
- By CNI
- Category: နိုင်ငံရေး
- Hits: 981
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကို မြန်မာ့တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက် ခဲ့ခြင်း မရှိကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြန်မာ့တပ်မတော်၏ စခန်းသစ် လက်နက်ကြီး ကုန်းအား TNLA က ရယူစိုးမိုးထားစဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၄ ရက်က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ အဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။
TNLA တပ်ဖွဲ့များကို တွေ့ရစဉ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ မနေ့တုန်းက ပြောခဲ့တဲ့ နမ့်ခမ်း၊ နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်က ပြန်လည်တိုက်ခိုက်တယ်၊ ပြန်လည်တိုက်ခိုက်တာမှာ TNLA အနေနဲ့ အကျ အဆုံး များစွာရှိခဲ့တယ်၊ ထုံးစံအတိုင်းပါပဲ သူတို့အကျအဆုံးရှိပြီဆိုရင် တော်တော်လေး အကျအဆုံးများတယ်၊ TNLA အနေနဲ့ သူတို့အကျအဆုံးရှိပြီ ယခင်တုန်းကတိုင်း သုံးနေကျအသံပေါ့ ထွက်လာတယ်၊ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်တို့၊ ဘာတို့ ဒါတွေ တွေ့ရတာ ဖြစ်ပါတယ်၊ နစလမှာ ရှိနေတဲ့ တပ်ရင်း၊ တပ်ခွဲတွေအနေနဲ့ နမ့်ခမ်း မှာ ရှိနေတဲ့ ရှေ့တန်းလုံခြုံရေး စခန်းအနေနဲ့ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် တန်ပြန်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ အကျအဆုံးများစွာ ရှိပါတယ်။ ဒီအတွက်လည်း ကြံ့ကြံ့ခံ ခုခံ တန်ပြန်တိုက်စစ် ဆောင်ရွက်ခဲ့တဲ့ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများ အားလုံးက အသိအမှတ်ပြု ဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် ကျူးကျော်သူများကို ချေမှုန်းသွားမည်ဖြစ်သလို နယ်မြေတည်ငြိမ်ရေး လုပ်ဆောင် သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားသည်။
နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သော တပ်မတော်ကို အိမ်နီးချင်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှ အရေးယူရန် TNLA က တောင်းဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်အချို့သည် ပုံစံတူ အဆိပ်သင့်ပြီး ခန္ဓာကိုယ်တွင် ထိရှဒဏ်ရာ တစ်စုံတစ်ရာ မရရှိဘဲ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင် ကျခြင်းများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း၊ ထိုရဲဘော်များကို TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှု ပေးနေကြောင်း ဖော်ပြထားသည်။
TNLA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဆိပ်ငွေ့ဗုံး အသုံးပြုသည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ သက်သေပြနိုင်ရန် ခက်ခဲကြောင်း၊ သို့သော်လည်း တပ်မတော်အနေဖြင့် အသုံးပြု၍ရသော လက်နက်မှန်သမျှ အသုံးပြုတိုက်ခိုက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဟာနဲ့ ပတ်သက်လို့ကတော့ ပြောဖို့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ သုံးလို့ ရသမျှ လက်နက်မှန်သမျှ သုံးမှာပါပဲ၊ ဟိုတလောကလည်း ကလပ်စတာဗုံးတွေ သုံးတယ်လို့တော့ ပြောတာပေါ့ဗျာ၊ ဒါပေမဲ့ အဲဒီဟာက နည်းပညာနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထား မတွေ့ရှိရပါဘူး။ သက်ရောက်မှု အပေါ်မှာ ကျနော်တို့ ထင်ကြေးပေးနိုင်တာပဲရှိပါတယ်။ KIA ဒုက္ခသည်စခန်းကို ပစ်ချလိုက်တဲ့ ဗုံးကိုလည်း ဒီနေ့ အထိ ကျနော်တို့ ဘာဗုံးလဲဆိုတာ ဖော်ထုတ်လို့ မရသေးပါဘူး။ ဒါကြောင့် အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော် ထင်မြင်ချက်ပေးဖို့ အခက်အခဲရှိတဲ့အကြောင်း ရှင်းပြတာပါ”ဟု ပြောသည်။
TNLA သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ရက္ခိုင့်တပ်တော်(ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) တို့ဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်လျက်ရှိပြီး မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 740
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA)တို့၏ ၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်၌ တရုတ်ရှိနေကြောင်း အမျိုးသားရေး အင်အားစုများက ယုံကြည်နေကြပြီး ပြည်တွင်း ရေး ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ရန် နိုဝင်ဘာ ၁၉ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့နှင့် ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ အမျိုးသားရေး အင်အားစုများက ဆန္ဒပြခဲ့ကြ ခြင်း ဖြစသည်။
“ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှယ်သူများအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ ဒါ ငါတို့တိုင်းပြည်- ငါတို့ပြည်ထောင်စု- ငါတို့ပြည်တွင်းရေး၊ ငါတို့ရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေတာ ဘယ်သူလဲ၊ အမိမြေကို ကာကွယ်ကြ၊ ပြည်ထောင်စုကို စုပေါင်းကာကွယ်ကြ”ဆိုသော ကြွေးကြော်သံများကို ကိုင်ဆောင် ကာ တရုတ်အား ဆန္ဒပြခဲ့ကြသည်။
ထို့နောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည် မြောက်ပိုင်းမှ အကြမ်းဖက်များကို ကူညီပံ့ပိုးနေမှုများ ရပ်တန့်ရန် ဆိုသော ကြွေးကြော်သံများကိုလည်း ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်ကို ဆန္ဒပြနေကြသော အမျိုးသားရေးအင်အားစုများကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ ချင်းရွှေဟော် စသည့် မြို့နယ်များတွင် AA၊ TNLA၊ MNDAA တို့သည် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)၊ ဗိုလ်နဂါးတို့အဖွဲ့၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)တို့နှင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်က စတင် ဖော်ဆောင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးသည် မြို့သိမ်း တိုက်ပွဲများနှင့် တပ်မတော် စစ်စခန်းများ တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။
ထိုစစ်ဆင်ရေးသည် မည်သည့်အချိန်မှာ ပြီးဆုံးမည်၊ မည်သည့် အနေအထားကို ရောက်ရှိပါက ရပ်တန့်မည်ကို တရုတ် အစိုးရအနေဖြင့် သိရှိထားပြီး ဖြစ်နိုင်ကြောင်း၊ တရုတ်အစိုးရ၏ မီးစိမ်ပြမှု မရှိပါက မြောက်ပိုင်းမဟာမိတ် အဖွဲ့များ စစ်ဆင်ရေးကို ဖော်ဆောင်မည် မဟုတ်ကြောင်း၊ တရုတ်အစိုးရ၏ ထောက်ခံ ကူညီမှု ရှိနေကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားများနှင့် စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။
ထို့ကြောင့် အမျိုးသားရေး အင်အားစုများသည် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း နိုဝင်ဘာလ တတိယအပတ် ထဲမှာ ခပ်စိပ်စိပ် ရန်ကုန်နှင့် နေပြည်တော်မြို့များမှာ ဆန္ဒပြလာကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 994
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
ကယားပြည်နယ်အတွင်း လက်နက်ကိုင် တော်လှန်နေသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် PDF အဖွဲ့များထံ ပေးပို့မည့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု နစက-က နိုဝင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ကယားပြည်နယ်အတွင်းက KNPP နှင့် PDF များထံ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသော ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီ ဆိုင်ပိုင်ရှင် တရားခံ ခွန်သောင်းထွန်းအား နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာနေ ပေတူး(ခ)မာရီယာနို၏ နေအိမ်ခြံ ဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော် မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးအား ကယားပြည်နယ်အတွင်းက KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သော လက်နက်၊ ခဲယမ်းများမှာ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား(လိုင်စင်မဲ့) ၆ ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးနှင့် Vigo အမျိုး အစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ထိုလက်နက်၊ ခဲယမ်းများကို SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံကနေ ၄ ကြိမ်ခွဲ၍ သွားရောက် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့က ထွက်ဆိုခဲ့သည်။
ထို့နောက် ကယားပြည်နယ်ဘက်သို့ Canter အမျိုးအစား ခြောက်ဘီးယားဉ်ဖြင့် လက်နက်၊ ခဲယမ်းများကို ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း၊ ထိုသို့ စီစဉ်ထားချိန်မှာပဲ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1170
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA) တို့ ဖော်ဆောင်နေသော စစ်ဆင်ရေးများ နောက်ကွယ်၌ တရုတ်ရှိနေကြောင်း ပြည်တွင်းရှိ လက်နက်ကိုင်ခေါင်း ဆောင် တချို့နှင့် အမျိုးသားရေး အင်အားစုများက ယုံကြည်ထားကြသည်။
ထို့ကြောင့် အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှာ တရုတ်အား ဆန့်ကျင် ဆန္ဒပြမှုများ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် မြန်မာ့အမျိုးသားရေးကွန်ရက်အသင်း ဒုဥက္ကဋ္ဌ ကိုစည်သူမြင့်နှင့် ရန်ကုန်မျိုးချစ်များက ပူးပေါင်း ၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး နေပြည်တော်မှာတော့ မြန်မာ့အမျိုးသားရေး ကွန်ရက်အသင်း အထွေထွေအတွင်း ရေးမှူး နောင်တော်လေးနှင့် နေပြည်တော်မျိုးချစ်များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ကိုစည်သူမြင့်က “ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာပြန် ငြိမ်းလို့ပဲ ပြောချင်တယ်။ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ သူတို့ သိတယ်။ ပါဝင်ပတ်သက်တဲ့နိုင်ငံတွေ ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာကိုယ် ပြန်ငြိမ်းလို့ပဲပြောချင်တယ်။ နစက-က NCA ၈ နှစ်ပြည့် ပွဲကို ခမ်းခမ်းနားနားလုပ်ခဲ့တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ ပြည်တွင်းကို မငြိမ်မသက်ဖြစ် အောင် လုပ်နေတာကို ကျနော်တို့က လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါသည် ကျနော်တို့က တပ်မတော်ကို ထောက် ခံတာမဟုတ် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တာဖြစ်တယ်။ ကျနော်တို့ အချုပ်အခြာ အာဏာ ကို ထိပါးလာတယ်လို့ မြင်လို့ ကျနော်တို့ အမျိုးသားကွန်ရက်အနေနဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ပွဲလေးကို လုပ်ရ ခြင်းဖြစ်တယ်”ဟု ပြောသည်။
MNDAA က ရှမ်းမြောက်မှာ တပ်မတော်စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်စဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ချင်းရွှေဟော်၊ နောင်ချို၊ ဖောင်းဆောင်၊ ကြူကုတ်(ပန်ဆိုင်း) စသည့် မြို့နယ်များအတွင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA- AA- TNLA)တို့က ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တို့နှင့် ပူးပေါင်း၍ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ တပ်မတော်စစ်စခန်းများ တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် မြို့များကို သိမ်းဆည်းလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကို မြောက်ပိုင်းမဟာမိတ်များနှင့် PDF များသည် တရုတ်ထုတ် လက်နက်ခဲယမ်းများ၊ တရုတ်ထုတ် ဒရုန်းများကို အသုံးပြု တိုက်ခိုက်လျက်ရှိနေခြင်းကြောင့် တရုတ်က တားဆီးသင့်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြလျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး ရေးဆွဲရာတွင် ကချင်၊ တရုတ်၊ “ဝ” သုံးပွင့်ဆိုင် ပါနိုင်သည်ဟု ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ “တရုတ်က သူ့ကို အသိပေးပြီးတော့ သူ့ရဲ့ Knowledge အောက်မှာပဲ ဖြစ်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆို တရုတ်က တိုက်ရိုက်တော့ ပြောမှာမဟုတ်ဘူး။ “ဝ”က တဆင့်ရှိမယ်။ နောက်ပြီးတော့ ဝေဖန် တဲ့ ဆရာကြီး ပြောသလိုပေါ့၊ ကချင်ကလည်း သူတို့ စစ်ဆင်ရေး ရေးဆွဲတဲ့ပုံစံမှာ ကချင်လည်း ပါချင်ပါနိုင် တာပေါ့။ အဲဒါဆို တော့ ကချင်ရယ်၊ “ဝ” ရယ်၊ တရုတ်ရယ်က သုံးပွင့်ဆိုင်က အနောက်မှာ ရှိတဲ့သဘောတော့ ခန့် မှန်းလို့ရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တရုတ်ကို ဆန့်ကျင်ကြောင်း အမျိုးသားရေးအင်အားစုများ နေပြည်တော်နဲ့ရန်ကုန်မြို့မှာ ဆန္ဒပြကြစဉ်
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA)တို့သည်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)သည် လည်းကောင်း၊ ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် PDF များသည် လည်းကောင်း၊ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များသည်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး အတွင်းမှာ KIA- AA- PDF- ABSDF- KNU Burma တို့သည်လည်းကောင်း လက်နက်ကိုင် အင်အားစုများက မြန်မာ့တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင် အင်အားစုများနောက်ကွယ်တွင် တရုတ်နှင့် အမေရိကန်နိုင်ငံများ ရှိနေသည်။
ထို့နောက် ပြည်ပ ဝင်ရောက် စွက်ဖက်မှုကို ရှုတ်ချကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 968
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး စသည့် အခြေအနေများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီးဖြစ်၍ မြန်မာ့တပ်မတော်အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းမလဲဟု နိုင်ငံရေး အသိုင်းအဝိုင်းအကြား မေးခွန်းထုတ်လျက်ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းကြောင့် လက်နက်ကိုင်ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည်။
NCA ၈ နှစ်ပြည့် အခမ်းအနားမှာ တပ်မတော် အရာရှိကြီးများကိုတွေ့ရစဉ်
အလားတူ PDF ဟု ခေါ်တွင်သော လက်နက်ကိုင် အင်အားစုများလည်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက် ရှိနေသည်။
အဆိုပါ အခြေအနေအား မြန်မာ့တပ်မတော်မှ မထိန်းသိမ်းနိုင်ပါက ဖက်ဒရယ်ထက် အဆင့်မြင့်သည့် ကွန်ဖက်ဒရေးရှင်းလည်း တောင်းဆိုလာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ပါဘူး။ တပ်မတော်တော့ မထိန်းနိုင်ရင် ဘာခေါ်လဲ ကွန်ဖက်ဒရိတ်တို့ ဘာတို့ အော်တဲ့လူက အော်နေကြတာရော၊ အဲဒီလို ကွန်ဖက်ဒရိတ်တို့ အော်နေတော့ ဖက်ဒရယ်မဖြစ်ဘဲနဲ့ ဖက်ဒရယ်ထက် တစ်ဆင့်မြင့်တဲ့ ကွန်ဖက်ဒရေးရှင်းလည်း တောင်းနိုင်တာပေါ့၊ သို့သော်လည်း တစ်ပြည်လုံး အတိုင်းအတာတော့ ဖြစ်ဖို့လိုတာပေါ့၊ တိုင်းပြည်တစ်ပြည်လုံးက ဖက်ဒရယ်စနစ်ကို သွားချင်တယ်ဆိုရင်တော့ ဖက်ဒရယ်လမ်းကြောင်းကို ပြန်သွားရမှာပေါ့၊ လွတ်လပ်ရေးတို့၊ ကွန်ဖက်ဒရိတ်တို့ ဆိုတာက ဖက်ဒရယ်နဲ့ မတူဘူးလေ၊ အဲဒါကြောင့် ဖက်ဒရယ်ပဲ လိုချင်တယ်ဆိုရင် ဖက်ဒရယ်မှာပဲ ရပ်ရမယ်၊ အခြေအနေကြောင့်ဆိုပြီး တစ်ဆင့်တိုးလို့တော့ အခက်အခဲဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
NCA ၈ နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာကြသည့် ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် လူထုများ ထိခိုက်နစ်နာမှုကြောင့် နှစ်ဖက်သဘောတူ အပစ်ရပ်ထားသော ရက္ခိုင့်တပ်တော် (AA)နှင့် တပ်မတော်တို့သည်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
အဆိုပါ အခြေအနေများကို မြန်မာ့တပ်မတော်အနေဖြင့် ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဖက်က (တပ်မတော်) အပေါ်မှာ မူတည်ဗျ၊ ဒီဖက်က ကျနော်တို့ မြင်သလောက်ကတော့ ဘာမှကို ဆန်းသစ်တီထွင်တဲ့ လုပ်ဆောင်မှုတော့ မရှိဘူးဗျာ၊ ခြေကြီးထိုး ရိုးရိုးအတိုင်းပဲ သွားနေတဲ့သဘောပဲ တွေ့တယ်ပေါ့ နော်၊ သဘောကတော့ ဒီဖက်က သူ့ထောက်ခံတဲ့ လူတွေကို ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင် လိုက်တယ် ဆိုရင်တောင်မှ အများကြီး အခြေအနေ သူထိန်းနိုင်သွားမှာပါ။ အခုထက်ထိတော့ ဘာလုပ်မလဲဆိုတာ ကျနော်တို့ ပြောရခက်တယ်ပေါ့ဗျာ၊ ကျနော်တို့လည်း ခန့်မှန်းရခက်တယ်၊ သူလည်း မပြောတတ်ဘူးဗျ၊ သူလည်း သူ့စစ်တပ်နဲ့ ဒီလောက်တော့ နားလည်မယ်ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေး အင်အားစုများ နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 726
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသော လက်နက်ကိုင်များကို နောက်ကွယ်ကနေ ထောက်ပံ့ပေးပြီး ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်သည်ဟုဆိုကာ တရုတ်နှင့်အမေရိကန်ကို အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှာ ဆန့်ကျင် ဆန္ဒပြမှုများ ယနေ့ (နိုဝင်ဘာ ၁၆ ရက်)တွင် ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် မြန်မာ့အမျိုးသားရေးကွန်ရက်အသင်း ဒုဥက္ကဋ္ဌ ကိုစည်သူမြင့်နှင့် ရန်ကုန်မျိုးချစ်များက ပူးပေါင်း ၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး နေပြည်တော်မှာတော့ မြန်မာ့အမျိုးသားရေး ကွန်ရက်အသင်း အထွေထွေအတွင်းရေးမှူး နောင်တော်လေးနှင့် နေပြည်တော်မျိုးချစ်များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ကိုစည်သူမြင့်က “ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာပြန် ငြိမ်းလို့ပဲ ပြောချင်တယ်။ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ သူတို့ သိတယ်။ ပါဝင်ပတ်သက်တဲ့နိုင်ငံတွေ ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာကိုယ် ပြန်ငြိမ်းလို့ပဲပြောချင်တယ်။ နစက-က NCA ၈ နှစ်ပြည့် ပွဲကို ခမ်းခမ်းနားနားလုပ်ခဲ့တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ ပြည်တွင်းကို မငြိမ်မသက်ဖြစ်အောင် လုပ်နေတာကို ကျနော်တို့က လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါသည် ကျနော်တို့က တပ်မတော်ကို ထောက် ခံတာမဟုတ် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တာဖြစ်တယ်။ ကျနော်တို့ အချုပ်အခြာ အာဏာ ကို ထိပါးလာတယ်လို့ မြင်လို့ ကျနော်တို့ အမျိုးသားကွန်ရက်အနေနဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ပွဲလေးကို လုပ်ရ ခြင်းဖြစ်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က အမျိုးသားရေးအဖွဲ့များဆန္ဒပြနေကြစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ချင်းရွှေဟော်၊ နောင်ချို၊ ဖောင်းဆောင်၊ ကြူကုတ်(ပန်ဆိုင်း) စသည့် မြို့နယ်များအတွင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA- AA- TNLA)တို့က ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တို့နှင့် ပူးပေါင်း၍ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ တပ်မတော်စစ်စခန်းများ တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် မြို့များကို သိမ်းဆည်းလျက်ရှိနေသည်။
အလားတူ ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော် (KA)တို့သည်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)သည်လည်းကောင်း၊ ကရင်ပြည် နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် PDF များသည် လည်းကောင်း၊ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDF များသည် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA- AA- PDF- ABSDF- KNU Burma တို့သည်လည်းကောင်း မြန်မာ့တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က အမျိုးသားရေးအဖွဲ့များဆန္ဒပြနေကြစဉ်
အဆိုပါ လက်နက်ကိုင် အင်အားစုများနောက်ကွယ်တွင် တရုတ်နှင့် အမေရိကန်နိုင်ငံများ ရှိနေသည်ဟု ပြည်တွင်းမှာ ယုံကြည်ထားကြသည်။
ထို့နောက် ပြည်ပ ဝင်ရောက် စွက်ဖက်မှုကို ရှုတ်ချကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 697
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေ၍ တရုတ်အစိုးရက အလိုရှိနေသော ကိုးကန့် သူဋ္ဌေးကြီး မိသားစုကို ကိုးကန့်ဒေသမှာ ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် နစကက တရုတ်အစိုးရထံ လွှဲပြောင်းပေးသွားမည်ဟု ယနေ့ (နိုဝင်ဘာ ၁၆ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသော ကိုးကန့်သူဋ္ဌေးမိသားစုမှာ မြီမိသားစုဖြစ်ပြီး မြီရှောက်ချန်း၊ မြီကော်ဖျင်း၊ မြီကျိန်းကျန်းတို့ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1017
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဟောင်း လည်း ဖြစ်သူ ဦးပယ်စောက်ချိန်၏သား ပယ်ရင်ချန်ကို နစက-က ဖမ်းဝရမ်းထုတ်လိုက်သည်။
ပယ်ရင်ချန်သည် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်မှုများ၊ ထိုအမှု များနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ တရားမဝင် ချုပ်နှောင်မှု များ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေခြင်းကြောင့်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းက မိုင်းလားဒေသ၊ ကိုးကန့်ဒေသ၊ “ဝ”ဒေသများတွင် အွန်လိုင်းလိမ်လည်မှု များနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းလျက်ရှိနေသည်။
တရုတ်အစိုးရကလည်း ထိုအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်း လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသူ များကို ဖမ်းဆီးပေးရန် နစက အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးလျက်ရှိသည်။
ထို့ကြောင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ လူငယ် ခေါင်းဆောင်များ၊ ကိုးကန့်ဒေသမှ သူဋ္ဌေးကြီးများ၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းများကိုပါ ဖမ်းဝရမ်းထုတ်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 914
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆
လက်ရှိ မြန်မာ့တပ်မတော်၏ စစ်ရေးမဟာဗျူဟာ အပြောင်းအလဲသည် မည်ကဲ့သို့ ပြောင်းလဲ လုပ်ဆောင်နေသလဲ ဆိုသည့်အပေါ် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အင်အားနည်းသော ကင်းစခန်း၊ ရဲစခန်းများကို နယ်မြေခံ တပ်ရင်းများဖြင့် ပူးပေါင်းကာ တုန့်ပြန်တိုက်ခိုက်လျက် ရှိနေသည်။
တိုက်ပွဲဖြစ်ပွားလာပါက အင်အားနည်းသော စခန်းအချို့ကို စွန့်ခွာပြီး အင်အားများသည့်စခန်းသို့ ပူးပေါင်းခြင်းက လုပ်ဆောင်သင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဟိုးတုန်းက အားလုံးက စခန်းတွေမှာ ဖြန့်ခွဲထိုင်တာပေါ့နော်၊ ဖြန့်ခွဲထိုင်တဲ့အခါကြတော့ စခန်းတစ်ခန်းက ဥပမာ ၁၀ ယောက်ထိုင်တယ်၊ အဲဒီ ၁၀ ယောက်မှာ ခွင့်သွားတာနဲ့ဘာနဲ့ ဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုလို့ရှိရင် နည်းသွားတယ် ထားပါတော့ နည်းတဲ့အခါကြတော့ အခုတကယ်အရေးအကြောင်း ဖြစ်လာတဲ့အခါကြတော့ အဲဒါ မျိုးကို ကိုယ်ကကြိုပြီးတော့ ပြင်မထားဘူး။ မပြောင်းထားဘူးဆိုရင် စခန်းတစ်ခု စွန့်ခွာဖို့ဆိုရင်လည်း အမိန့် တောင်းရတာကိုး တချို့က မတောင်းချင်တဲ့ အခါကြရင်တော့ ဟိုတုန်းကတော့ အတိုက်ခံရတဲ့ ပြဿနာရှိတာပေါ့ နော်၊ ခွာလည်း မခွာဘူးဆိုတဲ့ အခါကြတော့ လူနည်းလေးနဲ့ ခံရတာပေါ့၊ အခုက အဲဒီလို မခံရအောင်ဆိုပြီးတော့ အင်အားများတဲ့ဘက်ကို စုလိုက်တာပေါ့နော်၊ ဒါကတော့ ခံစစ်ရှင် ခေါ်တာပေါ့၊ အဲဒါတော့ လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမှုတစ်ခုပါ၊ လောက်ကိုင်ဘက်မှာ လက်နက်ချလိုက်ရတယ်ဆိုတာက ကလေးတွေဆိုတော့ မိသားစုတွေဆို တော့ ကျန်တဲ့ဖခင်လုပ်တဲ့ သူတွေက ဒါကတော့ အလျော့ပေးလိုက်တာပေါ့နော်၊ ဒီသဘောပါပဲ၊ ဒါကတော့ သိပ် တော့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ဟု ပြောသည်။
MNDAA ထံ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့၀င် တချို့ လက်နက်ချခဲ့စဉ်
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က လောက်ကိုင်ရှိ တပ်ရင်းတစ်ခုဖြစ်သော ခမရ ၁၂၉ တပ်ရင်းတစ်ခုလုံးနှင့် တပ် မိသားစုဝင်များမှ ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ရင်းတစ်ခု လက်နက်ချခြင်းက အမှန်တကယ်ဖြစ်ကြောင်း၊ တပ်မိသားစုဝင်များ၏ အသက်အန္တရာယ် အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲဒါက လက်နက်က အမှန်တကယ်ချတာ၊ ဟန်ဆောင်ချလို့ မရဘူး။ သူတို့ စစ်ကူမရဘူး။ (၁) က စစ်ကူ မရဘူး။ (၂) က ကတိမတည်ဘူး။ နောက်အချင်းချင်းတွေအပေါ်မှာ မယုံဘူးပေါ့ဗျာ၊ ချနင်းတယ်ပေါ့၊ အဲဒါတွေ တွေ့လာရတဲ့အခါမှာ သူအသက် အသေမခံနိုင်တော့ဘူးလေ၊ ပြီးတော့ မိသားစုတွေ မိသားစုတွေ အသက်တွေ ရှိတယ်လေ၊ အဲဒါတွေခင်ဗျ” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ခဲ့ကြောင်း ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အိန္ဒိယနိုင်ငံအတွင်း သွားရောက်ခိုလှုံမှုများ ရှိခဲ့သည်။
မြန်မာ့တပ်မတော်က တိုက်လေယာဉ်များကို တွေ့ရစဉ်
ထို့အတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ အလင်းဝင်ခဲ့ ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေး အင်အားစုများ နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့်အတူ မြန်မာ့တပ်မတော်သည် စစ်ရေး မဟာဗျူဟာ အပြောင်းအလဲများ မကြာခင် ပြုလုပ်လာနိုင်ကြောင်း၊ စစ်ရေး မဟာဗျူဟာ မပြောင်းလဲပါက မြန်မာ့တပ်မတော် အနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို ပိုမို ရင်ဆိုင်ရနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။