
- By CNI News
- Category: နိုင်ငံရေး
- Hits: 775
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ် (က/၂၆၇)၊ တိုက်ခန်းအမှတ်(၇) ရှေ့၌ လူတစ်ဦးမှ ပစ္စတိုဖြင့် အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထို့နောက် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသား အဆောင် ၁ ခု၌ ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကောင်းဇာနည်းဟိန်း(ခ) လပြည့်နှင့် အပေါင်းအပါ ကျော်သူရ(ခ) အီးတီတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန် လာခဲ့သည်။
ဖမ်းဆီးရမိသူ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) နယ်မြေမှာ ဖောက်ခွဲရေး သင်တန်း ၁ လ တက် ရောက်ခဲ့ကြောင်း၊ ထို့နောက် Special Test Force-STF အဖွဲ့သို့ ဝင်ရောက်၍ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံ တက်ရောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဒီငြိမ်းလင်းနဲ့ ကောင်းဇာနည်ဟိန်း စွန့်ပစ်ခဲ့တဲ့ ပစ္စည်းများတွေ့ရစဉ်
STF အဖွဲ့ကို ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ဦးဆောင်ကြပြီး အဖွဲ့ဝင် ၂၆ ဦးဖြင့် အဖွဲ့များခွဲ၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ရန် ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော်နှင့် နွေနွေ တို့က ရန်ကုန်မြို့အတွင်းရှိ STF အဖွဲ့ဝင်များအား Telegram မှတဆင့် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ ကြောင်း သိရသည်။
ထို့နောက် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ရန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဓာတ်ပုံနှင့်အချက်အလက်များကို Telegram မှတဆင့် ပေးပို့ခဲ့ကြောင်း၊ မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့ကို ဟေဇယ်မှ ပေးပို့ခဲ့ကြောင်း၊ မေလ ၃၀ ရက်မှာ တော့ မိမိမှ ဒေါ်လီလီနိုငကျော်အား နေအိမ်အရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကောင်းဇာနည်ဟိန်းက ထွက်ဆိုခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 393
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅
Brave Eagles (UG)အဖွဲ့မှ ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်၍ ဇွန်လ ၅ ရက်နေ့က ကျောက်တံတားမြို့နယ်ရှိ အခွန်ရုံးနှင့် အရှေ့ဒဂုံမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ သည်ဟု Brave Eagles(UG)က ထုတ်ပြန်ခဲ့သည်။
Brave Eagles (UG)အဖွဲ့မှ ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်ကာ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် က ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃) သုံးထပ်ထိ တက်ရောက်၍ ချိန်ကိုက်မိုင်း အသုံး ပြုပြီး မစ်ရှင်ဖော်ဆောင်ခဲ့ပါသည်ဟု ယနေ့ (ဇွန်လ ၅ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထ
န်မ်း ၃ ဦးနှင့် အခွန်ဆောင်သည့် ပြည်သူ ၂ ဦး ထိခိုက်ခဲ့ ကြောင်း၊ ပြည်သူများ နစက(မူရင်း- စစ်ကောင်စီ)၏ ထောက်တိုင် အဆောက်အဦများနှင့် ဝေးဝေးနေပေးကြပါ ရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်ဟု Brave Eagles (UG)အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဒုတိယမစ်ရှင် အနေဖြင့် ညနေ ၇ နာရီ ၅ မိနစ်တွင် အရှေ့ဒဂုံမြို့နယ်ရှိ USDP ရုံးကို အဝေးထိန်းမိုင်း ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ ရဲဘော်များ ဘေးကင်း စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Brave Eagles (UG)အဖွဲ့က “ ပစ်မှတ်(၁)နှင့် (၂) ကို အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည် ပတ်မှု ထောက်တိုင်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”ဟု ပြောသည်။
မိမိတို့အနေဖြင့် နစက၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ထောက်ခံအားပေး ဝန်းရံနေသော မည်သည့် ထောက်တိုင်ကိုမဆို ဒဏ်ခတ်အရေးယူ တိုက်ခိုက်ခြင်းကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားမည်ကြောင်း၊ ပြည်သူများအနေဖြင့် နစက၏ ဒေါက်တိုင် အဖွဲ့အစည်း များနှင့် အဆောက်အဦများအနီးသို့ ဖြတ်သန်းသွားလာခြင်း မပြုဘဲ ဝေးဝေးမှ ဂရုစိုက် ရှောင်ရှားသွားရန် မေတ္တာရပ်ခံအပ်ပါသည်ဟု Brave Eagles (UG)အဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီက ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း နှင့် ကုန်သည်လမ်းထောင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၊ ၃ လွှာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
လူတစ်ဦးသည် ပြည်တွင်းအခွန်များ ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၊ ၃ လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနသို့ မြေညီထပ်မှ လှေကားအတိုင်း တက်လာကာ အများပြည်သူ သံထိုင်ခုံဘေး၌ အထုပ် ၁ ထုပ်အားချ၍ လှေကားအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းအထုပ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်စေခဲ့သူအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 834
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(DNDP)တို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးက ကြေညာခဲ့သည်။
ထို့ကြောင့် DNDP ပါတီသည် မှတ်ပုံတင် အမှတ် ၂၁ ဖြစ်ပြီး PPP ကတော့ မှတ်ပုံတင်အမှတ် ၂၂ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 989
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅
အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစက-က ပြောဆိုထားသော်လည်း ယခု ၂၀၂၃ ခုနှစ်အတွင်း ကျင်းပနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်နေကြခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မြန်မာ့စီးပွားရေးအပေါ် ထိခိုက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထိုသို့ ယခုနှစ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါက တိုင်းပြည်၏ စီးပွားရေးအပေါ် သက်ရောက်မှု အနေဖြင့် တချို့သော ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားနိုင်ကြောင်း၊ ထို့နောက် နိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် ကုန်သွယ် ရေး လုပ်ငန်းများတွင် အခက်အခဲ ရှိလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်နေကြစဉ်
၎င်းက “ပြောရတော့ ခက်ပါတယ်။ ရှေးအလားအလာ မကောင်းရင်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက ပြန်ထွက် သွားနိုင်တဲ့ဟာတွေလည်း ထွက်သွားနိုင်တယ်ပေါ့နော်။ ကောင်းအောင် ဒီက ဘယ်လိုပဲ ကြိုးစားကြိုးစား အသိ အမှတ် ပြုနိုင်အောင်လို့တော့ ဆရာတို့ မကြိုးစားနိုင်ရင်တော့ Tourism ကဏ္ဍမှာလည်း တိုးတက်နိုင်မယ် မမြင် ဘူး။ ကုန်သွယ်မှု ကဏ္ဍမှာလည်း အခက်အခဲတွေ အများကြီး ရှိနိုင်မယ်လို့ ယူဆပါတယ်။ သက်ရောက်မှုကတော့ ရှိနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ရွေးကောက်ခံ အစိုးရ ဖြစ်သွားမှ နိုင်ငံတကာ section တွေ ဖိအားတွေ လျော့ မယ်။ နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့ အစိုးရတစ်ရပ် ပေါ်လာနိုင်ရင်တော့ ဘာပဲပြောပြော စီးပွားရေးကဏ္ဍ ကအစ ဝင်ရောက်လာနိုင်တဲ့ ကဏ္ဍတွေ ရှိတယ်။ နိုင်ငံရေးအရလည်း ပြောင်းလဲနိုင်တဲ့ အနေအထားမှာရှိတော့ ပြောင်းလဲမှုက လိုအပ်တယ်လို့ ဆရာတို့ကတော့ ယူဆပါတယ်” ဟု ပြောသည်။
တိုင်းပြည်၏ စီးပွားရေးသည် ရွေးကောက်ပွဲ တစ်ခုတည်းအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း၊ ဒေသတည်ငြိမ်မှ သာ စီးပွားရေး ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဒေသ မတည်ငြိမ်ပါကလည်း စီးပွားရေး အလားအလာသည် ကောင်းမွန်လာမည် မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပရုံဖြင့် တိုင်းပြည်စီးပွားရေး ပြောင်းလဲလာမည် မဟုတ် ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအတိုင်းပဲ ဆက်ဖြစ်မှာပါပဲ။ နိုင်ငံရေး၊ စီးပွားရေးဆိုတာက ရွေးကောက်ပွဲက ရွေးကောက်ပွဲ ဖြစ်ရုံနဲ့ စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာမယ်လို့ ကျနော်တော့ မထင်ဘူး။
ရန်ကုန်က အောက်ခြေလူထုကိုတွေ့ရစဉ်
ရွေးကောက်ပွဲ က အားလုံးပါဝင်နိုင်တဲ့ အဓိက တိုက်ရိုက် ပြောချင်တာက NLD ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်၊ ရွေးကောက်ပွဲ လုပ်နိုင်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက ကောင်းလာနိုင်တာပေါ့နော်။ ရွေးကောက် ပွဲ၊ ရိုးရိုးပုံမှန် ရွေးကောက်ပွဲ တစ်ခု ဖြစ်ရုံမျှနဲ့တော့ သိပ်ပြီးတော့ သက်ရောက်မှုက ရှိမှာ မဟုတ်ဘူး” ဟု ပြော သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင် ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ အနိုင်ရသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အ တွင်းမှာ ပြောကြားခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲကို မည်သည့် အချိန်တွင် ကျင်းပမည်ဟု ထုတ်ဖော် ပြောကြားခြင်း မရှိတော့ကြောင်း၊ သို့သော် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သလို လူဦးရေစာရင်းကိုလည်း စုဆောင်းလျက်ရှိသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တချို့တို့တွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ကို မျှော်လင့်မထားကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1171
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅
မြန်မာနိုင်ငံရှိ ပြည်နယ်များတွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွား၍ အရပ်သားများ ထိခိုက်သေဆုံးသလို အဆောက်အဦများ ပျက်စီးနေသည့်တိုင် ပြည်မရှိ လူထုများမှာ တည်ငြိမ်သော အခင်းအကျင်းတစ်ရပ်ကို ဖြတ် သန်းနေရခြင်းကြောင့် ပြည်နယ်များ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများက ပြည်မနှင့်မသက်ဆိုင်ဘူးလားဟု မေးခွန်း ထုတ်မှုများ ရှိလာနေသည်။
ပြည်နယ်များတွင် ဖြစ်ပွားသော တိုက်ပွဲများမှာ ပြည်မနှင့်သက်ဆိုင်ကြောင်း၊ ပြည်မရှိ လူငယ်အများစု တိုင်းရင်းသား တော်လှန်ရေး အင်အားစုများထံ သွားရောက်ကာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
စစ်ပွဲများ မရှိရေး တောင်းဆိုနေကြစဉ်
၎င်းက “သက်ဆိုင်တာပေါ့ဗျာ၊ ဘာလို့ဆို ပြည်မက PDF တွေ အများစုက သူတို့ဆီသွားပြီးတော့ စစ်ရေး လေ့ကျင့် မှုတွေ၊ တည်ဆောက်မှုတွေ နောက်ကျနော်တို့ လက်နက် တပ်ဆင်မှုတွေ လုပ်နေတဲ့ အစိတ်အပိုင်းတွေရှိတဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ လှုပ်ရှားတဲ့ နေရာတွေကို အခြေပြုပြီးတော့ ဒီနေ့ PDF တွေ ဖွဲ့စည်းလာနိုင်တာဟာ အခြေခံအားဖြင့် ကျယ်ပြန့်တဲ့ သဘောရှိပါတယ်၊ အဲဒီတော့ သူတို့နဲ့ မဆက်စပ်လို့ မရပါ ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ စတင်၍ ပြည်နယ်များ၌ ဖြစ်ပွား လာခဲ့ကြောင်း၊ ထိုစဉ် အချိန်က ပြည်မရှိ လူထုသည် တည်ငြိမ်လျက်ရှိခဲ့ပြီး ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း တောင်းဆိုပေးခဲ့ခြင်း အားနည်းကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ပေါက်လာသည့် နိုင်ငံရေးအခင်းအကျင်းမှသာ ပြည်မလူထုသည် လက်နက်ကိုင် ပဋိပက္ခအပေါ် သဘောပေါက်လာကြခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစု တချို့က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းအရ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မြန်မာ့ တပ်မတော်နှင့် တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
တော်လှန်ရေးတပ်ဖွဲ့၀င်ကို တွေ့ရစဉ်
ထို့နောက် တိုက်ပွဲဖြစ်ပွားရာ ဒေသအများစုရှိ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသလို ပညာသင်ကြားခွင့်နှင့် လုံခြုံစိတ်ချရမှုများ ကင်းဝေးနေကြရသည်။
လက်ရှိ မိမိတို့ ဆင်နွှဲနေသည့် တော်လှန်ရေးမှာ လူထုကို အားယူကာ လုပ်ဆောင်ရသည့် တော်လှန်ရေးဖြစ် ကြောင်း၊ တော်လှန်ရေးတွင် မပါဝင်သော သူများကို မိမိတို့အနေဖြင့် မှတ်ချက်မပြုလိုကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကတော့ ကျနော် အဲဒီအပေါ်မှာတော့ မှတ်ချက်မပေးလိုဘူးပေါ့နော်၊ အဓိက-က ဒီတော်လှန်ရေးက လူထုကို ကျနော်တို့ အားယူပြီး လုပ်ရတဲ့ တောလှန်ရေးဖြစ်တယ်၊ ဖြစ်တဲ့အခါမှာ ကျနော်တို့ကလည်း လူထုထဲက ပေါက်ဖွားလာတဲ့ တော်လှန်ရေးကာလမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေး လုပ်တဲ့သူတွေ ဖြစ်တယ်၊ ဆိုတော့ ကျနော်တို့ရဲ့ တော်လှန်ရေးက ကျနော်တို့ ပြည်နယ်တစ်ခုအတွက်ပဲ မဟုတ်ဘူး။
ကျနော်တို့ တစ်နိုင်ငံလုံး လွတ် မြောက်ရေးအတွက် ကျနော်တို့ အတူတူ ဝိုင်းပြီးမှ စစ်ကောင်စီနဲ့ တကွ အာဏာရှင်တွေကို ကျနော်တို့ တိုက်ထုတ် နေတဲ့ တော်လှန်ရေးဖြစ်တယ်၊ ဒီအပေါ်မှာတော့ လူထုတွေအနေနဲ့ ပါဝင်တဲ့သူတွေက အများကြီးရှိတာပေါ့လေ၊ အများကြီးရှိတယ်၊ တချို့ကလည်း ခုနပြောသလိုမျိုးပေါ့နော် ဒီအတိုင်းနေတဲ့သူလည်း ရှိကောင်း ရှိနိုင်လိမ့်မယ်၊ ဒါပေမဲ့ အဲဒီအပေါ်မှာတော့ ကျနော်တို့ ဘာမှ မပြောလိုဘူးပေါ့လေ၊ ဘာမှတော့ မှတ်ချက် မပေးလိုပါဘူး” ဟု ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံတစ်ဝှမ်း တပ်မတော်နှင့် EAO – PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၉၃၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများမှာ ပြည်နယ်များတွင် အများစု ဖြစ်ပွားခဲ့ကြောင်း၊ ထို့ ကြောင့် ပြည်တွင်းမှာ တိုက်ပွဲရှောင်လူဦးရေ ၂ သန်းကျော် ရှိလာကြောင်း ISP Myanmar ၏ နောက်ဆုံး ထုတ်ပြန် ချက်အရ သိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 830
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄
မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင် ပြင်းတောင်ရွာအနီးရှိ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့်(MNDAA)၏ ယာယီတပ်စခန်းကို ဇွန်လ ၂ ရက်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ကြောင်း ကိုးကန့်မီဒီယာကနေတဆင့် ထုတ်ပြန်လာခဲ့သည်။
ထို့နောက် ဇွန်လ ၃ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသမှာ အခြေချနေသည့် MNDAA နှင့် တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထိုရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရှောင်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့ နေရာမှာ ညနေ ၃ နာရီအထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က မိုင်းလားမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ NSPNC တွေ့ဆုံ ဆွေးနွေး
အဆိုပါ တိုက်ပွဲတွင် MNDAA ဘက်မှ တစ်ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း တပ်မတော်ဘက်က ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးဟု ကိုးကန့်မီဒီယာက ဖော်ပြခဲ့သည်။
ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီကလည်း ကိုးကန့်ခရိုင်ထဲက ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက် တွင် ပစ်ခတ်သံများ ကြားရသည်ဟု ၎င်းက ဖော်ပြခဲ့သည်။
မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် MNDAA၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့မှ ကိုယ်စားလှယ်များနှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်က တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သေး သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 865
CNI International News
နယူးယောက်၊ ဇွန်လ ၃
မြန်မာနိုင်ငံမှ မက်သာဖက်တမင်း (methamphetamines) များအား မှောင်ခိုလုပ်ရန် အာရှမူးယစ်ဆေးဝါး ကွန် ယက်များသည် ရေလမ်းကြောင်းကို အသုံးပြုမှု မြင့်တက်လာကာ ဈေးကွက်ချဲ့ထွင်ရန် အတွက်လည်း ကတ်တ မင်း(ketamine) ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်လာကြောင်း ကုလသမဂ္ဂ (UN)က ဇွန်လ ၂ ရက်တွင် ပြော သည်ဟု ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားသည်။
တရုတ်နှင့် ထိုင်းနိုင်ငံ တစ်လျှောက်ရှိ လမ်းကြောင်းများတွင် ကင်းလှည့်မှုများ တင်းကြပ်လာခြင်းကို ရှောင်လွဲရန် အတွက် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှ မက်သာဖက်တမင်းများကို လှေများဖြင့် မှောင်ခိုကူးလျက်ရှိ သည်ဟု ကုလ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) က နှစ်ပတ်လည် ကြေညာချက်တွင် ဖော်ပြထား သည်။
မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသသည် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုတို့အတွက် နာမည်ဆိုးဖြင့် ကာလရှည် ထင်ရှားခဲ့ကာ အထူးသဖြင့် မက်သာဖက်တမင်းနှင့် ဘိန်းဖြူတို့ ဖြစ်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် (Yunan) ပြည်နယ်နှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကင်းလှည့်မှု များ မြင့်တက်လာခြင်းကြောင့် မှောင်ခိုသမားများက ပုံမှန်မဟုတ်သော ရေကြောင်းလမ်းကို အသုံးပြုလာ ကြသည့် အတွက် ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနှင့်တရုတ် အာဏာပိုင်များဘက်က ဖမ်းဆီးရမိသည့် မက်သာဖက်တမင်း အရေ အတွက် ကျဆင်းသွားခဲ့သည်။
ထိုင်း-မြန်မာ-တရုတ်-လာအို မဲခေါင်မြစ်ကြောင်းကိုတွေ့ရစဉ်
မှောင်ခိုသမားများက လာအိုနှင့်ထိုင်း မြောက်ပိုင်းတစ်လျှောက် မူးယစ်ဆေးဝါး အရေအတွက် အမြောက်အများကို ပို့ဆောင်နေကြဆဲ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း တစ်လျှောက်မှ အက်ဒမန်ပင်လယ် (Andaman Sea) သို့ လုံခြုံရေးနည်းပါးသည့် ရေကြောင်းလမ်းမှ ပို့ဆောင်မှုများလည်း သိသိ သာသာ မြင့်တက်လာခဲ့သည်ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလက်စ် (Jeremy Douglas) က ပြောသည်။
မြန်မာနိုင်ငံထုတ် မက်သာဖက်တမင်းများသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့ အလုံးအရင်းနှင့် ဝင်ရောက်နေ သည်ဟုလည်း ယင်းတွင် ဖော်ပြထားသည်။
အရှေ့နှင့် အရှေ့တောင်အာရှ ဒေသတလွှားရှိ ရဲတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ်တွင် မက်သာဖက်တမင်း ၁၅၁ တန် နီးပါး ဖမ်းဆီးရမိခဲ့သော်လည်း ယင်းက ၂၀၂၁ ခုနှစ်က ၁၇၂ တန်ထက် လျော့ကျသွားခြင်း ဖြစ်သည်။
ဒေသတွင်းရှိ မက်သာဖက်တမင်း လက်လီ/လက္ကား ဈေးနှုန်းများသည်လည်း ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း သို့မဟုတ် မပြောင်းလဲဘဲ ရှိနေခဲ့သည်။
ဒေသတွင်းရှိ အင်အားအကြီးဆုံး မှောင်ခိုကွန်ယက်များသည် ၎င်းတို့လုပ်နိုင်သည် သို့မဟုတ် အဖမ်းမခံရနိုင် ဆိုသည်ကို သေချာမှု မြင့်မားစွာဖြင့် ရောင်းဝယ်မှုများ လုပ်ဆောင်နိုင် နေသည်ဟု ကုလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းမိ မက်သာဖက်တမင်းများကို တွေ့ရစဉ်
မှောင်ခိုင်ကွန်ယက်များသည် ၎င်းတို့ ရောင်းချနေသည့် အရာများကို ချဲ့ထွင်ရန် စီစဉ်နေသည့် အထောက်အထား များကိုပါ မြင်တွေ့လာရသည်ဟု လေ့လာသူများက ပြောသည်။
၂၀၂၂ ခုနှစ်တွင် ဒေသတစ်ဝန်းရှိ အာဏာပိုင်များသည် ကတ်တမင်း ၂၇ ဒသမ ၄ တန် ဖမ်းဆီးရမိခဲ့ပြီး ယင်းက ၂၀၂၁ ခုနှစ်နှင့်ယှဉ်လျှင် ၁၆၇ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
ကတ်တမင်းကို အကြီးစား ထုတ်လုပ်ရောင်းချနေမှုများကို ရှာဖွေတွေ့ရှိခဲ့မှုသည် ဒေသအတွက် အချက်ပေးသံပင် ဖြစ်သည်ဟု ဆိုသည်။
မက်သာဖက်တမင်းနှင့် ကတ်တမင်းတို့ကို အများအပြား ပူးတွဲတင်ပို့ ရောင်းချနေခြင်းက ကောင်းစွာ စုဖွဲ့ထား သော ရာဇဝတ်အဖွဲ့များအနေဖြင့် စိတ်ကြွရူးသွပ်ဆေးများအတွက် ဝယ်လိုအားကို မြှင့်တင်ရန် ဆေးနှစ်မျိုးပါ ပတ်ကေ့စ် တစ်ခုအဖြစ် ရောင်းချရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟုလည်း ကုလ၏ ကြေညာချက်တွင် ဖော်ပြထား သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 1336
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃
အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နစကမှ ပြင်ဆင်နေသည့်တိုင် မည်သည့်အချိန်တွင် ကျင်းပမည်ကို အတိအကျ ပြောကြားထားခြင်း မရှိသောကြောင့် နိုင်ငံရေးပါတီများအကြား ကျင်းပလာနိုင်မည့် အချိန်ကို ခန့်မှန်း သုံးသပ်လာခဲ့ကြသည်။
ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့်တိုင် ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး လုံခြုံရေးပိုင်းနှင့် ပတ်သက်၍လည်း အားနည်းချက်များရှိနေကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
လက်ရှိမှာ နစကအနေဖြင့် တိုင်းပြည်ကို တည်ငြိမ်အောင် ကြိုးစားနေကြောင်း၊ မိတ်ဖက်နိုင်ငံများ၏ ဝိုင်းဝန်း ဖျန်ဖြေမှုအပေါ် မူတည်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “အခုသွားနေတာက တည်ငြိမ် ငြိမ်းချမ်းအောင် ကြိုးစားနေတယ်၊ အဲဒါကို မိတ်ဖက်နိုင်ငံ တွေကလည်း ဝိုင်းကူညီကြတဲ့ပုံ ပေါက်တယ်၊ တရုတ် အပါအဝင် မိတ်ဖက်နိုင်ငံတွေကနေ ကူညီနေတဲ့ပုံ ပေါက် တာပေါ့၊ အဲဒီတော့ ဒီအတိုင်း ကြားဝင်ဖျန်ဖြေတာတို့က အောင်မြင်သွားရင် ကျနော်ထင်တယ်၊ လာမယ့် ၂၀၂၄ ဇန်နဝါရီလအတွင်းမှာ ကျင်းပနိုင်မယ်၊ အဲဒီတော့ ၂၄ ကိုသွားတဲ့ ၂၀၂၄ မှာ ကျင်းပနိုင်တယ်၊ ခန့်မှန်းတာကတော့ လက်ရှိကာလက ဇူလိုင် ၃၁ ရက်နေ့အထိ သွားမှာလား၊ နောက် ၆ လယူမှာလား။ တည်ငြိမ်အေးချမ်းမှုနဲ့ ဆိုင်မယ်” ဟု ပြောသည်။
နစကအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချ၍ မြန်မာ့တပ်မတော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ထို့နောက် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော် အာဏာ ပြန်လည် လွှဲပြောင်းပေးမည်ဟု အာမခံကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ထားသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ၂၀၂၅ ခုနှစ်မှသာ ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်ဟု ယူဆကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ဒါ ကျနော့် အမြင်ပေါ့နော်၊ အခြေခံဥပဒေနဲ့ပဲ သူက ကိုင်သွားလိမ့်မယ်၊ အခြေခံဥပဒေနဲ့ ကိုင်သွားပြီးတဲ့ ခါကြရင် သူက တစ်နှစ် သက်တမ်း ယူသွားလိမ့်မယ်၊ တစ်နှစ် သက်တမ်း ပြီးသွားရင်တော့ သူအပြောင်းအလဲ တစ်ခုတော့ လုပ်လိမ့်မယ်၊ ဒီဖွဲ့စည်းပုံအတိုင်းပဲ သူလုပ်မှာပါ၊ ရွေးကောက်ပွဲတော့ လုပ်မှာ မထင်ဘူး။ အစောဆုံး ရွေးကောက်ပွဲ သွားလုပ်ရင်တော့ ၂၀၂၅ လောက်မှ သွားလုပ်မယ်လို့ ထင်တာပါ့၊ အခု နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း ၂၀၀၈ အတိုင်းသား ဆက်သွားပါ သူတို့အနေနဲ့ ထောက်ခံတယ်ဆိုတဲ့ သဘောတရားတွေက အရိပ်တွေ က ပြနေတယ်လေ။ ဒါကြောင့်မို့လို့ ဒီနစက-က ၂၀၀၈ ကျော်ပြီး သူ့အနေနဲ့ လုပ်မယ်မထင်ဘူးလို့ ကျနော့်အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲမဲထည့်နေကြစဉ်
နစကသည် ပြီးခဲ့သည့်နှစ်က ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့သော် လည်း ယခုနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲကို မည်သည့် အချိန်မှာ ကျင်းပပေးမည်ဟု တိတိကျကျ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
သို့သော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက် ထားရမည်ဟု ပြဋ္ဌာန်းခဲ့သည်။
ထို့နောက် သတ်မှတ် ကာလအတွင်း မှတ်ပုံ ပြန်မတင်သည့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တခြားတစ်ဖက်မှာတော့ နစကကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2346
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက် ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိလာခဲ့သည်။
တပ်မတော်ကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံး တပ်ရင်းဖြစ်သည့် ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်း ကြောင်း ကြေညာခဲ့သည်။
ရန်ကုန်တပ်ရင်းကို ဖွဲ့စည်းခဲ့သော်လည်း အခြေခံနယ်မြေ မရှိသည့်အတွက် တိုက်ပွဲဖော်ဆောင်ရန် ခက်ခဲကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထူးပြီး မဖြစ်ဘူးပေါ့နော်၊ ထူးဖြစ်စရာမရှိဘူး။ သူက ဖွဲ့စည်းပုံကြီး တစ်ခုဖွဲ့လိုက်တယ်ပေါ့နော်၊ တပ်ရင်း ဘယ်လောက်လဲ ၅၁၀၁ လား။ သူက အဲဒီလို တပ်ရင်းဖွဲ့တာပဲရှိတယ်၊ ဖွဲ့တယ်ဆိုတာ ဖွဲ့စည်းပုံအရ တပ်ရင်းမှူးရှိ မယ်၊ ဒုတပ်ရင်းမှူး ရှိမယ်၊ တပ်ခွဲမှူး၊ တပ်စုမှူး ရှိမယ်။ ဒီလိုမျိုး ဖွဲ့စည်းပုံအရသာ ဆောင်ရွက်တာလေ အဲဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့် ပိုတောင်မှ အစိုးရက သူတို့ကို ဖမ်းဖို့ ပိုလွယ်သွားတာပေါ့၊ သဘောကတော့ အဖွဲ့ ကွဲလေးတွေ မဟုတ်ဘဲနဲ့ အကြီးကြီး လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ တစ်နွယ်ငင် တစ်စင်ပါ အကုန်ဆွဲထုတ်လို့ ရတဲ့ အနေအထားကို ဖြစ်သွားပြီ၊ ကျန်တာကတော့ သူဟာသူ တိုက်ပွဲ ပိုဖြစ်မယ်၊ ဘာဖြစ်မယ် ဒါက ဘာမှ ဖြစ်စရာမရှိဘူးပေါ့နော်၊ ဖြစ်စရာ မရှိဘူးဆိုတာက ပြောရလို့ရှိရင် ဒီလို လုပ်ကြံသတ်ဖြတ်မှု ဒါတွေပဲ ရှိမှာပေါ့၊ ဘယ်လိုမှ ကျနော်တို့လည်း ဒီလုပ်ငန်းတွေ လုပ်လာခဲ့တာ ကျနော်တို့ ပြောရရင်တော့ အနှစ် ၂၀ ပေါ့နော်၊ အနှစ် ၂၀ လောက်လုပ်ခဲ့တာ ဒီလို နေရာမျိုးမှာ အခြေခံနယ်မြေမရှိဘဲ ဘာသွားလုပ်မှာလဲ တကယ်တော့လေ၊ ဘာမှ လုပ် မရဘူး” ဟု ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
နိုင်ငံတစ်ဝှမ်း စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက် မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုများ ပြုလုပ်လျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်က အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော် ကို အရေးပေါ် ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို ပြန်လည်ဖြုတ်ချနိုင်ရေး NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
NUG အဖွဲ့၀င်များကိုတွေ့ရစဉ်
တော်လှန်ရေးအင်အားစုများကို စနစ်တကျဖြင့် ကျစ်လစ်ရန် လုပ်ဆောင်ခြင်းဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တာကပေါ့လေ စစ်ရေးအမြင်ကို ပြောတာပါ။ ပိုပြီးတော့ စနစ်တကျ ကျစ်လစ်အောင် လုပ် လိုက်တယ်လို့ ယူဆတယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မကြာခဏ ဖမ်းခံနေရတာတွေ ရှိတယ်လေ၊ အဲဒီ တော့ ဒါတွေဟာ သူတို့က ကျစ်လစ်မှုမရှိလို့ ဒီလို ဖြစ်တယ်လို့ ကြေညာတာလည်း ဖြစ်နိုင်တာပေ့ါ၊ နောက်တစ်ခု က ပိုမိုပြီးတော့ စွမ်းအားကောင်းအောင် လုပ်တယ်လို့ အဲဒီလိုလည်း ဖြစ်နိုင်ပါတယ်။ အဲဒါ ကျနော် ထင်မြင်ချက်ပါ နော်” ဟု ပြောသည်။
ထို့အတူ ရန်ကုန်တပ်ရင်းကို ဖွဲ့စည်းလိုက်ခြင်းကြောင့် ရန်ကုန်တွင် အဖမ်းအဆီးများ၊ အစစ်အဆေးများ ပိုမို လုပ် ဆောင်လာနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ PDF ပူးပေါင်းတပ်တို့ အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။