CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် အင်အားအလုံးအရင်းဖြင့် သံလွင်မြစ်အရှေ့ခြမ်း၏ “ဝ” တပ်ဖွဲ့များသည် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးလာကြောင်း ရှမ်းပြည်နယ်အတွင်းက ဒေသခံများနှင့် စစ်ရေး-နိုင်ငံရေး အကဲခတ်များက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှ “ဝ”တပ်ဖွဲ့သည် သံလွင်မြစ်အနောက်ဘက်ခြမ်းသို့ ယခုလ အတွင်းမှာ အင်အားအလုံးအရင်းဖြင့် ကူးလာခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို UWSA က လက်နက်များ ထောက်ပံ့ပေးနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ဟိုပန်မြို့ထဲရောက်လာတဲ့ UWSA ကိုတွေ့ရစဉ်

၎င်းက “ဝကတော့ လူလည်အကျဆုံးပေါ့နော်၊ သူကတော့ မြန်မာနိုင်ငံအလံလေး ထောင်ကာထောင်ကာနဲ့ မြန်မာနိုင်ငံဖက်မှာပဲရှိပါတယ်။ မခွဲထွက်ပါဘူး။ သူက ခွဲထွက်လို့ မရဘူး။ သူ့ကို တရုတ်ကလည်း အသိအမှတ် ပြုထားတာ မဟုတ်ဘူး။ တရုတ်-မြန်မာ နယ်နိမိတ်ဆိုတာက ချူအင်လိုင်းတို့ ဒီက ဦးနုတို့၊ ဦးနေဝင်းတို့ အခိုင်အမာ အတည်ပြုပြီးသား။ သူက ခွဲထွက်ပါတယ်ဆိုရင် သီးသန့်နယ်မြေတော့ မဟုတ်ဘူး တရုတ်ထဲက ဖြစ်သွားမှာပေါ့၊ သူက ဒီလိုမျိုးလည်း မနေချင်ဘူးလေ၊ သူက လုပ်ချင်တာလည်း လုပ်ချင်တယ်။ သူ့ဟာသူ လွတ်လွတ်လပ်လပ်ကလည်း နေချင်တာကိုးဗျ။ အဲဒီအခါကြတော့ သူက မြန်မာနိုင်ငံအလံလေးကို ထောင်ထောင် ပြ တကယ့်တကယ်ကြတော့ ဒီလူတွေ သစ္စာရှိတဲ့ လူတွေ မဟုတ်ဘူး။ ပြောရရင် သူက အလည်ဆုံး သူ့ကို ဗုံးကြဲ  မခံရအောင် မြန်မာနိုင်ငံအလံလေး ထောင်ထောင်ပြပြီးတော့ သူက လက်နက်ရောင်း၊ ဘာရောင်း အခု ဗဟိုအစိုးရ မတည်ငြိမ်အောင် လုပ်နေတာပဲလေ၊ တကယ့်တကယ်ကြတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရန်ကုန်မြို့က လှိုင်သာယာလောက် လူဦးရေရှိတဲ့ “ဝ”ဈေးကွက်ကို ရွေးမလား မြန်မာနိုင်ငံက သန်း ၅၀ သော လူဦးရေကို ရွေးမလား ဒါရှင်းရှင်းလေးပဲ၊ သဘောကတော့ “ဝ”ဆိုတာ လက်နက်ရောင်းစားမယ်၊ လက်နက်ဈေးကလည်း ကောင်းနေတာကိုး၊ လက်နက်ရောင်းမယ်၊ ခဲယမ်းရောင်းမယ်၊ မြှောက်ပင်းမယ်၊ သူကတော့ ရှေ့မထွက်ဘူး။ သူက အမြတ်ထုတ်မယ်၊ ဒီပုံစံနဲ့ပဲ သူမပါဘဲနဲ့ ဒီပွဲက လုပ်လို့မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် TNLA-MNDAA တို့သည် စစ်ရေးပြင်ဆင်နေကြပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA  နှင့် TNLA ကြားလည်းကောင်း၊ KIA နှင့် MNDAA ကြားလည်း ကောင်း၊ TNLA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း နယ်မြေအငြင်းပွားနေကြ သလို အုပ်ချုပ်ရေးအပိုင်းလည်း အငြင်းပွားကာ စစ်ရေးတင်းမာနေကြသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်းမှာ RCSS နှင့် SSPP ကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ SSPP ဘက်ကနေ “ဝ”တပ်ဖွဲ့များ ပါဝင်နေကြောင်း စွပ်စွဲမှုများထွက်ပေါ်နေသည်။

UWSA ရဲ့ ဝဒေသ ပန်ခမ်းမြို့ကိုတွေ့ရစဉ်

အဆိုပါ အခြေအနေများအတွင်းမှာပဲ UWSA သည် အင်အား ၆၀၀၀ လောက်ဖြင့် သံလွင်မြစ်အနောက်ခြမ်းသို့ ယခုလ အလယ်ပိုင်းမှာကူးလာကြောင်း ရှမ်းပြည်နယ်အတွင်းက စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေသည့် နယ်မြေပြဿနာများကို တွေ့ဆုံဆွေးနွေးပြီး လုပ်ဆောင်သင့်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ ဒီလောက်အထိတော့ လှမ်းတော့ မမှီဘူး။ ဒါကတော့ ဘယ်လိုဖြစ်နေဖြစ်နေ “ဝ” ပဲ ဖြစ်ဖြစ်၊ ကိုးကန့်ပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အဲဒီဟာတွေကတော့ ပကတိအခြေအနေ ရှမ်းဆိုတဲ့ဟာတွေနဲ့ တွေ့ဆုံဆွေးနွေး ပြီးမှပဲ၊ အဖြေရှာသင့်တာပေါ့၊ ဒါမှမဟုတ်ဘူးဆိုရင် ဘယ်လိုပဲဖြစ်နေဖြစ်နေ လက်နက်နဲ့ ဖြေရှင်းတာတော့ ရေရှည်မှာ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ယခင်က မြန်မာ့တပ်မတော်မှ ထိန်းချုပ်ထားသော ဟိုပန်နှင့် ပန်လုံမြို့ကို တိုက်ခိုက် သိမ်းယူခဲ့ပြီး “ဝ” တပ်ဖွဲ့ထံ ယခုနှစ် ဇန်နဝါရီလအတွင်း လွှဲပြောင်းခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်နှင့် ပန်လုံမြို့ကို မိမိတို့ UWSA/UWSP က အုပ်ချုပ်သည့် မြို့များ အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထား သည်။