော်လည်းပဲ အားလုံးက ကွန်ဖက်ဒရေးရှင်းတို့၊ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တို့ဆိုတာက ခေါ်စျေးပေါ့ဗျာ၊ ကျောက်အရောင်းအဝယ် လုပ်တဲ့ပုံဆိုရင် ခေါ်စျေးပေါ့၊ ခေါ်စျေးကများများ တင်ထားမှ ကျနော်တို့ ဖက်ဒရယ်ပုံစံကျကျ ပြည်နယ်တွေမှာ ရသင့်ရထိုက်တဲ့ ပြည်နယ်ကိုယ်ပိုင်ပြန်ဋ္ဌာန်းခွင့် အခွင့်အရေးတွေရဖို့ အဲဒီမှာ သဘောတူသွားနိုင်တယ်လို့ ထင် တယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(AA)က UWSA “ဝ” ထက် မနိမ့်သော အဆင့်အတန်းမျိုးကို ယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ သံတမန်များ၊ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအတင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
ယခု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စတင် အကောင်အထည်ဖော်နေပြီး ဖြစ်သည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများ သည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြားထားသည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1298
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄
မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနှင့်တရုတ်တို့ မည်သူက ပို၍ အရွေ့တစ်ခုရောက်အောင် ဖော်ဆောင်နိုင်မလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတည်ငြိမ်ရေးအပေါ် တရုတ်ဘက်မှ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်လာသကဲ့သို့ ထိုင်းဝန်ကြီးချုပ် အနေဖြင့်လည်း နစက ဥက္ကဋ္ဌထံသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ ကူညီပေးရန် ကမ်းလှမ်းခဲ့သည်။
တရုတ်နိုင်ငံမှ လုပ်ဆောင်မည့် အရွေ့သည် တစ်ပြည်နယ်လုံးကို မလွှမ်းခြုံနိုင်သဖြင့် ထိုင်းနိုင်ငံမှ လုပ်ဆောင်မည့် အရွေ့က ပိုမို သက်ရောက်မှုရှိနိုင်ကြောင်း ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ CNI သတင်းဌာနသို့ ပြောသည်။
“ထိုင်းက plan ချထားတာ ၃ လလောက်ရှိပြီဆိုတော့ ထိုင်းက အရင်လုပ်နေပြီ။ လုပ်နေတော့ တရုတ်က ထိုင်း ကိုပဲ လိုက်ပြီး ပံ့ပိုးရမယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ရဲ့ ပံ့ပိုးမှုက မြောက်ပိုင်းအဖွဲ့တွေကိုပဲ လွှမ်းခြုံပြီး တောင်ပိုင်းမှာရှိတဲ့ မွန်တို့၊ KNU တို့၊ KNPP တို့၊ တခြားလက်နက်ကိုင်ပေါ့ ချင်းအပါအဝင်ပေါ့လေ ဒီလက်နက်ကိုင်နဲ့ ပတ်သက်လို့ တရုတ်က သိပ်အာရုံထားတာမတွေ့ရဘူး။ မြောက်ပိုင်းအဖွဲ့တွေမှာပဲ တရုတ်က အာရုံထားတော့ တခြမ်းပဲတော့ ငြိမ်းလို့မရဘူး။ ပဋိပက္ခက လုပ်မယ်ဆိုရင် တစ်ပြည်လုံးလွှမ်းခြုံတဲ့ ပဋိပက္ခ လျော့နည်းရေးမူကို ချရမယ်လို့ ယူဆပါတယ်။ တစ်ပြည်လုံးလွှမ်းခြုံနိုင်ဖို့က ထိုင်းမှာ ဒီဇင်ဘာမှာ ကျင်းပမယ့် တွေ့ဆုံပွဲက လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နှစ်နိုင်ငံလုံးသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ထိုင်းနှင့် တရုတ် နယ်စပ်တို့တွင် အများဆုံးဖြစ်ပွားနေသဖြင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်မှာ အဓိကပိုကျကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
သို့သော် ထိုင်းသည် အမေရိကန်ဘက်မှ တစ်စုံတစ်ရာ ဩဇာလွှမ်းမိုးမှုရှိသဖြင့် တရုတ်က ပြုလုပ်မည့် မြန်မာ့ နိုင်ငံရေး အရွေ့က ပိုမိုပြီးမြောက်မှုရှိနိုင်မည်ဟုလည်း ၎င်းက သုံးသပ်သည်။
“ထိုင်းကတော့ ဘယ်လိုပဲပြောပြော မြန်မာနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသော်ငြားလည်းပဲ သူက အမေရိကန်နဲ့ တော်တော်လေးကပ်တယ်။ အဲဒီတော့ တစ်ခါတစ်ရံမှာ သူ့ရဲ့ political ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေက အမေရိကန် သိပ်အမြင် မကောင်းတဲ့ ပုံစံမျိုး သူက ရှောင်လွှဲပြီး ကစားတာရှိတယ်။ တရုတ်ကြတော့ အဲဒီလိုမဟုတ်ဘူး။ နဂိုကတည်းက ကွန်မြူနစ်ပါတီ တစ်ပါတီထဲကနေ နိုင်ငံကို အုပ်ချုပ်နေတာဖြစ်တဲ့အခါကြတော့ တကယ်တမ်း အလုပ်လုပ် မယ်ဆို တရုတ်နဲ့ လုပ်တဲ့အလုပ်က ပိုပြီး ပြီးမြောက်နိုင်ခြေရှိတယ်လို့ တွက်လို့ရတယ်။ တကယ်တမ်းကတော့ မြေပြင်မှာ ဘယ်လိုအကောင်အထည်ဖော်မလဲ။ နောက်တစ်ခါ ဘယ်အပိုင်းကို အကောင်အထည်ဖော်မလဲ။ အဲဒါအပေါ်မူတည်ပြီးတော့ပဲ အောင်မြင်တဲ့နှုန်းက ထွက်လာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတွင်း NUG ကိုယ်စားလှယ်များ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ကရင် KNU အဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသား အစည်းအရုံး (KNO) တို့က ကိုယ်စားလှယ်များနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံခဲ့ကြသည်။
ထို့အတူ တရုတ်နိုင်ငံမှ အကြီးအကဲများသည်လည်း နစကနှင့် တွေ့ဆုံကာ တည်ငြိမ်ရေး၊ နယ်စပ်အရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး စသည်တို့ကို အဓိက တိုက်တွန်းလုပ်ဆောင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1971
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်အား ကျင့်သုံးလိုက်ခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခအား ဖြေရှင်းနိုင်မည်ဟု အများစုက လက်ခံထားကြသော်လည်း မြန်မာပြည်အတွက် ဖက်ဒရယ်စနစ်က ဘာကြောင့် အကောင်းဆုံးဟု ပြောနိုင်ရသလဲဆိုကာ မေးခွန်းထုတ်သူများလည်းရှိနေသည်။
ခေတ်အဆက်ဆက် လက်နက်ကိုင်လှုပ်ရှားမှုများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်လာနေသောကြောင့် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်အရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကက ကျနော်တို့ ဒါပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ ကတိကဝတ်တွေကို အကောင်အထည် မဖော်နိုင်တာကနေ စပြီးတော့ လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက်ပေါ့နော် ပဋိပက္ခတွေ ဖြစ်လာ တယ်။ ဒါကြောင့် တစ်ခုကတော့ နိုင်ငံရေးအရ၊ ဝါဒရေးရာပြဿနာ၊ အဲအချိန်တုန်းကတော့ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ လက်နက်ကိုင်လှုပ်ရှားမှုက အကြီးဆုံးပေါ့။ အဲတော့ နောက်ပိုင်းမှာတော့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်နဲ့ အကြောင်းပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်လာတယ်။ အခု ၂၀၂၁ မှာကတော့ ဒီမိုကရေစီ ဆက်စပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ပေါ့နော်။ နိုင်ငံရေးပြဿနာတွေရဲ့ အခြေခံ အချက်ကလည်း ပြည်သူတွေ ကြားထဲမှာ စားဝတ်နေရေး ပြဿနာပေါ့နော်၊ အဲတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာကို မဖြည့်ဆည်းနိုင် တဲ့အတွက်ကြောင့် လူထုကြားထဲမှာ မကျေနပ်မှုတွေ၊ နိုင်ငံရေး အကြောင်းပြုပြီး ဖြစ်ပေါ်လာတာတွေ အားလုံး ပေါင်းစုံ သွားတာလို့ မြင်ပါတယ်ဗျ”ဟု ပြောသည်။

NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို တွေ့ရစဥ်
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ရေး ပဋိပက္ခတွင် နိုင်ငံရေးကြောင့် ပေါ်ပေါက်လာမှုများရှိသလို အကျိုးစီးပွားကြောင့် ပေါ်ပေါက်လာမှုများလည်း ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ သည်။
ထို့နောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့ ၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်(EAO) ၆ ဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးစင်တာ(CPR) တို့မှ ကိုယ်စားလှယ် ၂၀ ကျော်တို့သည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြား အာဏာခွဲဝေမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေအနေများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် မှ ၇ ရက် အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။

နိုင်ငံတကာ သံတမန်များ၊ နစက ခေါင်းဆောင်များ၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဖက်ဒရယ်၏ အနှစ်သာရကို နားလည်ကာ ထိုလမ်းစဥ်များအတိုင်း တိတိကျကျ လုပ်ဆောင်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အဖြေတစ်ခု ဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNIသတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ သီအိုရီအရတော့ ခုနဖက်ဒရယ် သဘောတရားအရ ပြည်နယ်တွေဟာ ကိုင်ပိုင်အုပ်ချုပ် ပိုင်ခွင့်ရကြမယ်။ အဓိကက မြန်မာနိုင်ငံမှာ နိုင်ငံရေး သဘောတရားအရ ကြည့်လို့ရှိရင် ပြည်နယ်တွေက ခုနက တိုင်းဒေသကြီးပေါ့လေ၊ ပြည်မနဲ့ တန်းတူမရဘူးဆိုတဲ့ အဓိကကတော့ လွတ်လပ်ရေး ယူတဲ့အချိန်မှာ အင်္ဂလိပ်ရဲ့ ၂ ပိုင်းခွဲခြားထားတဲ့ ဝါဒရေးရာ ပြဿနာပေါ့နော်။ အဲတာကို ဖြေရှင်းဖို့တွက်ကတော့ ပြည်နယ်တွေဟာ သူတို့ ကိုယ်သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်စွမ်း ရတယ်ဆိုတဲ့ဟာမျိုးပေါ့။ ဖက်ဒရယ်ရဲ့ တကယ့်အနှစ်သာရအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ယူထားတယ်။ ဒါပေမယ့် လက်ရှိရှိနေတဲ့ ပြည်ထောင်စုနဲ့ ပြည်ထောင်စုရဲ့ နယ်နိမိတ်အတွင်းမှာပဲ ပေါင်းစည်းပြီးတော့ အားလုံးစည်းလုံးညီညွတ်စွာ နေထိုင်သွားမယ်ပေါ့။ အဲဒီသီအိုရီတွေအတိုင်း အဲဒီလမ်းစဥ်တွေအတိုင်း တိတိကျကျ လုပ်နိုင်မယ်ဆိုရင်တော့ ဖက်ဒရယ်သည် မြန်မာနိုင်ငံအတွက် အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ထို့ပြင် ဖက်ဒရယ်သည် အဖြေတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖက်ဒရယ်စနစ်အတိုင်း သွားကြ ရန် လုပ်ဆောင်နေကြကြောင်း၊ သို့သော် ထိုနည်းလမ်းအား ကျော်လွန်၍ စဥ်းစားမည်ဆိုလျှင် ပြည်ထောင်စု ပြိုကွဲမည်ဖြစ်ကြောင်း၊ ထိုအကျိုးသက်ရောက်မှုသည် ပြည်တွင်းရေးတွင်သာမက အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးပင် ပြဿနာအကြီးအကျယ် ဖြစ်သွားနိုင်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေ ကြသည်။
တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက် များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3254
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ အရှိန်မြှင့်၍ ဖြစ်ပွားလာခြင်းနှင့် ကုန်သွယ်ရေးပိတ်ဆို့ ခံရခြင်းများကြောင့် ဒေသတွင်းနေ ပြည်သူလူထုများ အငတ်ဘေးမကြုံရစေရန် မည်ကဲ့သို့ ဖြေရှင်းကြမလဲဆိုသည့် မေးခွန်းများ ထွက်ပေါ်လာသည်။
ရခိုင်ပြည်နယ်တွင် လူပေါင်း ၂ သန်းခန့် အငတ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက် ရေးအစီအစဥ်(UNDP)က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများ ဖြစ်နေသောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နှင့်ပတ်သက်၍ ဖြစ်နေသော တိုက်ပွဲများအား ပြေလျော့စေရန် နိုင်ငံရေးနည်းအရ စကားပြောကြရန် လိုအပ် ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်လမ်းတစ်နေရာကိုတွေ့ရစဉ် (CJ)
၎င်းက “ကုန်သွယ်ရေးတွေကတော့ သွယ်ဝိုက်သောနည်းဖြင့် တိုက်ပွဲတွေ ဖြစ်လာလို့ တစ်ဖက်နဲ့ တစ်ဖက် ပိတ်ဆို့ ကျတဲ့ သဘောပေါ့နော်၊ ဒီဟာက အဓိကက နိုင်ငံရေးပြဿနာပေါ်မှာ အခြေခံလာလို့လည်း ဒီဟာကို တစ်ဖက်နဲ့ တစ်ဖက် နိုင်ငံရေးအရ မပြေလည်လို့ တိုက်ပွဲတွေဖြစ်တယ်၊ တိုက်ပွဲတွေ ဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့တယ်၊ ဒီသဘောပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ ဒီဟာကို ရခိုင်အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်တာထက်စာရင် ရခိုင်နဲ့ပတ်သက်ပြီး နှစ်ဖက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ နိုင်ငံရေးအရ ပြဿနာ ပြေလည်ဖို့အတွက်ပေါ့နော်၊ နိုင်ငံရေးနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်တယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာအနေနဲ့ တွန်းအားပေးသင့်သလို လက်ရှိ ပါဝင်နေတဲ့ အင်အားစု အဖွဲ့အစည်းအနေနဲ့လည်းပေါ့၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအရ စကားပြောဖို့ လိုအပ်တယ်၊ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ အဲလိုထင်တယ် အဓိကကပေါ့နော်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂ UNDP ကတော့ ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှု မပြတ်စေရန် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးရန်၊ အကူညီပေးရေး အဖွဲ့အစည်းများအား သွားရောက်ခွင့်ပေးပြီး ပိတ်ပင်ခြင်းများ မပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အငတ်ဘေး မကြုံရစေရန် စိုက်ပျိုးရေးကဏ္ဍနဲ့ စျေးကွက် ပြန်လည် ရှင်သန်လာစေ မည့် လုပ်ငန်းများလုပ်ကိုင်ရန် အရေးပေါ်ရံပုံငွေ လိုအပ်နေသည်ဟုလည်း UNDP က ထုတ်ပြန်ပြောကြားခဲ့သည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
စီးပွားရေးပိတ်ဆို့မှုများ၊ ကုန်စည်စီးဆင်းမှုများ၊ ဆေးဝါးပိတ်ဆို့မှုများနှင့် တိုက်ပွဲများ ဖြစ်ပေါ်နေမှုများကြောင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရခိုင်မှာကတော့ စစ်ဖြစ်လာရင် လုပ်ထုံးလုပ်နည်း၊ အမြဲတမ်းလည်း လုပ်လေ့လုပ်ထ ရှိတာက တော့ ဖြတ် ၄ ဖြတ် လုပ်တယ်ပေါ့လေ။ စီးပွားရေးတွေ ပိတ်ဆို့တယ်၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တယ်၊ ဆေးဝါး တွေ ပိတ်ဆို့တယ်ဆိုတော့ အကုန်လုံးပြည်သူတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။ အဓိကတော့ အစားအသောက်နဲ့ ဆေးဝါးပေါ့ဗျာ၊ အဲတာကတော့ ဒီဘက်ကရမှ ဖြစ်ပါလိမ့်မယ်။ အစားအစာ၊ ဆေးဝါး ဒါကတော့ မရှိမဖြစ်လိုတာ ပေါ့။ သူတို့ကတော့ အငတ်ဘေး စိုက်တယ်ဆိုတာလည်း နဂိုလည်း ပေါပေါသီသီ စားနေရတဲ့ ပုံစံတော့ မဟုတ်တာ ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ အခုပဲ စစ်ဖြစ်လာတာကနေပြီးတော့ ၁၀ စုနှစ်နီးပါး ဖြစ်လာပြီလေ။ ၂၀၁၈၊ ၁၉ ကတည်းကပဲ ဖြစ်နေပြီဆိုတော့ ၄၊ ၅၊ ၆ နှစ်ကြာသွားပြီ။ အဲတော့ ပြည်ပမှာရှိတဲ့ ဆန်၊ ရေ၊ ဆန်စပါး စိုက်တဲ့ဆန် စပါးကနေပြီးတော့ ဒီနိုင်ငံက ထွက်တဲ့ဟာတွေနဲ့ပဲ ဘဝကိုရှင်သန်ရတာ။ အခုကတော့ လယ်လည်းစိုက်ခွင့်မရှိဘူး၊ ရေထဲလည်း မဆင်းရဘူးဆိုတဲ့ဟာကတော့ အဟန့်အတား ဖြစ်တာပေါ့ဗျာ”ဟု ပြောသည်။
လယ်ယာလုပ်ငန်းများနှင့် ရေလုပ်ငန်းများအား အန္တရာယ်မရှိစေဘဲ လုပ်ကိုင်ခွင့်ရလျှင် အငတ်ဘေး မဆိုက်နိုင် ကြောင်း ဦးမျိုးကျော်က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ - ၂၀၂၄ အချက်အလက် ကောက်ယူမှုများအရ ရခိုင်ပြည်နယ်၏ စီးပွါးရေးသည် လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေသောကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မည့်အန္တရာယ် ရှိနေသည် ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
လက်ရှိတွင် အမ်းမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2095
CNI News
၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာ ၁၁
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကော်မတီမှ ကိုယ်စားလှယ်များ၏ အိန္ဒိယ နိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်သည် မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း ခရီးစဉ်မှာ ပါဝင်ခဲ့သူများက CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယခရီးစဉ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်(EAO) ၆ ဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးစင်တာ(CPR) တို့မှ ကိုယ်စားလှယ် ၂၀ ကျော် ပါဝင်ခဲ့သည်။
အဆိုပါ အိန္ဒိယခရီးစဉ်သည် နိုဝင်ဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိဖြစ်ပြီး ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရများကြား က အာဏာခွဲဝေမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာ့အရေးကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာ၍မရနိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးမှုများဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း အိန္ဒိယခရီးစဉ်မှာ ပါဝင်ခဲ့သူ ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။

NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို တွေ့ရစဥ်
၎င်းက “စစ်ရေးနည်းလမ်းနဲ့ကတော့ အဖြေမထွက်နိုင်ဘူး။ အဲတော့ အဓိကက ကျနော်တို့ နိုင်ငံရဲ့ ဖက်ဒရယ်ကို ဘယ်လိုပုံစံနဲ့ သွားမလဲ၊ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်တွေကို ဘယ်လိုပုံစံနဲ့ သွားကြမလဲဆိုတာကို အဓိက ဒီအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လောလောဆယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးနေတာတွေ ရှိတယ်ပေါ့နော်။ အဲတော့ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြင်ဆင် နိုင်မယ်ဆိုရင်တော့ ပထမအဆင့်ပေါ့နော်၊ ဒါတိုးတက်မှုတစ်ခုရတယ်။ အဲတာပြီးတော့မှ ဒီထက် ပိုပြီးတော့ ကျယ်ပြန့်တဲ့ တွေ့ဆုံမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်သွားရမှာပေါ့နော်။ တထိုင်ထဲနဲ့တော့ အားလုံးပြီးပြည့်စုံတယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့” ဟု ပြောသည်။
အိန္ဒိယသည် လွတ်လပ်ရေး ရကတည်းကပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားခြင်း၊ အာဏာသိမ်းခြင်းများ မရှိဘဲ အစဥ်အဆက် ပြုပြင်လာရာ ယခုဆိုလျှင် ဖွဲ့စည်းပုံပြင်ဆင်မှုသည် ၁၀၆ ကြိမ်ရှိပြီဖြစ်ကြောင်း၊ လိုအပ်သည်များ အား ညှိနှိုင်းပြင်ဆင်သွားရင်း ကမောက်ကမ မဖြစ်ဘဲ ယနေ့အချိန်ထိ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတစ်ခု ဖြစ်လာ သည်ကို သင်ခန်းစာယူရမည်ဟု နိုင်ငံရေးပါတီများက ထောက်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ လျော်ညီသော ကိစ္စရပ်များအား အသုံးတည့်စေရန် မည်သို့မည်ပုံ လုပ်ဆောင်ရ မည်ကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်း ဌာနသို့ ပြောသည်။

နိုင်ငံတကာ သံတမန်များ၊ နစက ခေါင်းဆောင်များ၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “သူတို့ကလည်းပြောပါတယ်၊ ဖက်ဒရယ်ဆိုတာဟာ ဗဟိုနဲ့ပြည်နယ်တွေပေါ့ဗျာ၊ အာဏာခွဲဝေမှု Lecturer ပင် ဖြစ်တယ်။ တစ်နည်းအားဖြင့် Autonomy ဘယ်လောက်ပေးသလဲရယ်၊ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေရဲ့ Autonomy လွတ်လပ်ခွင့်ပေးတယ်၊ အုပ်ချုပ်ခွင့်ပေးထားတယ်၊ ဘယ်လိုပူးပေါင်း ဆောင်ရွက်သလဲဆိုတဲ့ နှစ်ခု ကြားထဲမှာ မျှခြေကိုရှာတာဟာ ဖက်ဒရယ်ဖြစ်တယ်။ ဒါတွေက သူတို့ရဲ့ အတွေ့အကြုံလေ ကျနော်တို့က ၄၇၊ ၇၄၊ ၂၀၀၈ ကြီး ဖြတ်သန်းသွားနေကြ ဖြစ်တဲ့အခါ ကျနော်တို့ မြန်မာနိုင်ငံနဲ့ လျော်ညီတဲ့ ဥစ္စာလေးတွေကို ဘယ်လို အသုံးတည့်အောင် ထည့်ကြမှာလဲ။ ဒါကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များဖက်က အပိုင်းပေါ့လေ။ အဲတော့ မြန်မာ နိုင်ငံက ခင်ဗျားသိတဲ့တိုင်းပဲ လူမျိုးက ၁၃၅ မျိုးလို့ပြောတယ်၊ ဘာသာပေါင်းစုံရှိတယ်၊ အိန္ဒိယက ပိုရှိတာပေါ့၊ မျိုးနွယ်စုပေါင်း ထောင်ချီတာပေါ့ဗျာ၊ ဘာသာစကားများလည်း ရာပေါင်းများစွာရှိတာပေါ့။ ဒီနိုင်ငံကြီးကို ဘယ်လို များ ညီညွတ် ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ထားသလဲဆိုတာကတော့ ဒါမေးခွန်းတစ်ခုနဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်” ဟု ပြောသည်။
ညီညွတ်မျှတသော စနစ်တစ်ခု၊ အခြေခံဥပဒေတစ်ခု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လက်နက်ကိုင် ပဋိပက္ခ မြင့်မှုများသည် နိုင်ငံအတွက် စိန်ခေါ်မှုများ ဖြစ်သောကြောင့် အနာဂတ်မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်သည့် အခါတွင် အိန္ဒိယဘက်မှ ကောင်းသော အချက်များအား ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
ထို့ပြင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် လျော်ညီသော အခြေခံဥပဒေတစ်ခုအား လူထုသို့ ပေးကမ်းနိုင်ရ မည်ဖြစ်ကြောင်း၊ ထိုဥပဒေသည် လက်ရှိ အကျပ်အတည်းများ အားလုံးကို ကျော်ဖြတ်နိုင်ရမည်ဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေး အခင်းအကျင်းအား ဖန်တီးပေးနိုင်သော ဖွဲ့စည်းပုံမျိုး ဖြစ်ရမည် ဟု နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ယခင် ၂၀၁၇ ခုနှစ်တွင် Constitutionalism နှင့် Federalism အား မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ပထမအကြိမ် လာရောက် သင်တန်းပို့ချခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ ဆွေးနွေးလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေ ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2552
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
တရုတ်နိုင်ငံသို့ စီးပွားရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့က နေပြည်တော်လေဆိပ်မှာ အနုပညာရှင်များက ကြိုဆိုခဲ့ကြသည်။
နစကဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က သွားရောက်ခဲ့ပြီး ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပ သည့် အဋ္ဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
အဆိုပါ တရုတ်ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအို ဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့နှင့် သီးသန့်စီတွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

အလားတူ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးတော့လည်း စီးပွားရေး ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့ သလို ချုံချင့်မြို့သို့ သွားရောက်၍ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီများကို သွားရောက်လေ့လာခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာခဲ့သည်။
