- By CNI
- Category: နိုင်ငံရေး
- Hits: 3778
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ၊ အကြမ်းဖက် သောင်းကျန်သူအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက် သွယ် ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ပါသည်ဟု နစက-က စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြု စေမည့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နေ့တွင် စတင် ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက် လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံး နစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော် ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၊ အကြမ်းဖက်သောင်းကျန်သူ အဖွဲ့အစည်းများ၊ PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ပါသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် NLD ပါတီခေါင်းဆောင်တချို့ အပါအဝင် လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအင်အားစုများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ(CRPH)၊ PDF များကို ဖွဲ့စည်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်းကာ နစကနှင့် မြန်မာ့တပ်မတော် ဖြုတ်ချ ရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
ထိုတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ သန်းကျော်ရှိပြီး လူနေအိမ် အပါအဝင် အဆောက်အဦပေါင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးထားသည်။
နစကသည် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရသည့် ပါတီအား နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3032
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
ညီနောင်မဟာမိတ် ၃ ဖွဲ့(MNDAA-AA-TNLA)အပေါ် တရုတ်က ဖိအားပေးလာမှုသည် အတိုက်အခံအင်အားစုများ အပေါ် အကျိုးသက်ရောက်မှု ရှိသလားဆိုသည်နှင့် ပတ်သက်၍ စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ် လျက် ရှိနေသည်။
တရုတ်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးသော်လည်း နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မရှိပါဘူး။ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဗျ၊ စစ်ကောင်စီက ရမှာ မဟုတ်လို့ပါ၊ စစ်ကောင်စီက လားရှိုးကို ပြန်သိမ်းဖို့တို့ လောက်ကိုင်ကို ပြန်သိမ်းဖို့တို့ သူက သူ့တပ်ထဲမှာလည်း ဒါတွေ ပြောနေတာ ဖြစ်တာကိုး အဲဒီအခါကြ သူက လုပ်လာမှာ လုပ်လာလို့ရှိရင် ကျန်တဲ့ လူတွေလည်း ပြန်တိုက်လို့ရတယ်လေ၊ အစကတည်းက ပြောပြီးသားပဲ ကိုယ့်ဒေသကို ကာကွယ်ခွင့်ရှိတယ်ဆိုတာ” ဟု ပြောသည်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်နေ့မှာ ပေးပို့ခဲ့သည်။

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
အလားတူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ MNDAA နှင့် TNLAသည် တို့ NUG နှင့် မဟာမိတ်ဖွဲ့ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသလို နစက အစိုးရ ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေသည့် တရုတ်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များဖြစ်သည်။
နစက အာဏာရယူမှုကို မကြိုက်၍ လက်နက်ကိုင်လမ်းစဉ်ကို NUG၊ PDF တို့ ရွေးချယ်သွားကြောင်း၊ လက်နက်ကိုင်လမ်းစဉ်မှာ အောင်မြင်မှု ရာခိုင်နှုန်းနည်းကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲတစ်ခုကနေ သွားတဲ့လမ်းကြောင်း မဟုတ်ဘဲနဲ့ လက်နက်ကိုင်လမ်းကြောင်းကို ရွေးသွားပြီ ဆိုလို့ရှိရင် နဂိုကတည်းက လမ်းကြောင်းက လွဲနေပြီ၊ အဲဒီလမ်းကြောင်း အဟကြီးထင်ပြီး ဆက်သွားလိုက်တာ ကတော့ NUG၊ PDF ရဲ့ တစ်ပိုင်းပေါ့၊ သေချာတာကတော့ သူတို့က နဂိုကတည်းက သူတို့ ရပ်တည်ချက်အရ နိုင်ငံရေးလမ်းကြောင်း သွားတာကနေပြီးတော့ လက်နက်ကိုင် လမ်းစဉ်ရွေးတဲ့ အတွက်ကြောင့် သူတို့အတွက်က တော့ ထုံးစံအတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ် တော်တော်များများ ရွေးကြတာက နောက်ဆုံးမှာ က အောင်မြင်မှုဆိုတာ တော်တော်လေး အခုချိန်ထိပေါ့ သမိုင်းကြောင်းတွေ လေ့လာတဲ့အခါမှာ အောင်မြင်မှု ရာခိုင်နှုန်းက တော်တော်လေးကို နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့် သူတို့ကတော့ အချိန်အတိုင်းအတာ တစ်ခုကြရင်တော့ ထုံးစံအတိုင်းပေါ့ ပျောက်သွားပါလိမ့်မယ်၊ ကျနော်တို့က ဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြော သည်။

TNLA ကို တွေ့ရစဉ်
တရုတ်အနေဖြင့် ၎င်းတို့ လုပ်ရမည့်အလုပ်ကို မဟာဗျူဟာအရ လုပ်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ် ဩဇာသက်ရောက်မှုရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနေ့အထိ TNLA က ကြေညာချက် မထုတ်တာ၊ AA က မထုတ်တာ၊ KIA က မထုတ်တာတွေ ကြည့်လိုက် ခြင်းအားဖြင့် တရုတ်ကလည်း သူလုပ်ရမယ့် အလုပ်တစ်ခုကို မဟာဗျူဟာအရ လုပ်တယ်၊ ဒီအဖွဲ့တွေကလည်း သူမွေးထားတာပဲ၊ သူမွေးထားတာလေ၊ သူပေးထားတာလေ၊ သူဆုတ်လိုဆုတ်၊ မှောက်လိုမှောက် သူမွေးထားတဲ့ အဖွဲ့တွေ ပျက်အောင်သူဘယ်လိုလုပ်မလဲ၊ မီးစတစ်ဖက်၊ ရေမုတ်တစ်ဖက် လုပ်နေတယ်၊ ဘယ်လုပ်မလဲ၊ အဲဒါကြောင့်မလို့ ယာယီနည်းနည်းပါးပါး လျော့ချင်လျေ့ာမယ်၊ ပြင်းပြင်းထန်ထန် ဖြစ်ချင်ဖြစ်မယ်၊ အဲဒါတရုတ်ရဲ့ အစီအစဉ်အောက်မှာ သွားတာ၊ တို့နွေဦးက အဲဒါတွေနဲ့ မပတ်သက်ဘဲနဲ့ နေမယ်ဆိုရင် နွေဦးအောင်မှာပဲ၊ အဲဒါတွေ နဲ့ ပတ်သက်ရင် နွေဦးရှုံးမှာပဲ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲများကြောင့် ဒီမိုကရေစီအင်အားစုများမှာ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။
ထို့နောက် TNLA၊ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 6420
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
MNDAA နှင့် TNLA တို့သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် မဟာမိတ်ဖွဲ့၍ မြန်မာအစိုးရကို တိုက်ခိုက်နေပြီး အမေရိကန်ဆီကနေ နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့်ရရှိနေသည်ဟု နစက-က စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာပြည်သူလူထု၏ မိတ်ဆွေအစစ်ဖြစ်သော တရုတ်နိုင်ငံဆိုသော ခေါင်းစဉ်ဖြင့် နစက-က သတင်းထုတ်ပြန်၍ အထက်ပါအတိုင်း စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
နစက-က “ နိုင်ငံအနှံ့အပြား ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကို မဖြစ်ဖြစ်အောင် NUG နှင့် အပေါင်းပါများက လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းအပေါ် ဆွဲတင်နေကြသည်။ တည်ငြိမ် အေးချမ်းသည့် မြန်မာနိုင်ငံအား စစ်မြေပြင်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့်အတွက် ပြည်သူအများ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ စစ်ဘေးရှောင်ကြရသည်။ မြန်မာနိုင်ငံကို အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နိုင်ရန် အနောက်အုပ်စုနိုင်ငံ များက ကူညီပေးပြီး စီးပွားရေးအရ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သလို အစိုးရဆန့်ကျင်ရေး အင်အားစုများသို့ ငွေ ကြေးအပြင် တိုက်ခိုက်ရန် လက်နက်နှင့်နည်းပညာများကိုပင် အလုံးအရင်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရှိ နေရသည်”ဟု ထုတ်ပြန် ပြောကြားထားသည်။

အမေရိကန်နိုင်ငံခြားရေး ဒု၀န်ကြီးနဲ့ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ရစဉ်
နိုင်ငံအတွင်းရှိ အစိုးရအား ဆန့်ကျင်လျက်ရှိသည့် EAO အမည်ခံ တိုင်းရင်းသားလက်နက်ကိုင်များအား ထောက်ပံ့ မှုများပေးကာ တိုက်ပွဲများဖော်ဆောင်စေခဲ့ကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အတိုက်အခံ လက်နက်ကိုင် များ အခြေပြုရာ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ခဲ့သည်။
နစက-က “ MNDAA နှင့် TNLA လက်နက်ကိုင်တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့်ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို့ ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံ အတွင်း အမေရိကန်၏ အကျိုးစီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက် နိုင်ရန်သာဖြစ်သည်”ဟု ပြောသည်။
MNDAA နှင့် TNLA တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က NUG ၏ လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် တပ်မတော်၏ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

NUG မှ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ MNDAA-TNLA တပ်ဖွဲ့တို့ကို တွေ့ရစဉ်
အဆိုပါ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် MNDAA နှင့် TNLA တို့သည် တပ်မတော်၏ စစ်စခန်းပေါင်း ၁၀၀ ကျော် အပါအဝင် လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ဖောင်ဆိုင်း၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ယနေ့အထိ ဖော်ဆောင်နေရာ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ်များကို သိမ်းပိုက်ခဲ့ပြီး ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့ကို တိုက်ခိုက်ရန်လည်း ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အဓိက ဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့အိမ်နီးချင်း နိုင်ငံ ၅ နိုင်ငံရှိသည့်အနက် အဓိက စီးပွားဖက် နိုင်ငံများမှာ တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း၊ အနောက်အုပ်စုမှ မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်နေသကဲ့သို့ မြန်မာ့အိမ်နီးချင်းနိုင်ငံများကိုလည်း စီးပွားရေးပိတ်ဆို့စေလိုကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2575
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များသည် ဒေသခံများဖြင့် တစ်သားတည်းဖြစ်နေရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နေမှုကို စစ်ဆေးစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်နယ်အတွင်း နယ်မြေစည်းရုံးရေး လုပ်ငန်းများ နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ တာဝန်ထမ်းဆောင်ရသည့်နယ်မြေအလိုက် ဒေသ၏ နယ်မြေဒေသအခြေအနေများ၊ ဒေသဆိုင်ရာ အချက်အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရမည် ဖြစ်ကြောင်း၊ နယ်မြေခံတပ်များနှင့် ဒေသခံများ တစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန် ရိုင်းပင်းကူညီ ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေလုံခြုံရေး၊ ဒေသခံများ၏ လုံခြုံရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့သည် အတိုက်အခံ လက်နက်ကိုင်များဖြစ်သည့် PDF များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံး အပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် ပြင်ဦးလွင်မြို့အနီး တောင်ခမ်းတွင် မြန်မာ့တပ်မတော်နှင့် TNLA-MDY PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက် ကျဆုံးမှုများရှိနေသည်။
ထို့နောက် ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ကို တိုက်ခိုက်မည်ဆိုသော စစ်ရေးခြိမ်းခြောက်မှုများလည်း ကြုံတွေ့နေ ရသည့်အတွက် ဒေသတွင်းနေ ပြည်သူများသည် ရန်ကုန်၊ နေပြည်တော်နှင့် တခြားသော မြို့ကြီးများသို့ ထွက် ပြေး တိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ပွဲများ ပြင်းထန်နေချိန်မှာပဲ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ပွဲများဖြစ်ပွားနေ သည့် ဒေသများသို့ သွားရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် တပ်မတော်သားများကို တွေ့ဆုံကာ နယ်မြေ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို စိစစ်လျက်ရှိနေသည်။
ပြည်တွင်းရှိ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကတော့ မြန်မာ့တပ်မတော်သည် အောက်တိုဘာလမှစတင်ကာ ပွင့်လင်းရာသီအတွင်း တန်ပြန်ထိုးစစ် ပြုလုပ်လာနိုင်ကြောင်း၊ အတိုက်အခံ လက်နက်ကိုင်များဘက်ကလည်း အောက်တိုဘာလအတွင်းမှာ စစ်ရှိန်မြှင့်လာနိုင်ကြောင်း သုံးသပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2654
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
တရုတ်နိုင်ငံသည် နိုင်ငံပြင်ပရှိ ၎င်းတို့၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေး ဆောင်ရွက်နိုင်သော အခြေအနေများရှိသည်ဟု မြန်မာ-တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က ပြောသည်။
တရုတ်၏ ပေါ်လစီအရ နိုင်ငံတစ်ခုထဲ ဝင်ရောက်ပြီး အမျိုးသားအကျိုးစီးပွား ကာကွယ်မှု မရှိကြောင်း၊ သို့သော် လည်း ကာကွယ်ရမည့် ဝတ္တရားရှိကြောင်း ၎င်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာလှကျော်ဇောက “သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေရယ်၊ သူ့ရဲ့ လူမျိုးတွေရယ်၊ အဲဒါတွေရဲ့ လုံခြုံရေး အဲဒီ ဟာတွေ အားလုံးကို အာမခံပါဆိုပြီးတော့ အဲဒီဒေသက လူတွေကို ပြောထားပြီးသား။ ခင်ဗျား သတိထားမိသလား AA တို့ ဘာတို့ အားလုံးကလည်း သူတို့ရဲ့ စစ်ရေးကြေညာချက်တွေ ဘယ်လိုပဲ ထုတ်ထုတ် သူတို့ ဒေသမှာလာပြီး၊ ရင်းနှီးမြှုပ်နှံ ထားတဲ့ အရာတွေကို ကာကွယ်ပါ့မယ်လို့ ပြောရတာပဲ၊ ဒါပေမဲ့ သူတို့ ပြည်သူပြည်သားတွေ ဖြစ်လို့ တော့ သူတို့ တိုက်ရိုက်ဝင်လာခွင့်တော့ မရှိပါဘူး။ တရုတ်က သူ့ရဲ့ စီးပွားရေးတွေ မထိခိုက်ရဘူး။ သူ့ပြည်သူလူထု ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရမယ်ဆိုတာ တောင်းထားတယ်၊ သူ့ပြည်သူကိုလည်း သူအာမခံထားတယ်၊ တရုတ်မှာ တရားဝင် မှတ်ပုံတင်ရှိရင် မင်းတို့နောက်မှာ ငါတို့ အကုန်လုံး ရပ်နေမယ်ဆိုတဲ့ဟာမျိုးပေါ့ဗျာ၊ ဒါတရုတ် ရဲ့ သူ့ပေါ်လစီပဲ သူများနိုင်ငံထဲတော့ သူဝင်လုပ်ခွင့်တော့ မရှိဘူး။ ဒါပေမဲ့ သူ့အဲဒီဟာတွေကိုတော့ သူကာကွယ် ပေး ရမယ့်ဝတ္တရား ရှိတယ်ဆိုတာ ဟုတ်တယ်၊ သူ့ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ ရှိတယ်။ သူများနိုင်ငံထဲမှာ ဝင်ဖမ်းဖို့ဆို တာ အဲဒီနိုင်ငံက သဘောတူမှ ကျနော်တို့တော့ မနိုင်တော့ဘူး ခင်ဗျားတို့ လာပြီး ကူညီပါဆိုရင်တော့ သူလုပ် တယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့အတူ နယ်စပ်ဒေသတစ်လျှောက် တရုတ်အလိုရှိနေသော အွန်လိုင်းလိမ်လည်မှု တရားခံများကို နစကနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးမှု လုပ်ဆောင်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအနေဖြင့် မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စသဖြင့် ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိနေသည်။
နိုင်ငံနှစ်နိုင်ငံ သဘောတူညီချက်အရ ရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာနိုင်ငံက အကာအကွယ် ပေးရမည်ဖြစ် ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တွေ့ဆုံစဉ်
၎င်းက “တကယ်တမ်းက နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံနှစ်နိုင်ငံဟာ ဘုံအကျိုးစီးပွားပေါ့၊ နှစ်နိုင်ငံ ကျနော်တို့ အမြဲတမ်းလည်း ပြောကြပါတယ်။ Win Win Situation ပေါ်မှာပဲ အလုပ်လုပ်ကြရတယ်။ ပြီးတော့ တရားဝင် အစိုးရအနေနဲ့လည်း ရပ်တည်ဆောင်ရွက်ကြရတယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံနှစ်နိုင်ငံကြားထဲက အကျိုးတူ စီးပွားကို၊ နောက်ပြီးတော့ နိုင်ငံတော်အဆင့်တွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒါကြောင့် သေချာတာက တရုတ်နိုင်ငံ သည် သူ့အင်အားကိုလည်း တိုးတက်အောင် တည်ဆောက်နေတယ်၊ သူ့ရဲ့ ပုံရိပ်ကိုလည်း နိုင်ငံတော်တွေအပေါ်မှာ မြင့်တင်နေတဲ့အတွက်ကြောင့် သေချာတာကတော့ အာဏာရနေတဲ့ လက်ရှိအစိုးရတွေနဲ့ပဲ သူတာဝန်ယူပြီးတော့ အလုပ်လုပ်ပါလိမ့်မယ်၊ အဲဒီလမ်းကြောင်းအတိုင်းပဲ သွားမှာဖြစ်တဲ့အတွက်ကြောင့် တရုတ်သဘောထားကတော့ ဒီအတိုင်းပဲ ရှင်းပါတယ်။ သိပ်ပြီးတော့ ထွေထွေထူးထူး သုံးသပ်ချက် ပေးစရာတော့ မရှိပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာပြည်ကို လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ယင်းမတိုင်မီ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းလည်း မြန်မာပြည်ကို လာရောက်ခဲ့သည်။
တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့အပေါ်၌ ဩဇာလွှမ်းမိုးမှုရှိနေသလို လက်ရှိ နစကအပေါ်တွင်လည်း လွှမ်းမိုးမှုရှိနိုင်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းအကြား သုံးသပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1810
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဗဟိုရုံး ဖျက်ဆီးခံရမှုမှာ မဟုတ်ကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၏ စစ်ရေးအခြေအနေအရ ANP ပါတီမှ တာဝန်ရှိသူများမှာ နေရာအနှံ့အပြားကို ရောက်ရှိသွားပြီး ပါတီရုံးကို ဂရုမစိုက်နိုင်တော့ကြောင်း၊ ထို့နောက် မိမိတို့ ပါတီရုံးရှိ ပစ္စည်းများကို အချို့သူများက ယူဆောင်သွား သလို ညအချိန် ဝင်ရောက်ခိုအောင်းမှုများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
ANP ပါတီမှ ဦးထွန်းအောင်ကျော်က “အဲဒီလို ပိတ်ထားတဲ့အခါ လူသူမရှိတဲ့ အခြေအနေအရ တချို့လူတွေက ကျနော်တို့ ပါတီရုံးကို ပိတ်ထားတဲ့တံခါးတွေ ဖျက်ပြီးတော့ အထဲမှာရှိတဲ့ ပါတီပိုင်ပစ္စည်းတွေ ဥပမာ ကွန်ပျူတာ တို့ ဘာတို့၊ ပန်ကာတို့၊ စားပွဲခုံတို့၊ ကုလားထိုင်တို့ အဲဒီလိုပစ္စည်းတွေကို ယူသွားကြတာ ကြာပြီ၊ ပြတင်းပေါက် တွေလည်း ဖျက်ဆီးခဲ့တယ်၊ နောက်တစ်ခုက လူသူမရှိတဲ့ ရုံးအဆောက်အဦးမှာ တချို့လူတွေက အခြေအနေ အမျိုးမျိုးရှိတဲ့ လူတွေကနေ ခိုအောင်းပြီးတော့ အများကြီးပဲ ခိုအောင်းတယ်၊ ပြီးတော့ အဲဒီမှာ ညအိပ်ကြတာတွေ ရှိတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ကတော့ အနီးကပ်အရင်လို ဂရုမစိုက်နိုင်ကြတော့ဘူး။ တာဝန်ရှိတဲ့ လူတွေ တချို့ကျန်ခဲ့တဲ့ လူတွေကလည်း အစဉ်တဆက် အရင်လို ဂရုမစိုက်နိုင်ကြတဲ့အခါ ညအိပ်ညတာ မီးက လည်း မရဘူး။ သွားရေးလာရေးကလည်း ညအချိန်မတော် သွားကြည့်ဖို့ကလည်း မလွယ်တော့ဘူး။ အဲဒါကြောင့် တချို့လူတွေက ကျနော်တို့ ပါတီရုံးချုပ် အဆောက်အဦကလည်း သီးခြားလိုဖြစ်နေတယ်၊ အဲဒီတော့ အဲဒီနေရာမှာ ခိုအောင်းတဲ့လူတွေ အကြောင်းအမျိုးမျိုးနဲ့ ညအသုံးပြုတဲ့လူတွေ ခိုအောင်းတဲ့လူတွေ ရှိနေတဲ့ အခြေအနေမို့လို့ တာဝန်ရှိတဲ့လူတွေ အနေနဲ့ အဲဒီနေရာမှာ ဝင်ပြီးတော့ စစ်ဆေးတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျနော်တို့ကိုတော့ ကျနော်တို့ပါတီ တာဝန်ရှိတဲ့ လူတွေကို ပြန်ပြီးတော့ ပြောပြတာ ရှိပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြော သည်။

ANP ပါတီ ဗဟိုရုံးခန်းကိုတွေ့ရစဉ်
စစ်တွေမြို့ရှိ ANP ပါတီရုံးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
စစ်တွေတွင်ရှိသော ပါတီဝင်များ၏ ပြောပြချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖျက်ဆီးသွားသည်ဟု ပြောဆိုချက်မှာ မဟုတ်ကြောင်း၊ ထိုမတိုင်ခင်ကတည်းက ရုံးတံခါးနှင့် ပစ္စည်းအချို့ ဖျက်ဆီးခံထားရခြင်း ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။
၎င်းက “အဲဒါကတော့ မဟုတ်ပါဘူးခင်ဗျ၊ ကျနော်တို့ပါတီက စစ်တွေမှာ ရှိတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောပြ ချက်အရကတော့ ကျနော်တို့ ရုံးအဆောက်အဦက ခေါင်မိုးတွေလည်း မပျက်ဘူး။ နံရံတွေလည်း မပျက်ဘူး။ ဒါပေမဲ့ အရင် ဖျက်ဆီးထားတဲ့ တံခါးတို့ ဘာတို့ကတော့ ပျက်နေတာ ရှိတယ်လို့ ပြောကြပါတယ်ခင်ဗျ” ဟု ပြော သည်။

ANP ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်
ရခိုင်အမျိုးသားပါတီ (ANP) သည် ယခင်ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း၌ နေရာအများစု အနိုင်ရခဲ့သော အင်အားကြီး ရခိုင်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
ထို့နောက် ANP သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ဖြင့် ငြိစွန်းနေခြင်းကြောင့် UEC က ငြင်းပယ်လိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2532
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ၎င်းတို့၏ ပြည်နယ်တစ်ခု အနေဖြင့်သာ သဘောထားကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံကို အနောက်အုပ်စုထံ အပါခံမှာ မဟုတ်ကြောင်း၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) ၏ ထုတ်ပြန်ချက်မှာလည်း တရုတ်၏ သဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကြီးမြင့်က “တို့နိုင်ငံက ဟိုးအောက်ဆုံးကို ကျသွားပြီ။ နိုင်ငံခြားသွား အထင်သေး၊ အမြင်သေး ဗမာပြည်မှာ လည်း အလုပ်တွေမရှိဘူး။ ထိုင်းမှာလည်း လူ ၇ သန်းလောက်ရှိပြီး၊ အဲဒီလို ဖြစ်နေတဲ့ဟာတွေကြတော့ ချုပ်ပြော ချင်တာတော့ တရုတ်က ကျနော်တို့ကို သူတို့ရဲ့ ပြည်နယ်တစ်ခုလောက်ပဲ သဘောထားတော့တယ်။ လုံးဝ ဂရုမစိုက်တော့ဘူး။ သူတို့ မွေးထားတဲ့ လူတွေလည်း အများကြီးပဲ မန္တလေးကို ဒီနေ့တိုက် ဒီနေ့ရတယ်၊ ဒီနေ့ သိမ်းရင် သူတို့ မွေးထားတဲ့ လူနဲ့ သိမ်းမယ်ဆို၊ ဒီနေ့တော့ မရဘူးပေါ့ကွာ၊ ၁ လအတွင်းရတယ်၊ ဒါတရုတ်က မလုပ် ဘူး။ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘင်္ဂလားဒေ့ရှ်ကို ကြည့်ပြီးတော့ မြန်မာပြည်ပါသွားလို့ မဖြစ်ဘူး အနောက်နိုင်ငံတွေဖက်ကို တရုတ်က လုံးဝကို စစ်အစိုးရကို ဝင်လုံးလိုက်တာပဲ၊ ရှင်းရှင်း ပြောရရင်တော့ မအလ ကို အသက်ကယ်ဆေး ထိုးပေးလိုက်သလို ဖြစ်သွားတယ်၊ ထိုးပေးတဲ့ ဆေးတော့ ရှိမရှိ မသိဘူးပေါ့၊ အဲဒီတော့ မအလ အရမ်းတက်ကြွလာတယ်၊ အဲဒီအချိန်မှာ ဗမာပြည်ဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနောက်နိုင်ငံတွေ နောက် ကို အပါမခံတော့ဘူး တော်ပြီ ဘင်္ဂလားဒေ့ရှ်မှာ သင်ခန်းစာရသွားပြီ၊ အဲဒါကြောင့်မို့လို့ အခုအားလုံး အားလုံးက တရုတ်ပြည်ရဲ့ အစီအမံတွေအောက်မှာပဲ သွားနေတာ၊ TNLA ကို သတိပေးတယ်။ MNDAA ကို တရားဝင်ကို ထုတ်ခိုင်းတယ်၊ MNDAA ကို မပတ်သက်ပါဘူးဆိုတာ ပြောခိုင်းတာ ပြီးရော၊ နောက်တစ်ခါ နယ်စပ်ဂိတ်တွေ အကုန်ပိတ်ထားလိုက်တယ်၊ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ပါ အားပေးတယ်။ MNDAA ထုတ်တဲ့ ကြေညာချက်က တရုတ်က ထုတ်တဲ့ ကြေညာချက်လို့ပဲ သဘောထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်
MNDAA ၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသော နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော် အသစ် ထူထောင်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အလားတူ NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ပြုလုပ်မည်မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု ဖော်ပြ ထားသည်။
ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို တရုတ်အနေဖြင့် ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် တောင်းခံ ကြောင်းနှင့် MNDAA အနေဖြင့်လည်း ချက်ချင်း အပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်း ကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် အဖြေရှာသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MNDAA ၏ ထုတ်ပြန်ချက်ကို မြန်မာ့တပ်မတော်က လက်ခံမှာ မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီညွတ်ကြောင်း မြန်မာနိုင်ငံ၏ စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အမှန်တကယ်ကတော့ တပ်က လက်ခံမှာ မဟုတ်ဘူး။ သူက (MNDAA) က လူလည်လုပ်တာ၊ သူရထား တဲ့ အကျိုးအမြတ်ကို လုံးဝကို အနိုင်နဲ့ ပိုင်းလိုက်တာ၊ ဒီလိုဒီလို ရှိပါတယ်လို့ ထုတ်ပြန်လိုက်တော့ စားပွဲဝိုင်း ညှိနှိုင်းမှုမှာ ရောက်သွားတယ်၊ တကယ်လို့ လားရှိုးမှာ သူပြန်ဆုတ်ရင်တော့ ကိုးကန့်မှာ သူ့ကို (MNDAA) တရားဝင် အသိအမှတ်ပြုခွင့်ရအောင် လုပ်နေတာ၊ အဲဒါဖြစ်နိုင်ခြေ သိပ်မရှိဘူး။ စစ်တပ်က လက်ခံနိုင်ခြေမရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မညီဘူးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် နစက-က ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သလို တရုတ်အနေဖြင့်လည်း မဟာမိတ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရန် ဖိအားပေးလျက်ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2648
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာ့နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုတ်တိုက်ရေး၊ ချေမှုန်းရေးမှာ မရှိတော့ကြောင်း၊ အိမ်နီးချင်း နိုင်ငံများလည်း ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ပြောဆိုနေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု သွေးပူတုန်းတော့ မရဘူးပေါ့ဗျာ၊ ဒါပေမဲ့ ရလာမှာပါ၊ ကျနော်ထင်တယ် ဒီနှစ်မကုန် ခင် ဒါမှမဟုတ်လည်း နောက်နှစ်ဆန်းမှာ အဖြေပေါ်မှာပါ၊ ဒီလိုပဲ လက်နက်နဲ့ ပြီးသွားတဲ့ တိုင်းပြည်တွေ အများ ကြီး မရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှာ ခေတ်မစားတော့ပါဘူး။ အထူးသဖြင့် အပြုတ်တိုက်ရေး၊ ချေမှုန်းရေး၊ အပြီးတိုင် ဖျက်သိမ်းရေး ဆိုတဲ့ဟာတွေက ကျနော်တို့ ဒီဖက်အပိုင်းမှာ မရှိတော့ပါဘူး။ ကျနော်တို့ အိမ်နီးနားချင်း အိန္ဒိယတို့ လို၊ တရုတ်တို့လို၊ ထိုင်းတို့လို ကိုယ်တိုင်က ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူး။ ပြေပြေလည်လည် စကားပြောကြပါ၊ ပဋိပက္ခကို လျှော့ပါ၊ ရပ်ပါ ဆိုကတည်းကိုက ဒါက ကျနော်တို့ တစ်တိုင်းပြည်လုံးအတွက်ရော အိမ်နီးနားချင်း နိုင်ငံတွေအတွက်ရော အကောင်းဆုံး အဖြေပဲဆိုတာ ပေါ်နေတယ်၊ ဒါကြောင့် ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ နောက်ဆုံးပိတ်မှာ ရောက်မှာပါပဲ၊ အခု ဘာအင်အားစုပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ မကုန်သွားတတ် ပါဘူး။ ကျနော် နှစ် ၅၄ နှစ်ရှိပါပြီ၊ လက်နက်ကိုင်ထားတာ ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပွင့်တယ်ဆိုရင် ကျနော်တို့က အဲဒီလမ်းကြောင်းကိုပဲ အားကိုးလို့ စနစ်ပြောင်းဖို့ လုပ်လို့ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

တပ်မတော်၊ လက်နက်ကိုင်၊ အစိုးရခေါင်းဆောင်များကို တွေ့ရစဉ်
နိုင်ငံတစ်ခု၏ စနစ်ပြောင်းလဲဖို့အတွက် တိုက်ခိုက်ခြင်း နည်းလမ်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် ပြောင်း၍ရကြောင်း၊ နည်းနာအားလုံးကို အသုံးပြု၍ ပြောင်းလဲရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေးကြောင့် တိုင်းပြည်တစ်ဝှမ်း လက်နက် ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသော အဖွဲ့အစည်းများမှာ တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက် ရေးကို ဦးစားပေး လုပ်ဆောင်နေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများ ရှိနေသည်။
ငြိမ်းချမ်းရေး ရနိုင်သည့် နည်းလမ်းကို အမှန်တကယ် ရှာဖွေပါက ရနိုင်သည်ဟု ယုံကြည်ကြောင်း၊ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းမှုက ရေရှည်မအောင်မြင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ရနိုင်တဲ့ နည်းလမ်းကို အမှန်တကယ် ရှာကြမယ်ဆိုရင် ရနိုင်တယ်လို့ ကျမ ယုံကြည်တယ်၊ ကျမလည်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းထဲကလာတယ်၊ လက်နက်ကိုင်လည်း ကိုင်ထားဆဲဖြစ်တယ်။ ဒါပေမဲ့ ဒီလက်နက်ကိုင်ပြီးတော့မှ အဆုံးအဖြတ်ပေးဖို့ ကြိုးပမ်းခြင်းဟာ အဖြေမဟုတ်ဘူးလို့ မြင်စေတယ်၊ အဲဒါက တစ်ခဏတာအတွင်းမှာပဲ အောင်မြင်နေကြမှာဖြစ်တယ်၊ ရေရှည်မှာ မရဘူး။ ကျမတို့ မြန်မာနိုင်ငံက လက်ရှိ အနေအထားမှာ ဆိုလို့ရှိရင် ဂါဇာလို ဖြစ်နေပြီ။ ဂါဇာလို နောင်လည်း ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်။ ဆိုတော့ ကျမတို့က ဒီမြန်မာနိုင်ငံသားအချင်းချင်းကြားမှာ ဖြစ်နေကြတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းကို ကျမတို့ EAO ဖက်က စဉ်းစားကြတယ်၊ နိုင်ငံရေးပါတီတွေနဲ့ ကျမတို့ တွေ့တယ်ဆိုတဲ့ အခါမှာလည်း ဒီထက် လေးနက်အောင်တွေးဖို့ အချိန်ဒီထက်ရအောင် လိုအပ်တယ်လို့ ကျမမြင်တယ်”ဟု ပြောသည်။
လက်ရှိတွင် နစက၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၊ အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအချို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် တွေ့ဆုံဆွေးနွေး လျက်ရှိသည်။
အခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှု အင်အားစုတို့အကြား နိုင်ငံ အနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 5386
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မပူးပေါင်းတော့သလို စစ်မြေပြင်ချဲ့ထွင်မှုများလည်း မလုပ်တော့ဘူးဟု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ယနေ့ (စက်တင်ဘာ ၁၉ ရက်)ထုတ်ပြန်ခဲ့သည်။
မလိုအပ်သည့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်အတွက် မိမိတို့ MNDAA မှ နိုင်ငံတော်၏ အခြေအနေနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်ဟု MNDAA က ထုတ်ပြန်ခဲ့သည်။
MNDAA ၏ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်သလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော် အသစ်ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
MNDAA က “ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ပါသည်။ ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ပေ။ သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားပါမည်”ဟု ထုတ်ပြန် ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ချက်ချင်း အပစ်အ ခတ် ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားပါမည်ဟု MNDAA က ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရက MNDAA၊ TNLA၊ AA တို့ကို NUG အပါအဝင် PDF များနှင့် မပတ်သက်ရန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများဖြင့် မဆက်ဆံရန်၊ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုကို ရပ်တန့်ရန် ပြောကြားထားသည်ဟု သံတမန် အသိုင်းအဝိုင်းနှင့် ထိုလက်နက်ကိုင်များဖြင့် နီးစပ်သူများက ပြောသည်။
MNDAA သည် တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ဗမာ ပြည်လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ NUG လက်အောက်ခံ PDF များဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

MNDAA- AA- TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြိမ်ကို ရှမ်းပြည်နယ်မြောက် ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွက်မှာ MNDAA သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် စစ် စခန်းပေါင်း ၁၀၀ ကျော်နှင့် လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင် ဆိုင်း စသည့် မြို့နယ်များကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းကာ MNDAA၊ TNLA၊ AA တို့နှင့် မြန်မာ့တပ်မတော်ကြား ဟိုင်ဂင် ဆွေးနွေးပွဲကို (၅)ကြိမ် တိတိ ဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲခဲ့ကြသည်။
သို့သော် MNDAA၊ TNLA၊ AA တို့က စစ်ရေးချဲ့ထွင်မှုများ ပြုလုပ်လာခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ပျက် ပြားပြီး နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ လုပ်မည့် (၆)ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲအား မြန်မာ့တပ်မတော်မှ မတက်ရောက်တော့၍ ယနေ့အချိန်ထိ မကျင်းပနိုင်ဘဲ ဖြစ်သွား သည်။
ထို့နောက် နစကဘက်က MNDAA၊ TNLA၊ AA တို့ကို အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။
