- By CNI
- Category: နိုင်ငံရေး
- Hits: 1798
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နှင့်သာကေတမြို့ကို ဆက်သွယ်ထားသော သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့်သူများအား ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ဇွန်လ ၁၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့သည်။
သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန် UG အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မင်းသူ၊ မောင်ဟိန်း၊ အောင်သူရထွန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖျူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြား ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် ရှော့တိုက်ဒုံး ပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သည့် ချစ်ကေခိုင်၊ ဇာနည်အောင်(ခ)ကိုဇာ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖျူးစ် ၁ ခုတို့ဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2884
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀
ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၉ နယ်မြေမှာ ဇွန်လ ၉ ရက် ညပိုင်းက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက CNI သတင်း ဌာနသို့ ပြောသည်။
တပ်မဟာ ၉ နယ်မြေ၊ တပ်ရင်း ၆ နယ်မြေတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း နှစ်ဖက် စစ်ရေးတင်းမာနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ပြောသည်။
KIA မှ ဗိုလ်မှူးကြီးနော်ဘူက “နောက်ဖားကန့်ဖက်မှာလည်း ဒီအတိုင်းပါပဲ၊ မနေ့ကလည်း ကျနော်တို့ရဲ့ တပ်မဟာ ၉ နယ်မြေတို့၊ တပ်ရင်း ၆ နယ်မြေတို့ စကစဘက်က လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်။ ဒါကြောင့် ခြုံပြီးမှ ပြောမယ်ဆိုလို့ ရှိရင် ကချင်ပြည်နယ်မှာလည်းပဲ စစ်ရေးအခြေအနေ တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီတစ်ပတ် အတောအတွင်းမှာကတော့ မြေပြင်တိုက်ပွဲကတော့ မရှိဘူး။ ဒါပေမဲ့ အချိန်မရွေး တိုက်ပွဲတော့ ဖြစ်နိုင် တဲ့ အနေအထား ဖြစ်ပါတယ်ဆိုတာ ကျနော်ခြုံပြီးမှ ပြောလိုပါတယ်” ဟု ပြောသည်။
အလားတူ ဝိုင်းမော်မြို့နယ်တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု များရှိနေကြောင်း ၎င်းက ပြောသည်။

ဖားကန့်ဒေသကိုတွေ့ရစဉ်
ယခုလအတွင်းမှာ KIA/PDF များမှ ဖားကန့်မြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် လေကြောင်းဖြင့် ကြိုတင် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း၊ ဖားကန့်တွင် တိုက်ပွဲများ ဖြစ်ပွားသော်လည်း ကျောက်စိမ်းလုပ်ကွက်ကို ထိခိုက်ခြင်းမရှိကြောင်း ဖားကန့်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိုတောင်လုပ်သေးတယ်၊ တိုက်ပွဲဖြစ်နေတာ ဖြစ်နေတာ တစ်ကဏ္ဍ၊ လုပ်ငန်းတွေမှာ နေ့မအား ညမနား ချနေကြတာ၊ တိုက်ပွဲတာဖြစ်နေတာ စစ်ဘေးရှောင်ရတာ အလုံခြုံဆုံးက လုပ်ကွက်ထဲမှာ အလုံခြုံဆုံးပါ့ ဘာစစ်ပွဲ မှ မရှိဘူး။ ၂၀၁၂ နောက်ပိုင်းမှာ တစ်ကျော့ပြန် စစ်ပွဲတွေဖြစ်တယ်၊ မံစီဖက်တွေကွာ ကျွန်းသစ်တွေ ကုန်သွားပြီ၊ တိုက်ပွဲတွေဖြစ်တယ်၊ လေယာဉ်တွေလာ၊ ပြည်သူတွေက မထွက်ရဲကြ သစ်ကားထောင်ချီ တရုတ်ပြည်ထဲ ဝင်သွား ပြီလေ၊ ရိုးရိုးမှ မဟုတ်တာ အခုစစ်ပွဲတွေက ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ စစ်ပွဲတွေက ၁၉၉၀ နောက်ပိုင်း မြန်မာပြည်မှာရှိတဲ့ စစ်ပွဲတွေက ဘာတစ်ခုမှ မရိုးသားတော့ဘူး။ အခုလည်း အဲဒီလိုပဲ စစ်ပွဲတွေ ဖြစ်နေတာ လုပ်ကွက်တွေ နည်းတာ မဟုတ်ဘူး။ ဖားကန့်တစ်မြို့နယ်ထဲမှာ လုပ်ကွက်ပေါင်း ၃၀၀ ကျော်၊ ၄၀၀ လောက်ကို ရှိတယ်လို့ ကြားတာပဲ၊ ချနေကြတာပဲ” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်းနှင့် ဖားကန့်ဒေသတဝိုက်တွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့်တိုင် ဖားကန့်ကျောက်စိမ်လုပ်ကွက်များမှာ တစ်စုံတရာ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေနိုင်ခြင်းက မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ကျောက်စိမ်းလုပ်ကွက်ကို တွေ့ရစဉ်
ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA ထိပ်ပိုင်းခေါင်းဆောင်များ၏ အကျိုးတူ စီးပွားရေး လုပ်ငန်းများ ရှိနေပြီး ၎င်းလုပ်ငန်းများကို ထိခိုက်ခံမှာ မဟုတ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
ဖားကန့်ဒေသခံတစ်ဦးက “သူတို့ရဲ့ အကျိုးစီးပွားတွေ ရှိနေတာလေ အဲဒီဖက်မှာ ဘယ်လိုပြောမလဲ သူတို့ရဲ့ အဓိက ဝင်ငွေက သူတို့ဆီကို အဓိကအမာခံ စီးဆင်းရငွေက အဲဒီက လုပ်ငန်းတွေကနေ စီးဆင်းတာလေ၊ အဲဒီကနေ လုပ်ငန်းတွေ လည်ပတ်မှ အခွန်ကောက်လို့ရမှ သူတို့အတွက် ဝင်ငွေရမယ်၊ သူတို့ရဲ့ လူကြီး အကြီးပိုင်းတွေနဲ့ အကျိုးတူ စီးပွားရေး လုပ်ငန်းတွေက အဲဒီဖက်မှာ အများကြီး ရှိတယ်၊ အဲဒါဆိုတော့ အဲဒီနေရာကိုတော့ အချင်းချင်းတော့ အထိခံကြမှာ မဟုတ်ဘူးလေ၊ ဒါကြောင့်မို့လည်း လည်ပတ်လို့ရနေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းက ဝိုင်းမော်ြမို့နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် KIA/PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့် နေပြီး လက်နက်ကြီးပစ်ခတ်မှုများ ရံဖန်ရံခါရှိနေသည်ဟု သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4056
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇
မိမိတို့အနေဖြင့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၄)မှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်ေးပါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး နစကအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီသာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူ ရရှိရေးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းပန်းဆက်သွယ်မှုများ မပြတ်တောက်စေရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်သမားများ၏ တရားမဝင် မူးယစ် ဆေးဝါး သယ်ယူရောင်းဝယ်မှုများကို တားဆီးနိုင်ရေးနှင့် လက်နက်ခဲယမ်း မီးကျောက်သယ်ယူမှုများ တားဆီး နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံရေးစခန်းများကို လာရောက်တိုက် ခိုက်မှုများရှိကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်သွားမည်”ဟု ပြောသည်။

NCA နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယာယီအားဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသော လက်နက်ကိုင်အဖွဲ့အချို့သည် သဘောတူညီချက်များအပေါ် ချိုးဖောက်လာမှုများအား တွေ့မြင်လာရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မိမိတို့အနေဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွပေါင်းစည်း နေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့် အတွက် ပြည်ထောင်စုအကျိုးကိုကြည့်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်သည်မှအပ ၎င်းတို့၏ တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့နောက် မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မကြာမီ ကာလအတွင်း နိုင်ငံရေးပါ တီများ၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံရေးပါတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်ခြင်းကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များက ကျင်းပ၍ စုဖွဲ့ထားသည်။
NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ အနက် ၇ ဖွဲ့ကလည်း မဟာမိတ် ၇ ဖွဲ့အဖြစ် စုစည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2833
CNI News
၂၀၂၄ ခုနှစ်၊ ဇွန် ၇
တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသော ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် စစ်ရေး၊ နိုင်ငံရေးမှာ အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ALP မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ ALP အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးရေး လမ်းကြောင်းတွင် ရှိနေကြောင်း၊ လက်ရှိ စစ်ရေးပြင်းထန် နေသော အခြေအနေတွင် လုံခြုံရေးမှာ အသင့်အနေအထားရှိနေကြောင်း ၎င်းက ပြောသည်။
ALP မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က “နိုင်ငံရေးအရတော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ပေါ် မူတည်ပြီး လမ်းကြောင်းပေါ်မှာ ရှိပါတယ်။ ဒီစစ်ရေးအရတော့ ကျနော်တို့ကတော့ အခုပဋိပက္ခတွေ ကလည်း ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့ အခြေအနေမှာ ကျနော်တို့က ကိုယ်တို့ရဲ့ လုံခြုံရေးက အသင့်အနေအထား နဲ့ အမြဲတမ်း နေနေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် စစ်တွေမြို့ ဗျိုင်းဖြူရွာ၌ မြန်မာ့တပ်မတော်၊ ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်သင်တန်း တက်ထားသော မူဆလင်တပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၁၇၀ ခန့်က ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့၍ ရွာသူ/ရွာ သားများအား ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၂ ရက်နေ့ မှာ AA က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
သို့သော် မြန်မာ့တပ်မတော်နှင့် ALP ဘက်တော့ AA သည် သတင်းအမှားများဖြန့်၍ တစ်ဖက်သတ် စွပ်စွဲနေခြင်း သာဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
ALP အနေဖြင့် မြန်မာ့တပ်မတော်နှင့် ပူးတွဲလှုပ်ရှားနေခြင်းကြောင့် ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ၎င်းတို့ အကာအကွယ် ပေး၍ရကြောင်း၊ လက်ရှိအခြေအနေမှာ ရခိုင်လူထုကို အကာအကွယ် မပေးနိုင်ကြောင်း စစ်တွေမြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ (ALP) က စစ်ကောင်စီနဲ့ ပူးတွဲပြီး အလုပ်လုပ်နေတာဆိုတော့ ရခိုင်တွေအတွက် အလုပ်လုပ်တာ ရခိုင်တွေအတွက်တော့ အနှောင့်အယှက်တစ်ခုပေါ့နော်၊ သူတို့ ရခိုင်တွေဖက်က မားမားမတ်မတ် မရှိလို့ဘဲ စစ်တွေမြို့ပေါ်မှာ စစဦးဆုံးဖြစ်တဲ့ ဗျိုင်းဖြူရွာမှာ ကိစ္စမှာ မုဒိမ်းကျင့်ခံရတယ်။ ယောကျာ်းဆိုရင် အကုန်လုံး စွပ်ကျယ်နဲ့ပဲထားပြီး မျက်လုံးတွေ ပိတ်ထားတယ်။ စည်းထားတယ်၊ သေနတ်သံတော့ ကြားရတယ်၊ ပစ်လိုက် သလား၊ သတ်ပစ်သလားဆိုတာလည်း ကိုယ်တို့ သွားကြည့်ရတာ မဟုတ်ဘူး။ ပစ်သတ်တဲ့နေရာ တစ်နေရာ သတ်ပြီးလို့ရှိရင် အလောင်းတွေ ပုံထားတယ်။ ရေကန်နားမှာ အလောင်းတွေ ပုံထားတယ်၊ ပြီးရင် မီးရှို့သတ်တယ် လို့ ပြောတာပဲ၊ ဒါက ရွာသားတွေရဲ့ ပြောစကားလေ ကိုယ်လည်းမြင်တာမဟုတ်ဘူးလေ။ အကယ်လို့သာ အဲဒီလို ဖြစ်နေတာကို ALP က စစ်ကောင်စီနဲ့ ပူးတွဲပြီး လုပ်နေတာ ဖြစ်တဲ့အတွက် ALP က စစ်ကောင်စီကို ဒါမလုပ်ဖို့ ရခိုင်ဖက်က အာရက္ခနိုင်ငံတော် မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့ဆိုလို့ ရှိရင် ဒါကို မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။ ဒီလိုမျိုး မလုပ်ပါနဲ့လို့ သူတို့ဖက်က ကာကွယ်ပေးလို့ရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိက ALP အဖွဲ့က စစ်တွေမြို့ပေါ်မှာ လက်နက်ကိုင်အဖွဲ့အနေနဲ့ ရှိနေတဲ့အတွက်ကို သူတို့ဖက်က ကာကွယ်ပေးနိုင် လိမ့်မယ်လို့ ထင်တယ်လေ။ အခုက သူတို့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်နေတဲ့အတွက်ကို ကာကွယ်မပေးနိုင် လို့ပဲ ဒီလိုတွေ ဖြစ်သွားတာလေ” ဟု ပြောသည်။

ALP တပ်ဖွဲ့ကို တွေ့ရစဉ်
ဗျိုင်းဖြူရွာတွင် AA ရှိ၍ ရှာဖွေရာမှ ပြဿနာဖြစ်ပွားရခြင်းဟု ဆိုပါက အမျိုးသမီး ၄ ဦး အဓမ္မပြုကျင့်ခံရမှုမှာ ဘာကြောင့်လဲဟု မေးခွန်းထုတ်လိုကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ALP သည် မြန်မာ့တပ်မတော်နှင့် ပူးတွဲပြီး လုံခြုံရေး ဆောင်ရွက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဗျိုင်းဖြူရွာ ဖြစ်ပွားမှု မှန်ကန်သော်လည်း မိမိတို့ ALP ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ် တွင် ရခိုင်လူထု သေကြေမှုမှာ ရခိုင်အတွင်းရှိ အဖွဲ့အစည်းအားလုံးနှင့် တာဝန်မကင်းကြောင်း ALP မှ ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ သေကြေတာနဲ့ ပတ်သက်လို့ရှိရင်တော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အဖွဲ့ အစည်း အားလုံးကတော့ တာဝန်မကင်းပါဘူး။ ဒါကျနော်တို့လည်း ဒီကိစ္စတွေအပေါ်မှာ အမြဲပြောချင်ပါတယ်။ ပြောချင်ပါတယ်ဆိုတာက စစ်ပွဲတွေ အတတ်နိုင်ဆုံး ရပ်တန့်လာမယ်ဆိုလို့ရှိရင် ဒီလိုမျိုး အရပ်သား သေဆုံးမှုတွေ အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာမှုတွေက လျော့ကျသွားမှာပေါ့နော်၊ လျော့ကျသွားမယ် နောက်ဆုံး မရှိတော့ဘူး ဆိုတဲ့အဆင့်ကို ရောက်လာမယ်ပေါ့၊ အဲဒီတော့ အတတ်နိုင်ဆုံး စစ်ပွဲတွေကို လျှော့ချဖို့အတွက် အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးတဲ့အဆင့်ကို သွားသင့်တယ်လို့ပဲ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1119
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၆
မြန်မာ့နိုင်ငံရေးကို ကျော်လွှားပြီး ဒီမိုကရေစီထူထောင်ရေးတွင် စစ်တိုက်ပြီး ဒီမိုကရေစီထူထောင်၍ မရသည့် အတွက် အားလုံးသဘောတူညီမှုကနေ ဒီမိုကရေစီကို ထူထောင်သင့်ကြောင်း Euro-Burma Office မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေက ပြောသည်။
DVB က ဇွန်လ ၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတွင် ဦးဟန်ညောင်ဝေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဟန်ညောင်ဝေက “ ကျနော်တို့က ဒီမိုကရေစီလိုလာတယ်ဆိုရင် တပ်က သူ့ကို နားမထောင်တဲ့အဖွဲ့တွေ အကုန်လုံးကို နှိမ်နင်းပြီး တော့မှ လုပ်မယ်ဆိုရင် နိုင်နိုင်မယ်ဆိုရင်တောင်မှ ဒီမိုကရေစီဖြစ်လာဖို့က အလား အလာမရှိဘူး၊ ကျနော်တို့ အကုန်လုံးက တပ်ကို မကြိုက်လို့ တိုက်ပြီးတော့မှ တပ်ကို အနိုင်ယူနိုင်မယ်ဆိုရင် တောင်မှ ဒီမိုကရေစီဖြစ်လာ ဖို့က အလားအလာ မရှိဘူး။ ဘာကြောင့်လဲဆို ဒီမိုကရေစီက လက်နက်အင်အားနဲ့ တိုက်ပြီးတော့မှ ထူထောင်ကြတာမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာက အကုန်လုံးက သဘောတူပြီးတော့မှ ထူထောင်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဆိုတော့ ပထမဆုံးက တိုက်ပွဲနဲ့အနိုင်ယူပြီးတော့မှ လုပ်မယ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ်ပေါ့နော်၊ တပ်ဖက်က နိုင်လဲမဖြစ်ဘူး၊ ကျနော်တို့ (အတိုက်အခံ)ဖက်ကလည်း မရဘူး။ ဆိုတော့ ဒီနေရာမှာ ဆက်ပြီးတိုက်နေရင်လည်း ဒီမိုကရေစီဖြစ်လာမှာ မဟုတ်ဘူး။ အဖြေက တကယ်တော့ နိုင်ငံရေး အဖြေရှာမှ ရမယ်”ဟု ပြောသည်။

ဦးသိန်းစိန်နဲ့ ဦးဟန်ညောင်ဝေကိုတွေ့ရစဉ်
သို့သော် နိုင်ငံရေးအဖြေရှာရန်လည်း လူထုမှာ လုံးဝနစ်နာနေသည့်အတွက် တွေ့ဆုံဆွေးနွေးမှု ဖြစ်အောင် ကြိုးပမ်းနိုင်ရန်လည်း အခက်အခဲများ ရှိနေပြန်သည်ဟု ၎င်းက ထောက်ပြသည်။
ဦးဟန်ညောင်ဝေက “ဒီအချိန်မှာက အဲဒီနိုင်ငံရေးအဖြေရှာတဲ့ ဆွေးနွေးပွဲလုပ်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်ဆို လူထုက လုံးဝနစ်နာနေပြီးတော့မှ တပ်က လူထုကို တိုက်နေတဲ့အချိန်ဖြစ်တော့ ဘယ်လိုမှ စလို့ မရဘူး။ သူတို့က အဲဒါရပ်သွားမှပဲ ပြန်စလို့ရမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်နိုင်ရန်အတွက် တိုက်ပွဲများ ရပ်တန့်သင့်သလို တပ်မတော်ကို တိုက်ခိုက်နေ သည့် အင်အားစုများ စုပေါင်း၍လည်း ဆွေးနွေးပွဲဖြစ်လာအောင် တပ်မတော်ကို ဖိအားပေးသင့်ကြောင်း၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့က တရုတ် မပါဝင်၍လည်း မရကြောင်း Euro-Burma Office မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေက ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့စဉ်
ဦးဟန်ညောင်ဝေသည် ၂၀၁၀ ခုနှစ်ကနေ အသွင်ကူးပြောင်းလာသော ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် ထည်ထည်ဝင်ဝင် ပါဝင် ဆောင်ရွက်ပေးခဲ့သူဖြစ်သလို လက်ရှိမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးနေသူဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြင့် တိုက်ပွဲများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 778
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၆
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုဖွဲ့မှုလုပ်ငန်းစဉ် မရှိတော့ကြောင်း အပစ်ရပ် EAO ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု လုပ်ငန်းများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ရပ်တန့်သွားပြီဖြစ်ကြောင်း၊ လက်ရှိ ၃ နှစ်ကျော် ကာလအတွင်း NCA လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီနေရာမှာ ကျနော်တို့အနေနဲ့ သတိပြုရမှာ တစ်ချက်ကတော့ NCA အကောင် အထည်ဖော်မှု လုပ်ငန်းတွေဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီးတော့ အကုန်လုံး ရပ်တန့်သွားပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ UPDJC လို့ပဲ ပြောပြော၊ JMC လို့ပဲ ပြောပြော ဒီယန္တရားတွေ မလည်ပတ်နိုင်ခဲ့တာလည်း တော်တော်လေး ကြာခဲ့ပါပြီ။ အဲဒီလိုမျိုး NCA အကောင်အထည်ဖော်မှု လုပ်ငန်းတွေ ဘာတစ်ခုမှ မလုပ်ကိုင်နိုင် ခဲ့တဲ့ ဒီ ၃ နှစ်ကျော်ကာလ တစ်ခုအောက်မှာတော့ ကျနော်တို့ 7 EAO အနေနဲ့ကလည်း ဒီလိုမျိုး UPDJC နဲ့ ပတ်သက်တဲ့ စုဖွဲ့မှုလုပ်ငန်းတွေ အကုန်လုံး ကျနော်တို့ဆီမှာ တစ်စုံတစ်ရာ ဆောင်ရွက်မှုတွေလည်း မရှိတော့ပါ ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့အနေနဲ့ NCA ရဲ့ အနှစ်သာရ ၃ ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းဖို့ရယ်၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး မှု ဖြစ်မြောက်ဖို့ရယ်၊ နောက်ပြီးတော့ အရပ်သားများကို အကာအကွယ်ပေးရေးဆိုတဲ့ NCA ရဲ့ အနှစ်သာရ ၃ ချက် ပေါ်မှာပဲ လက်ရှိ အကျပ်အတည်းကာလမှာ ကျနော်တို့က ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်ကိုတွေ့ရစဉ်
UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြီးခဲ့သည့် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြ သည်။
အဆိုပါ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို နိုင်ငံရေးပါတီ ၄ ပါတီက ပူးတွဲဦးဆောင်ကြကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ NCA ရေးဆွဲစဉ်ကတည်းက ပြည်တွင်းစစ်ကို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်မည်ဆိုသည့် စိတ်ဆန္ဒရှိခဲ့ကြကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြော သည်။

NCA ထိုး ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံစဉ်
၎င်းက “၂၀၁၃ NCA ရေးဆွဲစဉ်တုန်းကကိုက ကျနော်တို့မှာ တူညီတဲ့ စိတ်ဆန္ဒတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ပေါ့လေ၊ ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းမယ်၊ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ ကျနော်တို့ တည်ဆောက်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အခိုင်အမာ အာမခံချက် ပေးနိုင်မယ် ဆိုတာကလည်း ကျနော်တို့ နိုင်ငံကို ဒီမိုကရေစီ အင်အားစုတွေအားလုံး တိုင်းရင်းသားများအားလုံး ဆွေးနွေးညှိနှိုင် သဘောတူညီမှုနဲ့ ဖြစ်တည်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမယ်ဆို တာ ကျနော်တို့ နဂိုပေါ့လေ၊ နားလည်မှုတွေ အမြင်တူတာတွေလည်း ရှိခဲ့ပြီးသား ရှိတဲ့အပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်ကတော့ အဲဒီလှုပ်ရှားမှုတွေက ရပ်တန့်နေတယ် ဆိုပေမယ့် လက်ရှိဖြစ်နေတဲ့ တစ်နိုင်ငံလုံး အကျပ် အတည်းလို့ပဲ ပြောမလား၊ အခက်အခဲလို့ပဲ ပြောမလား ပြဿနာကြီးကို ဖြေရှင်းနိုင်ဖို့ဆိုရင် သက်ဆိုင်သူများ အားလုံးပေါ့လေ၊ တကယ့် ပြည်ထောင်စုအကျိုးကို ရှေ့ရှုပြီးတော့ စကားပြောဖို့ နည်းလမ်းကသာလျှင် လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကတော့ ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့် မယ်လို့ ကျနော်အနေနဲ့တော့ အဲဒီလိုပဲ ယုံကြည်မှု ရှိတယ်” ဟု ပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်သော်လည်း လက်ရှိ အခင်းအကျင်းအရ စစ်ဘောင် ကျယ်၍ နိုင်ငံရေးဘောင် ကျဉ်းနေသည့်အတွက် ဖြေရှင်းရန် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။
UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1563
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၅
ရခိုင်လူမျိုးများအနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင်တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
VOA နှင့် သီးသန့် အင်တာဗျူးတွင် ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ်တဲ့ နိုင်ငံရေး အဆင့်အတန်း တစ်ခုကိုတော့ မျှော်မှန်းပြီး ကျနော်တို့ လုပ်ဆောင်နေတာ၊ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူများဆီကလည်း တောင်းနေမှာ မဟုတ်ဘူး။ မရရအောင် တိုက်သင့်ရင်တိုက်မယ်။ ပြီးမှ တည်ဆောက်သွားမယ်ပေါ့။ ဒါကို တစ်ဖက်နဲ့တစ်ဖက် နားလည်မှု အပြည့်နဲ့ သဘောထားကြီးကြီးနဲ့ သဘောတူညီကြတယ်ဆိုရင်တော့ စည်းလုံးညီညွတ်တဲ့ အနာဂတ်တစ်ခုမှာ အကုန်လုံးအတွက် အေးချမ်းမယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်ကြား နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ သည်။
မြန်မာ့တပ်မတော်ကလည်း မြို့ပြနှင့် ကျေးလက်ဒေသများရှိ စစ်စခန်းများကို ဆုတ်ခွာပေးရမှုများရှိနေသလို AA က စစ်တွေမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
AA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)ဆိုကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ချင်းလက်နက် ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
AA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ နိုင်ငံရေး အဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးကို ရလိုကြောင်း ထုတ်ဖော် ပြောကြားထားသည်။
တခြား တစ်ဖက်မှာတော့ မြန်မာ့တပ်မတော်နှင့် AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး တရုတ်နိုင်ငံ ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1294
CNI News
၂၀၂၄ ခုနှစ်၊ ဇွန် ၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ နယ်မြေအငြင်းပွားမှု မည်ကဲ့သို့ ဖြေရှင်းနေကြသလဲဆိုသည့်အပေါ် သုံးသပ်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA-AA-MNDAA) ၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်တွင် နယ်မြေပြဿနာ ပိုမိုဖြစ်ပေါ်လာခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့သည်။
ထိုကိစ္စကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ဖြေရှင်းရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒါကတော့ သူတို့တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ဖြေရှင်းရမှာပဲလေ၊ တတ်နိုင်သမျှလည်း အချင်းချင်း ကြားမှာ ဖြေရှင်းနေကြတာ တွေ့တာပဲ၊ အဲဒီတော့ ဆက်ဖြေရှင်းကြမယ်နဲ့ တူပါတယ်။ ပဋိပက္ခတော့ ရှိမှာပဲဗျ၊ ဘယ်နေရာမဆို အဲဒါကို အေးအေးချမ်းချမ်းနဲ့ စားပွဲပေါ်ရောက်အောင် ဆွေးနွေးပြီးတော့ ဖြေရှင်းဖို့ လိုတာပေါ့။ အဲဒီလိုဖြစ်အောင် ကြိုးစားနေကြတာနဲ့ တူပါတယ်” ဟု ပြောသည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်
ပြီးခဲ့သည့် လပိုင်းက ကွတ်ခိုင်မြို့အတွင်း KIA ဆက်ဆံရေး ဖွင့်လှစ်ထားမှုကို ဖယ်ရှားပေးဖို့ ပြောဆိုခဲ့သလို မူဆယ်မြို့နယ် ကောင်းနောင်ရပ်ကွက်ရှိ ဦးကျောက်တဲ့ယုန် ပိုင်ဆိုင်သော ONE NINE ဓာတ်ဆီဆိုင်အတွင်း အခြေချထားသည့် KIA အဖွဲ့များအား အဆိုပါနေရာမှ ဖယ်ရှားပြီး မူလပိုင်ရှင်အား ပြန်ပေးရန် TNLA က စာထုတ် ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
နယ်မြေအငြင်းပွားမှု ကိစ္စများနှင့်ပတ်သက်၍ တရားဝင် ကြောင်းကြားခြင်း မရှိကြောင်း KIA ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော်တို့ကို တရားဝင် အကြောင်းကြားတာတော့ မရှိဘူး၊ ရှေ့တန်းသမားတွေ အချင်းချင်း နည်းနည်းထိတွေ့ပြီးမှ စကားများတာ၊ အချင်းများတာများ ဖြစ်တာလားပေါ့နော်၊ တရားဝင်ဗဟိုကနဲ့ ညွန်ကြားချက်လောက်တော့ မဟုတ်လောက်ဘူးလို့ ကျနော်ထင်တယ်။ ဘာမှ တိတိကျကျတော့ အကြောင်းကြား တာ မရှိဘူး။ လိုင်းပေါ်မှာ တွေ့တာလောက်ပဲ ရှိပါတယ်။ ကျနော်တို့ တရားဝင်အကြောင်းကြား ရုံးပိုင်းဆိုင်ရာက (နေ)နဲ့ ဘာမှ အကြောင်းကြားတာ မရှိဘူး” ဟု ပြောသည်။
ထို့အတူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် TNLA အကြားတွင် လည်းကောင်း၊ TNLA နှင့် KIA အကြားတွင် လည်းကောင်း၊ KIA နှင့် MNDAA အကြားတွင် လည်းကောင်း နယ်မြေအငြင်းပွားမှုများကြောင့် ထိတွေ့ပစ်ခတ် မှုများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိနေသည်။
မဟာမိတ်တပ်ဖွဲ့များ သာမက အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း TNLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက CNI သတင်းဌာနသို့ ပြောသည်။

ကွတ်ခိုင်မြို့အ၀င်ကို တွေ့ရစဉ်
၎င်းက “ဟုတ်ကဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ဖြစ် အခြားအဖွဲ့တွေပဲဖြစ်ဖြစ် ကျမတို့ နိုင်ငံရေးနည်းလမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ဒီကိစ္စက ပြေလည်သွားတဲ့ဟာ ဖြစ်တယ်ပေါ့လေ၊ ကွတ်ခိုင်ဖက်မှာလည်း ဒီအခြေအနေတွေက အဆင်ပြေသွားပြီးပါပြီ” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်စခန်းပေါင်း အများအပြားကို သိမ်းယူခဲ့သလို လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေ ဟော်၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ ဟိုပန်၊ ပန်ဝါ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကိုလည်း မြန်မာ့တပ်မတော်က လက်လွှတ်ခဲ့ရသည်။
ထို့နောက် ရှမ်းမြောက်တွင် လှုပ်ရှားကြသည့် ရှမ်းလက်နက်ကိုင်တပ် (SSPP)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နှင့် ကချင်တပ် (KIA) တို့အကြား နယ်မြေအငြင်းပွားမှု သိသာစွာဖြစ်ပေါ်လာခဲ့သည်။
ရှမ်းမြောက်တွင် မြန်မာ့တပ်မတော် အပါအဝင် SSPP၊ TNLA၊ MNDAA၊ KIA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ အာရက္ခ (AA) အပြင် ပြည်သူ့စစ်များလည်း လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2085
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ ဖြစ်စဉ်အတွင်း မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ALP မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြော သည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ALP တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ့တပ်မတော် က သင်တန်းပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၁၇၀ ခန့်က ဗျိုင်းဖြူရွာကို ဝိုင်းရံ ပိတ်ဆို့ကာ ရွာသူ/ရွာသားများအား ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ ကြောင်း ဇွန်လ ၂ ရက်နေ့မှာ AA က ထုတ်ပြန်ခဲ့သည်။
ALP ရဲဘော်များအနေဖြင့် ဗဟို၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အဝင်/အထွက် စာရင်းများလည်း အတိအကျ ရှိနေကြောင်း၊ ၎င်းကိစ္စအတွင်း ပါဝင်ပတ်သက်မှု မရှိကြောင်း ALP အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဗျိုင်းဖြူဖက်မှာ တပ်မတော်နဲ့ စစ်ဆေးရေးတွေ ဘာတွေလုပ်နေတာ ကျနော်တို့က သိတယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ ဒီလောက်အထိ သေဆုံးမှုတွေဆိုတဲ့ စာရင်းတွေက ကျနော်တို့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူး။ ပြီးသွားတော့ အဲဒီလောက်အထိလည်း မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ချဲ့ကားပြီးတော့ ပြောဆိုနေတဲ့ အနေအထားတွေပဲလို့ ကျနော်တော့ ပြောချင်တယ်၊ ဘာလို့ဆိုတော့ ကျနော်တို့ ရဲဘော်တွေက ဗဟိုရဲ့ ထိန်းချုပ်မှု အောက်မှာ အပြည့်အဝရှိတယ်၊ အကုန်လုံး တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်စိတ်တွေ အကုန်လုံး လူစာရင်းတွေ ကအစ အဝင်/အထွက် စာရင်းတွေကအစ ကျနော်တို့က အတိအကျ ကိုင်တွယ်ထားတာ ဖြစ်တယ်။ အဲဒီတော့ ဒီကိစ္စမှာ ကျနော်တို့ ရဲ့ဘော်တွေ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာတော့ ကျနော်တို့ဘက်က အခိုင်အမာ ပြောနိုင်ပါတယ်။ ဒါက နိုင်ငံရေးအရ သက်သက် အမြတ်ထုတ်တဲ့ အခြေအနေတစ်ခုလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ လေးရက်အတွင်း ဗျိုင်းဖြူကျေးရွာ ဖြစ်စဉ်အတွင်း မတရားဖမ်းဆီး သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၇၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ယနေ့ (ဇွန်လ ၄ ရက်)တွင် AA က ထပ်မံထုတ်ပြန်ခဲ့သည်။
ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်နေကြောင်း၊ ဘက်လိုက်မှုမရှိဘဲ စစ်ဆေးဖော်ထုတ်ရန် ဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။

ALP တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ ကိစ္စမှာ အသေအပျောက်စာရင်း မှန်ကန်မှု ရှိ/မရှိပေါ့၊ အဲဒါကို ကျနော်တို့ ဖက်ကနေပြီးတော့ အကုန်လုံး သေချာစာရင်းပြုစု စာရင်းပြုစုနေတယ်ပေါ့နော်၊ ပြန်စိစစ်မယ်ပေါ့၊ ဒါတွေကို ကျနော်တို့ဖက်ကနေပြီးတော့ ဘက်လိုက်မှု မရှိဘဲနဲ့ သေချာစစ်ဆေး ဖော်ထုတ်သွားဖို့ ဆောင်ရွက်နေပါတယ်ဗျ။ နစ်နာသူတွေအတွက် ကျနော်တို့ဖက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးဖို့တော့ အစီအစဉ်တွေရှိပါတယ်။ လောလောဆယ်ကြတော့လေ မြေပြင်အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်အလက်တွေ ရှိတဲ့ အတွက်မို့လို့ ကြိုတင်ပြောဖို့တော့ အခက်အခဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်တို့ဖက်က အမှန်တရား အတိုင်း ဖြစ်အောင် ဆောင်ရွက်ပေးမှာပါ။ အမှန်တရားအတိုင်း တကယ်ကို အရပ်သားပြည်သူ ထိခိုက်နစ်နာမှု မှန်ကန်ခဲ့တယ်ဆိုရင် ကျနော်တို့ဖက်က ကူညီဆောင်ရွက်ပေးမယ့်အရာတွေ အကုန်လုံး လုပ်ပေးမှာပါ” ဟု ပြောသည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ရန် ညွှန်ကြား အမိန့်ပေး စေခိုင်းသူနှင့် ညွှန်ကြားချက်ကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ့တပ်မတော်၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်သူများ အားလုံးကို ပြင်းထန်စွာ လက်စားချေ တုန့်ပြန်မည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
