
- By CNI News
- Category: နိုင်ငံရေး
- Hits: 799
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)မှ ကိုယ်စားလှယ်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ ကိုယ်စားလှယ်များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ် မစ္စတာကောပေါင်လည်း တက်ရောက်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသား ပြည်သူ တစ်ရပ် လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည် ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ ပူးပေါင်း အကောင် အထည် ဖော်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စများကို ရှင်းလင်း ဆွေးနွေးပြီး ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး အဆင် ပြေ ချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 952
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
မြောက်ပိုင်းမဟာမိတ်(ညီနောင်) ၃ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင် လားဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုရှိနေသည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တချို့နှင့် ဆက်စပ်မှုများ ရှိနေသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို နွေဦးတော်လှန်ရေးတွင် မပါဝင်ရန် ဟန့်တားမှု ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ ကျော်လွှားနိုင်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ် ကောပေါင်နဲ့အဖွဲ့ကိုတွေ့ရစဉ်
ဦးသန်းစိုးနိုင်က “အဲဒီအင်အားစုတွေ နွေဦးတော်လှန်ရေးထဲ ပါနိုင်ရင်တော့ နွေဦးတော်လှန်ရေးက မြန်မြန်ဆန် ဆန် ပြီးဆုံးသွားမှာပေါ့ဗျာ၊ အခုအဲဒီလို မြောက်ပိုင်းက အဖွဲ့တွေထဲက ညီနောင်သုံးဖွဲ့ကို ဒီစစ်ပွဲထဲမှာ မပါဝင်ဖို့ အတွက် တရုတ်က ဝင်ရောက်စွက်ဖက်ပြီးတော့ ဟန့်တားဖို့ ကြိုးစားနေတဲ့ကိစ္စ နိုင်ငံရေးအရ တစ်ပြည်လုံး အကျိုးစီးပွားကို သဘောပေါက် ကျော်လွှားနိုင်ဖို့ လိုတယ်ဗျ၊ ဒါပေမဲ့ အဲဒီမှာတစ်ခု စိတ်ချမ်းသာစရာ ကောင်းတာ ကတော့ KIA မပါတာပဲ၊ KIA ကတော့ ကျနော်ထင်တာကတော့ KIA မြောက်ပိုင်း PDF တွေ ပူးပေါင်းပြီးတော့ နွေဦး စစ်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင်လာမယ်လို့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူက နိုင်ငံရေး အစဉ်အလာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တာကို ဒါကြောင့်မို့ တရုတ်က ပြောတိုင်းတော့ လက်ခံမယ်လို့ မထင်ဘူး။ ကျန်တဲ့ သုံးဖွဲ့ကတော့ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက တော်တော်ကို ဆိုးဝါးနက်ရှိုင်းတယ်၊ ဆိုလိုတာက အခုက တရုတ်တစ်ပြည်လုံးတင် မဟုတ်ဘူး။ ယူနန်ပြည်နယ်ကနေပြီးတော့ ဗမာ့ရေးရာနဲ့ ပတ်သက်ပြီးတော့ အနီးကပ် ချည်းကပ် ဆောင်ရွက်မယ့် သံတမန်အသစ် တစ်ယောက်ပါ ခန့်ထားတာ အဲဒီတော့ ကျနော်တို့ ပြောရ လို့ရှိရင် ဗမာပြည်ပြဿနာဆိုတာ ယူနန်ပြည်နယ်ရဲ့ ပြည်နယ်ခွဲတစ်ခုရဲ့ ပြဿနာဖြစ်အောင် တရုတ်က ဖန်တီးနေ တာ ဖြစ်တဲ့အတွက် အနာဂတ် ကျနော်တို့ တိုင်းပြည် တည်ဆောက်ရေး အတွက်ရော အခုလောလောဆယ် နွေဦး တော်လှန်ရေး အတွက်ရော ကြီးမားတဲ့ အဟန့်အတားကြီး ဖြစ်တယ်၊ အဲဒါတွေကို နိုင်ငံရေးအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကျော်လွှားနိုင်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် NSPNC တို့ မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်နေ့တွင် စတင် ဆွေးနွေးကြသည်။
အဆိုပါ ၃ ဖွဲ့မှာ AA သည် တော်လှန်ရေး အင်အားစုများကို စစ်သင်တန်းပေးမှုများ ရှိနေသလို TNLA အနေဖြင့် လည်း PDF များကို စစ်သင်တန်းပေးမှုများ၊ အတူတကွပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း သတင်း များတွင် ဖော်ပြထားသည်။
ထို့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ တပ်ဖွဲ့ဝင်များကို မြန်မာ-တရုတ် နယ်စပ်တွင်ရှိသော MNDAA တပ်ဖွဲ့ထံ စေလွှတ်ကာ အခြေခံစစ်ပညာ သင်ယူမှုများလည်း ရှိနေသည်။
NSPNC ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် NSPNC တို့ တွေ့ဆုံမှုမှာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု အများအပြား ရှိမှာ မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကတော့ တစ်ဖွဲ့ချင်း ဆုံးဖြတ်မယ်ထင်တယ်၊ ကျနော်ထင်တယ်၊ အဲဒါ တစ်ဖွဲ့ချင်းက ကိုယ့်ဒေသ ဆက်ဆံမှုအရ အပြန်အလှန် အားပြုတာတော့ ရှိမှာပေါ့၊ အပြန်အလှန် အားပြုတယ်ဆိုတာက နေရာ ပေးတာပဲဖြစ်ဖြစ်၊ အကူအညီ နည်းနည်းပါးပါး ပေးတာလည်း ရှိနိုင်တာပေါ့၊ ဒါကလည်းပဲ တရုတ်ပြောတိုင်းတော့ လိုက်မလုပ်ဘူးနဲ့ တူပါတယ်။ ဒီကိစ္စ အသေးအဖွဲ့ကိုလည်းပဲ တရုတ်က ပြောမယ်လို့ ကျနော်မထင်ဘူး။ သူ့ကိစ္စပဲ သူပြောမှာပေါ့ဗျာ၊ နောက်ပြီးတော့ စစ်ကောင်စီကတော့ မပြောတတ်ဘူး။ စစ်ကောင်စီ ကိုယ်စားလှယ်တွေက တော့ အဲဒီကိစ္စပြောချင်လည်း ပြောမှာပေါ့၊ ဗိုလ်ချုပ်ကြီးရာပြည့်တို့ အဖွဲ့ကတော့ နွေဦးတော်လှန်ရေးနဲ့ မချိတ် ဆက်ပါနဲ့ မကူပါနဲ့လို့ ပြောချင်လည်း ပြောလိမ့်မယ်၊ ဒါပေမဲ့ တရုတ်ဘက်က ပြောဖို့ အကြောင်းမရှိဘူး” ဟု ပြော သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့သည် နိုင်ငံရေး၊ စစ်ရေးတို့ကို အတူပူးတွဲ လှုပ်ရှားနေ သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေး အင်အားစုများ စုပေါင်း ပါဝင်သည့် စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သည်။
အဆိုပါ ဖိုရမ်သို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အခြေစိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာသူ ၃၁ ဦး တက်ရောက်ခဲ့ကြကြောင်း စစ်ကိုင်းဖိုရမ်က ဇွန်လ ၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍဟူ၍ ကဏ္ဍကြီး လေးရပ်ကို ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ အနာဂတ်ရေးရာများနှင့် ပတ်သက်၍ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ သပိတ်၊ CDM၊ သယံဇာတ၊ စစ်ရှောင် ကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍကြီးများကို စုပေါင်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကိုင်းဖိုရမ်ထုတ်ပြန်ချက်
“စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက် ချနိုင်သည့် တိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အားလုံးအပြီး တိုင်း ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး တို့ကို ဖော်ဆောင်ရန်ရည်မှန်းသည်”ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် တိုင်းအဆင့် အရေးတကြိး လိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် (က) တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများ ပေါ်ပေါက်ရေး၊ (ခ) တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများ ရေးဆွဲရေး၊ (ဂ) တိုင်းအတွင်း အုပ်ချုပ်ရေးနှင့်စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေး၊ (ဃ)ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ကို လုပ်ဆောင်သွားရန် ချမှတ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခင်း အကျင်းတွင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည့် ဒေသဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1813
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
ဗမာတိုင်းရင်းသားကို ကိုယ်စားပြုသည့် တပ်မဟာတစ်ခု ပေါ်လာရေး စစ်ကိုင်းဖိုရမ်ကို ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင် တိုက်ခိုက်ပေးမည့် စည်းလုံးညီညွတ်သော အင်အားတစ်ရပ်ဖြစ်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြော သည်။
ဦးသန်းစိုးနိုင်က “အဓိက ပြောရလို့ရှိရင်တော့ ကျနော်တို့ စစ်ကိုင်းဒေသမှာ ကျနော်တို့ PDF အဖွဲ့တွေ အားလုံးကို စုစည်းပြီးတော့ ဗမာဒေသက တပ်မဟာတစ်ခု ပေါ်ပေါက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အခုပြောပြနေတဲ့ PDF တွေနဲ့ NUG အောက်ကို မဝင်သေးတဲ့ PDF တွေ အားလုံး စုစည်းပြီး တော့ အခုက အဲဒီလိုလုပ်ဖို့ စီစဉ်တာပါ။ ကျနော်တို့ကလည်း အခုလိုနေတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထဲမှာ တိုင်းရင်းသားဖြစ်တဲ့ ဗမာတပ်ရယ်လို့ ပီပီပြင်ပြင် မရှိသေးတဲ့အတွက် NUG က အဲဒီဒေသမှာ ဦးဆောင် ပြီး လုပ်သင့်တယ်လို့ တိုက်တွန်းထားတာတွေ ရှိပါတယ်၊ အဲဒီ အခြေအနေအောက်မှာ အခု အားလုံး စည်းလုံးညီ ညွတ်တဲ့ ပျောက်ကြားတပ်ဖွဲ့တွေကို စုစည်းပြီးတော့ တပ်မဟာတစ်ခု ဖွဲ့စည်းဖို့ စုစည်းနေတယ်လို့ ကြားပါတယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ စုပေါင်း ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF စစ်ရေးလေ့ကျင့်နေမှုအား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တွေ့ရစဉ်။ (MPDF/ Fb)
စစ်ကိုင်းဖိုရမ်မှ ညှိနှိုင်းဆွေးနွေးမှု အဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်း တိုက်တွန်းကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ပါဝင်နိုင်ရန်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က မျှော်လင့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
အလားတူ နွေဦးတော်လှန်ရေး လိုအပ်ချက်ဖြစ်သော စုပေါင်းဆွေးနွေး၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းတော်လှန် ကြမည့် တော်လှန်ရေး စံနမူနာကောင်း တစ်ရပ်ကို စစ်ကိုင်းဖိုရမ် ကျင်းပပြီး တော်လှန်ရေး၏ စံပြတိုင်းတစ်ခု အဖြစ် ရပ်တည်လှုပ်ရှား တော်လှန်နေသည့် စစ်ကိုင်းမှ တော်လှန်ပြည်သူများကို လေးစားဂုဏ်ပြုကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က သဝဏ်လွှာပေးပို့ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့ကိုတွေ့ရစဉ်
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ဗမာအင်အားစုတွေက အများအားဖြင့် တော်လှန်ရေး လုပ်ကြတယ်ဆိုတာက စနစ်ပေါ့၊ စနစ်နဲ့ ဆိုင်ပြီးတော့ လုပ် ကြတာ၊ ဒီမိုကရေစီစနစ်၊ စစ်အာဏာရှင်စနစ် တိုက်ပွဲတွေ ဖြစ်တယ်၊ တိုင်းရင်း သားတွေကတော့ ဖက်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ ဖက်ဒရယ် အခွင့်အရေးတွေကို တောင်းဆိုနေတာ ဖြစ်တယ်၊ အဲဒီလို အခြေအနေမျိုး အာဂျင်နာ (အစီအစဉ်)ကွဲနေ တဲ့ အတွက်နဲ့ တချို့ဗမာတွေ ကလည်း ဒါတွေကို သိပ်ပြီးမှ မကြိုက်ကြဘူးပေါ့၊ အဲဒီအချိန်မှာ တစ်စုတစည်းတည်း ဆုံးဖြတ်နိုင်တဲ့ နိုင်ငံရေးအား ဖြင့် ဆုံးဖြတ်နိုင်တဲ့ ဗမာကိုယ်စားပြု အဖွဲ့တစ်ဖွဲ့ ဖြစ်လာတယ်ဆိုတာတော့ ဖြစ်လာ နိုင်တယ်၊ ဖြစ်လည်း ဖြစ်သင့် တယ်ပေါ့နော်၊ ဒါပေမဲ့ ခုနလို တခြားတိုင်းရင်းသားတွေနဲ့ ပေါင်းစည်းလို့ အခက်အခဲ ဖြစ်စေတဲ့ အင်အားတစ်ခု ဖြစ် သွားမယ်၊ အခြားတိုင်းရင်းသားတွေအတွက် ဒါက စိုးရိမ်ကြောင့်ကြနိုင်တဲ့ အဖွဲ့ အစည်းတစ်ခု ဖြစ်လာမယ် ဆိုရင် တော့ ဒါက မလိုလားအပ်ဘူးလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်ကို တော်လှန်တိုက်ခိုက်မှုကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ စတင် တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1374
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
နစက-က ကျင်းပရန် စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲကို ကူညီပေးသွားမည်ဟု ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
ရုရှားဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်းကောင်း မေလ ၃၀ ရက်နေ့က သီးခြားစီ တွေ့ဆုံ ခဲ့သည်။
မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်(UEC)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပချိန်တွင် လွှတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်က ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool နဲ့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တွေ့ဆုံစဉ်
ထို့အပြင် နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သိပ္ပံနှင့်နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များ အပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မိုခါမုန်တိုင်း ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့် အခြေအနေများ၊ အပြန်အလှန် ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနှင့် ရုရှားတို့အကြား ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန် ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 774
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အဓိက သော့ချက်မှာ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေးဦးဆောင်မှု ခိုင်ခိုင် မာမာ ထူထောင်နိုင်ရေးအပေါ် မူတည်နေသည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က “စစ်ကိုင်းဖို ရမ်”သို့ ပေးပို့သည့် သဝဏ်လွှာမှာ ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများ အားလုံး စုပေါင်းဆွေးနွေးကြမည့် “စစ်ကိုင်းဖိုရမ်” ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေပေါ် မြေအောက် အင်အားစုများက ကျင်းပကြသည်။
PNFC က “ နွေဦးတော်လှန်ရေးအောင်မြင်ရန် အဓိကသော့ချက်သည် EROs, PDF, LPDF, ပကဖ၊ ပအဖ များ အပါအဝင် ဒေသအလိုက်တော်လှန်ရေး နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးနှင့် ဒေသအလိုက် တော်လှန်ရေး နိုင်ငံရေး ဦးဆောင်မှုများ ခိုင်ခိုင်မာမာ ထူထောင်နိုင်ရေး၊ ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ ညီညွတ်ရေးနှင့် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေး ဦးဆောင်မှု ခိုင်ခိုင်မာမာ ထူထောင်နိုင် ရေးအပေါ် မူတည်နေလျက်ရှိပါသည်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုများ ရှိခဲ့သည်ကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော် ဆန့်ကျင်ရေး လူထုဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သလို လက်နက်ကိုင် တော်လှန် ရေး (နွေဦးတော်လှန်ရေး)လည်း ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ လက်နက်ကိုင် (နွေဦးတော်လှန်ရေး)တော်လှန်ရေးကို စစ်ကိုင်းဒေသကြီးမှ စတင်ခဲ့သော်လည်း မြေပေါ် မြေအောက် အဖွဲ့အစည်းပေါင်း ရာချီရှိနေခြင်းကြောင့် ညီညွတ်မှုမရှိဘဲဖြစ်နေသည်။
ထို့ကြောင့် စစ်ကိုင်းဖိုရမ်ကို ကျင်းပ၍ မြေပေါ်မြေအောက် အင်အားစုများ တစ်စုတစ်စည်းထဲ တော်လှန်ရေး လုပ်နိုင်ရန် ဆွေးနွေးနေကြကြောင်း သိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 967
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက် ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးချုပ် Major General Yang Yang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ မေလ ၃၀ ရက်နေ့ နံနက်က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင် ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးကြကြောင်း သိရသည်။
မြောက်ပိုင်းမဟာမိတ်(AA-MNDAA-TNLA)ကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ် ကောပေါင်ကို တွေ့ရစဉ်
တခြားတစ်ဖက်မှာတော့ တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)သည် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/AA)မှ ခေါင်းဆောင်များနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးကြမည် ဖြစ်သည်။
ထိုတွေ့ဆုံ ဆွေးနွေးမှုကို ဇွန်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၀
မြန်မာနိုင်ငံသားအများဆုံးရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာကာ ပိုမိုတင်းကြပ်လာကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အထောက်အထားမဲ့ တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်သူများအပါအဝင် အထောက်အထား မပြည့်စုံသူများအား စက်ရုံများနှင့် နေအိမ်များတွင်ပါ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်း၌ အချုပ်ကား ၅ စီးခန့်ဖြင့် လာရောက်ရှာဖွေဖမ်းဆီးသွားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဘာကြောင့် ဒီလိုဖမ်းနေတာလဲဆိုတော့ မဲဆောက်ထဲမှာ အထောက်အထားမဲ့တွေ ပိုပြီးတော့ များတာရယ်၊ နောက်ပြီးတော့ ခိုးဝင်တဲ့သူတွေလည်း အဲဒီအထဲမှာ ပါတယ်ပေါ့။ လက်မှတ်မပြည့်စုံတဲ့လူတွေအပါအဝင် ခိုးဝင်တဲ့သူတွေလည်း တော်တော်များများ အဖမ်းခံရတယ်။ ကျနော်မြင်တာကတော့လေ နိုင်ငံရေးနဲ့လည်း ဆက်စပ်နေတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အလွှာပေါင်းစုံကနေပြီး ဒီ တာ့ခ်ခရိုင်ထဲမှာပဲ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေရှိတယ်။ ဆိုတော့ ဒီ အထောက်အထားမဲ့တွေကို ဖမ်းရတယ်ဆိုတဲ့သဘောက အထောက်အထားရှိပါလျက်နဲ့ သက်တမ်းတိုးလို့ မပြီးစီးသေးတဲ့သူတွေ အထောက်အထားမပြည့်စုံတဲ့လူတွေကို ဖမ်းရင်းနဲ့မှ မြန်မာတွေကြတော့ တိုက်ခန်းတစ်ခန်းငှားတာတို့ အိမ်တစ်လုံးငှားတာတို့ဆို သူတို့က စုပြီးတော့ နေကြတာပေါ့ မြန်မာအချင်းချင်း။ အဲဒီလိုလူတွေ အစုလိုက် အပြုံလိုက် အဖမ်းခံနေရတယ်။ နောက်တစ်ခုက ထိုင်းမှာ လက်ရှိ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အနိုင်ရတာဖြစ်တဲ့အတွက် သူတို့ညွန့်ပေါင်းအစိုးရဖွဲ့ပြီးသွားလို့ရှိရင် ကျနော်ထင်ပါတယ်။ အလုပ်သမားအရေးတွေမှာ ပြန်ပြီးတော့ ပြင်ဆင်ပြောင်းလဲတာမျိုးတွေ လုပ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အဝေးပြေးကားပေါ်ရှိ ခရီးသည်များကို ထိုင်း-လဝက အရာရှိတစ်ဦး စစ်ဆေးနေစဉ်
ထိုသို့အဖမ်းအဆီးခံရသူများအား လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပြီး မဲဆောက်ရှိ လ.ဝ.က အချုပ်ခန်းသို့ ပို့ဆောင်ကာ နေရပ်သို့ပြန်ပို့ရန် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
Work Permit များ သက်တမ်းတိုးပြုလုပ်ရန် နောက်ဆုံးရက်အား မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး နောက် မေလ ၁၆ ရက်နေ့မှ စတင်ကာ ရှာဖွေဖမ်းဆီးမှု များပြားလာသဖြင့် မြန်မာအများဆုံးနေထိုင်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အထူးသတိထားကြရန် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းထားသေးသည်။
ထို့အပြင် မေလ ၂၆ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကနေ ဘန်ကောက်မြို့သို့ ခရီးသွားသည့် မြန်မာ တစ်ဦး မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုင်းနိုင်ငံအတွင်း ၁၀၁ ရက်အထိ ဗီဇာရက်လွန် နေထိုင် ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးရဲများမှ ဖမ်းဆီးအမှုဖွင့်ထားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ အထောက်အထားမရှိသူ၊ မပြည့်စုံသူများအား အချိန်မရွေးဖမ်းဆီးနိုင်သည့်အတွက် လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလအတွင်း တာ့ခ်ခရိုင်အပါအဝင် အခြားဒေသများမှ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သတိထားသွားလာကြရန် Arakan Worker’s Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ဘန်ဂလန်ရဲစခန်းရှေ့တွင် ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားများ
“ကျနော်တို့သိသလောက် ဒီ မဲဆောက်မှာဆိုရင် ပတ်စပို့စာအုပ်၊ ဗီဇာတွေအတုတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ထောင်ထဲမှာရှိတာလည်း တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ကိုယ်ကိုင်ထားတဲ့စာအုပ်ကို သေချာစိစစ်ဖို့လိုတယ်။ တစ်ခါတစ်လေကျရင် ကိုယ်က ဒီစာရွက်စာတမ်းတွေကို နာမည်ခံပြီးမှ ကိုယ့်နာမည် ခံပြီးတော့ သွားနေတာတွေ တွေ့ရတယ်။ ဟိုတနေ့ကဆိုရင် ကျနော်တို့ဆီမှာ အမှုလာအပ်တဲ့ အလုပ်သမား တစ်ယောက်ဆို ပွဲစားကနေပြီး သူဋ္ဌေးမရှိတဲ့အခါ ပွဲစားကတဆင့် ငှားပြီးလုပ်ရတဲ့အခါကျတော့ သူက ပန်းရောင် ကတ် လျှောက်တယ်။ သူလျှောက်တဲ့ စာရွက်စာတမ်းကို ပေးလာတဲ့အခါကျတော့ သူ့ဓာတ်ပုံ မဟုတ်ဘူး။ တခြားလူတစ်ယောက်ဟာ ဖြစ်နေတယ်။ ပိုက်ဆံပြန်တောင်းရင်လည်း မပေးဘူး။ အလုပ်သမားတွေ မေးကြည့် ရင်လည်း အထောက်အထား မရှိဘူး။ နောက်တစ်ခုက ပွဲစားဘယ်ကဆိုတာလည်း သူတို့မသိဘူး။ အဓိကကတော့ ကိုယ်ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို သေချာစစ်ဆေးဖို့လိုတယ်။ ကိုယ်နားမလည်ရင် နားလည်တဲ့ ပုဂ္ဂိုလ်တွေ ကို ပြလို့ရတယ်။ ဥပမာ ဒီဗီဇာက သွားလို့ရပြီလား။ ဒီ work permit က သွားလို့ရလား။ တချို့ ဒီစာရွက်စာတမ်း တွေ ပြည့်စုံတယ်ဆိုရင်ရော ခရီးထွက်လို့ရလား၊ မရဘူးလား ဆိုတာကိုလည်း စနစ်တကျ စိစစ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် လာမည့် အစိုးရသစ်လက်ထက်တွင် ဘတ်ပန်းရောင်ကတ်များအား ထပ်မံထုတ်ပေးရန်ကို မျှော်လင့်နေကြကြောင်း သိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1128
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၃၀
ရှမ်းပြည်နယ်(အရှေ့မိုင်း) မိုင်းလားမြို့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ(NSPNC)နှင့် မြောက်ပိုင်းသုံးဖွဲ့(AA-MNDAA-TNLA)တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုကို ဇွန်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ခေါင်းဆောင်များသည် မိုင်းလားမြို့သို့ ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ရောက်ရှိခဲ့ကြသည်။
အလားတူ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း မိုင်းလားမြို့ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံက ကိုယ်စား လှယ် အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။