- By CNI
- Category: နိုင်ငံရေး
- Hits: 2276
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားနေသည့် ကြီးမားသော စစ်ပွဲများကြောင့် ရေနံပြဿနာ ကြုံတွေ့လာနိုင်သဖြင့် ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန် အာဏာပိုင်များမှ ကြိုတင်ပြင်ဆင်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။
ရုရှား-ယူကရိန်း အရေးဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ၌ စက်သုံးဆီပြဿနာ ကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါတွင် အီရန်-အစ္စရေး အရေးကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကို လှုပ်ခတ်စေသလို ရေနံဝယ်ယူသုံးစွဲနေရသော နိုင်ငံများကို ထိခိုက်စေကြောင်း ၎င်းတို့က သုံးသပ်သည်။
မြန်မာနိုင်ငံသည် ရေနံမထုတ်လုပ်နိုင်သည့်အတွက် ကမ္ဘာ့ရေနံပြဿနာများ ဖြစ်ပေါ်လာပါက ပြည်တွင်း၌ ထိခိုက်မှုမရှိစေရန် ကြီးမားသည့် သိုလှောင်ကန်များ တည်ဆောက်ပြီး ပမာဏများ တိုးချဲ့သိုလှောင်နိုင်ရန် လုပ်ဆောင်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ သိုလှောင်ကန်များကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့နိုင်ငံက ရေနံထွက်တဲ့ နိုင်ငံမဟုတ်တော့ ရေနံကို အချိန်မရွေးလိုသလောက် သုံးလို့ရအောင်လို့ သိုလှောင်ကန် ကြီးကြီးမားမားတွေကို ပင်လယ်ဆိပ်ကမ်းတွေ၊ ပင်လယ်ရေနက်ဆိပ်ကမ်းတွေမှာ သိုလှောင်ကန် system တွေ ဆောက်ထားပြီးတော့ investment ကြီးကြီးမားမားတွေနဲ့ နိုင်ငံခြား investment တွေက ဝင်လာပြီး အလုံးအရင်းနဲ့ ဖြန့်ဖြူးနိုင်ရင်တော့။ ထားပါတော့ ကျနော်တို့နိုင်ငံရဲ့တစ်နေ့ကို လောင်စာဆီသုံးစွဲမှုက ထားပါ တော့ တန်ချိန် ၅ သိန်းကုန်မယ်။ ၁၀ သိန်းကုန်မယ်။ တစ်လကို တန်ချိန် သန်းဘယ်လောက်ကုန်မယ်။ တစ်နှစ်ဆို ဘယ်လောက်ကုန်မယ်။ အဲဒီလို တစ်နှစ်စာ မဟုတ်ရင်တောင် ၆ လစာလောက်အထိကို ရတယ်၊ ဘယ်နိုင်ငံကမှ ဝင်မလာနဲ့ ငါတို့ဆီမှာ သိုလှောင်ထားတဲ့ storage ကနေ ရောင်းလို့ရတယ်ဆိုတဲ့ သိုလှောင်နိုင်တဲ့ ပမာဏမျိုး။ ၃ လတန်သည် ၂ လတန်သည် သိုလှောင်နိုင်တဲ့ ပမာဏမျိုးရှိတဲ့ ရေနံသိုလှောင်ကန်တွေ ရောင်းချ နိုင်တဲ့ပမာဏ တွေ။ ကျနော်တို့က မထုတ်လုပ်နိုင်တဲ့အတွက် သိုလှောင်တဲ့ပမာဏ များများဝယ်ပြီးတော့ သိုလှောင်ထားရင် ဒီလိုပြဿနာမျိုး မဖြစ်နိုင်ဘူး။ အဲဒီလိုမျိုးတွေ မရှိသေးတဲ့ပြဿနာကြောင့်ပဲ တစ်ခုခု ကမ္ဘာ့နိုင်ငံမှာ ဖြစ်လိုက်တာ နဲ့ ၃ ရက် ၄ ရက်လောက်နေရင် ကိုယ့်နိုင်ငံမှာ လာပြတ်နေပြီပေါ့” ဟု ပြောသည်။
လက်ရှိပြည်တွင်း၌ အချို့စက်သုံးဆီများမှာ ဝယ်ယူရခက်ခဲနေပြီး အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးလျက်ရှိသည်။
ဒေါ်လာဈေးများ ပြန်ကျသော်လည်း စက်သုံးဆီဈေးများမှာ ကျသင့်သည့်နှုန်းထားသို့ မကျခြင်းက ကမ္ဘာ့နိုင်ငံများ အခင်းအကျင်းကြောင့် ရေနံပြဿနာ ကြုံတွေ့လာနိုင်သည်ကို စီးပွားရေးလုပ်ငန်းရှင်များမှ တွက်ချက်ထားသဖြင့် ဈေးကစားသည့် သဘောဖြစ်ကြောင်းလည်း ထောက်ပြကြသည်။\

စက်သုံးဆီ ပြတ်လပ်လို့ ပိတ်ထားစဉ်
ထိုစစ်ပွဲများ၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ရေနံနှင့် ရွှေဈေးမှာ တက်နိုင်ခြေရှိသော်လည်း ဒေါ်လာဈေးမှာ တက်နိုင်ဖွယ်မရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ဟာက စစ်ပွဲကြောင့်ကျတာရှိတယ်။ တချို့က စစ်ပွဲကြောင့် တက်တာရှိတယ်။ စစ်ပွဲကြောင့် တက်နိုင်ခြေရှိတာက ရွှေတက်ကိုတက်မယ်။ ပြီးတော့ အခုအရှေ့အလယ်ပိုင်းကိစ္စ ဖြစ်တဲ့အတွက် ရေနံ တက်ကို တက်မယ်။ အဲဒီလိုပြောလို့ရတယ်။ ဒေါ်လာကကြ ပြောလို့မရဘူး။ ပြောလို့မရဘူးဆိုတာက အမေရိကန်လို နိုင်ငံမျိုးက အမေရိကန်ဒေါ်လာ သုံးနေကြတာပေါ့။ အမေရိကန်လိုနိုင်ငံမျိုးက စစ်ထဲကို ပါမယ်ဆိုရင် အဲဒီမှာ ဒေါ်လာဈေးက ပြုတ်ကျမှာ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တက်မယ်လို့တော့ ပြောလို့မရဘူး။ စစ်ပွဲကြောင့် ဒေါ်လာဈေး တက်မယ်လို့တော့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ international currency က ဒေါ်လာတစ်ခု ထဲမှ မဟုတ်တာ။ နောက် ရေနံထွက်တဲ့နိုင်ငံနဲ့ဆို ကုန်ပစ္စည်းဖလှယ်တဲ့ ပုံစံမျိုးနဲ့လုပ်လို့ရတယ်။ ဒေါ်လာအစား ရွှေတို့ဘာတို့လည်း အစားထိုးလို့ ရနေတယ်။ စစ်ပွဲတွေကြောင့်တော့ ဒေါ်လာဈေး ပြန်မတက်ပါဘူး” ဟု ပြော သည်။
လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းများတွင် ဆီအများဆုံး သိုလှောင်နိုင်ခွင့်ပြုထားသည့် ပမာဏအား ယခင်ထက် တိုးမြှင့်သတ်မှတ်ပေးထားကာ အနည်းဆုံး ဂါလန် ၅၆,၀၀၁ မှ အများဆုံးဂါလန် ၇၆,၈၀၀ အထိသာ ခွင့်ပြုပေးထားခြင်းအစား အနည်းဆုံး ၇၆,၈၀၁ မှ စတင်ကာ သိုလှောင်နိုင်ပြီဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4181
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
မြန်မာနိုင်ငံအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ပြေးဒုက္ခသည် ၆ ဒသမ ၅ သန်းကျော် ရှိနေပြီဟု ISP-Myanmar က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရိ ၁ ရက်က မြန်မာ့တပ်မတော်က အာဏာရယူလိုက်သည့်အချိန် ၃ နှစ်ကျော်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDFs လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား ထိတွေ့တိုက် ပွဲပေါင်း အနည်းဆုံး အကြိမ်ရေ ၁၇၀၀၀ ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့များ၏ ၇၀ ရာခိုင်နှုန်းလောက်မှာ စစ်ပွဲ များ ဖြစ်ပွားနေသည်ဟု ISP-Myanmar က ထုတ်ပြန်ခဲ့သည်။
ISP-Myanmar က “ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ က စလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDFs အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် အနည်းဆုံး မြို့ ၇၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြန်မာ စစ်တပ် အနေနဲ့ မရှုမလှ ရှုံးနိမ့်ဆုတ်ခွာမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ လေ့လာသူအများစုကို အံ့အားသင့်စေခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်မှာ ပြောကြားထားသည်။

လားရှိုးမြို့ ပျက်စီးသွားစဉ်
ယခုလို ကျယ်ပြန့်သည့် စစ်ပွဲအတွင်းမှာ လူသားလုံခြုံရေးကိစ္စနှင့် အရပ်သားပြည်သူများအပေါ် ကာကွယ်မှု ပေးနိုင်ရေးကိစ္စများသည် ပို၍ခက်ခဲလာနေကြောင်း ISP-Myanmar က ထောက်ပြသည်။
ထို့နောက် ISP-Myanmar ၏ ဒေတာများအရ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ပြေးဒုက္ခ သည်က ၆ ဒသမ ၅ သန်းကျော်ရှိနေပြီဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၊ PDFs များကြား စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1692
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ညီညွတ်ရန်လိုအပ်နေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့တွင် ပြောသည်။
ပအိုဝ်းအမျိုးသား ညီညွတ်ရေး အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရန် ကြားကာလကောင်စီတစ်ရပ် ဖွဲ့စည်းနိုင် ရေး ခေါင်းစဥ်ဖြင့် ဗိုလ်မှူးကြီးခွန်ဥက္ကာမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့စွဲဖြင့် နှိုးဆော်ကြေညာခဲ့သည်။
လက်ရှိ အခြေအနေတွင် ပအိုဝ်းအမျိုးသားဒေသများ၌ လက်နက်ကိုင်အဖွဲ့အချင်းချင်း ညီညွတ်ရေး ပြိုကွဲသည့် အတွက် ပအိုဝ်းပြည်သူလူထုအပေါင်းသည် ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
ပအိုဝ်းလက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော ပဋိပက္ခများအား ပြေလည်စေရန် ညီညွတ်ရေး လုပ်ဆောင်ရာတွင် ပအိုဝ်းပြည်သူလူထုသည် အဓိကဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ကြားကာလ ကောင်စီတရပ် ဖွဲ့စည်းနိုင်ရေး နှိုးဆော်ထားသည့် ထုတ်ပြန်ချက်ကို တွေ့ရစဥ်
၎င်းက “ကျနော်တို့ ညီညွတ်ရေးကတော့ အခြေခံ ကျနော်တို့ ပအိုဝ်း မိဘပြည်သူလူထုကတော့ အဓိကပါပဲ။ ပအိုဝ်း မိဘပြည်သူလူထု၊ ရဟန်းသံဃာတွေ ဦးဆောင်ပြီးတော့ ကျနော်တို့နော် ဒီပဋိပက္ခထဲမှာပါတဲ့ အဖွဲ့တွေကို အကြိမ်ကြိမ်အခါခါ မေတ္တာရပ်ခံပြီးတော့ လူထုနည်းနဲ့ ပြည်သူ့နည်းနဲ့ ဝင်ရင် ကြားဝင်တာကတော့ အကောင်းဆုံး ငြိမ်းချမ်းတဲ့ နည်းပါပဲဗျ။ ဘာကြောင့်လဲဆိုတော့ ဒီလက်နက်ကိုင်တွေက ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် ပြည်သူကို သာ အမှီပြုရတဲ့အခါကျတော့ ပြည်သူက မထောက်ခံဘူး၊ ပြည်သူမကြိုက်ဘူး၊ လက်နက်ကိုင် ပဋိပက္ခက ပြည်သူ တွေအတွက် အကျိုးမရှိဘူးဆို ပြည်သူတွေက သတ်မှတ်ပြီးတော့ ဆန့်ကျင်တယ်ဆိုရင် ပဋိပက္ခ ရေရှည်မဖြစ်နိုင် ဘူး။ ရှိခဲ့ရင်လည်းပဲ အကြီးအကျယ် မဖြစ်နိုင်ဘူး။ နောက်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ပေါ့ဗျာ၊ ပဋိပက္ခ ရပ်စဲသွားပြီ နောက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်တယ်၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ ညီညွတ်ပြီလို့ပဲ ပြောနိုင်ပါ တယ်ဗျ။ ဒါကြောင့် ဒီလိုရဖို့ကတော့ ပဋိပက္ခက ၆ လကျော်လာပြီဆိုတော့ ကျနော်တို့ အချိန်နည်းနည်းတော့ စောင့်ကြည့်ပြီးတော့ တစ်ဖြည်းဖြည်း ပြန်ပြီးတော့ စည်းရုံးရမဲ့ သဘောဖြစ်ပါတယ်ဗျ။ ”ဟု ပြောသည်။
လက်ရှိတွင် ပအိုဝ်းလူမျိုးစု လက်နက်ကိုင်များအနေဖြင့် တပ်မတော်နှင့်လက်တွဲနေသော ပအိုဝ်းအမျိုးသား တပ်မတော်(PNA/PNO)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်/ခွဲထွက် (PNLO/AD)၊ ခွန်မြင့်ထွန်း ဦးဆောင်သော ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဆိုပြီး ရှိသည်။

ပအိုဝ်းလက်နက်ကိုင် PNLO/PNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်
ထိုလက်နက်ကိုင် ၄ ဖွဲ့အနက် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော PNLO သည် NCA လမ်းကြောင်းကို ဆက်သွား မည်ဖြစ်ပြီး ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် PNLO/AD က PNFC နှင့်မဟာမိတ်လုပ်ကာ နွေဦးတော်လှန်ရေး အား ထောက်ခံ၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် PNA/PNO ထိန်းချုပ်ထားသော ပအိုဝ်း အထူးဒေသ(၆)အတွင်းမှာ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွား လာကာ ညီညွတ်ရေးပျက်ပြားလျက်ရှိနေသည်။
ပအိုဝ်းဒေသ လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် မညီညွတ်ပါက ရှေ့ဆက်သွားဖို့ရန် မဖြစ်နိုင်ကြောင်း၊ ကြီးမား သော ပဋိပက္ခဖြစ်ခြင်းမရှိဘဲ အတွေးအခေါ်အရ စစ်ရေး၊ နိုင်ငံရေး တင်းမာနေကြောင်း၊ ဘေးပရောဂများ နှစ်ဖက်စလုံးတွင် ရှိနေသောကြောင့် ပြည်သူလူထုအား လာရိုက်ခတ်နိုင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းလက်နက်ကိုင် PNO/PNA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ပဋိပက္ခ ဆက်မဖြစ်ဖို့ဘဲ လိုတယ်။ လောလောဆယ်တော့ ပဋိပက္ခတော့ ဒီလောက်မရှိပါဘူး။ ဒါပေမယ့် အတွေးအခေါ်အရ တင်းမာနေတဲ့ အချိန်ပေါ့ဗျာ။ စစ်ရေးတင်းမာနေတယ်၊ နိုင်ငံရေး တင်းမာနေတယ်လို့ ပြောလို့ရ တယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့ ပဋိပက္ခအဆင့်တော့ ရောက်မလာဘူး။ သို့သော်လည်းပဲ ဘေးပရောဂတွေက ရှိတာ ကိုးဗျ။ ဘေးပရောဂတွေဆိုတာက နှစ်ဖက်စလုံးမှာ ရှိကြတယ်။ ခွဲထွက်သွားတဲ့ NCA ကနေ ခွဲထွက်သွားတဲ့ အင်အားစုမှာဆိုလဲ BGF တို့လို ပရောဂတွေ နောက်ပြီးတော့ နွေဦးတော်လှန်ရေးတို့လို ပရောဂတွေ အဲ့တာတွေက ဝင်လာတဲ့ အခါကျတော့ ပြည်သူလူထုကို လာပြီးတော့ ဒုက္ခပေးတာပေါ့ဗျာ။ ရိုက်ခတ်တာပေါ့ အဲ့တာရှိပါတယ်”ဟု ပြောသည်။
အခြားတစ်ဖက်တွင်လည်း အင်အားနည်းနေသော တပ်မတော်သည် အသွင်ပြောင်းထားသည့် ပြည်သူ့စစ်များအား ပိုမို အသုံးချလာနေသောကြောင့် ပြည်သူများ အခက်တွေ့နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် ပအိုဝ်းလူမျိုးများ ယုံကြည်ကိုးစားသော ပအိုဝ်းအမျိုးသားတပ်မတော် တစ်ရပ်ကို တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းမှ ပဋိပက္ခများအား ထိန်းသွားနိုင်ကြောင်း၊ ကြားကာလ ညီညွတ်ရေးကောင်စီ တစ်ရပ် ဖိတ်ခေါ်ရသည့် အကြောင်းသည်လည်း ထိုလုပ်ငန်းများအားကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4337
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) ကြား အပြိုင်အဆိုင် ကြိုးပမ်းနေခြင်းကြောင့် လားရှိုးမြို့သည် စစ်ရေးနှင့်စီးပွားရေးအရ ဘယ်လောက်ထိ အရေးပါ သလဲဆိုသည့်အပေါ် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေသည်။
လားရှိုးမြို့သည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်(EOAs) များအတွက် စီးပွားရေး၊ စစ်ရေးအရ အရေးပါသောမြို့ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးတို့နဲ့တွက်ရင် အဓိကအနောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်းက ရှိတော့ အရေးပါတဲ့ မြို့ဖြစ်ပါတယ်။ အရောင်းအဝယ်ကိစ္စ၊ စီးပွားရေးကိစ္စ။ တစ်ချိန်ထဲမှာပဲ တစ်ချိန်တုန်းကဆိုရင် မြောက်ပိုင်းမှာ ပိုပြီးတော့ တိုက်ခိုက်မှုတွေပေါ့လေ။ ကျနော်တို့ တော်လှန်ပုန်ကန်မှုတွေများတော့ အဲဒီဟာကို ထိန်းဖို့က နောက်ဗမာပြည်ကွန်မြူနစ်ပါတီ ဝင်လာတုန်းက တိုက်ထားလို့။ အားလုံး တော်တော်များများမှာ အရေး ပါတဲ့ စစ်ဌာနချုပ် မဟာဗျူဟာကျတဲ့ စစ်ဌာနချုပ်လည်း ဖြစ်တာပေါ့ဗျာ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ရှုံးသွားတယ် ဆိုရင်တော့ ဗဟိုအာဏာပိုင်တွေ အနေနဲ့ကလည်း သိက္ခာအများကြီး ကျနိုင်တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခု ဖယ်ပေးလိုက်တယ်ဆိုတာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တော့ အကုန်လုံး ပြန်မရ တာတောင်မှ အဲဒီနေရာကို အေးအေးချမ်းချမ်း နေလို့မရအောင် နိုင်တဲ့နည်းနဲ့ အနှောင့်အယှက်ပေးတာ။ အခု လည်းဒါက ရန်သူဖြစ်နေတာ တစ်ဖက်နဲ့တစ်ဖက် ရတဲ့နည်းနဲ့ ကိုယ်အားရှိရင် ရှိတဲ့နည်းနဲ့ ပြန်ပြီးတော့ တုန့်ပြန် တာ ဖြစ်မှာပေါ့ဗျာ။ အဲလို ယူဆပါတယ်” ဟု ပြောသည်။
လားရှိုးမြို့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိပြီး ကုန်သွယ်ရေးအရ အရေးပါသော မြို့ဖြစ်သည်။

MNDAA ကိုတွေ့ရစဥ်
အလားတူ မြန်မာ့တပ်မတော်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်၏ စစ်စခန်းများ အခြေစိုက်ကာ နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်မှုများ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့် မြို့ဖြစ်သည်။
လက်ရှိတွင် လားရှိုးမြို့နှင့် ရမခ တိုင်းစ်စဌာနချုပ် အပါအဝင် သိန္နီမြို့၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း စသည့် မြို့နယ်များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထို့နောက် MNDAA က လားရှိုးမြို့ကို အုပ်ချုပ်ရေး ထူထောင်နေခြင်းကြောင့် မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ အုပ်ချုပ်ရေးမထူထောင်နိုင်အောင် ကြိုးပမ်းလျက်ရှိနေသည်။
မြန်မာ့တပ်မတော်သည် ရမခအား ပြန်လည်တည်ဆောက်နိုင်ရန်အတွက် လားရှိုးမြို့ကို ချေမှုန်းနေခြင်း ဖြစ်နိုင် ကြောင်း၊ လားရှိုးမြို့သည် ရှမ်းမြောက်အတွက် အဓိက အချက်အချာကျသော မြို့ဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် အရေးပါကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဂိတ်ကို တွေ့ရစဥ်
၎င်းက "လားရှိုးမြို့ရဲ့ အရေးပါမှုက တစ်စုံတစ်ရာတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါက မင်းအောင်လှိုင်အတွက် အရေးအကြီးဆုံး မဟုတ်ပါဘူး။ မင်းအောင်လှိုင်အတွက် အရေးအကြီးဆုံးက လားရှိုးမှာ ဒီ MNDAA အနေနဲ့ ဆက်လက် မရပ်တည်နိုင်ဘဲနဲ့ ပြည်သူတွေကလည်း လားရှိုးမြို့ကို စွန့်ခွာထွက်ပြေး ကြဖို့အတွက် သူကြိုးပမ်းနေ တာ ဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်ဗျ။ ပြောလိုတဲ့ အဓိပ္ပာယ်ကတော့ လားရှိုးကို ပျက်စီးအောင် ဖျက်စီးပြီးမှ လားရှိး(ရမခ)ကို ပြန်တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် လားရှိုးကို အပြတ်အသတ် ချေမှုန်းနေ တယ်လို့ ကျနော် ယူဆပါတယ်ဗျ။ လားရှိုးကို အပျက်အစီး ပုံကြီးတွေနဲ့ လူမနေတဲ့ ရပ်ကွက်ဖြစ်အောင် ကြိုးပမ်း နေတာ ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်ဗျ။ လားရှိုးကလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဓိက ဦးတည်ချက်က ရှမ်းမြောက်ဖြစ်တာကိုး။ အဲတော့ တစ်ပြည်လုံးကို လွှမ်းခြုံထားတာ မဟုတ်ဘူး။ ရှမ်းမြောက် အတွက်တော့ လားရှိုးက အရေးကြီးဆုံးဖြစ်တယ်၊ အချက်အချာ နေရာဖြစ်တာကိုး။ ဒါကြောင့်လည်း တိုင်းစစ် ဌာနချုပ် တည်ထားတာ”ဟု ပြောသည်။
ထို့နောက် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများသည် လားရှိုးမြို့ကနေ ဖြတ်သန်းနေရသည့်အတွက် စီးပွားရေးအရလည်း အချက်အချာ ချသည်ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
၎င်းက “ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်နဲ့ ဆက်သွယ်နေတဲ့ စီးပွားရေးလမ်းကြောင်းတွေ အားလုံးက အဲဒီ လားရှိုးကနေ ဖြတ်သန်းနေရတာ ဖြစ်တာကိုး။ အဲတော့ လားရှိုးကို ပိတ်ဆို့ထားခြင်းအားဖြင့် စစ်ကောင်စီ အနေနဲ့ သန်းရာနဲ့ချီပြီးတော့ ကျနော်တို့ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေကြောင့် သူက လားရှိုးကို ကျနော်တို့ မြေပုံပေါ်က ဖယ်ရှားနိုင်အောင် လားရှိုးက လူမနေတဲ့ ရပ်ကွက်ကြီးဖြစ်အောင် ကြိုးပမ်းနေပုံရတယ်လို့ ကျနော် တော့ ယူဆပါတယ်ဗျ” ဟု ပြောသည်။
တရုတ်အစိုးရ လားရှိုးမြို့ကနေ MNDAA ကို ထွက်ပြီး လောက်ကိုင်မှာသာ ခြေကုပ်ယူရန် ညှိနှိုင်းခဲ့သော်လည်း လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးမှ နောက်ဆုတ်ရမည်ဆိုလျှင် အောက်ခြေရဲဘော်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်၍ မဖြစ်နိုင်ကြောင်း MNDAA က တုန့်ပြန်ခဲ့သည်ဟု သံတမန်အသိုင်းအဝိုင်းများကြားက သိရ သည်။
MNDAA ကတော့ တရုတ်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဖြစ်ကြောင်း၊ တောင်ကြီးနှင့် မန္တလေး ကို တိုက်ခိုက်မည်မဟုတ်ကြောင်း၊ မိမိ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝ ရရှိစေလိုကြောင်း၊ စစ်ရေးချဲ့ထွင် မည်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ခုခံကာကွယ်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန် ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1670
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
နစကသည် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲစာရင်းမှန်ကန်စေရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ များ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဟု ထုတ်ပြန်ထားပြီးနောက် အောက်တိုဘာ ၁ ရက်နေ့မှာပဲ စတင် ကောက်ယူနေပြီဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင် စာရင်း ကောက်ယူရေးအဖွဲ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မိသားစု၏ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအား အောက်တိုဘာ ၁ ရက်နေ့က ကောက်ယူခဲ့သည်။
ထို့နောက် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်မိသားစု၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် မိသားစု၊ နစကအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်မိသားစု၊ နစကတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့်မိသားစု၊ နစကအဖွဲ့ဝင်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် မိသားစုတို့ကိုလည်း သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူခဲ့ရာ ၂၀၁၄ ခုနှစ်က နောက်ဆုံး ကောက်ယူထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့မိသားစုကို သန်းခေါင်စာရင်း ကောက်နေစဉ်
ထို့နောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိ သည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၁၄ ခုနှစ်က မေးခွန်း ၄၁ ခုကိုသာ မေးမြန်းခဲ့ရာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာတော့ မေးခွန်း ၂၇ ချက် တိုးမြှင့်ခဲ့ခြင်းကြောင့် မေးခွန်း ၆၈ ခုကို မေးမြန်း ကောက်ယူနေကြောင်း သိရသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံ ခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန် မလိုကြောင်းနှင့် မည်သို့မျှ အရေးယူ မည် မဟုတ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရခြင်းမှာ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးပါက ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရရှိသော ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4126
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ(၆)၊ ရန်ကင်းစစ်ဒေသတွင် PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပခဲ့ပြီး စစ်အင်အား ၂ သောင်းကို ထုတ်ပြသွားခဲ့သည်။
ထိုသို့ ချပြခြင်းသည် ဒေသလုံခြုံရေးအတွက်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA/PNO)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က လက်ရှိအဲဒီ အင်အားပြတယ်ဆိုတာက ကျနော်တို့က ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ပြန်ပြီးတော့မှ ကာကွယ်တဲ့အနေနဲ့ဗျ"ဟု ပြောသည်။
PNO/PNA အနေဖြင့် စစ်အင်အားထပ်မံ ထိုးချဲ့ရန်ရှိပြီး ပအိုဝ်းဒေသ တစ်ခုလုံးကို လုံခြုံရေးချရန် ရည်ရွယ်ထားကြောင်း၊ အခြားနယ်မြေဒေသများကိုတော့ သွားရောက်ရန်မရှိကြောင်း သိရသည်။

PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားမှတပ်သားများကို တွေ့ရစဉ်
စစ်အင်အားတိုးချဲ့ရာတွင် အုပ်စု၊ မြို့နယ်၊ တိုင်း ခွဲခြားထားကြောင်း၊ လက်ရှိတွင် မြင့်မိုရ်တိုင်းနှင့် တပ်သားတိုင်းဆိုကာ စစ်တိုင်း ၂ တိုင်း ထွက်လာပြီးဖြစ်ကြောင်း PNO/PNA ဘက်က ပြောသည်။
မိမိတို့အနေဖြင့် လက်ရှိတွင် လက်နက်ခဲယမ်းများ အလုံအလောက် မရှိသေးသော်လည်း ဖြည့်တင်းနေကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA/PNO)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ ကျနော်တို့ လက်နက်ခဲယမ်းတော့ အလုံအလောက်တော့ မရှိသေးဘူးဗျ။ လက်နက်ခဲယမ်း ပိုင်းကတော့ အသေးစိတ်တော့ ကျနော်တို့ ပြောပြလို့တော့ မရဘူးပေါ့နော်။ ကျနော်တို့ လက်နက်ခဲယမ်းက လောလောဆယ် ကျနော်တို့ အဖွဲ့အစည်းမှာတော့ လိုအပ်တဲ့ ပမာဏ အလုံအလောက်တော့ မရှိသေးဘူးပေါ့နော်။ လက်ရှိ ကျနော်တို့ရဲ့ ဘယ်လိုစီမံ ဆောင်ရွက်ထားရလဲဆိုတာကိုတော့ အသေးစိတ်ကိုတော့ ပြောပြလို့ မရသေးဘူးဗျ"ဟု ပြောသည်။

PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားမှတပ်သားများကို တွေ့ရစဉ်
PNO/PNA သည် ပြီးခဲ့သော သြဂုတ်လကလည်း နောင်တရားဒေသကို ကာကွယ်ရေးအတွက် ပအိုဝ်းစစ်အင်အား ၁ သောင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့သေးသည်။
PNO/PNA သည် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ(၆)အဖြစ် သတ်မှတ် နေထိုင်ခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း ပြောင်းကာ ပအိုဝ်းဒေသအတွင်းနှင့်အနီး နယ်နိမိတ်များတွင် PDF များက လက်နက်ကိုင်တိုက်ပွဲ များ ဖော်ဆောင်လာသဖြင့် ဒေသတွင်း လုံခြုံရေးအတွက် PNO/PNA က စစ်အင်အားများ တည်ဆောက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2353
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း၊ ကမ်းနားလမ်း၊ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ပေးရန်အတွက်ဆိုကာ လှူဒါန်းလာသော ဆန်အိတ်အတွင်း ကနေ ဗုံးပေါက်ကွဲမှု စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မှတ်ပုံတင် Smart Card (UID ကဒ်)ပြုလုပ်နေသူ ပြည်သူများအနက် ၁၀ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီရန် လှူဒါန်းသည့် ဆန်အိတ်အတွင်းမှာ ဗုံးဖောက်ကွဲမှုကို မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်က လုပ်သည်ကိုတော့ အတိအကျမသိရသေးပေ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ရေဘေးအလှူ ဆန်အိတ်ထဲက ဗုံးပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သူများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တိုင်းဖွန်မုန်တိုင်း ယာဂီကြောင့် စက်တင်ဘာ ၉ ရက်နေ့က ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်း၍ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်ကာ ပြည်သူ ၂ သိန်းကျော် ရေဘေးသင့်ခဲ့သည်။
ထို့နောက် နစက အပါအဝင် အနုပညာရှင်များ၊ ပြည်သူများ၊ သူဋ္ဌေးများ၊ ပရဟိတသမားများက ရေဘေးသင့် ပြည်သူများ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3507
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး လူဦးရေနှင့် သန်းခေါင်စာရင်းကို နစကမှ ကောက်ယူတော့မည် ဖြစ်သော်လည်း ရေဘေးနှင့် စစ်ဘေးသင့်နေမှုများကြားတွင် မည်ကဲ့သို့ ကောက်ယူသွားမလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား စောင့်ကြည့်နေကြသည်။
နစကအနေဖြင့် ကောက်ယူ၍ရသော နေရာများတွင်သာ ကောက်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းအချို့ ထိန်းချုပ်ဒေသတွင် ကောက်ယူ၍မရကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရတဲ့နေရာလောက်ပဲ ကောက်သွားမယ့် သဘောရှိပါတယ်။ အဲဒီဟာက သူတို့မှာက ပြည်ထဲရေးကနေ အချက်အလက်တွေက ရှိထားပြီးသားလေ၊ တချို့နေရာတွေကြတော့ အဲဒီလိုမျိုး ယူသွားလိမ့်မယ်လို့ ကျနော် မြင်တာပေါ့၊ တချို့နေရာတွေက မကောက်သွားဘဲနဲ့ ချန်ထားလိမ့်မယ် ထင်ပါတယ်။ ကျနော်အမြင်ပါ၊ သန်းခေါင် စာရင်း ကောက်မယ်ဆိုတာက အခုချိန်ကတော့ အကုန်လုံးကို တိတိကျကျ သူမရနိုင်တော့ဘူး။ ကောက်လို့လည်း မဖြစ်နိုင်ဘူးလေ၊ အခုဆိုရင်တော့ ကိုးကန့်ထိန်းချုပ်တဲ့နယ်မြေ၊ TNLA ထိန်းချုပ်တဲ့နယ်မြေ သူဘယ်လို သွား ကောက်မလဲ။ TNLA ကြီးပဲ ၁၀ မြို့လောက်ရှိတယ်လေ သိမ်းထားတာ၊ ဒါကြောင့်မို့ ကျန်တဲ့နေရာ ကျန်ပါလိမ့်မယ်၊ သူ့လက်ထက်မှာ ကောက်ပါတယ်ဆိုတဲ့ မှတ်တမ်းတစ်ခု ကျန်အောင်တော့ သူလုပ်သွားမှာပေါ့” ဟု ပြောသည်။

လဝက ဝန်ထမ်းများကိုတွေ့ရစဉ်
လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်း မှန်ကန်ရေး လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
မည်သည့်ပုံစံများဖြင့် ကောက်ယူမလဲဆိုတာ စောင့်ကြည့်နေကြောင်း၊ လုံခြုံရေး ပိုမို သတိထားရန် လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ အသေးစိတ် ဘယ်လိုလာမလဲ ကျနော်တို့လည်း အခုချိန် စောင့်ကြည့်နေတယ်၊ အဲဒီအပိုင်း ကတော့ ကျနော်ထင်တာကတော့ နည်းနည်း ငြိမ်သက်မှု ပိုပြီးတော့ လုံခြုံရေးအရ ပိုပြီးတော့ အန္တရာယ်များတယ်။ လုံခြုံရေး ပိုသတိထားဖို့ များတယ်ဆိုတဲ့ အပိုင်းတွေကတော့ ချန်လပ်ပြီး ကောက်မှာလား ပြီးတော့မှ ကောက်မှာ လား အဲဒါတော့ တစ်ချက် စောင့်ကြည့်ရပါမယ်” ဟု ပြောသည်။

သန်းခေါင်စာရင်း ကောက်ဖို့ ကြေညာထားစဉ်
နစက ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက်အဖြစ် အသုံးလို၍ လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြောကြားထားသည်။
နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ရေဘေးသင့် ပြည်သူများကို မူလနေရာမှာ ပြန်လည်နေထိုင်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ရမည်ဟု ပြောကြားထားသည်။
နစကသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1581
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉
မြန်မာ့တပ်မတော်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင်(NSCN-AM)တို့ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ပြင်ဆင်နေခြင်းကို ကန့်ကွက်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ယုံးအောင် (NSCN-YA)အဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးဖက် နှစ်ဖက်အကြား မည်သည့် သဘောတူညီချက်များ ရရှိသည်ဖြစ်စေ ယင်းသဘောတူညီချက်များ သည် နာဂလူမျိုးများ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ယုံကြည်ခံယူချက်များကို ထင်ဟပ်မည် မဟုတ်သကဲ့သို့ ကိုယ်စားပြုမှုလည်း ရှိမည်မဟုတ်ကြောင်း၊ ရရှိမည့် သဘောတူညီချက်များမှာ ဖော်ပြပါဆွေးနွေးဖက် နှစ်ဖက် နှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း NSCN-YA က ထုတ်ပြန်ခဲ့သည်။
၎င်းက “ NSCN/GPRN တစ်ဖွဲ့တည်းသာလျှင် နာဂလူမျိုးများ၏ ဆန္ဒသဘောထားကို ထင်ဟပ်ပြီး ယင်းတို့၏ နိုင်ငံရေး ယုံကြည်ခံယူချက်ကို ကိုယ်စားပြုသည်။ ထုတ်ပယ်ခံအဖွဲ့အား အသိအမှတ်ပြုခြင်းနှင့် တရားဝင်မှု ရှိစေရာရောက်သည့် မြန်မာအာဏာပိုင်များ၏ အဆိုပါအဖွဲ့နှင့်ဆက်ဆံရေး ပြုလုပ်မှုကို လေးနက်စွာ မေးခွန်း ထုတ်လိုသည်”ဟု ပြောသည်။

NSCN-K/YA အဖွဲ့ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့နောက် ယင်းလုပ်ဆောင်ချက်မှာ အရှေ့နာဂလူမျိုးများ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကြောင်း၊ ဤအဖွဲ့၏ ရည်ရွယ်ချက်မှာ ဒေသနေ ပြည်သူလူထုအား လိမ်လည်လှည့်ဖျားကာ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမှုကို ဓားပြတိုက်လုယူဖျက်စီးရန်သာဖြစ် ကြောင်း NSCN-YA က ထုတ်ပြန်ခဲ့သည်။
အလားတူ မြန်မာအာဏာပိုင်များအနေဖြင့် ယင်းအဖွဲ့(NSCN-AM)ကို အသုံးချပြီး အရှေ့နာဂဒေသတွင် နိုင်ငံ ရေးနှင့် လုံခြုံရေးဝန်းကျင်အား နှောင့်ယှက်ပျက်ပြားအောင် မလုပ်ဆောင်သင့်ကြောင်း၊ မြန်မာအနေဖြင့် အိန္ဒိယ ၏ သွေးခွဲအုပ်ချုပ်ရေးနည်းဗျူဟာကို ကူးယူကျင့်သုံးမည်ဆိုပါက ကြီးမားသော မှားယွင်းမှုပင်ဖြစ်ပေလိမ့်မည် ဖြစ်ကြောင်း NSCN-YA အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ ခန္တီးမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးနှင့် နာဂဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် တစ်ပတ်က မုံရွာမြို့မှာ မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် တစ်ပတ်အတွင်းမှာ ခန္တီးမြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြမည်ဟု သိရသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ခေါင်းဆောင်များကြား သဘောထားများ ကွဲလွဲ၍ ၁၉၈၉ ခုနှစ်မှာ ဦးကပ္ပလန် ဦးဆောင်သည့်အဖွဲ့က NSCN-K အဖြစ် မြန်မာပြည် ဘက်မှာ အခြေချလှုပ်ရှားခဲ့ပြီး ဗွီးဗာနှင့်အိုက်ဇက်ရှီချီဆူ ဦးဆောင်သည့်အဖွဲ့က NSCN-IM အဖြစ် အိန္ဒိယ ဘက်မှာနေကာ လှုပ်ရှားခဲ့ကြသည်။
ထို့နောက် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ် လမှာ NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သော်လည်း ထိုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
ဦးခမ်းငေါ်သည် ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံရပြီးနောက် အိန္ဒိယဘက်သို့ သူ၏ တပ်ဖွဲ့ဝင် အနည်းငယ်ဖြင့် ထွက်သွား ပြီး ၂၀၂၀ ခုနှစ်မှာ အိန္ဒိယနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
ထို့နောက် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး နီကီဆူမီ၊ ဝန်ကြီး စတားဆွမ်၊ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ညမ်လန်တို့ ကိုလည်း ဦးယုံးအောင်က ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ NSCN-K/YA အဖွဲ့ကနေ ထုတ်ပယ်လိုက်၍ နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က NSCN-K/NK ဆိုသော အဖွဲ့ကိုဖွဲ့စည်း၍ လှုပ်ရှားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အန်းမိုင်နှင့် လန်ညေးတို့ကို NSCN-K/YA အဖွဲ့ကနေ ဦးယုံးအောင်က ထုတ်ပယ်ခဲ့ပြီး အဖွဲ့သစ် ထူထောင်မှုကို ဖျက်သိမ်းပြီး လက်နက်ချရန် သတိပေး ထုတ်ပြန်ခဲ့သေးသည်။
လက်ရှိမှာတော့ အန်းမိုင်သည် NSCN-K/AM အဖွဲ့ကို ထူထောင်၍ နာဂလူမျိုးများ လွတ်မြောက်ရေးအတွက် နာဂလက်နက်ကိုင်အဖွဲ့ အနေဖြင့် လှုပ်ရှားလျက်ရှိသည်။

ENNO/ENDA အဖွဲ့ကို တွေ့ရစဉ်
အဆိုပါ အန်းမိုင် ဦးဆောင်သည့် NSCN-K/AM နှင့် ဦးယုံးအောင် ဦးဆောင်သော NSCN-K/YA အဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။
တခြားတစ်ဖက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်များဖြစ်ခဲ့ဖူးသူများနှင့် NSCN-K မှ ထုတ်ပယ်ခံလိုက်ရသော အောင်ဆိုင်းတို့ ဦးဆောင်၍ အရှေ့နာဂအမျိုသားအဖွဲ့အစည်း/ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် (ENNO/ENDA)ကို KIA အကူအညီဖြင့် ဖွဲ့စည်းပြီး လှုပ်ရှားလျက်ရှိနေသည်။
